Transparency Myanmar

transparency.myanmar@gmail.com

လတ်တလော ကာလများ အတွင်း တောင်ကိုရီးယား နိုင်ငံအပေါ် မြောက်ကိုရီးယားက ရန်စမှုများ ပြုလုပ်နေခြင်းသည် ကျန်းမာရေး ညံ့ဖျင်းနေသည့် ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်၏ အငယ်ဆုံး သားဖြစ်သူက ၎င်းအတွက် စစ်ရေးရာထူး အရှိန်အဝါများ ရရှိရန် ကြိုးပမ်းမှုနှင့် ဆက်နွယ်ကောင်း ဆက်နွယ်နိုင်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ်က ပြောကြားလိုက်သည်။

တောင်ကိုရီးယား နိုင်ငံသို့ ဇူလိုင်လအတွင်း သွားရောက်ခဲ့သူ မစ္စတာ ရောဘတ်ဂိတ်စ်က မြောက်ကိုရီးယားနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှု အဖြစ်ရဆုံး ကိစ္စမှာ ကျန်းမာရေး ညံ့ဖျင်းလျက် ရှိသော ကင်ဂျုံအီလ်က ၎င်း၏အငယ်ဆုံး သားဖြစ်သူအား အာဏာ လွှဲပြောင်းပေးရန် စီစဉ်နေသည့် အနေအထားမျိုးတွင် ရှိရာ အိမ်နီးချင်း နိုင်ငံများအပေါ် ရန်စမှုများ ပိုမို ထွက်ပေါ်လာမည် ဟူသော အချက်ပင် ဖြစ်ကြောင်း ပြောဆိုသည်။

တောင် နှင့် မြောက်ကိုရီးယား ဟူ၍ နှစ်ခြမ်းကွဲလျက် ရှိသော ကိုရီးယား ကျွန်းဆွယ်တွင် ပြီးခဲ့သည့် မတ်လ တောင်ကိုရီးယားပိုင် ချိုနန်စစ်သင်္ဘော နစ်မြုပ်မှု ဖြစ်ပွားပြီးနောက်ပိုင်း တင်းမာမှုများ၊ ရန်လိုမှုများ ပြင်းထန်စွာ ထွက်ပေါ်လျက် ရှိသည်။

"ကျွန်တော့်မှာ မတင်မကျ ဖြစ်နေတဲ့ အတွေးတစ်ခု ရှိပါတယ်။ အဲဒါကတော့ ကင်ဂျုံအီလ်ရဲ့ အရိုက်အရာကို ဆက်ခံမယ့် အငယ်ဆုံးသားက စစ်ဘက်ရေးရာမှာ ရာထူး အရှိန်အဝါတွေ ရအောင် လုပ်လာနိုင်တဲ့ ကိစ္စပါပဲ" ဟု ဆန်ဖရန် စစ္စကိုမြို့၊ အမေရိကန် မရိန်းတပ်ဖွဲ့၏ Memorial Club တွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ်က ပြောကြားသည်။

ချိုနန်စစ်သင်္ဘော နစ်မြုပ်မှုနောက်ပိုင်း မြောက်ကိုရီးယား၏ ခန့်မှန်း တွက်ဆ၍ မရနိုင်သော အပြုအမူများ ပိုမို ထွက်ပေါ်လာသည့် ကိစ္စနှင့် ပတ်သက်၍ အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝိုင်းနှင့် ပင်တဂွန် စစ်ဌာနချုပ်တို့ စိုးရိမ် ပူပန်မှုများ တိုးပွားလျက် ရှိသည်။

ကမ္ဘာပေါ်တွင် အထီးကျန် အဖြစ်ဆုံး နိုင်ငံတစ်ခု၏ ခေါင်းဆောင် ရာထူးအား သားဖြစ်သူကို လွှဲပြောင်းသည့် ကိစ္စအပေါ် ကင်ဂျုံအီလ်က အသေးစိတ် အစီအစဉ် ရေးဆွဲထားဖွယ် ရှိသည်။ အမေရိကန် ပြည်ထောင်စု၏ ရန်စမှုကို တုံ့ပြန်ရာတွင် နျူကလီယာဖြင့် ဟန့်တားမှုများ ပြုလုပ်ရုံမှ တစ်ပါး အခြား ရွေးချယ်စရာ မရှိကြောင်း မြောက်ကိုရီးယား ကွန်မြူနစ် အစိုးရက အကြိမ်ကြိမ် ပြောဆိုခဲ့သည်။

Reuters သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံမှ မှောင်ခို တင်သွင်းလျက် ရှိသော မီသာ အဖက်တမင်း အမည်ရ စိတ်ကြွ ရူးသွပ် ဆေးပြားများ ဒလဟော ဝင်ရောက်မှုကို တိုက်ဖျက်ရန် ထိုင်းအာဏာပိုင်များက အရှိန်မြှင့် လုပ်ကိုင်နေပြီ ဖြစ်ကြောင်း သိရသည်။

ထိုင်း၊ မြန်မာ နှင့် တရုတ်နိုင်ငံ တစ်ဝန်းတို့၌ မီသာအဖက်တမင်း စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရရှိမှုမှာ သိသိသာသာ မြင့်တက်လာကြောင်း၊ လွန်ခဲ့သည့် ၂ နှစ် တွင် ဆေးပြား သန်း ၃၀ ခန့် ဖမ်းဆီးရမိခဲ့ရာမှ ယမန်နှစ် အရောက်တွင် ဆေးပြားသန်း ၉၀ အထိ ရောက်ရှိလာကြောင်း စုံစမ်း သိရှိရသည်။

ယခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပမည် ဖြစ်ရာ အဆိုပါ ကာလ မတိုင်မီ စစ်တပ်က တိုက်ခိုက် နှိမ်နင်းမှု ပြုလုပ်လာမည်ကို စိုးရိမ် ပူပန်လျက် ရှိသော လက်နက်ကိုင် သူပုန်များက လက်နက် ဝယ်ယူရေး အလို့ငှာ စိတ်ကြွ ရူးသွပ်ဆေးပြားများ တိုးမြှင့် ထုတ်လုပ်လာသည်။

ထိုင်း-မြန်မာ နယ်စပ်ဒေသ တစ်လျှောက်တွင် ထိုင်းနိုင်ငံ အပါအဝင် အခြားသော နိုင်ငံများ အတွက် မှောင်ခို တင်ပို့မှုများ မြင့်တက်လာသည်ကို စစ်ဆေးတွေ့ရှိရသောကြောင့် အဆိုပါဒေသတွင် ကင်းလှည့် စောင့်ကြပ်မှုများ တိုးမြှင့်ထားသည် ဟု ထိုင်းစစ်တပ်မှ ဗိုလ်ကြီး Non Puthirang က ပြောကြားသည်။

"ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ တပ်ဖွဲ့ (ဒီကေဘီအေ) လိုမျိုး မြန်မာပြည်ဘက်က တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အခြား အုပ်စုတွေက ဝင်ငွေ ရဖို့အတွက် အဲဒီ မီသာ အဖက်တမင်း ဆေးပြားတွေ ထုတ်လုပ် ရောင်းချကြပါတယ်၊ ပြီးတော့ ရတဲ့ ပိုက်ဆံနဲ့ လက်နက် ဝယ်ကြတယ်" ဟု ၎င်းက ဆိုသည်။

သို့ရာတွင် နယ်စပ်ဒေသ ထိန်းသိမ်း ကြပ်မတ်မှု ပြုလုပ်ရေးမှာ အခက်အခဲ ဖြစ်လျက် ရှိသည်။ အကြောင်းမှာ မြန်မာစစ်အစိုးရ အာဏာပိုင်များက သောင်းရင်းမြစ်ကို ဖြတ်စီးဆင်းနေသည့် နေရာနှင့် နီးကပ်သော နယ်မြေထဲသို့ ထိုင်းစစ်တပ် ဝင်ရောက်ကာ မီသာအဖက်တမင်း ထုတ်လုပ်သူများအား ဖမ်းဆီးခွင့် မပြုသောကြောင့် ဖြစ်သည်။ အဆိုပါ နယ်မြေသည် မည်သည့် နိုင်ငံ၏ ထိန်းချုပ်မှု အောက်တွင်မျှ မရှိပေ။

သို့သော် ထိုင်းစစ်ဘက် အာဏာပိုင်များက ယင်းနယ်မြေထဲသို့ ကြိုကြားကြိုကြား ဝင်ရောက် ကင်းလှည့်မှုများ၊ ရုတ်တရက် ဝင်ရောက် စီးနင်းမှုများ ပြုလုပ်ပြီး တရားမဝင် မြန်မာ ရွှေ့ပြောင်း လုပ်သားများ၊ နယ်စပ်ဖြတ်ကျော် မှောင်ခိုကူးသူများကို နှိမ်နင်းလျက် ရှိသည်။ မော်တော်ယာဉ် စစ်ဆေးရေး စခန်းများတွင်လည်း မူးယစ်ဆေးဝါး သုံးစွဲသူ ဟုတ်၊ မဟုတ် သိရှိရန် ဆီးစစ်ဆေးမှုများ ပြုလုပ်သည်။

ထိုင်းအာဏာပိုင်များ နောက်ဆုံး ဖမ်းဆီးရမိခဲ့သူမှာ အမျိုးသမီးတစ်ဦး ဖြစ်ပြီး ၎င်းသည် စိတ်ကြွ ရူးသွပ်ဆေးပြား ၂၈၀၀၀ ခန့် သယ်ဆောင် ဝင်ရောက်လာသည်ဟု ဆိုသည်။ အဆိုပါ အမျိုးသမီးသည် အစားအသောက် ပုံးများတွင် အထုပ် ထုပ်ထားသည့် ဆေးပြားများ လျှို့ဝှက် ထည့်သွင်းကာ လှေငယ် တစ်စီးဖြင့် သောင်းရင်းမြစ်ကို ဖြတ်ကျော် ဝင်ရောက်လာသည်ဟု ထိုင်း အာဏာပိုင်များက ဆိုသည်။ ထိုဆေးပြားများသည် ကာလ ပေါက်ဈေးအရ အမေရိကန် ဒေါ်လာ ၅၀၀၀၀၀ ခန့် တန်ဖိုး ရှိသည်။

မြန်မာ၊ ထိုင်း နှင့် လာအို သုံးနိုင်ငံ ထိစပ်နေသည့် ရွှေတြိဂံ နယ်မြေသည်လည်း ကမ္ဘာပေါ်ရှိ ဘိန်းဖြူထက်ဝက်ခန့် ထွက်ရှိရာ ဒေသတစ်ခု ဖြစ်သည်။ ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် မီတာအဖက်တမင်း စိတ်ကြွ ရူးသွပ်ဆေးပြား သုံးစွဲမှုနှုန်း အမြင့်မားဆုံးသော နိုင်ငံတစ်ခု ဖြစ်သည့် အားလျော်စွာ ယခုအခါ အာဏာပိုင်များက လူငယ်များ ဆေးသုံးသည့် အလေ့အထ ကွယ်ပျောက်ရန် စေတနာ့ ဝန်ထမ်းများအား ဆော်သြခိုင်းထားသည်။

Radio Australia News မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မကြာသေးမီက ကျင်းပသော ကမ္ဘာကျော် အီဒင်ဘတ်ဂ် အနုပညာပွဲတော် (Edinburgh Festival) ကြီးသို့ တက်ရောက်လာသော နာမည်ကျော် လူရွှင်တော်များနှင့် ပရိသတ်များအား နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) က မြန်မာနိုင်ငံတွင် ဖမ်းဆီး ထိန်းသိမ်း ခံထားရသော ထိပ်တန်း လူရွှင်တော်၊ သရုပ်ဆောင်၊ ဒါရိုက်တာနှင့် စာရေးဆရာ ဖြစ်သူ ဇာဂနာ (ဦးသူရ) လွတ်မြောက်ရေးအတွက် ပြောဆိုခဲ့ကြောင်း သိရသည်။

အသက် ၄၉ နှစ် အရွယ်ရှိ (ဦး)ဇာဂနာသည် ယခုအခါ မြန်မာနိုင်ငံ မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ မြစ်ကြီးနား အကျဉ်းထောင်တွင် ဖမ်းဆီး ထိန်းသိမ်း ခံထားရသည်။ ၎င်းသည် နာဂစ် ဆိုင်ကလုန်း မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး စစ်အစိုးရကို ဝေဖန် ပြောဆိုခဲ့ခြင်းကြောင့် ၂၀၀၈ ခုနှစ် နိုဝင်ဘာတွင် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။

အီဒင်ဘတ်ဂ် အနုပညာ ပွဲတော်သို့ တက်ရောက်ခဲ့ကြသော အနုပညာရှင်များနှင့် ပရိသတ်များ အနေဖြင့် (ဦး)ဇာဂနာ အမြန်ဆုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် org.uk/zarganar အင်တာနက် စာမျက်နှာသို့ ဝင်ရောက်ပြီး စာများ Download ဆွဲယူကာ မြန်မာစစ်အစိုးရ အာဏာပိုင်များထံသို့ ပေးပို့ရန် AI အဖွဲ့က တိုက်တွန်း ပြောဆိုခဲ့သည်။

နာမည်ကျော် လူရွှင်တော်တစ်ဦး ဖြစ်သူ Josie Long က "(ဦး)ဇာဂနာနဲ့ ပတ်သက်တဲ့ မယုံနိုင်စရာ ကောင်းတဲ့ ကိစ္စကတော့ သူဟာ မရှိ ဆင်းရဲသားတွေကို၊ ဒုက္ခရောက်သူတွေကို အကူအညီပေး၊ အလှူအတန်းပေးတဲ့ အလုပ်ကို လုပ်မိတဲ့အတွက် အစိုးရရဲ့ ဖမ်းဆီး အကျဉ်းချခံရတာပါပဲ" ဟု ပြောသည်။ ယခုအခါ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ဝင်များသည် (ဦး)ဇာဂနာ လွတ်မြောက်ရေးအတွက် အများပြည်သူ၏ ထောက်ပံ့မှု ရရှိအောင် ပိုမို လုပ်ဆောင်သွားမည်ဟု သိရသည်။ ထို့ပြင် အနုပညာ ပွဲတော်သို့ လာရောက်သူများ လက်ဖဝါးတွင် ဦး(ဇာဂနာ) သို့မဟုတ် မြန်မာ့နိုင်ငံရေး အကျဉ်းသားများဟု ရေးသားပြီး လက်မြှောက် ပြထားသည့် ဓာတ်ပုံများ ရိုက်ကူးရန်လည်း AI က စီစဉ်ထားသည်။ အဆိုပါ ဓာတ်ပုံများကို လာမည့် အောက်တိုဘာတွင် ကျင်းပမည့် အာရှ-ဥရောပ ဆွေးနွေးပွဲ (အာဆမ်-ASEM) သို့ ပေးပို့ရန်လည်း စီစဉ်ထားသည်ဟု ဆိုသည်။

Edinburgh Evening News မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Channel News Asia, 15th August 2010

နယ်စပ်တွင် တင်းမာမှုများ မြင့်တက်နေချိန်တွင် မြောက်ကိုရီးယား၏ စစ်ရေးအရ ရန်စမှုများကို သည်းခံတော့မည် မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ Lee Myung-Bak က တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

"မြောက်ကိုရီးယား အနေနဲ့ နောက်ထပ် ရန်စမှုမျိုး မပြုလုပ်ဖို့ လိုအပ်သလို ကျွန်တော်တို့ကလည်း သည်းခံလိမ့်မယ်လို့ မထင်စေလိုပါ" ဟု Lee က ၁၉၄၅ ခုနှစ်တွင် ဂျပန် ကိုလိုနီမှ ကိုးရီးယားတို့ လွတ်မြောက်ခြင်း အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားသော မိန့်ခွန်း၌ ထည့်သွင်း ပြောကြားသွားခဲ့သည်။

ပြီးခဲ့သည့် မေလကုန် တောင်ကိုးရီးယားနှင့် အမေရိကန်တို့ ပါဝင်သော နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး အဖွဲ့က တောင်ကိုရီးယား စစ်သင်္ဘောကို မြောက်ကိုရီးယား တော်ပီဒိုက ပစ်ခတ်သည်ဟု စွပ်စွဲခဲ့ပြီးကတည်းက တင်းမာမှုများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားကမူ အဆိုပါ သင်္ဘော နစ်မြုပ်မှုတွင် ၎င်းပါဝင်မှု မရှိကြောင်း ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့သည်။

လွန်ခဲ့သော တစ်ပတ်ကျော်က တောင်ကိုရီးယား ငါးဖမ်းသင်္ဘောအား အရှေ့ဖက် ကမ်းခြေတွင် မြောက်ကိုရီးယားက ဖမ်းဆီးခြင်းနှင့် အငြင်းပွားနေသော ပင်လယ်ဝ အစပ်တွင် မြောက်ကိုရီးယားတို့က ရေထဲသို့ အမြောက်ပစ်ခြင်း တို့ကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးမှာ ပိုမို ဆိုးရွားလာခဲ့သည်။

Lee က ဆက်ဆံရေးတွင် ပါရာဒိုင်းအသစ် အဆိုပြုခဲ့ပြီး ပြောင်းလဲမှုကို ရဲရဲဝံ့ဝံ့ ပြုသင့်ကြောင်း ပြောခဲ့သည်။

"ကျွန်တော်တို့ ကိုရီးယားတွေဟာ တစ်ဦးကို တစ်ဦး မယုံကြည်မှုကြောင့် ထိပ်တိုက် ရင်ဆိုင်ပြီး ကွဲခဲ့ရတဲ့ အတိတ်က ကံမကောင်းတဲ့ အဖြစ်တွေကို ပြန်မသွားချင်တော့ပါဘူး" ဟု ၎င်းက ဆက်လက် ပြောသည်။

"ပြုံးယမ်းအနေနဲ့ အမှန်တရားကို ဖြောင့်ဖြောင့်မတ်မတ် ကြည့်ဖို့ အချိန် ရောက်ပါပြီ။ ရဲဝံ့တဲ့ ပြောင်းလဲမှု လုပ်ပြီး ဆုံးဖြတ်ချက်ကို ပြောင်းလိုက်ပါ။ အပြောင်းအလဲ လုပ်ဖို့ ကြောက်မနေသင့်ပါဘူး" ဟု ၎င်းက ပြောသည်။

ဂျပန်သည် ကိုရီးယား ကျွန်းဆွယ်ကို နယ်ချဲ့မှုအား ၁၉၄၅ ဩဂုတ်လ (၁၅) ရက်က ဒုတိယ ကမ္ဘာစစ်တွင် အမေရိကန် ဦးဆောင်သော မဟာမိတ်များကို တိုကျိုက လက်နက်ချ အပြီးတွင် ရပ်ဆိုင်းခဲ့သည်။ ကိုရီးယားကျွန်းဆွယ်မှာလည်း ကွန်မြူနစ် မြောက်ကိုရီးယားနှင့် အရင်းရှင် တောင်ကိုရီးယား အဖြစ် ခွဲခြား ခံလိုက်ရသည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 15th August 2010

စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံတွင် အနှစ်နှစ်ဆယ် အတွင်း ပထမဆုံး ရွေးကောက်ပွဲများကို နိုဝင်ဘာ ၇ ရက်နေ့တွင် ပြုလုပ်တော့မည် ဖြစ်သော်လည်း အရပ်ဖက် အစိုးရထံ ကြီးကြီးမားမား အာဏာ လွှဲပြောင်းပေးခြင်း မရှိသည့် အတုအယောင် ရလဒ်သာ ထွက်ပေါ် လာလိမ့်မည်ဟု ဝေဖန် ဆန်းစစ်သူများက ဆိုသည်။

လူဦးရေ ၄၈ သန်းနေထိုင်သော၊ သယံဇာတ ကြွယ်ဝသည့် နိုင်ငံသည် အနှစ် ၅ဝ စစ်အုပ်ချုပ်ရေး အောက်တွင် ယိုယွင်းခဲ့ပြီးနောက် စီးပွားရေး၊ လူမှုရေး တည်ငြိမ်မှုအပေါ် စိုးရိမ် ပူပန်မှုများ နှင့်အတူ မရေရာသော ကာလတစ်ခုဆီ ဦးတည်လျက် ရှိသည်။

ဖြစ်နိုင်ခြေ ရှိသော ရွေးကောက်ပွဲ အလွန် မြင်ကွင်းများကို အောက်တွင် ဖော်ပြလိုက်သည်။

အပေါ်ယံ ရုပ်ပြောင်းခြင်းသာ ဖြစ်၍ စစ်တပ်က အာဏာ ဆက်ယူမည်

တပ်မတော်က အရပ်ဖက်အစိုးရထံ အစစ်အမှန် အာဏာ လွှဲပြောင်းမည်ဟု ယုံကြည်သူ အနည်းငယ်သာ ရှိသည်။ အခြေခံ ဥပဒေသစ်အရ လွှတ်တော်နေရာ ၂၅ % ကို တပ်မတော်အတွက် သီးသန့် ဖယ်ထားပြီး စစ်အစိုးရာ ကိုယ်စားပြုသူများက ရွေးကောက်ပွဲ ဝင်ကာ အများစု အနိုင်ရမည်ဟု မျှော်လင့်ရသည်။ အဓိက အရေးကြီး ဝန်ကြီးဌာနများကို စစ်တပ်က ထိန်းချုပ်ဖွယ် ရှိသည်။

စစ်ဖက် အစိုးရက ကျောထောက် နောက်ခံ ပေးထားသော အနည်းဆုံး စိစစ်မှု ပြုလုပ်ထားသော အရပ်သားများ အစိုးရ ရာထူးအချို့ကို ရရှိနိုင်သော်လည်း စစ်တပ်က အဓိက မူဝါဒနှင့်  ဘတ်ဂျက် အသုံးစရိတ် ဆုံးဖြတ်ချက်များကို ဆက်လက် ထိန်းချုပ်ဦးမည် ဖြစ်သည်။

ဤသည်မှာ ဖြစ်နိုင်ခြေ အရှိဆုံး ဇာတ်ညွှန်း ဖြစ်သည်။ တပ်မတော်သည်သာ တိုင်းပြည်ကို စုစည်း အုပ်ချုပ်နိုင်သော အဖွဲ့အစည်း ဖြစ်သည်ဟု စစ်ဗိုလ်ချုပ်များက ရှင်းရှင်းလင်းလင်း ယုံကြည်နေသဖြင့် ဆက်လက် အုပ်ချုပ်လိုကြခြင်း ဖြစ်သည်ဟု လေ့လာသူများက ဆိုသည်။

ရေရှည်တွင်မူ မြန်မာနိုင်ငံ၌ စစ်တပ် စွက်ဖက်မှု ကင်းလွတ်သည့် အရပ်ဖက် အစိုးရထံ အာဏာ တဖြည်းဖြည်း ကူးပြောင်း ရောက်ရှိလာနိုင်သည်။ ဤကိစ္စသည် တစတစ ပြောင်းလဲမည့် လုပ်ငန်းစဉ်သာ ဖြစ်ဖွယ် ရှိသည်။

လာမည့် ရွေးကောက်ပွဲများ၊ အခြေခံဥပဒေ ပြင်ဆင်မှုများ၊ အာဏာပုံစံ ပြောင်းရွှေ့မှုများသည် တပ်မတော်အတွင်း အုပ်စုကွဲများ ထွက်ပေါ်လာနိုင်စေသည်။ ဥပမာအားဖြင့် စီးပွားရေးကို ကိုင်တွယ် နိုင်မည်ဟု ယူဆရသော အတွေ့အကြုံရင့်၊ ပညာတတ်၊ ပညာရှင် လူတန်းစားကို အချို့က ဦးစားပေး၊ နေရာပေး လာကြဖွယ် ရှိသည်။

စစ်ဗိုလ်ချုပ်များက ၎င်းတို့သည် နိုင်ငံရေး ကိုယ်စားလှယ်များ၊ ရောင်းရင်း စီးပွားရေး လုပ်ငန်းရှင်များ၊ စစ်ဖက် လုပ်ဖော်ကိုင်ဖက်များ၊ တိုင်းရင်းသား အုပ်စုကွဲများကို ထိန်းချုပ်နိုင်သည်ဟု ယုံကြည်နေပုံ ရသော်လည်း ၎င်းအုပ်စုများသည် လွတ်လပ်သော အစီအစဉ်များဖြင့် လုပ်ကိုင်လာဖွယ် ရှိသည် ဟုလည်း တမျိုးစဉ်းစား ကြည့်နိုင်သည်ဟု International Crisis Group က အစီရင်ခံစာတွင် ဖော်ပြထားသည်။

တပ်မတော် ထိန်းချုပ်သော အစိုးရကို လူထုက ငြင်းပယ်ခြင်း

ဆယ်စုနှစ်ပေါင်းများစွာ စီးပွားရေး မှားယွင်းစွာ ခန့်ခွဲမှုများ၊ လူ့အခွင့်အရေး ညှဉ်းပန်း နှိပ်စက်မှုများ၊ ပညာရေး၊ ကျန်းမာရေး၊ လူထု ဝန်ဆောင်မှု ကဏ္ဍများတွင် လုံလောက်စွာ ရင်းနှီးမြှုပ်နှံရန် ပျက်ကွက်ခဲ့မှုများကြောင့် စစ်တပ်အပေါ် လူထု၏ မကျေချမ်းမှု နက်ရှိုင်းစွာ အမြစ်တွယ်ခဲ့သည်။

လောင်စာဆီနှင့် ဓာတ်ငွေ့ဈေးနှုန်း တက်မှုမှ အစပြုလိုက်သော ၂ဝဝ၇ သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများက အစိုးရအပေါ် လူထု၏ ဒေါသကို မီးထိုးပေးခဲ့သည်။ အစိုးရက ၎င်းတို့အပေါ် ဆန့်ကျင်မှု မှန်သမျှကို အင်အားသုံး ဖြိုခွဲရန် ဝန်လေးခြင်း မရှိသည့် အချက်ကို သွေးစွန်းသော နှိမ်နင်း ဖြိုခွဲမှုများက သက်သေ ပြနေသည်။ မည်သို့ပင် ဖြစ်စေ သာမန် အရပ်သား ပြည်သူများက ထိုအန္တရာယ်ကို မမှုသည့် အချက်ကို အထည်ချုပ်စက်ရုံ အလုပ်သမားများ၏ ဆန္ဒပြမှုများကို ကြည့်ခြင်းအားဖြင့် တွေ့မြင်နိုင်သည်။

ရွေးကောက်ပွဲ အပြီးတွင်မူ ကြီးမားသော ကတိကဝတ်များကို မြန်မာပြည်သူများ ရရှိဦးမည် ဖြစ်သည်။ အစိုးရသစ်က ကောင်းမွန်သော အရာများကို ဆောင်ကြဉ်းပေးရန် ပျက်ကွက်ပါက ပြည်သူလူထုက တော်လှန်ဖွယ် ရှိသည်ဟု လေ့လာသူများက ပြောကြားသည်။

ဒီမိုကရေစီ မအောင်မြင်ဘဲ စစ်တပ်က အာဏာ ပြန်ယူခြင်း

၁၉၉ဝ ရွေးကောက်ပွဲများ ကျင်းပစဉ်က ရလဒ်ကို စစ်ဗိုလ်ချုပ်များက မလိုလားသည့်အတွက် အာဏာ လွှဲပေးရန် ငြင်းဆန်ခဲ့ကြသည်။ ထိုဖြစ်ရပ်တွင် သင်ခန်းစာ ရခဲ့သော စစ်ဖက် အုပ်ချုပ်သူများက ရွေးချယ် တင်မြှောက်ခံ အတိုက်အခံ အုပ်စုများ၏ အာဏာကို ကန့်သတ်မည့် ရွေးကောက်ပွဲ ဥပဒေများကို ရေးဆွဲခဲ့ခြင်း ဖြစ်ပုံ ရသည်။

သို့ရာတွင် အကယ်၍သာ ၂ဝ၁ဝ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် ပြဿနာများ ပေါ်ထွက်လာပါက စစ်အစိုးရက နိုင်ငံတော် လုံခြုံရေးနှင့် တည်ငြိမ်ရေးကို အကြောင်းပြကာ ရွေးကောက်ပွဲများကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းဖွယ် ရှိသည်။

အကယ်၍ အစိုးရသစ်နှင့် အမျိုးသား လွှတ်တော်တို့ ထွက်ပေါ်လာသည့် တိုင်အောင် ကာကွယ်ရေး ဦးစီးချုပ်က အရေးပေါ် အခြေအနေတွင် လွှတ်တော် ဖျက်သိမ်းကာ အာဏာ သိမ်းရန် အခြေခံ ဥပဒေပါ အချက်များက ခွင့်ပြုထားသည်။ အကယ်၍ စစ်တပ်၏ လွှမ်းမိုးမှု မှေးမှိန်သွားပါက ဤအချက်ကို အကြောင်းပြကာ အာဏာ ပြန်သိမ်းသည့် ပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။

သို့သော်လည်း စစ်ဗိုလ်ချုပ်များသည် ဤသို့ လုပ်ရန် လိုအပ်မည် မဟုတ်ပါ။ လက်ရှိ ရှေ့မတိုး နောက်မဆုတ် အခြေအနေအပေါ် ခြိမ်းခြောက်မှု မရှိစေနိုင်ရန် အတွက် တပ်မတော်က အဓိက ရေးဆွဲသော စည်းမျဉ်းစည်းကမ်းများကို အခြေခံဥပဒေ အတွင်း ထည့်သွင်း ရေးသားထား ကြခြင်းကြောင့် ဖြစ်သည်။

 

       

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.