Transparency Myanmar

transparency.myanmar@gmail.com

တောင်ကိုရီးယား ကက်ဘိနက်အဖွဲ့ ပြုပြင်ပြောင်းလဲ ဖွဲ့စည်းရေး အစီအစဉ် တစ်စိတ်တစ်ပိုင်း အဖြစ် သမ္မတ လီမြောင်ဘတ်က ကင်တေးဟိုကို ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်လိုက်ကြောင်း နိုင်ငံပိုင် မီဒီယာက သြဂုတ်လ ၈ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။

တောင်ကိုရီးယား ဝန်ကြီးချုပ်အဖြစ် တာဝန် ခန့်အပ်ခြင်း ခံရသူ အင်တေးဟိုမှာ ယခင်က ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးကြောင်း၊ ကက်ဘိနက်အဖွဲ့ ပြောင်းလဲ ဖွဲ့စည်းရာတွင် ဝန်ကြီး ခုနစ်ဦးနှင့် ဝန်ကြီးအဆင့်ရှိသူ အရာရှိ နှစ်ဦးတို့ကို နေရာ ပြောင်းလဲ ခန့်အပ်ခဲ့ကြောင်း Yonhap သတင်းဌာနက ဆိုသည်။

မစ္စတာ ကင်တေးဟိုသည်သည် အသက် ၄၇ နှစ်အရွယ် ရှိသည့်အတွက် နှစ်ပေါင်း ၄၀ တာ ကာလအတွင်း ပထမဆုံးသော အသက် ၅၀ အောက် ဝန်ကြီးချုပ် ဖြစ်လာမည် ဖြစ်သည်။ မစ္စတာ ကင်တေးဟိုအား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်သည့် ကိစ္စကို အမျိုးသား ညီလာခံက ကြားနာ အတည်ပြုမည် ဖြစ်သည်ဟု နိုင်ငံပိုင် မီဒီယာက ဆိုသည်။

ယခင် ဝန်ကြီးချုပ်ဟောင်း ချောင်အန်ချန်းသည် ဆိုးလ်မြို့တော် အပြင်ဘက်သို့ အစိုးရရုံးများ ပြောင်းရွှေ့သည့် ကိစ္စ ရပ်တန့်ရေးအတွက် ပါလီမန်၏ ခွင့်ပြုချက် ရယူပေးရန် ကြိုးစားရာတွင် အောင်မြင်မှု မရရှိခဲ့သောကြောင့် ပြီးခဲ့သည့် ဇူလိုင်လအတွင်း ရာထူးမှ နုတ်ထွက်သွားခဲ့သည်။ အဆိုပါ ကိစ္စသည် သမ္မတ လီမြောင်ဘတ် အစိုးရအဖွဲ့အတွက် ကြီးမားသော အနှောင့်အယှက် တစ်ခု ဖြစ်ခဲ့ပြီး သူ၏ နိုင်ငံရေးပါတီ ပါလီမန်တွင် သြဇာအာဏာ လွှမ်းမိုးမှု ကျဆင်းနေသည် ဟူသော အချက်ကို ဖော်ကျူးရာလည်း ရောက်ခဲ့သည်။

သမ္မတ လီမြောင်ဘတ်၏ Grand National Party သည် လတ်တလော ကျင်းပသော ပြည်နယ် ရွေးကောက်ပွဲများ၌ ရှုံးနိမ့်ခဲ့သည်။ နိုင်ငံရေး လေ့လာ ခွဲခြမ်းသူများက အဆိုပါ ရွေးကောက်ပွဲများသည် ချိုနန်စစ်သင်္ဘော နစ်မြုပ်မှုအပေါ် လီမြောင်ဘတ် အစိုးရ၏ တုံ့ပြန် ဖြေရှင်းမှုနှင့် ပတ်သက်သော ပြည်သူ့ဆန္ဒ သဘောထား ကောက်ခံမှုတစ်ရပ် ဖြစ်သည်ဟု ရှုမြင်ကြသည်။

တောင်ကိုရီးယား ချိုနန် စစ်သင်္ဘောသည် ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့တွင် နစ်မြုပ်ခဲ့ရာ သင်္ဘောသား ၄၆ ဦး သေဆုံးခဲ့ရသည်။ အဆိုပါ ဖြစ်ရပ် ပေါ်ပေါက်ပြီးနောက် တောင်နှင့်မြောက် ကိုရီးယားအကြား တင်းမာမှုများ လွန်စွာ မြင့်တက်ခဲ့သည်။ တောင်ကိုရီးယား ဦးဆောင်သော နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့က ချိုနန် နစ်မြုပ်မှုသည် မြောက်ကိုရီးယား တော်ပီတို ဒုံးကျည် ပစ်ခတ်ခံရ၍ ဖြစ်သည်ဟု စွပ်စွဲ ပြောဆိုခဲ့သော်လည်း ပြုံးယမ်း ကွန်မြူနစ် အစိုးရက မဟုတ်မမှန်ကြောင်း ပြင်းပြင်းထန်ထန် ငြင်းပယ်ထားသည်။

CNN သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 9th August 2010

မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားနှင့် ၎င်း၏ နယ်နိမိတ်အနီး ပင်လယ်ဝါ ရေပြင်ထဲသို့ အမြောက်များဖြင့် ပစ်ခတ်ခဲ့သည်ဟု တောင်ကိုရီးယား သတင်းများက ဖော်ပြသည်။

မြောက်ကိုရီးယား အမြောက်တပ်က ၎င်းပိုင်ရေပြင် ပိုင်နက် အတွင်းသို့ ဒေသစံတော်ချိန် ၁၇း၃၀ တွင် အမြောက်ကျည်များ တိုက်ရိုက် ပစ်ခတ်ခဲ့သည်ဟု သိရှိရသည်။

မြောက်ကိုရီးယား၏ ရန်စ လှုံဆော်မှုများကို တုန့်ပြန် သတိပေးသည့် အနေဖြင့် ပြုလုပ်ခဲ့သော တောင်ကိုရီးယား အမေရိကန် ရေတပ် စစ်ရေး လေ့ကျင့်မှု ပြီးဆုံးပြီး အချိန် အနည်းငယ် အကြာတွင် ယင်းသို့ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ယခုနှစ် အတွင်း တောင်ကိုရီးယား စစ်သင်္ဘော တစ်စင်း နစ်မြုပ်ခဲ့ပြီးနောက် အဆိုပါ နှစ်နိုင်ငံ အကြား တင်းမာမှုများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

မတ်လ အတွင်းက ရေတပ်သား ၄၆ ဦး အသက်ဆုံးရှုံးခဲ့ရသော စစ်သင်္ဘော နစ်မြုပ်ရခြင်းသည် မြောက်ကိုရီးယား၏ လက်ချက်ဟု တောင်ကိုရီးယားက စွပ်စွဲထားသည်။

သင်္ဘောနစ်မြုပ်မှုနှင့် ပတ်သက်၍ တွေ့ဆုံ ဆွေးနွေးမှုအသစ် ပြုလုပ်ရန် မြောက်ကိုရီးယားက သဘောတူခဲ့သည်ဟု ကုလသမဂ္ဂက အစောပိုင်းတွင် သတင်း ထုတ်ပြန်ခဲ့သည်။

နှစ်နိုင်ငံ နယ်နမိတ်ကို ခွ၍ တည်ရှိသော ပန်မွန်ဂျုံ အပစ်ရပ် ကျေးရွာတွင် နှစ်ဖက် ဗိုလ်မှူးကြီးများ အင်္ဂါနေ့၌ တွေ့ဆုံကြရန် ရှိသည်ဟု သိရှိရပြီး ယခုအကြိမ်သည် ၄ ကြိမ်မြောက် တွေ့ဆုံခြင်းဟု ဆိုသည်။

ယခုပုံစံအတိုင်း မြောက်ကိုရီးယားတို့၏ အမြောက်ပစ်ခတ်မှုသည် ပထမဆုံးအကြိမ် မဟုတ်ပဲ ပြီးခဲ့သော ဇန်နဝါရီလကလည်း ယခုအရေအတွက်နှင့် အလားတူ အမြောက်ဆံများကို ယခု ရေပြင်သို့ပင် ပစ်ခတ်ခဲ့ဖူးသည်ဟု ဆိုးလ်မှ BBC သတင်းထောက် John Sudworth က ဆိုသည်။

ထိုအချိန်က တောင်ကိုရီးယားနှင့် အမေရိကန်တို့က စိတ်ဆိုးမာန်ဆိုး တုန့်ပြန်ခဲ့သည်။

ယခုအကြိမ် ပစ်ခတ်မှုတွင်မူ တောင်ကိုရီးယား ပြည်သူတို့ထံမှ ကြီးမားသော သတိပေး တပ်လှန့်မှု တစုံတရာ ဖြစ်ပေါ်ပုံမရသော်လည်း အနာဂါတ်တွင် အန္တရာယ်ကြီးသည့် တင်းမာမှုများ ဖြစ်စေနိုင်သည်ဟု စိုးရိမ်ပူပန်သူ အချို့ရှိသည်ဟု BBC သတင်းထောက်က ပြောကြားသည်။

ငါးဖမ်းစက်လှေ ဖမ်းဆီးပြီ

တောင်ကိုရီးယားနှင့် အမေရိကန် ရေတပ် လေ့ကျင့်မှု ပြီးဆုံးပြီး နာရီဝက်ခန့် အကြာတွင် အမြောက်များဖြင့် စတင် ပစ်ခတ်ခဲ့ပုံ ရသည်။

"ကျွန်တော်တို့ သိရသမျှကတော့ မြောက်ကိုရီးယားက သူ့ရဲ့ အနောက်ဖက်ကမ်းလွန် ပင်လယ်ပြင်ထဲကို အမြောက်ကျည်တွေ ပစ်ခတ်ခဲ့တာပါပဲ။ ဒီ့ထက် ပိုပြီး အသေးစိတ် မသိရသေးပါဘူး" ဟု တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်များ ဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကြီး ယူဂျေအီးလ်က ရိုက်တာသို့ ဆိုးလ်မှ ဖုန်းဖြင့် ပြောကြားခဲ့သည်။

အချက်ပေါင်း ၁၀၀ ခန့် ပစ်ခတ်ခဲ့သော်လည်း ပင်လယ်ပြင်တွင် ထိခိုက်မှု အန္တရာယ် မရှိဟု သိရှိရသည်။

တနင်္ဂနွေနေ့တွင် တောင်ကိုရီးယားက ၎င်း၏ ငါးဖမ်းစက်လှေ Dae seung ကို မြောက်ဖက်ကက ဖမ်းဆီးခဲ့သည်ဟု စွပ်စွဲခဲ့သည်။

ကိုရီးယားတွင် အရှေ့ဖက် ပင်လယ်ဟု ခေါ်ဝေါ်သည့် ဂျပန် ပင်လယ်ပြင်သို့ စနေနေ့က ငါးဖမ်း ထွက်သွားခဲ့ပြီးနောက် ငါးဖမ်းသင်္ဘောမှ အချက်ပြမှုများ ရပ်ဆိုင်းသွားခဲ့သည်ဟု သိရှိရသည်။

ငါးဖမ်းသင်္ဘောကို မြောက်ကိုရီးယား အရာရှိများက စုံစမ်း စစ်ဆေးနေသည်ဟု ကြားသိရကြောင်း တောင်ကိုရီးယား ကမ်းခြေစောင့် တပ်ဖွဲ့က ပြောကြားသည်။

လိုရင်းကိစ္စကို အမြန်ဆုံး စစ်ဆေး၍ သင်္ဘောနှင့် သင်္ဘောသား အဖွဲ့ကို ဘေးကင်းစွာ ပြန်ပို့ရန် တောင်ကိုရီးယားက တောင်းဆိုထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 10th August 2010

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာ စစ်အစိုးရကို စိတ်ပျက်လက်ပျက် ဖြစ်မှုအား တနင်္လာနေ့က ဖော်ပြလိုက်သည်။ ၎င်းက ရွေးကောက်ပွဲ မတိုင်မီ မြန်မာ အစိုးရနှင့် ဆက်ဆံရေး ပြုလုပ်ရန် ကြိုးစားမှုများကို အစိုးရက လစ်လျူရှုခဲ့ကြောင်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ပြီးခဲ့သည့် မတ်လက တရားမျှတမှု မရှိသည့် ရွေးကောက်ပွဲ ဥပဒေများနှင့် နိုင်ငံရေး အကျဉ်းသား အများအပြား ဖမ်းဆီးထားမှုကြောင့် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ရာ၊ ယခုအခါ ပါတီ မရှိတော့ပြီ ဖြစ်သည်။

"မြန်မာနိုင်ငံမှာ ကျွန်တော်နဲ့ ကျွန်တော့်အထူး အကြံပေး Vijay Nambiar တို့ဟာ အာဏာပိုင်တွေနဲ့ ဆက်ဆံရေး ဆက်လက် ပြုလုပ်ဖို့ အဆက်မပြတ် လုပ်နေတာပါပဲ" ဟု ဘန်ကီမွန်းက သတင်းထောက်များအား လစဉ် သတင်း ကွန်ဖရင့်တွင် ပြောကြားခဲ့သည်။

၎င်းက ပြောကြားရာတွင် ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲ အပေါ် စိုးရိမ်ပူပန်မှုများ ရှိကြောင်း၊ အတိုက်အခံ ခေါင်းဆောင်များ၊ လူ့အခွင့်အရေး အုပ်စုများနှင့် မြန်မာ့ အိမ်နီးချင်းများ စိုးရိမ်သလို မရိုးသားမှုများ ဖြစ်သွားမည်ကို စိုးရိမ်ကြောင်း ပြောခဲ့သည်။

"မြန်မာနိုင်ငံဟာ သူ့ကို ဆက်ဆံဖို့ ကြိုးစားမှုတွေကို အခုထိ တုန့်ပြန်မှု မရှိခြင်းဟာ စိတ်ပျက်စေတာပါပဲ။ အခုလို အရေးကြီးတဲ့ အချိန်မှာ ပူးပေါင်း ဆောင်ရွက်မှု မရှိခြင်းဟာ မြန်မာနိုင်ငံ အတွက် အခွင့်အလမ်းတွေ ပျောက်ဆုံးတာပါပဲ" ဟု ဘန်ကီမွန်းက ပြောသည်။

ပြီးခဲ့သည့် အပတ်က ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) မှ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းသည် ယခုနှစ် ကြာရှည်စွာ စောင့်စားနေရသော ရွေးကောက်ပွဲ အတွက် စိုးရိမ် ပူပန်ရမှုများကြောင့် ရာထူးမှ နုတ်ထွက်ခဲ့သည်။

၎င်းက ပြောကြားရာတွင် ရွေးကောက်ပွဲ ဥပဒေများသည် အလွန် တင်းကြပ်ပြီး၊ အစိုးရ နောက်ခံပြုသော ပါတီကသာ အနိုင်ရသွားမည်မှာ သေချာပြီး၊ အာဏာ သက်ရှည်မည် ဖြစ်သောကြောင့်ဟု ဆိုသည်။

ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို မသတ်မှတ်ရသေးသော်လည်း အစိုးရကမူ ယခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးမည် ဖြစ်ပြီး၊ လွတ်လပ်၍ တရားမျှတမည်ဟု ပြောခဲ့သည်။

ဝေဖန် သုံးသပ်သူများက ယခုနှစ် ရွေးကောက်ပွဲသည် နှစ်ပေါင်း ငါးဆယ် စစ်တပ်မှ အုပ်ချုပ်ထားခဲ့ခြင်းကို အမြစ်တွယ်အောင် လိမ်ညာမည့် ရွေးကောက်ပွဲ အဖြစ် ပြောခဲ့ကြပြီး၊ ၂၀၀၈ အခြေခံ ဥပဒေအရ အစိုးရ ဘက်တော်သား မဟုတ်သည့် နိုင်ငံရေးသမားများသည့် အကန့်အသတ် နှင့်သာ ကဏ္ဍတစ်ခုမှ ပါဝင်ရမည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

GMA News, 9th August 2010

စစ်ဖက် အစိုးရ အုပ်ချုပ်နေသော မြန်မာနိုင်ငံ၌ ယခုနှစ် ပြုလုပ်မည့် ရွေးကောက်ပွဲများတွင် အကယ်၍ အတိုက်အခံ ပါတီဝင်များကို ပါဝင်ခွင့် ရပါက အတုအယောင်ဟုသာ သတ်မှတ်ရလိမ့်မည်ဟု ဖိလစ်ပိုင် နိုင်ငံခြားရေး ဋ္ဌာနဝန်ကြီး အယ်ဘာတိုရိုမြူလိုက ပြောကြားလိုက်သည်။

၁၉၉၀ နောက်ပိုင်း ပထမဆုံးအဖြစ် ကျင်းပမည့် ရွေးကောက်ပွဲများတွင် အထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံ ပါတီဝင်များကို ပါဝင်ခွင့် မပြုပါက အဆိုပါ ရွေးကောက်ပွဲများမှာ ရယ်ရွှင်ဖွယ်ရာသာ ဖြစ်လိမ့်မည်ဟု ရိုမြူလိုက တနင်္လာနေ့တွင် ပြုလုပ်သော အင်တာဗျူးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ပါတီတွေ အားလုံး ရွေးကောက်ပွဲ ဝင်သင့်ပါတယ်၊ ဝင်ရုံတင် မကသေးဘူး။ မဲဆွယ်ခွင့်နဲ့ မဲရေခွင့်ကိုလည်း ခွင့်ပြုရမှာပါ။ ဒီမိုကရေစီနဲ့ ပတ်သက်သမျှ အားလုံးကို ခင်ဗျားတို့ အသိပါပဲလေ" ဟု ရိုမြူလိုက ဆိုသည်။

ရိုမြူလိုသည် မြန်မာနိုင်ငံမှ နိုင်ငံရေး အခြေအနေများ အပေါ် ၎င်း၏ စိုးရိမ်ပူပန်မှုများကို များစွာ ပြောဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန်၊ ၎င်းတို့အား  ရွေးကောက်ပွဲ ဝင်ခွင့်ပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် အပြတ် အနိုင်ရခဲ့သော်လည်း အာဏာ လွှဲပြောင်းယူခွင့် မရခဲ့ပါ။

ယခုအခါ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ မဝင်နိုင်အောင် တားမြစ်သည့် ဥပဒေကို စစ်ဖက် အစိုးရက ချမှတ်ထားသည်။

သူမ၏ ပါတီက ရွေးကောက်ပွဲကို အလိမ်အညာသာ ဖြစ်လိမ့်မည်ဟု ပြောကြားကာ ရွေးကောက်ပွဲ မဝင်ရန် ဆုံးဖြတ်ခဲ့ပြီး ပါတီကို ဖျက်သိမ်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ကန်စောင်း နေအိမ်သို့ အမေရိကန် တစ်ဦး တရားမဝင် ရေကူး ဝင်ရောက်လာခြင်းကို လက်ခံခဲ့မှုကြောင့် နေအိမ် အကျယ်ချုပ် သက်တမ်းအတွင်း ဥပဒေ ချိုးဖောက်သည်ဟု အစိုးရက စွပ်စွဲ၍ မနှစ်က ပြစ်ဒဏ် ချမှတ်ခဲ့ပြီး သူမအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ပြီးနောက် နေအိမ် အကျယ်ချုပ် ၁၈ လ ကျခံရန် လျှော့ပေါ့ပေးခဲ့သည်။

အသက် ၆၃ နှစ်ရှိ ဒီမိုကရေစီ ခေါင်းဆောင်သည် လွန်ခဲ့သော အနှစ် ၂၀ အတွင်း ၁၄ နှစ်ခန့် ထိန်းသိမ်းထားခြင်း ခံခဲ့ရသည်။

ရွေးကောက်ပွဲများ၏ သမာသမတ်ကျမှုအပေါ် သံသယရှိ

မြန်မာနိုင်ငံအပေါ် စိုက်လိုက်မတ်တပ် ဝေဖန်ခဲ့ကြသော အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံမှ ရွေးကောက်ပွဲများ၏ သမာသမတ်ကျမှု အပေါ် သံသယ ရှိသည်ဟု ထုတ်ဖော် ပြောကြားခဲ့ကြသည်။

လက်ရှိတွင် အတိုက်အခံ ပါတီများနှင့် တိုင်းရင်းသား အဖွဲ့အစည်းများ ရွေးကောက်ပွဲတွင် ပါဝင်လာအောင် ခွင့်ပြုရန် ၎င်းတို့က မြန်မာအစိုးရကို တိုက်တွန်းထားလျက် ရှိသည်။

အဖွဲ့ဝင်များ၏ ပြည်တွင်းရေးကို ကြားဝင် စွက်ဖက်ခြင်း မပြုရန် မူဝါဒ ချမှတ်ထားသော အာဆီယံက မြန်မာပြည်သူတို့၏ လူ့အခွင့်အရေးကို ကာကွယ်ပေးရန် စိတ်မပါ၊ လက်မပါ အားထုတ်ခဲ့သည်။

အာဆီယံသည် မြန်မာ အစိုးရအပေါ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန် တွန်းအားပေးရာတွင် ဖိအားပေးခြင်း မရှိသည့်အတွက် နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှုကို ခံနေရသည်။

အနောက်နိုင်ငံများက ကန့်ကွက်နေသည့် ကြားမှ ၁၉၉၇ ခုနှစ်တွင် အာဆီယံ အဖွဲ့၏ ၁၀ ဦးမြောက် အဖွဲ့ဝင် အဖြစ် အာဆီယံ နိုင်ငံများက ဝင်ခွင့်ပြုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 9th August 2010

တရုတ် Everbright ဘဏ်က စတော့ ဈေးကွက်အတွင်း အစုရှယ်ယာ ရောင်းချမှုကို ယွမ်ငွေ ၂၁.၇ ဘီလျံ (ဒေါ်လာ ၃.၂ ဘီလျံ) သို့ မြှင့်တင်ရန် မျှော်လင့်ထားသည်ဟု ပြောကြားခဲ့သည်ဟု သိရသည်။ ယခုကဲ့သို့ လူထုထံ ကနဦး ရှယ်ယာ ရောင်းချမှု (IPO) သည် ယခုနှစ်အတွက် တရုတ် ပြည်မတွင် ဒုတိယ အကြီးဆုံး ဖြစ်လာဖွယ် ရှိသည်။

ယခင်လက ရှန်ဟိုင်းနှင့် ဟောင်ကောင်တွင် တရုတ်လယ်ယာ စိုက်ပျိုးရေးဘဏ်က ရှယ်ယာ ရောင်းချမှုကို ခန့်မှန်းခြေ ဒေါ်လာ ၁၇ ဘီလျံ အထိ မြှင့်တင်ခဲ့သည်။

အလယ်အလတ် ငွေချေးလုပ်ငန်း Everbright ဘဏ်က "ရှယ်ယာများ ရောင်းချရန် ပြင်းထန်စွာ တောင်းဆိုမှုများ ရှိခဲ့ပြီး ရင်းနှီး မြှုပ်နှံသူ အဖွဲ့အစည်းများအား ထည့်ဝင်ငွေ ကျော်လွန် တောင်းခံမှု ၁၇ ကြိမ် အထိ ရှိခဲ့သည်'' ဟု ပြောကြားခဲ့သည်။

၎င်း၏ နောက်ဆုံးရှယ်ယာ ရောင်းချမှု IPO ဈေးနှုန်းများကို ဗုဒ္ဓဟူးနေ့တွင် အတည်ပြုနိုင်မည် ဖြစ်သော်လည်း ရှယ်ယာ တစ်ယူနစ်လျှင် ၂.၈၅ ယွမ်မှ ၃.၁၀ ယွမ်အကြား သတ်မှတ်ထားသည်ဟု ဟိုင်းစတော့ အိပ်ချိန်းမှ ရရှိသော အထောက်အထားများ အရ သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ချိုနန် စစ်သင်္ဘော နစ်မြုပ်မှု၊ တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုနှင့် ငါးဖမ်းသင်္ဘော ဖမ်းဆီး ထိန်းသိမ်းခံရမှု တို့ကြောင့် ကိုရီးယား ကျွန်းဆွယ် ဒေသတွင် တင်းမာမှုများ တိုးမြင့်လျက် ရှိရာ အမေရိကန် ဦးဆောင်သော ကုလသမဂ္ဂ ညွှန်ကြားမှုအဖွဲ့နှင့် မြောက်ကိုရီးယား စစ်ဘက် အရာရှိများ စတုတ္ထအကြိမ်အဖြစ် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂ ညွှန်ကြားရေးမှုအဖွဲ့ အဆိုအရ မြောက်ကိုရီးယား စစ်ဘက် အရာရှိများသည် သြဂုတ်လ ၁၀ ရက်နေ့ အပစ်အခတ် ရပ်စဲထားသော Panmunjom ကျေးရွာ၌ တွေ့ဆုံ ဆွေးနွေးမည့် အစီအစဉ်ကို သဘောတူညီ ထားပြီး ဖြစ်သည်။ အဆိုပါ ကျေးရွာသည် တောင်-မြောက် ကိုရီးယား နယ်စပ်ဒေသ၌ တည်ရှိသည်။

ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုနှင့် ဆက်နွှယ်သည့် စစ်မက် ရပ်ဆိုင်းရေး ကိစ္စများကို ဗိုလ်ချုပ်ကြီးများ အဆင့် ဆွေးနွေးပွဲများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ကျင်းပမည့် နေ့ရက်၊ ဆွေးနွေးပွဲ အာဂျင်ဒါနှင့် သံတမန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ညှိနှိုင်းလျက် ရှိကြောင်း ကုလသမဂ္ဂက ဆိုသည်။

အမေရိကန် ပြည်ထောင်စု၏ ကျောထောက်နောက်ခံ ရယူထားသော တောင်ကိုရီးယားက ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုသည် မြောက်ကိုရီးယား တော်ပီတို ဒုံးကျည် တိုက်ခိုက်ခြင်း ခံရသောကြောင့် ဖြစ်သည်ဟု ဆိုသည်။ သို့သော် မြောက်ကိုရီးယားက မဟုတ်မမှန်ကြောင်း ငြင်းပယ်ထားသည်။

လတ်တလော ရက်သတ္တပတ်များတွင် ပြုလုပ်သော အမေရိကန်နှင့် တောင်ကိုရီးယား ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို မြောက်ကိုရီးယား၏ အင်အားကြီး မဟာမိတ် ဖြစ်သည့် တရုတ်နိုင်ငံက ပြစ်တင် ဝေဖန်ခဲ့သည်။ အမေရိကန်- တောင်ကိုရီးယား ပူးတွဲ စစ်ရေး လေ့ကျင့်မှုများသည် နှစ်နိုင်ငံစလုံး၏ လုံခြုံရေးနှင့် ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်ရာ ရောက်သည်ဟု ဘေဂျင်း အစိုးရက ဆိုသည်။ တရုတ်နိုင်ငံက တစ်ချိန်တည်းမှာပင် စစ်ရေး လေ့ကျင့်မှုများကို လျှို့ဝှက်စွာ လုပ်ကိုင်ခဲ့သည်ဟု သိရသည်။

ယခုလို ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုများ ဖြစ်ပေါ်လျက် ရှိချိန်တွင် မြောက်ကိုရီးယားက တောင်ကိုရီးယား ငါးဖမ်းသင်္ဘော တစ်စီးကို ဂျပန် ပင်လယ်ပြင်အတွင်း ဖမ်းဆီးလိုက်ပြီး သင်္ဘောသား ခုနစ်ဦးကိုလည်း ထိန်းသိမ်းထားလိုက်သည်။

တောင်ကိုရီးယား နိုင်ငံမှ ပြန်လည် ညီညွတ်ရေး ကြီးဌာနက အဆိုပါ ငါးဖမ်းသင်္ဘော ကိစ္စနှင့် ပတ်သက်၍ မြောက်ကိုရီးယားထံမှ အကြောင်းကြားမှု တစ်စုံတစ်ရာ မရရှိသေးကြောင်း ပြောကြားသည်။

"အဲဒီ ငါးဖမ်းသင်္ဘော ကိစ္စကို မြောက်ကိုရီးယား အနေနဲ့ အမြန်ဆုံး ဖြေရှင်းပေးပြီး ဖမ်းဆီးထားတဲ့ သင်္ဘောတွေကို ပြန်လွှတ်ပေးဖို့ ကျွန်တော်တို့ တောင်ကိုရီးယား အစိုးရက တိုက်တွန်းထားပါတယ်၊ အဲဒီကိစ္စကို ဖြေရှင်းတဲ့ နေရာမှာ နိုင်ငံတကာ ဥပဒေ လုပ်ထုံးလုပ်နည်းတွေ အတိုင်း လုပ်ဖို့လည်း ပြောထားပါတယ်" ဟု အဆိုပါ ဝန်ကြီးဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ်က သတင်းထောက်များကို ပြောကြားသည်။

Reuters သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.