Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ စစ်အစိုးရ ခေါင်းဆောင်များ ကျူးလွန်သည့် စစ်ရာဇဝတ်မှုများ စုံစမ်း ဖော်ထုတ်မည့် ကော်မရှင် တစ်ရပ်ကို ကုလသမဂ္ဂက ဖွဲ့စည်း ထူထောင်ပေးမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကော်မရှင်ကို အမေရိကန် သမ္မတ ဘားရက်အိုဘားမား အုပ်ချုပ်ရေး အဖွဲ့က ခိုင်ခိုင်မာမာ ကျောထောက်နောက်ခံ ပေးထားသည်။

ဝါရှင်တန်ပို့စ် သတင်းစာ အဆိုအရ အဆိုပါ ကော်မရှင် ဖွဲ့စည်း ထူထောင်ရန် စီစဉ်မှုသည် မြန်မာ စစ်အစိုးရအနေဖြင့် အာဏာရှင်ဆန်သော နိုင်ငံရေးစနစ်ကို ပြောင်းလဲပြီး ဖမ်းဆီး ထိန်းသိမ်းထားသော နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် ဖိအားပေးမှု တစ်ရပ် ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော စစ်အစိုးရအပေါ် ထားရှိသည့် သဘောထား ပိုမိုတင်းမာမှုကို ပြသသည့် အနေဖြင့် ယခုကော်မရှင်ကို ဖွဲ့စည်း ထူထောင်ခြင်း ဖြစ်ကြောင်း အမေရိကန် ထိပ်တန်း အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး ဝါရှင်တန်ပို့စ် သတင်းစာက ဖော်ပြသည်။

အမေရိကန်သမ္မတ အိုဘားမား အုပ်ချုပ်ရေး အဖွဲ့ကလည်း မြန်မာစစ်အစိုးရအပေါ် ဘဏ္ဍာရေး ပိတ်ဆို့အရေးယူမှုများ ပိုမို တင်းကြပ်စွာ ပြုလုပ်ရန် စဉ်းစားလျက် ရှိသည်။ ယခုကဲ့သို့ စစ်ရာဇဝတ်မှု စုံစမ်းဖော်ထုတ်ရေး ကော်မရှင် ထူထောင်ရန် ဖြစ်လာခြင်းသည် မြန်မာစစ်အစိုးရက နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကြေညာချက် ထုတ်ပြန်ပြီး ရက်ပိုင်းတွင် ဖြစ်သည်။

အသက် ၇၇ အရွယ် ရှိပြီ ဖြစ်သော မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ အစိုးရ ဆန့်ကျင်သူများအပေါ် ရက်စက် ကြမ်းကြုတ်မှုများစွာ ကျူးလွန်ခဲ့သူအဖြစ် စွပ်စွဲခံထားရကြောင်း ဝါရှင်တန်ပို့စ်က ရေးသားသည်။ အထူးသဖြင့် ၎င်းသည် ၂၀၀၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးတွင် ဗုဒ္ဓဘာသာ သံဃာတော်များ အပါအဝင် လူပေါင်းများစွာကို သတ်ဖြတ်၊ ဖမ်းဆီး၊ အကျဉ်းချခဲ့သည်ဟု ဆိုသည်။

ထိုမျှ မကသေးပေ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ့ ဦးဆောင်သော နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (SPDC) သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်လုံးကျွတ် အတိုင်းအတာဖြင့် အနိုင်ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုလည်း အာဏာ လွှဲပြောင်းပေးခဲ့ခြင်း မရှိပေ။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နှစ်ပေါင်းများစွာ နေအိမ် အကျယ်ချုပ်ဖြင့် အကျဉ်းချခဲ့သည်။

"အခု အရေးတကြီး ဖြစ်နေတဲ့ ကိစ္စက မြန်မာ ပြည်သူလူထုကို ဦးတည် ပစ်မှတ်ထားဖို့ မဟုတ်ပါဘူး။ မြန်မာ စစ်အစိုးရကိုပါ။ အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုပါ" ဟု အမေရိကန် အစိုးရမှ စီနီယာ အရာရှိကြီးတစ်ဦးက ဆိုသည်။

အိုဘားမား အုပ်ချုပ်ရေးအဖွဲ့သည် နိုင်ငံရေး အာဏာ စတင်ရရှိလာသည့် အချိန်မှစ၍ မြန်မာနိုင်ငံအပေါ် ထားရှိသည့် မူဝါဒများ ပြောင်းလဲရန် ဆန္ဒရှိခဲ့သည်။ ထို့အတူ အရှေ့တောင် အာရှနိုင်ငံများနှင့် ဆက်ဆံရေး ပိုမို တိုးတက် ကောင်းမွန်အောင်လည်း လုပ်ဆောင်လိုသည်။

သို့အတွက်ကြောင့် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် အိုဘားမား အုပ်ချုပ်ရေး အဖွဲ့က မြန်မာ စစ်အစိုးရနှင့် စေ့စပ် ညှိနှိုင်းမှုပြုလုပ်ရန် စတင်ခဲ့သည်။ မြန်မာနိုင်ငံသို့ အဆင့်မြင့် သံတမန်ကြီးများ စေလွှတ်ခြင်း၊ လူသားချင်း စာနာ ထောက်ထားသော အကူအညီအချို့ ပေးပို့ခြင်း တို့ကိုလည်း လုပ်ဆောင်ခဲ့သည်။

Washington Post မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Earth Times, 19th August 2010

မြန်မာ အစိုးရသည် ကြာသပတေးနေ့က နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာတွင် ကန့်သတ်ချက်များကို ကြေညာခဲ့သည်။ အစိုးရက ရွေးကောက်ပွဲများကို လွန်လပ်၍ တရားမျှတမည်ဟု အာမခံထားသည်။

အမတ်လောင်းများသည် လူထုသို့ စကားပြောရန် (၇)ရက် ကြိုတင်၍ ခွင့်ပြုချက် တောင်းခံရမည်ဟု ရွေးကောက်ပွဲကော်မရှင်က အချက်(၁၃)ချက်ပါ စည်းမျဉ်းများကို ကြာသပတေးနေ့က သတင်းစားများတွင် ထုတ်ပြန်ခဲ့သည်။

စည်းမျဉ်းများတွင် အမတ်လောင်းများသည် အများပြည်သူတို့၏ နေရာများ၊ သွားလာသော လမ်းများကို အနှောက်အယှက် မဖြစ်စေရန် တားမြစ်ထားသည်။

"အမတ်လောင်းများနှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ်များသည် စုဝေးခြင်း၊ အများပြည်သူသို့ စကားပြောခြင်းနှင့် ပုံနှိပ် ထုတ်ဝေဖြန့်ချီခြင်းများတွင် ရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှတစေရန် ဤကြေညာချက်ကို လိုက်နာကြရမည်" ဟုဆိုသည်။

နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် နှစ်ပေါင်း နှစ်ဆယ်အတွင်း ပထမဆုံး အကြိမ် ကျင်းပခြင်းဖြစ်သည်။ ပါတီပေါင်း (၄၀)ကျော်အား ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် ခွင့်ပြုထားသည်။ ၎င်းတို့သည် ပါဝင်ယှဉ်ပြိုင်မည့် အမတ်လောင်း စာရင်းကို သြဂုတ်လ(၃၀)ရက်အထိ အချိန်ရရှိမည် ဖြစ်သည်။

ခွင့်ပြုချက်ပြုထားသော ပါတီများတွင် အစိုးရမဟာမိတ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၊ အစိုးရတည်ထောင်ထားသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ခွဲထွက်လာသော အမျိုးသားဒီမိုကရက်တစ် အင်အားစု(NDF) ပါတီများပါဝင်သည်။

ကြာသပတေးနေ့က NDF သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ ဖြစ်သော မန္တလေးမြို့တွင် ရုံးဖွင့်လှစ်ခဲ့သည်။

"ကျွန်တော်တို့ တစ်ပြည်လုံး အတိုင်းအတာနဲ့ အမတ်နေရာ (၁၀၀) ကျော် ပါဝင်သွားမယ်လို့ထင်ပါတယ်'' ဟု NDF ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။ မြန်မာအစိုးရသည် မကြာသးမီက မဲဆန္ဒနယ်မြေ (၃၃၀) ရှိကြောင်း ကြေညာခဲ့သည်။

မြန်မာနိုင်ငံတွင်  နောက်ဆုံး ရွေးကောက်ပွဲကို ၁၉၉၀ ခုနှစ်တွင် ကျင်းပခဲ့ပြီး ထိုစဉ်က NLD က တစ်ပြည်လုံး အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရက NLD ကို အာဏာ လွှဲပေးခြင်း မရှိခဲ့ပေ။

အနည်းငယ်သော လေ့လာ စောင့်ကြည့်သူများက ၁၉၆၂ ခုနှစ်မှစ၍ စစ်တပ်မှ အုပ်ချုပ်လာသော မြန်မာနိုင်ငံတွင် ရုတ်တရတ် ပြောင်းလဲမှုကို ယူဆောင် လာလိမ့်မည်ဟု မျှော်လင့်နေသည်။

အခြေခံဥပဒေ အသစ်တွင် အရွေးချယ်ခံ အစိုးရအပေါ် စစ်တပ်မှ ထိန်းချုပ်မှုရှိရေး အတွက် အထက်လွှတ်တော်ကို ဥပဒေပြုရေးတွင် ဗီတိုအာဏာ ရှိသော စစ်အစိုးရခန့် အစိတ်အပိုင်းကို ထည့်သွင်းထားသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Straits Times, 18th August 2010

ဖိနှိပ်ချုပ်ချယ်သည့် အခြေအနေများအောက်တွင် ကျင်းပလိမ့်မည်ဟု အနောက်နိုင်ငံများ ပြောကြားထားသော မြန်မာနိုင်ငံမှ ရွေးကောက်ပွဲများ နိုဝင်ဘာ ၇ ရက်တွင် ကျင်းပမည် ဆိုခြင်းကို အာဆီယံ အဖွဲ့က အင်္ဂါနေ့တွင် ကြိုဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် အနှစ် ၂၀ အတွင်း ပထမဆုံး ဖြစ်လာမည့် ရွေးကောက်ပွဲများ ကျင်းပမည့် ရက်ကို စစ်ဖက် အစိုးရက ပြီးခဲ့သော သောကြာနေ့တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။

မြန်မာ အပါအဝင် အဖွဲ့ဝင် ၁၀ နိုင်ငံ ပါဝင်သည့် အာဆီယံ အဖွဲ့၏ အလှည့်ကျ သဘာပတိ တာဝန် ယူထားသော ဗီယက်နမ်က ထုတ်ပြန်သော ကြေညာချက်တွင် "မြန်မာနိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို အာဆီယံက ကြိုဆိုပါတယ်" ဟု ပြောကြားခဲ့သည်။ ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည် ညီညွှတ် ပေါင်းစည်းရေးနဲ့ ဒီမိုကရေစီ အရေး အတွက် လမ်းညွှန် မြေပုံကို အကောင်အထည် ဖော်ရာမှာ တိုးတက်မှု ရှိအောင် ဆက်လက် အရှိန်မြင့် ဆောင်ရွက်ဖို့ မြန်မာကို အာဆီယံက တိုက်တွန်းပါတယ်ဟု ဗီယက်နမ်က ပြောကြားခဲ့ပြီး ရွေးကောက်ပွဲတွင် လွတ်လပ်မှု၊ မျှတမှု၊ အားလုံး ပါဝင် သက်ဆိုင်မှုတို့ အရေးကြီးပုံကို မီးမောင်း ထိုးပြခဲ့သည်။

ရွေးကောက်ပွဲ ကျင်းပမည့် နိုဝင်ဘာ ၇ ရက်သည် ဒီမိုကရေစီ လိုလားသော လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ် သက်တမ်း ကုန်ခါနီး တပတ် အလိုတွင် ကျရောက် နေသည်။ သူမ၏ ပါတီသည် နောက်ဆုံး ၁၉၉၀ ရွေးကောက်ပွဲများတွင် အများစု အနိုင်ရရှိ သော်လည်း စစ်ဖက် အုပ်ချုပ်သူများက အာဏာ လွှဲမပေးပဲ သူမအား ယခု အချိန်ထိ ထိန်းသိမ်း ထားခဲ့သည်။ ပြစ်ဒဏ် ကျခံနေရသော သူမအား ရွေးကောက်ပွဲ မဝင်နိုင်အောင် အစိုးရက တားဆီး ထားသည်။

ဗြိတိန်၊ အမေရိကန် ပြည်ထောင်စုနှင့် ကနေဒါတို့က နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲသည် ချုပ်ချယ် ဖိနှိပ်ထားသော နိုင်ငံရေး အနေအထား ပတ်ဝန်းကျင်တွင် ကျင်းပလိမ့်မည်ဟု ပြောဆို ထားကြသည်။

မြန်မာနိုင်ငံက သင့်မြတ် လျော်ကန်သည်ဟု ယူဆပါက အကူအညီ ပေးဆပ်သွားရန် အဆင်သင့် ရှိသည်ဟုလည်း အာဆီယံ ကြေညာချက်တွင် ဖော်ပြသည်။ အာဆီယံတွင် အဖွဲ့ဝင် နိုင်ငံများ၏ ပြည်တွင်းရေးများကို ကြားဝင် စွက်ဖက်ခြင်း မပြုရန် မူဝါဒ ချမှတ်ထားသော်လည်း အဖွဲ့တွင်း ဒီမိုကရေစီ နိုင်ငံ အများစု အတွက် မြန်မာနိုင်ငံက စိတ်အနှောင့်အယှက် ဖြစ်စေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.scoop.co.nz, 20th August 2010

နယူးဇီလန်ရှိ National Council of the Union of Burma နှင့် Burma Campaign UK တို့သည် အခြား အင်အားစုများနှင့် ပေါင်း၍ မြန်မာနိုင်ငံရှိ စစ်ရာဇဝတ်မှုများနှင့် လူသားချင်း စာနာမှု မရှိသော ရာဇဝတ်မှုများကို စစ်ဆေးရန် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်အား ထောက်ခံရန် နယူးဇီလန်အား တောင်းဆိုခဲ့သည်။

နယူးဇီလန်သည် နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး (ICC) ကို တည်ထောင်သော ရောမ ဥပဒေ စည်းမျဉ်း (Rome Statute) ကို ညှိနှိုင်းရာတွင် အဓိက ကဏ္ဍမှ ပါဝင်ခဲ့သည်။ ထို့အပြင် စာချုပ်ကို ပထမဆုံး လက်မှတ် ရေးထိုးသော နိုင်ငံ ဖြစ်သည်။ သို့သော် နယူးဇီလန်သည် မြန်မာနိုင်ငံ၏ စစ်ရာဇဝတ်မှုများနှင့် လူသားချင်း စာနာမှု မရှိသော ရာဇဝတ်မှုများကို ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်က စုံစမ်းရန် ကိစ္စတွင် လူသိရှင်ကြား ထောက်ခံခြင်း မရှိသေးပေ။

ယခုအပတ် အစောပိုင်းက အမေရိကန် ပြည်ထောင်စုသည် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်အား သြစတြေးလျ၊ ဗြိတိန်၊ ချက်နှင့် ဆလိုဗေးကီးယားတို့ နောက်တွင် လူသိရှင်ကြား ထောက်ခံသော ပဉ္စမမြောက်နိုင်ငံ ဖြစ်သည်။

ယခုနှစ် မတ်လက မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်က ဖော်ထုတ်ခဲ့သော အစီရင်ခံစာတွင် စနစ်ကျပြီး တိုးပွားလာသော အဆိုပါ ကျူးလွန်မှုများနှင့် ၎င်းတို့ကို ရပ်တန့်အောင် မလုပ်နိုင်ခြင်းများသည် အုပ်ချုပ်ရေးပိုင်း၊ စစ်တပ်ပိုင်း၊ တရားစီရင်ရေးပိုင်း အားလုံး ပါဝင် ပတ်သက်သော တိုင်းပြည်၏ မူဝါဒသဖွယ် ဖြစ်လာနေကြောင်း ညွှန်းဆိုနေခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။ ထို့ပြင်အဆိုပါ အစီရင်ခံစာတွင် အချို့ လူ့အခွင့်အရေး ရက်စက်မှုများသည် နိုင်ငံတကာ တရားရုံးမှ စည်းမျဉ်းများအရ လူသားချင်း မစာနာမှုနှင့် စစ်ရာဇဝတ်မှုများကို ဆန့်ကျင် ဖောက်ဖျက်နေကြောင်း အစီရင်ခံချက်များအရ သိရှိရသည်ဟု ဆိုသည်။ ထို့ကြောင့် ကုလသမဂ္ဂ အဖွဲ့အစည်းများသည် နိုင်ငံတကာ ရာဇဝတ်မှုများကို ကျူးလွန်ကြောင်း ဖော်ထုတ်မည့် အာဏာ လွှဲအပ်ထားသော စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့ရန် စဉ်းစားရန် ဖော်ပြထားသည်။

ထို့ကြောင့် နယူးဇီလန် အနေဖြင့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်ဆိုင်းရန်နှင့် တရားဥပဒေ ရှေ့မှောက်သို့ ပို့ဆောင်ရေးတွင် ထောက်ခံ အားပေးသင့်သည်ဟု National Council of the Union of Burma နယူးဇီလန်ရုံးမှ ဒါရိုက်တာဖြစ်သူ နိုင်ငံရေး အကျဉ်းသားဟောင်း နိုင်ကိုကိုက ပြောသည်။ "မြန်မာ ဗိုလ်ချုပ်တွေဟာ အမျိုးသမီးများကို အဓမ္မ ကျင့်ခြင်း၊ လူသတ်ခြင်းနှင့် ညှဉ်းပမ်း နှိပ်စက်မှုများအတွက် တာဝန်ရှိပါတယ်။ သူတို့ဟာ နိုင်ငံတကာ ဥပဒေတွေကို နှစ်ပေါင်းများစွာ ဖောက်ဖျက်နေပြီး၊ သူတို့ကို ဘယ်သူကမှလည်း၊ ရပ်အောင် မလုပ်နိုင်ပါဘူး။ အခု နယူးဇီလန် အနေနဲ့ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်ကိုတော့ ထောက်ခံ ပံ့ပိုးရပါမယ်'' ဟု ၎င်းက ဆိုသည်။

"နယူးဇီလန်အနေနဲ့ နိုင်ငံတကာ ဥပဒေကို လေးစားအောင် လုပ်ရာတွင် ရှေ့တန်းက ပါသင့်ပါတယ်။ ခြေလှမ်း မနှေးသင့်ပါဘူး'' ဟု Burma Campaign UK မှ ဒါရိုက်တာ Mark Farmaner  က ပြောသည်။ "နယူးဇီလန်ဟာ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်ကို လူသိရှင်ကြား ထောက်ခံ ပံ့ပိုးသင့်ပါတယ်။ ဒီကိစ္စကို ဒီနှစ်နှောင်းပိုင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက်မှာ ပါဝင်ရေး လုပ်ပေးသင့်ပါတယ်'' ဟု ၎င်းကဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 19th August 2010

ကမ္ဘာပေါ်တွင် အကြီးဆုံး မိုဘိုင်းလ် ကုမ္ပဏီဖြစ်သော China Mobile က ယခု နှစ်ဝက်တွင် အမြတ် ၄% တက်လာကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ယခုနှစ် ပထမ ခြောက်လအတွက် အသားတင် အမြတ်မှာ ယမန်နှစ်က ၅၅.၃၃ ဘီလျံယွမ် ရှိခဲ့ရာမှ ၅၇.၆၄ ဘီလျံယွမ် (ဒေါ်လာ ၈.၅ ဘီလျံ ၊ ပေါင် ၅.၄၅ ဘီလျံ) ရှိလာသည်။

သို့သော် China Mobile သူဋ္ဌေး Wang Jianzhou က ပြိုင်ဆိုင်မှု ပြင်းထန်လာသော ထုတ်လုပ်မှုများနှင့် ထိုးဖောက်မှု နှုန်းမြင့်လာသော မိုဘိုင်းလ်များ အပါအဝင် စိန်ခေါ်မှုများကို သတိပေးခဲ့သည်။

ဒုတိယဥက္ကဋ္ဌ လီယူမှာ အလုပ်အမှုဆောင် ဥက္ကဋ္ဌ အဖြစ် မစ္စတာဝမ်နေရာကို အစားထိုး လိမ့်မည်ဟုလည်း ကုမ္ပဏီက ကြာသပတေးနေ့တွင် ပြောကြားသည်။

မစ္စတာဝမ်ကမူ အမှုဆောင် ဒါရိုက်တာနှင့် ဥက္ကဋ္ဌ ရာထူးများကို ဆက်လက် ထမ်းဆောင်မည်ဟု သိရသည်။

ပထမနှစ်ဝက် ရလဒ်များမှာ လေ့လာသူများ ခန့်မှန်းထားသော အမြတ်ငွေ ၅၆.၂၉ ဘီလျံယွမ် ရရှိရန် အနည်းငယ် လိုအပ်နေသည်။ ကုမ္ပဏီ ဝင်ငွေမှာ ၈% မြင့်တက်ကာ ၂၂၉.၈ ဘီလျံယွမ် ရရှိခဲ့သည်။

ဟောင်ကောင် စတော့ ဈေးကွက်စာရင်းဝင် China Mobile ၏ ရှယ်ယာများမှာ ယခုနှစ်အတွင်း ယခုအချိန်အထိ ၁၆ % မြင့်တက်ခဲ့ပြီး Hang Seng အညွှန်းပြ ဇယားတွင် ၃ % ကျဆင်းမှုနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။

ကုမ္ပဏီတွင် အသုံးပြုသူ ဖောက်သည် သန်း ၅၀၀ ကျော် ရှိသည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, 19th August 2010

တရုတ်နိုင်ငံ၏ နျူကလီယာ ကိုယ်စားလှယ် အဖွဲ့သည် မြောက်ကိုရီးယား နျူကလီယာ လက်နက် ဖျက်သိမ်းရေး ဆိုင်ရာ ၆ နိုင်ငံ ဆွေးနွေးပွဲများ ပြန်လည် စတင်ရေး အတွက် ဆွေးနွေးရန် မြောက်ကိုရီးယားသို့ ယခု အပတ် အတွင်း သွားရောက်ခဲ့သည်ဟု ဘေဂျင်းက ကြာသပတေးနေ့တွင် ပြောကြားသည်။

မြောက်ကိုရီးယားသည် ၎င်း၏ တာဝေးပစ် ဒုံးကြည် စမ်းသပ်မှုကို နိုင်ငံတကာက ပြစ်တင် ရှုတ်ချခဲ့ခြင်းကို ဆန္ဒပြသည့် အနေဖြင့် ခြောက်နိုင်ငံ နျူကလီယာ ဆွေးနွေးပွဲမှ မနှစ်က ထွက်ခွာ သွားခဲ့ခြင်း ဖြစ်သည်။ ရေတပ်သား ၄၆ ဦး သေဆုံးခဲ့ရသော တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှုတွင် မြောက်ကိုရီးယားက တိုပီဒိုဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတကာ စုံစမ်းရေး အဖွဲ့က စွပ်စွဲခဲ့ပြီးနောက် ဆွေးနွေးပွဲများ ပြန်လည် စတင်ရေး အလားအလာမှာ သံသယ ဖြစ်ဖွယ် အနေအထားသို့ ရောက်ရှိနေသည်။ စစ်သင်္ဘောအား တိုက်ခိုက်မှုနှင့် ပတ်သက်၍ မြောက်ကိုရီးယားက ငြင်းဆိုထားသည်။

ကြာသပတေးနေ့တွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ၎င်းတို့၏ နျူကလီယာ အကြီးအကဲ ဝူဒါဝေသည် ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် စတင်ရေးကို ဆွေးနွေးရန် မြောက်ကိုရီးယားသို့ တနင်္လာနေ့မှ ဗုဒ္ဓဟူးနေ့ အထိ သွားရောက်ခဲ့သည်ဟု ပြောကြားသည်။

ဝူဒါဝေသည် နျူကလီယာ ထိပ်တန်း ကိုယ်စားလှယ် ကင်ကျီဂွမ် နှင့် နိုင်ငံခြားရေး ဝန်ကြီး ပတ်အီချွန် အပါအဝင် မြောက်ကိုရီးယား တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံမည် ဖြစ်သည်။ ၎င်းတို့သည် ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းရေး ခြောက်နိုင်ငံ ဆွေးနွေးပွဲများ ပြန်လည် စတင်ရေး တို့ကို ဆွေးနွေးကြမည်ဟု ဝန်ကြီးဌာန ကြေညာချက်တွင် ဖော်ပြထားသည်။

ကြေညာချက်တွင် အခြား အသေးစိတ် အချက်အလက်များ မပါဝင်သော်လည်း တောင်ကိုရီးယား ယွန်ဟတ် သတင်းဌာနက ကိုရီးယား နှစ်နိုင်ငံ၊ တရုတ်၊ အမေရိကန်၊ ဂျပန်နှင့် ရုရှားတို့ ပါဝင်သော ခြောက်နိုင်ငံ ဆွေးနွေးပွဲများကို ပြန်လည် စတင်ခြင်းဖြင့် စစ်သင်္ဘော နစ်မြုပ်မှုကြောင့် တင်းမာနေမှုကို ဖြေရှင်းရန် ဘေဂျင်းက ဆန္ဒရှိသည် ဆိုသည်ကို ဝူ၏ ခရီးစဉ်က ရည်ညွှန်းနေသည်ဟု သတင်း ထုတ်ပြန်ခဲ့သည်။

ဘေဂျင်းမှ အမည် မဖော်ပြသော သံတမန် သတင်း ရပ်ကွက်ကို ကိုးကား၍ ယွန်ဟတ် သတင်းဌာနက ဖော်ပြရာတွင် တောင်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စုတို့ ပင်လယ်ဝါတွင် လာမည့်လ အစောပိုင်း၌ ပြုလုပ်ရန် စီစဉ်ထားသော နောင်တချီ ပူးတွဲစစ်ရေး လေ့ကျင့်မှု မတိုင်မီ ဝူ၏ ခရီးစဉ် ပေါ်ထွက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ စစ်ရေး လေ့ကျင့်မှုများကို တရုတ်က အကြိမ်ကြိမ် ကန့်ကွက်ခဲ့ပြီး ၎င်းစစ်ရေး လေ့ကျင့်မှုများသည် ကိုရီးယား ကျွန်းဆွယ် တင်းမာမှုကို ပိုမို ကြီးထွားစေပြီး မိမိတို့ ကမ်းလွန်တွင် နိုင်ငံခြား စစ်တပ်များ လေ့ကျင့်မှု မပြုရန် ကန့်ကွက်မှုကိုလည်း လှစ်လျူရှု ခဲ့သည်ဟု ပြောကြားခဲ့သည်။

ယခု တစ်ပတ် တောင်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စုတို့ စတင် ပြုလုပ်လျက် ရှိသော နှစ်ပတ်လည် ပူးတွဲ စစ်ရေး လေ့ကျင့်ခန်းများကို မြောက်ကိုရီးယားက "ကျူးကျော်ရန် အစမ်း လေ့ကျင့်မှု" ဟု ခေါ်ဝေါ်ခဲ့သည်။ ယခင်လက ပြုလုပ်ခဲ့သော ကြီးမားသည့် ရေတပ် ပူးတွဲ လေ့ကျင့်မှု အပြီးတွင် ယခု စစ်ရေး လေ့ကျင့်မှုကို ဆက်လက် ပြုလုပ်ခြင်း ဖြစ်သည်။

၁၉၅၀-၅၃ ကိုရီးယား စစ်ပွဲမှာ ငြိမ်းချမ်းရေး စာချုပ် မချုပ်ဆိုပဲ အပစ်အခတ် ရပ်စဲရေး စာချုပ်ဖြင့် ပြီးဆုံးခဲ့ခြင်းကြောင့် ကိုရီးယား ကျွန်းဆွယ်တွင် စစ်ပွဲ မပြီးသေးသည့် သဘော သက်ရောက် နေသည်။ အမေရိကန် ပြည်ထောင်စုက ၎င်း၏ အဓိက မဟာမိတ် နိုင်ငံကို ကာကွယ်ပေးရန် တပ်ဖွဲ့ဝင် ၂၈၅၀၀ တောင်ကိုရီးယားတွင် တပ်စွဲထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်ဟောင်းများ ဖွဲ့စည်း ထူထောင်လိုက်သည့် အတိုက်အခံ ပါတီ တစ်ခု ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) က နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲ မတိုင်မီ မန္တလေးမြို့တွင် ပါတီရုံးခွဲသစ် ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ရဲများ၊ ထောက်လှမ်းရေး အဖွဲ့ဝင်များ စောင့်ကြည့်ခြင်း ခံရသော အဆိုပါ ရုံးခန်းသစ် ဖွင့်လှစ်ပွဲသို့ လူပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း၊ NDF ပါတီဝင်များက ဖဲကြိုးဖြတ် မိုးပျံ ပူဖေါင်းများ လွှတ်တင်ကာ ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယခုလို ရုံးခွဲ ဖွင့်လှစ်ခြင်းသည် ရွေးကောက်ပွဲ မတိုင်မီ အထက် မြန်မာနိုင်ငံ၏ အဓိက ကျသော မြို့တွင် ထောက်ခံမဲ ရရှိရန် ကြိုးပမ်းမှု တစ်ရပ်လည်း ဖြစ်သည်။

"တရားမျှတသည် ဖြစ်စေ၊ မမျှသည်ဖြစ်စေ လာမယ့် ရွေးကောက်ပွဲမှာ ကျွန်တော်တို့ ဝင်ရောက် ယှဉ်ပြိုင်မှာပါ၊ ပြည်သူတွေ အနေနဲ့ အရင်တုန်းကလိုပဲ NLD ကို မဲပေးရတော့မယ်လို့ မျှော်လင့်ကောင်း မျှော်လင့်ခဲ့ကြမှာပါ။ ဒါပေမဲ့ စိတ်မကောင်းစရာ ပါပဲ၊ NLD က ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မှု ပြုမှာ မဟုတ်တဲ့ အတွက် အခုပွဲမှာ NLD ဆက်လက် မပါဝင်နိုင်တော့ပါဘူး" ဟု NDF ဥက္ကဌ ဒေါက်တာ သန်းငြိမ်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဆယ်စုနှစ် ၂ ခုအတွင်း ပထမဆုံးအကြိမ် ကျင်းပ ပြုလုပ်သည့် ရွေးကောက်ပွဲ အတွက် ပြည်သူများက မဲပေးရန် အသင့် ဖြစ်နေချိန်တွင် အကယ်၍ မိမိတို့ အနေဖြင့် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မှု မပြုလုပ်ပါက တာဝန် ပျက်ကွက်လိမ့်မည်ဟု NDF ပါတီအဖွဲ့ဝင်များက ခံစားခဲ့ရကြောင်း ဒေါက်တာသန်းငြိမ်းက ပြောဆိုသည်။

"ကျွန်တော်တို့ဟာ နောက်ဆုတ်မှာ မဟုတ်သလို ရှောင်ပြေးမယ့် သူတွေလည်း မဟုတ်ပါဘူး။ အခက်အခဲတွေကြောင့် တပ်ဆုတ်မယ့် သူတွေလည်း မဟုတ်ပါဘူး" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

NDF ပါတီ၏ ရွေးကောက်ပွဲ ဝင်မည့် ဆုံးဖြတ်ချက်သည် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြားသော NLD ပါတီဝင်များနှင့် သဘောထားချင်း တိုက်ဆိုင်မှု မရှိပေ။ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတမှု မရှိသောကြောင့် သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲကို အတိုက်အခံ နိုင်ငံရေးသမား အများစုနှင့် အနောက်နိုင်ငံများက အတုအယောင်မျှသာ ဖြစ်ပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရန် အဓိက ဦးတည်ထားခြင်းသာ ဖြစ်သည်ဟု ပြင်းပြင်းထန်ထန် ပြစ်တင် ဝေဖန်ကြသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံသို့ သြဂုတ်လ ဒုတိယ နောက်ဆုံးပတ်အတွင်း တောင်ကိုရီးယား စီနီယာသံတမန် လာရောက် လည်ပတ်မည့် ခရီးစဉ်တွင် မြန်မာနှင့် မြောက်ကိုရီးယား နျူကလီယာ ပူးပေါင်း ဆောင်ရွက်နေသည့် ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေး ပြောဆိုသွားမည် ဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက သြဂုတ်လ ၁၈ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။

တောင်ကိုရီးယား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Shin Kak-soo သည် မြန်မာနိုင်ငံသို့ သြဂုတ်လ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ လာရောက် လည်ပတ်ရန် စီစဉ်ထားသည်။ အဆိုပါ ခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသည့် ဒီမိုကရေစီ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု ရှိရန် မြန်မာအစိုးရကို တိုက်တွန်း ပြောဆိုမည် ဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် မစ္စတာ Kim Yong-son က ပြောကြားသည်။ အဆိုပါ ရွေးကောက်ပွဲသည် ၁၉၉၀ ပြည့်နှစ် ဒီမိုကရေစီ ရွေးကောက်ပွဲ နောက်ပိုင်း ပထမဆုံး ဖြစ်လာမည် ဖြစ်သည်။

ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Shin Kak-soo အနေဖြင့် မြန်မာနှင့် မြောက်ကိုရီးယား အကြား နျူကလီယာ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်နေသည်ဟု သံသယ ရှိနေသည့် ကိစ္စကိုလည်း ထုတ်ဖော် ဆွေးနွေးဖွယ် ရှိသည်။

"မြန်မာနဲ့ မြောက်ကိုရီးယား အကြား နျူကလီယာ ပူးပေါင်း လုပ်ဆောင်မှု အပါအဝင် ဖြစ်နိုင်ခြေ ရှိတဲ့ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေကို ကျွန်တော်တို့ အစိုးရက အနီးကပ် မျက်ခြည်မပြတ် စောင့်ကြည့်လျက် ရှိပါတယ်" ဟု ပြောခွင့်ရ ပုဂ္ဂိုလ် Kim Yong-son က ဆိုသည်။

"ကျွန်တော်တို့ အစိုးရဟာ အမေရိကန်ပြည်ထောင်စု အပါအဝင် အခြား သက်ဆိုင်မှုရှိတဲ့ နိုင်ငံတွေ အားလုံးနဲ့ ပူးတွဲ လုပ်ကိုင်နေပါတယ်။ ဒါပေမဲ့ အဲဒီ မြန်မာနဲ့ မြောက်ကိုရီးယား နျူကလီယာ ပူးပေါင်း ဆောင်ရွက်မှု ရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အတည်မပြုရသေးပါဘူး။ ဒါပေမဲ့ ဒုဝန်ကြီး မစ္စတာ Shin အနေနဲ့ မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေးကိစ္စကို ခရီးစဉ်အတွင်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လတွင် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Pak Ui-chun မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ပြီး မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ အဆိုပါ ခရီးစဉ်သည် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး တစ်ဦးအနေဖြင့် နှစ်ပေါင်း ၂၇ နှစ်အတွင်း ပထမဆုံး ခရီးစဉ် ဖြစ်ခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က "မြန်မာနိုင်ငံဟာ နျူကလီယာ အစီအစဉ် အကောင်အထည် ဖော်ဖို့ မြောက်ကိုရီးယား နိုင်ငံဆီက အကူအညီ အထောက်အပံ့ ရယူဖို့ ကြိုးစားနေတယ် ဆိုတဲ့ သတင်းပေးပို့မှုတွေနဲ့ ပတ်သက်ပြီး ကျွန်မတို့ အမေရိကန်ပြည်ထောင်စုက စိုးရိမ်မကင်း ဖြစ်နေရဆဲပါပဲ" ဟု ထုတ်ဖော် သတိပေးခဲ့ဖူးသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Philip Crowley က မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေးတွင် ပွင့်လင်းမြင်သာမှု မရှိဟု အမေရိကန်ပြည်ထောင်စုက ရှုမြင်ကြောင်း ပြောဆိုသည်။

မြန်မာ-မြောက်ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးသည် ၁၉၈၃ ခုနှစ် တောင်ကိုရီးယား သမ္မတ၏ ချစ်ကြည်ရေး ခရီးစဉ်အတွင်း မြောက်ကိုရီးယား ဗုံးခွဲ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် အဆက်အသွယ် ပြတ်တောက်ခဲ့သည်။ ၂၀၀၇ ခုနှစ် အရောက်တွင် နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည် စတင်ခဲ့သည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ယခင်က ရန်သူတော်များ ဖြစ်ခဲ့ကြသည့် ဗီယက်နမ်နှင့် အမေရိကန် ပြည်ထောင်စုတို့ စစ်ဘက်ဆိုင်ရာ ဆွေးနွေးမှုများ ပထမဆုံးအကြိမ်အဖြစ် သြဂုတ်လ ၁၇ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ အမေရိကန် စီနီယာ အရာရှိကြီး တစ်ဦးက ဗီယက်နမ်နှင့် ပြုလုပ်သော အဆိုပါ ဆွေးနွေးပွဲသည် အကျိုး ဖြစ်ထွန်းမှု ရှိသလို အောင်မြင်မှုလည်း ရှိခဲ့ကြောင်း ပြောဆိုသည်။

"ရင်းရင်းနှီးနှီးနဲ့ ပွင့်ပွင့်လင်းလင်း လုပ်ခဲ့တဲ့ အဲဒီ ဆွေးနွေးပွဲကြောင့် ကျွန်တော် အင်မတန် အံ့အားသင့် ခဲ့ရပါတယ်။ ဒီဆွေးနွေးပွဲဟာ ပထမဆုံးအကြိမ် ဖြစ်ပေမယ့်လည်း ကျွန်တော်တို့ အနေနဲ့ ထိထိရောက်ရောက် ဆွေးနွေးနိုင်ခဲ့ပါတယ်" ဟု အမေရိကန် ဒုတိယ လက်ထောက် ကာကွယ်ရေး ဝန်ကြီး Robert Scher က ဗီယက်နမ် ဒုတိယ ကာကွယ်ရေး ဝန်ကြီး Nguyen Chi Vinh နှင့် ပူးတွဲ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ယခု စစ်ဘက် ဆွေးနွေးမှုသည် ဗီယက်နမ်-အမေရိကန် နှစ်နိုင်ငံ ပုံမှန် ဆက်ဆံရေး ပြန်လည် ထူထောင်နိုင်မှု ၁၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ကျင်းပခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း ဗီယက်နမ် ဆိပ်ကမ်းတွင် အမေရိကန် စစ်သင်္ဘော USS John S McCain ဆိုက်ကပ်ခဲ့ပြီး နှစ်နိုင်ငံ ရေတပ်စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ စစ်ရေး လေ့ကျင့်မှုသည် အမေရိကန်-ဗီယက်နမ် စစ်ရေးပူးပေါင်းမှု တိုးမြင့်လာခြင်းပင် ဖြစ်သည်။

"နောင်ကာလမှာ နှစ်နိုင်ငံ အပြန်အလှန် ယုံကြည်မှု၊ နားလည်မှုနဲ့ လွတ်လပ်မှုနဲ့ အချုပ်အခြာ အာဏာကို အပြန်အလှန် လေးစားမှု စတာတွေအပေါ် အခြေခံပြီး စစ်ရေး ဆက်ဆံမှု တိုးမြင့်အောင် လုပ်လာနိုင်ဖို့ ဒီဒိုင်ယာလော့ခ်က ကိုယ်စားပြုပါတယ်" ဟု Robert Scher က ဆိုသည်။

လူသားချင်း စာနာ ထောက်ထားသော အကူအညီများ၊ သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး၊ နိုင်ငံတကာ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး၊ ပင်လယ်ရေကြောင်း လုံခြုံရေး အစရှိသည်တို့ အပေါ် မည်သို့ ကောင်းမွန်စွာ ပူးပေါင်း ဆောင်ရွက်သွားမည် ဟူသော အချက်ကို နှစ်ဦးနှစ်ဖက် ဆွေးနွေးဖြစ်ခဲ့သည်ဟု ၎င်းက ပြောသည်။

"အချိန်တို ကာလလေး အတွင်းမှာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေ၊ မျှဝေ လုပ်ကိုင်မှုတွေ လုပ်လာနိုင်တာကိုလည်း ကျွန်တော့်အနေနဲ့ ဆက်ပြီး အံ့အားသင့်ရပြန်တယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

အမေရိကန်ပြည်ထောင်စုက အာရှဒေသတွင်း ဝင်ရောက်ပြီး တောင်ကိုရီးယားနှင့် စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခြင်း၊ ဗီယက်နမ် စစ်တပ်နှင့် နွေးထွေးသော ဆက်ဆံရေး ရရှိအောင် ပြုလုပ်နေခြင်း အစရှိသည်တို့နှင့် ပတ်သက်ပြီး တရုတ်နိုင်ငံက ရတက်မအေးနိုင် ဖြစ်လျက် ရှိသည်။

ဗီယက်နမ် အနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် စစ်ရေးအရ ရင်းနှီးမှု တိုးမြင့်လာခြင်းသည် အခြားသော နိုင်ငံများကို ထိခိုက်နစ်နာမှု မရှိပါကြောင်း ဗီယက်နမ် ဒုတိယ ကာကွယ်ရေး ဝန်ကြီးက ပြောသည်။

"ဒီလို ပူးပေါင်း ဆောင်ရွက်တာဟာ ဗီယက်နမ်ရော၊ အမေရိကန် အတွက်ပါ အကျိုးအမြတ် ဖြစ်ထွန်းစေပါတယ်၊ အခုလို လုပ်တဲ့ အတွက်ကြောင့် အခြား ဘယ်နိုင်ငံရဲ့ အကျိုးစီးပွားကိုမှ မထိခိုက်ပါဘူး" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

AP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

India World News, 18th August 2010

မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံ ပါတီကြီးမှ ခွဲထွက်ခဲ့သော နိုင်ငံရေးပါတီက လာမည့် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၁၀၀ ကျော် ဝင်ရောက် အရွေးခံရန် မျှော်လင့်ထားသည်ဟု ပါတီ အကြီးအကဲက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီ ဥက္ကဌ ဦးခင်မောင်ဆွေက "ကျွန်တော်တို့ တစ်နိုင်ငံလုံးမှာ ကိုယ်စားလှယ်လောင်း ၁၀၀ ကျော် ဝင်ပြိုင်နိုင်မယ်လို့ ထင်ပါတယ်" ဟု ပြောကြားသည်။ မြန်မာ အစိုးရက မဲဆန္ဒနယ် ၃၃၀ စီစဉ် ဖွဲ့စည်းထားကြောင်း လတ်တလော ကြေညာခဲ့သည်။

ယခုနှစ် ရွေးကောက်ပွဲကို သပိတ်မှောက်ထားသော ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် NLD မှ ခွဲထွက်လာသူ ပါတီဝင်ဟောင်းများက NDF ပါတီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ဦးခင်မောင်ဆွေသည် မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံး မြို့တော် မန္တလေးတွင် NDF ပါတီ၏ ဒုတိယ ရုံးခွဲကို ကြာသပတေးနေ့တွင် ဖွင့်လှစ်ပေးမည် ဖြစ်သည်။

"ရန်ကုန်နှင့် မန္တလေးမှာ ကျွန်တော်တို့ အကောင်းဆုံး လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်" ဟု ဦးခင်မောင်ဆွေက ဆိုသည်။ ၎င်းက စစ်ဖက် အုပ်ချုပ်သော နိုင်ငံတွင် ရွေးကောက်ပွဲများ တရားမျှတမှု ရှိလိမ့်မည် ဆိုသည်ကို ပြောရန် စောလွန်းသေးကြောင်း ပြောဆိုခဲ့ပြီး ကိုယ်စားလှယ်လောင်းများ မှတ်ပုံတင်ရာတွင် ကုန်ကျစရိတ် ကြီးလွန်းကြောင်းနှင့် ၎င်းတို့ပါတီ စည်းဝေးမှုများကို လုံခြုံရေး အဖွဲ့အစည်းများက စောင့်ကြည့် နေသည်ဟုလည်း ဖွင့်ဟခဲ့သည်။

ကိုယ်စားလှယ်လောင်း တစ်ဦးလျှင် မှတ်ပုံတင်ကြေး ကျပ် ၅ သိန်း (ဒေါ်လာ ၅၀၀) ပေးသွင်း ရသောကြောင့် အနိမ့်ဆုံး လစာငွေ တစ်လလျှင် ၃ သောင်းကျပ် (ဒေါ်လာ ၃၀) ခန့်သာ ရှိသည့် နိုင်ငံ အတွက် ကြီးမားလွန်းသော ပမာဏဟု ဆိုရမည် ဖြစ်သည်။

ယခုအချိန်ထိ ရွေးကောက်ပွဲ ဝင်မည့်ပါတီ ၄၀ ကို မြန်မာ အာဏာပိုင်များက မှတ်ပုံတင် ခွင့်ပြုခဲ့ပြီး ဖြစ်သည်။ အခြား လျှောက်ထားသော ပါတီ ၇ ခုမှာမူ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စစ်ဆေးနေဆဲ ဖြစ်သည်ဟု နိုင်ငံပိုင် မီဒီယာက ဗုဒ္ဓဟူးနေ့တွင် သတင်း ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် ၁၉၉၀ ခုနှစ်က နောက်ဆုံး ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် NLD ပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း စစ်ဖက် အုပ်ချုပ်သူများက အာဏာ လွှဲပြောင်းပေးခြင်း မရှိခဲ့ပါ။

ယခု အကြိမ်တွင်မူ ပါဝင် ယှဉ်ပြိုင်ရန် စည်းကမ်း အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီမှ ထုတ်ရန် ဖိအား ပေးထားသော ရွေးကောက်ပွဲ ဥပဒေများကို ကန့်ကွက်သည့် အနေဖြင့် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ပါတီက ဆုံးဖြတ်ခဲ့သည်။

ထောင်ဒဏ် ကျခံနေရသူ မည်သူမဆို ပါတီဝင်ခွင့် မပြုရဟု ရွေးကောက်ပွဲ ဥပဒေက ပိတ်ပင်ထားခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် လတ်တလောတွင် အကျယ်ချုပ် ပြစ်ဒဏ် ၁၈ လ ကျခံနေရကာ လာမည့် နိုဝင်ဘာ ၁၃ ရက် (သို့) ၂၇ ရက်တွင် လွတ်ရက်စေ့မည် ဖြစ်ပြီး သူမ၏ အကျယ်ချုပ် ပြစ်ဒဏ် မည်သည့်ရက်က စတင်သည်ကို အာဏာပိုင်များ သတ်မှတ်သည့် အပေါ်တွင် မူတည်နေသည်။

၁၉၆၂ ကစ၍ စစ်ဖက်က အုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကြောင့် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာမည်ဟု မျှော်လင့်သူ အနည်းငယ်သာ ရှိသည်။

အခြေခံ ဥပဒေသစ်ပါ ပြဋ္ဌာန်းချက်အရ အထက်လွှတ်တော်ကို စစ်အစိုးရ ခန့်အပ်သော အဖွဲ့တစ်ပိုင်း ဖြစ်အောင် ပြုလုပ်ကာ ဥပဒေပြုခြင်း အပေါ် ဗီတိုအာဏာ သုံးစွဲခွင့်ပြုကာ ရွေးကောက်ခံ အစိုးရ အပေါ် စစ်တပ်က ထိန်းချုပ် လွှမ်းမိုးရန် ခွင့်ပြုထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, 18th August 2010

မြန်မာနိုင်ငံမှ လူသားမျိုးနွယ် အပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးမည့် ကုလသမဂ္ဂ ကော်မရှင် ဖွဲ့စည်းရေးကို ထောက်ခံရန် အိုဘားမား အစိုးရက ဆုံးဖြတ်လိုက်သည်ဟု ဝါရှင်တန်ပို့စ်က ဗုဒ္ဓဟူးနေ့တွင် သတင်း ဖော်ပြခဲ့သည်။

အမည် မဖော်လိုသော အမေရိကန် အရာရှိများ၏ ပြောကြားမှုကို ဝါရှင်တန်ပို့စ် သတင်းစာ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြရာ၌ အိုဘားမား အစိုးရသည် မြန်မာနိုင်ငံမှ နိုင်ငံရေး အကျဉ်းသား ထောင်ဂဏန်းကို လွှတ်ပေးရန်နှင့် နိုင်ငံရေးစနစ် ပိုမို လွတ်လပ်ရန် မြန်မာအစိုးရကို ဖိအားပေးမည့် ငွေကြေး အရေးယူ ပိတ်ဆို့မှုများ တင်းကြပ်ရေးကိုလည်း စဉ်းစား သုံးသပ်နေသည်ဟု ရေးသားထားသည်။

၁၉၉၂ မှစ၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်ခဲ့သော စစ်ဖက် အစိုးရ အပေါ် စုံစမ်း စစ်ဆေးမည့် အစီအစဉ်ကို ထောက်ခံ အားပေးရန် အိုဘားမား အစိုးရက ကိုယ်တိုင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟုလည်း သတင်းစာက ဆိုသည်။

ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး ပါတီ အနိုင်ရရှိခဲ့သော ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်များကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ၎င်း၏ သစ္စာခံများက ပယ်ဖျက်ခဲ့ ပြီးနောက် သူမမှာ ယခုအချိန်ထိ အကျယ်ချုပ် ထိန်းသိမ်းခံ နေရဆဲ ဖြစ်သည်။

နိုင်ငံတကာတွင် Burma ဟု လူသိများသော မြန်မာနိုင်ငံသည် အနှစ် ၂၀ အတွင်း ပထမဆုံး ဖြစ်ဖွယ်ရှိသည့် ရွေးကောက်ပွဲများကို နိုဝင်ဘာလ ၇ ရက်တွင် ကျင်းပမည်ဟု ဆိုသော်လည်း နိုင်ငံရေး လောကတွင် စစ်တပ်၏ သြဇာ အာဏာ ဆက်လက် တည်တံ့စေရန် ရည်ရွယ်၍ ဒီဇိုင်း ထုတ်ထားသော အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်သည်ဟု ဝေဖန် ဆန်းစစ်သူများက သုံးသပ်ထားသည်။

ဝါရှင်တန် အခြေစိုက် US Campaign for Burma မှ အမှုဆောင် ဒါရိုက်တာ အောင်ဒင်က "အိုဘားမား အစိုးရသည် မှန်ကန်သော အချိန်ကိုက် လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်" ဟု ကြိုဆိုခဲ့သည်။

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သော ကြေညာချက်တွင် အောင်ဒင်က "မြန်မာ အစိုးရ အဖွဲ့ဝင်တွေဟာ အတုအယောင် ရွေးကောက်ပွဲက တဆင့် အတုအယောင် အခြေခံ ဥပဒေ အာဏာ သက်ရောက်အောင် လုပ်ပြီး သူတို့ရဲ့ ညစ်ပတ်တဲ့ ရာဇဝတ်မှုတွေကို ပယ်ဖျက်နိုင်ဖို့ မျှော်လင့် နေကြတာပါ။ အမေရိကန် ပြည်ထောင်စုဟာ သူတို့ရဲ့ မာန်ပြ ရွေးကောက်ပွဲကို အသိအမှတ်ပြုမှာ မဟုတ်သလို၊ သူတို့ နိုင်ငံသားတွေ အပေါ် သူတို့ ကျူးလွန်တဲ့ ကြောက်မက်ဖွယ် ညှင်းပန်း နှိပ်စက်မှုတွေ အတွက် သူတို့ တာဝန် ယူဆောင် လုပ်ဆောင်သွားမယ် ဆိုတာကို အခု ရှင်းရှင်းလင်းလင်း အသိပေးလိုက်တာပါပဲ" ဟု ပြောကြားခဲ့သည်။

အိုဘားမား အစိုးရသည် အာဏာရလာ ပြီးနောက် မြန်မာနိုင်ငံ အပေါ် ကိုင်တွယ်မှု ပုံစံ ပြောင်းလဲရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ခဲ့သည်။

ဒီမိုကရေစီ ထောက်ခံသူများနှင့် လူ့အခွင့်အရေး အုပ်စုများက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအား မြန်မာ စစ်အစိုးရ အပေါ် လက်နက် ကုန်သွယ်မှု တားမြစ်ရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းရေး ကော်မရှင် ဖွဲ့၍ စစ်ဆေးရန် တိုက်တွန်းလျက် ရှိသည်။

မြန်မာ စစ်တပ်က ကရင် လက်နက်ကိုင်များအား တိုက်ခိုက်မှုကြောင့် ဒုက္ခသည် ထောင်ပေါင်း များစွာ နယ်စပ် ဖြတ်ကျော် ထွက်ပြေး နေကြသော ထိုင်း-မြန်မာ နယ်ခြား တစ်လျှောက်တွင် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ပြဿနာများ ကြီးထွားလာမည်ကို လူ့အခွင့်အရေး အဖွဲ့များက စိုးရိမ် နေကြခြင်း ဖြစ်သည်။ မြန်မာ အစိုးရထံမှ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ရရှိလိုသော KNU တပ်ဖွဲ့များနှင့် မြန်မာ စစ်တပ်တို့ အကြား ပြည်တွင်းစစ် ဖြစ်ပွားခဲ့သည်မှာ ရာစု နှစ်ဝက်ခန့် ရှိပြီ ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, 17th August 2010

ဘေဂျင်းသည် ဝါရှင်တန်၏ စစ်ဖက်ဆိုင်ရာ ပိုမို ပွင့်လင်း မြင်သာရေး မျှော်လင့်ချက်များကို ကျေနပ် နှစ်သိမ့်စေမည့် လက္ခဏာ မရှိသဖြင့် ၎င်းတို့ နှစ်နိုင်ငံ လက်နက်ကိုင် တပ်ဖွဲ့များ အကြား တင်းမာမှုများမှာ ကျန်ရှိနေဆဲ ဖြစ်သည်ဟု တရုတ် ပညာရှင်များက အင်္ဂါနေ့တွင် ပြောကြားသည်။

တရုတ်နိုင်ငံသည် အဓိက စစ်ရေးပါဝါ ဖြစ်လာရန် လျှို့ဝှက်စွာ လုပ်ဆောင်မည့် ရည်မှန်းချက်ကို ဆက်လက် ဆုပ်ကိုင် ထားသဖြင့် နားလည်မှု လွှဲမှားမည့် အလားအလာနှင့် အခြား နိုင်ငံများနှင့် ပြဿနာ ဖြစ်ပွားမည့် အလားအလာ ကြီးထွားလာသည်ဟု ဖော်ပြထားသော ပင်တာဂွန် နှစ်ပတ်လည် အစီရင်ခံစာ ထုတ်ပြန်ခဲ့ ပြီးနောက် တရုတ် ပညာရှင်များက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဘေဂျင်း အခြေစိုက် ပညာရှင်များက "ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်သည် ပိုမို ပွင့်လင်းရန် ကြိုးစားခဲ့သော်လည်း ပွင့်လင်း မြင်သာမှု စံသတ်မှတ်ချက် ကွာဟ နေဆဲ ဖြစ်သည်" ဟု ပြောကြားခဲ့သည်။

"တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ် အနည်းငယ် အတွင်းမှာ စစ်ဖက်ဆိုင်ရာ ပွင့်လင်းမှုကို ဖြေးဖြေး မှန်မှန် တိုးမြှင့်လာခဲ့ပေမယ့် အမေရိကန် ပြည်ထောင်စုက တောင်းဆိုတဲ့ အဆင့်ကို ရောက်ဖို့ လတ်တလော မဖြစ်နိုင်သေးပါဘူး" ဟု Renmin Unversity မှ အမေရိကန်ရေးရာ ကျွမ်းကျင်သူ ရှီရင်ဟောင်က ဆိုသည်။

ကြာမြင့်စွာ လျှို့ဝှက် ဖုံးကွယ်ခဲ့သော တရုတ် စစ်တပ် PLA သည် လတ်တလော နှစ်များ အတွင်း ၎င်း၏ ပြင်ဆင် ဖွဲ့စည်းမှုနှင့် တာဝန်ကို အစီရင်ခံစာများ ထုတ်ပြန်ခဲ့ပြီး ဆိပ်ကမ်း ဆိုက်ရောက် ခရီးစဉ်များ၊ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး မစ်ရှင်များ၊ ပူးတွဲ စစ်ရေး လေ့ကျင့်မှုများမှ တဆင့် အခြားနိုင်ငံ တပ်မတော်များနှင့် ဆက်ဆံ ထိတွေ့ခဲ့သည်။ ယင်းသို့ လုပ်ဆောင်မှုများသည် တရုတ် စစ်ရေး တည်ဆောက်မှု၏ နောက်ကွယ်မှ အကြောင်းရင်း အပေါ် စိုးရိမ်မှုများ လျှော့နည်းရန် အထောက်အကူ ပြုလိမ့်မည်ဟု မျှော်လင့်ကြောင်း သံတမန်များက ပြောဆိုကြသည်။

သို့သော်လည်း ဘေဂျင်းက မဟာပြိုင်ဘက် အဖြစ် သတ်မှတ်ထားသော အမေရိကန် ပြည်ထောင်စုနှင့် ပိုမို ပွင့်လင်း မြင်သာမှု အကျိုးကျေးဇူးများ ရရှိစေမည့် နိုင်ငံခြားရေး မူဝါဒကို ထိပ်ပိုင်း အရာရှိများက များစွာ သံသယ ရှိနေကြသည်ဟု ယုံကြည်ရသည်။

တပ်ဖွဲ့ဝင် အင်အား ၂.၃ သန်းရှိ စစ်တပ်ကို ကိုင်တွယ်နေသည့် တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနနှင့် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့က ပင်တာဂွန် အစီရင်ခံစာ အပေါ် ချက်ချင်း မှတ်ချက် မပေးကြသေးပါ။

ပင်လယ်ဝါတွင် ပြုလုပ်သော အမေရိကန်-တောင်ကိုရီးယား ပူးတွဲ ရေတပ် လေ့ကျင့်မှုများ အပေါ် ဘေဂျင်းက အလွန်အမင်း မကျေမနပ် ဖြစ်နေသည့်ကြားမှ အစီရင်ခံစာ ထုတ်ပြန်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်၏ ယခင်လက ပြောကြားမှုများမှာလည်း တရုတ်နိုင်ငံကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။ တောင်တရုတ် ပင်လယ်ပြင်နှင့် ပတ်သက်၍ တရုတ်နှင့် အရှေ့တောင် အာရှနိုင်ငံများ အကြား ပိုင်နက် အငြင်းပွားမှုများတွင် မလိုလားအပ်သော ကြားဝင် စွက်ဖက်မှုဟု တရုတ်တို့က ရှုမြင်ခဲ့ကြသည်။

ထို့အပြင် အမေရိကန် ပြည်ထောင်စုက ထိုင်ဝမ်နိုင်ငံသို့ ဒေါ်လာ ၆.၄ ဘီလျံ တန်ဖိုးရှိ လက်နက်များ ရောင်းချပေးခဲ့ခြင်းကို လက်တုန့်ပြန်သည့် အနေဖြင့် အမေရိကန် စစ်ဖက်နှင့် ဆက်ဆံမှုကို ဘေဂျင်းက ဇန်နဝါရီလတွင် ရပ်ဆိုင်း ထားခဲ့သည်။

အထက်ပါ ကိစ္စများ ပေါင်းစုမှုကြောင့် နှစ်နိုင်ငံ အကြား တင်းမာမှုကို မကြုံစဖူး ကြီးထွားစေခဲ့သော်လည်း အမေရိကန်၏ စစ်ရေး စွမ်းရည် သာလွန်မှုကြောင့် ပဋိပက္ခ တကယ် ဖြစ်ပွားမည့် အလားအလာ နည်းပါးသည်ဟု ပီကင်း တက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာနမှ ဇူဖန်းက ပြောကြားသည်။

"နှစ်နိုင်ငံ အကြား စစ်ရေး အင်အား ကွာဟမှု အရမ်း ကြီးမားတယ် ဆိုတာကို ပင်တာဂွန်က ကောင်းကောင်း သိပါတယ်။ အမေရိကန် လေယာဉ်တင် သင်္ဘောတွေကို တရုတ်က တိုက်ခိုက်လိမ့်မယ်လို့ ပြောတာကတော့ ရီစရာ မကောင်းပေဘူးလား" ဟု ဇူဖန်းက ဆိုသည်။

အမေရိကန် လေယာဉ်တင် သင်္ဘောများကို တိုက်ခိုက် နိုင်စွမ်းရှိသည့် ကီလိုမီတာ ၁၅၀၀ ပစ်လွှတ် နိုင်သော တာဝေးပစ် ဒုံးပျံများကို တရုတ်က ထုတ်လုပ်နေသည်ဟု ပင်တာဂွန် အစီရင်ခံစာက ဆိုသည်။ သို့သော် သက်ဆိုင်ရာ နည်းပညာ အောင်မြင်ရန် မည်မျှ နီးစပ်နေပြီ ဆိုသည်ကိုမူ ဖော်ပြခြင်း မရှိပါ။ ၎င်းဒုံးပျံများ နောက်ဆုံးအဆင့် စမ်းသပ်မှုမှာ ၁ နှစ် ၂ နှစ်ခန့် ကြာဦးမည်ဟု ယုံကြည်ရသော်လည်း ပစ်မှတ်ကို ပိုမို တိကျစွာ ထိမှန်နိုင်ရန် ၁၀ နှစ်ခန့် အချိန်ယူရဖွယ် ရှိသည်ဟု အချို့ ကျွမ်းကျင်သူများက ဆိုသည်။

တရုတ်နိုင်ငံသည် ၎င်း၏ ပထမဆုံး လေယာဉ်တင် သင်္ဘော တည်ဆောက်မှုကို ယခု နှစ်ကုန်တွင် စတင်နိုင်ဖွယ် ရှိပြီး လေယာဉ်တင် သင်္ဘောမှ တောင်ပံသေ လေယာဉ်များ မောင်းနှင်ရန် အတွက် လေယာဉ်မောင်း ပိုင်းလော့ ၅၀ ကို လေ့ကျင့်မည့် အစီအစဉ်ကို စတင်ခဲ့သည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့အပြင် လေယာဉ်တင် သင်္ဘော ကုန်းပတ် ပြေးလမ်းနှင့် ပုံစံတူကို မြေပြင် အခြေစိုက် တည်ဆောက်နေသည့် လက္ခဏာ ရှိပြီး ပိုင်းလော့များ လေ့ကျင့်ရန် ရုရှားသို့ စေလွှတ်ထားသည်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။

ထိုင်ဝမ် အရေးနှင့် ပတ်သက်လျှင် လိုအပ်ပါက အင်အားသုံးရန် တရုတ် ပြည်မက ဆုံးဖြတ်ထားပြီး အင်အား ချိန်ခွင်လျှာတွင် ဘီဂျင်းက အလေးသာနေဆဲ ဖြစ်သည်ဟုလည်း သိရှိရသည်။ ကျွန်းနိုင်ငံ၏ ကာကွယ်ရေးကို ဝါရှင်တန်က ကူညီနိုင်ရန် အမေရိကန် ဥပဒေများ လိုအပ်သည်။

ဘေဂျင်းသည် ထိုင်ဝမ် အပေါ် အမေရိကန်၏ အကူအညီပေးမှု မှန်သမျှကို ဟန့်တား၊ နှောင့်ယှက်၊ ပိတ်ပင်ရန် အဆက်မပြတ် ကြိုးပမ်းနေသည့် အချိန်တွင် ထိုင်ဝမ် ပြဿနာကို ၎င်း၏ အလိုကျ အပြီးသတ်နိုင်ရန် အတွက် ထိုင်ဝမ် လွတ်လပ်ရေးကို ပိတ်ပင်ရန်၊ လွှမ်းမိုးရန် PLA ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၏ စွမ်းရည်ကို တိုးမြှင့်နေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနကလည်း တုန့်ပြန်သည့် အနေဖြင့် ယခု ဆယ်စုနှစ် အတွင်း ၎င်းတို့ စစ်ဖက်မှ အလိုရှိဆုံး ပစ္စည်း နှစ်မျိုးဖြစ်သည့် F-16 C နှင့် D အမျိုးအစား တိုက် လေယာဉ်များနှင့် ဒီဇယ် အင်ဂျင်သုံး ရေငုပ်သင်္ဘောများ ၎င်းတို့အား ရောင်းချပေးရန် အမေရိကန်ကို ထပ်မံ တောင်းဆိုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.


WENN.com, 16th August 2010

မိုက်တိုင်ဆန်သည် ၎င်း၏ သားသမီးများ ဂုဏ်ယူစရာ ဖြစ်အောင် နေထိုင်ရန် သန္နိဋ္ဌာန်ချခဲ့ ပြီးနောက် ယခုအခါ သူ၏ဘဝကို တဆစ်ချိုး ပြောင်းလဲကာ မြန်မာနိုင်ငံသို့ ကရုဏာ မစ်ရှင် သွားရောက်ရန် လှမ်းမျှော် ကြည့်ရှု နေသည်။

၁၉၈၆ ခုနှစ်၊ အသက် ၂၀ အရွယ်တွင် WBC ဟဲဗီးဝိတ် ချိန်ပီယံဘွဲ့ကို ဆွတ်ခူးကာ အသက် အငယ်ဆုံး ချန်ပီယံ အဖြစ် အချိန်တို အတွင်း ကျော်ကြားလာခဲ့သော လက်ဝှေ့ ချန်ပီယံဟောင်းသည် ကိုယ်ရေးကိုယ်တာ ပြဿနာ တသီတသန်း တွေ့ကြုံခဲ့ရ ပြီးနောက်တွင် အခြားသူများအား ကူညီရင်းဖြင့် ၎င်း၏ ဘဝကို မြှုပ်နှံရန် လတ်တလော ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

၁၉၈၀ ခုနှစ်များ နှောင်းပိုင်းတွင် လက်ထပ်ခဲ့သော မင်းသမီး Robin Givens ကို နှိပ်စက် ညှင်းပန်းကြောင်း စွပ်စွဲခံရမှုများက ၎င်း၏ အားကစားသမား ဘဝ အောင်မြင်မှုများ အပေါ် စတင် လောင်းရိပ်မိုး လာခဲ့ပြီး ၁၉၉၂ တွင် Desirer Washington ကို မတရား ပြုကျင့်မှုကြောင့် တရား စွဲဆိုခြင်း ခံရပြီး ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ် ကျခံခဲ့ရသည်။

တိုင်ဆန်သည် ထိုနောက်ပိုင်းတွင် မူးယစ်ဆေးဝါးဖက်သို့ ခြေဦးလှည့် သွားခဲ့သော်လည်း ယခုအခါ အနားယူ ကင်းရှင်းနေပြီ ဖြစ်သည်။ လက်ဝှေ့ ကြယ်ပွင့်ဟောင်းက အသက် ၄၄ နှစ် အတွင်း ပထမဆုံး အကြိမ် နောင်တ ရကြောင်း ဝန်ခံ ပြောကြားခဲ့ပြီး အချဉ်းနှီး ကုန်ဆုံးခဲ့မှုများကို ဆဲရေး တိုင်းထွာ လိုက်သည်။

တိုင်ဆန်သည် ယခုအခါ သူ့လောက်ပင် ကံမကောင်း အကြောင်းမလှရှာသူများကို ကူညီရန် ဆုံးဖြတ်ချက် ချခဲ့ပြီး ဆင်းရဲနွမ်းပါးသော လူ့အဖွဲ့အစည်းကို ကယ်ဆယ် စောင့်ရှောက်ရန် အတွက် အရှေ့တောင် အာရှ မြန်မာနိုင်ငံသို့ သွားရောက်ရန် ပြင်ဆင်နေသည်။

Sports Illustrated မဂ္ဂဇင်းသို့ တိုင်ဆန်က ပြောကြားရာတွင် "ကျွန်တော် တစုံတရာ အတွက် တန်ဖိုးရှိသူ တစ်ယောက် ဖြစ်ချင်ပါတယ်။ ဘုရားသခင် အတွက်လည်း မဟုတ်ဘူး။ ဘယ်ဘာသာ တရား အတွက်မှလည်း မဟုတ်ဘူး။ ကျွန်တော်ရဲ့ ဂုဏ်သိက္ခာ အတွက်ပါ" ဟု ပြောဆိုခဲ့သည်။

"အခု ကျွန်တော်ဟာ လူရွှင်တော် တစ်ယောက်၊ ရယ်စရာ ပြက်လုံး တစ်ခုလို့ ခံစားရတယ်။ ကောင်းမြတ်တဲ့ အရာတွေကိုပဲ လုပ်ချင်တဲ့စိတ် ရှိပါတယ်။ ဒါမှလည်း ကျွန်တော့် ကလေးတွေက ကျွန်တော့်ကို လေးစားနိုင်မှာပေါ့။ ကျွန်တော် မြန်မာနိုင်ငံမှာ တဲတစ်လုံးနဲ့ သွားနေချင်တယ်ဗျာ" ဟု မိုက်တိုင်ဆန်က ပြောကြားလိုက်သည်။

၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်ကို လာမည့် အောက်တိုဘာလ (သို့) နိုဝင်ဘာလတွင် သွားရောက်ရန် စီစဉ်နေသည်ဟုလည်း သိရှိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.