Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံသည် ပြီးခဲ့သည့် မေလအတွင်း စွမ်းအင်နှင့် သတ္တု တူးဖော်ရေး စီမံကိန်းများတွင် တရုတ်နိုင်ငံ ကုမ္ပဏီများမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသစ် အမေရိကန် ဒေါ်လာ ၈ ဘီလီယံဖိုးကျော် ရရှိခဲ့ကြောင်း သတင်း ပေးပို့မှု တစ်ရပ်က ဆိုသည်။

အဆိုပါ စီမံကိန်းများတွင် ကချင်ပြည်နယ်တွင် ပြုလုပ်မည့် ဒေါ်လာ ၅ ဘီလီယံ တန်ဖိုးရှိ ရေအား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်း၊ ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ သွယ်တန်းမည့် ဒေါ်လာ ၂ ဒဿမ ၁၅ ဘီလီယံ တန်ဖိုးရှိ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းနှင့် မုံရွာတွင် ပြုလုပ်မည့် ဒေါ်လာ ၉၉၇ သန်းတန်ဖိုးရှိ ကြေးနီသတ္တု တူးဖော်ရေး စီမံကိန်းတို့ ပါဝင်ကြောင်း မြန်မာတိုင်းမ် သတင်းဂျာနယ်က ရေးသားဖော်ပြသည်။

"စီးပွားရေး ကောင်းအောင် လုပ်ဖို့ စွမ်းအင် လိုအပ်ပါတယ်" ဟု မြန်မာ့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးမင်းဝင်းမြင့်အောင်က ပြောကြားသည်။ တရုတ်နိုင်ငံက မြန်မာ့ စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းမှာ ၎င်း၏ စီးပွားရေး တိုးတက်မှုကို အဓိက မောင်းနှင်ရန် ဖြစ်ကြောင်းလည်း ဦးမင်းဝင်းမြင့်အောင်က ပြောဆိုသည်။

ပြီးခဲ့သည့် မေလအတွင်း နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများမှာ ဒေါ်လာ ၇ ဒဿမ ၄ ဘီလီယံ တန်ဖိုး ရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံ ပြည်မကြီး၏ ရင်းနှီး မြှုပ်နှံမှု ပမာဏမှာ ၆ ဒဿမ ၄ ဘီလီယံဖိုး ရှိကာ ဟောင်ကောင်က ၃ ဒဿမ ၇ ဘီလီယံ ဒေါ်လာဖိုး ရင်းနှီး မြှုပ်နှံခဲ့ကြောင်း အဆိုပါ အပတ်စဉ်ထုတ် သတင်းဂျာနယ်က ဆိုသည်။

မြန်မာနိုင်ငံတွင်း တရုတ်နိုင်ငံ၏ တရားဝင် ရင်းနှီးမြှုပ်နှံမှုမှာ လွန်ခဲ့သည့် လေးနှစ်က ဒေါ်လာသန်း ၂၀၀ ထက်လျော့နည်းခဲ့သည်။ မြန်မာနိုင်ငံ စစ်အစိုးရအား အမေရိကန် ပြည်ထောင်စုနှင့် အီးယူတို့က စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ထားချိန်တွင် တရုတ်က စွမ်းအင် အခန်းကဏ္ဍများတွင် အဓိက ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

Monster Critics မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 13th August 2010

မြန်မာနိုင်ငံတွင် အနှစ် ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲများကို နိုဝင်ဘာ ၇ ရက်တွင် ကျင်းပရန် စီစဉ်နေသည်။ ၎င်းရွေးကောက်ပွဲများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို အမေရိကန် ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများက ထုတ်ဖော် ပြောဆိုထားကြသလို ဒီမိုကရေစီ လှုပ်ရှားသူများကလည်း စစ်အစိုးရ အာဏာ ခြေကုတ်မြဲရန် လှည့်စားမှု တစ်ခုအဖြစ် ပြစ်တင် ဝေဖန်လျက် ရှိသည်။

လူဦးရေ ၄၈ သန်းရှိ အထီးကျန် အရှေ့တောင်အာရှ မြန်မာနိုင်ငံမှ ရွေးကောက်ပွဲများနှင့် ပတ်သက်၍ အောက်တွင် အမေးနှင့်အဖြေ ပုံစံဖြင့် တင်ပြထားသည်။

ဘာကြောင့် မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပသလဲ

နှစ်ပေါင်း ၁၂၀ ကျော် ကိုလိုနီ အုပ်ချုပ်ရေး ကာလအပြီး ဗြိတိန်ထံမှ လွတ်လပ်ရေး ရချိန်တွင် ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သူ ဖြစ်ခဲ့ဖူးသော သယံဇာတ ကြွယ်ဝသည့် နိုင်ငံသည် အရေးယူ ပိတ်ဆို့မှုများကြောင့် နစ်နာလျက် ရှိသည်။

တရုတ် အပါအဝင် အခြား အာရှနိုင်ငံများနှင့် ကုန်သွယ်ရေး တိုးတက်လာသော်လည်း နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်၊ လူ့အခွင့်အရေး ညှဉ်းပန်းမှုများ ရပ်ဆိုင်းရန် အစိုးရက ငြင်းဆန်နေခြင်းကြောင့် အနောက်နိုင်ငံများစွာ၏ ပစ်ပယ်ထားမှုကို ခံခဲ့ရသလို၊ ဒေသတွင်း မဟာမိတ်များအားလည်း မသက်မသာ အနေခက်စေခဲ့သည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့စီးပွားရေး နယ်ပယ်သို့ဝင်၍ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် ဆန္ဒရှိနေသည်ဟု လေ့လာသူများက ဆိုသည်။ ၎င်းကိစ္စအောင်မြင်ရန်အတွက် အနည်းဆုံးနာမည်ခံမျှ အာဏာ စွန့်လွှတ်ရမည် ဆိုသည်ကို စစ်ဗိုလ်ချုပ်များက သိရှိထားသော်လည်း တပ်မတော်သည် သာလျှင် နိုင်ငံကို အုပ်ချုပ်နိုင်သော အဖွဲ့အစည်းဖြစ်သည်ဟု ယုံကြည်ထားကြပုံရပြီး နောက်ဆုံး ဆုံးဖြတ်ခွင့် အာဏာ သူတို့ထံ အမြဲတမ်း ရှိနေစေရန် သေချာအောင် ပြုလုပ်လိုကြခြင်း ဖြစ်သည်။

ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ဘာတွေ သိထားသလဲ

ရွေးကောက်ပွဲကို မည်သို့ကျင်းပမည်၊ မည်သူပါဝင်နိုင်သည် စသည်တို့ကို သတ်မှတ်သော ရွေးကောက်ပွဲ ဥပဒေကို စစ်ဗိုလ်ချုပ်များက ကြေညာခဲ့ပြီး ဖြစ်သည်။ လူသိများ ထင်ရှား၍ နာမည်ကောင်း ရှိသည်ဟု ဆိုသူများ ပါဝင်သော ရွေးကောက်ပွဲ ကော်မရှင်ကို ခန့်အပ်တာဝန်ပေးကာ ပါတီမှတ်ပုံတင်ခြင်း လုပ်ငန်းကို ကြီးကြပ်လျက် ရှိသည်။

ထိပ်ပိုင်း စစ်ဗိုလ်ချုပ်ကြီးများသည် အရပ်ဖက် အုပ်ချုပ်ရေး မျက်နှာစာကို အကာအကွယ် ယူကာ ၎င်းတို့ တရားဝင် ရပ်တည်နိုင်ရန်အတွက် ရွေးကောက်ပွဲများကို အသုံးပြု (အသုံးချ) လိုကြခြင်း ဖြစ်သည်ဟု သံတမန် မြောက်မြားစွာက ယုံကြည်နေသည်။

ဘယ်သူက အာဏာကို အမှန်တကယ် ချုပ်ကိုင်မလဲ

အငြင်းပွားဖွယ် ၂၀၀၈ ဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သော အခြေခံဥပဒေက နိုင်ငံကို ရွေးချယ် တင်မြှောက်ခံ အရပ်ဖက်အစိုးရဖြင့် အုပ်ချုပ်မည်ဟု ပြဋ္ဌာန်းထားသော်လည်း လွှတ်တော်နေရာ ၄၄၀ ၏ လေးပုံတစ်ပုံကို သီးသန့် ရယူထားသည့် တပ်မတော်က တရားရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေး စသော အရေးကြီး ဝန်ကြီးဋ္ဌာနများကို ၎င်း၏ လက်အောက်တွင် ထိန်းချုပ်ထားမည် ဖြစ်သည်။

တပ်မတော် အကြီးအကဲသည် အာဏာအရှိဆုံး ရာထူးအဖြစ် ရွေးချယ်ခံ သမ္မတ၏ အထက်တွင် ဆက်ရှိနေမည် ဖြစ်ပြီး ဝန်ကြီးများကို ခန့်အပ်ပိုင်ခွင့်နှင့် အရေးပေါ်အခြေအနေတွင် နိုင်ငံတော် အာဏာကို ရယူထိန်းချုပ်ခွင့် ရှိသည်။

အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၎င်း၏ အတွင်းစည်းဝိုင်း ဗိုလ်ချုပ်မှူးကြီးများကို နိုင်ငံရေး မြင်ကွင်းတွင် တွေ့ရမည် မဟုတ်ဟု ပြောကြားထားသော်လည်း ကိုယ်တိုင်ဖြစ်စေ ကိုယ်စားပြုသူများဖြင့် ဖြစ်စေ နောက်ကွယ်မှ ကြိုးဆွဲလိမ့်မည်ဟု အကဲခတ် လေ့လာသူများက မျှော်လင့်ထားကြသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အတူ သဘောထား တင်းမာသူ တစ်ဦးဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့သည် အနားယူရန် အလားအလာ ရှိနေပြီး ၎င်းတို့ကို အကာအကွယ် ပေးလိမ့်မည်ဟု ယူဆသော တပ်မတော်တွင်းမှ သစ္စာရှိ သြဇာခံများကို အာဏာ လွှဲပေးဖွယ် ရှိသည်။

လက်ရှိအစိုးရ နံပါတ်(၃) ဗိုလ်ချုပ်ကြီး သူရရွှေမန်း နေရာရလိမ့်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် ခန့်မှန်းထားကြသည်။

အစိုးရအဖွဲ့ ရာထူးများကို စစ်အစိုးရ၏ ရောင်းရင်းများ (သို့) စစ်အစိုးရ၏ နိုင်ငံရေး ကိုယ်စားလှယ်များအား ချီးမြှင့်လိမ့်မည်ဟု မျှော်လင့်ရသည်။ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တွင် ဗိုလ်ချုပ်ဟောင်းများနှင့် ၎င်းတို့၏ ရောင်းရင်းများ နေရာယူ လွှမ်းမိုးလိမ့်မည်။

ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည် ဘေးရောက်သွားသလဲ

လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ သမီး၊ လူသိများ ထင်ရှားသော ဒေါ်အောင်ဆန်းစုကြည်မှာ စစ်အစိုးရအပေါ် အကြီးမားဆုံး ခြိမ်းခြောက်သူ အဖြစ် ကာလကြာမြင့်စွာ ရပ်တည်ခဲ့သည်။ သူမ၏ NLD ပါတီ ၁၉၉၀ ရွေးကောက်ပွဲတွင် အောင်ပွဲခံခဲ့သည့် ရလဒ်ကို စစ်ဖက် အုပ်ချုပ်သူများက လျစ်လျူရှုခဲ့သလို လတ်တလောတွင်လည်း ပါတီကို ဖျက်သိမ်းခဲ့သည်။

အထိန်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ လုပ်ငန်းစဉ်သည် တရားမျှတမှုမရှိဟု ပြောကြားခဲ့ပြီးနောက် NLD က ရွေးကောက်ပွဲအတွက် မှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့သည်။ အကျိုးဆက် ရလဒ်မှာ ပါတီ၏ လုပ်ငန်းရပ်ဆိုင်းသွားသည်။ ဤဖြစ်ရပ်သည် စစ်ဖက်အစိုးရ၏ လက်ခုပ်ထဲ ရောက်သွားခြင်း ဖြစ်နိုင်သလို ဒီမိုကရေစီ လှုပ်ရှားမှုကို အားနည်းသွားစေသည်ဟု လေ့လာသူ အချို့က ယုံကြည်ထားကြသည်။

သူမအား ထိန်းသိမ်းထားခြင်းနှင့် သူမ၏ ပါတီသပိတ်မှောက်ခြင်းတို့ကို ထည့်သွင်း မစဉ်းစားလျှင်ပင် ကွယ်လွန်သွားသော ခင်ပွန်းမှာ နိုင်ငံခြားသား ဖြစ်နေခြင်း၊ သားနှစ်ယောက်မှာ ဗြိတိန်နိုင်ငံသား ဖြစ်နေခြင်း၊ အကျဉ်းကျခံနေရသော မှုခင်းမှတ်တမ်း ရှိနေခြင်းစသော အခြေအနေများပေါ်တွင် ရည်ရွယ် ထုတ်ပြန်သော ရွေးကောက်ပွဲ ဥပဒေများကြောင့် သူမ ပါဝင် ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ပါ။

ဘယ်သူတွေ ပါဝင်ယှဉ်ပြိုင်ခွင့်ရမလဲ

မည်သူ ပါဝင်နိုင်သည်၊ မပါဝင်နိုင်သည်ကို ကြေညာခြင်း မရှိသေးပါ။ အနည်းဆုံး ပါတီ ၄၀ ခန့်မှာမူ ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ထားကြပြီ ဖြစ်သည်။

မှန်းဆထားကြသည့် အတိုင်းပင် စစ်ဖက်အစိုးရက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကို ကိုယ်ပိုင်ပါတီအဖြစ် ဖွဲ့စည်းခဲ့ပြီး ရွေးကောက်ပွဲဥပဒေနှင့် ကိုက်ညီရန် လတ်တလော ယူနီဖောင်းချွတ်ကာ စစ်တပ်မှ အနားယူထားကြသည့် လက်ရှိဝန်ကြီးများက ဦးဆောင်ကြမည် ဖြစ်သည်။ အဆိုပါ ပါတီသည် ရန်ပုံငွေ တောင့်တင်းပြီး အရပ်ဖက်ဝန်ထမ်း လောက၊ စီးပွားရေး အသိုင်းအဝိုင်းတို့နှင့် ခိုင်မာသော ဆက်သွယ်မှု ရှိသည်ဟု ယုံကြည်ရသည်။

အခြားပါတီ ၆ ခုခန့်မှာလည်း စစ်ဖက်အစိုးရ အတွက် ကိုယ်စားပြုလိမ့်မည်ဟု ယုံကြည်ရသည်။ မည်သို့ပင်ဖြစ်စေ NLD မှ ခွဲထွက်လာခဲ့သော၊ ဒေါ်အောင်ဆန်းစုကြည်က ကန့်ကွက်ခဲ့သော အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) က အစိုးရ ကိုယ်စားလှယ်များကို စိန်ခေါ်ရန် ယှဉ်ပြိုင်မည် ဖြစ်သည်။ အခြားသော ဒီမိုကရေစီ လိုလားသော ပါတီများနှင့်လည်း အတူ လက်တွဲ လုပ်ဆောင်ရန် စီစဉ်နေသည်ဟု ဆိုသည်။

သို့သော်လည်း NDF မှာ ပြဿနာပေါင်းစုံနှင့် ရင်ဆိုင်နေရသည်။ ပါတီဝင် အများစုမှာ ထောင်တွင်း၌ ပြစ်ဒဏ် ခံနေရပြီး ရွေးကောက်ပွဲ မဝင်နိုင်အောင် တားဆီးခြင်း ခံရဖွယ် ရှိနေသည်။

ပါဝင်ယှဉ်ပြိုင်ကြမည့် ပါတီများ အနက် သုံးပုံနှစ်ပုံမှာ မြန်မာနိုင်ငံ၏ များလှစွာသော တိုင်းရင်းသား လူမျိုးများ၏ ပါတီများ ဖြစ်၍ လက်ရှိနိုင်ငံရေး အကျပ်အတည်းကို စိန်ခေါ်လိုခြင်းထက် ကျဉ်းမြောင်းသော အစီအစဉ်သာရှိသည်ဟု ယုံကြည်ရသည်။

အနောက်နိုင်ငံများက ဆက်လက် အရေးယူပိတ်ဆို့မှာလား

စစ်ဖက်အစိုးရက နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် ငြင်းဆန်ခြင်းနှင့် တင်းကြပ် ချုပ်ချယ်သော ရွေးကောက်ပွဲ ဥပဒေတို့ကြောင့် အနောက်နိုင်ငံများက ပိတ်ဆို့မှုများကို ရုတ်သိမ်းလိုခြင်း မရှိကြပါ။ ဒီမိုကရေစီ ထောက်ခံသူ အများစုကမူ အရေးယူ ပိတ်ဆို့မှုများသည် ဆန့်ကျင်ဘက် ရလဒ်သာ ရရှိခဲ့ပြီး ပြည်သူများ ဆင်းရဲတွင်းနက်ကာ စစ်အစိုးရက ပို၍ ခေါင်းမာလာခဲ့သည်ဟု ပြောဆိုကြသည်။

ဒီမိုကရေစီသို့ အသွင်ကူးပြောင်းခြင်း မရှိဘဲ၊ ရွေးကောက်ပွဲက ဆောင်ကြဉ်းပေးမည့် အပြောင်းအလဲကြောင့် ပိတ်ဆို့မှုများ ဖယ်ရှားရန် သင့်/ မသင့်နှင့် ပတ်သက်၍ ငြင်းခုံမှုများ ကြီးမားလာဖွယ် ရှိသည်။ ကုန်သွယ်ရေးကို အခြေခံသည့် အာဆီယံနိုင်ငံများ၏ ညှိနှိုင်းမှုများသည် စစ်အစိုးရ၏ အာဏာ ဆုပ်ကိုင်မှုကို လျော့ရဲအောင် မပြုလုပ်နိုင်ခဲ့ပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ဖြစ်ပြီး နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည့် ဒီမိုကရေစီ ရွေးကောက်ပွဲတွင် လွတ်လပ် မျှတမှု မရှိပါက တစ်ကမ္ဘာလုံးက တရားမဝင်သော ရွေးကောက်ပွဲ တစ်ခုအဖြစ် ရှုမြင် သတ်မှတ်ကြမည်သာ ဖြစ်ကြောင်း ဥရောပသမဂ္ဂ (အီးယူ) က သြဂုတ်လ ၁၄ ရက်နေ့တွင် ထုတ်ဖော် ပြောဆိုလိုက်သည်။

ကာလ ကြာရှည်စွာ စောင့်စားနေခဲ့ရသော ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း မြန်မာ စစ်အစိုးရက သြဂုတ်လ ၁၃ ရက် (သောကြာနေ့) တွင် ထုတ်ပြန် ကြေညာခဲ့သည်။ ဝေဖန် ဆန်းစစ်သူများက အဆိုပါ ရွေးကောက်ပွဲသည် နိုင်ငံရေးတွင် စစ်တပ်သြဇာအာဏာ လွှမ်းမိုးမှုကြီးထွားရန် ဦးတည်ထားခြင်း ဖြစ်သည်ဟု ဆိုကြသည်။

"တကယ်လို့ မြန်မာ ပြည်သူတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အမြင်မှာ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိတယ်ဆိုတာမျိုး ဖြစ်စေချင်ရင် မြန်မာ အာဏာပိုင်တွေ အနေနဲ့ နိုင်ငံရေးပါတီတွေ မဲဆွယ်တာတို့၊ မဲပေးတာတို့ကို မဖြစ်မနေ လွတ်လွတ်လပ်လပ်နဲ့ လုပ်ခွင့်ပေးရမှာ ဖြစ်ပါတယ်" ဟု ပြင်သစ်၊ ဂျာမနီနှင့် အီတလီ အပါအဝင် မြန်မာနိုင်ငံ အခြေစိုက် အီးယူနိုင်ငံ မစ်ရှစ်များ ကိုယ်စား ဗြိတိန်သံရုံးက ကြေညာချက် ထုတ်ပြန်သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း အလားတူ ကြေညာချက် တစ်ရပ်ကို သြဂုတ်လ ၁၃ ရက်နေ့ (စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက် ကြေညာသည့်နေ့) တွင်ပင် ထုတ်ပြန် ကြေညာခဲ့သည်။ မြန်မာ အာဏာပိုင်များ အနေဖြင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်နိုင်ရေးအတွက် ၎င်းတို့ကို အမြန်ဆုံး လွှတ်ပေးရန် အီးယူကဲ့သို့ပင် မစ္စတာဘန်ကီမွန်းက တိုက်တွန်းသည်။

မြန်မာနိုင်ငံကို စစ်တပ်က အုပ်ချုပ်လာခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း ၅၀ နီးပါးမျှ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြီးခဲ့သည့် ၁၉၉၀ ပြည့်နှစ် ဒီမိုကရေစီ ရွေးကောက်ပွဲတွင် ပြည်လုံးကျွတ် အတိုင်းအတာဖြင့် အနိုင်ရရှိခဲ့သည့်တိုင် စစ်တပ်က အာဏာ လွှဲပြောင်းပေးခဲ့ခြင်း မရှိပေ။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း ၁၅ နီးပါးမျှ နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ယခု လာမည့် ရွေးကောက်ပွဲအတွက် ထုတ်ပြန်သော စစ်အစိုးရ၏ ဥပဒေများသည် ဒီမိုကရေစီ မဆန်ဘဲ တရားမျှတမှု မရှိသောကြောင့် ရွေးကောက်ပွဲကို သပိတ်မှောက်ထားသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် မရရှိအောင် အဆိုပါ ဥပဒေများက ကန့်သတ် ပိတ်ပင်ထားသည်။

NLD နှင့် အခြား နိုင်ငံရေး ပါတီအချို့က ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးမှုများ ပြုလုပ်ရန်နှင့် အမတ်လောင်းများ ခေါ်ယူစုဆောင်းရန် အချိန် အလုံအလောက် မပေးထားကြောင်း ပြောကြားသည်။ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် အမတ်လောင်းများ စာရင်းကို ယခုလ နောက်ဆုံးထား၍ တင်ပြရမည် ဖြစ်ပြီး မဲဆွယ် စည်းရုံးမှုများကို အစိုးရက မဲဆွယ် ကာလအဖြစ် တရားဝင်ကြေညာချက် ထုတ်ပြန်မှသာ ပြုလုပ်နိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံသို့ မေလအတွင်းက လာရောက်ခဲ့သော အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကတ်ဒ်ကမ်းဘဲလ်က ရွေးကောက်ပွဲအတွက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေးရေးနှင့် စေ့စပ် ညှိနှိုင်းမှုများ ပြုလုပ်ရေးတို့အပေါ် စစ်အစိုးရက ဆန္ဒမရှိခြင်းကြောင့် အဆိုပါ ရွေးကောက်ပွဲများသည် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် တရားဝင် အသိအမှတ် ခံရမှု လျော့နည်းနေမည်သာ ဖြစ်ကြောင်း ပြောဆိုထားသည်။

AP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 16th August 2010

မြောက်ကိုရီးယားက လက်တုန့်ပြန်မည်ဟု ခြိမ်းခြောက် နေသော်လည်း အမေရိကန် ပြည်ထောင်စုနှင့် တောင်ကိုရီးယား တပ်ဖွဲ့များသည် မြောက်ကိုရီးယားကို ဟန့်တားရန် အတွက် ကြီးမားသော ပူးတွဲ စစ်ရေး လေ့ကျင့်ခန်းများကို ယခု တစ်ပတ်အတွင်း ပြုလုပ်မည် ဖြစ်သည်။

တနင်္လာနေ့တွင် စတင်မည့် ၁၀ ရက်ကြာ စစ်ရေး လေ့ကျင့်မှုတွင် အမေရိကန် တပ်ဖွဲ့ဝင် ၃၀၀၀၀ ခန့် ပါဝင်ကြမည်ဟု အမေရိကန် စစ်တပ် ပြောရေးဆိုခွင့် ရှိသူက ပြောကြားခဲ့ပြီး အရေအတွက် မသိရသော အမေရိကန် အခြေစိုက် စစ်သားများသည်လည်း ကွန်ပြူတာ ကွန်ယက်များမှ တဆင့် ပူးပေါင်း ပါဝင်ကြသည်ဟု ဆိုသည်။

"အူလ်ချီ လွတ်လပ်ခွင့် စောင့်ရှောက်သူ" ဟု အမည်ရသော ကွန်ပြူတာ အသုံးပြု စစ်ရေး လေ့ကျင့်ခန်းများတွင် ပါဝင်ရန် တောင်ကိုရီးယား စစ်သား ၅၆၀၀၀ ခန့်မှာလည်း အဆင့်သင့်  ဖြစ်နေပြီဟု ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားသည်။

တောင်ကိုရီးယား အခြေစိုက် အမေရိကန် တပ်ဖွဲ့ဝင် ၂၈၅၀၀ ခန့်ကို ဦးဆောင်သော ဗိုလ်ချုပ်ကြီး Walker Sharp က "ကမ္ဘာပေါ်က အကြီးမားဆုံး ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွေထဲက တစ်ခုပါ" ဟု အမေရိကန် စစ်တပ် ဝက်ဘ်ဆိုဒ်တွင် ဖော်ပြခဲ့သည်။

စစ်ရေး လေ့ကျင့်မှု ကာလအတွင်း တောင်ကိုရီးယား အစိုးရ အရာရှိများနှင့် စစ်ဖက် အစိုးရ အရာရှိများ ပါဝင်သော သီးခြား လုံခြုံရေး လေ့ကျင့်မှုကိုလည်း ပြုလုပ်မည်ဟု ယွန်ဟတ် သတင်းဌာနက ကြေညာသည်။

မတ်လက တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်ခဲ့ခြင်း၏ အကျိုးဆက် အဖြစ် တောင်ကိုရီးယားက ၎င်းသီးသန့် ဖြစ်စေ၊ အမေရိကန်နှင့် ပူးတွဲ ဖြစ်စေ ပြုလုပ်ရန် စီစဉ်ထားသော စစ်လေ့ကျင့်ခန်း အတွဲများတွင် ယခု သီတင်းပတ် လေ့ကျင့်ခန်းလည်း ပါဝင်သည်။

ရေတပ်သား ၄၆ ဦး သေဆုံးခဲ့ရသော သင်္ဘော နစ်မြုပ်မှု အတွက် တာဝန် မရှိဟု မြောက်ကိုရီးယားက စိတ်ဆိုးမာန်ဆိုး ငြင်းဆိုခဲ့ ပြီးနောက်တွင် ကိုရီးယား ကျွန်းဆွယ်၌ တင်းမာမှုများ ကြီးထွားနေသည်။

ပြီးခဲ့သော လကလည်း တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် ပြုံးယမ်းကို အင်အားပြသည့် အနေဖြင့် ဂျပန် ပင်လယ် (အရှေ့ ပင်လယ်) တွင် ကြီးမားသော ရေတပ်၊ လေတပ် ပူးတွဲ လေ့ကျင့်မှုကို ပြုလုပ်ခဲ့ကြပြီး ဖြစ်သည်။

လွန်ခဲ့သည့် အပတ် ကလည်း အငြင်းပွား ပင်လယ်ဝါ ရေပြင် အနီးတွင် အမှန်တကယ် ပစ်ခတ် လေ့ကျင့်မှု အပါအဝင် အကြီးမားဆုံး ရေတပ် သင်္ဘော တိုက်ဖျက်ရေး လေ့ကျင့်ခန်းကို တောင်ကိုရီးယားက ပြုလုပ်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Beijing Times, By Xinhua, 11th August 2010

မြန်မာနိုင်ငံသည် ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုး တိုးတက်မှုကို ကြိုးစား လုပ်ဆောင်လျက်ရှိရာ ကုန်စည် စီးဆင်းမှု မြန်ဆန်ရေးနှင့် စွမ်းအားပြည့် လုပ်ဆောင်နိုင်ရေး အတွက် ဆိပ်ကမ်းများတွင် ကုန်စည်များ ကိုယ်တွယ်ရေး အတွက် အုပ်ချုပ်ရေးပိုင်းကို အဆင့်မြင့်လျက် ရှိသည်။

ရန်ကုန် ဆိပ်ကမ်းတွင် ဗိုလ်အောင်ကျော် ဆိပ်ကမ်း၊ ဗိုလ်တထောင် ဆိပ်ကမ်း၊ ပန်းဆိုးတန်း ဆိပ်ကမ်း၊ နန်းသီတာ ဆိပ်ကမ်းနှင့် ဆူးလေ ဆိပ်ကမ်း ငါးခု ရှိသည်။

၎င်းတို့အနက်မှ ဗိုလ်အောင်ကျော် ဆိပ်ကမ်းကို မကြာသေးမီက ပုဂ္ဂလိကပိုင် ပြုလုပ်သည့် အနေဖြင့် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်သို့ မကြာခင်က လွှဲပြောင်းပေးခဲ့သည်။

ဗိုလ်အောင်ကျော်နှင့် ဆူးလေ ဆိပ်ကမ်းများတွင် ထုတ်ကုန် သွင်းကုန် ပစ္စည်းများ စစ်ဆေးခြင်း၊ ဂိုဒေါင်များတွင် စနစ်တကျ သိုလှောင်ခြင်း ရှိမရှိကို စစ်ဆေးခြင်း၊ ကုန်သေတ္တာများကို X-Ray စက်ဖြင့် စစ်ဆေးခြင်း၊ ကုန်သေတ္တာများ တင်၊ ချခြင်းတို့ကို ကုန်စည် စီးဆင်းမှု မြန်ဆန်ရေးနှင့် စွမ်းအားပြည့် လည်ပတ်နိုင်ရေး ကော်မတီ ဥက္ကဋ္ဌ ပို့ဆောင်ရေး ဝန်ကြီး ဦးသိန်းဆွေက အင်္ဂါနေ့က စစ်ဆေးခဲ့သည်။

အခြားဆိပ်ကမ်း လေးခုကိုမူ ပုဂ္ဂလိကသို့ လွှဲပြောင်းခြင်း မပြုရသေးပေ။

နိုင်ငံခြား ကုန်သွယ်မှု နှစ်စဉ် တိုးတက်ရေး အတွက် သွင်းကုန် ထုတ်ကုန် ပစ္စည်းများ ကိုင်တွယ်ရာတွင် စွမ်းအားပြည့် လုပ်နိုင်ရန် ရည်ရွယ်၍ အဆိုပါ ဆိပ်ကမ်းများကို ပုဂ္ဂလိကသို့ B.O.T စနစ်ဖြင့် လွှဲပြောင်းရန် စီစဉ်လျက် ရှိသည်။

အစိုးရ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်၏ အဆိုအရ ဆိပ်ကမ်း နှစ်ခု ဖြစ်သော အလုံရှိ Asia World ဆိပ်ကမ်းနှင့် ကျောက်တန်းရှိ သီလဝါ ဆိပ်ကမ်း (MITT) တို့ကို ၂၀၀၀ ပြည့်နှစ် ကတည်းက ပုဂ္ဂလိကသို့ လည်ပတ် ခွင့်ပြုထားသည်ဟု ဆိုသည်။

ဆိပ်ကမ်း အာဏာပိုင်၏ အဆိုအရ၊ ရန်ကုန် ဆိပ်ကမ်းသည် လွန်ခဲ့သည့် သုံးနှစ် မှစ၍ နှစ်စဉ် ထုတ်ကုန် သွင်းကုန် ကုန်ပစ္စည်း တန်ချိန် စုစုပေါင်း ၁၀ သန်း ကိုင်တွယ်ခဲ့သည်ဟု ဆိုသည်။ ထိုအတောအတွင်း နိုင်ငံတကာ ကုန်တင်သင်္ဘော အစီး ၁၂၀၀ ဆိုက်ကပ်ခဲ့ကြောင်း ဆိုသည်။

တစ်ချိန်တည်းတွင်ပင် ဆိပ်ကမ်း အာဏာပိုင်သည် ကုန်သေတ္တာတင် ယာဉ်များ ရပ်နားရာတွင် အများ ပြည်သူသုံး လမ်းများ အသုံးပြုခြင်းမှ ကာကွယ်ရန် ဒဂုံဆိပ်ကမ်း စက်မှုဇုန်တွင် ကုန်သေတ္တာ ကား ရှိသော စခန်းကြီး တစ်ခု ဆောက်လုပ်လျက် ရှိသည်။

ကုန်သေတ္တာတင် ကားအစီး ၁၀၀၀ ဆန့် ရပ်နားစခန်းကို Dagon Port International Service Co., Ltd. နှင့် ပူးပေါင်း၍ အကောင်အထည် ဖော်လျက် ရှိသည်။

ထို့အပြင် မြန်မာ အာဏာပိုင်များသည် ကမ်းနားလမ်းအား တိုးချဲ့ရေး ပြုလုပ်လျက် ရှိပြီး၊ ကုန်သေတ္တာ ကားများနှင့် သစ်လုံးတင် ကားများ အတွက် သီးသန့်လမ်း ပါရှိမည် ဖြစ်သည်။

ဗိုလ်တထောင်မှ ကြည့်မြင်တိုင် အထိ ၉.၃ ကီလိုမီတာ ရှည်သော ကမ်းနားလမ်းကို လေးလမ်းသွား အဖြစ် ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ (YCDC)၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းနှင့် ပုဂ္ဂလိက ကုမ္ပဏီကြီး ဖြစ်သော Asia World တို့ ပူးပေါင်း ဆောင်ရွက်ကြမည် ဖြစ်သည်။

ရန်ကုန် ဆိပ်ကမ်းသည် မြန်မာနိုင်ငံ၏ နိုင်ငံခြား ထုတ်ကုန် သွင်းကုန် ကုန်ပစ္စည်း အများစုကို ကိုင်တွယ်သည်။

အဆိုပါ ဆိပ်ကမ်း ငါးခုအပြင် ရန်ကုန်တွင် လည်ပတ်လျက် ရှိသော ဆိပ်ကမ်း သုံးခု ရှိသေးသည်။ ၎င်းတို့မှာ သီလဝါ၊ မြန်မာ့ စက်မှု ဆိပ်ကမ်း နှင့် Asia World ဆိပ်ကမ်းများ ဖြစ်သည်။

ထို့အပြင် အစိုးရပိုင် နိုင်ငံတကာသို့ သွားသော သင်္ဘောလိုင်း ဖြစ်သော မြန်မာ့ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း (MFSL) ကို ပြီးခဲ့သည့် ဧပြီလက အမည်မဖော်သော ပုဂ္ဂလိကသို့ တရားဝင် လွှဲပြောင်းခဲ့ပြီး ဖြစ်သည်။ (စစ်တပ်ပိုင် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်သို့ လွှဲပြောင်းခြင်း ဖြစ်ပါသည်။ အယ်ဒီတာ)

MFSL တွင် နိုင်ငံတကာသွား သင်္ဘော ၁၆ စီးနှင့် ကမ်းရိုးတန်းသွား သင်္ဘော ၉ စီး ရှိသည်။

MFSL ကို ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလတွင် စတင် တည်ထောင်ခဲ့ပြီး ပို့ဆောင်ရေး ဝန်ကြီးဌာနက တိုက်ရိုက် ကိုင်တွယ်သော နိုင်ငံခြား ကုန်ပစ္စည်း သယ်ယူ ပို့ဆောင်ရေးလုပ်ငန်း တစ်ခု ဖြစ်သည်။ ၎င်းသည် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် စင်္ကာပူတို့တွင် ရုံးခွဲ ၁၁ ခု ဖွင့်လှစ် ထားသည်။

MFSL သည် နိုင်ငံပိုင် ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး အတွက် သင်္ဘော ၇၀၀ ကျော် ကိုလည်း အသုံးပြုခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ရန်ကုန်ရှိ သင်္ဘောကျင်း နှစ်ခု ဖြစ်သော အလုံ သင်္ဘောကျင်းနှင့် ဒလ သင်္ဘောကျင်းတို့ကို နိုင်ငံတကာ အဆင့်မီ ပြည်တွင်း ကမ်းရိုးတန်းသွား သင်္ဘောများ သာမက ပင်လယ်ကူး သင်္ဘောများပါ ပြင်ဆင်နိုင်ရန် အဆင့်မြှင့်တင် ပြင်ဆင်လျက် ရှိသည်။

လက်ရှိအားဖြင့် အလုံ သင်္ဘောကျင်းသည် နိုင်ငံတကာ အဆင့်မြင့် နည်းပညာများ အသုံးပြု၍ တန် ၃၀၀၀ ပင်လယ်ကူး သင်္ဘောထိ တည်ဆောက်နိုင်သည်ဟု သတင်းများက ဆိုသည်။

တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံတွင် သင်္ဘောသား အဖြစ် မှတ်ပုံတင်ထားသူ ၆၀၀၀၀ ရှိပြီး၊ လက်ရှိ ၁၂၀၀၀ မှာ ပင်လယ်ကူး သင်္ဘောလိုင်းများတွင် တာဝန် ထမ်းဆောင်လျက် ရှိသည်။

ရေကြောင်းကဏ္ဍ တိုးတက်ရေး အတွက် မြန်မာနိုင်ငံတွင် အရည်အချင်း ပြည့်မီသော ရေကြောင်း အင်ဂျင်နီယာများနှင့် သင်္ဘောသား အရာရှိများ နိုင်ငံခြား သင်္ဘောလိုင်းများတွင် အလုပ် လုပ်ကိုင်နိုင်ရန် လေ့ကျင့်ပေးလျက် ရှိသည်။ သင်္ဘောသား ဦးရေ ရာပေါင်း များစွာသည် တောင်ကိုရီးယား ကမ်းရိုးတန်း သင်္ဘောလိုင်းများတွင် တာဝန် ထမ်းဆောင်လျက် ရှိကြသည်။

အစိုးရသည် ပင်လယ်ကူး သင်္ဘောသား အသင်းကို ဖွဲ့စည်းပေးခဲ့ပြီး၊ ၂၀၀၂ ခုနှစ် နှောင်းပိုင်းတွင် မြန်မာနိုင်ငံတွင် ပထမဆုံး ရေကြောင်း တက္ကသိုလ်ကို ဖွင့်လှစ် ပေးခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Jakarta Globe, 15th August 2010

မြန်မာ စစ်ဖက် အစိုးရက အနှစ် ၂၀ အတွင်း ပထမဆုံး အကြိမ် ရွေးကောက်ပွဲများကို ကျင်းပရန် ပြင်ဆင်နေပြီ ဖြစ်ရာ မြန်မာနိုင်ငံ အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ အတွက် တာဝန်ရှိသူများကို အရေးယူရန် ပျက်ကွက်ခဲ့သည့် အင်ဒိုနီးရှား နိုင်ငံကို သင်ခန်းစာ ယူရလိမ့်မည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ ဆိုင်ရာ ကုလ သမဂ္ဂ လူ့အခွင့်အရေး အထူး အရာရှိ Tomas Ojea Quintana နှင့် ယခင် အပတ်က ဂျကာတာတွင် တွေ့ဆုံစဉ် Human Rights Working Group ဒါရိုက်တာ ရာဖန်ဒီဂျာမင်က "စစ်ဖက် အရာရှိများအား ယခင်က လူ့အခွင့်အရေး ညှင်းပန်း နှိပ်စက်မှုများ အတွက် တရားရုံးသို့ ပို့ဆောင်ရန် ပျက်ကွက်ခဲ့သည့် အင်ဒိုနီးရှား နိုင်ငံ၏ အမှားမျိုးကို မလုပ်မိအောင် ရှောင်ရှားရန် မြန်မာနိုင်ငံ အနေဖြင့် သင်ခန်းစာ ယူနိုင်သည်" ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

အာဆီယံ အစိုးရများ အကြား လူ့အခွင့်အရေး ကော်မရှင်တွင်လည်း ကော်မရှငနာ အဖြစ် တာဝန်ယူထားသူ ရာဖန်ဒီက အင်ဒိုနီးရှားတွင် အပြစ်ရှိသော လူ့အခွင့်အရေး ချိုးဖောက်သူများသည် အစိုးရ အဆင့်မြင့် ရာထူးများကို ဆက်လက် ရယူခဲ့ကြသည်ဟု ပြောကြားသည်။

Quintana သည် အင်ဒိုနီးရှား အရပ်ဖက် အသိုင်းအဝိုင်း အသင်းအဖွဲ့များနှင့် နိုင်ငံတွင်း လူ့အခွင့်အရေး တွန်းအားပေးမှု၊ စစ်အစိုးရမှ ဒီမိုကရေစီ နိုင်ငံ အဖြစ်သို့ အသွင်ကူးပြောင်းမှု တို့ကို တိုင်ပင် ဆွေးနွေးရန် ဂျကာတာသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

အင်ဒိုနီးရှားသည် ၎င်း၏ ပထမဆုံး တိုက်ရိုက် သမ္မတ ရွေးကောက်ပွဲကို ၂၀၀၄ တွင် မကျင်းပမီ အာဏာရှင် အုပ်ချုပ်မှုအောက်တွင် အနှစ် ၃၀ ခန့် နေထိုင်ခဲ့ရသည်။

ယခုအခါ မြန်မာနိုင်ငံသည်အနှစ် ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲများကို နိုဝင်ဘာ ၇ ရက်တွင် ကျင်းပရန် ပြင်ဆင်နေသော်လည်း ဝေဖန် ဆန်းစစ်သူများက ဒီမိုကရေစီ ပြည့်ဝမည် မဟုတ်ဟု သုံးသပ် ပြောကြားလျက် ရှိသည်။

ကုလ လူ့အခွင့်အရေး ကောင်စီထံ မတ်လက တင်သွင်းသော အစီရင်ခံစာတွင် Quintana က "မြန်မာနိုင်ငံမှ ရွေးကောက်ပွဲများ တရားမျှတ၍ ဒီမိုကရေစီ ပြည့်ဝရန် အတွက် ဒီမိုကရေစီ ခေါင်းဆောင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အရင်ဆုံး လွှတ်ပေးရန် လိုအပ်သည်" ဟု ပြောကြားခဲ့သည်။

"နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့က အင်မတန် အရေးကြီးပါတယ်" ဟု ၎င်းက မှတ်ချက်ပေးသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တရုတ်နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပွားရာ နိုင်ငံနေရာ အတော်များများတွင် မြေပြိုမှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းဌာနများက ရေးသား ဖော်ပြသည်။ မြေပြိုမှု အဆိုးရွားဆုံး ဖြစ်ပေါ်သည့် နေရာမှာ Zhouqu ကောင်တီ ပြည်နယ်တွင် ဖြစ်ပြီး ကယ်ဆယ်ရေး လုပ်သားများမှာ ဆိုးရွားသော ရာသီဥတုကို အံတုပြီး ခဲရာခဲဆစ် လုပ်ကိုင်နေရသည်ဟု ဆိုသည်။

ဝေးလံခေါင်သီသော ဒေသတစ်ခု ဖြစ်သည့် Gansu ပြည်နယ်တွင်လည်း ကယ်ဆယ်ရေး အဖွဲ့များက လူသေ အလောင်းများကို ရှာဖွေ တွေ့ရှိခဲ့ကြကြောင်း၊ သြဂုတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားသော မြေပြိုမှုတွင်လူပေါင်း ၁၇၀၀ ခန့် သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ကြောင်း သတင်း ပေးပို့သည်။

ထို့ပြင် Gansu ပြည်နယ်တွင်လည်း မြေပြိုမှုများ ဖြစ်ပွားရာ လူပေါင်း ၂၄ ဦး သေဆုံးခဲ့သည်။ Sichuan ပြည်နယ် တောင်ပိုင်း ဒေသတွင် ငါးဦး သေဆုံးသည်။ မြေပြိုမှုများ ဖြစ်ပွားပြီး နောက်ပိုင်း ရက်အတော်ကြာ မိုးသည်းထန်စွာ ရွာသွန်းမှုများ ဆက်လက် ဖြစ်ပွားခဲ့သည်။

တရုတ် အာဏာပိုင်များ အဆိုအရ Zhouqu ပြည်နယ်တွင် ရွှံ့နွံများ၊ ကျောက်တုံး ကျောက်ခဲများ ပြိုကျမှုကြောင့် နေအိမ် အဆောက်အအုံ ရာနှင့် ချီ၍ ပိမိခဲ့ကာ လူပေါင်း ၁၁၄၄ ဦးခန့် သေဆုံးသည်ဟု ယူဆရသည်။

တရုတ်နိုင်ငံသို့ ရောက်ရှိနေသော BBC သတင်းထောက် Chris Hogg က လတ်တလော အနေအထားတွင် နိုင်ငံတွင်း ဖြစ်ပေါ်ခဲ့သည့် သဘာဝ ဘေးအန္တရာယ် ဆိုးကြီးကို ကာကွယ်နိုင်ခဲ့ခြင်း ရှိ၊ မရှိ မေးခွန်းများ ထွက်ပေါ်နေသည်ဟု ဆိုသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုမှာ တရုတ်နိုင်ငံ၊ အလယ်ပိုင်းနှင့် အနောက်ပိုင်း ဒေသ တစ်လျှောက်တွင် ဖြစ်ပေါ်ခဲ့ပြီး ရက်အတော်ကြာ မြင့်ခဲ့သည်။ Zhouqu ပြည်နယ်နှင့် နီးကပ်သော Longnan စီတီ နှင့် Tianshui ကောင်တီတို့တွင်လည်း မြေပြိုမှုများ ထပ်မံ ဖြစ်ပွားခဲ့ရာ လူပေါင်း ၂၄ ဦး သေဆုံးခဲ့ပြီး ၂၄ ဦး ပျောက်ဆုံးနေကြောင်း Xinhua သတင်းဌာနက ဆိုသည်။

Sichuan ပြည်နယ်၊ Maianzhu ကောင်တီတွင်မူ ရွှံ့မြေ ပြိုကျမှုများကြောင့် ငါးဦး သေဆုံးပြီး လူ ၅၀၀ ခန့် ကျေးလက် ဒေသများတွင် ပိတ်မိလျက် ရှိသည်ဟု Xinhua က ဆိုသည်။

Zhouqu မြောက်ပိုင်းတွင်မူ ယခုကဲ့သို့ ဆိုးဆိုးရွားရွား အဆင့် ရှိသည့် အခြေအနေမျိုးကို ဖန်တီးလိုက်သည့် မြေပြိုမှု ဖြစ်ပေါ်အောင် မည်သည့် အရာများက ဖန်တီးခဲ့သနည်း ဟူသော ကိစ္စကို မေးခွန်းထုတ် ပြောဆိုလျက် ရှိသည်။

BBC သတင်းထောက် Chris Hogg အဆိုအရ တရုတ် ပြည်သူများသည် အဆိုပါ မြေပြိုမှုများသည် အလွန်အမင်းသစ် ထုတ်လုပ်မှုနှင့် မြို့ပြ စီမံကိန်း ညံ့ဖျင်းမှုတို့ကြောင့် ဖြစ်ပေါ်ခဲ့သည်ဟု ပြောဆိုလျက် ရှိသည်။

၁၉၇၀ ပြည့်နှစ်များတွင် တစ်ကြိမ်၊ ၁၉၉၀ ပြည့်နှစ်များတွင် တစ်ကြိမ် ပြုလုပ်ခဲ့သော သုတေသန ပြုချက်များက ယခုမြေပြိုမှု ဖြစ်ပွားသော ဒေသများသည် သဘာဝ ဘေးအန္တရာယ် ဆိုးကြီးများ ဒဏ်ကို ခံနိုင်ရည်မရှိဟု ထုတ်ဖော်ခဲ့ကြောင်း တရုတ်မီဒီယာ သတင်း ပေးပို့ချက်များက ဆိုသည်။ တရားဝင် သို့မဟုတ် တရားမဝင် သစ်ခုတ်မှုများကြောင့် အခြေအနေ အရပ်ရပ်ကို ပိုမို ဆိုးရွားစေခဲ့ခြင်း ဖြစ်သည်။

မြေပြိုမှု ဖြစ်ပွားသည့် ဒေသများသည် ဖွံ့ဖြိုးမှု လွန်စွာ နိမ့်ကျသည်။ အဆိုပါ ဒေသတွင်း သစ်ခုတ်မှုကို တရုတ် အစိုးရက လွန်ခဲ့သည့် ၁၂ နှစ်မှ စ၍ ပိတ်ပင်ခဲ့သည့်တိုင် ဒေသခံ ပြည်သူများက သစ်ခုတ်မှုများကို ဆက်လက် လုပ်ကိုင်နေဆဲပင် ဖြစ်သည်။ ဝင်ငွေ ရရှိမှုနှင့် လူမှုဘဝ ရပ်တည်ရေး တို့အတွက် တောင်ကုန်းဒေသများရှိ သစ်ပင်များကို ရောင်းချကြသည်။

လွန်ခဲ့သည့် ၂ နှစ်တာကာလက Sichuan ပြည်နယ် ငလျင်နှင့် မကြာသေးမီက ဖြစ်ပွားသော မိုးခေါင်မှုတို့ကြောင့် မြေသားများ ကျစ်လစ် မာကျောမှုကို လျော့ကျစေခဲ့သည်။ သို့သော် BBC သတင်းထောက်က သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး လုပ်ဆောင်ချက်များ၊ သတိပေးချက်များ ရှိခဲ့ပါက လူပေါင်းများစွာ၏ အသက်ကို ကယ်ဆယ်နိုင်ခဲ့မည်သာ ဖြစ်ကြောင်း ပြောကြားသည်။

တရုတ်အစိုးရက မြေပြိုမှု ဖြစ်ပွားခဲ့သည့် ဒေသများတွင် နေအိမ် အဆောက်အအုံများ ပြန်လည် တည်ဆောက်ပေးမည်ဟု ကတိပေး ပြောဆိုခဲ့သော်လည်း လေ့လာ အကဲခတ်သူများက ပညာသားပါပါ လုပ်ဆောင်ရမည့် ကိစ္စဖြစ်ကြောင်း ဝေဖန်ကြသည်။

"Zhouqu ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဘေးဒုက္ခဆိုးကြီးက စီးပွားရေး တိုးတက်မှု ဘေးအန္တရာယ်တွေနဲ့ စိန်ခေါ်မှုတွေရဲ့ ဂယက် ရိုက်ခတ်မှု ဖြစ်ပါတယ်။ ဖွံ့ဖြိုးမှု နိမ့်ကျတဲ့ နေရာတွေကို ဂယက် ရိုက်ခတ်မှု တစ်ခုလို့ ပြောရင်လည်း ရပါတယ်" ဟု Greenpeace China မှ ရာသီဥတု ပြောင်းလဲမှုနှင့် စွမ်းအင် ကာကွယ်ရေး ဆိုင်ရာ ပညာရှင် Li Yan က ပြောကြားသည်။

"ပြည်နယ် အစိုးရတွေ ဖိအားပေး ခံနေရပါတယ်။ ဆင်းရဲ မွဲတေမှု လျှော့ချဖို့နဲ့ စီးပွားရေး ဖွံ့ဖြိုးအောင် လုပ်ဖို့ ဖိအားပေးခံရတာ ဖြစ်ပါတယ်၊ အခု ဖြစ်ရပ်ကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

Gansu ပြည်နယ် မြေပြိုမှုတွင် အသက်ရှင်လျက် ကျန်ရစ်သူများမှာ ယခုအခါ မြေသား အတည်တကျ မဖြစ်သေးသော ဆင်ခြေလျှော နေရာများ၌ ယာယီတဲများဖြင့် နေထိုင်လျက် ရှိသည်။ မြေပြိုမှုများကြောင့် လမ်းပန်း ဆက်သွယ်မှုများလည်း ပိတ်ဆို့ခဲ့ရာ ဒုက္ခသည်များအတွက် ကယ်ဆယ်ရေး ပစ္စည်းများ၊ ဆေးဝါးနှင့် အစားအသောက်များ ထောက်ပံ့ ပေးပို့ရာတွင်လည်း အခက်ကြုံလျက် ရှိသည်။ အရေးပေါ် ကွန်းခိုရန် စီစဉ်ထားသည့် နေရာအချို့မှာလည်း မိုးများ ဆက်လက် ရွာသွန်းခြင်းကြောင့် ရေမြုပ်ခဲ့ရသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေနှင့် ပတ်သက်၍ စင်ကာပူနိုင်ငံ အစိုးရ အာဏာပိုင်များနှင့် တွေ့ဆုံ ဆွေးနွေးရန် ကုလသမဂ္ဂ စီနီယာ အရာရှိတစ်ဦး စင်ကာပူသို့ ရောက်ရှိလာကြောင်း ကုလသမဂ္ဂက သတင်း ထုတ်ပြန်သည်။

အဆိုပါ စီနီယာ အရာရှိမှာ Vijay Nambiar ဖြစ်ပြီး ၎င်းသည် ကုလသမဂ္ဂ၏ Chef de Cabinet အဖြစ် တာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။ ယခု စင်ကာပူ ခရီးစဉ်ကို အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ်အဖြစ် လာရောက်ခြင်း ဖြစ်သည်။

မစ္စတာ Vijay Nambiar သည်  နယူးဒေလီမြို့တွင် အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး Nirupama Rao၊ အမျိုးသား လုံခြုံရေး အကြံပေး Shiv Shankar Menon အပါအဝင် အစိုးရ အရာရှိကြီးများနှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် စင်ကာပူနိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

မစ္စတာ Vijay Nambiar သည် လာမည့် သောကြာနေ့တွင် တရုတ်နိုင်ငံသို့ သွားရောက်ပြီး ဘေဂျင်းအစိုးရ အာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးဦးမည်ဟု ဆိုသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက မြန်မာနိုင်ငံတွင် လွတ်လပ် မျှတပြီး ပွင့်လင်းမြင်သာမှု ရှိကာ ယုံကြည် စိတ်ချရသော ဒီမိုကရေစီ ရွေးကောက်ပွဲများ ကျင်းပရန် ယခု နှစ်ဆန်းပိုင်းတွင် စစ်အစိုးရကို တိုက်တွန်းခဲ့သည်။ ထိုသို့ ရွေးကောက်ပွဲ ကျင်းပရာတွင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြားသော နိုင်ငံရေး အကျဉ်းသားများ၊ တိုင်းရင်းသား လူမျိုးစုများ အားလုံး ပါဝင်နိုင်ရန်လည်း ဘန်ကီမွန်းက တိုက်တွန်းသည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရက အစီအစဉ် ရေးဆွဲကာကျင်းပပေးမည့်ရွေးကောက်ပွဲများသည် နှစ်ပေါင်း ၂၀ တာ ကာလအတွင်း ပထမဆုံး ဖြစ်ပြီး ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများဆီသို့ ဦးတည်နိုင်မည်ဟု ယူဆရသည်။

မီဒီယာ သတင်း ပေးပို့ချက်များနှင့် အစိုးရက ထုတ်ပြန်သော ဥပဒေများအရ နိုင်ငံရေးပါတီများ အနေဖြင့် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်လိုပါက ဖမ်းဆီး အကျဉ်းချခံထားရသော နိုင်ငံရေး အကျဉ်းသားများကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ရမည် ဖြစ်သည်။

UN News Center မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bangkok Post, 15th August 2010

လအတန်ကြာ စောင့်စားခဲ့ရာမှ မြန်မာ စစ်အစိုးရသည် ၁၉၉ဝ ကတည်းက ပထမဆုံး အကြိမ် ကျင်းပမည့် ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါ ကြေညာချက်ကို အစိုးရ ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်တို့မှ ကြေညာခဲ့ပြီး နိုင်ငံရေး ပါတီများကို လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း တင်သွင်းရန် ယခု လကုန် အထိ အချိန် ပေးထားသည်။

ယခု ရွေးကောက်ပွဲ လုပ်ငန်းစဉ်များသည် လွတ်လပ်၍ တရား မျှတလိမ့်မည်ဟု မည်သူကမျှ ယုံကြည်မှု မရှိကြပေ။ သို့သော် ရွေးကောက်ပွဲကြောင့် တိုင်းပြည်တွင် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ တဖြည်းဖြည်း ဖြစ်လာမည်ဟု ငြင်းခုံနေဆဲ ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား NLD ခေါင်းဆောင်များမှာ ၎င်းတို့၏ မူပေါ်တွင် ရပ်တည်လျက် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။ ထို့ကြောင့် မေလ ၆ ရက်တွင် ရွေးကောက်ပွဲ အတွက် မှတ်ပုံတင်ရန် မပြုလုပ်ခဲ့သဖြင့် ပါတီမှာ ဖျက်သိမ်းခံခဲ့ရသည်။

သို့သော် NLD မှ ခွဲထွက်လာသော အမျိုးသား ဒီမိုကရက်တစ် အင်အားစု (NDF) သည် ဇူလိုင်လတွင် ပါတီအဖြစ် ခွင့်ပြုချက် ရရှိခဲ့သည်။

NDF ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက ၎င်းတို့ ပါတီသည် ဒီမိုကရေစီအတွက် ဆက်လက် ရုန်းကန်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ပါတီ၏ မူဝါဒ အသေးစိတ်ကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။

အဆိုပါ NLD အတွင်း သဘောထား ကွဲမှုများနှင့် ပတ်သက်၍ နိုင်ငံရေး အရ ဝေဖန်သူများ၊ ခွဲခြမ်း စိတ်ဖြာ လေ့လာသူများနှင့် မြန်မာနိုင်ငံ ပြင်ပရှိ ဒီမိုကရေစီ ခေါင်းဆောင်များ ကြားတွင် ကျယ်ပြန့်သော အမြင် ကွဲပြားမှုများ ရှိခဲ့ရာ ကန့်သတ်မှု များပြားလွန်းသော ရွေးကောက်ပွဲသည် ပြောင်းလဲမှု လုပ်ရန် အလွန်လိုအပ်နေသော တိုင်းပြည်အတွက် မည်သို့မျှ လုပ်ဆောင်ပေးနိုင်မည် မဟုတ်ဟု ပြောဆိုနေခဲ့သည်။ မြန်မာ့ လူ့အဖွဲ့အစည်းသည် သိုသိုသိပ်သိပ် နေတတ်သောကြောင့် အထက်ပါ အယူအဆသည် မှန်ကန်သည်ဟု ပြောရန် ခက်ခဲနေပါသေးသည်။ သို့သော် ထိုအယူအဆကို မြန်မာ လူထု၏ စိတ်ထဲတွင် ရှေးဦးမဆွကပင် အရေးကြီးသော ကိစ္စရပ်ဖြစ်သည်ဟု ခံယူထားကြပြီး ဖြစ်လိမ့်မည် ဖြစ်သည်။

ဝေဖန် သုံးသပ်သူများက ရွေးကောက်ပွဲ လုပ်ငန်းစဉ်များသည် အရပ်သား အုပ်ချုပ်မှု အသွင်သစ်ဖြင့် စစ်တပ်၏ အုပ်ချုပ်မှုကို တရားဝင်အောင် အသေအချာ အကွက်ချထားခြင်း ဖြစ်ကြောင်း ဆိုကြသည်။

ပါလီမန်၏ (၄၄ဝ) သော နေရာအနက် လေးပုံတစ်ပုံကို စစ်တပ်မှ လူအများအတွက် နေရာ ပေးထားရသည်။ ကျန်သော အမတ်နေရာများ အနက် အများစုကိုလည်း ဧပြီလက စစ်တပ်မှ ထွက်ထားသော ဝန်ကြီးချုပ်နှင့် ဝန်ကြီး (၂၂) ဦးတို့ကဲ့သို့သော စစ်တပ်မှ ယူနီဖောင်းချွတ်များကသာ နေရာယူမည် ဖြစ်သည်။

ထို့အပြင် စစ်အစိုးရ ရေးဆွဲသော အခြေခံဥပဒေအရ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဦးဆောင် ဖွဲ့စည်းမည် ဖြစ်ပြီး ထိုအဖွဲ့သည် အရပ်သား အစိုးရကို အာဏာ လွှမ်းမိုးနိုင်သည်။

ထိုမျှသာ မကသေး။ အစိုးရ ခိုင်းသမျှ လုပ်သော နိုင်ငံရေး ပါတီသစ်များကို အထူး အခွင့်အရေးများ ပေးပြီး အခြားပါတီများမှာမူ ပြင်းထန်သော ကန့်သတ်မှုများနှင့် ကြုံတွေ့လျက် ရှိသည်။

ထို့သို့ ကန့်သတ်မှုများ ကြုံတွေ့နေရသော ပါတီများတွင် ဒီမိုကရေစီ ပါတီများနှင့် တိုင်းရင်းသား အုပ်စုများ အရေး ဆောင်ရွက်မည့် ပါတီများ ပါဝင်သည်။

ရွေးကောက်ပွဲ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား (၂ဝဝဝ) ကျော်ကို ရွေးကောက်ပွဲတွင် မပါဝင်နိုင်အောင် တားဆီးထားသည်။

လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရေး အတွက် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ထားသော အတားအဆီးများ ရှိနေသောကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို ယုံကြည်သူများက ဟန်ဆောင် လုပ်ရပ်ကြီးတွင် အသုံးတော်ခံမည့်အစား သပိတ်မှောက်ရန် ရွေးချယ်ခြင်းသည် မှန်ကန်သည်ဟု ယူဆရပေသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြောင်းလဲမှုများ၊ အထူးသဖြင့် အရေးကြီးသော လူ့အခွင့်အရေး ကိစ္စများအတွက် တစ်စုံတစ်ခုဖြစ်စေ မည်သည့်အရာက လုပ်ပေးနိုင်သနည်း ဟူသော မေးခွန်းကိုသာ မေးရတော့မည် ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းသည် တညီတညွတ်တည်း အစိုးရ၏ ငွေရပေါက်ကို အကြပ်ကိုင်၍ တိုက်ရိုက် ဖိအား မပေးနိုင်မချင်း ပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင်ရန် မလွယ်ကူပေ။

အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်ခု အနေဖြင့် ထိုင်းနိုင်ငံသည် ယခင်က မြန်မာနိုင်ငံတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရန် လေနှင့် အလွန်ပြောဆိုခဲ့ဖူးသည်။ သို့သော် ယခုအခါ ထိုင်းအစိုးရပိုင် PTTEP သည် မကြာသေးခင်က မြန်မာအစိုးရပိုင် MOGE နှင့် မုတ္တမ ပင်လယ်ကွေ့တွင် ရေနံနှင့် ဓာတ်ငွေ့လုပ်ကွက် (၅) ခု တွင် ဝင်ရောက်ရန် ကြေညာခဲ့သည်။ ထို့အပြင် ထားဝယ် ရေနက် ဆိပ်ကမ်း တည်ဆောက်ရေးကိုလည်း စကားပြောလျက် ရှိသည်။

တစ်ချိန်တည်းမှာပင် အမေရိကန် အစိုးရသည် မြန်မာ အစိုးရအပေါ် ပြင်းထန်စွာ ဝေဖန်ခဲ့ပြီး ကျယ်ပြန့်သော အရေးယူမှုများ ပြုလုပ်ခဲ့သည်။ သို့သော် အမေရိကန် အခြေစိုက် Chevron ကော်ပိုရေးရှင်းသည် မြန်မာ အစိုးရကို ဝင်ငွေများစွာ ဖြည့်ဆည်းပေးနေပြီး အများ၏ သတိမူမှုကို လွတ်အောင် ရှောင်နိုင်ခဲ့သည်။

တဖန် ဇူလိုင်လကုန်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အိန္ဒိယနိုင်ငံသို့ ငါးရက်ကြာ ခရီးသွားခဲ့ပြီး နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး စာချုပ် အချို့ ချုပ်ဆိုနိုင်ခဲ့သည်။ အထက်ပါ ဖော်ပြမှုများမှာ နိုင်ငံတကာ အသိုင်းအဝိုင်းမှ နိုင်ငံအချို့အနေဖြင့် အမြတ် ရရှိရေးထက် မူဝါဒ ခိုင်မာရေးကို ဦးစားပေးပြီး ၎င်းတို့၏ စီးပွားရေးအရ ဩဇာ လွှမ်းမိုးမှုကို မြန်မာနိုင်ငံတွင် အမှန်တကယ် ပြောင်းလဲရေးအတွက် တွန်းအားပေးရန် အသုံးပြုနိုင်သည်ဟု ဆိုချင်ပေသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.