Transparency Myanmar

transparency.myanmar@gmail.com

PTI, 26th August 2010

မြန်မာနိုင်ငံကို စစ်ရာဇဝတ်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်း စစ်ဆေးရန် အိုဘားမား အစိုးရက ဆုံးဖြတ်ခြင်း၊ မနှစ်က စတင်ခဲ့သော နှစ်နိုင်ငံ အကြား ဆွေးနွေးပွဲများနှင့် ပတ်သက်၍ များစွာ ဝေဖန် ပြောဆိုနေကြခြင်းတို့သည် လက်တွေ့ကျသည့် အစီအစဉ် အားလုံး အတွက် အတားအဆီး ဖြစ်လာခဲ့သည်။

"မကြာမီ အတောအတွင်း မြန်မာနိုင်ငံနဲ့ ဆွေးနွေးပွဲတွေ ရှိ/မရှိကို ကျွန်တော် မခန့်မှန်း နိုင်ပါဘူး။ ရက်သတ်မှတ်ဖို့ အတွက် အချိန် လိုဦးမယ်လို့လည်း မပြောနိုင်ပါဘူး" ဟု သတင်းထောက်များအား ယမန်နေ့က ပြောကြားခဲ့သူ ဝါရင့် အစိုးရ အရာရှိက တွေ့ဆုံ ညှိနှိုင်းရေး မူဝါဒမှာ အသက်ဝင်နေဆဲ ဟူသော အချက်ကိုမူ အခိုင်အမာ ပြောဆိုခဲ့သည်။

"မြန်မာနိုင်ငံနဲ့ ကျွန်တော်တို့ ဆက်လက် ဆွေးနွေး ညှိနှိုင်းမှာပါ။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ဖိအားပေးဖို့ နည်းလမ်းတွေကိုလည်း ဆက်ပြီး ရှာဖွေမှာပါ" ဟု အမည် မဖော်လိုသော အရာရှိက ဆိုသည်။

ယမန်နှစ်က ကုလသမဂ္ဂ အထွေထွေ ညီလာခံ အဝန်းအဝိုင်းတွင် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ကြေညာခဲ့သော တွေ့ဆုံ ညှိနှိုင်းရေး မူဝါဒသည် မည်သည့် ရလဒ်မှ ထွက်ပေါ်ခဲ့ခြင်း မရှိဘဲ နိုင်ငံတကာ အသိုင်းအဝိုင်း၏ စိတ်ပျက်လက်ပျက် ဖြစ်မှုသာ အမှန်တကယ် မြင့်တက်လာခဲ့ခြင်းကြောင့် ဖိအားပေးမည့် အစီအစဉ်ကို အားကိုးရန် သိသိသာသာ လက်ခံလာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအား စုံစမ်းရေး ကော်မရှင် ဖွဲ့စည်း စစ်ဆေးမည့် အပေါ် အခြားနိုင်ငံများက ၎င်းတို့၏ သဘောထား အမြင်ကို တင်ပြလာပါက အမေရိကန် ပြည်ထောင်စု အနေဖြင့် ၎င်းတို့နှင့် တိုင်ပင် ညှိနှိုင်းကာ ဆုံးဖြတ်မည်ဟု အဆိုပါ အရာရှိက ပြောကြားခဲ့သည်။

ထိုနေ့ အစောပိုင်းတွင် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့် ရှိသူက "မြန်မာ စစ်ဖက် အစိုးရ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးရန် နိုင်ငံတကာ ကော်မရှင် ဖွဲ့စည်းမှုကို အမေရိကန် ပြည်ထောင်စုက ထောက်ခံကြောင်း" ထပ်မံ ပြောဆိုခဲ့သည်။

"နိုင်ငံတကာ ဥပဒေကို မြန်မာနိုင်ငံမှာ ဆိုးဆိုးဝါးဝါး ချိုးဖောက်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို စစ်ဆေးဖို့ အတွက် နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်ကို သေသေချာချာ ဖွဲ့စည်းတာဟာ ကြောင်းကျိုး ခိုင်လုံပြီး သင့်လျော် မှန်ကန်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒီအစီအစဉ်ကို ဘယ်လို အကောင်းဆုံး ဆောင်ရွက်မလဲ ဆိုတာကို ကျွန်တော်တို့ လေ့လာ သုံးသပ် နေပါတယ်" ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ PJ Crowley က ၎င်း၏ နေ့စဉ် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထိုအတောအတွင်း ထင်ရှားသော မြန်မာ့ အရေး ကျွမ်းကျင်သူ Reynaud Egreteau က "လွန်ခဲ့သော ၁၅ နှစ် အတွင်း မြန်မာနိုင်ငံသည် ဖြတ်ကျော်ရန် ခက်ခဲသော ပတ်ဝန်းကျင်တွင် တရုတ်နှင့် အာဆီယံ သံတမန် ဆက်ဆံမှုတို့ကိုသာ လက်ကိုင်ထား၍ ၎င်း၏ နိုင်ငံခြားရေး မူဝါဒကို ကျကျနန ထိန်းကျောင်း သွားခဲ့သည်" ဟု East West Center အတွက် ရေးသားသော ဆောင်းပါးတွင် တင်ပြခဲ့သည်။

ထို့အပြင် နယူးဒေလီသည် ၎င်းအတွက် ခက်ခဲ၍ အများကို စိတ်ပျက် စေခဲ့သည့်တိုင်၊ ပြည်တွင်း၊ ပြည်ပ အကြောင်းရင်း များစွာကြောင့် မြန်မာနိုင်ငံနှင့် ရင်းနှီးစွာ ဆက်ဆံရန် ကြိုးစားနေခြင်း ဖြစ်လိမ့်မည်ဟု ဟောင်ကောင် University မှ သုတေသန လက်ထောက် ပါမောက္ခ Egreteau က ဆိုသည်။

"၂၀၁၀ ဇူလိုင် လကုန်က မြန်မာ အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ကြိုဆိုဖို့ အိန္ဒိယနိုင်ငံက ဆုံးဖြတ်ခဲ့တာဟာ ဆက်ဆံရေး ပြန်လည် ကောင်းမွန်နေခြင်းရဲ့ ဝင်းပမှုကို ပြခဲ့သလို ဖြစ်ပုံရပေမယ့် အိန္ဒိယနိုင်ငံက သူ့ရဲ့ အရှေ့ဖက် အိမ်နီးချင်းနဲ့ ဘာတွေများ တိုးတက်အောင် လုပ်ဆောင်ခဲ့သလဲ ဆိုတာကို ဂရုတစိုက် စဉ်းစား သုံးသပ်ကြည့်မယ် ဆိုရင် အိန္ဒိယ-မြန်မာ ဆက်ဆံရေးဟာ အဆင် မချောသေးဘူး ဆိုတဲ့ အချက်ကို တွေ့ရပါလိမ့်မယ်" ဟု ၎င်းက ရေးသားထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, 26th August 2010

မြန်မာနိုင်ငံမှ အထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲတွင် မဲမပေးကြရန် သူမအား ထောက်ခံသူများကို ပြောကြားခဲ့သကဲ့သို့ လာမည့် ရွေးကောက်ပွဲများအတွင်း ဖြစ်ပေါ်လာနိုင်သော ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှု မှန်သမျှကို ဖော်ထုတ်ကြရန်လည်း ပြည်သူများကို တိုက်တွန်းလိုက်သည်။

လက်ရှိ ဖျက်သိမ်းထားသော သူမ၏ NLD ပါတီက ရွေးကောက်ပွဲကို သပိတ် မှောက်ထားသော်လည်း ၎င်းလုပ်ငန်းစဉ်ကို လျစ်လျူရှု မထားသင့်ဟု သူမက ပြောကြားခဲ့ကြောင်း သူမ၏ ရှေ့နေ ဦးဥာဏ်ဝင်းက ပြန်လည် ပြောဆိုသည်။ အကယ်၍ ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်မှုများ ရှိခဲ့ပါက ရဲတပ်ဖွဲ့သို့ တိုင်ကြားရန် ပြည်သူများတွင် အခွင့်အရေးရှိသည်ဟု သူမက ဆိုသည်။

အထက်ပါ မှတ်ချက်များကို ဒေါ်အောင်ဆန်းစုကြည်က အင်္ဂါနေ့တွင် ပြောကြားခဲ့ခြင်း ဖြစ်ပြီး ဦးဥာဏ်ဝင်းက ဗုဒ္ဓဟူးနေ့တွင် သတင်းထောက်များအား ပြန်လည် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ဥပဒေ စည်းကမ်းများကို ရွေးကောက်ပွဲ လုပ်ငန်းစဉ် အဖြစ် ထည့်သွင်း စဉ်းစားရမည် ဖြစ်ကာ ယခု ရွေးကောက်ပွဲသည် ပြည်သူတို့၏ နိုင်ငံရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးမှု အဖြစ် ရှုမြင်၍ မရဟု သူမက ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။

ရွေးကောက်ပွဲ ဥပဒေ စည်းကမ်းများသည် တရားမျှတမှု မရှိဟု NLD ပါတီက ယူဆသဖြင့် ရွေးကောက်ပွဲကို သပိတ်မှောက်ထားသည်။ ဝေဖန် ဆန်းစစ်သူများကလည်း လာမည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံကို ရာစုနှစ်ဝက် ဖိနှိပ် အုပ်ချုပ်ခဲ့သော စစ်တပ်၏ အာဏာ ခိုင်မြဲစေရန် လှည့်စားထားမှု တစ်ခုသာ ဖြစ်သည်ဟု သတ်မှတ်ထားကြသည်။

NLD ကို မဲပေးရန် ဆန္ဒရှိသူများ အနေဖြင့် လာမည့် ရွေးကောက်ပွဲကို မဲမပေးဘဲ နေနိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ထားသည်ဟုလည်း ဆိုသည်။

အစိုးရက ရွေးကောက်ပွဲ ရက်ကို သြဂုတ်လ ၁၃ ရက်တွင် ကြေညာခဲ့ပြီးနောက် အနှစ် ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲများ ကျင်းပမည့်ရက် အပေါ် မှန်းဆမှုများ အဆုံးသတ်သွားခဲ့သည်။ နိုင်ငံရေး ပါတီများ အနေနှင့် ၎င်းတို့၏ ကိုယ်စားလှယ်လောင်းများ စာရင်းကို သြဂုတ်လ ၃၀ ရက် နောက်ဆုံးထား၍ တင်ပြရမည် ဖြစ်ရာ နှစ်ပတ်မျှသာ အချိန်ရရှိကြသည်။ ယခုကဲ့သို့ အချိန်ကပ်၍ ကြေညာခြင်းသည် ပြည်သူတို့အား မလေးစားသည့် သဘော သက်ရောက်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လွတ်လပ်စွာ ပြောဆိုခွင့်နှင့် သတင်းစာ လွတ်လပ်ခွင့် မရှိခြင်းကြောင့် ရွေးကောက်ပွဲများမှာ လွတ်လပ်မှုနှင့် မျှတမှု ရှိလိမ့်မည် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း ဦးဥာဏ်ဝင်းက ပြောဆိုသည်။

နောက်ဆုံး ကျင်းပခဲ့သော ၁၉၉၀ ရွေးကောက်ပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ အနိုင် ရရှိခဲ့ခြင်းကြောင့် စစ်ဖက် အုပ်ချုပ်သူများက အဆိုပါ ရလဒ်ကို အသိအမှတ်ပြုရန် ငြင်းပယ်ခဲ့ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Channels News Asia, 25th August 2010

မြန်မာနိုင်ငံတွင် အထိန်းသိမ်းခံနေရသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ဖျက်သိမ်းလိုက်သော ပါတီကို ထောက်ခံသူများ အနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် မဲမပေးဘဲ နေနိုင်သည်ဟု ပြောကြားခဲ့ကြောင်း သူမ၏ ရှေ့နေ ဦးဥာဏ်ဝင်းက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

မြန်မာ ပြည်သူလူထုမှာ သူမ၏ NLD ပါတီကို မဲပေးရန် ဆန္ဒရှိကြသော်လည်း ပါတီမှာ တရားဝင် ရပ်တည်နိုင်ခြင်း မရှိတော့သည့်အတွက် ၎င်းတို့အနေဖြင့် မည်သို့ လုပ်သင့်သည်ကို မေးမြန်းနေကြသည့် သတင်းများကို ဒေါ်အောင်ဆန်းစုကြည်က ကြားသိခဲ့၍ ဤသို့ ပြောခဲ့ခြင်း ဖြစ်သည်ဟု ဦးဥာဏ်ဝင်းက ဆိုသည်။

"NLD ကိုပဲ မဲပေးချင်တယ်ဆိုရင် လာမယ့် ရွေးကောက်ပွဲမှာ မဲမပေးပဲနေကြပါ" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်ကို ဦးဥာဏ်ဝင်းက သူမ၏ ကန်စောင်းနေအိမ်မှ အပြန်တွင် AFP သို့ တယ်လီဖုန်းဖြင့် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

"ဒါပေမဲ့ ပြည်သူတွေရဲ့ ရွေးချယ်မှုနဲ့ ပတ်သက်လို့ သူမက ဘာမှ ပြောဆိုခြင်း မရှိပါဘူး" ဟု ဦးဥာဏ်ဝင်းက ဆိုသည်။

ပြည်သူများ အနေဖြင့် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲကို အနီးကပ် စောင့်ကြည့်ကာ အကယ်၍ လွတ်လပ် မျှတမှု မရှိပါက ထုတ်ဖော် ပြောဆိုရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဦးဥာဏ်ဝင်းက ၎င်း၏ လုပ်ဖော်ကိုင်ဘက်များနှင့် ဆွေးနွေးခဲ့ပြီးသည့် တိုင်အောင် နောက်ဆုံး ထင်မြင်ချက်များ ပေးရန် ငြင်းဆိုခဲ့သည်။

အသက် ၆၅ နှစ်ရှိ နိုဘယ်ဆုရှင် ဒီမိုကရေစီ ခေါင်းဆောင်မှာ လွန်ခဲ့သည့် အနှစ် ၂၀ ခန့်မှစ၍ ယခုတိုင် အကျယ်ချုပ် ထိန်းသိမ်း ခံနေရသည့်အတွက် ပြစ်ဒဏ်ကျခံနေရသူ တစ်ဦးအနေဖြင့် ရွေးကောက်ပွဲ မဝင်နိုင်အောင် တားဆီးခြင်း ခံထားရသည်။

သူမ၏ NLD ပါတီက ရွေးကောက်ပွဲ ဥပဒေများ တရားမျှတမှုမရှိဟု ပြောဆိုကာ လာမည့်နိုဝင်ဘာ ရွေးကောက်ပွဲကို သပိတ်မှောက်ထားသည်။ ရလဒ်မှာမူ စစ်ဖက်အုပ်ချုပ်သူများ၏ အဓမ္မ ဖျက်သိမ်းမှုကို ခံခဲ့ရခြင်းသာ ဖြစ်သည်။

စစ်အုပ်ချုပ်ရေးကို  အရပ်ဖက် မျက်နှာဖုံး တတ်ရန် ရည်ရွယ်သည့် မပိမရိ လိမ်ညာမှုအဖြစ် ဒီမိုကရေစီ လှုပ်ရှားသူများနှင့် အနောက်နိုင်ငံများက ဝိုင်းဝန်း ဝေဖန်နေကြသော လာမည့် ရွေးကောက်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်ရန် ပါတီ ၄၂ ခု ခွင့်ပြုချက် ရရှိပြီး ဖြစ်သည်။

NLD ပါတီကို ရွေးကောက်ပွဲ သပိတ် မှောက်စေလိုသည့် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားနှင့် ကွဲလွဲခဲ့ကြသည့် ယခင် NLD ပါတီဝင်ဟောင်းများ ဖွဲ့စည်းထားသည့် အမျိုးသား ဒီမိုကရေစီ အင်အားစု NLF ပါတီသည်လည်း ရွေးကောက်ပွဲ ဝင်ခွင့် ရရှိထားသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Indo-Asian News Service, 26th August

အိန္ဒိယနိုင်ငံက ၎င်း၏ အိမ်နီးချင်း မြန်မာနိုင်ငံတွင် နျူကလီယာ အစီအစဉ်မရှိဟု ယုံကြည်ထားသော်လည်း နျူကလီယာ လက်နက်များ အိမ်နီးချင်းနိုင်ငံတွင် ရှိနေခြင်းသည် စိုးရိမ်စရာ ကိစ္စဖြစ်သည့် အားလျော်စွာ အနီးကပ် စောင့်ကြည့်နေသည်ဟု ပြည်ပရေးရာ ဝန်ကြီး Mr SM Krishna က ယနေ့ ပြောကြားလိုက်သည်။

"မြန်မာနိုင်ငံက လျှို့ဝှက်ထားတဲ့ နျူကလီယာ အစီအစဉ် မရှိပါဘူးလို့ အခိုင်အမာ ပြောဆိုပါတယ်၊ အိန္ဒိယ အစိုးရကလည်း ဒါကို ယုံကြည်ဖို့ ရှိပါတယ်" ဟု Mr Krishna က Rajya Sabha တွင် နောက်ဆက်တွဲ ပြန်ကြားရာ၌ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ဝန်ကြီးက "ထောက်လှမ်းရေး ကွန်ယက်များ မှတဆင့် သတင်း အချက်အလက်များ စုဆောင်းနေသည်'' ဟုလည်း ဆက်လက် ပြောကြားခဲ့သည်။

"ကျွန်တော်တို့ရဲ့ ထောက်လှမ်းရေးအဖွဲ့က တစ်ဆင့် ဘာတွေ ဖြစ်နေသလဲ ဆိုတာကို သတင်း စုဆောင်းမှာပါ၊ ဒီကိစ္စဟာ ကျွန်တော်တို့ရဲ့ လုံခြုံရေးနဲ့ သက်ဆိုင်တဲ့အတွက် အစိုးရက အမြဲတမ်း အနီးကပ် စောင့်ကြည့်နေပါတယ်" ဟု ဝန်ကြီးက ဆိုသည်။

အိမ်နီးချင်း တိုင်းပြည်များ၌ နျူကလီယာ လက်နက် ရှိနေခြင်းသည် စိုးရိမ်စရာ ကိစ္စတစ်ရပ် ဖြစ်သည့်အတွက် အဆိုပါ အနေအထားကို အိန္ဒိယ ထောက်လှမ်းရေးက အထူး သတိထား စောင့်ကြည့် နေခဲ့သည်ဟုလည်း သိရှိရသည်။

"ပါကစ္စတန်မှာ နျူကလီယာ လက်နက် ရှိတယ်၊ တရုတ်မှာလည်း ရှိတယ် ဆိုတာ ကျွန်တော်တို့ သိပါတယ်၊ လစ်ဗျားနဲ့ အလားတူ အခြား နိုင်ငံတွေက လုပ်ဆောင်နေတဲ့ နျူကလီယာ တိတ်တဆိတ် ပြန့်ပွားရေး ကြိုးပမ်းမှုတွေကိုလည်း ကျွန်တော်တို့ သိရှိထားပါတယ်၊ ဒါ့အပြင် AQ Kahan ကွန်ယက်က အရမ်း တက်ကြွ လှုပ်ရှားနေတာကိုလည်း သိနေပါတယ်၊ ကျွန်တော်တို့ အစိုးရက လက်ရှိ အနေအထားကို စောင့်ကြည့် လေ့လာနေသလို အိန္ဒိယနိုင်ငံရဲ့ လုံခြုံရေးအပေါ် အန္တရာယ် မကျရောက်အောင်လည်း ဆောင်ရွက်လျက် ရှိပါတယ်" ဟု ဝန်ကြီးက ပြောကြားခဲ့သည်။

၁၉၆၂ မှစ၍ စစ်ဖက်က အုပ်ချုပ်လျက် ရှိသော မြန်မာနိုင်ငံမှ လက်ရှိ အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပြီးခဲ့သော ဇူလိုင်လက အိန္ဒိယသို့ လာရောက် လည်ပတ်စဉ် စွမ်းအင်ကိစ္စနှင့် နယ်စပ် လုံခြုံရေး ကိစ္စများကို ဆွေးနွေးခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အမေရိကန် သမ္မတ ဘားရက် အိုဘားမား အနေဖြင့် အာဆီယံဆိုင်ရာ အမေရိကန် သံအမတ် ခန့်အပ်မည့် ကိစ္စကို အမြန်ဆုံး အကောင်အထည် ဖော်သင့်ကြောင်း စီနီယာ ဆီနိတ်တာ တစ်ဦးက သြဂုတ်လ ၂၇ ရက်နေ့တွင် တိုက်တွန်း ပြောဆိုလိုက်သည်။

အာဆီယံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ခန့်အပ်ရန် ပျက်ကွက်နေခြင်းကြောင့် အမေရိကန် ပြည်ထောင်စု၏ အရှေ့တောင်အာရှ ဒေသနှင့် ဆက်ဆံရေး တိုးမြင့်ရန် ကြိုးပမ်း လုပ်ကိုင်မှုများကို နှောင့်နှေးစေသည်ဟု ဆီနိတ်တာ Richard Lugar က ပြောဆိုသည်။

အာဆီယံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ရာထူး ခန့်အပ်ထားမည့် ကိစ္စကို ယခု နှစ်ကုန်ပိုင်း (လာမည့် ၂၀၁၁ ခုနှစ်မတိုင်ခင်) အချိန်ကာလ အတွင်း အကောင်အထည် မဖော်ပါက လာမည့်လများ အတွင်း ကျင်းပမည့် အမေရိကန်-အာဆီယံ ထိပ်သီး ဆွေးနွေးပွဲသို့ အမေရိကန် သံအမတ် တက်ရောက်မှု ပျက်ကွက်မည် ဖြစ်သည်ဟု နိုင်ငံတကာ ဆက်ဆံရေး ကော်မတီမှ ရီပတ်ဘလီကန် ဆီနိတ်တာ Richard Lugar က ဆိုသည်။

ယခင် အမေရိကန် သမ္မတဟောင်း ဂျော့ဒဗလျူက စစ်ပြန်တစ်ဦး ဖြစ်သူ Scot Marciel အား အာဆီယံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် ၂၀၀၈ ခုနှစ်တွင် ရွေးချယ် ခန့်အပ်ခဲ့သည်။ သို့သော် သမ္မတ အိုဘားမားက မစ္စတာ Scot Marciel အား အင်ဒိုနီးရှား နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် ခန့်အပ်ရန် မကြာသေးခင်က စီစဉ်ခဲ့သည်။ မစ္စတာ Scot အား အဆိုပါ ရာထူးပေးသည့် ကိစ္စမှာ အမေရိကန် အစိုးရအဖွဲ့အတွက် လွန်စွာ အရေးကြီးသည့် အလုပ်တစ်ခု ဖြစ်သည်။

"အာဆီယံ ဆိုင်ရာ ပထမဆုံး အမေရိကန် သံအမတ်ကြီး ရှိခဲ့သော်လည်း ၎င်းနေရာကို ဆက်ခံမည့်သူ ရွေးချယ်သည့်ကိစ္စ နှောင့်နှေးနေသည်မှာ ကံမကောင်း အကြောင်းမလှမှု တစ်ခု ဖြစ်သည်။ သမ္မတကြီး အနေဖြင့် ယင်းကိစ္စကို အမြန်ဆုံး အကောင်အထည် ဖော်ရန် ကျွန်တော် တိုက်တွန်းလိုက်ပါသည်" ဟု မစ္စတာ Richard Lugar က အိုဘားမားထံ ပေးသော စာတွင် ရေးသား ဖော်ပြသည်။

အဖွဲ့ဝင် ဆယ်နိုင်ငံ ပါသော အရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့ (အာဆီယံ) သည် အမေရိကန် ပြည်ထောင်စုအတွက် အကြီးမားဆုံး ပို့ကုန်ဈေးကွက် တစ်ခု ဖြစ်သည်ဟု ၎င်းက စာထဲတွင် ထောက်ပြ ပြောဆိုသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ပြောဆိုရ ခက်ခဲသူ မြောက်ကိုရီးယား ကွန်မြူနစ် ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်သည် သူ၏ အရိုက်အရာကို ဆက်ခံမည့်သူဟု ထင်ကြေးပေး ခံထားရသူ အငယ်ဆုံးသား ကင်ဂျုံအန် နှင့်အတူ တရုတ်နိုင်ငံသို့ သြဂုတ်လ ၂၆ ရက်နေ့တွင် ရုတ်တရက် အလည်အပတ် သွားရောက်ခဲ့ကြောင်း တောင်ကိုရီးယား မီဒီယာများက ရေးသား ဖော်ပြသည်။

လျှို့ဝှက်သော မြောက်ကိုရီးယား ကွန်မြူနစ်နိုင်ငံ ခေါင်းဆောင် မည်သူမည်ဝါ ဖြစ်လာမည်ကို အဆုံးအဖြတ် ပေးလာဖွယ် ရှိသော အရေးကြီး ဆွေးနွေးပွဲ တစ်ရပ်အား မကျင်းပမီအတွင်း ကင်ဂျုံအီလ်က သားဖြစ်သူနှင့်အတူ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဒေသသို့ သွားရောက် လည်ပတ်ခြင်း ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံမှ အစိုးရ အရာရှိကြီးများက ပြောကြားသည်။

မည်သို့ပင်ဆိုစေ အသက် ၆၈ နှစ်အရွယ်ရှိ ခေါင်းဆောင်ကြီး ကင်ဂျုံအီလ် တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ်သည် ဟူသော အချက်နှင့် ပတ်သက်၍ ခိုင်မာသော အထောက်အထားများ မရရှိပေ။ သို့သော် တရုတ်နိုင်ငံ၊ Jilin မြို့မှ ဟိုတယ်တစ်ခုတွင် အစောင့်အကြပ်များ တင်းကျပ်စွာ ချထားသည်ဟု ဆိုသည်။

တောင်ကိုရီးယား သတင်းဌာန ဖြစ်သော Yonhap အဆိုအရ ကင်ဂျုံအီလ်သည် ဖခင်ကြီးဖြစ်သူ ကင်အီဆွန်း ပညာ သင်ယူခဲ့သော Jilin မြို့သို့ သွားရောက် လည်ပတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းကိုယ်တိုင် အဆိုပါ မြို့သို့ သွားရောက် လည်ပတ်ခဲ့ဖူးကြောင်း သိရသည်။

မြောက်ကိုရီးယား ခေါင်းဆောင်နေရာ အပြောင်းအလဲ ပြုလုပ်မည့် ကိစ္စ အပါအဝင် ဘဏ္ဍာရေး အကူအညီသစ်များ ရရှိရေးအတွက် ဆွေးနွေးရန် တရုတ်နိုင်ငံသို့ သွားရောက်ခြင်း ဖြစ်သည်ဟု နိုင်ငံရေး ကျွမ်းကျင်သူတို့က ဆိုသည်။ ကင်ဂျုံအီလ်သည် ပြည်ပခရီး သွားလာမှု အလွန် နည်းပါးသူ ဖြစ်ရာ ယခု ခရီးစဉ်သည် ထူးခြားသည်ဟု ဆိုသည်။

မြောက်ကိုရီးယား အလုပ်သမား ပါတီသည် လာမည့် စက်တင်ဘာလတွင် ကျင်းပခဲ့သော အစည်းအဝေးကြီး တစ်ရပ် ကျင်းပရန် စီစဉ်ထားသည်။ အဆိုပါ အစည်းအဝေးတွင် ကင်ဂျုံအီလ်၏ သားဖြစ်သူ ကင်ဂျုံအန်အား နိုင်ငံ့ခေါင်းဆောင်အဖြစ် တင်မြှောက်မည့် ကိစ္စကို ဆွေးနွေးကောင်း ဆွေးနွေးနိုင်သည်။

သမ္မတနှင့် နီးစပ်သော အသိုင်းအဝိုင်းက ကင်ဂျုံအီလ် တရုတ်ပြည်သို့ သွားရောက် လည်ပတ်ခဲ့သည်ဟု ဆိုသည်။ သို့သော် သူ၏ သားဖြစ်သူအား ခေါင်းဆောင် တင်မြှောက်မည့် ကိစ္စကိုမူ ဖော်ပြမှု မပြုပေ။

"ကင်ဂျုံအီလ်က တရုတ်ပြည်ကို မီးရထားနဲ့ သွားတာပါ။ ဒါပေမဲ့ သူ့သား လိုက်သွားတယ်ဆိုတဲ့ သတင်း အချက်အလက်ကိုတော့ မရပါဘူး" ဟု သတင်း ရင်းမြစ်က ဆိုသည်။

Reuters သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ဟောင်ကောင်နှင့် တရုတ်နိုင်ငံသို့ အဆင့်မြင့် သံတမန်အဖွဲ့ စေလွှတ်ပြီး ဖိလစ်ပိုင် နိုင်ငံတွင် ဖြစ်ပွားခဲ့သော ဘတ်စကား ပြန်ပေးဆွဲမှုကို ကိုင်တွယ် ဖြေရှင်းခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်း ပြောဆိုမည့် အစီအစဉ်ကို ခေတ္တ ရွှေ့ဆိုင်းထားကြောင်း အစိုးရက သတင်း ထုတ်ပြန်သည်။

အဆိုပါ အဆင့်မြင့် သံတမန် အဖွဲ့ကို ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး အယ်လ်ဘက်တို ရိုမူလိုနှင့် ဒုတိယသမ္မတ ဂျီဂျိုမာဘီနေတို့က ဦးဆောင်မည် ဖြစ်ကြောင်း၊ သို့သော် မည်သည့် နေ့ရက်တွင် သွားရောက်မည် ဟူသော အချက်ကို မသတ်မှတ်ရသေးကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်သည်။

"သံတမန် ကိုယ်စားလှယ် အဖွဲ့အနေဖြင့် အထူးမစ်ရှင် သွားရန် အသင့် အနေအထားတွင် ရှိနေပြီ ဖြစ်သည်။ သံတမန်အဖွဲ့ အနေဖြင့် သြဂုတ်လ ၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဘတ်စကား ပြန်ပေးဆွဲမှုနှင့် ပတ်သက်သော ရှင်းလင်း တင်ပြချက် တစ်ရပ် ယူဆောင်လာမည် ဟူသော အချက်ကို နှစ်ဖက်စလုံးက သိရှိ နားလည်ထားသည်" ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကြေညာချက်က ဆိုသည်။

"ယခုအခါ အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်သော ရှင်းလင်း တင်ပြချက် အစီရင်ခံစာ အမြန်ဆုံး အဆုံးသတ်နိုင်ရေး အတွက် ဖိလစ်ပိုင် အာဏာပိုင်များ စနစ်တကျ စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်လျက် ရှိသည်" ဟုလည်း ဆိုသည်။

ဘတ်စကား ပြန်ပေးဆွဲမှုအတွက် တရုတ်နိုင်ငံနှင့် ဟောင်ကောင်သို့ အထူး သံတမန်အဖွဲ့ တစ်ဖွဲ့အား ဖြစ်နိုင်ပါက အမြန်ဆုံး စေလွှတ်မည်ဟု ဖိလစ်ပိုင် အစိုးရက အစောပိုင်းတွင် ထုတ်ဖော် ပြောဆိုခဲ့သည်။ သို့သော် စုံစမ်း စစ်ဆေးမှုများ အပြီးသတ်ရန် အချိန်စောင့်ရမည် ဟူသော အချက်ကိုမူ ထိုစဉ်က ထုတ်ဖော်ခဲ့ခြင်း မရှိပေ။

သြဂုတ်လ ၂၃ ရက် (တနင်္လာနေ့) တွင် တိုက်ခိုက်ရေး ရိုင်ဖယ် သေနတ် ကိုင်ဆောင်ထားသူ ဖိလစ်ပိုင် ရဲအရာရှိဟောင်း တစ်ဦးက ဟောင်ကောင်မှ တိုးရစ်များ တင်ဆောင်လာသည့် ဘတ်စ်ကား တစ်စီးကို မနီလာမြို့၌ ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ရဲအရာရှိက အလုပ်အကိုင် ပြန်လည် ရရှိရေး၊ တာဝန် ထမ်းဆောင်ခဲ့စဉ် အတွင်း ငွေညှစ်မှုများ ကျူးလွန်ခဲ့သည် ဟူသော ပြစ်ချက်များ ကင်းရှင်းရေးအတွက် ယင်းသို့ ပြန်ပေးဆွဲခဲ့ခြင်း ဖြစ်သည်။

၁၂ နာရီတာမျှ ကြာမြင့်ခဲ့သည့် ပြန်ပေးဆွဲမှု ဖြစ်ရပ်ဆိုးကြီးတွင် တိုးရစ် ရှစ်ဦးနှင့် ပြန်ပေးဆွဲသူ သေနတ်သမားတို့ သေဆုံးခဲ့ရသည်။ အဆိုပါဖြစ်ရပ်ကို နိုင်ငံတကာ ရုပ်သံ မီဒီယာများက တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့ရာ တစ်ကမ္ဘာလုံး ကြည့်ရှုခွင့် ရရှိခဲ့သည်။ လေ့ကျင့်မှု မပြည့်ဝသော၊ လက်နက် ကိရိယာ မပြည့်စုံသော ဖိလစ်ပိုင်ရဲများနှင့် ပြန်ပေးသမားတို့ ပစ်ခတ်မှုကို ဟောင်ကောင်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

ပြန်ပေးဆွဲမှုကို ဖြေရှင်းရာတွင် အမှားအယွင်း များစွာ ရှိခဲ့သည်ဟူသော အချက်ကို ဖိလစ်ပိုင် အစိုးရနှင့် ရဲတပ်ဖွဲ့က ဝန်ခံ ပြောဆိုသည်။ ထိုဖြစ်ရပ်အပေါ် ဟောင်ကောင် နိုင်ငံသားများ လွန်စွာ မကျေမနပ် ဖြစ်လျက် ရှိသည်ဟု သတင်းဌာနများက ရေးသားသည်။

သေဆုံးသူ ဟောင်ကောင် တိုးရစ်များအား ထိမှန်ခဲ့သော ကျည်ဆန်မှာ ဖိလစ်ပိုင် ရဲတပ်ဖွဲ့၏ ကျည်ဆန် သို့မဟုတ် ပြန်ပေးဆွဲ သေနတ်သမား၏ ကျည်ဆန် ဖြစ်သည် ဟူသော အချက်ကို မသိရှိရသေးကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ဖိလစ်ပိုင် တရားရုံးနှင့် ပြည်ထဲရေး ဌာနတို့က စုံစမ်း စစ်ဆေးမှုများ ပူးတွဲ လုပ်ဆောင်ချိန်တွင် ရဲတပ်ဖွဲ့လည်း မိမိဘာသာမိမိ စုံစမ်း ဖော်ထုတ်မှုများ ပြုလုပ်လျက် ရှိသည်ဟု သိရသည်။ ဖိလစ်ပိုင် လွှတ်တော်ကလည်း ယင်းကိစ္စကို ကြားနာ စစ်ဆေးရန် ဆောင်ရွက်လျက် ရှိသည်။

လတ်တလော အနေအထားတွင် စုံစမ်း စစ်ဆေးမှုများ မည်သည့် အချိန် အဆုံးသတ်နိုင်မည် ဟူသော အချက်ကို အစိုးရက ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေ။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.