Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံသို့ တရုတ် စစ်သင်္ဘောများ ပထမဆုံး အကြိမ် လာရောက် လည်ပတ်မှု ခရီးစဉ် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရှိရသည်။

ပင်လယ်ဓားပြ နှိမ်နင်းရေး တပ်ဖွဲ့များ ဦးဆောင်သည့် တရုတ် စစ်သင်္ဘော နှစ်စင်း၏ ငါးရက်တာ မြန်မာနိုင်ငံ ခရီးစဉ်သည် တရုတ်-မြန်မာ အနီးကပ် ချစ်ကြည် ရင်းနှီးမှုနှင့် တရုတ် ရေတပ်၏ ခြေတံ လက်တံ ဆန့်နိုင်မှုကို ပြသနိုင်ခဲ့သည်။ ထို့အတူ မကြာမီ ရက်ပိုင်းတွင် တရုတ်နိုင်ငံသို့ မြန်မာ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လာရောက် လည်ပတ်ရန်လည်း ရှိကြောင်း ဘေဂျင်း အစိုးရက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် လေးရက်တာ ခရီးစဉ်အတွင်း တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်နှင့် တွေ့ဆုံပြီး ဘေဂျင်း၊ ရှန်ဟိုင်းနှင့် ဇီကျန်းမြို့များသို့ သွားရောက်မည် ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အဆိုပါ ခရီးစဉ်သည် တရုတ်နှင့် အိမ်နီးချင်း မြန်မာ အကြား ချစ်ကြည် ရင်းနှီးမှု တိုးပွားလာခြင်းကို ထပ်မံ ဖော်ကျူးပြရာ ရောက်သလို အာရှ အစိုးရ အများစု၏ သံသယဖြင့် ရှုမြင်ခြင်းကို ခံရမည် ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ပြီးခဲ့သည့် လပိုင်းအတွင်း အိမ်နီးချင်း အိန္ဒိယ နိုင်ငံများသို့ သွားရောက် လည်ပတ်ခဲ့သေးသည်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Jiang Yu က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခရီးစဉ်သည် စက်တင်ဘာလ ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိ ဖြစ်သည်ဟု ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လာရောက် လည်ပတ်မှုကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံ၏ အစဉ်အလာ ချစ်ကြည် ရင်းနှီးမှုကို ပိုမို ခိုင်မာ တောင့်တင်းစေမည် ဖြစ်ပြီး ဒေသတွင်း ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးရေးကိုလည်း မြှင့်တင် ပေးနိုင်မည် ဖြစ်သည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောဆိုသည်။ နိုဝင်ဘာလ ၇ ရက်နေ့ မြန်မာ နိုင်ငံတွင် ကျင်းပမည့် ဒီမိုကရေစီ ရွေးကောက်ပွဲနှင့် ပတ်သက်၍ မေးမြန်းရာတွင် ၎င်းက "မြန်မာ နိုင်ငံ ရွေးကောက်ပွဲကို ချောချောမွေ့မွေ့ ကျင်းပပေးနိုင်ပြီး ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးတွေကို ဆက်လက် လုပ်ကိုင်သွားနိုင်မယ်လို့ တရုတ်နိုင်ငံက မျှော်လင့်မိပါတယ်" ဟု ဆိုသည်။

မဟာမိတ်နိုင်ငံ

မြန်မာ နိုင်ငံသို့ လာရောက်ခဲ့သော Guangzhou နှင့် Caogu စစ်သင်္ဘော နှစ်စီးမှာ ရန်ကုန်မြို့ အနီးရှိ သီလဝါ ဆိပ်ကမ်းတွင် ဆိုက်ကပ်ခဲ့ပြီး အခမ်းအနားဖြင့် ကြိုဆိုခြင်း ခံခဲ့ရသည်။ တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (ရေ) သည် နိုင်ငံတကာ ပင်လယ်ဓားပြ နှိမ်နင်းရေး ဆောင်ရွက်ချက်များတွင် ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး အခြားသော ဆိပ်ကမ်းများသို့လည်း စစ်သင်္ဘောများ ထပ်မံ စေလွှတ်ရန် အစီအစဉ် ရှိသည်။

အဆိုပါ စစ်သင်္ဘော နှစ်စီးသည် အီတလီ၊ ဂရိနှင့် အီဂျစ် နိုင်ငံများသို့ သွားရောက်ခဲ့ပြီး ယခုအခါ တရုတ်ပြည်သို့ ပြန်သွားပြီ ဖြစ်သည်။ ယင်းသင်္ဘော နှစ်စီးအတွက် မြန်မာပြည် ခရီးစဉ်မှာ ပထမဆုံး ဖြစ်ပြီး တရုတ်က မြန်မာကို မဟာမိတ် နိုင်ငံ တစ်နိုင်ငံအဖြစ် သတ်မှတ် ရှုမြင်သည်ကို ဖော်ကျူးရာလည်း ရောက်သည် ဟု ဟောင်ကောင် စီးတီး တက္ကသိုလ်မှ ပေါမောက္ခ Nick Thomas က BBC သတင်းဌာနသို့ ပြောကြားသည်။

"မြန်မာနိုင်ငံမှာ မကြာမီ ကာလအတွင်း ရွေးကောက်ပွဲ ကျင်းပတော့မှာ မို့လို့ နိုင်ငံတကာရဲ့ အာရုံစိုက်မှုတွေ ရှိလာတော့မှာပါ။ အဲဒီ အချိန်မှာ မြန်မာနိုင်ငံကို တရုတ်က ထောက်ပံ့ပေးနေတယ် ဆိုတဲ့ အချက်ကို ပေါ်လွင်စေချင်တာမျိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အထီးကျန် ဖြစ်နေတယ်လို့ မရှုမြင်သင့်ပါဘူး" ဟု ၎င်းက ဆိုသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ နိုင်ငံ၏ အခွန် ပေးဆောင်မှု စနစ်တွင် ပွင်လင်း မြင်သာမှုနှင့် တာဝန်ခံမှုတို့ များစွာ လျော့နည်းနေပြီး အခွန်ထမ်း ပြည်သူများ ပေးသော အခွန်ငွေ အများစုမှာ အဂတိ လိုက်စားသူ အရာရှိများထံသို့သာ ရောက်ရှိလျက် ရှိကြောင်း အစီရင်ခံစာ တစ်ရပ် ထွက်ပေါ်လာသည်။ လူ့အခွင့်အရေး လှုပ်ရှားသူများ အဆိုအရ မြန်မာနိုင်ငံတွင်း တစ်ဖက်သတ် အခွန် ကောက်ခံမှုများကြောင့် စီးပွားရေး ဝန်ထုပ်ဝန်ပိုးများနှင့် အလွဲ သုံးစားမှုများ ဖြစ်ပေါ်စေလျက် ရှိသည်ဟု သိရသည်။

လူ့အခွင့်အရေး ဆိုင်ရာ အသင်းအဖွဲ့များ ကွန်ယက် အဖွဲ့က ဘန်ကောက်မြို့တွင် အဆိုပါ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ မြန်မာ စစ်အစိုးရသည် အခွန် ကောက်ခံမှု စနစ်ကို ခြိမ်းခြောက် ငွေညှစ်မှုနှင့် ဖိနှိပ် ချုပ်ခြယ်မှု လုပ်၍ရသော လက်နက်တစ်ခု သဖွယ် အသွင် ပြောင်းလဲပစ်ခဲ့သည်ဟု အဆိုပါ အစီရင်ခံစာက ဆိုသည်။ မြန်မာ အစိုးရနှင့် စစ်တပ်သည် ငွေသား၊ မြေယာ၊ ကုန်ပစ္စည်းနှင့် လုပ်သား အင်အားများကို အခွန်ပုံစံဖြင့် တစ်ဖက်သတ် ကောက်ခံလျက် ရှိသည်။

မြန်မာ ပြည်သူများသည် စစ်ဆေးရေး စခန်းများတွင် တစ်ဖက်သတ်ငွေ ကောက်ခံမှုများနှင့် ကြုံတွေ့ရပြီး ပွဲလမ်းသဘင်များ၊ ကျောင်း ဆောက်လုပ်မှုများ၊ ကျောင်းဝင်ရောက်ခွင့် လျောက်ထားမှုများ အတွက်လည်း အလှူငွေ ပေးရန် ဖိအာပေး ခံနေကြရသည်။

Macquarie တက္ကသိုလ်၊ မြန်မာ့ စီးပွားရေး လေ့လာ စောင့်ကြည့်မှု ဌာနမှ ဘောဂဗေဒ ပညာရှင် Alison Vicary က မြန်မာနိုင်ငံ၏ အခွန်စနစ်သည် ဖိနှိပ် ချုပ်ခြယ်မှု တစ်ခု ဖြစ်ပြီး တရားဝင်မှု မရှိကြောင်း ပြောသည်။ "အစိုးရ အေဂျင်စီတွေရဲ့ အခွန် ကောက်ခံနေတဲ့ ပုံစံဟာ မြန်မာ ပြည်သူလူထုကို ဖိနှိပ် ထိန်းချုပ်မှုတွေ လုပ်နေသလိုပါပဲ။ အောက်ခြေ အဆင့်မှာ ကောက်ခံနေတဲ့ အခွန်ငွေ အတော်များများဟာ ဗဟို အစိုးရအတွက် မဟုတ်ဘဲ အောက်ခြေအဆင့် အရာရှိတွေရဲ့ ဝင်ငွေတွေပဲ ဖြစ်သွားပါတယ်" ဟု Alison Vicary က ပြောသည်။

လူ့အခွင့်အရေး လှုံ့ဆော်သူများ အဆိုအရ စစ်တပ် ကျောထောက်နောက်ခံ ပေးမှု ရထားသော အဖွဲ့အစည်းများသည် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲ မတိုင်မီ မြန်မာ ပြည်သူ လူထုထံမှ ငွေညှစ်မှုများ ပြုလုပ်လျက် ရှိသည်ဟု ဆိုသည်။

အခွန် ကောက်ခံမှုစနစ် အပေါ် အလွဲ သုံးစား ပြုမှုတို့ကြေင့် မြန်မာ့ စီးပွားရေး ဆုတ်ယုတ် ကျဆင်းမှုများ ဖြစ်ပေါ်စေသည်ဟု Alison Vicary က ပြောသည်။ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ နောက်ပိုင်း ကာလတွင် အခွန်စနစ်နှင့် ပတ်သက်၍ အနည်းငယ် ပြောင်းလဲမှု ရှိလာမည်ဟု ယုံကြည်ကြောင်း ၎င်းက ဆိုသည်။

မြန်မာ နိုင်ငံတွင်း တာဝန်ခံမှု လျော့နည်းနေခြင်းကြောင့် များစွာသော ပြည်သူလူထုမှာ အခက်အခဲများနှင့် ကြုံတွေ့ရကြောင်း Human Rights Education Institute of Burma မှ Coordiantor ဖြစ်သူ Cheery Zahau က ပြောကြားသည်။

"တာဝန်ခံမှု လျော့နည်းနေတာကြောင့် အခြေခံကျတဲ့ ကိစ္စတွေမှာ ပြဿနာတွေ ဖြစ်ကြရတယ်။ မြန်မာ ပြည်သူတွေ အနေနဲ့ ငွေမစုနိုင်ကြဘူး။ ကလေး သူငယ်တွေကိုလည်း ကျောင်း မထားနိုင်ကြဘူးဟု ၎င်းက ဆိုသည်။

"အစိုးရမှာ ဆေးရုံတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ အတွက် ငွေအလုံအလောက် မရှိဘူး။ အဲဒါကြောင့် လူထု တစ်ရပ်လုံးအတွက် လူမှု ဖူလုံရေး စနစ်ကြီး ပြိုလဲနေပါတယ်။ အဲဒါတွေ အားလုံးဟာ နောက်ဆုံးတော့ ပြည်သူလူထု အပေါ်မှာပဲ ဝန်ထုပ်ဝန်ပိုး သွားဖြစ်ပါတယ်" ဟု ဆိုသည်။

မြန်မာ နိုင်ငံ၏ အခွန် ကောက်ခံမှု စနစ်သည် ပြည်သူလူထု အတွက် အဆင့်အတန်း ပြည့်မီသော နေထိုင်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အိမ်ယာမြေ ထူထောင်မှု၊ အစားအသောက် နှင့် ပညာရေး စသည်တို့ကို ဖန်တီး မပေးနိုင်ကြောင်း အဆိုပါ အစီရင်ခံစာက ဆိုသည်။ သို့အတွက်ကြောင့် မြန်မာနိုင်ငံတွင်း အုပ်ချုပ်ရေး စနစ် ကောင်းမွန်မှု၊ လူ့အခွင့်အရေး အပြည့်အဝ ရရှိမှုတို့ ပေါ်ထွန်းမှသာ နိုင်ငံတကာ အလှူရှင်များ (ဖွံ့ဖြိုးရေး ဘဏ်များ) အနေဖြင့် အကူအညီများ ပေးအပ်သင့်ကြောင်း အစီရင်ခံစာက ဆက်လက် တိုက်တွန်းသည်။

VOA သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အီရန် နိုင်ငံ နျူကလီယာ အစီအစဉ်နှင့် ပတ်သက်ပြီး ဂျပန်နိုင်ငံက အီရန်အပေါ် ပိတ်ဆို့ အရေးယူမှုသစ်များ ထပ်မံ ပြဋ္ဌာန်းလိုက်ကြောင်း သိရသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ပြီးနောက် ဂျပန်နိုင်ငံက အီရန်အပေါ် ယင်းသို့ မူဝါဒသစ်များ သတ်မှတ် ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်။ ပိတ်ဆို့ အရေးယူမှု အစီအစဉ်သစ်က အီရန် ဘဏ်များနှင့် ပြုလုပ်သော ငွေလွှဲပြောင်းမှုများ၊ စွမ်းအင်ဆိုင်ရာ ရင်းနှီး မြှုပ်နှံမှုများကို အဓိက ပစ်မှတ်ထားသည်ဟု ဆိုသည်။

ဂျပန်အစိုးရက အီရန်အပေါ် ပိတ်ဆို့ အရေးယူမှုကို ပြီးခဲ့သည့် သြဂုတ်လတွင် အတည်ပြုခဲ့သည်။ သို့သော် အီရန်အပေါ် ပိုမို တင်းကြပ်သည့် မူဝါဒတို့ဖြင့် ပိတ်ဆို့ အရေးယူသင့်သည်ဟု အမေရိကန် အစိုးရ အရာရှိများက ဂျပန် အစိုးရကို တိုက်တွန်းခဲ့ကြသည်။

အီရန်နိုင်ငံ၏ နျူကလီယာ အစီအစဉ်အရ အဏုမြူ လက်နက်များ ထုတ်လုပ် တပ်ဆင်လျက် ရှိသည်ဟု နိုင်ငံအများစုက စိုးရိမ်လျက် ရှိသော်လည်း အီရန် အစိုးရကမူ မိမိတို့၏ အစီအစဉ်သည် ငြိမ်းချမ်းရေး အတွက်သာ ဖြစ်သည်ဟု အာမခံ ပြောဆိုသည်။

ဂျပန်သည် အီရန်နိုင်ငံမှ ရေနံ အဓိက တင်သွင်းသည့် နိုင်ငံတစ်ခု ဖြစ်သည်။ သို့သော် ယခု ပိတ်ဆို့ အရေးယူသည့် အစီအစဉ်တွင် ရေနံ တင်သွင်းမှုအပေါ် ကန့်သတ် ပိတ်ပင်မှုများ မပါဝင်ပေ။

"အီရန်အနေနဲ့ နျူကလီယာ မပြန့်ပွားရေး လုပ်ကိုင်လာဖို့နဲ့ နျူကလီယာ ဖွံ့ဖြိုးမှု ကာကွယ်နိုင်ဖို့ ကျွန်တော်တို့ အခုလို လုပ်ကိုင်ရတာ ဖြစ်ပါတယ်" ဟု ဂျပန် ကက်ဘိနက် အတွင်းရေးမှူးချုပ် ယိုရှိတိုဆန်ဂိုကူက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

အမေရိကန် ပြည်ထောင်စု၊ ဥရောပ သမဂ္ဂ၊ ကနေဒါ နှင့် သြစတြေးလျ တို့က အီရန်အပေါ် ထပ်တိုး ပိတ်ဆို့ အရေးယူမှုများ ကြေညာခဲ့ပြီ ဖြစ်သည်။ အဆိုပါ ပိတ်ဆို့ အရေးယူမှုသစ်များကို တရုတ်နှင့် ရုရှားတို့က ဆန့်ကျင် ကန့်ကွက်သည်။

တရုတ်သည် အီရန်နှင့် လွန်စွာ ရင်းနှီး ကျွမ်းဝင်သော ကုန်သွယ်ဘက် နိုင်ငံတစ်ခု ဖြစ်သကဲ့သို့ အီရန်၌ တရုတ်အတွက် လွန်စွာ အရေးပါသော စွမ်းအင် အကျိုးစီးပွားများ ရှိနေသည်။

ဘဏ်များထိခိုက်

ဂျပန်နိုင်ငံ၏ ပိတ်ဆို့ အရေးယူမှုသစ်များကြောင့် အီရန် နျူကလီယာ အစီအစဉ်နှင့် ချိတ်ဆက်နေသည့် ပုဂ္ဂိုလ်များ၊ စီးပွားရေး အုပ်စုများ၏ ပိုင်ဆိုင်မှုများ အပေါ် များစွာ ထိခိုက် နစ်နာစေမည် ဖြစ်သကဲ့သို့ အဆိုပါ အုပ်စုများ အနေဖြင့် ငွေကြေး လွှဲပြောင်းမှုများလည်း လုပ်ကိုင်နိုင်မည် မဟုတ်ပေ။ ပိတ်ဆို့ အရေးယူမှုသစ်က အီရန်နိုင်ငံအတွက် ဝန်ဆောင်မှု ပေးသော အာမခံ လုပ်ငန်းများအပေါ် ပိတ်ပင်ထားပြီး ဂျပန်နိုင်ငံ ငွေကြေး အဖွဲ့အစည်းများ အနေဖြင့်လည်း အီရန် ဗဟိုဘဏ်မှ ထုတ်သော ငွေတိုက်စာချုပ်များ ဝယ်ယူမှုကို တားမြစ်သည်။

ငွေကြေးဆိုင်ရာ ဆောင်ရွက်ချက်များအပေါ် ပိတ်ဆို့ရာတွင် နျူကလီယာ လုပ်မှုများကို အထောက်အပံ့ ပေးနိုင်သည့် အီရန်ဘဏ်ပေါင်း ၁၅ ခုပါဝင်ပြီး ဂျပန် ဘဏ်ကြီး အချို့ အပေါ်လည်း ထိခိုက်မှုများ ရှိလာနိုင်သည်ဟု လေ့လာ သုံးသပ်သူများက ဆိုသည်။ သတင်းများအရ တိုယိုတာ မော်တော် ကော်ပိုရေးရှင်း အနေဖြင့် အီရန် နိုင်ငံအပေါ် မော်တော်ယာဉ်များ တင်ပို့မှုကို ပြီးခဲ့သည့် ဇွန်လ အတွင်းက ပိတ်ပင်ခံလိုက်ရသည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ဇွန်လအတွင်း လေးကြိမ်မြောက် ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ပြီးနောက် အမေရိကန် ပြည်ထောင်စုကလည်း ဇူလိုင်လတွင် ထပ်မံ တင်းကြပ်သော ပိတ်ဆို့ အရေးယူမှုများကို တစ်ဖက်သတ် ပြုလုပ်ခဲ့သည်။ ထို့အတူ အီးယူကလည်း အလားတူ တစ်ဖက်သတ် တင်းကြပ်သော ပိတ်ဆို့ အရေးယူမှု သစ်များကို ပြဋ္ဌာန်းခဲ့သည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 4th Sept 2010

တောင်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီး Yu Myyng-hwan သည် သမီးဖြစ်သူအား ၎င်း၏ ဝန်ကြီးဋ္ဌာနတွင် အလုပ်လုပ်ရန် ကမ်းလှမ်းခဲ့မှု ပေါ်သွားသောကြောင့် ရာထူးမှ နုတ်ထွက်ရန် အဆိုပြုခဲ့သည်။

 ဝန်ကြီးသည် ၎င်း၏ သမီးဖြစ်သူ အသက် (၃၅) နှစ်ရှိ Yu Hyun-sun အား အလယ်အလတ် အဆင့်ရှိ အစိုးရ ဝန်ထမ်း ရာထူး ပေးခဲ့ခြင်းကြောင့် မိမိ ရာထူးအား အလွဲသုံးစား ပြု၍ မိသားစုအား စံစားစေခြင်း nepotism ဟု စွပ်စွဲမှုများ ပေါ်ပေါက်ခဲ့၍ ဤသို့ နုတ်ထွက်စာ တင်ခဲ့ခြင်း ဖြစ်သည်။

၎င်း၏ သမီးမှာ ပထမ လျှောက်ထားစဉ်က ငြင်းပယ်ခံခဲ့ရပြီး၊ နောက်ပိုင်းတွင် အခြား ရာထူး တစ်ခု၌ ပေးခဲ့ခြင်း ဖြစ်သည်။ သူမက အမှား မလုပ်ခဲ့ကြောင်း ငြင်းဆိုခဲ့သော်လည်း ထိုသို့ ထင်မြင် ခံရခြင်းအတွက် တောင်းပန်ခဲ့သည်။

အဆိုပါ အဖြစ်အပျက်အား စုံစမ်း စစ်ဆေးရန် အစိုးရက အမိန့်ထုတ်ထားသည်။

BBC သတင်းထောက် John Sudworth က ဆိုးလ်မှ သတင်း ပေးပို့ချက်အရ ထိုသို့ နာမည်ကြီးသူများ မရိုးမသား ပြုလုပ်မှုများနှင့် ပတ်သက်၍ အစိုးရအား လိုက်နာ စောင့်ထိန်းရမည့် စံများ အပေါ် ဝေဖန်မှုများနှင့် ကြုံတွေ့နေရသည်။

ပြီးခဲ့သည့် လက ကက်ဘိနက် နေရာ (၃) နေရာအတွက် အစိုးရက အမည်စာရင်း တင်သွင်းသော ပုဂ္ဂိုလ် သုံးဦးသည် ၎င်းတို့အပေါ် မရိုးမသား ပြုမှုမှုများအတွက် စွပ်စွဲမှုများကြောင့် နုတ်ထွက် စေခဲ့ရကြောင်းလည်း BBC သတင်းထောက်က သတင်း ပေးပို့သည်။

အလားတူပင် ဝန်ကြီးချုပ် အဖြစ် ရွေးချယ်ရန် လျာထားခြင်း ခံရသူ Kim Tae-ho သည် အကျင့်ပျက် ခြစားသော စီးပွားရေးသမား တစ်ဦးနှင့် ပတ်သက်မှုများ ရှိသည်ဟု စွပ်စွဲခံခဲ့ရသည်။

ယဉ်ကျေးမှု ဝန်ကြီး အဖြစ် လျာထားခြင်း ခံရသူသည်လည်း နေထိုင်ခွင့် ဥပဒေများကို ချိုးဖောက်ပြီး သူ၏ ကလေးများအား ကျောင်းကောင်းများသို့ သွားရောက် တက်စေသည်ဟု စွပ်စွဲခံထားရသည်။

ထို့အတူ အသစ် ခန့်အပ်သော စီးပွားရေး ပညာရှင် တစ်ဦး၏ အမျိုးသမီးသည်လည်း အခြေပစ္စည်း ရောင်းဝယ်မှုတွင် အတွင်း သတင်းများ ပေး၍ အမြတ်ငွေ ရယူခဲ့မှု အတွက် စွပ်စွဲခံခဲ့ရသည်ဟု BBC သတင်းထောက်က ဖြည့်စွက် သတင်း ပေးပို့ခဲ့သည်။

သမ္မတ Lee Myung-bak သည် မကြာသေးမီက ပိုမို၍ တရား မျှတသော လူ့အဖွဲ့အစည်း ဖြစ်အောင် ဖန်တီးမည်ဟု ကတိ ပြုထားရာ ယခုကဲ့သို့ အစိုးရအဖွဲ့ အတွင်း မရိုးမသား ပြုမူမှုများသည် သမ္မတအား ထိခိုက်မှုများ ဖြစ်စေခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Washington Times, 2nd Sept 2010

မြန်မာနိုင်ငံ၌ လာမည့် နိုဝင်ဘာ ၇ တွင် ကျင်းပရန် စီစဉ်ထားသော အထွေထွေ ရွေးကောက်ပွဲများ မတိုင်မီ ၂ လကျော်မျှသာ လိုတော့သော အချိန်တွင် မြန်မာ စစ်ဖက် အစိုးရ ကျူးလွန်သည်ဟု စွပ်စွဲထားကြသော စစ်ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးရန် ကုလသမဂ္ဂ ဦးဆောင်သော ကော်မရှင် ဖွဲ့စည်းရေး အတွက် သြစတြေးလျ၊ ဗြိတိန်၊ ချက်ရီပတ်ဘလစ်၊ စလိုဗက်ကီးယား စသော နိုင်ငံများနှင့် အမေရိကန် ပြည်ထောင်စုတို့ ပူးပေါင်းခဲ့ကြသည်။

အိမ်ဖြူတော်က သြဂုတ်လ ၁၈ တွင် ထုတ်ပြန်သော ကြေညာချက်၌ စုံစမ်းရေး ကော်မရှင်သည် မြန်မာ အစိုးရ အဖွဲ့ဝင်များ တာဝန်ရှိသည့် ကိစ္စများကို ဖော်ထုတ်ခြင်းဖြင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေကို တိုးတက်စေနိုင်လိမ့်မည်ဟု ဖော်ပြထားသည်။ မြန်မာ နိုင်ငံအပေါ် ဆက်လက် အရေးယူ ဒဏ်ခတ်မည့် အလားအလာကိုလည်း အိုဘားမား အစိုးရက အရိတ်အမြွက် ပြောကြားခဲ့သည်။

 မြန်မာ့ တပ်မတော် ခေါင်းဆောင်များအား စုံစမ်း စစ်ဆေးရန် ကော်မရှင် ဖွဲ့စည်းရေး ကိစ္စကို မြန်မာ လူ့အခွင့်အရေး အုပ်စုများကလည်း ကြိုးစားခဲ့ကြသည်။

မြန်မာနိုင်ငံ ဆိုင်ရာ ကုလ လူ့အခွင့်အရေး အရာရှိ Tomas Ojea Quintana ၏ အစီရင်ခံစာကို မတ်လ အတွင်းက လူ့အခွင့်အရေး ကောင်စီသို့ တင်ပြခဲ့သော အချိန်တွင် အဆိုပါ ကိစ္စ ပို၍ လူသိများ ကျယ်ပြန့် သွားခဲ့ခြင်း ဖြစ်သည်။

တသမတ်တည်း ထုတ်ပြန်ခဲ့ကြသော အစီရင်ခံစာများအရ အဆိုပါ လူ့အခွင့်အရေး ချိုးဖောက်မှုများသည် နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးမှ ပြဋ္ဌာန်းထားသော ဥပဒေများက သတ်မှတ်သည့် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု အမျိုးအစားများနှင့် အကျုံးဝင် ငြိစွန်းနေဖွယ် ရှိသည့် ဖြစ်နိုင်ခြေ ထွက်ပေါ်လာခဲ့သည်ဟု Mr.Quintana  က ဆိုသည်။

၂၀၀၉ စက်တင်ဘာလက စတင်ခဲ့သည့် အိုဘားမား အစိုးရ၏ သံတမန်ရေး တွေ့ဆုံ ဆွေးနွေးမှုများမှ ရလဒ်ကောင်းများ ထွက်ပေါ်လာခြင်း မရှိသည့် အချိန်တွင် အခြား ရွေးချယ်စရာ နည်းလမ်း အနည်းငယ်မျှသာ ရှိတော့သည်။ ပြီးခဲ့သော ၁၁ လအတွင်း တွေ့ဆုံ ညှိနှိုင်းမှု ပြုလုပ်ခဲ့ရာတွင် အိုဘားမား အစိုးရ အနေဖြင့် မြန်မာ စစ်အစိုးရ၏ ရည်ရွယ်ချက်နှင့် စိတ်နေ သဘောထားကို ပိုမို သိရှိ သဘောပေါက်သွားသည့် လက္ခဏာ ရှိသည်။ ထိုအချက်ကြောင့်ပင် အိမ်ဖြူတော် အနေဖြင့် ထော်လော် ကန့်လန့် တိုက်တတ်သော မြန်မာ အစိုးရ ခေါင်းဆောင်များနှင့် ထိရောက်စွာ ဆက်ဆံနိုင်ရေးအတွက် မဟာဗျူဟာကို ပြန်လည် ရေးဆွဲရန် အခွင့်အလမ်း ရရှိခဲ့ခြင်း ဖြစ်သည်။

ဝါရှင်တန်သည် အဆင့်မြင့် သံတမန် ခရီးစဉ်များမှ တဆင့် မြန်မာ အစိုးရ ခေါင်းဆောင်များနှင့် ဆက်ဆံ ဆွေးနွေးရန် ကြိုးစားခဲ့ပြီး ဖြစ်သည်။ အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell မြန်မာနိုင်ငံသို့ ၂၀၀၉ နိုဝင်ဘာလနှင့် မေလ အတွင်းက လာရောက်ခဲ့သော်လည်း မည်သည့် ခရီးစဉ်တွင်မှ ၎င်းတို့ လိုလားသော ရလဒ်များ မရရှိခဲ့ပါ။

 အိုဘားမား အစိုးရသည် မြန်မာ အစိုးရထံမှ အပြုသဘော ဆောင်သော တုန့်ပြန်မှုများကို မျှော်လင့်ခဲ့ပုံ ရသည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ ရွေးကောက်ပွဲ မကျင်းပမီ လွတ်လပ် မျှတသော နိုင်ငံရေး ဝန်းကျင် ဖန်တီးရေး စသော အမေရိကန် အစိုးရ၏ ကနဦး တောင်းဆိုချက်များ အကောင်အထည် မပေါ်ခဲ့ပါ။

ထို့အပြင် မြောက်ကိုးရီးယား၏ အကူအညီဖြင့် မြန်မာ အစိုးရက နျူကလီယာ လက်နက် ထုတ်လုပ်ရန် ကြိုးစားနေသည့် သတင်း အစီရင်ခံစာများကြောင့် အမေရိကန် အစိုးရ၏ စိတ်အနှောင့်အယှက် ဖြစ်မှုကို ပိုမို ဆိုးဝါးသွားစေခဲ့သည်။ အကျိုးကြောင်း ခိုင်လုံနေသည့် တင်းကျပ်သော ပိတ်ဆို့မှုများကိုလည်း အိုဘားမား အစိုးရက ရုတ်သိမ်းပေးခဲ့ခြင်း မရှိပါ။

ဝါရှင်တန် အနေဖြင့် ၎င်း၏ ညှိနှိုင်းရေး မူဝါဒမှ လိုလားသော ရလဒ်ကောင်းများ ထွက်ပေါ်လာခြင်း မရှိသည့်အတွက် မြန်မာနိုင်ငံ အပေါ် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေးကို ထောက်ခံရန် ဆုံးဖြတ်ခဲ့ရသည်။

အဆိုပါ စုံစမ်းရေး ကော်မရှင်ကို ကုလ လူ့အခွင့်အရေး ကောင်စီ၊ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက်၊ ကုလအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (သို့) ကုလလုံခြုံရေး ကောင်စီ မဲခွဲ ဆုံးဖြတ်မှုတို့ဖြင့် အကောင်အထည် ဖော်ဖွယ် ရှိနေပြီး နောက်ဆုံးတွင် စစ်ရာဇဝတ်မှုများ ကျူးလွန်မှုဖြင့် တရားစွဲဆိုသည့် အဆင့်သို့ ရောက်ရှိနိုင်သည်။

ကုလ လုံခြုံရေး ကောင်စီ၌ ကြိုးပမ်းမှု မှန်သမျှကို ဗီတို အာဏာ သုံးစွဲခွင့် ရှိသူ တရုတ်နှင့် ရုရှားတို့က ကန့်ကွက်ဖွယ် ရှိနေသည်။ ၁၉၉၀ ခုနှစ်များ အစောပိုင်းက ဘော့စနီးယား စစ်ရာဇဝတ်မှုများ စုံစမ်းရေး ကော်မရှင်မှာ သာဓက တစ်ခုပင် ဖြစ်သည်။

မြန်မာ အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား တရား စွဲဆိုရန် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေး အလားအလာများမှာ မသေချာသေးသော်လည်း ယခု ဆောင်ရွက်မှုကြောင့် မြန်မာ စစ်အစိုးရ မျိုးဆက်သစ် ခေါင်းဆောင်များ ၎င်းတို့၏ ပြည်သူများ အပေါ် ရာဇဝတ်မှုများ ထပ်မံ ကျူးလွန်စေရန် တားဆီး ပေးနိုင်ဖွယ် ရှိနေသည်။

လိုက်ဘေးရီးယား သမ္မတဟောင်း ချားစ်တေလာသည် ဟိဂ်မြို့တွင် စစ်ရာဇဝတ်မှု ကျူးလွန်မှုများနှင့် ပတ်သက်၍ တရားစွဲဆိုခြင်း ခံနေရသည်။ ဆူဒန် ခေါင်းဆောင် အိုမာဟတ်ဆန် အာမက်အယ်ဘာရှားသည်လည်း ၂၀၀၈ ခုနှစ်က တရားစွဲဆိုခြင်း ခံရပြီး ၎င်းကိုမူ ဖမ်းဆီးမိခြင်း မရှိသေးပါ။ ဆားဘီးယား ခေါင်းဆောင်ဟောင်း ဆလိုဘိုဒန်မီလိုဆီဗစ်သည်လည်း ရာထူးမှ အနားယူ အပြီး အဖမ်းခံရကာ တရားစွဲဆိုထားစဉ် အတွင်း သေဆုံးသွားခဲ့သည်။

စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေးကို ထောက်ခံရန် ဆုံးဖြတ်ခဲ့သော အိုဘားမား အစိုးရ အနေဖြင့် ထိုအစီအစဉ် ပြီးဆုံးသည်အထိ တွန်းအားပေးရလိမ့်မည် ဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၊ လူ့အခွင့်အရေး ကောင်စီနှင့် ကုလ အထွေထွေ ညီလာခံတို့၏ တာဝန်သိသိ ဆောင်ရွက်မှု၊ နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဝိုင်းဝန်း ထောက်ခံမှုတို့သည်လည်း ကော်မရှင် ဖွဲ့စည်းရေး ကိစ္စ အောင်မြင်ရန် အတွက် မရှိမဖြစ် လိုအပ်သည့် အရာများ ဖြစ်သည်။

ဤအတော အတွင်း၌ အမေရိကန် ပြည်ထောင်စု အနေဖြင့် ၎င်း၏ ညှိနှိုင်းရေး မူဝါဒကို စွန့်လွှတ်၍ မရသေးပါ။ ၂၀၀၈ ခုနှစ်တွင်း ကွန်ဂရက် လွှတ်တော်က ခန့်အပ်ခဲ့ဖူးသော မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် ရာထူးကို အိုဘားမား အစိုးရ အနေဖြင့် ပြန်လည် ခန့်အပ်ရန် လိုအပ်နေသည်။

အဆိုပါ အထူး ကိုယ်စားလှယ် အနေဖြင့် တရုတ်၊ ဂျပန်၊ ရုရှား၊ အိန္ဒိယ၊ အာဆီယံနှင့် အီးယူ စသော သက်ဆိုင်ရာ အင်အားကြီး အုပ်စုများနှင့် တိုင်ပင် ညှိနှိုင်းကာ မြန်မာနိုင်ငံ အပေါ် နိုင်ငံတကာ တွန်းအား ပေးမှုများကို ညှိနှိုင်း လုပ်ဆောင်သွားရန် လိုအပ်သည်ဟု တင်ပြလိုက်ရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Democracyfor burma.wordpress.com, 3rd Sept 2010

မြန်မာ နိုင်ငံ၌ လာမည့် ရွေးကောက်ပွဲ မတိုင်မီ ကြိုတင် ပြင်ဆင်မှု အပါအဝင် ပြည်တွင်းရေး ပြဿနာသည် ထိုင်း-မြန်မာ နယ်စပ် ပိတ်ထားခြင်း အကြောင်းရင်း ဖြစ်သည် ဟူ၍ မှတ်ချက် ထွက်ပေါ်လာသည်။

တပ်ခ်ပြည်နယ် မဲဆောက်မြို့ရှိ Centara Mae Sot Hill Resort တွင် ပြုလုပ်သော ဒေသတွင်း နယ်စပ် ကော်မတီ အစည်းအဝေး (RBC meeting) တွင် ထိုင်းတပ်မတော် တတိယ အကြီးအကဲ သာနောင်ဆပ် အပီရာကျိုသင်က "ထိုင်း-မြန်မာ နယ်စပ် ပြန်လည် ဖွင့်လှစ်ရေးကို စေ့စပ် ဆွေးနွေးရန် ရည်ရွယ်၍ ယခု အစည်းအဝေးကို ကျင်းပခဲ့ကြောင်းနှင့် ထိုင်းနိုင်ငံ မြောက်ပိုင်း တခွင်မှ RBC အဖွဲ့ဝင်များ၊ ဋ္ဌာန ပေါင်းစုံမှ ကိုယ်စားလှယ်များ ပါဝင် ဆွေးနွေးခဲ့ကြသည်" ဟု ပြောကြားသည်။

ထိုင်းတပ်မတော် စတုတ္ထ အကြီးအကဲ ပရာဆန်ဆောင်ဆီရီရပ်၏ အဆိုအရ ယခု နယ်စပ် ပိတ်ထားခြင်းသည် မြန်မာ နိုင်ငံ၌ လာမည့် ရွေးကောက်ပွဲ မတိုင်မီ ကြိုတင် ပြင်ဆင်မှု၏ အကျိုးဆက် တစ်ခု ဖြစ်ပြီး နယ်ခြား သောင်ရင်းမြစ်၏ မြန်မာ ဖက်ကမ်းတွင် ရေတိုက်စားမှု ဖြစ်စေသည်ဟု အကြောင်း ပြကာ မြန်မာဖက်မှ ၉ ကြိမ် တိုင်တိုင် ကန့်ကွက်ခဲ့သော သောင်ရင်းမြစ် ထိုင်းနိုင်ငံ ဖက်ခြမ်း ကွန်ကရစ် ကမ်းပါး တည်ဆောက်မှုသည်လည်း အကြောင်းရင်း တစ်ခု ဖြစ်သည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy News, 4th Sept 2010

ယခု လကုန် နယူးယောက်၌ ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ အဝန်းအဝိုင်းတွင် သမ္မတ အိုဘားမား စီစဉ် စုဝေးမည့် အမေရိကန် - အာဆီယံ ထိပ်သီး အစည်းအဝေးသို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်း တက်ရောက်လိမ့်မည်ဟု သိရှိရသည်။

အာဆီယံ ခေါင်းဆောင်များနှင့် ပြုလုပ်မည့် အစည်းအဝေးကို သမ္မတ အိုဘားမားက လက်ခံ ကျင်းပလိမ့်မည်ဟု အိမ်ဖြူတော်က သောကြာနေ့တွင် ကြေညာခဲ့သည်။ အမေရိကန်-အာဆီယံ ခေါင်းဆောင်များ၏ ဒုတိယ အကြိမ်မြောက် အစည်းအဝေးသို့ အာဆီယံ ခေါင်းဆောင်များနှင့် အတူ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်ကိုလည်း တက်ရောက်ရန် အိုဘားမားက ဖိတ်ကြားခဲ့သည်ဟု ဆိုသည်။

အစည်းအဝေးသို့ မြန်မာအစိုးရ ခေါင်းဆောင် တက်ရောက်မည် မဟုတ်ဟု အတည်ပြု ပြောကြားခဲ့သည့် အမေရိကန် အရာရှိကြီးက မြန်မာနိုင်ငံအား တိုက်ရိုက် ဖိတ်ကြားခဲ့ခြင်း မရှိဟု ပြောဆိုခဲ့သည်။

"အာဆီယံ ဥက္ကဋ္ဌ ဗီယက်နမ် နိုင်ငံကို ဖိတ်စာ ပို့ခဲ့တာပါ။ မြန်မာနိုင်ငံကို ကျွန်တော်တို့ တိုက်ရိုက် ဖိတ်ကြားခြင်း မရှိပါဘူး။ မြန်မာ အစိုးရက နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းကို စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်" ဟု အဆိုပါ အရာရှိကြီးက ဧရာဝတီ သတင်းဋ္ဌာနသို့ ပြောကြားခဲ့သည်။

ယခုကဲ့သို့ အစည်းအဝေးမျိုးကို ၂၀၀၉ နိုဝင်ဘာလ စကာင်္ပူတွင် ကျင်းပခဲ့ရာ ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှု၊ ဒေသတွင်း လုံခြုံမှု၊ ရာသီဥတု ပြောင်းလဲလာမှုများ အပါအဝင် နှစ်ဖက်စလုံးနှင့် သက်ဆိုင်သော နယ်ပယ်များ၌ ထိထိရောက်ရောက် ပူးပေါင်း ဆောင်ရွက်သွားကြရန် အိုဘားမားနှင့် အာဆီယံ ခေါင်းဆောင်များက သဘောတူ ကတိ ပြုခဲ့ကြသည်ဟု အိမ်ဖြူတော်က ပြောကြားသည်။

အဆိုပါ ကိစ္စရပ်များ၏ တိုးတက်မှုကို အကဲဖြတ်ရန်၊ အမေရိကန်-အာဆီယံ ဆက်ဆံရေး ခိုင်မြဲစေမည့် အနာဂတ် ကြိုးပမ်း အားထုတ်မှုများကို စိစစ် သတ်မှတ်ရန်၊ ဒေသတွင်း ကြီးမားစွာ ပူးပေါင်း ဆောင်ရွက်ရေးအတွက် နိုင်ငံ အားလုံးက ဦးတည် ဆောင်ရွက်မှုကို ဆွေးနွေးရန် အတွက် အာဆီယံ ခေါင်းဆောင်များနှင့် အတူတကွ လုပ်ဆောင်သွားရန် သမ္မတကြီးက မျှော်လင့် စောင့်စားနေသည်ဟု အိမ်ဖြူတော်က ထုတ်ပြန် ပြောဆိုသည်။

ယုံကြည် လက်ခံနိုင်ခြင်း မရှိဟု အမေရိကန် ပြည်ထောင်စုက သတ်မှတ်ထားသော လာမည့် မြန်မာ ရွေးကောက်ပွဲများ ကိစ္စကို သမ္မတ အိုဘားမားက ဆွေးနွေးလိမ့်မည် ဆိုသည်ကိုမူ အားလုံး နားလည်ထားကြပြီ ဖြစ်သည်။

မြန်မာနိုင်ငံ အပေါ် ဆွေးနွေး ညှိနှိုင်းမှုနှင့် စီးပွားရေး ပိတ်ဆို့မှုများကို တပြိုင်တည်း ကျင့်သုံးသွားမည့် မူဝါဒသစ်ကို လွန်ခဲ့သည့် တစ်နှစ်ခန့်က ချမှတ်ခဲ့သည့် အိုဘားမား အစိုးရသည် မြန်မာနိုင်ငံ အပေါ် ပြင်းပြင်းထန်ထန် ဖိအားပေး ရပ်တည်သွားမည့် လက္ခဏာများကို မကြာမီက ပြသခဲ့သည်။

အမေရိကန် ပြည်ထောင်စုသည် မြန်မာ စစ်ဖက်အစိုးနှင့် နှစ်ကြိမ်ခန့် ဆွေးနွေးခဲ့ပြီး ဖြစ်သော်လည်း လက်ခံ ယုံကြည်ဖွယ် ပွင့်လင်း မြင်သာသည့် ရွေးကောက်ပွဲ ဖြစ်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး ကိစ္စများအပေါ် မြန်မာအစိုးရ၏ တုန့်ပြန် ဆောင်ရွက်မှုနှင့် ပတ်သက်၍ စိတ်အနှောင့်အယှက် ဖြစ်ရသည်ဟု နိုင်ငံခြားရေး ဝန်ကြီး ကလင်တန် အပါအဝင် အမေရိကန် ထိပ်တန်း အရာရှိကြီးများက ထုတ်ဖော် ပြောဆိုထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Straits Times, 4th Sept 2010

မြောက်ကိုးရီးယားသည် နှစ်ပေါင်း သုံးဆယ်အတွင်း အကြီးဆုံးသော နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်ရန် ပြင်ဆင်လျက် ရှိပြီး ကင်ဂျုံအီသည် ၎င်း၏ သားအား အလုပ်သမား ပါတီတွင် အဓိက နေရာ တစ်ခုတွင် ခန့်အပ်လိမ့်မည်ဟု မျှော်လင့်ရသည်။ သို့သော် လျှို့ဝှက်သော အဆိုပါ ကွန်မြူနစ် တိုင်းပြည်တွင် နေရာ ဆက်ခံမှုအတွက် ထင်ရှားသော လက္ခဏာ ပြသခြင်း မရှိသေးပေ။

ယခု အစည်းအဝေးသည် ၁၉၈၀ ခုနှစ်က မှတ်တိုင် ဖြစ်ခဲ့သော ကင်ဂျုံအီသည် ၎င်းဖခင်ထံမှ အာဏာ ဆက်ခံမည့်သူ ဖြစ်ကြောင်း သေချာစေခဲ့သော ကွန်ဂရက် အပြီးတွင် ပထမဆုံး ပါတီ၏ စုဝေးမှုကြီး တစ်ခု ဖြစ်လိမ့်မည် ဖြစ်သည်။

ယခု အပတ်တွင် ရာဇဝင်ဘီး တစ်ပတ် ပြန်လည်တော့မည် ဖြစ်သည်။ ယခုအခါ အသက် ၆၈ နှစ် ရှိပြီ ဖြစ်ပြီး ကျန်းမာရေးလည်း သိပ်မကောင်းဟု ယူဆရသော ကင်ဂျုံအီသည် ၎င်း၏ အငယ်ဆုံးသားအား ပါတီ၏ အဓိက နေရာတွင် ခန့်အပ်လိမ့်မည်ဟု မျှော်လင့်ရသည်။

အဆိုပါ အစည်းအဝေးကို စက်တင်ဘာလ အစောပိုင်းတွင် ကျင်းပရန် လျာထားသော်လည်း ကျင်းပမည့်ရက် အတိအကျကို ကြေညာခြင်း မရှိသေးပေ။ ဝေဖန်သူများကမူ တနင်္လာနေ့တွင် စတင်နိုင်သည်ဟု ပြောခဲ့သည်။ ဒေသဆိုင်ရာ ပါတီ တာဝန်ခံများသည် ကွန်ဖရင့် တက်ရောက်မည့် ကိုယ်စားလှယ် ရွေးချယ်ရေးဖြင့် အလုပ်များလျက်ရှိကြောင်း မြောက်ကိုးရီးယား အစိုးရပိုင် ကိုးရီးယား ဗဟို သတင်း အေဂျင်စီ (KCNA) ၏ သတင်းများအရ သိရှိရသည်။

ယခု ကွန်ဖရင့်သည် ၁၉၈၀ ခုနှစ်ကကဲ့သို့ ထိပ်တန်းအဆင့် ပုဂ္ဂိုလ်များသာ တက်ရောက်မည့် ကွန်ဖရင့် မဟုတ်ဘဲ၊ အလုပ်သမား ပါတီ၏ အကြီးဆုံး အစည်းအဝေးကြီး ဖြစ်လာမည် ဖြစ်ပြီး အလျင်အမြန် လုပ်ဆောင်ရမည့် ကိစ္စများ ဆွေးနွေးမည်ဟု ယူဆရပြီး အာဏာ လွှဲပြောင်းမှုလည်း အလွန် ဖြစ်နိုင်ကြောင်း ဝေဖန်သူများက ပြောသည်။

၁၉၉၄ မှ စ၍ လူဦးရေ ၂၄ သန်းရှိသော နိုင်ငံအပေါ် အကြွင်းမဲ့ အာဏာဖြင့် အုပ်ချုပ်လာခဲ့သော ကင်ဂျုံအီသည် ၂၀၀၈ ခုနှစ်က နှလုံးရောဂါ ခံစားရပြီးကတည်းက ၎င်း၏ တတိယနှင့် အငယ်ဆုံးသား Kim Jong Un ကို ၎င်းအား ဆက်ခံမည့်သူ အဖြစ် ရွေးချယ်ထားကြောင်း သတင်းများက ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.