Transparency Myanmar

transparency.myanmar@gmail.com

Yahoo News, 4th August 2010

အမေရိကန် ဘီလျံနာ ၃၈ ဦးသည် Warren Buffett နှင့် Bill Gates တို့ စတင်ခဲ့သော စီမံချက်မှ တဆင့် ၎င်းတို့ ချမ်းသာ ကြွယ်ဝမှု၏ ၅၀ % ကို လှူဒါန်းရေး ရန်ပုံငွေ အဖွဲ့သို့ ထည့်ဝင်သွားရန် စီစဉ်ထားကြသည်ဟု သိရသည်။

၎င်းတို့တွင် နယူးယောက် မြို့တော်ဝန် Michael Bloomberg၊ CNN တည်ထောင်သူ Ted Turner နှင့် ဖျော်ဖြေရေး လုပ်ငန်း အမှုဆောင် Barry Diller တို့လည်း ပါဝင်သည်။

အဆိုပါ အစီအစဉ် The Giving Pledge တွင် ပရောဂျက်တွင် ပါဝင်ရန် ကတိပြုထားသူ မိသားစုများနှင့် တစ်ဦးချင်းကို စာရင်းပြုစုထားသည်။

လှူဒါန်းရေး အစီအစဉ်မှာ တရားဝင် စာချုပ်ဖြင့် ပြုလုပ်ထားခြင်း မဟုတ်ဘဲ သဒ္ဓါ ထက်သန်မှု ကတိကဝတ်သာ ဖြစ်ကြောင်း ဆိုသည်။

ထိုစီမံချက်ကို ဇွန်လက စတင်ခဲ့ပြီး အမေရိကန် ဘီလျံနာများအား ၎င်းတို့ အသက်ရှိစဉ်တွင် လည်းကောင်း၊ သေဆုံးပြီးသော် လည်းကောင်း ၎င်းတို့၏ ငွေများထဲမှ အနည်းဆုံး တစ်ဝက်ကို လှူဒါန်းရန် စည်းရုံးနေသည်။

"ကျွန်တော်တို့ အခုမှ စတာပါ။ ဒါပေမယ့် အလွန် ကောင်းမွန်တဲ့ တုန့်ပြန်မှုတွေကို ရရှိနေပါတယ်" ဟု Mr.Buttett က ကြေညာချက်တွင် ပြောကြားခဲ့သည်။

"The Giving Pledge ဆိုတာကတော့ ချမ်းသာကြွယ်ဝတဲ့ မိသားစုတွေကို သူတို့ရဲ့ ကြွယ်ဝမှုတွေနဲ့ ဒါတွေကို ဘယ်လို အသုံးပြုရမလဲဆိုတာကို အရေးကြီးတဲ့ တွေ့ဆုံ စကားပြောတဲ့ အစီအစဉ်ပါပဲ" ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

မိမိ၏ ငွေများကို လူများအား ကူညီပေးရန်နှင့် လှူဒါန်းရေး အဖွဲ့များသို့ ပေးရန် စီစဉ်သူများသည် ရှင်းလင်းချက်ပေးသည့် စာဖြင့် မိမိ၏ ရည်ရွယ်ချက်များကို လူသိရှင်ကြား ထုတ်ပြန်ရမည် ဖြစ်သည်။

ထိုသို့ လှူဒါန်းရန် စီစဉ်သူ ဘီလီယံနာများတွင် ရုပ်ရှင် ထုတ်လုပ်သူ George Lucas၊ အလှူကြီးပေးလေ့ ရှိသူ David Rockefeller၊ ရေနံတွင်း ရင်းနှီးမြှုပ်နှံသူ T Boone Pickens တို့လည်း ပါဝင်သည်။

"ကျွန်ုပ်သည် ကျွန်ုပ် ချမ်းသာမှု အများစုကို ပညာရေး တိုးတက်ရေး ကိစ္စများတွင် အသုံးပြုရန် လှူဒါန်းမည်ဟု ရည်ရွယ်ထားသည်။ ပညာရေးသည် လူသားမျိုးနွယ် ဆက်လက် ရှင်သန်ရေး အတွက် အရေးကြီးသည့် အရာဖြစ်သည်" ဟု Mr Lucas က ၎င်း၏ လှူဒါန်းရေး အစီအစဉ် ကြေညာစာတွင် ဖော်ပြထားသည်။

လှူဒါန်းရေး ရန်ပုံငွေ အဖွဲ့မှ ပြောကြားရာတွင် အလှူရှင်များသည် အနိမ့်ဆုံး ၅၀ % သတ်မှတ်ချက်ထက် ပိုမို များပြားစွာ လှူဒါန်းရန် ကတိပြုထားကြသည်ဟု ဆိုသည်။

"Giving Pledge သည် ဘီလျံနာများကို ပစ်မှတ်ထားလျက် ရှိရာ၊ ထိုသို့ ဖြစ်မြောက်လာရေး အတွက် ယခင်ကရော ယခုပါ ငွေရေးကြေးရေး အရရော အခြားကိစ္စများတွင်ပါ ပါဝင်ခဲ့သူများကို အသိအမှတ် ပြုရမည် ဖြစ်သည်" ဟု Givingpledge.org တွင် ရေးသားထားသည်။

Mr Buffett သည် Mr Gates နှင့် ဇနီး Melinda တို့နှင့်အတူ ပြီးခဲ့သည့်နှစ်က အမေရိကန် ဘီလျံနာများနှင့် အကြိမ်ပေါင်းများစွာ ညစာစားပြီး စီမံချက် ဖြစ်မြောက်ရေးနှင့် လှူဒါန်းရေး အတွက် အမေရိကန် ငွေကြေးအီလစ်များကို တိုက်တွန်းခဲ့သည်။

"ကျွန်ုပ် အရင်ကတည်းက ဖော်ပြခဲ့သကဲ့သို့ ကျွန်ုပ်သည် ငွေရှာရသည်ကို သဘောကျပါသည်။ ထိုငွေများကို လှူရသည်ကိုလည်း သဘောကျပါသည်။ ငွေပိုရှာရတာကို နှစ်သက်ပါသည်။ သို့သော် လှူဖို့ကတော့ နောက်တွင် ကပ်လျက် တွဲပါနေပါသည်" ဟု Mr Pickens က ကြေညာစာတမ်းတွင် ဖော်ပြထားသည်။

ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဖြစ်သော Berkskire Hathaway မှ အမှုဆောင်ချုပ် Mr Buffett သည် ၎င်းပိုင်ဆိုင်မှု၏ ၉၉ % ကို Bill and Melinda Gates ဖောင်ဒေးရှင်းနှင့် မိသားစု လှူဒါန်းရေး ရန်ပုံငွေ အဖွဲ့သို့ ပေးရန် ၂၀၀၆ ခုနှစ်က စီစဉ်ခဲ့သည်။

Mr. Buffett ၏ ချမ်းသာမှုသည် ဒေါ်လာ ၄၇ ဘီလီယံ (ပေါင်စတာလင် ၂၉ ဘီလီယံ) ရှိမည်ဟု Forbes မဂ္ဂဇင်းက မတ်လက ခန့်မှန်းခဲ့သည်။

Forbes မဂ္ဂဇင်းက သတ်မှတ်ချက်အရ ကမ္ဘာပေါ်တွင် ဒုတိယ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သူ Bill Gates သည် သူ၏ ဖောင်ဒေးရှင်းသို့ ဒေါ်လာ ၂၈ ဘီလျံကျော်ကို လှူဒါန်းခဲ့ပြီး ဖြစ်သည်။

Forbes မဂ္ဂဇင်း၏ အဆိုအရ အမေရိကန် ပြည်ထောင်စုတွင် ဘီလျံနာ ၄၀၃ ဦး နေထိုင်လျက် ရှိသည်ဟု သိရှိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Hindustan Times, 3rd August 2010

ဝန်ကြီးချုပ် မန်မိုဟန်ဆင်းနှင့် ဆန့်ကျင်ဘက် ရပ်တည်လိုက်သူ နိုဘယ်ဆုရှင် ပါမောက္ခ Amardya Sen က "မိမိအနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အိန္ဒိယ၏ မူဝါဒကို ထောက်ခံခဲ့ခြင်း မရှိ" ဟု ယနေ့ ပြောကြားလိုက်သည်။

"မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ခင်ဗျားရဲ့ မူဝါဒကို ကျွန်တော် သဘောမတူပါဘူး။ အိန္ဒိယလို ဒီမိုကရေစီနိုင်ငံမှာ ဝန်ကြီးချုပ်ကို ဒီလိုပြောလို့ ရပါတယ်" ဟု ၎င်းက နယူးဒေလီတွင် စာတတ်မြောက်မှု၏ အဓိက ကျပုံနှင့် ပတ်သက်၍ ဟောပြောစဉ် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုဘယ်ဆုရှင်က အထက်ပါအတိုင်း မှတ်ချက်ပေးလိုက်ချိန်တွင် Sen ကဲ့သို့ပင် စီးပွားရေး ပညာရှင်တစ်ဦး ဖြစ်သည့် ဝန်ကြီးချုပ် Sen က ပြုံးလိုက်သည်။

အထက်ပါ ဟောပြောပွဲကို ဝန်ကြီးချုပ်က ဖွင့်လှစ်ပေးပြီးနောက် Sen က နေရာမှထ၍ ဟောပြောစဉ် မြန်မာနိုင်ငံနှင့် အိန္ဒိယ၏ ဆက်ဆံရေးကို ပွင့်ပွင့်လင်းလင်း မှတ်ချက် ပေးလိုက်ခြင်း ဖြစ်သည်။

ယခင် အပတ်က မြန်မာ စစ်ဖက် အုပ်ချုပ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား အိန္ဒိယနိုင်ငံက ကြိုဆို ဧည့်ခံခဲ့ခြင်းကို အကြောင်းပြုရန် ၎င်းမှတ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် တိုင်းပြည်အတွင်း ဒီမိုကရေစီ ထွန်းကားခြင်းကို ခွင့်မပြုဘဲ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲများတွင် မပါဝင်နိုင်အောင် တားဆီးထားခြင်းကြောင့် တစ်ကမ္ဘာလုံး၏ ဝိုင်းဝန်း ဝေဖန်မှုကို ရင်ဆိုင်နေရသည်။ အိန္ဒိယနိုင်ငံကမူ ၎င်းတို့၏ အရေးပါသော အကျိုးစီးပွား အဖြစ် ခံယူကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အစိုးရ၏ တွေ့ဆုံ ညှိနှိုင်းမှုများ ပြုလုပ်လျက် ရှိသည်။

တရုတ် သမ္မတဟောင်း မော်စီတုန်း နှင့် အိန္ဒိယမှ မော်ဝါဒီ လှုပ်ရှားမှုတို့၏ အကောင်းဆုံး စံနှုန်းများ အကြားမှ ခြားနားမှုကိုလည်း Sen က ဆွဲထုတ်ပြသည်။

တရုတ်နိုင်ငံတွင် တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးမှုကို တိုးတက်စေမည့် အခြေခံ ပညာရေးကို "မော်" က အားပေး မြှင့်တင်ခဲ့သည်။ သို့သော် အိန္ဒိယမှ မော်ဝါဒီတို့ကမူ အနောက် ဘင်္ဂလားကဲ့သို့ ပြည်နယ်များတွင် အခြေခံ ပညာရေး အဆောက်အအုံကို ထိခိုက် ပျက်ပြား စေခဲ့သည်ဟု Sen က ပြောကြားသည်။

လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု၏ အချက်အခြာသည် အတတ်မြောက်မှုပင် ဖြစ်သည်ဟု ဝန်ကြီးချုပ် Sen က ပြောဆိုသည်။ စာတတ်မြောက်မှုနှုန်း ၈၀ ရာခိုင်နှုန်းထက် လျော့နည်းသော ခေတ်မီ စက်မှုနိုင်ငံ ဟူ၍ မရှိဟု ၎င်းက ဆိုသည်။

ဝန်ကြီးချုပ်က ၎င်း၏အစိုးရ အတွက် ပန်းတိုင်မှာ အိန္ဒိယနိုင်ငံ စာတတ်အောင် ပြုလုပ်ရန်နှင့် စာတတ်မြောက်မှုတွင် ကျား/မ ကွာဟချက်ကို လျှော့ချရန် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

India Times, 5th August 2010

မြန်မာ စစ်ဖက် အုပ်ချုပ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လတ်တလော နယူးဒေလီ ခရီးစဉ်နှင့် ၎င်းစစ်ဖက် အစိုးရ အပေါ် အိန္ဒိယ၏ ဆက်လက် ဆွေးနွေး ဆက်ဆံနေမှုတို့က နိုဘယ်ဆုရှင် Amartya Sen ထံမှ ပြစ်တင် ဝေဖန်မှုကို ထွက်ပေါ်စေခဲ့သည်။

ဤကိစ္စတွင် ပါမောက္ခကြီး သိရန် ပြောရမည် ဆိုပါက အိန္ဒိယကဲ့သို့ ဒီမိုကရေစီ နိုင်ငံတွင် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ပြဿနာများကြောင့် နိုင်ငံတကာ၏ ပြစ်တင် ရှုတ်ချမှုကို ခံနေရသော အစိုးရနှင့် စီးပွားရေး စောင်းပေးသော ဆက်ဆံမှုမျိုး မရှိဟု ဆိုချင်သည်။ သို့သော် အဆိုပါ ရပ်တည်ချက်ကို နယူးဒေလီ၏ နိုင်ငံခြားရေး မူဝါဒကို ပြဋ္ဌာန်းနေသည့် အမှန်တရားများတွင် ထည့်သွင်း စဉ်းစားရန် မဖြစ်နိုင်ခဲ့ပါ။

၂၀ ရာစု ကမ္ဘာ့ဇာတ်ခုံပေါ်တွင် ကပြခဲ့သော စိတ်ကူးယဉ် ဝါဒနှင့် လက်တွေ့ ဝါဒ  တို့အကြားမှ ဤအငြင်းပွားမှုကို အားလုံး မြင်တွေ့ခဲ့ကြပြီး ဖြစ်သည်။ ဝုဒ်ရိုးဝီလ်ဆင် မှသည် ဂျဝါဟာလာနေရူး အထိ ခေါင်းဆောင်များသည် စိတ်ကူးယဉ် ဝါဒ၏ အနားသတ်မှုများကို နိုင်ငံခြားရေး မူဝါဒ၏ လမ်းညွှန် စည်းမျဉ်းအဖြစ် အခြေခံ ချမှတ်ခဲ့ကြသည်။ အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေး ရပြီး ကာလများတွင် နေရူး စိတ်ကူး ဝါဒကြောင့် နယူးဒေလီသည် အခွင့်အလမ်းနှင့် အားသာချက် မျိုးစုံကို လက်လွှတ် ဆုံးရှုံးခဲ့ ရသည်။ အိန္ဒိယအနေနှင့် ကိုယ့်တွင်း ကိုယ်တူးခဲ့ပြီး နေရူး၏ ပုဂ္ဂိုလ်ရေး ရပ်တည်မှုကိုပင် မကယ်တင် နိုင်ခဲ့ပေ။ နောက်ဆုံးတွင်မူ ဘက်မလိုက် အဖွဲ့ကို ဝင်နှောက်နေသော မော်စကို ဖက်သို့ ယိမ်းသွားခဲ့သည်။ ဤသို့သော နိုင်ငံခြားရေး မူဝါဒမျိုးသည် အလုပ်မဖြစ်နိုင် ဆိုသည်ကို ပြသခဲ့ခြင်းဟု ဆိုနိုင်သည်။

ပြည်ပမှ ဒီမိုကရေစီ တည်ဆောက်မှု စီမံကိန်းများနှင့် တွေ့ဆုံ ညှိနှိုင်းရန် နယူးဒေလီတွင် ပါဝါ အကန့်အသတ် ရှိနေသည်။ ဤနေရာတွင် မြန်မာ အစိုးရ၏ ဒုစရိုက်များကို မမြင်ချင်ဟန်ဆောင် ရမည်ဟု ဆိုလိုခြင်း မဟုတ်သော်လည်း ၎င်းတို့နှင့် ဆွေးနွေး ဆက်ဆံမှုကို ကျင့်ဝတ် သဘောအရ ငြင်းပယ်ခဲ့မည် ဆိုပါက မြန်မာနိုင်ငံမှာ ဘေဂျင်းက ရယူနေသော အထူး အခွင့်အရေးများကို နယူးဒေလီက လုံးဝ ရနိုင်တော့မည် မဟုတ်ပေ။ သမ္မတ ဂျော့ဘွတ်ရှ် လက်ထက်တွင် အီရန် အပေါ် ဒီမိုကရေစီ စည်းရုံးရေး ဆင်းခဲ့သော အမေရိကန်၏ နည်းလမ်းများသည် ဆန့်ကျင်ဘက် ရလဒ် ရခဲ့သည်ကို တွေ့မြင်ခဲ့ပြီး ဖြစ်သည်။ လက်တွေ့ကျသော မြန်မာနှင့် ဆွေးနွေးရေး မူဝါဒကော၊ ဒီမိုကရေစီ စံနှုန်းများဆီသို့ ရွေ့အောင် တွန်းမည့် မူဝါဒကော၊ လက်တွေ့ကျသော နည်းလမ်းဖြစ်ရန် အလှမ်းဝေးနေဆဲ ဖြစ်သည်။ ထို့ကြောင့် ကိုယ်ကျိုးစီးပွား မူဝါဒကော၊ ဒီမိုကရေစီကို အားပေးမည့် မူဝါဒကော နှစ်ခုစလုံးမှ ထွက်ပေါ်လာသော လက်တွေ့ကျသော နိုင်ငံခြားရေး မူဝါဒသည် အထိရောက်ဆုံး ကိရိယာ တစ်ခုဖြစ်ရန် ယခုထိ အလှမ်းဝေး နေဆဲဟု ဆိုချင်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB, 3rd August 2010

ကုလသမဂ္ဂသည် မြန်မာနိုင်ငံနှင့် ပတ်သက်သော ၎င်း၏ လုပ်ဆောင်မှု မှတ်တမ်းကို ကာကွယ်ရန် ဖိအားပေးခြင်း ခံနေရပြီး ပျော့ပြောင်းသည့် လက္ခဏာ ပြသခြင်း မရှိသည့် အပစ်ပယ်ခံ နိုင်ငံအပေါ် ဘန်ကီမွန်း၏ သြဇာ သက်ရောက်နိုင်မှုကို မှတ်ကျောက် တင်ထားသည့် အစီရင်ခံစာ ပေါက်ကြားခဲ့သဖြင့် အဖွဲ့တွင်း၌ စကားများ ရန်ဖြစ်လျက် ရှိသည်။

Inga Brittt Ahlenius ရေးသားသည့် ယခုနာမည်ကြီးနေသော စာမျက်နှာ ၅၀ ပါ အစီရင်ခံစာသည် ဇူလိုင်လလယ်က ဝါရှင်တန်ပို့စ်သို့ ပေါက်ကြားသွားခဲ့ခြင်း ဖြစ်ပြီး "ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရုံးသည် ဘန်ကီမွန်း၏ လက်အောက်တွင် မဟာဗျူဟာမြောက် လမ်းညွှန်မှုနှင့် ဦးဆောင်မှုတို့ ၃ နှစ်ကြာ ပျောက်ဆုံးခဲ့ပြီးနောက် ယိုယွင်းမှု လမ်းကြောင်းပေါ် ရောက်ရှိနေသည်'' ဟုဖော်ပြထားသည်။

အထက်ပါ မှတ်ချက်များမှာ Ahlenius ထံမှ ခွဲခွာချိန် ထိုးနှက်မှု  ဖြစ်ပြီး သူမသည် ကုလသမဂ္ဂ၏ အဖွဲ့တွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဌာန UNOIOS ၏ အကြီးအကဲ ရာထူးမှ မကြာမီ အချိန်လေးတွင် အနားယူခဲ့သူ ဖြစ်သည်။

"ကမ္ဘာ့ပြဿနာတွေကို ဖြေရှင်းရေးမှာ အရေးကြီးတဲ့ လုပ်ဖော်ကိုင်ဖက် အဖြစ်ကနေ ကျသထက် ကျဆင်းခဲ့တာကို ကျွန်မတို့ တွေ့နေရပါတယ်။ မြန်မာမှာ၊ ဒါဖာမှာ၊ အာဖဂန်နစ္စတန်မှာ၊ ဆိုက်ပရပ်စ်မှာ၊ G20 မှာ လက်နက် လျှော့ချဖို့၊ ဖျက်သိမ်းဖို့နဲ့ ပတ်သက်ပြီး ကျွန်မတို့ ဘာများ လုပ်နိုင်ခဲ့သလဲ" ဟု သူမက ပြောကြားကာ အရပ်သားများကို ပဋိပက္ခများ၊ ဘေးအန္တရာယ်များမှ ကာကွယ်ပေးမည့် ကုလသမဂ္ဂ၏ စွမ်းဆောင်ရည်ကို မေးခွန်းထုတ်လိုက်သည်။

အထွေထွေ အတွင်းရေးမှူးချုပ်သည် ကုလသမဂ္ဂ အကြီးအကဲ အဖြစ် ၎င်း၏ ပထမဆုံး မိန့်ခွန်းကို ၂၀၀၇ ဇန်နဝါရီတွင် အသုံးပြုကာ မြန်မာနိုင်ငံမှ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် တိုက်တွန်းခဲ့သော်လည်း မနှစ်က ဇွန်လက ဝိုင်းဝန်း ဝေဖန်ခံခဲ့ရသော ၎င်း၏ နောက်ဆုံး မြန်မာခရီးစဉ် အပြီးတွင် ထိုနိုင်ငံ၏ အကြောင်းကို မနည်းငယ် ဖော်ပြခြင်းမျှသာ ပြုလုပ်တော့သည်ကို တွေ့ရသည်။

ထို့အပြင် ထပ်တူထပ်မျှ အန္တရာယ် များလှသော မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးအရာရှိ အဖြစ်မှ ၂၀၀၉ ခုနှစ်တွင် ဆူဒန်သို့ ပြောင်းလဲ ခန့်အပ်ခြင်း ခံရသူ အီဘရာဟင် ဂမ်ဘာရီ၏ နေရာအား ဆက်ခံမည့်သူကိုလည်း ကုလသမဂ္ဂက ယခုတိုင် ခန့်အပ်ခြင်း မရှိသေးပါ။ ယခုနှစ် ဇန်နဝါရီလတွင် ဂမ်ဘာရီက အဆိုပါ အထူးအရာရှိ ရာထူးကို ပြန်လည် ခန့်အပ်စေလိုသဖြင့် နေရာ လွတ်နေကြောင်း ကာကွယ် ပြောကြားရာတွင် "ကုလရုံးအဖွဲ့မှူး ဗီဂျေနမ်ဘီယား" မှာ ယာယီ တာဝန် ယူထားခြင်းသာ ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

မြန်မာအစိုးရအား ပြုပြင်ပြောင်းလဲစေရန် ဖိအားပေးရာတွင် လျော့ရဲလွန်းသည်ဟု ဝေဖန်ထားသော အစီရင်ခံစာ မကြာသေးမီက ပေါက်ကြားမှု ဖြစ်ပွားခဲ့သဖြင့် အဆိုပါ စွပ်စွဲချက်များကို ကာကွယ်ရန် ထပ်မံ ဖိအားပေးခံနေရသည်။ ကျယ်ပြန့်စွာ ဝိုင်းဝန်း ဝေဖန်နေသည့် ရွေးကောက်ပွဲများကို ယခုနှစ် ကျင်းပရန် ဦးတည်နေသော မြန်မာနိုင်ငံ အပေါ် ကုလသမဂ္ဂ အနေဖြင့် အမှန်တကယ် တစ်စုံတစ်ရာ  လုပ်ဆောင်ခဲ့ခြင်း ရှိ/မရှိ ကို သတင်းထောက် တစ်ဦးက ဘန်ကီမွန်း၏ ပြောရေးဆိုခွင့်ရှိသူ မာတင်နီဆာကီကို ဇူလိုင် ၂၃ ရက်တွင် မေးမြန်းခဲ့သည်။

"ကျွန်တော်တို့ ဆက်လုပ်နေပါတယ်၊ အရင်က ပြောခဲ့သလိုပါပဲ၊ အသင်းတစ်ခု၊ ဋ္ဌာန တစ်ခု ကောင်းဖို့ဆိုတာ တစ်ဦးတစ်ယောက်နဲ့ မရပါဘူး၊ ကန့်လန့်ကာ နောက်ကွယ်မှာ ကျွန်တော်တို့ လူတွေ လှုပ်ရှားနေကြပါတယ်'' ဟု ၎င်းက ဖြေကြားသည်။  "အရာရာတိုင်းဟာ အများပြည်သူ ရှေ့မှောက်မှာ ဖြစ်ပျက်နေတာ မဟုတ်ပါဘူး၊ တစ်ခါတလေ ရလဒ်တွေ မြန်တာကို တွေ့နိုင်သလို တစ်ခါတလေလည်း ကြာတတ်ပါတယ်။ သေချာတာကတော့ မြန်မာနိုင်ငံမှာ လက်ခံယုံကြည် လေးစားထိုက်တဲ့ ရွေးကောက်ပွဲတွေ လိုအပ်တယ် ဆိုတာကို ကျွန်တော်တို့ လူသိရှင်ကြား အများကြီး ပြောခဲ့ပြီးပါပြီ'' ဟု ၎င်းက ဆက်လက် ပြောကြားသည်။

နမ်ဘီယားကလည်း Ahlenius ၏ အစီရင်ခံစာကို တုန့်ပြန်သည့် အနေဖြင့် "အထွေထွေ အတွင်းရေးမှူးချုပ် အနေနဲ့ 'ဘန်' ရဲ့ လုပ်ငန်းဟာ အမျှော်အမြင် ကြီးရပါတယ်။ 'ဘန်' က မှန်ကန်တဲ့ နိုင်ငံတကာ ဦးဆောင်မှုကို ပေးပြီး ကုလသမဂ္ဂရဲ့ ကဏ္ဍကို ထိန်းညှိနိုင်ခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။

သို့သော်လည်း မြန်မာအစိုးရ အတွက် တရုတ်၏ ပံ့ပိုးထောက်ခံမှုနှင့် ပတ်သက်၍ အနောက်နိုင်ငံများက ထပ်တိုက် ရင်ဆိုင်နေကြချိန်တွင် ဘန်ကီမွန်း၏ 'ပါဝါ အပျော့' နည်းလမ်းကြောင့် ကုလသမဂ္ဂအတွင်း တရုတ်လွမ်းမိုးမှု ကြီးထွားအောင် အားဖြည့်ပေးသလို ဖြစ်စေခဲ့သည်ဟု ဝေဖန် ဆန်းစစ်သူများက အငြင်းပွားလျက် ရှိသည်။

Ahlenius က "ဘန်ကီမွန်းသည် သတ္တိမရှိသူ၊ အရည်အချင်း မရှိသူ၊ ခေါင်းဆောင်မှု အတွက် ရုန်းကန် နေရသူ ဖြစ်သည်'' ဟု ပြောကြားခဲ့ရာ အဆိုပါ စွပ်စွဲချက်ကြောင့် ကုလသမဂ္ဂ ဋ္ဌာနချုပ်တွင် သိသိသာသာ တုန်လှုပ် ချောက်ခြားသွားသည့် လက္ခဏာရှိသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Straits Times, By AP, 4th July 2010

မြန်မာနိုင်ငံတွင် အနှစ်နှစ်ဆယ်အတွင်း ပထမဦးဆုံး အကြိမ် ကျင်းပမည့် ရွေးကောက်ပွဲကို နှောင့်ယှက် ဖျက်ဆီးမည့် သူများသည် ထောင်အနှစ် (၂၀) ကျခံရနိုင်ကြောင်း ဗုဒ္ဓဟူးနေ့က နိုင်ငံပိုင် သတင်းစာများတွင် သတိပေးလိုက်သည်။

ရွေးကောက်ပွဲ မတိုင်မီ၊ မြန်မာနိုင်ငံ အစိုးရသည် ဥပဒေများ၊ စည်းမျဉ်းများစွာကို ထုတ်ပြန်ခဲ့ရာ ထိန်းသိမ်းခံထားရသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ထိုဥပဒေ စည်းမျဉ်းများသည် ဒီမိုကရေစီ မကျကြောင်း၊ တရားမျှတမှု မရှိကြောင်း ဝေဖန်ခဲ့ကြသည်။

ဥပဒေသစ်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား (၂၀၀၀) ကျော်အား ရွေးကောက်ပွဲတွင် မပါဝင်နိုင်အောင် ထိရောက်စွာ တားဆီးထားသည်။ ပါတီများ စည်းရုံးရေး ဆင်းရာတွင် တင်းကြပ်သော စည်းမျဉ်းများ ချထားပြီး၊ ကြွေးကြော်ခြင်း၊ ချီတက်ခြင်း မပြုရန်နှင့် စုဝေးရာတွင် တိုင်းပြည်ပုံရိပ် ပျက်စီးစေသော အကြောင်းအရာများ မပြောရန် တားဆီးထားသည်။ ဝေဖန် သုံးသပ်သူများက ရွေးကောက်ပွဲများသည် အတုအယောင်သာ ဖြစ်ပြီး နှစ်ငါးဆယ်ကြာ စစ်တပ်မှ အုပ်ချုပ်မှုအား ပိုမို ခိုင်မာအောင် ရေးဆွဲထားခြင်းသာ ဖြစ်သည်ဟု ဆိုကြသည်။

အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့များက The New Light of Myanmar တွင် ရေးသားထားသော အခန်းဆက် ဆောင်းပါးတွင် အစိုးရသည် တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနှင့် အောင်မြင်သော ရွေးကောက်ပွဲ ဖြစ်စေရန် ကြိုးစား အားထုတ်လျက် ရှိကြောင်း၊ ရွေးကောက်ပွဲကို ဖျက်လို ဖျက်ဆီး လုပ်လိုသူများ ရှိနေခြင်းကြောင့် အဆိုပါ ဥပဒေများ လိုအပ်ကြောင်း ရေးသားထားသည်။ ဆောင်းပါး ရေးသားသူက "ဥပဒေ လေ့လာသူ တစ်ဦး'' ဟုသာ အမည်တပ်ထားသည်။ မြန်မာ သတင်းစာများကို အစိုးရက တင်းကြပ်စွာ ထိန်းချုပ်ထားသည့် အလျောက် အဆိုပါ ဆောင်းပါးများသည် အစိုးရ၏ အာဘော်ကို ထင်ဟပ်သည်ဟု ဆိုရမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ပါတီဖျက်သိမ်းခဲ့ရသည်။ ပြည်တွင်းပြည်ပရှိ နိုင်ငံရေးသမားများကမူ တိတ်ဆိတ်စွာဖြင့် မဲမပေးရေး (no vote) စီမံချက်ကို စတင်နေကြပြီ ဖြစ်ပြီး၊ no vote ဟု ကြွေးကြော်ထားသော စာရွက်များလည်း ဖြန့်ဝေလျက် ရှိသည်။

အဆိုပါ ဆောင်းပါးတွင် ရွေးကောက်ပွဲ ဥပဒေသစ်များ အရ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများသည် ထောင်ဒဏ်တစ်နှစ် အပြင် ဒဏ်ငွေလည်း ပေးဆောင်ရနိုင်သည်ဟု ဆိုသည်။ ၁၉၉၆ ခုနှစ်က ထုတ်ပြန်ခဲ့သော တိုင်းပြည်တာဝန်ကို စနစ်တကျနှင့် ငြိမ်းချမ်းစွာ လွှဲပြောင်းရေးအတွက် ကာကွယ်သော ဥပဒေသည် သက်ဝင်ဆဲ ဖြစ်ကြောင်း ဖော်ပြထားသည်။ ဥပဒေအရ တရားဥပဒေ စိုးမိုးရေး၊ လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ တိုင်းပြည် တည်ငြိမ်ရေးကို ဖျက်ဆီးရန် ရည်ရွယ် မြှောက်ပင့်မှုများ၊ မိန့်ခွန်းပြောခြင်း၊ နှုတ်ဖြင့် ပြောခြင်း သို့မဟုတ် စာရေးသားခြင်းများ ပြုလုပ်ပါက မည်သူမဆို ထောင်ငါးနှစ်မှ အနှစ်နှစ်ဆယ် အထိ ကျခံရနိုင်သည်ဟု ဆိုသည်။ ဥပဒေ ချိုးဖောက်သော မည်သည့် အဖွဲ့အစည်းမဆို ဖျက်သိမ်းခံရမည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.