Transparency Myanmar

transparency.myanmar@gmail.com

ထိုင်းနိုင်ငံသို့ လာရောက် အလုပ်လုပ်ကိုင်သူ မြန်မာနိုင်ငံသား ဦးရေ တိုးပွားလာသောကြောင့် ကာစီကွန်းဘဏ် (Karsikorn Bank) က မြန်မာဘာသာဖြင့်လည်း အသုံးပြုနိုင်သော အလိုအလျောက် ငွေထုတ် ယူနိုင်သောစက် (ATM-Automated Teller Machine) အလုံးပေါင်း ၁၀၀ ထုတ်လုပ် လိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ရေးသား ဖော်ပြသည်။

ငါးဖမ်းလုပ်ငန်းနှင့် ဆက်စပ်သည့် အလုပ်အကိုင် လုပ်ကိုင်သူ မြန်မာ အလုပ်သမား အများဆုံး နေထိုင်ရာ ဆတ်မတ်ဆတ်ခွန် ပြည်နယ်၊ မောင်ခရိုင်ရှိ ATM စက်များ၏ ၈၀ ရာခိုင်နှုန်းမှာ မြန်မာဘာသာဖြင့် အသုံးပြုနိုင်သည်။  ကျန်ရှိသော ATM စက်များမှာ Phetchaburi၊ Prachuap Khiri Khan၊ Ranong နှင့် Trat ပြည်နယ်တို့တွင် ထားရှိကြောင်း K Bank ၏ စီနီယာ ဒုတိယ ဥက္ကဋ္ဌ ဝီရာဝတ်ပန်သာဝမ်ကွန်းက ပြောကြားသည်။

မြန်မာ အလုပ်သမားများကို အလုပ် ခန့်အပ်ထားသူ စီးပွားရေး လုပ်ငန်းရှင်များက အလုပ်သမားများ လွယ်ကူ ချောမွေ့စွာ ငွေထုတ်ယူနိုင်ရေးအတွက် မြန်မာ ဘာသာဖြင့်ပါ အသုံးပြုနိုင်သည့် ATM စက်များ ထုတ်လုပ်ပေးရန် အဆိုပြုခဲ့ကြသည်။

K Bank သည် မြန်မာဘာသာ ပါဝင်သည့် ATM စက်များကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းက ဆတ်မတ်ဆတ်ခွန် ပြည်နယ်အတွက် စတင် ထုတ်လုပ်ပေးခဲ့သည်။ "မြန်မာဘာသာနဲ့ အသုံးပြုလို့ ရတဲ့ ATM စက်တွေ စတင် မိတ်ဆက် လိုက်ပြီး နောက်ပိုင်း မြန်မာ Customer တွေ ATM စက်ကို အသုံးပြုပြီး ငွေအပြောင်းအလဲ လုပ်တာ၂၀ ရာခိုင်နှုန်းအထိ မြင့်တက် ခဲ့တာကို တွေ့ရတယ်။ ဘဏ်မှာ ငွေစုတာတို့၊ ငွေထုတ်တာတို့၊ ငွေလွှဲတာတို့ အဲဒါတွေကို အဓိက လုပ်ကြတာပါ" ဟု မစ္စတာ ဝီရာဝတ်ပန်သာဝမ်ကွန်းက ပြောကြားသည်။

K Bank သည် အိမ်နီးချင်း နိုင်ငံများ ဖြစ်သော ကမ္ဘောဒီးယား၊ လာအို အစရှိသည့် ဘာသာ စကားများဖြင့်လည်း အသုံးပြုနိုင်သည့် ATM ဝန်ဆောင်မှုစက်များကို ထုတ်လုပ်ရန်လည်း စီစဉ်လျက် ရှိကြောင်း၊ ဘဏ် Customer များ၏ Demand ပေါ်တွင် မူတည်ပြီး သတ်မှတ်ထားသော နေရာ ဒေသများတွင် ထားရှိသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ သို့ရာတွင် K Bank အနေဖြင့် အဓိက Customer များဖြစ်သော ထိုင်းပြည်သူများကိုသာ ဦးစားပေးသွားမည် ဖြစ်သည်ဟု ဆိုသည်။ ATM စက်၏ ဖန်သားပြင်တွင် ဘာသာ စကားမျိုးစုံ ပေါ်နေခြင်းကြောင့် ထိုင်းလူမျိုး Customer များ အနေဖြင့် ရှုတ်ထွေးမှု၊ စိတ်အနှောင့်အယှက်ဖြစ်မှုတို့ ဖြစ်ပေါ်စေနိုင်သည်။

လတ်တလော အနေအထားတွင် KBank အနေဖြင့် မြန်မာ Customer များအတွက် ငွေချေးသည့် ဝန်ဆောင်မှု တိုးချဲ့ပေးရန် အစီအစဉ် မရှိသေးကြောင်း၊ အကြောင်းမှာ Demand လျော့နည်းမှုနှင့် အရဲစွန့်ရမှုတို့ ရှိနေခြင်းကြောင့် ဖြစ်ကြောင်း မစ္စတာ ဝီရာဝတ်ပန်သာဝမ်ကွန်းက ပြောကြားသည်။ KBank သည် ထိုင်းနိုင်ငံ တစ်ဝန်းလုံးသို့ ATM စက် အလုံးပေါင်း ၇၅၀၀ ထုတ်လုပ်ထားပြီ ဖြစ်ပြီး ထိုစက်များတွင် ထိုင်း၊ အင်္ဂလိပ်၊ တရုတ်၊ ဂျပန် အစရှိသည့် ဘာသာစကား လေးမျိုးကို အဓိက အသုံးပြုနိုင်အောင် ထည့်သွင်းထားကြောင်း သိရသည်။

Bangkok Post သတင်းစာမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ နိုင်ငံရေး လောကမှ လွတ်လပ်သော နိုင်ငံရေး သမားကြီးများထဲတွင် စိုင်းအိုက်ပေါင်ဝ်လည်း တစ်ဦး အပါအဝင် ဖြစ်ကောင်း ဖြစ်နိုင်သည်။ ၎င်းသည် ယခုနှစ် ကုန်ပိုင်းခန့်တွင် ကျင်းပရန် ရှိသည့် ဒီမိုကရေစီ ရွေးကောက်ပွဲတွင် အနိုင်ရရှိလိမ့်မည်ဟု ယုံကြည်ထားသူလည်း ဖြစ်သည်။

ဦးစိုင်းအိုက်ပေါင်ဝ်သည် ထင်ရှား ကျော်ကြားသော ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တစ်ဦး ဖြစ်သည့် အားလျော်စွာ သူ၏ နိုင်ငံရေးပါတီသည် လာမည့် ဒီမိုကရေစီ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်မှ မဲဆန္ဒရှင် အများစု၏ အားပေး ထောက်ခံမှုကို ရလိမ့်မည်ဟု ယုံကြည်လျက် ရှိသည်။ အသစ် ဖြစ်ပေါ်လာမည့် ပြည်နယ်လွှတ်တော်တွင် နေရာ ရရှိနိုင်လိမ့်မည် ဟူသော မျှော်လင့်ချက်ကြောင့် ဦးစိုင်းအိုက်ပေါင်ဝ် တစ်ယောက် နှစ်ပေါင်း ၁၄ နှစ် အကြာတွင် နိုင်ငံရေး လောကထဲသို့ ပြန်လည်ခြေချပြီး ရှမ်းအမျိုးသား ဒီမိုကရက်တစ်ပါတီ (SNDP) ကို ဖွဲ့စည်း တည်ထောင် ဖြစ်ခဲ့သည်။

ကျင်းပမည့် ရွေးကောက်ပွဲသည် အတုအယောင်မျှသာ ဖြစ်ပြီး စစ်အာဏာရှင်စနစ် ဆက်လက် တည်တံ့ရေးကိုသာ ဦးတည်ထားခြင်း ဖြစ်သည်ဟု အတိုက်အခံ အများစုက ဝေဖန် ရှုတ်ချထားသည့်တိုင် SNDP ပါတီသည် မြန်မာစစ်အစိုးရအပေါ် ယုံကြည်မှု ထားရှိရန် ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်း ဦးစိုင်းအိုက်ပေါင်ဝ်က ပြောကြားသည်။ "အစိုးရက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ကြေညာထားတယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့ ယုံကြည်မှု ရှိသလို မျှော်လည်း မျှော်လင့်ထားတယ်" ဟု ၎င်းက AFP သတင်းဌာနသို့ ပြောကြားသည်။ "ကြေညာထားတဲ့ အတိုင်း ဖြစ်လာမယ်လို့ ကျွန်တော်တို့ အာမ မခံနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့မှာ မျှော်လင့်ချက်တော့ ရှိတယ်။ အဲဒါကြောင့်လည်း ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ စီစဉ်နေတာပါ" ဟုလည်း ဆက်လက် ပြောသည်။

SNDP ပါတီကို ကျားဖြူပါတီဟု လူအတော်များများက သိကြသည်။ ရွေးကောက်ပွဲ နောက်ပိုင်း အခြားသော ပြည်နယ်နှင့် တိုင်းများ နည်းတူ ကိုယ်ပိုင် လွှတ်တော်တစ်ရပ် ပေါ်ပေါက်လာမည့် ရှမ်းပြည်နယ်တွင် လူဦးရေ ခြောက်သန်းခန့် ရှိရာ လူဦးရေ ၉၀ ရာခိုင်နှုန်းခန့်က မိမိတို့ကို အားပေး ထောက်ခံကြသည်ဟု SNDP က ယုံကြည်နေသည်။

ကာလကြာရှည်စွာ တင်းမာမှုများ ပြည့်နှက်ခဲ့ပြီး မတူညီသော တိုင်းရင်းသား လူမျိုးစု အုပ်စုများ အကြား ခွဲထွက်ရေး လှုပ်ရှားမှုများ ဖြစ်ပေါ်ခဲ့သည့် မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်သည် ဒုတိယမြောက် လူဦးရေအများဆုံး ဖြစ်သည်။ မြန်မာလူမျိုးမှာ အများဆုံး ဖြစ်ပြီး သန်း ၃၀ ကျော် ရှိသည်။

ဦးစိုင်းအိုက်ပေါင်ဝ်သည် ယခင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး နိုင်ငံရေးပါတီ ဖြစ်ခဲ့သည့် ရှမ်းအမျိုးသား ဒီမိုကရေစီပါတီ (SNLD)၏ စီနီယာ အဖွဲ့ဝင်ဟောင်း တစ်ဦးလည်း ဖြစ်သည်။ အဆိုပါ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြည်လုံးကျွတ် အတိုင်းအတာဖြင့် အနိုင်ရရှိခဲ့သည့်တိုင် စစ်အစိုးရက မည်သည့်အခါကမျှ အာဏာ လွှဲပြောင်းပေးခဲ့ခြင်း မရှိပေ။

ဒေါ်အောင်ဆန်းစုကြည်သည် ၉၀ ပြည့်နှစ် နောက်ပိုင်း နှစ်ပေါင်း ၂၀ တာ ကာလအတွင်း ၁၄ နှစ်ခန့် နေအိမ်အကျယ်ချုပ် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။ ယခု ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း သူမအနေဖြင့် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိမည်မဟုတ်ပေ။ အကြောင်းမှာ နေအိမ်အကျယ်ချုပ် ပြစ်ဒဏ်ခံနေရသောကြောင့် ဖြစ်သည်။

မကြာသေးခင်က ထုတ်ပြန်ခဲ့သော စစ်အစိုးရ၏ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအရ NLD ပါတီအနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်လိုပါက ဒေါ်အောင်ဆန်းစုကြည် နှင့် အကျဉ်းချခံထားရသည့် အခြားသော ပါတီဝင်များကို ထုတ်ပယ်ရမည်ဖြစ်ရာ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

မြန်မာ စစ်ဗိုလ်ချုပ်ကြီးများက ဖန်တီး လိုက်သော ရှေ့မတိုးသာ၊ နောက်မဆုတ်သာ ဖိအားပေး အခြေအနေကြောင့် NLD သည် နောက်ဆုံးတွင် တရားဝင် ပါတီအဖြစ်မှ ဖျက်သိမ်းလိုက်ရသည်။

ယခု ၂၀၁၀ နိုင်ငံရေး အခင်းအကျင်းသစ်တွင် NLD မပါဝင်သောကြောင့် SNDP အနေဖြင့် စစ်အစိုးရ ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် ယှဉ်ပြိုင်ရတော့မည် ဖြစ်သည်။

"၁၉၉၀ ရွေးကောက်ပွဲတုန်းက NLD ဟာ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်ပါတီ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့အခုတော့ ကြံ့ဖွံ့ပါတီ (USDP)က ကျွန်တော်တို့ရဲ့ ပြိုင်ဘက်ဖြစ်ပါတယ်။ ကြံ့ဖွံ့ဟာ အင်အားကြီးပါတီ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်လို့ ရွေးကောက်ပွဲသာ လွတ်လပ်ပြီး တရားမျှတမှု ရှိမယ်ဆိုရင် ရှမ်းပြည်နယ်မှာ ကျွန်တော်တို့ မဲအများဆုံးနဲ့ အနိုင်ရမှာပါ" ဟု ဦးစိုင်းအိုက်ပေါင်ဝ်က ပြောသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေက လွှတ်တော်တွင် စစ်တပ်အနေဖြင့် ၂၅ ရာခိုင်နှုန်း ရရှိအောင် ဖိအားပေးဖန်တီးထားမှု ရှိထားသည့်တိုင် ၂၀၁၀ ရွေးကောက်ပွဲကြောင့် ထွက်ပေါ်လာမည့် လွှတ်တော်ကြီးများက ဒီမိုကရေစီ နိုင်ငံတစ်ခုကို ထူထောင်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

"လက်ရှိအချိန်မှာ စစ်တပ်က တိုင်းပြည်ကို ရာနှုန်းပြည့် (၁၀၀ ရာခိုင်နှုန်း) အုပ်ချုပ်နေတယ်လို့ ကျွန်တော်တို့ ထင်တယ်။ အနာဂတ်ကာလမှာဆိုရင် စစ်ဘက်မဟုတ်တဲ့ အရပ်သား ၇၅ ရာခိုင်နှုန်း အုပ်ချုပ်ရေး ယန္တရားမှာ ပါဝင်လာတော့မှာပါ။ ၇၅ ရာခိုင်နှုန်း ရတာဟာ ဘာမှမရတာထက် စာရင် ပိုမကောင်းဘူးလား" ဟု ၎င်းက စစ်ဘက်နှင့်အရပ်ဘက် အာဏာ ခွဲဝေမှုနှင့် ပတ်သက်၍ နှိုင်းယှဉ် ပြောဆိုသည်။

ဦးစိုင်းအိုက်ပေါင်ဝ်သည် ခွင့်ပြုပေးထားသော နိုင်ငံရေး စည်းဘောင်အတွင်းမှ နေ၍ စစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်လျက် ရှိသည်။ ၁၉၉၃ ခုနှစ်မှ ၁၉၉၆ ခုနှစ် အထိ အမျိုးသားညီလာခံ တက်ရောက်ခဲ့သည်များ ရှိသလို မတက်ရောက်ဘဲ နေခဲ့သည်များလည်း ရှိခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် ကျန်းမာရေး အခြေအနေကြောင့် နိုင်ငံရေး အလုပ်များမှ အနားယူခဲ့သည်။

SNLD ပါတီဝင်ဟောင်းများ ပါဝင်သော ဦးစိုင်းအိုက်ပေါင်ဝ်၏ SNDP ပါတီသည် စစ်တပ်နှင့် အခြားသော နိုင်ငံရေးပါတီများနှင့် ထိပ်တိုက်တွေ့ဆုံမှုကို ရှောင်ရှားပြီး အဆင်ပြေ ချောမွေ့စွာ နိုင်ငံရေးအာဏာ ရရှိနိုင်မည့် နည်းလမ်း ကျင့်သုံးလျက် ရှိသည်။

"ကျွန်တော်တို့ကလည်း စည်းမဲ့ကမ်းမဲ့ ဒီမိုကရေစီမျိုး မလိုချင်ပါဘူး။ ကောင်းတာက တစ်ဆင့်ပြီးတစ်ဆင့် ဖြည်ဖြည်းချင်းသွားတာပါပဲ" ဟု ၎င်းက ပြောသည်။ SNDP သည် စစ်အစိုးရနှင့် ပတ်သက်၍ ရွှေပြည်အေးဝါဒမျိုး လက်ကိုင်ထားသော်လည်း အခြားပါတီများနည်းတူပင် မဲဆွယ်စည်းရုံးမှု ဆိုင်ရာ အခက်အခဲများနှင့် ကြုံတွေ့နေရသည်။ အကြောင်းမှာ အစိုးရက နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးမှုများကို ကန့်သတ် ချုပ်ချယ်ထားသောကြောင့် ဖြစ်၏။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း ကယားပြည်နယ်သို့ ပါတီဝင်များ သွားရောက်မှု ပိတ်ပင် တားမြစ်ခံခဲ့မှုအပေါ် ဖြေရှင်းချက်ပေးရန် အစိုးရအုပ်ချုပ်ရေး ယန္တရားရုံး စိုက်ရာ နေပြည်တော်သို့ အကြောင်းကြားမည်ဟု SNDP က ဆိုသည်။

တောင်ပေါ်သား တစ်ဦးဖြစ်သူ ဦးစိုင်းအိုက်ပေါင်ဝ်က မြန်မာနိုင်ငံ၏ အနာဂတ် စီးပွားရေးအတွက် လယ်ယာ စိုက်ပျိုးရေးသည်သာ အခရာ အကျဆုံး ဖြစ်သည်ဟူသော အချက်ကို ယုံကြည်ထားသည်။ စစ်အစိုးရက အကျိုးအမြတ်များသည့် စီးပွားရေးလုပ်ငန်းများကို ၎င်းနှင့် နီးစပ်သော မိတ်ဆွေ အပေါင်းအသင်းများ လက်သို့ လွှဲပြောင်းပေးနေသည်ဟု လေ့လာ သုံးသပ်သူများက မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ပတ်သက်၍ ပြစ်တင်ဝေဖန်ကြသည်။ ဦးစိုင်းအိုက်ပေါင်ဝ်က များစွာ ပွင့်လင်းမှုရှိပြီး ဈေးကွက်မောင်းနှင်သော စီးပွားရေးစနစ်မျိုးကို ဖန်တီးလိုသည်။

"စီးပွားရေးမှာ ဆွေမျိုး ကောင်းစားရေး မျိုးမရှိသင့်ပါဘူး။ သာတူညီမျှနဲ့ ပွင့်လင်းမြင်သာမှုသာ ရှိသင့်ပါတယ်" ဟု ဆိုသည်။

AFP သတင်းဌာန၏ သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 11th August 2010

ယခင် မြန်မာနိုင်ငံ၏ ထိပ်တန်း ဝန်ကြီးများ၏ သမီး သုံးဦး ပါဝင်သော ဒီမိုကရေစီ ဘက်တော်သား ပါတီသည် ၎င်းပါတီဝင်များ အပေါ် လုံခြုံရေးအရ တာဝန်ရှိသူများ၏ ခြောက်လှန့်မှုများ၊ ခြိမ်းခြောက်မှုများအား ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်များသို့ အင်္ဂါနေ့က တိုင်ကြားခဲ့သည်။

ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ပြောကြားရာတွင် အထူး သတင်းတပ်ဖွဲ့ (SB) မှ ရဲများသည် အဖွဲ့ဝင်များ၏ အိမ်များသို့ လာရောက်၍ ကိုယ်ရေးရာဇဝင်နှင့် ဓာတ်ပုံနှစ်ပုံ တောင်းကြောင်း ဆိုသည်။

"ကျွန်တော်တို့ ဒီကိစ္စကို ဖြေရှင်းပေးဖို့ ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်စာ ပို့ထားပါတယ်။ ဒါဟာ လူတွေကို ကြောက်အောင် ခြောက်လှန့်တာပါပဲ။ တချို့ ပါတီဝင်တွေ စိုးရိမ်ပြီးတောင် ပါတီက ထွက်သွားနိုင်ပါတယ်" ဟု ဦးသုဝေက ပြောသည်။

ပါတီက ပြောကြားရာတွင် ပါတီမှ ကော်မရှင်သို့ အဖွဲ့ဝင် ၁၀၀၀ စာရင်းကို ပေးပို့ခဲ့ကြောင်း၊ ထိုစာရင်းကို ကော်မရှင်က ထောက်လှမ်းရေးသို့ ပေးခဲ့ပုံ ရကြောင်း ဆိုရသည်။

"သူတို့က ပါတီတွေကို ကြီးမလာစေချင်ဘူးလို့ အဓိပ္ပာယ် ကောက်ယူလို့ ရပါတယ်" ဟု အသက် ၇၈ နှစ်ရှိ ဦးသုဝေက ပြောသည်။ ၎င်း၏ ပါတီသည် ပါတီဝင် အင်အား ၃၀၀၀ ကျော် ရှိကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

ထိုအထဲတွင် မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်းများ၏ သမီးများဖြစ်သော မြသန်းသန်းနုနှင့် နေရီဗဆွေတို့ ပါဝင်သည်။ ထို့အပြင် ဒုတိယ ဝန်ကြီးချုပ်ဟောင်း၏ သမီးဖြစ်သူ ချိုချိုကျော်ငြိမ်းလည်း ပါဝင်သည်။

၎င်းတို့၏ ပါတီမှာ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ခွင့် ပြုထားသော ပါတီ ၄၀ ကျော် အနက် တစ်ခု အပါအဝင် ဖြစ်သည်။

စစ်ခေါင်းဆောင်များကမူ ရွေးကောက်ပွဲ ကျင်းပမည့်နေ့ကို ယနေ့တိုင် ကြေညာခြင်း မရှိသေးပေ။

အထိန်းသိမ်း ခံထားရသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် တစ်ပြည်လုံး အနိုင်ရသော်လည်း အစိုးရက အာဏာ လွှဲပေးခဲ့ခြင်း မရှိပေ။

NLD သည် အစိုးရ ရွေးကောက်ပွဲ ဥပဒေများက ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား ထောင်ထဲရှိ အဖွဲ့ဝင်များကို မပါဝင်နိုင်အောင် ထိရောက်စွာ တားဆီးထားသောကြောင့် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။

ဦးသုဝေက ပြောကြားရာတွင် ၎င်းတို့ တွေ့ခဲ့ရသော မဲဆန္ဒရှင်များသည် အစိုးရ ကျောထောက် နောက်ခံပြုသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) များကို မဲမပေးလိုဘဲ ဒီမိုကရေစီ ဘက်တော်သားများကိုသာ မဲပေးလိုသည်ဟု ပြောကြကြောင်း ဆိုသည်။

"ကျွန်တော်တို့ သွားလေရာ နေရာတွေမှာ ပြည်သူတွေက သူတို့က ကျွန်တော်တို့ကို စောင့်နေတာလို့ ပွင့်ပွင့်လင်းလင်း ပြောကြတယ်။ တရားမျှတစွာ အလုပ်လုပ်မယ့် ပါတီကိုပဲ မဲပေးလိုတယ်လို့ ဆိုကြတယ်" ဟု ဦးသုဝေက ပြောသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Nation, 11th August 2010

PTTEP သည် ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ စွန့်စားရမည့် အန္တရာယ်များကို မျှထမ်းနိုင်ရန် အတွက် မြန်မာနိုင်ငံရှိ သဘာဝ ဓာတ်ငွေ့ ရှာဖွေရေး အတွက် ငါးခုတွင် ၎င်း၏ ရှယ်ယာများကို အခြား အင်အားကြီး ပါတနာများသို့ ရောင်းချမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် စွန့်စားမှုများ လျှော့ချနေချိန်တွင် PTTEP သည် ဗီယက်နမ်တွင် ပိုမို အင်အား တောင့်တင်းအောင် ပြုလုပ်မည် ဖြစ်သည်။ ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Anon Sirisaengtaksin က ပြောကြားရာတွင် ၎င်း၏ ကုမ္ပဏီသည် ဗီယက်နမ်ရှိ BP ၏ ပိုင်ဆိုင်မှုများကို ဝယ်ယူနိုင်ရန် အဆိုပြုရန် အသင့်ရှိသည်ဟု ပြောကြားခဲ့သည်။ ဗီယက်နမ်တွင် BP သည် ဓာတ်အားပေးစက်ရုံ၊ ဓာတ်ငွေ့တွင်း နှင့် ဓာတ်ငွေ့ပိုက်လိုင်းများ ပိုင်ဆိုင်သည်။ ဗီယက်နမ်သည် ပစ်မှတ်ထားသော ဒေသများတွင် တစ်ခု အပါအဝင် ဖြစ်ပြီး၊ BP က အသေးစိတ် ကြေညာခဲ့သည်နှင့် မိမိတို့ အဆိုပြုမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၏ ဓာတ်ငွေ့ အကွက်မား ဖြစ်သော M 3 M 4၊ M 7၊ M 9 နှင့် M 11 တို့ရှိ ရှယ်ယာများကို ရောင်းချမည် ဖြစ်သော်လည်း PTTEP အနေဖြင့် ၎င်းအကွက်များကို ကြီးကြပ် လည်ပတ်သောသူအဖြစ် ဆက်လက် ရှိနေမည် ဖြစ်ကြောင်း Anon က ပြောကြားခဲ့သည်။

သို့သော် ထိုသို့ ရှယ်ယာများ ရောင်းချခြင်းကြောင့် မျှော်လင့်ချက်များ မည်သို့ရှိမည်ကိုမူ ၎င်းက အသေးစိတ် ပြောကြားခြင်း မရှိပေ။

ယခု လောလောဆယ်တွင်မူ PTTEP သည် အကွက် ငါးခုစလုံး၏ ၁၀၀ % ကို ပိုင်ဆိုင်သည်။ ပါတနာ အသစ်များအပြင် မြန်မာ အစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) သည် မကြာမီ အဆိုပါ အကွက် ငါးခုတွင် ရှယ်ယာ ၁၅၀ % ပိုင်ဆိုင်ရန် ဝယ်ယူမည် ဖြစ်သည်။

"ကျွန်တော်တို့က ရှယ်ယာတွေကို အခြား ရင်းနှီး မြှုပ်နှံသူတွေနဲ့ MOGE ကို ရောင်းတယ် ဆိုပေမယ့်၊ စီမံခန့်ခွဲမှုကို ထိန်းချုပ်ထားနိုင်အောင် PTTEP ရဲ့ ပိုင်ဆိုင်မှုကို ၅၀ % ထက် မနည်းအောင် ထိန်းသိမ်းထားမှာ ဖြစ်ပါတယ်" ဟု Anon က ပြောသည်။

PTTEP သည် မကြာသေးမီက M 9 မှ ဓာတ်ငွေ့များနှင့် M 11 မှ ဓာတ်ငွေ့ တစ်စိတ်တစ်ပိုင်းကို ထိုင်းနိုင်ငံသို့ ပို့လွှတ်ရန် PTT နှင့် စာချုပ် လက်မှတ် ရေးထိုးခဲ့သည်။

PTTEP သည် ၎င်း၏ အနှစ် နှစ်ဆယ်ခန့် လုပ်ကိုင်ခဲ့ပြီးနောက် ရေနံ သဘာဝဓာတ်ငွေ့ ရှာဖွေရေးနှင့် ထုတ်လုပ်ရေးတွင် ပရောဂျက် ၄၀ ခန့် ပြုလုပ်လျက် ရှိရာ၊ ထိုင်းပင်လယ်ကွေ့မှ စ၍ နောက်ပိုင်း အရှေ့တောင် အာရှနိုင်ငံများ၊ အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိကနှင့် သြစတြေးလျ အထိ တိုးချဲ့နိုင်ခဲ့သည်။

Anon က ပြောကြားရာတွင် ကုမ္ပဏီ၏ ယခုနှစ် အမြတ်ငွေသည် ခန့်မှန်းချက်ထက် ကျော်လွန်ဖွယ် ရှိကြောင်း၊ ယခု နှစ်ဝက်တွင် ဘတ် ၃၁ ဘီလီယံ အမြတ်သည် တစ်နှစ်လုံး ခန့်မှန်းချက်၏ ၅၀ % ကို အများကြီး ကျော်လွန်နေပြီ ဖြစ်ကြောင်း ပြောခဲ့သည်။ ဓာတ်ငွေ့ လိုအပ်ချက်မှာ ယခု ဒုတိယ နှစ်ဝက်တွင်လည်း မြင့်နေဆဲ ဖြစ်သောကြောင့် ယခုနှစ်တွင် တစ်ရက်လျှင် ရေနံ ၂၅၄၀၀၀ စည်နှင် ညီမျှသော ဓာတ်ငွေ့ကို ရောင်းချရန် မျှော်လင့်ထားသည်။ အဆိုပါ ရောင်းချရမှုသည် မျှော်မှန်းသည်ထက် ၃၄ % ပိုမို မြင့်မားသည်။ ယခု ပထမ နှစ်ဝက် ဓာတ်ငွေ့ ရောင်းချရမှုမှာ ၂၆၀၀၀၀ boed ရှိသည်။

၎င်းက ပြောကြားရာတွင် PTTEP အနေဖြင့် ဗီယက်နမ်ရှိ ဓာတ်ငွေ့ အကွက် ၁၆၂ ကို ၂၀၁၁ ခုနှစ် ဒုတိယ နှစ်ဝက်တွင် စတင် လည်ပတ်နိုင်မည်ဟု မျှော်လင့်ရပြီး၊ ဓာတ်ငွေ့ ၄၀၀၀၀ boed ပမာဏ ထုတ်လုပ်ရန် မျှော်မှန်းထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, 10th August 2010

မြောက်ကိုရီးယားတို့၏ အမြောက် ပစ်ခတ်မှုသည် အပစ်အခတ် ရပ်စဲမှုကို ကြီးမားစွာ ချိုးဖောက်နေခြင်း ဖြစ်သည်ဟု တောင်ကိုရီးယားက ပြစ်တင် ရှုတ်ချလိုက်ပြီး နောက်ထပ် ကျူးကျော် ရန်စမှု မှန်သမျှကို တင်းမာစွာ တုန့်ပြန်သွားမည်ဟု အင်္ဂါနေ့က သတိပေးလိုက်သည်။

လူ့အသက်များ ဆုံးရှုံးခဲ့ရသော ရေတပ် သင်္ဘော နစ်မြုပ်မှု အတွက် တုန့်ပြန်သည့် အနေဖြင့် တောင်ကိုရီးယားက ပြုလုပ်ခဲ့သည့် ၅ ရက်ကြာ အကြီးစား ရေတပ် စစ်ရေး လေ့ကျင့်မှု ပြီးဆုံးပြီး မိနစ်ပိုင်း အကြာ တနင်္လာနေ့ မွန်းလွဲပိုင်းတွင် မြောက်ကိုရီးယားတို့က ၎င်းတို့၏ အနောက်ဖက် ကမ်းခြေမှ နေ၍ အမြောက်ဖြင့် အချက်ပေါင်း ၁၁၀ ခန့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

အမြောက်ကျည် အများစုမှာ မြောက်ကိုရီးယား ရေပြင်သို့ ကျရောက်ခဲ့သော်လည်း အမြောက်ကျည် ၁၀ ခု ခန့်မှာ ရေလုပ်သား မိသားစုများနှင့် တောင်ကိုရီးယား တပ်ဖွဲ့များ အခြေစိုက်သည့် ကျွန်းနှင့် မဝေးလှသည့် တောင်ကိုရီးယားရေပြင်သို့ ကျရောက်ခဲ့သည်ဟု ပူးတွဲ စစ်ဦးစီးချုပ်များ ဥက္ကဋ္ဌက ဆိုးလ်တွင် ပြောကြားသည်။ ထိခိုက်မှု မရှိဟုလည်း သိရှိရသည်။

ယခု ဖြစ်ရပ်သည် ကိုရီးယား စစ်ပွဲအပြီး ၁၉၅၃ တွင် ချုပ်ဆိုသည့် အပစ်အခတ် ရပ်စဲရေး စာချုပ်ကို ချိုးဖောက်သည့် လုပ်ရပ်ဟု တောင်ကိုရီးယား ကာကွယ်ရေးဌာနက စွပ်စွဲလိုက်သည်။

အကယ်၍ မြောက်ကိုရီးယားက လေဖြင့် ရန်စခြင်း၊ လက်တွေ့ ရန်စခြင်းတို့ကို ဆက်လက် ပြုလုပ်နေပါက ၎င်းတို့အား တင်းမာစွာ တုန့်ပြန်သွားမည်ဟု အင်္ဂါနေ့က ကာကွယ်ရေး ဝန်ကြီးဌာန ကြေညာချက်တွင် ဖော်ပြထားသည်။

ဤအတောအတွင်း မြောက်ကိုရီးယားကလည်း စစ်ပွဲဖြင့် တုန့်ပြန်မည်ဟု အင်္ဂါနေ့တွင် သတိပေးသည်။

မတ်လအတွင်းက ကိုရီးယား ကျွန်းဆွယ် အနောက်ဖက် ရေပြင်တွင် ချိုနန် စစ်သင်္ဘော နစ်မြုပ်ကာ ရေတပ်သား ၄၆ ဦး သေဆုံးခဲ့ရပြီး နောက်ပိုင်း တင်းမာမှုများ ကြီးထွားလာခြင်း ဖြစ်သည်။ ၎င်းဖြစ်ရပ်သည် ကိုရီးယားစစ်ပွဲ နောက်ပိုင်း တောင်ကိုရီးယား အပေါ် အဆိုးဆုံး စစ်ရေး ကျူးကျော် တိုက်ခိုက်မှု ဖြစ်သည်။

၁၉၅၃ တွင် ကုလသမဂ္ဂက တဖက်သတ် ရေးဆွဲခဲ့သော အနောက်ဖက် ရေပြင် နယ်နမိတ်ကို မြောက်ကိုရီးယားက အငြင်းပွားလျက် ရှိပြီး အဆိုပါ ရေပြင်တွင် ကိုရီးယား နှစ်နိုင်ငံ၏ သွေးစွန်းသော တိုက်ပွဲများ ၃ ကြိမ် ဖြစ်ပွားခဲ့ရာ နောက်ဆုံး တိုက်ပွဲမှာ ၂၀၀၉ နိုဝင်ဘာလတွင် ဖြစ်ပွားခဲ့သည်။

မတ်လက ချိုနန်သင်္ဘော ပေါက်ကွဲ နစ်မြုပ်မှုသည် မြောက်ကိုရီးယား ရေငုပ်သင်္ဘောမှ တိုပီဒိုဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ငါးနိုင်ငံ စုံစမ်း စစ်ဆေးရေး အဖွဲ့က အစီရင်ခံစာ တင်ပြခဲ့သည်။

သို့သော်လည်း ပြုံးယမ်းတွင် ၎င်းတို့ ပတ်သက်မှု မရှိဟု ငြင်းဆိုခဲ့ပြီး အဆိုပါ ဖြစ်ရပ် အပေါ် အရေးယူ ဒဏ်ခတ်မှု မှန်သမျှသည် စစ်ပွဲကို ဖြစ်ပေါ်စေလိမ့်မည်ဟု သတိပေးခဲ့သည်။

တောင်ကိုရီးယားတွင် တပ်ဖွဲ့ဝင် ၂၈၅၀၀ တပ်စွဲထားသည့် အမေရိကန် ပြည်ထောင်စုနှင့် တောင်ကိုရီးယား နိုင်ငံတို့က အင်အားပြသည့် အနေဖြင့် ယခင်လက ကိုရီးယား အရှေ့ဖက် ကမ်းခြေတွင် ကြီးမားသော ပူးတွဲ စစ်ရေး လေ့ကျင့်မှုကို ပြုလုပ်ခဲ့ကြသည်။

တောင်ကိုရီးယားသည် ချိုနန် နစ်မြုပ်ခဲ့သော နေရာအနီး ပင်လယ်ဝါ ရေပြင်တွင် ကိုယ်ပိုင် ရေတပ် စစ်ရေး လေ့ကျင့်မှုများကိုလည်း ပြုလုပ်ခဲ့ပြီး မြောက်ကိုရီးယားတို့၏ ကိုယ်ထိ လက်ရောက် ကျူးကျော်မှုဖြင့် ခြိမ်းခြောက်ခြင်းကို ဖြစ်ပေါ်စေခဲ့သည်။

ဤအတောအတွင်း မြောက်ကိုရီးယားက တောင်ကိုရီးယား ငါးဖမ်းစက်လှေနှင့် တောင်ကိုရီးယား ၄ ဦး၊ တရုတ် ၃ ဦး ပါဝင်သော ရေလုပ်သား အဖွဲ့ကို တနင်္ဂနွေနေ့တွင် ဖမ်းဆီးခဲ့သည်။ ၎င်းတို့အား လွှတ်ပေးရန် ဆိုးလ်က တောင်းဆိုထားသည်။

တနင်္လာနေ့က အမြောက် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် တောင်ကိုရီးယား စစ်တပ်က မြောက်ကိုရီးယားတို့အား "ထပ်မံ ရန်စလာပါက သည်းခံမည် မဟုတ်" ဟု ရေဒီယိုဖြင့် အသံလွှင့် သတိပေးခဲ့သည်ဟု တောင်ကိုရီးယား အရာရှိများက ပြောကြားသည်။

ဝါရှင်တန်တွင် နိုင်ငံခြားရေး ဌာန ပြောရေးဆိုခွင့် ရှိသူက "လက်သီးဖြင့် ရန်စမှု" ဟု ပြောကြားလိုက်ပြီး ရန်စ ကျူးကျော်မှုများ ပိုမို တွေ့ရဖွယ် ရှိသည်ဟု သုံးသပ်သည်။ ပြောရေးဆိုခွင့်ရှိသူ PJ Crowley က ပြုံယမ်း၏ လုပ်ရပ်ကို ပြစ်တင် ရှုတ်ချလိုက်ပြီး ငါးကောင်ရေ များစွာ သေဆုံးဖွယ် ရှိသည်ဟု ကလိလိုက်သည်။ လက်တုန့်ပြန်ရန် ပြင်ဆင်ထားသည်ဟု ပြုံးယမ်းကလည်း သတိပေးသည်။

မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီယာ အဟန့်အတားပေါ်တွင် အခြေပြုထားသော ကိုယ်ပိုင်ဟန်ဖြင့် စစ်ရေး လက်တုန့်ပြန်ခြင်းမှ တဆင့် လိုအပ်ပါက အချိန်မရွေး တကယ့် စစ်ပွဲ ဆင်နွှဲသွားမည် ဆိုသည့် အချက်ကို စစ်ပွဲ အဖျားတက် သွေးကြွနေသူများကို ရှင်းလင်းစွာ ပြသမည်ဟု ဂိုဒွန်းဆင်မန် သတင်းစာက ရေးသားခဲ့ခြင်းကို အစိုးရ KCNA သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။

တစ်ချိန်တည်းတွင် အပစ်အခတ် ရပ်စဲမှုကို ကြီးကြပ်နေသော အမေရိကန် ဦးဆောင်သည့် ကုလသမဂ္ဂ တပ်ဖွဲ့ ဌာနချုပ်နှင့် မြောက်ကိုရီးယား စစ်ဖက် အရာရှိများ၏ ဆွေးနွေးမှုများကို နယ်စပ် ပန်မွန်ဂျုံ ကျေးရွာတွင် ဆက်လက် ပြုလုပ်ခဲ့သည်ဟု အမေရိကန် စစ်ဖက်မှ ပြောခွင့်ရှိသူ David Oten က ပြောကြားခဲ့သည်။ ယခု အကြိမ်သည် ၄ ကြိမ်မြောက် ဆွေးနွေးမှု ဖြစ်ပြီး ယခင် ၃ ကြိမ်တွင် အဓိက တိုးတက်မှုများ မဖြစ်ပေါ်ခဲ့ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.