Transparency Myanmar

transparency.myanmar@gmail.com

ကမ္ဘာတစ်ဝှမ်းရှိ သူပုန် အုပ်စုများသို့ လက်နက်များ ရောင်းချသည်ဟု သံသယ ရှိသော ရုရှား လူမျိုး Viktor Bout အား အမေရိကန် ပြည်ထောင်စုသို့ လွှဲပြောင်း ပေးပို့မည့် အစီအစဉ်မှာ နှောင့်နှေးဦးမည် ဖြစ်ကြောင်း ဘီဘီစီ သတင်းဌာနက ဆိုသည်။

Viktor Bout အား ခေါ်ဆောင်သွားမည့် အမေရိကန် လေယာဉ်မှာ ဘန်ကောက်မြို့ မြောက်ပိုင်းဒေသရှိ ဒွန်းမောင်းလေဆိပ်၊ လေတပ် အခြေစိုက် စခန်းသို့ ရောက်နှင့်နေပြီ ဖြစ်သော်လည်း ဥပဒေဆိုင်ရာ အကြောင်းကိစ္စများ ထွက်ပေါ်လာသောကြောင့် ၎င်းအား လွှဲဟြေင်းမည့် ကိစ္စကို ခေတ္တ ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။

၂၀၀၈ ခုနှစ် မတ်လအတွင်း ထိုင်း-အမေရိကန် ပူးတွဲ စစ်ဆင်ရေး တစ်ခုတွင် ဖမ်းဆီးရမိခဲ့သော Victor Bout ၏ အမှုနှင့် ပတ်သက်၍ အမေရိကန် ပြည်ထောင်စုနှင့် ရုရှားတို့ စကားများလျက် ရှိသည်မှာ ထိုအချိန်ကတည်းက ဖြစ်သည်။

ထိုင်းတရားရုံးက မစ္စတာ Victor Bout အား အမေရိကန် ပြည်ထောင်စုသို့ လွှဲပြောင်းပေးနိုင်သည်ဟု ပြီးခဲ့သည့် ရက်သတ္တပတ်က ဆုံးဖြတ်ချက် ချမှတ်ခဲ့သော်လည်း ရုရှားက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။

ထိုင်းဝန်ကြီးချုပ် အဘီဇစ် ဝိဇ္ဇာဝီရက သတင်းထောက်များအား ပြောဆိုရာတွင် ဥပဒေ လုပ်ထုံးလုပ်နည်း ဆိုင်ရာ အရေးကိစ္စ အချို့ကြောင့် လွှဲပြောင်းပေးမည့် ကိစ္စ ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

အချုပ်အခြာ အာဏာ ပိုင်နက်ကိစ္စ

Victor Bout အား အမေရိကန် ပြည်ထောင်စုသို့ လွှဲပြောင်းမည့် ကိစ္စ နှောင့်နှေးရခြင်းတွင် ငွေကြေး ခဝါချမှု၊ လိမ်လည်မှု အပါအဝင် အခြားသော အမှုများနှင့်လည်း ဆက်နွယ်နေသည်ဟု ယုံကြည်ရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် အထက်ပါ အမှုများကို ထပ်မံ တိုင်တန်းခဲ့သည်။ ပြစ်ချက် သုံးခုအတွက် မစ္စတာ Victor ၏ အယူခံကို လာမည့် အောက်တိုဘာလတွင် ကြားနာ စစ်ဆေးရန် စီစဉ်ထားသည်။ ထိုင်းဒုတိယ ဝန်ကြီးချုပ် Suthep Thaugsuban က သတင်းထောက်များကို ပြောဆိုရာတွင် "အမေရိကန် ပြည်ထောင်စုက Victor ကို အမှု ထပ်ဖွင့်ထားပါတယ်။ အဲဒီအမှုတွေကို တရားရုံးမှာ စစ်ဆေးနေတုန်းပါပဲ။ အဲဒါကြောင့် ရှေ့နေတွေ အနေနဲ့ တရားရုံးရဲ့ ခွင့်ပြုမိန့်ကို စောင့်ရပါမယ်။ တရားရုံးက ဘယ်လို ဆုံးဖြတ်မလဲဆိုတာ ကျွန်တော်တို့ မသိပါဘူး" ဟု ဆိုသည်။

မစ္စတာ Victor နှင့် ပတ်သက်၍ စူပါပါဝါ နိုင်ငံကြီး နှစ်ခု ဖြစ်သော ရုရှားနှင့် အမေရိကန် ပြည်ထောင်စုတို့ အနေဖြင့် ထိုင်းနိုင်ငံအပေါ် ဖိအားပေးမှုများ မပြုလုပ်သင့်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

"ထိုင်းနိုင်ငံကို နိုင်ငံတကာ နိုင်ငံရေး ဇာတ်ခုံပေါ် တက်ပြီး အန္တရာယ်များတဲ့ အလုပ်မျိုး လုပ်ရတဲ့အထိ အဖြစ် မခံပါဘူး" ဟု ဒုတိယ ဝန်ကြီးချုပ် Suthep Thagsuban က ဆိုသည်။

"လူတစ်ယောက်ရဲ့ ကံကြမ္မာနဲ့ ပတ်သက်ပြီး အန္တရာယ်များတဲ့ ဂိမ်းတစ်ခုထဲ ဝင်ကစားလို့ ထိုင်းနိုင်ငံ ဘာအကျိုးအမြတ်မှ ဖြစ်မလာပါဘူး" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ထိုင်းနိုင်ငံ အနေဖြင့် တရားဥပဒေနှင့် အညီ မစ္စတာ Victor အမှုကို ကိုင်တွယ် ဖြေရှင်းလျက် ရှိကြောင်း၊ ၎င်းအား အမြန် လွှဲပြောင်းမည့် ကိစ္စနှင့် ပတ်သက်၍ မည်သူ တစ်ဦး တစ်ယောက်ကမျှ ထိုင်းနိုင်ငံကို ဖိအားပေးနိုင်မည် မဟုတ်ကြောင်း အသိပေး ပြောဆိုသည်။

ထိုင်းတပ်ဖွဲ့ဝင်များက မစ္စတာ Victor အား အကျဉ်းထောင်မှ လေဆိပ်သို့ ခေါ်ဆောင်သွားရာတွင် အထူး ကွန်မန်ဒို တပ်ဖွဲ့ဝင် ၅၀ ဖြင့် စောင့်ကြပ်သွားရန် စီစဉ်ထားသည်ဟု ဆိုသည်။ မစ္စတာ Victor သည် အသက် ၄၃ နှစ်အရွယ် ရှိပြီ ဖြစ်ပြီး ကိုလံဘီယာရှိ သူပုန်အုပ်စုများကို လက်နက်များ ရောင်းချသူအဖြစ် အမေရိကန် ပြည်ထောင်စုက သံသယ ဖြစ်ခြင်းကို ခံခဲ့ရသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ထိုင်ဝမ် လေတပ်အတွက် ရေဒါပစ္စည်းများ ပေးပို့ ရောင်းချသွားမည် ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုက သြဂုတ်လ ၂၅ ရက်နေ့တွင် အသိပေး ပြောဆိုသည်။ ထိုင်ဝမ်သို့ ပေးပို့မည့် ပစ္စည်းများမှာ လွန်စွာ အရေးမပါ လှသောကြောင့် ထိုင်ဝမ်ကျွန်းအတွက် F-16 တိုက်လေယာဉ်များ ရောင်းချရန် သမ္မတ မာရင်ကျိုးက လွန်ခဲ့သည့် ရက်သတ္တပတ် အတွင်း ဝါရှင်တန်ကို တိုက်တွန်းခဲ့သည့် ကိစ္စလောက် တရုတ်ပြည်မကြီး အမျက်ထွက် စိတ်ဆိုးလာဖွယ် မရှိပေ။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Philip J Crowley က ထိုင်ဝမ်သို့ ရောင်းချမည့် အမျိုးအမည်များတွင် "ထိုင်ဝမ်လေကြောင်း ကာကွယ်ရေး စနစ်နှင့် ဂျက်တိုက် လေယာဉ်များအတွက် ရေဒါပစ္စည်းများ၊ ကာကွယ်ရေးပစ္စည်းများ၊ နည်းပညာ အချက်အလက်များ ပါဝင်သည် ဟု အတည်ပြု ပြောဆိုသည်။ အဆိုပါ ကာကွယ်ရေး ပစ္စည်းများကို ငွေကြေး မည်၍ မည်မျှဖြင့် ရောင်းချသည် ဟူသော အချက်အလက်များကို မစ္စတာ Philip Crowley က ဖော်ပြ ပြောဆိုခဲ့ခြင်း မရှိသလို အမေရိကန် ကုမ္ပဏီများ ပါဝင် ပတ်သက်မှုကိုလည်း ထုတ်ဖော်ခြင်း မရှိခဲ့ပေ။

ဥပဒေကြောင်းအရ ထိုင်ဝမ်သို့ လက်နက် ထောက်ပံ့ ရောင်းချရမည်ဟု အမေရိကန် ပြည်ထောင်စုက ခံယူထားသည်။ အဆိုပါ စစ်သုံးပစ္စည်းများ ရောင်းဝယ်မှုနှင့် ပတ်သက်၍ ထိုင်ဝမ် စစ်တပ်က သုံးသပ် ထင်မြင်ချက် တစ်စုံတရာ ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့သော်လည်း ဝါရှင်တန် ဆင်ခြေဖုံး ဒေသတွင် အခြေစိုက်သည့် ပုဂ္ဂလိက Advocacy အုပ်စုတစ်ခု ဖြစ်သော အမေရိကန်-ထိုင်ဝမ် စီးပွားရေး ကောင်စီက "အသေးစား ရောင်းဝယ်မှု" တစ်ခု ဖြစ်ကြောင်း သတ်မှတ် ပြောဆိုသည်။

ထိုင်ဝမ်သည် တရုတ်ပြည်မကြီး၏ ကာလကြာရှည်စွာ စစ်အင်အား တိုးချဲ့ တည်ဆောက်မှု အပေါ် တုံ့ပြန်နိုင်ရေးအတွက် 66 F-16 C/D ဂျက် တိုက်လေယာဉ်များ ရောင်းချပေးရန် အမေရိကန် ပြည်ထောင်စုကို အဆက်မပြတ် ဖိအားပေး တောင်းဆိုခဲ့သည်။ ငွေကြေး အမြောက်အမြား အသုံးပြုကာ တရုတ် စစ်အင်အား တည်ဆောက်နေမှုသည် ပြည်မကြီး အနေဖြင့် ထိုင်ဝမ်ကျွန်းကို ဝင်ရောက် ကျူးကျော် တိုက်ခိုက်ရန် ဦးတည်ထားခြင်း ဖြစ်သည်။

ထိုင်ဝမ်နှင့် တရုတ် ပြည်မကြီးသည် ၁၉၄၉ ခုနှစ် ပြည်တွင်းစစ်အတွင်း ကွဲထွက်ခဲ့ကြသည်။ ထိုင်ဝမ်သည် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်မြေ တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု ပြည်မကြီးက ယနေ့ အချိန်အထိ ပြောဆိုနေဆဲ ဖြစ်သည်။ အကယ်၍ ထိုင်ဝမ်အနေဖြင့်
ကိုယ်ပိုင် လွတ်လပ်ရေး ကြေညာပါက ဝင်ရောက် တိုက်ခိုက်မည် ဖြစ်သည်ဟုလည်း ပြည်မကြီးက သတိပေး ခြိမ်းခြောက်ထားသည်။

ထိုင်ဝမ်သို့ အမေရိကန် ပြည်ထောင်စုက စစ်လက်နက် ပစ္စည်များ ရောင်းချမှု မှန်သမျှကို တရုတ်ပြည်မကြီးက ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်လျက် ရှိသည်။ ယင်းသို့ လက်နက် ရောင်းဝယ်မှုများ ပြုလုပ်နေခြင်းသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ရာ ရောက်သည်ဟု ဆိုသည်။

ယခု နှစ်ဆန်းပိုင်းတွင် ဝါရှင်တန် အစိုးရက ထိုင်ဝမ်သို့ အမေရိကန် ဒေါ်လာ ၆ ဒသမ ၄ ဘီလီယံ တန်ဖိုး ရှိသည့် လက်နက်များ ရောင်းချမည်ဟု ကြေညာလိုက်ရာ တရုတ်ပြည်မကြီးက အမေရိကန်နှင့် စစ်ရေးပူးပေါင်း လုပ်ဆောင်မှုများကို ရပ်ဆိုင်းပစ်လိုက်သည်။

တရုတ်နိုင်ငံ၏ ဖိအားပေး ခြိမ်းခြောက်မှုများ ဆက်လက် ပြုလုပ်နေခြင်းကြောင့် အမေရိကန် ပြည်ထောင်စုက F-16 C/D ဂျက်တိုက်လေယာဉ်များ ရောင်းချမည့် အစီအစဉ်ကို ရပ်ဆိုင်းခြင်း ပြုလုပ်မည်ကို ထိုင်ဝမ် ကာကွယ်ရေးဌာနမှ အရာရှိကြီးများက စိုးရိမ်လျက် ရှိသည်။

သို့သော် အိုဘားမား အုပ်ချုပ်ရေးက ချွေးသိပ်သည့် အနေဖြင့် F-16 ဂျက်တိုက်လေယာဉ်များ ရောင်းချပေးရန် သဘော တူလာနိုင်သည်ဟု ၎င်းတို့က မျှော်လင့်လျက် ရှိသည်။

AP သတင်းကို ဘာသာ ပြန်ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Kyodo News, 26th August 2010

မြန်မာနိုင်ငံ၏ အထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမအား ထောက်ခံသူများကို ရွေးကောက်ပွဲတွင် ဆန္ဒမဲမပေးကြရန် တိုက်တွန်းခဲ့ကြောင်း သူမ၏ ရှေ့နေက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

သူမအား ထောက်ခံသူများ အနေဖြင့် နိုဝင်ဘာလ (၇) ရက်နေ့ ရွေးကောက်ပွဲတွင် မည်သူ့ကို မဲဆန္ဒ ပေးရမည်ကို မသိဖြစ်နေကြောင်း သူမ သိရှိနေရသည် ဖြစ်၍ ၎င်းတို့အား ဆန္ဒမဲ မပေးဘဲ နေကြရန် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်ဟု သူမနှင့် အင်္ဂါနေ့က တွေ့စဉ်က ပြောကြောင်း သူမ၏ ရှေ့နေက ဆိုသည်။ ယခုအကြိမ်သည် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရွေးကောက်ပွဲကို ရှောင်ရန် လူသိရှင်ကြား တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima News, 25th August 2010

အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးခင်မောင်ဆွေက ၎င်းအနေဖြင့် ရွေးကောက်ပွဲ ဝင်မည့် အစီအစဉ်ကို စွန့်လွှတ်လိုက်ပြီဟု ယနေ့ ကြေညာခဲ့သည်။

၎င်းနှင့်အတူ အဓိက အတိုက်အခံပါတီ NLD မှ အချို့ ပါတီဝင်များသည် လာမည့် ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် NLD မှ ခွဲထွက်ကာ NDF ပါတီကို ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်သည်။

ဦးခင်မောင်ဆွေနှင့်အတူ NDF ဒုတိယဥက္ကဋ္ဌ ဦးတင်အောင်အောင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးသာခိုင်၊ ဗဟိုကော်မတီဝင် ဦးစိန်လှဦးတို့သည် ၁၉၉၀ ခုနှစ်က နိုင်ငံတော် တည်ငြိမ်မှု ပျက်ပြားစေသည့် အမှုများတွင် ပါဝင် ပတ်သက်ခဲ့ကြခြင်းကြောင့် ရွေးကောက်ပွဲ ဥပဒေများနှင့် ငြိစွန်းနေသဖြင့် ရွေးကောက်ပွဲ ဝင်ခွင့်  အတွက် မေတ္တာ ရပ်ခံလွှာ တင်သွင်းရမည်ဟု အစိုးရ၏ ရွေးကောက်ပွဲ ကြီးကြပ်ရေးအဖွဲ့၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က  ပြောကြားခဲ့သည်ဟု သိရှိရသည်။

၎င်းတို့ အနေဖြင့် အဆိုပါ မေတ္တာ ရပ်ခံချက်မျိုးကို တင်သွင်းခဲ့ပြီး ဖြစ်သော်လည်း ထပ်မံ တင်သွင်းရန် ကော်မရှင်က ညွှန်ကြားခဲ့ကြောင်း၊ သို့ဖြစ်ရာ ၎င်းတို့အနေဖြင့် အဆိုပါ မေတ္တာ ရပ်ခံချက်မျိုးကို တင်သွင်းခဲ့ပြီး ဖြစ်သော်လည်း ထပ်မံ တင်သွင်းရန် ကော်မရှင်က ညွှန်ကြားခဲ့ကြောင်း၊ သို့ဖြစ်ရာ ၎င်းတို့၏  ရွေးကောက်ပွဲ ဝင်ရန် ကြိုးပမ်းမှု မှန်သမျှကို အစိုးရက ပိတ်ဆို့လိမ့်မည် ဟူသော အချက်ကို ဦးခင်မောင်ဆွေက လက်ခံ ယုံကြည်သွားခဲ့ကြောင်း ကြားသိရသည်။

"ကျွန်တော့် အနေနဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို မေတ္တာ ရပ်ခံခဲ့ပြီးပါပြီ၊ အခုအခါ ပုဂ္ဂိုလ်ရေး မေတ္တာ ရပ်ခံချက် အနေနဲ့ ထပ်ပြီးတင်ပြဖို့ သူတို့က ပြောပါတယ်။ သူတို့ ပြောသလို ထပ်ပြီး မေတ္တာ ရပ်ခံရရင်လည်း ကျွန်တော့်ကို ရွေးကောက်ပွဲ ဝင်ခွင့်ပေးမှာ မဟုတ်ပါဘူး၊ ဒါကြောင့် ကျွန်တော့်အနေနဲ့ နောက်တစ်ကြိမ် မေတ္တာရပ်ခံမှာ မဟုတ်သလို ရွေးကောက်ပွဲကိုလည်း ဝင်မပြိုင်တော့ပါဘူး'' ဟု ဦးခင်မောင်ဆွေက မဇ္ဈိမ သတင်းဋ္ဌာနသို့ ပြောကြားခဲ့သည်။

"သူတို့က ကျွန်တော့်ကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တင်းကြပ် ချုပ်ချယ်ခဲ့ကြပါတယ်၊ ကျွန်တော်တို့ ပါတီကို မှတ်ပုံတင်ခွင့် ပြုခဲ့ပြီးပြီဆိုရင် ပါတီ ခေါင်းဆောင်တွေကိုလည်း ရွေးကောက်ပွဲ ဝင်ခွင့် ပေးရမှာပါ၊ ဒါမှလည်း ကျိုးကြောင်းဆီလျှော် သဘာဝကျမှာပေါ့'' ဟု ၎င်းက ဆိုသည်။

အခြား ခေါင်းဆောင် ၃ ဦးက ပြန်လည် မေတ္တာရပ်ခံလွှာ တင်မည်၊ မတင်မည် ကိုမူ ယခုတိုင် မသိရှိသေးပါ။

လာမည့် ရွေးကောက်ပွဲသည် လွတ်လပ်မှု မျှတမှုရှိမည် မဟုတ်ဟု ဝေဖန်ကာ ရွေးကောက်ပွဲ ဝင်မည့် အစီအစဉ်ကို စွန့်လွှတ်သူများထဲတွင် ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းလည်း ပါဝင်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 25th August 2010

အရှေ့တောင် အာရှနိုင်ငံများ အတွင်း ဆင်းရဲ ချမ်းသာမှု ကွာဟချက် ကြီးမားမှုသည် ဒေသတွင်း ဈေးကွက်ကြီး တစ်ဦးတည်း ဖြစ်လာအောင် ပြုလုပ်ရာတွင် ခြိမ်းခြောက်လာနိုင်ကြောင်း အာဆီယံ ခေါင်းဆောင်များက ဗုဒ္ဓဟူးနေ့က သတိပေး ပြောကြားလိုက်သည်။

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်တို့တွင် တိုးတက်မှုနှုန်း မြင့်လာသည်ဟု ဆိုသော်လည်း အာဆီယံ ၁၀ နိုင်ငံကြားတွင် GDP အနိမ့်ဆုံး ရှိသော နိုင်ငံများ ဖြစ်နေဆဲ ဖြစ်သည်။

"ဖွံ့ဖြိုတိုးတက်မှု ကွာဟချက် ကြီးမားလာခြင်းဟာ အာဆီယံရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုမှာ အဓိက အတားအဆီး ဖြစ်နေဆဲပါပဲ။ အထူးသဖြင့် အာဆီယံ စီးပွားရေးကို တစ်စု တစ်စည်းတည်း ပြုလုပ်ရန် လုပ်ဆောင်မှုတွင် အတားအဆီး ဖြစ်ပါတယ်'' ဟု အာဆီယံ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးများ နှစ်ပတ်လည် အစည်းအဝေးတွင် ဗီယက်နမ် ဝန်ကြီးချုပ် Nyuyen Tan Dung က ပြောကြားခဲ့သည်။

အာဆီယံသည် ၎င်း၏ သန်း (၆၀၀) ရှိသော လူဦးရေကို အခြေခံ၍ ၂၀၁၅တွင် တစ်ခုတည်းသော ထုတ်လုပ်မှုနှင့် ရောင်းဝယ်ရေး ဈေးကွက်ကြီး ဖြစ်လာအောင် ဖော်ဆောင်လျက် ရှိသည်။ ထိုသို့ ရည်မှန်းရခြင်းမှာ အိန္ဒိယနှင့် တရုတ်တို့၏ ပြိုင်ဆိုင်မှုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

အာဆီယံ၏ ဆင်းရဲသော နိုင်ငံများနှင့် ချမ်းသာသော နိုင်ငံများကြား ကွာဟမှု မြင့်မားလာခြင်းသည် ဈေးကွက် တစ်ခုတည်း စုစည်းရာတွင် သတိထားရမည့် အချက်ဖြစ်ကြောင်း အာဆီယံ အတွင်းရေးမှူးချုပ် Surin Pitsuwan က သတင်းထောက်များသို့ ပြောကြားခဲ့သည်။ "ဒီလို ကွာဟချက်နဲ့ လုပ်ထားရင် တည်ငြိမ်မှု မရနိုင်ပါဘူး'' ဟု ၎င်းက သတင်းထောက်များသို့ ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Fox News, By George Russell, 24th August 2010

ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) က မြန်မာနိုင်ငံတွင် ဒေါ်လာသန်း (၁၀၀) အကူအညီ ပေးရေးကိစ္စအား ဝမ်းနည်းဖွယ် ကောင်းပြီး၊ ကျေနပ်မှု မရှိကြောင်း လွတ်လပ်သော အကဲဖြတ် မှတ်တမ်းတစ်ခုက ပြောကြားခဲ့ပြီး လာမည့်နှစ် ထိုအစီအစဉ်၏ အဓိက အစိတ်အပိုင်းများကို ဆက်လက် မလုပ်ရန် အကြံပြုခဲ့သည်။ UNDP အနေဖြင့် မည်သည့် နေရာတွင် အသုံးပြုမည်ကို မသတ်မှတ် ရသေးသော်လည်း အဆိုပါ အစီအစဉ်ကို ဆက်လက် ရှင်သန်နေစေရန် UNDP ဒါရိုက်တာက ရည်မှန်းချက်ထားသည်။

UNDP ၏ ပံ့ပိုးမှု ရရှိသော မြန်မာကျေးရွာများနှင့် မရသော ကျေးရွာများကြား ကြီးမားသော ကွာဟမှု မရှိကြောင်း UNDP ၏ လူသား ဖွံ့ဖြိုး တိုးတက်ရေး အစပြုမှု (Human Development Initiative) ကို အကဲဖြတ်သော မှတ်တမ်းတွင် အကြံပြုထားသည်။

စစ်တပ် အုပ်ချုပ်သော မြန်မာနိုင်ငံတွင် လျစ်လျူရှု ခံထားရသော ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးနှင့် စားနပ်ရိက္ခာ လုံခြုံရေးများတွင် အဆင်းရဲဆုံး လူများသည် စားသောက်ကုန် ထုတ်လုပ် စုဆောင်းနိုင်ခြင်း ရှိမရှိမှာ အရေးကြီးသော ကိစ္စ ဖြစ်သည်။

သို့သော် အဆိုပါ အကဲဖြတ် အစီရင်ခံစာတွင် တဖြည်းဖြည်း ပိတ်သိမ်းရန်ကိုမူ ဖော်ပြထားခြင်း မရှိပါ။ အစီရင်ခံစာကို သြဂုတ်လ (၃၀) ရက်နေ့ နယူးယောက်မြို့တွင် ကျင်းပမည့် UNDP ၏ (၃၆) နိုင်ငံ ကြီးကြပ်မှု အမှုဆောင် ဘုတ်အဖွဲ့ ပုံမှန် အစည်းအဝေးတွင် တင်သွင်း သွားမည် ဖြစ်သည်။(အမေရိကန် ပြည်ထောင်စုသည် ဘုတ်အဖွဲ့ဝင် ဖြစ်သည်)

UNDP ဌာနမှူး Helen Clark က ဘုတ်အဖွဲ့သို့ သူမ၏ မှတ်ချက် တင်ပြရာတွင် အကူအညီ ပေးရေး အစီအစဉ်အပေး အဝေဖန် ခံရဆုံး အစိတ်အပိုင်းများအား ခံယူချက် ပြန်လည် သုံးသပ်ရန်နှင့် ဆင်းရဲ မွဲတေမှုကို အမှန်တကယ် ကူညီနိုင်ရေး ရှိမရှိ ဆန်းစစ်ရန် လိုအပ်သည်ဟု ဆိုထားသည်။ Clark က ချမှတ်ထားသော မဟာဗျူဟာနှင့် ပတ်သက်၍ ကာကွယ် ပြောဆိုရာတွင် အစီအစဉ်များတွင် အနည်းငယ်သော ပြောင်းလဲလာမှုများသာ လုပ်ရန် လိုအပ်မည် ဖြစ်ကြောင်း၊ ရက်စက်သော မြန်မာ အစိုးရ၏ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပိုမို နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရေး လိုအပ်ကြောင်း ဆိုသည်။

Clark က ဘုတ်အဖွဲ့ အနေဖြင့် သူမကို Human Development Initiative အစီအစဉ်နှင့် ပတ်သက်၍ သင့်တော်သလို ပြောင်းလဲမှုများ ပြုလုပ်ရန် ခွင့်ပြုရေးကို အာမခံထားသည်။

မြန်မာနိုင်ငံအပေါ် အကူအညီ ပေးရေး ကိစ္စမှာ ယခု လတ်တလော သွေးဆူနေသော ကိစ္စဖြစ်လာသည်။ အကြောင်းမှာ Obama အစိုးရက မြန်မာနိုင်ငံ၏ ရာဇဝတ်မှုများအတွက် နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်အား ထောက်ခံကြောင်း ပြီးခဲ့သည့် အပတ်က ကြေညာခဲ့ခြင်းကြောင့် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် နိုင်ငံတကာက မြန်မာနိုင်ငံသည် မြောက်ကိုးရီးယားနှင့် ပူးပေါင်း၍ နျူကလီယာ အစီအစဉ်များ လုပ်ဆောင်နေမည်ကို တိုး၍ စိုးရိမ်နေသည်။

UNDP ၏ ရန်ပုံငွေများ စစ်တပ် အုပ်ချုပ်သော မြန်မာနိုင်ငံ အစိုးရ လက်ဝယ် မရောက်ရေး သေချာအောင် ပြုလုပ်နေခြင်းမှာလည်း UNDP ၏ အမှုဆောင် ဘုတ်အဖွဲ့အတွက် မျက်ခြေမပြတ် လုပ်နေရပါသေးသည်။ ထို့ကြောင့် လက်တကမ်းတွင် စောင့်ကြည့်နိုင်ရေးအတွက် လွတ်လပ်သော အကဲဖြတ်သူများကို နှစ်စဉ် တာဝန်ပေးထားသည်။ ၎င်းတို့သည် တိုင်းပြည်တွင် UNDP ၏ ကြိုးစားမှုများ ထိရောက်မှု ရှိမရှိ စစ်ဆေးရန်ပါ အခွင့်အလမ်း ရရှိသည်။

အကဲဖြတ်သူများသည် နှစ်ပေါင်းများစွာကပင် UNDP ၏ အစီအစဉ်များအနက် ကျန်းမာရေးတွင် အစိုးရ၏ ပါဝင်ပတ်သက်မှုကို တင်ပြခဲ့သည်။ UNDP ၏ အောက်ခြေ ဒေသန္တရ တိုးတက်မှု အစီအစဉ်တွင် ထိရောက်ရေးအတွက် အစိုးရ ပါဝင်မှုသည် အရေးကြီးသည်။ ယခုအခါ မြန်မာနိုင်ငံတွင် မြို့နယ် (၃၂၅) မြို့နယ် ရှိသည့်အနက် မြို့နယ် (၆၀) တွင် အကောင်အထည် ဖော်လျက်ရှိရာ အစိုးရ၏ ပိုမိုပါဝင်မှု လိုအပ်လျက် ရှိနေသည်။

ယမန်နှစ် အကဲဖြတ်သူများက UNDP သို့ ပြောကြားခဲ့ရာတွင် UNDP အနေဖြင့် အကူအည ချပေးသည့် အချိန်နှင့် သက်ရောက်မှုများ စတင် ရရှိသည့် အချိန်ကို စစ်ဆေးသင့်ကြောင်း ပြောခဲ့ရာ ယခုနှစ်တွင် ကိစ္စရပ် အတော်များများတွင် သက်ရောက်မှုများမှာ အရေးကြီးသည့် အဆင့်အောက်တွင် ရှိသဖြင့် ကောက်ချက် မဆွဲနိုင်သေးပဲ ရှိနေသည်။

အကဲဖြတ်သူများက သံသယဖြင့် အဓိက အာရုံပြုသော ကိစ္စမှာ UNDP ၏ အစီအစဉ်များအနက် အစိတ်အပိုင်း နှစ်ခုဖြစ်သော Integrated Community Development Project (ICDP) နှင့် Community Development in Remote Township (CDRT) တို့ဖြစ်ပြီး ၎င်းတို့သည် အောက်ခြေတွင် အုပ်ချုပ်ရေး အပိုင်း ပူးပေါင်းလုပ်ဆောင်သည်။

ဒေသန္တရ ဖွံ့ဖြိုးမှု အစပြုရေး လုပ်ငန်းများတွင် မူလ ရည်မှန်းချက်များအပြင် အလှူငွေ ထည့်ဝင်သူများက အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု၊ ပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှုများ၊ HIV/AIDS ကယ်ဆယ်ရေး၊ လေ့ကျင့်ရေးနှင့် ပညာရေး၊ စားနပ်ရိက္ခာ လုံခြုံရေး လုပ်ငန်းများတွင်ပါ အာရုံပြုလာကြသည်။

အကဲဖြတ်သူများက အကြီးတန်း UNDP တာဝန်ရှိသူ တစ်ဦးက Human Development Initiative က ၎င်း၏ ခေါင်းစဉ်အောက်တွင် အားလုံး သွတ်သွင်းရန် ကြိုးစားနေသည်ဟု ဝန်ခံခြင်းကို ကိုးကား ပြောဆိုခဲ့သည်။

UNDP သည် အစီအစဉ်များကို ရုတ်တရက် ချဲ့ထွင်ခြင်းကြောင့် ကိစ္စရပ်များကို ပိုမို ဆိုးရွားစေသည်ဟု အစီရင်ခံစာက ဆိုသည်။ နောက်ထပ် ပြဿနာ တစ်ခုမှာ ၂၀၀၈ ခုနှစ် နာဂစ် ဆိုင်ကလုံး ကိစ္စတွင် ဖြစ်သည်။ နောက်ပိုင်း အကူအညီပေးရေး ကြိုးစားမှုများကို လွှဲပေးခဲ့ရသည်။ သို့သောာ် အစီရင်ခံစာကမူ ၎င်း၏ HID အစီအစဉ်အရ လူ ၅၀၀ နှင့် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း၊ UNDP နာဂစ်ကို ကူညီရာတွင် အခြားအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ရာ၌ အခြေအနေ ကောင်းမွန်ခဲ့သည်ဟု ဆိုသည်။ နောက်ဆုံးတွင် မြန်မာအစိုးရ၏ သဘောထား တင်းမာမှုကြောင့် HID အတွက် အလှူငွေများ ရပ်ဆိုင်းသွားခဲ့သည်။

HID အတွက် မြန်မာနိုင်ငံ၏ ဝန်းကျင်သည် ခက်ခဲပြီး ခန့်မှန်းရခက်သည်ဟု ဝန်ခံခဲ့သော်လည်း၊ အကဲဖြတ်သူများက UNDP ၏ ဒေသန္တရ ဖွံ့ဖြိုးရေး  အစီအစဉ်အတွက် ပြဿနာများကသာ အရေးကြီးဆုံး ဖြစ်ကြောင်း ခိုင်မာစွာဖော်ပြခဲ့သည်။ ပြဿနာများမှာ ရှင်းလင်း ပြတ်သားသော ရည်မှန်းချက် မရှိခြင်း၊ ဓါတ်မြေသြဇာ ကဲ့သို့သော လက်ဆုပ်လက်ကိုင် ပြနိုင်သော ပစ္စည်းများ ဖြန့်ဝေရာ၌ ပြီးမြောက်ခြင်း ရှိမရှိ မပြသနိုင်ခြင်း၊ ဝန်ထမ်းများ လေ့ကျင့်ပေးမှု မရှိခြင်းနှင့် အားလုံးတွင် အရေးအကြီးဆုံး ဖြစ်သည့် ၎င်းတို့ ကူညီနေသော ပြည်သူများ ကိုယ့်အားကိုယ်ကိုး လာအောင် ပြုလုပ်ရေးအတွက် ရှင်းလင်း ပြတ်သားသော  မဟာဗျူဟာ မရှိခြင်းပင် ဖြစ်သည်။

ကုလသမဂ္ဂ၏ ရှေးရိုးကျသော ဗျူရိုကရေစီကလည်း နှစ်ပေါင်းများစွာကပင် ဆိုးရွားသော သက်ရောက်မှုကို ဖြစ်စေပေသည်။ အကဲဖြတ်သူများ၏ မှတ်သားထားမှုများတွင် ဒေသဆိုင်ရာအဆင့် UNDP  အကူအညီ ပေးသူများသည် လစဉ် များပြားလှသော အစီရင်ခံများ ပြင်ဆင်ရကြောင်း၊ အချို့ နည်းပညာ ကျွမ်းကျင်သူများသည် ၎င်းတို့၏ ၂၀ % မှ ၃၀ % အချိန်များကို စာရွက်စာတမ်း များနှင့်သာ အချိန်ကုန်ရကြောင်း တွေ့ရှိရသည်။

အကဲဖြတ်သူများက အကူအညီ ရယူသူများ၏ HID အပေါ် အမြင်များကို စနစ်တကျ ကောက်ယူသော ပြည့်စုံသည့် ယန္တရား မရှိဟု ဆိုသည်။ သို့သော် UNDP က အကဲဖြတ်သူများကို ပြောရာတွင် လက်ရှိအားဖြင့် HDI အစီအစဉ်အတွက် ရှေ့ပြေး ပရောဂျက်များ လုပ်နေဆဲတွင်ပင် ရှိသေးကြောင်း ပြောသည်။

UNDP ၏ ဒေသန္တရ ဖွံ့ဖြိုးမှု လုပ်ငန်းများ အနေဖြင့် မြန်မာနိုင်ငံတွင် UNDP ၏ ကြိုးပမ်းမှု အားလုံး မှားယွင်းသည်ဟု အကဲဖြတ်သူများက မမြင်ကြပါ။ ၎င်း၏ မြန်မာနိုင်ငံ အသေးစား ငွေချေး လုပ်ငန်း (micro-finance) များတွင် အမှတ်ကောင်းကောင်း ရခဲ့သည်။ သို့သော် အကဲဖြတ်သူများကမူ တိုင်းပြည်၏ အဆင်းရဲဆုံး လူများမှာ အကျိုး မခံစားရကြောင်း မှတ်သားထားသည်။

အကဲဖြတ်သူများက ၎င်းတို့၏ UNDP ၏ သက်ရောက်မှုများကို လေ့လာမှု အစီရင်ခံစာမှာ UNDP ၏ ပြည်စုံခြင်း မရှိသော ကောက်ချက်ချမှုများကို အခြေခံရသည် ဆိုသည်ကိုမူ ဝန်ခံထားသည်။ သို့သော် ၎င်းတို့၏ တိုင်းတာမှု နည်းပညာမှာမူ ပညာရှင်များက စုံစမ်းစစ်ဆေးမှု အတွက် အသေအချာ ရေးဆွဲထားသော ခိုင်မာသည့်နည်း ဖြစ်ကြောင်း ပြောသည်။

နိဂုံးချုပ် ပြောရာတွင် လွတ်လပ်သော ပညာရှင်များက UNDP ကိုယ်၌က လာမည့်နှစ်တွင် ကုန်ဆုံးမည့် အကူအညီ ပေးရေး အစီအစဉ်များ မပြီးမချင်း မည်သည့် ပြောင်းလဲမှုမျှ ပြုလုပ်လိုဟန် မရှိကြောင်း ဝန်ခံထားသည်။ သို့သော် အဓိက ပြန်လည် သုံးသပ်ရမည်မှာ အစီအစဉ်သည် ဆင်းရဲမွဲတေမှုကို အမှန်တကယ် ထိရောက်စွာ အကူအညီ ပေးနိုင်သလော ဟူသည့် အချက် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.