Transparency Myanmar

transparency.myanmar@gmail.com

မကြာမီ ရေးဆွဲ ပြဋ္ဌာန်းတော့မည့် ပိတ်ဆို့အရေးယူမှု မူဝါဒများကြောင့် မြောက်ကိုရီးယား ကွန်မြူနစ်အစိုးရကို နှစ်စဉ် ဒေါ်လာ သန်းပေါင်းများစွာ ရှာဖွေပေးလျက် ရှိသည့် တရားမဝင် လုပ်ကိုင် ဆောင်ရွက်များအပေါ် တင်းတင်းကြပ်ကြပ် နှိပ်ကွပ် တားမြစ်နိုင်တော့မည် ဖြစ်ကြောင်း အမေရိကန် အစိုးရ အရာရှိ တစ်ဦးက သြဂုတ်လ ၂ ရက်နေ့တွင် ပြောကြားသည်။

အမေရိကန် ပြည်ထောင်စုက သတ်မှတ် ပြဋ္ဌာန်းမည့် ပိတ်ဆို့ အရေးယူမှု မူဝါဒများသည် အမေရိကန် ဒေါ်လာ ငွေစက္ကူနှင့် အခြား ကုန်ပစ္စည်း အတုများ ပြုလုပ်ခြင်း၊ မူးယစ်ဆေးဝါး မှောင်ခိုကူးခြင်း၊ အပါအဝင် နိုင်ငံတကာ ဘဏ္ဍာရေးနှင့် ငွေကြေး စနစ်များထဲတွင် တရားမဝင် လိမ်လည် လှည့်ဖျားမှုများ ပြုလုပ်ခြင်းတို့ကို တင်းတင်းကြပ်ကြပ် တားမြစ်နိုင်မည် ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နျူကလီယာ မပြန့်ပွားရေးနှင့် လက်နက် ထိန်းချုပ်ရေး ဆိုင်ရာ အထူး အကြံပေး ပုဂ္ဂိုလ် Robert Einhorn က သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။

အမေရိကန် ပြည်ထောင်စု အနေဖြင့် မြောက်ကိုရီးယားနှင့် အီရန်နိုင်ငံအပေါ် တင်းကြပ်သော ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်သွားရန် စီစဉ်လျက် ရှိသည်ဟု တောင်ကိုရီးယား နိုင်ငံသို့ ရောက်ရှိစဉ် မစ္စတာ Robert Einhorn က ဆိုသည်။

တရားမဝင် ဆောင်ရွက်ချက်များက မြောက်ကိုရီးယားအတွက် ဒေါ်လာ ငွေသန်းပေါင်း များစွာကို ငွေမာအဖြစ် အသုံးပြုရန် ရှာဖွေပေးနိုင်ပြီး နျူကလီယာ သို့မဟုတ် ဒုံးကျည် ထုတ်လုပ်မည့် အစီအစဉ်များ လုပ်ကိုင်ရန်၊ သို့တည်းမဟုတ် ဇိမ်ခံပစ္စည်းများ ဝယ်ယူနိုင်ရန် အထောက်အကူ ပြုလျက် ရှိကြောင်း ၎င်းက ပြောကြားသည်။ မြောက်ကိုရီးယား၏ ပင်မ စီးပွားရေး မဟာမိတ် ဖြစ်သော တရုတ်နိုင်ငံ အနေဖြင့် ပိတ်ဆို့ အရေးယူမှုများကို ကျောထောက် နောက်ခံ ပြုရန်နှင့် အခြားနိုင်ငံများက ပြုလုပ်သော ကန့်သတ်ချက်များ အပေါ် အကျိုးအမြတ် မထုတ်ရန်လည်း ၎င်းက တိုက်တွန်း ပြောဆိုသည်။

"နိုင်ငံတကာ စနစ်ထဲမှာ တရုတ်နိုင်ငံကို တာဝန်ရှိတဲ့ Stakeholder တစ်ဦး ဖြစ်စေလိုပါတယ်" ဟု ၎င်းက ဆိုသည်။

"သဘောကတော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်အတိုင်း တရုတ်နိုင်ငံက ပူးပေါင်း ဆောင်ရွက်လာဖို့ပါ။ တခြားနိုင်ငံတွေက မြောက်ကိုရီးယားနဲ့ အီရန်အပေါ် ထားရှိတဲ့ ကန့်သတ်ချက်တွေကို အကျိုးအမြတ် ယူဖို့ မဟုတ်ပါဘူး" ဟုလည်း ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ တောင်ကိုရီးယား နိုင်ငံသို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ရောက်ရှိခိုက် ထုတ်ပြန် ကြေညာခဲ့သော မြောက်ကိုရီးယား အပေါ် ပိတ်ဆို့ အရေးယူရေး မူဝါဒသစ်များသည် အမေရိကန် နိုင်ငံသားများ သို့မဟုတ် ဘဏ်များ၏ ထိန်းချုပ်မှု အောက်တွင် ရှိသော အဖိုးတန် ပိုင်ဆိုင်မှု ပစ္စည်းများကို မြောက်ကိုရီးယား အာဏာပိုင်များ ဝယ်ယူခြင်း သို့မဟုတ် အသုံးပြုခြင်းများ အားလုံးကို ပိတ်ပင်သွားမည် ဖြစ်သည် ဟု မစ္စတာ Robert Einhorn က ဆိုသည်။

"မြောက်ကိုရီယား အာဏာပိုင်တွေ၊ စီးပွားရေး သမားတွေရဲ့ နာမည်တွေကို လူသိရှင်ကြား ထုတ်ဖော်မှာ ဖြစ်တဲ့အတွက် ဒီပိတ်ဆို့ အရေးယူမှု ဆောင်ရွက်ချက်ဟာ ယခင်ကထက် ထိထိရောက်ရောက် ရှိမှာပါ။ မြောက်ကိုရီးယားကို နိုင်ငံတကာ ဘဏ္ဍာရေးနဲ့ စီးပွာရေး စနစ်ထဲမှာ အထီးကျန် ဖြစ်အောင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်မှာပါ" ဟု ၎င်းက ဆိုသည်။

မစ္စတာ Robert Einhorn နှင့် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ စီနီယာ အရာရှိ Faniel Glaser တို့သည် အကြမ်းဖက် သမားများအပေါ် ငွေကြေး ထောက်ပံခြင်း၊ ဘဏ္ဍာရေး ဆိုင်ရာ ဒုစရိုက်မှုများ ကျူးလွန်ခြင်း အစရှိသည် တို့ကို ပူးတွဲ နှိမ်နင်းလျက် ရှိကြသည်။

ယခင်က ပုဂ္ဂလိက အခန်းကဏ္ဍများက ပိတ်ဆို့ အရေးယူခြင်း ခံထားရသော နိုင်ငံများ၏ တရားမဝင်သော ဆောင်ရွက်ချက်များ အပေါ် ထိထိရောက်ရောက် ပူးပေါင်း ဆောင်ရွက်ပေးခဲ့ခြင်းမျိုး ရှိခဲ့ကြောင်း Faniel Glaser က ပြောသည်။

ပြီးခဲ့သည့် ၂၀၀၅ ခုနှစ်အတွင်း အမေရိကန် ပြည်ထောင်စုက မကာအိုဘဏ်ကို မြောက်ကိုရီးယားနှင့် ငွေစက္ကူတု ပြုလုပ်မှုတွင် ပတ်သက်နေသည် ဟူသော စွပ်စွဲချက်ဖြင့် လူသိရှင်ကြား နာမည်ပျက် စာရင်း သွင်းခဲ့သည်။ ထိုလုပ်ရပ်ကြောင့် မကာအိုဘဏ်ရှိ မြောက်ကိုရီးယားနှင့် သက်ဆိုင်သော ငွေစာရင်းမှ ဒေါ်လာ ၂၅ သန်းကို ထုတ်ဖော်နိုင်ခဲ့သည်။

အခြားသော ငွေကြေး အသင်းအဖွဲ့များနှင့် ဘဏ်များက မကာအိုဘဏ်ကဲ့သို့ အလားတူ နာမည်ပျက် စာရင်း သွင်းခံရမည် စိုးသောကြောင့် မြောက်ကိုရီးယားနှင့် ချိတ်ဆက်မှုများ အားလုံးကို ဖြတ်တောက်လိုက်ခဲ့သည်။ ထိုဖြစ်ရပ်က မြောက်ကိုရီးယား ကွန်မြူနစ် နိုင်ငံကို များစွာ အထိ နာစေခဲ့သည်ဟု သိရသည်။

"ဝါရှင်တန် အစိုးရအနေနဲ့ ရှိထားတဲ့ ပိတ်ဆို့ အရေးယူမှု မူဝါဒတွေကို တင်းတင်းကြပ်ကြပ်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားပါလိမ့်မယ်" ဟု မစ္စတာ Rober Einhorn က ပြောကြားသည်။ လူအမြောက်အမြား သေကြေ ပျက်စီးနိုင်သော လက်နက်များ၊ ဒုံးကျည်များ တပ်ဆင် ထုတ်လုပ် ရောင်းချမှုတွင် ပါဝင် ပတ်သက်နေသည့် ကုမ္ပဏီကြီးများ သို့မဟုတ် လူပုဂ္ဂိုလ်များကိုလည်း ပိတ်ဆို့ အရေးယူမှု မူဝါဒသစ်က ပစ်မှတ်ထားသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခု အမေရိကန် ပြည်ထောင်စုက သတ်မှတ် ပြဋ္ဌာန်းမည့် ပိတ်ဆို့ အရေးယူမှု မူဝါဒသစ်များသည် မတ်လအတွင်း ဖြစ်ပေါ်ခဲ့သော တောင်ကိုရီးယားပိုင် ချိုနန်စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ မြောက်ကိုရီးယားအပေါ် အပြစ်ပေးလိုသည့် သဘောဖြင့် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုစစ်သင်္ဘောသည် မြောက်ကိုရီးယား တော်ပီတို ဒုံးကျည် တိုက်ခိုက်ခံရခြင်းကြောင့် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်ဟု အမေရိကန်နှင့် တောင်ကိုရီးယားတို့က စွပ်စွဲ ပြောဆိုထားသည်။ သို့သော်
မြောက်ကိုရီးယားက စွပ်စွဲပြောဆိုမှုများ အားလုံး မဟုတ်မမှန်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပြီး ၎င်းတို့နိုင်ငံမှ အထူး စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ဖွဲ့ စေလွှတ်ခွင့် ပေးရန် အဆိုပြုထားသည်။

သင်္ဘော နစ်မြုပ်မှုကြောင့် ဖြစ်ပေါ်နေသော တင်းမာမှုများကို တုံ့ပြန်သည့် အနေဖြင့် တောင်ကိုရီးယားနှင့် အမေရိကန်တို့က နယ်စပ်ဒေသတွင် စစ်ရေး လေ့ကျင့်မှုများ ဇူလိုင်လ ကုန်ပိုင်းက ပြုလုပ်ခဲ့ကြသည်။

အမေရိကန် ပြည်ထောင်စု၏ ပိတ်ဆို့ အရေးယူမှုများကို ဆန့်ကျင်သည့် အနေဖြင့် ပြင်းထန်သော ကိုယ်ထိလက်ရောက် လုပ်ဆောင်မှုများ ပြုလုပ်သွားမည်ဟု မြောက်ကိုရီးယား နိုင်ငံက ပြင်းပြင်းထန်ထန် သတိပေးထားကြောင်း Yonghap သတင်းဌာနက ဖော်ပြသည်။ နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး အဖွဲ့က ချိုနန် စစ်သင်္ဘောသည် မြောက်ကိုရီးယား တော်ပီတို ဒုံးကျည် တိုက်ခိုက်ခံရခြင်းကြောင့် နစ်မြုပ်သွားခြင်း ဖြစ်သည်ဟု ထုတ်ဖော်ခဲ့သော်လည်း တရုတ်နိုင်ငံက အဆိုပါ ကိစ္စကို အသိအမှတ် ပြုခြင်း မရှိသေးပေ။

မြောက်ကိုရီးယားနှင့် အီရန်နိုင်ငံတို့သည် နျူကလီယာ လက်နက် မပြန့်ပွားရေး ဆောင်ရွက်ချက်များနှင့် နိုင်ငံတကာ လုံခြုံရေးကို အဟန့်အတား ဖြစ်အောင် အဓိက ခြိမ်းခြောက်လျက် ရှိသည်ဟု မစ္စတာ Robert Einhorn က ပြောသည်။

AFP သတင်းကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Wall Street Journal, 31st July 2010

ဆင်းရဲသော မြန်မာနိုင်ငံတွင် စစ်အစိုးရ၏ ချုပ်ကိုင်ထားမှုများ အနက် ရွေးကောက်ပွဲ မတိုင်မီ ဆန်စပါး ထုတ်လုပ်ရေး လုပ်ငန်း အပေါ် ချုပ်ကိုင်ထားမှု ဖြေလျော့ပေးခဲ့ခြင်းသည် တိုင်းပြည်၏ စီးပွားရေးနှင့် ပတ်သက်၍ မျှော်လင့်ချက်များ မြင့်တက်လာရသည်။ နှစ်ပေါင်း များစွာ တင်းကြပ်စွာ ထိန်းချုပ်ခဲ့ပြီးမှ အစိုးရသည် မနှစ်က ပုဂ္ဂလိကများကို ဆန်တင်ပို့ခွင့် လိုင်စင်များ ပထမဆုံး အကြိမ် စတင် ထုတ်ပေးခဲ့ပြီး၊ ပုဂ္ဂလိက ဆန်စပါး ထုတ်လုပ်မှု အသင်းကို ဖွဲ့စည်း ခွင့်ပြုကာ လယ်သမားများနှင့် ဆန်စက်ပိုင်များကို ငွေထုတ်ချေး ခွင့်ပြုခဲ့သည်ဟု ပြည်တွင်း လူသားချင်း စာနာသော အကူအညီ ပေးရေး အဖွဲ့များက ပြောသည်။

အစိုးရသည် ပြောင်းလဲမှုများကို အချိန်မရွေး ပြောင်းပြန် လှန်ပစ်နိုင်သည်။ ၂၀၀၃ ခုနှစ်က ထိုသို့ ပြောင်းလဲမှုများ ပြုလုပ်ခဲ့ဖူးသည်။ သို့သော် ယခု ပြောင်းလဲမှုများတွင် နောက်ထပ် လမ်းဖွင့် ပေးမှုများပါ ထွက်ပေါ်လာခဲ့ပြီး၊ အစိုးရမှ ထိန်းထိန်းသိမ်းသိမ်း လုပ်နေဟန် မရှိပေ။ ယခု အခြေအနေကို ဆက်ထန်းနိုင်ခဲ့လျှင် နောက်ဆုံးတွင် ကမ္ဘာကြီး၏ ဆန်လိုအပ်နေမှုကို အထောက်အကူ ပြုလိမ့်မည် ဖြစ်သည်။

ပြောင်းလဲမှုများမှာ အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် စီးပွားရေးနှင့် ပတ်သက်နေသော နိုင်ငံရေး ကိစ္စရပ်များပါ ပါဝင်နေသောကြောင့် ဖြစ်သည်။ ယခင် အချိန်များ၊ အထူးသဖြင့် ၁၉၈၀ နှောင်းပိုင်းနှင့် ၂၀၀၇ ခုနှစ်က မငြိမ်သက်မှုများသည် ဆန်ဈေး ကြီးမြင့်မှုကြောင့်လည်း ပါဝင်သည်။ အစိုးရသည် ပြည်တွင်း မဖူလုံခြင်းကို ကာကွယ်သည့် အနေဖြင့် ဆန်တင်ပို့မှုများကို ကန့်သတ်ထားခဲ့သည်။ ဆန်ဈေး ကြီးမြင့်မှုများသည် မကျေနပ်မှုများကို မီးထိုးပေးသကဲ့သို့ ဖြစ်ခဲ့ရသည်။

ထိုသို့ ထိန်းချုပ်ထားမှုများသည် မိမိ ဖြစ်စေလိုသည်များနှင့် ဆန့်ကျင်ဘက် ဖြစ်တတ်သည်ကို သက်သေပြသလို ဖြစ်ခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုကို အားပေးမည့် ပို့ကုန် ဈေးကွက် မရှိသောကြောင့် လယ်သမားများသည် ထုတ်လုပ်မှု တိုးတက်ရေး အတွက် အားမထည့်တော့ပေ။

ယခုကဲ့သို့ ပို့ကုန်ကို ဖြေလျော့ ပေးခြင်းအားဖြင့် အပေါင်း လက္ခဏာ ဆောင်သော သက်ရောက်မှုများ ရရှိလာမည် ဖြစ်ကြောင်း၊ အကယ်၍ လယ်သမားများသည် မျိုးစေ့နှင့် အခြား ပစ္စည်းများ အတွက် လုံလောက်သော ငွေပင်ငွေရင်း ရရှိခဲ့လျှင် အကောင်း မျှော်လင့်နိုင်မည် ဖြစ်ကြောင်း လူသိရှင်ကြား ထောက်ခံခဲ့ကြသည်။ "တကယ်လို့ လယ်ယာမြေ ချေးငွေ လုံလုံလောက်လောက် ရရင် ထုတ်လုပ်မှု တိုးတက်အောင် အသာလေး လုပ်နိုင်ပါတယ်" ဟု ရန်ကုန်မှ စီးပွားရေးနှင့် နိုင်ငံရေး ပြောင်းလဲမှုများ အတွက် အားပေး လုပ်ဆောင်နေသော အဖွဲ့ ဖြစ်သည့် Myanmar Egress ဥက္ကဋ္ဌ ဦးတင်မောင်သန်းက ပြောသည်။

အစိုးရက လယ်သမားများ ချေးယူနိုင်သော ငွေပမာဏကို မြှင့်ပေးလိုက်သဖြင့် ချေးငွေမှာ လယ်သမားတိုင်းထံသို့ မရောက်သေးသဖြင့် ယခု ပြောင်းလဲမှုများမှာ သိသာ ထင်ရှားမှု မရှိသေးပေ။ လယ်သမား အများစုသည် အစိုးရ စိုက်ပျိုးရေး ဘဏ်မှ မျိုးစေ့နှင့် ဓာတ်မြေသြဇာ ဝယ်ရန် တစ်ဧကလျှင် ချေးငွေ ကျပ် ၁၀၀၀၀ (၁၀ ဒေါ်လာ) သာ ရရှိရာ လိုအပ်ချက်၏ ဆယ်ပုံတစ်ပုံသာ ရှိသည်။ လယ်သမားများက အစိုးရ ချေးငွေအား "လက်ဖက်ရည်ဖိုး" ဟု ဆိုကြသည်။ ထို့ကြောင့် အများစုသည် အတိုးနှုန်း မြင့်သော ပြင်ပ ချေးငွေများဘက်သို့ ဦးလှည့်ကြရသည်။

မြန်မာနိုင်ငံတွင် လူတစ်ဦးလျှင် တစ်နှစ် ပျမ်းမျှ ဝင်ငွေ ဒေါ်လာ ၄၆၀ သာ ရှိရာ ကမ္ဘာပေါ်တွင် အနိမ့်ဆုံး ဝင်ငွေရှိသော နိုင်ငံများတွင် ပါဝင်သည်။ ဆန်စပါး စိုက်သော လယ်သမားများသည် လွန်ခဲ့သော ရာစုနှစ်များက သူတို့ လုပ်ခဲ့သော အလုပ်ထက် များစွာ ပိုမို အလုပ်လုပ်နေကြရသည်။ နွားများလည်း ထမ်းပိုးများ ထမ်း၍ လယ်ကွင်းထဲတွင် လယ်ထွန်ကြရသည်။ ဆန်စက်ပိုင်များကလည်း ဆယ်စုနှစ်များစွာ အိုဟောင်းနေသော ပစ္စည်းများ အပေါ်တွင် မှီခိုနေကြရသည်။ ထို့ကြောင့် ထွက်ရှိလာသော ဆန်အကျိုး အကျေများသည် ဈေးကွက်သို့ တင်ပို့ရန် မသင့်တော်သော ဆန်များ ဖြစ်နေသည်။

အသက် ၅၁ နှစ်ရှိ လယ်သမားကြီး ဦးစံဖေက ပြောပြရာတွင် ၎င်းသည် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် နေထိုင်ပြီး ၎င်း၏ ငါးဧက ရှိသော လယ်အတွက် ရင်းနှီးရန် ငွေချေး၍ မရနိုင်ကြောင်း ပြောသည်။ "ကျွန်တော့်မှာ အဆက်အသွယ် မရှိဘူး။ ဘဝက သိပ်ကြမ်းတယ်" ဟု ပြောသည်။ သူ့မိန်းမနှင့် ကလေးငယ်များ မိုးရေထဲတွင် နွားလှည်းဖြင့် သွားနေရပုံအား ခံစားချက်ဖြင့် ပြောပြသည်။

အဘယ်ကြောင့် ယခုကဲ့သို့ ပုဂ္ဂလိကများသို့ ဆန်တင်ပို့ခွင့် လိုင်စင် ထုတ်ပေးရသည်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေါင်းဆောင်သော လျှို့ဝှက်တတ်သော အစိုးရက ရှင်းမပြခဲ့ပေ။ နိုင်ငံခြား မီဒီယာများကို စကားပြောခဲ့သဖြင့် အစိုးရသို့ ဆက်သွယ်မှုများမှာလည်း မအောင်မြင်ပေ။

ယခု ပြောင်းလဲမှုများမှာ ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်မီ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။

အစိုးရ ဆန့်ကျင်သူများနှင့် သံတမန်များကမူ လာမည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတရန် မဖြစ်နိုင်ကြောင်း၊ လက်ရှိ အာဏာ တည်ဆောက်ပုံလည်း ပြောင်းသွားမှာ မဟုတ်ကြောင်း ပြောကြသည်။ အခြား သုံးသပ်သူများနှင့် ပြည်တွင်း နေထိုင်သူ အချို့ကမူ အစိုးရသည် စီးပွားရေးနှင့် နိုင်ငံရေး ပြောင်းလဲမှုကို တဖြည်းဖြည်း ပြောင်းလဲမှု အနည်းဆုံး အားပေးလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောသည်။

ယခု ရွေးကောက်ပွဲ အကြိုကာလတွင်မူ စီးပွားရေး မူဝါဒနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ရှားပါး၍ အကန့်အသတ်များနှင့် တွေ့နေရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလက နိုဘယ်ဆုရှင် စီးပွားရေး ပညာရှင် Joseph Stiglitz သည် မြန်မာနိုင်ငံသို့ သွားရောက်ပြီး၊ အစိုးရ တာဝန်ရှိသူများအား ကျေးလက် ချေးငွေများ တိုးချဲ့ခြင်း၊ အခြေခံ အဆောက်အဦး တိုးတက်ရေးနှင့် ပညာရေးများ ပါဝင်သော မြန်မာ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှု လုပ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအား ပြောပြခဲ့သည်။ မကြာသေးမီက မြန်မာ စီးပွားရေး ပြုပြင် ပြောင်းလဲမှု လုပ်ခြင်းဖြင့် ရရှိလာမည့် အကျိုး ကျေးဇူးများအား ပြောပြခဲ့သည်။ မကြာသေးမီက မြန်မာ စီးပွားရေး ပညာရှင်တစ်ဦးအား တိုင်းပြည်၏ ဆန်စပါး ကဏ္ဍနှင့် ပတ်သက်၍ ဆွေးနွေးမှုအား  ပုံနှိပ် ထုတ်ဝေခွင့် ပြုခဲ့သည်။ ထို့အတူ လာမည့် ရွေးကောက်ပွဲ အပြီးတွင် အနည်းဆုံး ကိုယ်စားလှယ် တစ်ဦးအား ကျေးလက် ပြောင်းလဲရေးနှင့် ပတ်သက်၍ ပြောကြားခွင့် ရလာမည်ဟု မျှော်လင့်ရသည်။

အကူအညီ ပေးရေး အုပ်စုများက ပြောကြားရာတွင် အစိုးရသည် ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်း အပြီးတွင် ဆန်စပါး ကဏ္ဍနှင့် ပတ်သက်၍ ချဉ်းကပ်ပုံ ပို၍ မျက်စိဖွင့် နားပွင့် ဖြစ်လာကြောင်း ဆိုသည်။ နာဂစ်ကြောင့် လယ်ယာများ ပျက်စီးပြီး၊ ထိုဒေသမှ လူများကို ကျွေးမွေးရန် နိုင်ငံတကာ အကူအညီများ အပေါ် မှီခိုခဲ့ရသည်။

အချို့ ပုဂ္ဂလိက ကုန်သည်များက ဆန်စပါးနှင့် ပတ်သက်သော အပြောင်းအလဲသည် မကြာမီက အောင်မြင်နေသော ပဲသီးနှံနှင့် သက်ဆိုင်လိမ့်မည်ဟု ယုံကြည်နေကြသည်။ ပဲသည် ပြည်တွင်း စားသုံးမှု အတွက် အရေးမကြီးလှသောကြောင့် အချိန် အတော်ကြာကပင် နိုင်ငံခြားသို့ တင်ပို့မှုကို ခွင့်ပြုထားခဲ့သည်။

အာရှ ဖွံ့ဖြိုးရေးဘဏ်၏ အဆိုအရ အစိုးရသည် သဘာဝဓာတ်ငွေ့ ရောင်းရငွေမှ နိုင်ငံခြား အရန်ငွေ ဒေါ်လာ ၅ ဘီလီယံ ရှိသည်ဟု ဆိုသော်လည်း၊ ဆန်စပါး ကဏ္ဍ တိုးတက်ရေး အတွက် ငွေ အနည်းငယ်သာ အသုံးပြုသည်။

ထိုအစား အစိုးရသည် ပုဂ္ဂလိက လုပ်ငန်းရှင်များအား ၎င်းတို့၏ ငွေများကို ဆန်စပါး ကဏ္ဍတွင် အသုံးပြုရန် ညွှန်ကြားခဲ့သည်။ မြန်မာနိုင်ငံ ဆန်စပါး ထုတ်လုပ်မှု အသင်းသည် ယခုနှစ်တွင် လယ်သမားများသို့ ချေးငွေ ဒေါ်လာ သန်း ၂၀ နှင့် ၃၀ ကြား ထုတ်ပေးခဲ့ကြောင်း ၎င်းအဖွဲ့၏ အဆိုအရ သိရှိရသည်။ လိုအပ်ချက်မှာ ဒေါ်လာ ၁ ဘီလီယံသို့ ကပ်နေကြောင်း ဟားဗတ် တက္ကသိုလ်၏ Ash Center ၏ အဆိုအရ သိရှိရသည်။ ဆန်စပါး ထုတ်လုပ်ရေး အသင်း ကိုယ်စားလှယ်များကမူ email ဖြင့် မေးမြန်းချက်များကို ဖြေကြားခြင်း မရှိပေ။

မြန်မာ့ ဆန်ထုတ်လုပ်မှုမှာ ၁၉၃၀ ခုနှစ်များက ကမ္ဘာပေါ်တွင် ဦးဆောင် နိုင်ခဲ့သည်။ သို့သော် ၁၉၆၂ ခုနှစ် စစ်တပ်မှ အာဏာသိမ်းပြီး ဖိနှိပ်မှုများကြောင့် မြန်မာ့လယ်သမားများကို ဆယ်စုနှစ် များစွာ နောက်ကျ ကျန်ခဲ့စေသည်။

သို့သော် အလားအလာများက ကျန်ရှိနေဆဲ ဖြစ်သည်။ "မြန်မာ နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဆန်တင်ပို့တဲ့ ထိပ်သီး နှစ်နိုင်ငံ သုံးနိုင်ငံ အတွင်းမှာ ပါဝင်ဖို့ ဖြစ်နိုင်ပါသေးတယ်" ဟု မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သူ Ash Center မှ စီးပွားရေး ပညာရှင် David Dapiee က ပြောကြားခဲ့သည်။ ၎င်းသည် လယ်သမားများသို့ ချေးငွေများ ပိုပေးရေးနှင့် အခြား ပြောင်းလဲမှုများကို အစိုးရအား ထောက်ခံချက် ပေးခဲ့သည်။

ကမ္ဘာ့ဆန်ဈေးသည် ၂၀၀၈ ခုနှစ်က အံ့သြဖွယ် ခုန်တက်ခဲ့ရာ ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်း မြန်သောကြောင့် ဆန်ပြတ်လပ်မှုကြောင့် ဖြစ်သည်။ သုံးသပ်သူ အများစုက အနာဂတ်တွင် ဆိုးရွားသော ပြတ်လပ်မှုများ မဖြစ်စေရန် ဆန်တင်ပို့သော ဒေသသစ်များ ထွက်ပေါ်လာရန် လိုအပ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံသည် အခြေခံမှ ပြုပြင် ပြောင်းလဲမှုများကို တွန်းအားပေးသည့်တိုင် စိတ်ချရသည့် ဆန်တင်ပို့သော နိုင်ငံ ဖြစ်ရန် ဆယ်စုနှစ် တစ်စုခန့် အချိန်ယူရမည်ဟု Mr. Dapice က သတိပေးခဲ့ပြီး၊ ၎င်းအနေနှင့် မဖြစ်နိုင်သေးဟု မြင်ကြောင်း ပြောကြားခဲ့သည်။ သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အအုံများမှ ခေတ်နောက်ကျနေပြီး၊ လျှပ်စစ်ဓာတ်အားကလည်း မလုံလောက်ဟု ဆိုသည်။ "သင်္ဘောပေါ် တင်ကာ ရက်သတ္တပတ် အတော်ကြာတယ်။ သူတို့မှာ အိတ်ထမ်းတဲ့ ကူလီကိုပဲ သုံးနေရတုန်းပါပဲ" ဟု Mr. Dapice က ပြောကြားလိုက်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

CNN, 2nd August 2010

အင်ဒိုနီးရှား နိုင်ငံခြားရေးရာ ဝန်ကြီးနှင့် မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးတို့သည် တနင်္လာနေ့တွင် နှစ်နိုင်ငံ ဆွေးနွေးပွဲများ ကျင်းပကာ နျူကလီယာ ဖျက်သိမ်းရေး ခြောက်နိုင်ငံ ဆွေးနွေးပွဲများ တောင်ကိုရီးယား စစ်သင်္ဘောများ နစ်မြုပ်မှု အပေါ် တင်းမာမှုများ အပါအဝင် ကိစ္စ ပေါင်းစုံကို ဆွေးနွေးခဲ့ကြသည်။

ဂျကာတာ အစည်းအဝေး အပြီးတွင် နိုင်ငံခြားရေး ဝန်ကြီး မာတီနာတာလီဂါဝါက "ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ ပြန်လာရန် အသင့် ဖြစ်နေမှု" ကို ၎င်းအနေဖြင့် တွေ့မြင်ခဲ့သည်ဟု ပြောကြားသည်။

မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ပတ်အီချွန်ကမူ သတင်းထောက်များကို ရှင်းလင်း ပြောကြားခဲ့ခြင်း မရှိပါ။

မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီယာနှင့် ဒုံးကျည် စမ်းသပ်မှုများကို နိုင်ငံတကာက ပြစ်တင် ဝေဖန်ခဲ့ကြပြီးနောက် အမေရိကန် ပြည်ထောင်စု၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်နှင့် ရုရှားတို့ ပါဝင်သည့် ခြောက်နိုင်ငံ ဆွေးနွေးပွဲများကို မနှစ်က အဆက်ပြတ်ခဲ့သည်။

"သူတို့ရဲ့ စိုးရိမ် ပူပန်မှုတွေကို ကျွန်တော်တို့ နားလည် သဘောပေါက်ဖို့ ကြိုးစားနေသလို၊ ခြောက်နိုင်ငံ ဆွေးနွေးပွဲကို ပြန်လာရေး လမ်းကြောင်း အတိုင်း ဦးတည်ပြီး တွန်းအားပေးဖို့ ကြိုးစားနေပါတယ်" ဟု နာကာလီဂါဝါက ဆိုသည်။

"ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် မစတင်နိုင်ခင်မှာ တန်းတူရည်တူ ဖြစ်ဖို့ ဆန္ဒရှိတယ်လို့ သူတို့က ပြောပါတယ်။ သူတို့ ဒီလို စကား အသုံးအနှုန်းကို သုံးစွဲတာဟာ ဘာကို ဆိုလိုချင်တာလဲ ဆိုတာကို ကျွန်တော်တို့ အဓိပ္ပာယ် ဖွင့်ဖို့ ကြိုးစားနေပါတယ်။ ဒါဟာ မကျော်လွှားနိုင်တဲ့ ကိစ္စ မဟုတ်ဘူးလို့ ကျွန်တော် ယူဆပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

ခြောက်နိုင်ငံ ဆွေးနွေးပွဲများသည် တိုးတက် ပြောင်းလဲရေး အတွက် အကောင်းဆုံး ဖိုရမ် ဖြစ်ဖွယ် ရှိသည်ဟု နာကာလီ ဂါဝါက မှတ်ချက်ပေးခဲ့သည်။

တောင်ကိုရီးယား ကမ်းလွန်တွင် လတ်တလော ပြုလုပ်ခဲ့သော အမေရိကန် တောင်ကိုရီးယား စစ်ရေး လေ့ကျင့်မှုများ အပေါ် စိုးရိမ် ပူပန်မှုကိုလည်း မြောက်ကိုရီးယားက ဖော်ပြခဲ့သည်ဟု နာတာလီဂါဝါက ဆိုသည်။

မတ်လ အတွင်းက တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှုတွင် ပါဝင် ပတ်သက်မှု မရှိကြောင်း မြောက်ကိုရီးယားနိုင်ငံ၏ ငြင်းဆိုမှုကို ပတ်အီချွန်က ထပ်မံ ပြောကြားခဲ့သည်ဟု သိရှိရသည်။ ပြီးခဲ့သော မတ်လက ချိုနန် အပေါ် တိုက်ခိုက်ခဲ့မှုတွင် တောင်ကိုရီးယား ရေတပ်သား ၄၆ ဦး အသက် ဆုံးရှုံးခဲ့ရသည်။ နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး အဖွဲ့က ထိုကိစ္စ အတွက် မြောက်ကိုရီးယားကို အပြစ်တင်ခဲ့ပြီး မြောက်ကိုရီးယားကလည်း အပြင်းအထန် ခုခံ ငြင်းဆန်ခဲ့သည်။

"ကိုရီးယား ကျွန်းဆွယ် တင်းမာမှုများကို မြောက်ကိုရီးယားက ကြီးထွားအောင် လုပ်နေသည့် လက္ခဏာမျိုး မတွေ့ရပါ။ ရန်စ ကျူးကျော် ခံရမှသာ သူတို့ တုန့်ပြန်ကြမှာပါ" ဟု နာတာလီဂါဝါက ပြောကြားသည်။

အင်ဒိုနီးရှား ဝန်ကြီးချုပ်က "မိမိတို့ နိုင်ငံသည် မြောက်ကိုရီးယားနှင့် နှစ်ရှည်လများ ပူးပေါင်း ဆောင်ရွက်ခဲ့သည့် ဆက်ဆံရေးများ ရှိခဲ့သည်" ဟု ပြောဆိုသည်။

ဂျကာတာတွင် ရောက်ရှိနေသည့် ပတ်အီချွန်သည် အင်္ဂါနှင့် ဗုဒ္ဓဟူးတွင် ကျင်းပရန် စီစဉ်ထားသော ကုလသမဂ္ဂ ထောင်စုနှစ် ဖွံ့ဖြိုးရေး ပန်းတိုင်များ အခမ်းအနားသို့ တက်ရောက်မည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

CNN, 2nd August 2010

မြောက်ကိုရီးယားနိုင်ငံ အပေါ် တင်းကျပ်သည့် အရေးယူ ပိတ်ဆို့မှုများသည် ၎င်းနိုင်ငံ၏ နျူကလီယာ လက်နက် အစီအစဉ် အဆုံးသတ်သွားစေရန် ဖိအားပေးနိုင်လိမ့်မည်ဟု အမေရိကန် ပြည်ထောင်စုက မျှော်လင့်ထားကြောင်း တနင်္လာနေ့တွင် နိုင်ငံခြားရေးဌာန အရာရှိ တစ်ဦးက ပြောကြားသည်။

နိုင်ငံခြားရေး ဌာနမှ နျူကလီယာ မပြန့်ပွားရေးနှင့် လက်နက် ထိန်းချုပ်ရေး ဆိုင်ရာ အထူး အကြံပေး Robert Einhorn သည် ယခု သီတင်းပတ် အတွင်း ဆိုးလ်နှင့် တိုကျို၌ ထိပ်တန်း အစိုးရ အရာရှိများနှင့် အရေးယူ ပိတ်ဆို့မှု အကြောင်းကို ဆွေးနွေးလျက် ရှိသည်။

"ဒီအရေးယူ ဒဏ်ခတ်မှုတွေဟာ မြောက်ကိုရီးယား ပြည်သူတွေ အပေါ် တိုက်ရိုက် ရည်ရွယ်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က "တည်ငြိမ်မှု ပျက်ပြားစေတဲ့ မြောက်ကိုရီးယားရဲ့ နျူကလီယာ ပြန့်ပွားရေး လုပ်ဆောင်မှုတွေ အဆုံးသတ်စေဖို့၊ သူ့ရဲ့ နျူကလီယာ ဒုံးပျံ အစီအစဉ် အတွက် ရန်ပုံငွေ ရှာဖွေပေးနေတဲ့ တရားမဝင် လက်နက် ရောင်းဝယ်မှုတွေကို တားဆီးဖို့၊ အနာဂတ် ကျူးကျော် ရန်စမှုတွေကို ဟန့်တားဖို့" ဖြစ်ပါတယ်" ဟု Eimhorn က သတင်းထောက်များအား ပြောကြားခဲ့ကြောင်း ၎င်း၏ မှတ်ချက်များ ပါဝင်သည့် မိတ္တူ ကော်ပီအရ သိရှိရသည်။

ကွန်မြူနစ် အာဏာရှင် နိုင်ငံ၏ လက်နက် ဝယ်ယူမှု၊ ရောင်းချမှုကို ထိန်းချုပ်ရန် ကြိုးစားသည့် အနေဖြင့် ပိုင်ဆိုင်မှု အချို့ကို ပိတ်ပင်ခြင်း အပါအဝင် တင်းကျပ်သည့် အရေးယူ ပိတ်ဆို့မှု အစီအစဉ်များကို နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ကြေညာခဲ့ပြီးနောက် နှစ်ပတ် နီးပါး အကြာတွင် Einhorn ၏ ခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အရေးယူ ပိတ်ဆို့မှုများ၏ ရည်ရွယ်ချက်မှာ အမေရိကန် ငွေကြေးအတု ပြုလုပ်မှု၊ မူးယစ်ဆေး တရားမဝင် ရောင်းဝယ်မှု၊ အခြား တရားမဝင် လုပ်ဆောင်မှုများ အပါအဝင် အမေရိကန် ဒေါ်လာ သန်းပေါင်းရာချီ၍ ငွေမာ အဖြစ် ရရှိနေသော မြောက်ကိုရီးယား၏ ရင်းမြစ်များကို သက်ရောက်မှု ရှိစေရန် ဖြစ်သည်ဟု Einhorn က ပြောကြားသည်။

စီးကရက်၊ အရက်နှင့် နိုင်ငံခြားဖြစ် အစားအသောက်များ တရားမဝင် ရောင်းချမှုများက မြောက်ကိုရီးယား၏ လျင်မြန်စွာ ကြီးထွားလာသော နျူကလီယာ အစီအစဉ် အတွက် ရန်ပုံငွေ ကူညီ ထောက်ပံ့နေသည်ဟု အမေရိကန် အရာရှိများက ဆိုသည်။

"ဒီလို တရားမဝင် လှုပ်ရှားမှုတွေမှာ ပါဝင် ပတ်သက်နေတဲ့ ပုဂ္ဂလိကတွေ၊ သီးခြား အဖွဲ့အစည်းတွေကို ရွေးချယ် သတ်မှတ်နိုင်အောင်၊ အမေရိကန် ဘဏ်တွေ၊ ပုဂ္ဂိုလ်တွေရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေတဲ့ သူတို့ပိုင် မြေယာ အဆောက်အဦးတွေ၊ ပိုင်ဆိုင်မှု ဥစ္စာပစ္စည်းတွေကို ပိတ်ဆို့နိုင်အောင် ကျွန်တော်တို့ရဲ့ အရေးယူ စီမံချက် အသစ်တွေက ကူညီပါလိမ့်မယ်" ဟု Einhorn က ပြောကြားသည်။

ယင်းသို့ ပတ်သက်နေသည့် အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ တစ်ဦးချင်း ပုဂ္ဂလိကများကို လူသိရှင်ကြား သတ်မှတ် ကြေညာခြင်း အားဖြင့် ၎င်းတို့အား နိုင်ငံတကာ ငွေကြေးစနစ်မှ ခွဲခြား ပစ်ပယ်ထားသည့် ကြီးမားသော သက်ရောက်မှုကို ဖြစ်ပေါ်စေနိုင်လိမ့်မည် ဟုလည်း ၎င်းက ပြောဆိုခဲ့သည်။

တရားမဝင် ကုန်သွယ်မှုကို ပံ့ပိုး ကူညီနေသည့် သံတမန်ဆိုင်ရာ အထူး အခွင့်အရေးများကိုလည်း ဖြိုခွဲရန် အမေရိကန် ပြည်ထောင်စုက ရည်ရွယ်ထားသည်။

တောင်ကိုရီးယား တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ပြုလုပ်မည့် အစည်းအဝေးတွင် အီရန် အပေါ် တင်းကြပ်စွာ အရေးယူရေး ကိစ္စကိုလည်း ဆွေးနွေးခဲ့သည်ဟု Einhorn က ပြောကြားသည်။

တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်၍ ရေတပ်သား ၄၆ ဦး အသက် ဆုံးရှုံးခဲ့သော မတ်လ မှစ၍ ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်ခဲ့သည်။

နိုင်ငံတကာ စုံစမ်းရေး အဖွဲ့က မြောက်ကိုရီးယား တိုပီဒို ပစ်ခတ်မှုကြောင့် သင်္ဘော နစ်မြုပ်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်။ မြောက်ကိုရီးယားကမူ တစ်စုံတစ်ရာ ပါဝင် ပတ်သက်မှု မရှိဟု ခုခံ ငြင်းဆိုခဲ့ပြီး နိုင်ငံတကာ လျှို့ဝှက် ပူးပေါင်း ကြံစည်မှု၏ သားကောင် ဖြစ်ခဲ့ရသည်ဟု ၎င်း၏ ထုံးစံအတိုင်း သူခိုးက လူပြန်ဟစ်ခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Ttglive.com, 2nd August 2010

ထိုင်းလေကြောင်း (Thai Airways) က ၎င်းတို့ ကိုယ်ပိုင် ဘတ်ဂျက် သယ်ယူပို့ဆောင်ရေး ထူထောင်မည်ဟု ကြေညာလိုက်ခြင်းကြောင့် အရှေ့ဖျားရှိ တန်ဖိုးနည်း လေကြောင်းလိုင်း ဈေးကွက်တွင် ပြိုင်ဆိုင်မှုများ ပိုမို ဖြစ်စေသည်။

ထိုင်းလေကြောင်းသည် စင်္ကာပူ အခြေစိုက် Tiger Airways Hddings နှင့် ပူးတွဲ၍ Thai Tiger Airways ထူထောင်ရန် သဘောတူ စာချုပ် လက်မှတ် ရေးထိုးခဲ့သည်။

၎င်းလေကြောင်းကို ဘန်ကောက်တွင် အခြေစိုက် လိမ့်မည် ဖြစ်ပြီး၊ ၂၀၁၁ အစောပိုင်းတွင် ဒေသတွင်း စတင် ပျံသန်းမည်ဟု မျှော်လင့်ရသည်။ Thai Tiger သည် ထိုင်းနိုင်ငံ ပြည်တွင်း သာမက ဘန်ကောက်မှ ငါးနာရီ ခရီး ပျံသန်းရသော နိုင်ငံတကာ ခရီးများကိုလည်း ပြေးဆွဲသွားမည် ဖြစ်သည်။

ဂျပန်နိုင်ငံ၏ All Nippon Airways ကလည်း တန်ဖိုးနည်း သယ်ယူပို့ဆောင်ရေး အတွက် အခြား လေကြောင်းလိုင်းများမှ ရင်းနှီးမြှုပ်နှံမှုများ ရှာဖွေလျက် ရှိပြီး၊ လာမည့်နှစ် အစောပိုင်းတွင် စတင်နိုင်ရန် မျှော်လင့်နေသည်။ ၎င်းသည် ဂျပန်မှ ခြောက်နာရီ ခရီး ပျံသန်းရသော နိုင်ငံတကာ ခရီးစဉ်များကို ပျံသန်းမည် ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့ဝင် တစ်ဦး အနေဖြင့် မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်ပြီး ကျန်းမာရေး စောင့်ရှောက်မှုများ၊ အကူအညီ အထောက်အပံ့များ ပေးသည့် စီမံကိန်းများ လုပ်ဆောင်ရန် ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။ အကြောင်းမှာ မြန်မာ စစ်အစိုးရက ၎င်း၏ တိုင်းပြည်ထဲသို့ ကျွန်ုပ်ကဲ့သို့ အကူအညီ ပေးရေး အဖွဲ့များ ဝင်ရောက်မှုကို လိုလိုလားလား မရှိသောကြောင့် ဖြစ်ပါမည်။ ထို့ကြောင့် မြန်မာနိုင်ငံထဲသို့ သွားရမည့် အစား ထိုင်း-မြန်မာ နယ်စပ် ဒေသရှိ မဲဆောက်မြို့သို့သာ သွားခဲ့ရသည်။

မဲဆောက်တွင် စိတ်အဝင်စားစရာ အကောင်းဆုံး နေရာကလေး တစ်ခု ရှိသည်။ ထိုနေရာလေးကို အခြေခံ လူတန်းစားများ အကျိုးအမြတ် ဖြစ်ပေါ် စေသည့် ဇာတ်လမ်းများစွာထဲမှ ဇာတ်လမ်း တစ်ခုဟု ဆိုလျှင်လည်း ရပါသည်။ စာဖတ်သူများလည်း ကြားဖူးပါလိမ့်မည်။ "မယ်တော် ဆေးခန်း" ဟု အမည်ရသည်။ မယ်တော်ကို ဦးဆောင်သူမှာ ဒေါက်တာ စင်သီယာမောင် ဖြစ်ပြီး ထိုင်း-မြန်မာ နယ်စပ် ဒေသရောက် ဒုက္ခသည်များ၊ ပြောင်းရွှေ့လုပ်သားများ သာမက ကျန်းမာရေး အခက်အခဲ လိုအပ်ချက် ရှိသူ အားလုံးကို နှစ်ပေါင်း ၂၁ နှစ် ကြာမျှ အခမဲ့ ဆေးကုသ ပေးလျက် ရှိသည်။

ဒေါက်တာ စင်သီယာမောင်ကို သိသူ အများစုက "ဒေါက်တာ စင်သီယာ" ဟု ခေါ်ကြသည်။ လူသားချင်း စာနာ ထောက်ထားသည့် အကူအညီများ အများဆုံး ပေးလျက် ရှိသူ တစ်ဦးလည်း ဖြစ်သည်။ ဒေါက်တာ စင်သီယာကဲ့သို့ လူမျိုးမှာ လူတစ်ရာတွင် တစ်ယောက် မရှိ။ သို့သော် တစ်နိုင်ငံလျှင် တစ်ယောက်တော့ ရှိကောင်း ရှိတတ်သည်။ အထူးသဖြင့် လူသားချင်း စာနာ ထောက်ထားသော အကူအညီမျိုး ပေးရာတွင် ဦးဆောင် လမ်းညွှန်မှု ပြုနိုင်သူ၊ ယဉ်ကျေးမှုများ အကြောင်း ထဲထဲဝင်ဝင် သိရှိသူ၊ ရိုးသား ဖြူစင်သော မိတ်ဆွေကောင်းစိတ် ရှိသူ ဟူသည်မှာ ရှားလွန်းလှသည်။ ဒေါက်တာ စင်သီယာသည် ထိုကဲ့သို့သော လူမျိုးများတွင် ပါဝင်သည်။ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုများ၊ အရေးပေါ် စောင့်ရှောက်မှုများ၊ ညှဉ်းပန်း နှိပ်စက်မှု အကာအကွယ် ပေးရေး အစီအစဉ်များ အပါအဝင် လူမှုရေး ဝန်ဆောင်မှုများကို တစ်စုတစ်စည်းတည်း ဖြစ်အောင် လုပ်ကိုင်လျက် ရှိသည်။ သူမ လုပ်ကိုင်နေသည့် အလုပ်များမှာ အလွန်အမင်း ဆွဲဆောင်မှု ရှိသည်။ ကောလိပ် ကျောင်းသူ ကျောင်းသား အရွယ်များ အပါအဝင် နိုင်ငံတကာမှ စေတနာ့ ဝန်ထမ်း များစွာ၏ အာရုံကို ဒေါက်တာ စင်သီယာက ဖမ်းစားထားသည်။ သူမ၏ စီမံကိန်းကြီးများ ထဲသို့ ဝင်ရောက်ပြီး အခမဲ့ ကူလီထမ်းနေသူ ရာပေါင်းများစွာ ရှိသည်။

ဥပဒေအရ ဟာကွက်များစွာ ရှိသည့် မဲဆောက်မြို့တွင် ကာလ ကြာရှည်စွာ လူသားချင်း စာနာ ထောက်ထားမှုဖြင့် အခမဲ့ ဆေးကုသမှုများ ပြုလုပ်ခဲ့ပြီး နောက်ဆုံးတွင် ဒေါက်တာ စင်သီယာ၏ မယ်တော် ဆေးခန်းကလေးမှာ ထိုင်းအာဏာပိုင်များထံ၌ တရားဝင် မှတ်ပုံတင်ခွင့် ရရှိခဲ့သည်။ မှတ်ပုံတင်ခွင့် ရရှိလိုက်ခြင်းကြောင့် ကျွန်တော်တို့ အဖွဲ့ ဖြစ်သော Operation USA ကဲ့သို့ နိုင်ငံတကာ အကူအညီ ပေးရေး အဖွဲ့များထံမှ ကျန်းမာရေး ဆိုင်ရာ ပစ္စည်းများနှင့် အကူအညီများ ရယူရာတွင် အခွန် ပေးဆောင်ရန် မလိုတော့ပေ။

မြန်မာ စစ်အစိုးရ၏ ဖိနှိပ် ချုပ်ခြယ်မှုများကြောင့် သော်လည်းကောင်း၊ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီး ထိန်းသိမ်း ခံထားရမှုကြောင့် သော်လည်းကောင်း၊ နာဂစ် ဆိုက်ကလုန်းနှင့် သဘာဝ သယံဇာတ အရင်းအမြစ်များ အပေါ် တလွဲတချော် စီမံ ခန့်ခွဲခဲ့ခြင်းကြောင့် သော်လည်းကောင်း မြန်မာ နိုင်ငံသားများတွင် သမုဒ္ဒရာတစ်စင်းမျှ ကြီးမား ကျယ်ပြန့်သည့် စိတ်ခံစားချက်များစွာ ပြည့်နှက်နေသည်။ ထိုခံစားချက်များအတွက် နေရာလေး တစ်နေရာ ရယူပေးရန်မှာလည်း လွန်စွာ အရေးကြီးပါသည်။ ထိုကဲ့သို့သော နေရာများတွင် ဒေါက်တာ စင်သီယာ၏ မယ်တော်ဆေးခန်း စတင် ပါဝင်နေပြီ ဟူသော အချက်ကို သတိချပ်သင့်ပါသည်။

Richard Walden ၏ ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုအပေါ် အပြစ်ပေးသည့် သဘောဖြင့် တောင်ကိုရီးယား နိုင်ငံက နှစ်နိုင်ငံ ကုန်သွယ်မှု ဖြတ်တောက်ခဲ့သော်လည်း မြောက်ကိုရီးယားက အိမ်နီးချင်း တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေး လုပ်ငန်းများ စတင်ရန် လုပ်ကိုင်နေပြီ ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး အဖွဲ့က လူပေါင်း ၄၆ ဦး သေဆုံးခဲ့ရသော ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုသည် မြောက်ကိုရီးယား တော်ပီတို ဒုံးကျည် တိုက်ခိုက် ခံရခြင်းကြောင့် ဖြစ်သည်ဟု ထုတ်ဖော်ခဲ့ပြီးနောက် တောင်ကိုရီးယားက နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုကို ပြီးခဲ့သည့် မေလက စတင် ပိတ်ဆို့ခဲ့သည်။

နယ်စပ် ဖြတ်ကျော် ကုန်သွယ်ရေး ပိတ်ပင်ကြောင်း ကြေညာချက် မပြုလုပ်မီ တောင်ကိုရီးယား စီးပွားရေး လုပ်ငန်း ၅၀၀ ကျော်မှ ပေးပို့ထားသော ကုန်ကြမ်းများကို ကုန်ချောအဖြစ် ထုတ်လုပ်ခဲ့ကြောင်း Yonhap သတင်း အေဂျင်စီက ဆိုသည်။

"တောင်ကိုရီးယားက ကုမ္ပဏီတွေ အနေနဲ့ ကုန်ကြမ်းတွေ ပေးပို့လို့ မရတော့တဲ့ အချိန်မှာ မြောက်ကိုရီးယား စက်ရုံတွေက တရုတ်ဘက်က အော်ဒါပေးတဲ့ ကုန်ပစ္စည်းတွေ ထုတ်လုပ်နေကြပါတယ်" ဟု မြောက်ကိုရီးယားနှင့် နီးစပ်သော သတင်းရင်းမြစ် တစ်ခုက Yonhap သတင်းဌာနသို့ ပြောကြားသည်။

"မြောက်ကိုရီးယား စက်ရုံတွေက သူတို့ တရုတ် ကုမ္ပဏီတွေနဲ့ ကန်ထရိုက် ချုပ်လိုက်ပြီးပြီလို့ ပြောပါတယ်။ အဲဒါကြောင့် တရုတ်ဘက်က ပေးတဲ့ အော်ဒါတွေကို ဦးစားပေး ထုတ်လုပ်ပေးသွားမယ် လို့လည်း ဆိုပါတယ်" ဟု အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။

တရုတ်နိုင်ငံမှ လာသော အော်ဒါ အများစုမှာ ဥရောပ ဒေသသို့ တင်ပို့ ရောင်းချရန် ဖြစ်သည်။ တောင်ကိုရီးယား စီးပွားရေး ပညာရှင်ကြီးများ အဖွဲ့တစ်ခု အဆိုအရ ယခုကဲ့သို့ ကုန်သွယ်မှု ပိတ်ပင်လိုက်ခြင်းကြောင့် မြောက်ကိုရီးယား အနေဖြင့် တစ်နှစ်လျှင် ဒေါ်လာသန်းပေါင်း များစွာ နစ်နာ ဆုံးရှုံးရလိမ့်မည် ဖြစ်သည်။

မြောက်ကိုရီးယား အနေဖြင့် နျူကလီယာ လက်နက် သို့မဟုတ် နျူကလီယာနှင့် ဆက်နွယ်သော နည်းပညာများ၊ ပစ္စည်းများ တင်ပို့ ရောင်းချခြင်း အပါအဝင် တရားမဝင် ငွေကြေး ခဝါချမှုများ မပြုလုပ်နိုင်ရန် ပြင်းထန်သော ပိတ်ဆို့ အရေးယူမှုများ ထပ်မံ ပြုလုပ်သွားမည်ဟု အမေရိကန် အစိုးရက ကြေညာချက် ထုတ်ပြန်ထားသည်။

Yonhap သတင်းဌာန၏ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(ကရင်ပြည်မှပေးစာ)
ကျွန်တော်တို့အဖိုး DKBA တပ်မဟာ(၅)တပ်မဟာမှူး ဗိုလ်မှူးကြီးစောလားပွယ်ရဲ့ သဘောထား အနေ က တော့ နအဖ အစိုးရရဲ့ နယ်ခြားစောင့်တပ်ကို လက်မခံသေးဘဲ လက်ရှိ အခြေအနေ အတိုင်း DKBA အနေဖြင့် ရပ်တည်လိုတဲ့ သဘောပေါ့။ နယ်ခြားစောင့်တပ် မဖွဲ့သေးလို့ ကျွန်တော်တို့ကို နအဖက တိုက်မယ်ဆိုတာကတော့ လုံးဝယုံကြည်စရာ မရှိပါဘူး။ နအဖ စစ်တပ်နဲ့ ကျွန်တော်တို့နဲ့ ၁၉၉၄ ခုနှစ်က ပေါင်းစည်းပြီး နယ်မြေလုံခြုံရေးအတွက် KNU ကို တိုက်လာတာ (၁၆) နှစ်တောင်ရှိနေပြီ၊ အဖိုးလားပွယ်က စစ်သားစိတ်အပြည့်အဝ ရှိနေသူပါ။ တိုင်းပြည်နဲ့ လူမျိုးအပေါ် သစ္စာစောင့်သိတဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ ဝေါလေမှာ နအဖစစ်တပ်က ဝေါလေနည်းဗျူဟာနဲ့ တပ်ရင်းတွေကြားမှာ နှစ်ပေါင်းများစွာ အတူဆက်ဆံနေထိုင်ခဲ့ကြတာပါ။ ဒါကိုတစ်ဖက်ကမ်းမှာရှိတဲ့ KNU ကလဲ မကျေမနပ်ဖြစ်တယ်။ အမျိုးမျိုးသွေးခွဲစကားတွေ ပြောဆိုနေဆဲပါ။ ကျွန်တော်တို့ရဲ့ အဖိုးလားပွယ် ပြောခဲ့ဘူးပါတယ်။ သူငယ်စဉ်တုန်းက KNU ဘဝနဲ့ လမ်းတံတားတွေဖျက်ဆီးခဲ့၊ မိုင်းထောင်ခဲ့လို့ အပြစ်မဲ့ပြည်သူတွေ ထိခိုက်ဒဏ်ရာရသေဆုံးတာ တွေရှိခဲ့ပါတယ်။ ဒါတွေ ယခုအကြွေးပြန်ဆပ်နေတာ အကြွေးတော့ မကျေသေးဘူလို့ ပြောခဲ့ဘူးပါတယ်။


DKBA က ကလိုထူးဖော ဗျူဟာာမှူး ဗိုလ်မှူးကြီးစောမုတ်သုံ သဘောထားကတော့ ကလိုထူးဖော ဗျူဟာအဖွဲ့ နံနက်တန်းစီတိုင်း DKBA နဲ့ ရှေ့လုပ်ငန်းစဉ်နှင့် သဘောထားခံယူချက်တွေကို သစ္စာဆိုလျက်ပါ။ တိုင်းပြည်နဲ့လူမျိုး၊ အမျိုးဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ ထုံးတမ်းအစဉ်အလာများ တည်တံ့ခိုင်မြဲထွန်းကားရေးအတွက် အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားမည်ဆိုတာ သစ္စာဆိုထားပါတယ်။ ကျွန်တော်တို့ရှေ့မှာ ဗျူဟာမှူး စောမုတ်သုံမှ ပြောဆိုတဲ့ စကားလုံးတွေကတော့ ငါတို့ဟာ အမျိုး ဘာသာ၊သာသနာအတွက် အသက်ရှင်နေတာ မြိုင်ကြီးငူ ဆရာတော်ကြီးရဲ့ တရားအရိပ်မှာ နေထိုင်ပြီး ဆရာတော်ရဲ့ သြဝါဒစကားကို နားထောင်ရမယ်။ ဆရာတော်က '' သေဆိုသေ ရှင်ဆိုရှင် '' ဖြစ်နေရမယ်ဆိုတဲ့စကားပါဘဲ။ ပြီးခဲ့တဲ့ သုံးနှစ်လောက်က ဗိုလ်မှူးကြီးစောမုတ်သုံ သူ့ယောက်ဖ တပ်မဟာမှူး ဗိုလ်မှူးကြီး စောလားပွယ်အား သွားတွေ့ပြီး အပြန်ခရီးမှာ ဖလူးကျောက်ခက်အနီးတစ်ဝိုက်မှာ KNU တွေ ဝိုင်းထားခြင်းခံခဲ့ရပြီး လက်အောက် တပ်မှူးအချို့ကယ်တင်ခဲ့လို့ အန္တရာယ်ကြားမှ လွတ်မြောက်ခဲ့တာဟာ ရတနာသုံးပါး ကျေးဇူးကြောင့်ပဲလို့ ပြောဆိုခဲ့ပါတယ်။ ဗျူဟာမှူး စောမုတ်သုံဟာ ရာသက်ပန် သတ်သတ်လွတ်စားပြီး ဘုရားတည်၊ ကျောင်းဆောက်လုပ်တာတွေဘဲ ဆောင်ရွက် လျက်ရှိပါတယ်။ ဘာသာရေးကို ကိုင်းရှိုင်းသူတစ်ယောက် ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ လက်အောက် စစ်သည်အများစုက ယုံကြည်ထားပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်ခန့်က သူ့ရဲ့အနီးကပ် ကိုယ်ရံတော်တစ်ဦးက လုပ်ကြံဘို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။ ဒါဟာလဲ KNU အဖွဲ့စေလွှတ်ခဲ့တာ သူ့အိမ်မှာ လူယုံတော် အဖြစ် နှစ်နှစ်ခန့်အမှုထမ်းပြီးမှ အနီးကပ်လုပ်ကြံဖို့ကြိုးစားခဲ့တာ တွေ့ရှိခဲ့ပါတယ် ။ ဒါကြောင့် KNU ဗဟိုနဲ့ မှူးကြီးစောမုတ်သုံဟာ ရာဇဝတ် ကြွေးတွေ ရှိနေတုန်းပါဘဲဟု အမည်မဖော်လိုတဲ့ KNU တပ်မှူးတစ်ဦးက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ခေါင်းဆောင်ပိုင်းရဲ့ အမြင်သဘောထားတွေ ကွဲလွဲမှုကြောင့် နယ်ခြားစောင့်တပ် ဖွဲ့စည်းမှု လက်မခံသေးပေမဲ့ တိုင်းပြည်နဲ့ လူမျိုးးအပေါ် သစ္စာဖောက်မှာမဟုတ်ပါဘူး။ နအဖစစ်တပ်နဲ့ ကျွန်တော်တို့ဟာ အတူလက်တွဲ တိုက်ပွဲဝင်ခဲ့တာပါ။ နအဖစစ်တပ်ကလဲ ကျွန်တော်တို့ကို တိုက်ခိုက်မှာမဟုတ်သလို ကျွန်တော်တို့ကလဲ နအဖစစ်တပ်ကိုတိုက်ဖို့ပြင်ဆင်နေတာမရှိပါဘူး။ စစ်သားတွေဆိုတော့ သတိဝီရိယအမြဲနေထိုင်တဲ့ သဘောရှိပါတယ်။ ဒါတွေအပေါ် KNU ဗဟိုက DKBA တပ်မဟာ(၉၉၉)ဗျူဟာမှူး ဗိုလ်မှူးကြီးချစ်သူနဲ့ နအဖစစ်တပ်တို့ ပူးပေါင်းတိုက်ခိုက်မယ်ဆိုတဲ့ မဟုတ်မမှန်သတင်းတွေထုတ်လွှင့်ပြီး ကရင်လူမျိုးများ အချင်းချင်းသွေးခွဲစေပြီး ကရင်တစ်မျိုးသားလုံး၏ အေးချမ်းသာယာတဲ့ အနာဂတ်ကို ဖျက်ဆီးနေတယ်ဆိုတာ အားလုံး သိအောင်ပြောပြလိုက်ပါတယ်။