Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံသည် ၂၀၁၀-၂၀၁၁ ခုနှစ်၊ ဘဏ္ဍာရေးနှစ်၏ ပထမ လေးလပတ် အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ မြောက်မြားစွာ ရရှိခဲ့ကြောင်း ဗဟို စာရင်းစစ်ချုပ်ရုံး (CSO) က ထုတ်ပြန်သော စာရင်းဇယားများ အရ သိရသည်။ အဆိုပါ ပမာဏသည် မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၂၂ နှစ်တာ ကာလ နှစ်စဉ် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု နှုန်းတွင် အမြင့်မားဆုံး ဖြစ်သည်ဟု ဆိုသည်။

CSO ၏ စာရင်းဇယားအရ အဆိုပါ ပထမ လေးလပတ် အတွင်း ရရှိခဲ့သော ပမာဏကြောင့် ၁၉၈၈ ခုနှစ် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ တံခါး ဖွင့်ပေးခဲ့သည့် အချိန်မှ စ၍ ၂၀၁၀ ဇူလိုင်လ အထိ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု တန်ဖိုး စုစုပေါင်းမှာ ဒေါ်လာ ၃၁ ဒဿမ ၈၉၅ ဘီလီယံအထိ ရောက်ရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်အတွင်း နောက်ဆုံး ထုတ်ပြန်ခဲ့သည့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၁၆ ဒဿမ ၀၅ သန်း ဖြစ်သည်။

CSO အဆိုအရ ၁၉၈၈ ခုနှစ်မှ စ၍ ၂၀၁၀ ဇူလိုင်အထိ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ဆိုင်ရာ အခန်းကဏ္ဍတွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု တန်ဖိုး ဒေါ်လာ ၁၃ ဒဿမ ၄၄၇ ဘီလီယံ၊ လျှပ်စစ်စွမ်းအား ထုတ်လုပ်ရေး ကဏ္ဍတွင် ၁၁ ဒဿမ ၃၄၁ ဘီလီယံ၊ သတ္တု တူးဖော်ရေး လုပ်ငန်းများတွင် ၁ ဒဿမ ၃၉၅ ဘီလီယံ ဖိုးအထိ ရရှိခဲ့ကြောင်း၊ ကုန်ပစ္စည်း ထုတ်လုပ်မှု အခန်းကဏ္ဍတွင် ၁ ဒဿမ ၆၆၂ ဘီလီယံ၊ ဟိုတယ်နှင့် ခရီး သွားလာရေး အခန်းကဏ္ဍတွင် ၁ ဒဿမ ၀၆၄ ဘီလီယံ ရရှိခဲ့ကြောင်း ပြည်တွင်း သတင်းဂျာနယ် ဖြစ်သော The Weekly Eleven က ကိုးကား ဖော်ပြသည်။

ထိုင်း၊ တရုတ်၊ ဗြိတိန်၊ ဟောင်ကောင်နှင့် တောင်ကိုရီးယားတို့၏ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုမှာ ထိပ်ဆုံးမှ ဦးဆောင်လျက် ရှိသည် ဟု အဆိုပါ ဂျာနယ်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃၀၂ ဒဿမ ၃၅ သန်း ရရှိခဲ့ရာ မလေးရှား နိုင်ငံမှ ၂၃၇ ဒဿမ ၆ သန်း၊ အာရပ် စော်ဘွားများ ပြည်ထောင်စု နိုင်ငံများမှ ဒေါ်လာ ၄၁ သန်းတို့ ဖြစ်ပြီး ရေနံနှင့် သဘာဝ ဓာတ်ငွေ့ အခန်းကဏ္ဍ၌ ရင်းနှီး မြှုပ်နှံခဲ့ခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံက  ၁၅ ဒဿမ ၂၅ သန်း (ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများတွင်) တရုတ်က ဒေါ်လာ ၁၅ သန်း (သတ္တု တူးဖော်ရေး ကဏ္ဍ)၊ ဟောင်ကောင်က ၆ သန်း (ကုန်ပစ္စည်း ထုတ်လုပ်ရေး) အစရှိသဖြင့် ရင်းနှီး မြှုပ်နှံခဲ့ကြသည်။

Xinhua သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စက်တင်ဘာလ ၇ ရက်နေ့တွင် အိမ်နီးချင်း တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ် ထွက်ခွာသွားကြောင်း နိုင်ငံပိုင် မီဒီယာများနှင့် သတင်း ပေးပို့ချက်များ အရ သိရသည်။ မြန်မာနိုင်ငံ၏ အနီးကပ် မဟာမိတ် နိုင်ငံ ဖြစ်နေသော တရုတ် နိုင်ငံ ခရီးစဉ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် တရုတ်နိုင်ငံ ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးပြီး လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပရန် ရှိသည့် မြန်မာ့ ဒီမိုကရေစီ ရွေးကောက်ပွဲ အပေါ် တရုတ်နိုင်ငံက အထောက်အပံ့ ပေးလာရန် ကြိုးပမ်းလိမ့်မည်ဟု ယူဆရသည်။

မြန်မာ စစ်အစိုးရသည် နိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဖယ်ကျဉ်ခြင်း ခံထားရသည်။ သို့သော် အာရှ အင်အားကြီး တရုတ်က မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု မြောက်များစွာ ပြုလုပ်ထားရာ နှစ်နိုင်ငံ ဆက်ဆံရေးသည် လွန်စွာ ခိုင်မာလျက် ရှိသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တရုတ်ပြည်သို့ သွားရသည့် အသေးစိတ် အကြောင်းအရင်းကို အနည်းငယ်သာ သိရသည်။ သို့သော် ၎င်းအနေဖြင့် တရုတ် သမ္မတ ဟူဂျင်ထောင်း အပါအဝင် အခြားသော စီနီယာ ခေါင်းဆောင်များနှင့် တွေ့ဆုံလိမ့်မည်ဟု မျှော်လင့်ရသည်။ လေ့လာ သုံးသပ်သူများ အဆိုအရ မြန်မာနိုင်ငံတွင် ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ကိစ္စနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တရုတ် ခေါင်းဆောင်များကို ပြောဆိုလိုသောကြောင့် ဖြစ်သည်။

ကုန်သွယ်ဘက်များ

မြန်မာနှင့် တရုတ် နှစ်နိုင်ငံသည် လက်ရှိ ဆယ်စုနှစ်များအတွင်း ခိုင်မာသော သံတမန် ဆက်ဆံရေး တစ်ရပ်ကို ထူထောင်နိုင်ခဲ့ကြသည်။ ဆိုးရွားသော လူ့အခွင့်အရေး မှတ်တမ်းများကြောင့် ကမ္ဘာ့နိုင်ငံ အတော်များများက မြန်မာ နိုင်ငံတွင် ရင်းနှီး မြှုပ်နှံမှု မပြုလုပ်လိုသော်လည်း တရုတ် နိုင်ငံက အကြီးအကျယ် ဝင်ရောက် လုပ်ကိုင်ပြီး ဟနေသော ကွက်လပ်ကို ဖြည့်ဆည်းပေးခဲ့သည်။

တရုတ်နှင့် မြန်မာတို့သည် အဓိက ကျသော ကုန်သွယ်ရေး မဟာမိတ်ဘက်များ ဖြစ်ကြပြီး မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အဦ တည်ဆောက်ရေး အခန်းကဏ္ဍတွင် တရုတ်က ဒေါ်လာသန်းပေါင်း မြောက်မြားစွာ ဝင်ရောက် ရင်းနှီး မြှုပ်နှံထားသည်။ တရုတ်နိုင်ငံသို့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တင်သွင်းနိုင်ရေး အတွက် မြန်မာ နိုင်ငံတွင် စွမ်းအင် ပိုက်လိုင်း သွယ်တန်းရေးကိုလည်း အစွမ်းကုန် လုပ်ကိုင်လျက် ရှိသည်။

အဆိုပါ ပိုက်လိုင်းများ သွယ်တန်း ပြီးစီးသွားပါက တရုတ်အနေဖြင့် ပြည်တွင်းသို့ လောင်စာ တင်သွင်းရာ၌ များစွာ လွယ်ကူ ချောမွေ့သွားတော့မည် ဖြစ်သည်။ အဆိုပါ ရင်းနှီး မြှုပ်နှံမှုများ ကာကွယ်ရေးအတွက် မြန်မာနိုင်ငံ အတွင်း တည်ငြိမ် အေးချမ်းမှုကိုသာ တရုတ် ခေါင်းဆောင်များ အလိုရှိကြလိမ့်မည် ဖြစ်သည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Kangla online, 7th Sept 2010

မိုရေး နယ်စပ်မှ တဆင့် အိန္ဒိယ နိုင်ငံတွင်းသို့ ဝင်ရောက်လျက် ရှိသော မြန်မာ နိုင်ငံသားများ အတွက် တရားဝင် ခွင့်ပြု ပါမစ်များကို ယခုနှစ် စက်တင်ဘာ ၈ ရက်မှ စ၍ ထုတ်ပေးသွားမည် ဟု သိရသည်။

CO 31 အာသံ သေနတ်ကိုင် တပ်ရင်းနှင့် မိုရေး ခရိုင်ခွဲမှ အရာရှိများ၊ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည့် လတ်တလော ပူးတွဲ အစည်းအဝေးတွင် မြန်မာ နိုင်ငံသားများ အတွက် ခွင့်ပြု ပါမစ် စနစ် တရားဝင် စီစဉ် ပြင်ဆင်မှုကို အချောသတ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းအစည်းအဝေးကို ပြည်ထဲရေး ဝန်ကြီးဋ္ဌာနနှင့် လူဝင်မှု ကြီးကြပ်ရေး ဋ္ဌာန၏ ညွှန်ကြားချက်များအရ ကျင်းပခဲ့ခြင်း ဖြစ်သည်။

အသစ် ချမှတ်လိုက်သော တရားဝင် စည်းကမ်းများအရ မိုရေး နယ်စပ် ဝင်ပေါက် ဂိတ်အမှတ် (၁) နှင့် ဂိတ်အမှတ် (၂) မှ ဝင်ရောက်လာသော မြန်မာ နိုင်ငံသားများအား CO 31  အာသံ သေနတ်ကိုင် တပ်ရင်းမှ အမှုထမ်းများက စစ်ဆေးခြင်း ပြုလုပ်မည် ဖြစ်ပြီး ထို့နောက်တွင် ဝင်ကြေး တစ်ရက်လျှင် ရူပီး ၁၀ နှုန်း ပေးဆောင်ကာ မိုရေးသို့ ဝင်ရောက်ခွင့် ရရှိကြမည်ဟု တရားဝင် သတင်းများက ဆိုသည်။ အဆိုပါ နယ်စပ် ဝင်ခွင့် ပါမစ် မနက် ၇ နာရီမှ ညနေ ၄ နာရီ အထိသာ တရားဝင်မည် ဖြစ်ပြီး ပါမစ် ရရှိသူ မြန်မာများ အနေဖြင့် နယ်စပ်မှ ၁၆ ကီလိုမီတာ အတွင်း သွားလာခွင့် ရှိသည်ဟု သိရှိရသည်။

SDC/SDO Morch၊ Addl SP Morch၊ SDPO Morch နှင့် Morch ရဲဋ္ဌာနမှ အရာရှိများသည် မြန်မာ နိုင်ငံသားများအား ဝင်ခွင့် ပါမစ် ထုတ်ပေးမည့် အာဏာပိုင် အဖွဲ့အစည်းတွင် ပါဝင်ကြသည် ဟုလည်း တရားဝင် သတင်းများအရ သိရှိရသည်။ အသစ် ချမှတ်သော စည်းကမ်းများအရ ပါမစ် လျှောက်ထားစဉ် အတွင်း ပြည်ပ နိုင်ငံသားများအား တရားဝင် အသိအမှတ်ပြု ကတ်ပြားများ ထုတ်ပေးထားရန် လိုအပ်သည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, 7th Sept 2010

အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်များ တရုတ်သို့ ရောက်ရှိနေချိန်တွင် တရုတ်က ငွေလဲလှယ်မှု နှုန်းထား ပြုပြင် ပြောင်းလဲမှုအတွက် အနှေးအမြန်နှုန်းကို ဘေဂျင်းက သတ်မှတ်မည် ဖြစ်ကြောင်း ပြောကြားလိုက်ခြင်းဖြင့် ငွေကြေးနှင့် ပတ်သက်သော ဖိအားများကို အင်္ဂါနေ့က ပယ်ချခဲ့သည်။

အမေရိကန် ခေါင်းဆောင်များသည် နိုဝင်ဘာလ ရွေးကောက်ပွဲ မတိုင်မီ အလုပ်အကိုင်များ ဖန်တီးပေးရန် ဖိအားပေးမှုများနှင့် ရင်ဆိုင်နေရရာ ငွေကြေး စနစ်သည် တရုတ်-အမေရိကန် ဆက်ဆံရေးတွင် စိတ်အနှောင့်အယှက် ဖြစ်စရာ အဖြစ် ပြန်လည် ထွက်ပေါ်လာသည်။ နှစ်နိုင်ငံ အစိုးရသည် ကမ္ဘာ့ စီးပွားရေး မကျပ်အတည်းကို ရပ်ဆိုင်းသွားရေး ပူးပေါင်း လုပ်နေသောကြောင့် တရုတ်အပေါ် ကုန်သွယ်ရေး အရေးယူမှု ပြုလုပ်လိုသော အမတ်များသည် ၎င်းတို့၏ တောင်းဆိုမှုကို မြိုသိပ်ထားခဲ့သော်လည်း ယခုအခါ ၎င်းတို့၏ တောင်းဆိုမှုကို တဖန် ပြုလုပ်လာကြသည်။

"ငွေကြေး လဲလှယ်မှုနှုန်း ပြုပြင် ပြောင်းလဲရေးကို ပြင်ပ ဖိအားပေးပြီး အတင်း လုပ်လို့ မရပါဘူး'' ဟု နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Jiang Yu က ပြောကြားခဲ့သည်။

အဆိုပါ ငွေကြေးကိစ္စကို တရုတ် တာဝန်ရှိသူများနှင့် တရုတ် နိုင်ငံသို့ ရောက်ရှိနေသော အမေရိကန် အမျိုးသား စီးပွားရေး ကောင်စီ ဒါရိုက်တာ Lawrence Summers နှင့် အမျိုးသား လုံခြုံရေး ဒုတိယ အကြံပေး ပုဂ္ဂိုလ် Thomas Donilon  တို့ တွေ့ဆုံ ဆွေးနွေးရာတွင် ထည့်သွင်း ဆွေးနွေးလိမ့်မည်ဟု မျှော်လင့်ရသည်။

ဝေဖန်သူများက ပြောကြားရာတွင် ဘေဂျင်းသည် ယွမ်ကို ရှိသင့်သည့် တန်ဖိုး အောက်တွင် ထိန်းသိမ်းထားခြင်းကြောင့် ကုန်ပစ္စည်း တင်ပို့သူများ ဈေးနှုန်းတွင် မတရား အသာစီးရပြီး၊ ကုန်သွယ်ရေး ပိုငွေ အကြီးအကျယ် ပြခဲ့ကြောင်း ဆိုသည်။

ဘေဂျင်းသည် ယွမ်ငွေနှင့် ဒေါ်လာကြားရှိ (၁၈) လကြာ ထိန်းသိမ်းထားသော လဲလှယ်မှုနှုန်းကို ဇွန်လတွင် ပြောင်းလဲခဲ့ပြီး ပိုမို ပြုပြင်လွယ်သော နှုန်းထားကို ခွင့်ပြုမည်ဟု ပြောကြားခဲ့သည်။ သို့သော် ငွေကြေးနှုန်းထားသည် ၁ % သာ တက်လာခဲ့ခြင်းကြောင့် အမေရိကန် အမတ်များသည် တရုတ်အား မြန်မြန် အရေးယူ ဆောင်ရွက်ရန်နှင့် မဟုတ်ပါက ကုန်သွယ်ရေး အရေးယူမှုများ ပြုလုပ်မည် ဖြစ်ကြောင်း တောင်းဆိုလာကြသည်။

ဘေဂျင်း အနေဖြင့် ပြုပြင် ပြောင်းလဲမှုကို ဦးစွာ ပြုလုပ်မည် ဖြစ်ကာ ငွေလဲလှယ်နှုန်းနှင့် ပတ်သက်၍ တက်ကြွသော အင်တိုက်အားတိုက် စီမံ ခန့်ခွဲမှုများကို ခွင့်ပြုသွားမည်ဟု Jiang က ပြောကြားခဲ့သော်လည်း အချိန်ဇယားကို ထုတ်ပြန် ပြောကြားခြင်း မရှိသေးပေ။

ထို့အပြင် အင်္ဂါနေ့ကလည်း တရုတ် အစိုးရ တာဝန်ရှိသူ တစ်ဦးက Summers နှင့်  Donilon တို့အား "ဘေဂျင်းသည် ဝါရှင်တန်နှင့် ပူးပေါင်း ဆောင်ရွက်မှုကို တိုးတက် စေလိုသော ဆန္ဒ ရှိကာ လူသိရှင်ကြား ပြစ်တင် ဝေဖန်မှုများကို လျှော့နည်းစေလိုသည်'' ဟု ပြောကြားခဲ့သည်။

"တိတ်တိတ် ဆိတ်ဆိတ်၊ စေ့စေ့ စပ်စပ် ဆွေးနွေး ပြောဆိုတာက ကျယ်ကျယ်လောင်လောင် ဝေဖန် ပြောဆိုတာထက် ပိုပြီး ကောင်းပါတယ်" ဟု နိုင်ငံတော် ကောင်စီဝင် Dai Bingguo က ပြောကြားလိုက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 7th September 2010

မြန်မာ နိုင်ငံ၌ လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအား ကမ္ဘာကြီး တစ်ခုလုံးက ထောက်ခံ အားပေးကြရန် တရုတ်က တိုက်တွန်းလိုက်သည်။ အနောက် နိုင်ငံများက ရွေးကောက်ပွဲအား အတုအယောင်သာ ဖြစ်လိမ့်မည်ဟု ကျယ်ကျယ် ပြန့်ပြန့် ထင်မြင်နေကြသည့် အချိန်တွင် ဤသို့သော တိုက်တွန်းချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားရာတွင် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏  ပြည်တွင်းရေး ကိစ္စ ဖြစ်ကြောင်း၊ အခြား နိုင်ငံများ အနေဖြင့် အပြုသဘော ဆောင်သော အကူအညီများ ပေးလိမ့်မည်ဟု တရုတ်က မျှော်လင့်ကြောင်း ပြောသည်။

တရုတ်သည် မြန်မာနိုင်ငံ၏ အဓိက ရင်းနှီး မြှုပ်နှံသူနှင့် ကုန်သွယ်ဖက် နိုင်ငံ ဖြစ်ပြီး၊ ယခုအခါ မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် တရုတ် နိုင်ငံတွင် အလည်အပတ် ရောက်ရှိနေသည်။

၎င်းသည် သမ္မတ ဟူကျင်းတောင် နှင့်လည်းကောင်း၊ အခြား အကြီးတန်း ခေါင်းဆောင်များ နှင့်လည်းကောင်း ဆွေးနွေးရန် ရှိနေသည်။

မြန်မာ ခေါင်းဆောင်၏ ခရီးစဉ် ပထမနေ့တွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Jiang Yu က မြန်မာ ရွေးကောက်ပွဲ အပေါ် တရုတ်၏ ရပ်တည်ချက်ကို ရှင်းပြခဲ့သည်။

"ကျွန်တော်တို့ အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းဟာ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို အပြုသဘော ဆောင်တဲ့ အကူအညီများ ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး လမ်းစဉ်၊ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေမယ့် အပြုအမှုများကို ရှောင်ရှားလိမ့်မယ်လို့ ထင်မြင်ပါတယ်" ဟု ၎င်းက ပြောသည်။

ယခု ရွေးကောက်ပွဲသည် ၁၉၉၀ ခုနှစ်က ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရခဲ့သော ရွေးကောက်ပွဲ အပြီးတွင် ပထမဆုံး အကြိမ် ပြုလုပ်သော ရွေးကောက်ပွဲ ဖြစ်သည်။

ဝေဖန်သူများက ရွေးကောက်ပွဲ ဥပဒေများသည် အာဏာပိုင်များ ဖက်ကိုသာ ဘက်လိုက် ထားသဖြင့် ရွေးကောက်ပွဲသည် အတုအယောင်သာ ဖြစ်လိမ့်မည်ဟု ဆိုသည်။

ကုန်သွယ်ဖက်များ

မြန်မာ အစိုးရအား နိုင်ငံ အများစုက ၎င်း၏ လူ့အခွင့်အရေး ကိစ္စများကြောင့် နိုင်ငံ အများစုက အဖက် မလုပ်ကြပေ။

သို့သော် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ဆယ်စုနှစ် အတွင်း အားကောင်းသော ဆက်ဆံရေးကို ထူထောင်နိုင်ခဲ့ကြောင်း BBC မှ Michael Bristow က  ဘဲဂျင်းမှ ပြောကြားခဲ့သည်။

နှစ်နိုင်ငံ စလုံးသည် အဓိက ကုန်သွယ်ဖက်များ ဖြစ်ပြီး၊ တရုတ်သည် မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အဦ ကဏ္ဍတွင် ဒေါ်လာ သန်းပေါင်း များစွာ ရင်းနှီးမြှုပ်နှံ ထားသည်။

ယခုအခါ ဘေဂျင်းသည် ရေနံပိုက်လိုင်းနှင့်  ဓာတ်ငွေ့ ပိုက်လိုင်းကို တည်ဆောက်လျက် ရှိသည်။ ထိုပရောဂျက်သည် တရုတ်ပြည်သို့ စွမ်းအင် အတွက် လွယ်ကူစွာ ဖြည့်ဆည်းနိုင်မည် ဖြစ်သည်။

အဆိုပါ ရင်းနှီး မြှုပ်နှံမှုများကို ကာကွယ်နိုင်ရန် တရုတ်က မြန်မာ နိုင်ငံ တည်ငြိမ်ရေးကိုသာ လိုလားခြင်း ဖြစ်ကြောင်း BBC သတင်းထောက်က ပြောကြားသွားသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

People's Daily, 7th September 2010

မြန်မာ အစိုးရ ထိပ်တန်း ခေါင်းဆောင် နှစ်ဦး ဖြစ်သော ဗိုလ်ချုပ်ကြီး သူရရွှေမန်း နှင့် ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးတို့သည် ရွေးကောက်ပွဲ မတိုင်မီ ၎င်းတို့၏ စစ်ဖက် ရာထူးများကို စွန့်လွှတ်ခဲ့ကြကြောင်း နိုင်ငံပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မီဒီယာက အင်္ဂါနေ့တွင် အတည်ပြုခဲ့သည်။

နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရုတ်နိုင်ငံ ခရီးစဉ်တွင် အထက်ပါ ပုဂ္ဂိုလ် နှစ်ဦးသည် SPDC အဖွဲ့ဝင် သူရ ဦးရွှေမန်းနှင့် SPDC အတွင်းရေးမှူး (၁) သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ အဖြစ် ၎င်းတို့၏ အရပ်ဖက် နာမည်များဖြင့် အင်္ဂါနေ့က ထွက်ပေါ်လာခဲ့ကြခြင်း ဖြစ်သည်။

နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်များ အဖြစ် ၎င်းတို့ နှစ်ဦး ပါဝင် ယှဉ်ပြိုင်ကြလိမ့်မည်ဟု မျှော်လင့်ရသည်။

ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် အစိုးရ အဖွဲ့ ဝန်ကြီးများသည်လည်း လွန်ခဲ့သော ဧပြီလက ၎င်းတို့၏ စစ်ဖက် ရာထူးများမှ နှုတ်ထွက်ကာ နိုဝင်ဘာ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကို ဦးဆောင် ဖွဲ့စည်းခဲ့ကြသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း USDA ကို အသွင်ပြောင်းလိုက်သည့် USDP ပါတီသည် မြန်မာနိုင်ငံတွင် လက်ရှိ အကြီးဆုံး နိုင်ငံရေး ပါတီအဖြစ် အခိုင်အမာ ရပ်တည်လျက် ရှိသည်။

စက်တင်ဘာ ၇ ရက်နေ့ အထိ စုစုပေါင်း နိုင်ငံရေး ပါတီ ၄၇ ခုတို့သည် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခွင့် ဆိုင်ရာ ဥပဒေသစ် အရ နိုင်ငံရေး ပါတီများ အဖြစ် ဖွဲ့စည်းရန် (သို့) မှတ်ပုံတင်ရန် လျှောက်ထားခဲ့ကြသည်ဟု သိရှိရပြီး ၎င်းတို့အနက် နိုင်ငံရေး ပါတီ ၄၂ ခုကို ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြု  ခွင့်ပြုခဲ့သည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြောက်ကိုရီးယားက ဖမ်းဆီးထားသော တောင်ကိုရီးယား ငါးဖမ်းသင်္ဘော တစ်စင်းမှ သင်္ဘောသား ၇ ဦး (တရုတ် ၃ ဦး အပါအဝင်) အား ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ပြုံးယမ်း အစိုးရက သတင်း ထုတ်ပြန် ကြေညာသည်။ ထိုသင်္ဘောသည် မြောက်ကိုရီးယား ရေပိုင်နက် အတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ပြီးခဲ့သည့် သြဂုတ်လအတွင်း ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။

မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန KCNA အဆိုအရ ဖမ်ဆီး ထိန်းသိမ်းခံခဲ့ရသူ သင်္ဘောသားများက ၎င်းတို့ ကျူးလွန်ခဲ့သော လုပ်ရပ်သည် မည်မျှ ကြီးလေးသည် ဟူသော အချက်ကို လက်ခံ နားလည်ပြီး နောက်ထပ် အလားတူ ဖြစ်ရပ်မျိုး ထပ်မံ မကျူးလွန်ရန် အာမခံ ပြောဆိုခဲ့သော အကြောင်းကြောင့် ကွန်မြူနစ် အစိုးရက တောင်ကိုရီးယားသို့ ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မတ်လအတွင်း ဖြစ်ပေါ်ခဲ့သော တောင်ကိုရီးယား ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်ပြီး ယခုအခါ ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများ အဆက်မပြတ် ဖြစ်ပေါ်နေသည်။ တောင်ကိုရီးယားက ချိုနန်သင်္ဘောသည် မြောက်ကိုရီးယား တော်ပီတို ဒုံးကျည် ပစ်ခတ်ခံရခြင်းကြောင့် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုထားပြီး အမေရိကန် ပြည်ထောင်စုနှင့် ပူးပေါင်း စစ်ရေး လေ့ကျင့်မှုများကို စီးရီးအလိုက် ပြုလုပ်ခဲ့သည်။

တောင်ကိုရီးယား ငါးဖမ်း သင်္ဘောသည် မြောက်ကိုရီးယား အရှေ့ဘက်ကမ်း ဒေသ ပင်လယ်ပြင် ပိုင်နက်အတွင်း သြဂုတ်လ ၈ ရက်နေ့တွင် ဝင်ရောက် ငါးဖမ်းခဲ့သောကြောင့် ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်ဟု ပြုံးယမ်း အစိုးရက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ အတွင်းကလည်း တရုတ် နိုင်ငံသား သုံးဦးကို မှောင်ခိုကူးသည် ဟူသော သံသယဖြင့် မြောက်ကိုရီးယား နယ်စပ် ဒေသစောင့် တပ်ဖွဲ့များက ပစ်ခတ် သတ်ဖြတ်ခဲ့မှု အပေါ် ဘေဂျင်း အစိုးရက လူသိရှင်ကြား ပြစ်တင် ဝေဖန်ခဲ့သည်။

တရုတ် နိုင်ငံသားများကို မြောက်ကိုရီးယားက ဖမ်းဆီး ထိန်းသိမ်းမှုအပေါ် လွန်စွာ မကျေမနပ် ဖြစ်ကြောင်း တရုတ်အစိုးရက သဘောထား ထုတ်ပြန်ထားသည်။ ချုံးချုံး ကျနေသော မြောက်ကိုရီးယား နိုင်ငံ စီးပွားရေးမှာ တရုတ်နိုင်ငံအပေါ် များစွာ မှီခိုနေရသည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီလ်သည် ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း တရုတ်နိုင်ငံသို့ ရုတ်တရက် သွားရောက်ခဲ့သည်။ အထီးကျန် ဖြစ်နေသော မြောက်ကိုရီးယားအား တရုတ်နိုင်ငံက သံတမန် နည်းအရ ထောက်ပံ့မှုများ ပေးရန်၊ ကင်ဂျုံအီလ် နေရာကို ဆက်ခံမည့် သားဖြစ်သူ ကင်ဂျွန်အန်ကို တရုတ်နိုင်ငံက ဆက်လက် ပံ့ပိုးသွားရန် ခရီးသွားခဲ့ခြင်း ဖြစ်ကြောင်း လေ့လာ သုံးသပ်သူများက ဆိုသည်။

ဤကာလများအတွင်း တောင်ကိုရီးယားနှင့် အမေရိကန်တို့ စစ်ရေး လေ့ကျင့်မှုများ စီးရီးလိုက် ပြုလုပ်ကြရာ ကိုရီးယား ကျွန်းဆွယ်တွင်း တင်းမာမှုများ အထွပ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ တောင်ကိုရီးယားက ချိုနန် စစ်သင်္ဘော တိုက်ခိုက်ခံရမှုကို တုံ့ပြန်သည့် အနေဖြင့် ယင်းသို့ စစ်ရေး လေ့ကျင့်မှု ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ စစ်ရေး လေ့ကျင့်မှု ပြုလုပ်သည့် နေရာမှာ တောင်-မြောက် ရေပိုင်နက် နယ်စပ်ဒေသတွင် ဖြစ်ကြောင်း ပြောသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

By Nirmal Ghosh, 6th September 2010

မကြာသေးမီက The Straits Times အပါအဝင် ထင်ရှားသော သတင်းစာများတွင် ဖော်ပြခဲ့သော Noeleen Heyzer ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သော ခေါင်းကြီးပိုင်းသည် မြန်မာ အစိုးရက နိုင်ငံရေး လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးကို တိုးတက်အောင် မလုပ်ပါက အစိုးရအား အဖက် မလုပ်ရန် ဆောင်ရွက်နေကြသော ဒီမိုကရေစီ ဘက်တော်သားများနှင့် ပြည်ပရောက် အုပ်စုများကို မျက်ခုံး မြင့်တက်စေသည်။

သို့သော် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် လက်အောက်၊ ကုလသမဂ္ဂ၏ အာရှ ပစိဖိတ် စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (ESCAP) အမှုဆောင် အတွင်းရေးမှူး အနေဖြင့် ကြမ်းတမ်းသော လမ်းအတွက် အထူးအဆန်း မဟုတ်တော့ပေ။

ကျွန်ုပ်သည် သူမအား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် တွေ့ဆုံရန် မထွက်ခွာမီ ညနေက တွေ့ရှိခဲ့ရသည်။ အတွင်းရေးမှူးချုပ်နှင့် အမြင်တောင်းခံရန် ကိစ္စများစွာ ပါရှိသွားသည်။

"ကျွန်မတို့ အခြေအနေက လွယ်ကူမှပဲ အလုပ်လုပ်ရတော့မှာလား" ဟု သူမက ပြောသည်။

သူမ၏ စာတွင် ပြောကြားရာ၌ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲလွန် ကာလသည် နိုင်ငံ၏ နိုင်ငံရေး အုပ်ချုပ်မှုကောင်း တိုးတက်လာရေး အတွက် အခွင့်အလမ်း ဖြစ်လိမ့်မည် ဖြစ်ကြောင်း ဆိုခဲ့သည်။

အစိုးရသစ်သည် တိုင်းပြည် တိုးတက်ရေး လမ်းကြောင်း အတွက် ဆုံးဖြတ်နိုင်မည့် သီးသန့် အခွင့်အလမ်းကို ပိုင်ဆိုင်လိမ့်မည် ဖြစ်ကြောင်း ဆိုသည်။

အရေးကြီးသော ရွေးစရာများတွင်

-      ရေနံနှင့် ဓာတ်ငွေ့မှ ရသော ဝင်ငွေများကို စီးပွားရေးနှင့် လူမှုရေး ရင်းနှီး မြှုပ်နှံမှုများတွင် အသုံးပြုရန်

-      အောက်ခြေ လူတန်းစားများအတွက် စီးပွားရေး ဖွင့်ပေးခြင်းအားဖြင့် တိုးတက်မှု ကွာဟမှုအား ကျဉ်းမြောင်းစေရန်

-      ပြိုင်ဆိုင်မှုကို အားပေးပြီး၊ လူလတ် တန်းစားများ ပေါ်ပေါက်လာစေရန်

-      စိုက်ပျိုးရေးနှင့် ကျေးလက် စီးပွားရေးတွင် မဟာဗျူဟာ ကျသော ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်၍ အငယ်စား လယ်သမားများနှင့် ကုန်သည်များအား ကူညီရန်တို့ ပါဝင်သည်။

အထက်ပါ စာရင်းသည် ကျယ်ပြန့် နက်နဲသော ဆန္ဒများကို စာရင်းပြုထားခြင်း ဖြစ်ပြီး၊ ပြောင်းလဲရန် အတွက် အခက်အခဲများမှာ အမြစ်တွယ်နေပြီး ဖြစ်သည်။ သို့သော် Ms Heyzer သည် စိတ်ဝင်စားမှု အပြည့်၊ စွမ်းအား အပြည့် ရှိနေသူ တစ်ဦး ဖြစ်ပြီး၊ ဆွပေးနေပြီ ဖြစ်သည်။

"အိုင်ဒီယာကတော့ တိုးတက်မှု ဆိုတဲ့ အကြောင်းအရာကို စားပွဲပေါ်ချ ပြလိုက်တာပါပဲ။ ဒါမှပဲ အဲဒီ အရေးကြီးတဲ့ ကိစ္စတွေကို ကြည့်ပြီး၊ မူဝါဒ ပြောင်းလဲဖို့ ဖြစ်လာမှာပေါ့" ဟု သူမက ပြောသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး ကိစ္စကို လုပ်နေကြသော သူများ၏ စိတ်မကျေမနပ် ဖြစ်မှုများကို နားလည် ပေးနိုင်သည့် တချိန်တည်းမှာပင် သူမ ပြောလိုသည်မှာ နိုင်ငံရေး ပြောင်းလဲမှုသည် အရေးကြီးသလို၊ မည်သည့် အစိုးရ တက်တက် လူမှုရေးနှင့် စီးပွားရေး ကိစ္စသည်လည်း ထပ်တူ အရေးကြီးကြောင်း သူမက ဆိုသည်။

"ကျွန်မတို့ နောက်ထပ် လမ်းကြောင်း တစ်ခု မဖွင့်နိုင်ဘူးလားလို့ မေးရပါမယ်။ ပြည်သူတွေ အကျိုးရှိမယ့် လူမှုရေးနှင့် စီးပွားရေး ပြောင်းလဲမှု အတွက် လမ်းကြောင်းတစ်ခု မဖွင့်နိုင်ဘူးလား။ အဆိုပါ ကိစ္စကို ပုံဖော်ပေးဖို့ လိုအပ်ပါတယ်" ဟု သူမက ပြောသည်။

"အခု အရင်က မလုပ်ခဲ့တဲ့ ဒီကိစ္စကို ပေါ်ထွက်လာအောင် လုပ်ပေးဖို့ အဆင့်ကို ရောက်နေပါပြီ" ဟု သူမက ရှင်းပြသည်။

သို့သော် မြန်မာ နိုင်ငံတွင် စီးပွားရေးနှင့် လူမှုရေး ကိစ္စ အပြောင်းအလဲ ပြုလုပ်ရန် အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည် လိုအပ်နေသေးကြောင်း သူမက ဝန်ခံသည်။

"ကျွန်မ ပါးလိုတဲ့ သတင်းစကား ကတော့ လူသားဘဝ လုံခြုံရေးဟာ အမျိုးသား လုံခြုံရေး အတွက် အလွန် အရေးကြီးတယ် ဆိုတာပါပဲ။ အခုထိတော့ ဖွံ့ဖြိုး တိုးတက်မှု လမ်းကြောင်းကို ထိထိရောက်ရောက် ဘယ်သူမှ မလုပ်သေးပါဘူး။ ခွင့်ပြုချက်လည်း မရပါဘူး။ သူတို့ တဖြည်းဖြည်း လုပ်သည် ဖြစ်စေ၊ မလုပ်သည် ဖြစ်စေ၊ အနည်းဆုံးတော့ ပြင်ပ ကမ္ဘာကတော့ ကြိုးစားပေးရမှာပဲ။ မြန်မာ နိုင်ငံဟာ ကုလသမဂ္ဂရဲ့ ESCAP အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ နှစ်စဉ် တစ်ဦးချင်း ဖွံ့ဖြိုး တိုးတက်မှု အတွက် အကူအညီ အမေရိကန် ဒေါ်လာ (၃) ဒေါ်လာသာ ရပါတယ်။ နှိုင်းယှဉ် ကြည့်ရင် လာအိုတွင် ၆၃ ဒေါ်လာ၊ ကမ္ဘောဒီးယားတွင် ၃၇ ဒေါ်လာ ရရှိပါတယ်။" ဟု သူမက ပြောသည်။

ပြောင်းလဲမှုကို အထောက်အကူ ဖြစ်စေမည့် အရာများကို ထောက်ခံ အားပေးရမည် ဖြစ်ပြီး၊ အဖွဲ့အစည်းများ တာဝန် ယူတတ်မှုများကို တည်ဆောက်ပေးရမည် ဖြစ်ကြောင်း သူမက ဆိုသည်။ "ကျွန်မတို့ တတ်နိုင်သလောက် တွန်းအား ပေးရပါမယ်။ အခုအချိန်မှာ မမျှမတ၊ အားမကောင်း သေးဘူး ဆိုရင်တောင်၊ လက်မလျော့သင့်ပါဘူး" ဟု သူမက ပြောသည်။

သူမသည် ဘန်ကီမွန်းနှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံ အကြောင်း ပါဝင်မည် ဖြစ်သည်။ မကြာမီ ရွေးကောက်ပွဲနှင့် ကျင်းပအပြီး ဖြစ်ပျက်မှုများ အပေါ် မူတည်၍ ပြင်ပ ကမ္ဘာက အစိုးရကို အာဏာသိမ်း အစိုးရ (regime) ဟု ခေါ်ဆိုမှု ရပ်ဆိုင်းသွားမည် ဖြစ်ပြီး၊ စကားပြောရန် ကြိုးစားလာကြ လိမ့်မည် ဖြစ်သည်။

Ms. Heyzer သည် အစောပိုင်း ကတည်းက ဤအမြင်ကို အကောင်အထည် ဖော်ရန် ပြောသူ အနည်းငယ်တွင် ပါဝင်ခဲ့သူ ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Xinhua, 6th Sept 2010

မြန်မာ နိုင်ငံတွင်  တောင်ကိုးရီးယား ရင်းနှီး မြှုပ်နှံမှုသည် ၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ် ပထမ လေးလတွင် ဆယ်ဆခန့် မြင့်တက်ခဲ့ကြောင်း၊ ၂၀၁၀ ဇူလိုင်လတွင် ဒေါ်လာ (၂.၆၅၈)  ဘီလျံ ရောက်ရှိခဲ့ကြောင်း နိုင်ငံတွင်းထုတ် Weekly Eleven News က တနင်္လာနေ့က သတင်း ရေးသားခဲ့သည်။

တောင်ကိုးရီးယား၏ ရင်းနှီး မြှုပ်နှံမှုသည် ထိုသို့ မြင့်တက်လာမှုကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုတွင် နံပါတ် (၁၀) နေရာမှ နံပါတ် (၅) နေရာသို့ ခုန်တက်လာသည်။

ပြီးခဲ့သည့် ၂၀၀၉-၁၀ နှစ်ကုန် မတ်လတွင် ကိုးရီးယား၏ ရင်းနှီး မြှုပ်နှံမှုသည် ဒေါ်လာ ၂၃၉.၃၁၈ သန်းသာ ရှိခဲ့သည်။

တောင်ကိုးရီးယားသည် ရေနံ၊ သဘာဝ ဓါတ်ငွေ့နှင့် သတ္တုတွင်း ကဏ္ဍများတွင် ရင်းနှီး မြှုပ်နှံခဲ့သည်။

တရားဝင် စာရင်းဇယားများ အရ ထိုင်း၊ တရုတ်၊ ဟောင်ကောင်၊ ဗြိတိန်၊ တောင်ကိုးရီးယားနှင့် စကာင်္ပူတို့သည် မြန်မာ နိုင်ငံ၏ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု စာရင်းတွင် ထိပ်ပိုင်း၌ ရှိကြသည်။

စာရင်း ဇယားများအရ ၁၉၈၈ ခုနှစ်မှ စတင်၍ ၂၀၁၀ ဇူလိုင်လ အထိ ထိုင်းနိုင်ငံသည် ဒေါ်လာ ၉.၅၆၈ ဘီလျံ၊ တရုတ်နိုင်ငံသည် ဒေါ်လာ ၆.၄၁၅ ဘီလျံ၊ ဟောင်ကောင်သည် ဒေါ်လာ ၅.၉၀၄ ဘီလျံ၊ ဗြိတိန်သည် ဒေါ်လာ ၂.၆၅၉ ဘီလျံ၊ တောင်ကိုးရီးယား ဒေါ်လာ ၂.၆၅၈ ဘီလျံနှင့် စကာင်္ပူသည် ဒေါ်လာ ၁.၅၉၂ အသီးသီး ရင်းနှီး မြှုပ်နှံထားသည်။

မြန်မာ နိုင်ငံသည် ၂၀၁၀-၁၁ ဘဏ္ဍာနှစ်၏ ပထမ လေးလတွင် ဒေါ်လာ ၁၅.၈၄ ဘီလျံ စာချုပ် ချုပ်ဆိုခဲ့ရာ (၂၂)နှစ်အတွင်း နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ကဏ္ဍတွင် တစ်နှစ်အတွင်း အမြင့်ဆုံး ရရှိခြင်း ဖြစ်သည်။

ထိုသို့ ရရှိခဲ့ခြင်းကြောင့် ၁၉၈၈ ခုနှစ်မှ စ၍ ၂၀၁၀ ဇူလိုင်လ အထိ မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဒေါ်လာ (၃၁.၈၉၅) ဘီလျံထိ ရောက်ရှိခဲ့သည်။

မတ်လက ကုန်ဆုံးသော ၂၀၀၉-၁၀ ဘဏ္ဍာနှစ် အထိ ရင်းနှီး မြှုပ်နှံမှု တန်ဖိုးမှာ ဒေါ်လာ ၁၆.၀၅ ဘီလျံသာ ရှိခဲ့သည်။

ယနေ့ထိ စုစုပေါင်း နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုကို ကဏ္ဍအလိုက် ခွဲခြား ပြောရလျှင် ရေနံနှင့်  သဘာဝ ဓါတ်ငွေ့ ကဏ္ဍတွင် ဒေါ်လာ ၁၃.၄၄၇ ဘီလျံ၊ လျှပ်စစ် ဓါတ်အား ကဏ္ဍတွင် ဒေါ်လာ (၁၁.၃၄၁) ဘီလျံ၊ သတ္တုတွင်း ကဏ္ဍတွင် ဒေါ်လာ (၁.၆၆၂) ဘီလျံနှင့် ဟိုတယ်နှင့် ခရီးသွား ကဏ္ဍတွင် ဒေါ်လာ (၁.၆၆၂) ဘီလျံ အသီးသီး ရှိသည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, 6th Sept 2010

အမေရိကန် အလုပ် လက်မဲ့ ပြဿနာကို ဖြစ်ပေါ်စေသည်ဟု အချို့က သတ်မှတ်ထားသော  တရုတ်တို့၏ စီးပွားရေး မူဝါဒများ အပေါ် တင်းမာစွာ တုန့်ပြန်ရန် တောင်းဆိုမှုများ ရှိနေသည့် ကြားမှပင် ငွေကြေး၊ ကုန်သွယ်ရေး၊ စစ်ရေးဆိုင်ရာ အငြင်းပွားမှုများကြောင့် ကမောက်ကမ ဖြစ်နေသည့် ဆက်ဆံရေးကို ပုံမှန် ပြန်ဖြစ်အောင် ကြိုးစားသည့် အနေဖြင့် အမေရိကန်နှင့် တရုတ် အဆင့်မြင့် အရာရှိကြီးများ တနင်္လာနေ့က တွေ့ဆုံခဲ့ကြသည်။

ကွန်ကရက် လွှတ်တော် ရွေးကောက်ပွဲများကို ၂ လအတွင်း ပြုလုပ်တော့မည် ဖြစ်ရာ သမ္မတ အိုဘားမား အနေဖြင့် စီးပွားရေး အင်ဂျင်ကို နှိုးရန် ဖိအားများ အောက်တွင် ကျရောက်နေပြီး သမ္မတသည် တရုတ်တို့ တဖက်စောင်းနင်း အသာစီးရနေသော ကုန်သွယ်ရေး နှင့် ငွေကြေးမူဝါဒ ပြဿနာများကို ဦးစွာ စတင် ဖြေရှင်း လုပ်ဆောင်သင့်သည်ဟု လွှတ်တော် အမတ် အများစုက ပြောကြားကြသည်။

ဤအတောအတွင်း တရုတ်နိုင်ငံပိုင် မီဒီယာက အမေရိကန်-တောင်ကိုးရီးယား ပင်လယ်ဝါ ရေတပ် လေ့ကျင့်မှုများနှင့် တောင်တရုတ် ပင်လယ် ရေပိုင်နက် အငြင်းပွားမှု အပေါ် အမေရိကန် အစိုးရ၏ ကြေညာချက်တို့ကို ပြစ်တင် ဝေဖန်လိုက်ပြီး တရုတ်နိုင်ငံ လုံခြုံရေး အပေါ် ခြိမ်းခြောက်မှုများကို ကိုယ်စား ပြုနေကြသည်ဟု ပြောကြားခဲ့သည်။

အမေရိကန် ပြည်ထောင်စု အမျိုးသား စီးပွားရေး ကောင်စီ ဒါရိုက်တာ Lawrence Summers နှင့် အမျိုးသား လုံခြုံရေး ဒုတိယ အကြံပေး Thomas Donilon စသော အမေရိကန် တာဝန် ရှိသူများနှင့် ဆွေးနွေးပွဲများ စတင်ရာတွင် တရုတ်တာဝန် ရှိသူများလာ အပြုသဘော ဆောင်သော လေသံ ပေါက်အောင် ကြိုးစားခဲ့ကြပြီး ပူးပေါင်း ဆောင်ရွက်မှု ရှိသော ဆက်ဆံရေး အတွက် လိုအပ်ချက်များကို အလေးပေး ပြောကြားခဲ့ကြသည်။

ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုး တိုးတက်ရေး စသော မိမိတို့ နှစ်နိုင်ငံ၏ အကျိုးစီးပွားများကို ဖြစ်ပေါ်စေမည့် အပြုသဘော ဆောင်ကာ ကျယ်ပြန့်သည့် တရုတ်-အမေရိကန် ဆက်ဆံရေးကို တိုးတက်အောင် ဆက်လက် လုပ်ဆောင်သွားမည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီး ယန်ကျားချီက ပြောကြားသည်။

အမေရိကန် ပြည်ထောင်စုနဲ့ တရုတ် နိုင်ငံ အကြား အလွန် ခိုင်မာတဲ့ ဆက်ဆံရေး ရရှိဖို့ ကိစ္စကိုပဲ စိတ်စွဲနေတယ်လို့ သမ္မတ အိုဘားမားက အလေးပေး မှာကြားလိုက်ပါတယ် ဟု Lawrence Summers က တရုတ် ဒုတိယ ဝန်ကြီးချုပ် ဝမ်ကျိရှန်ကို ပြောကြားခဲ့သည်။

အစည်းအဝေး အစီအစဉ်ပါ ကိစ္စများအနက် တရုတ် သမ္မတ ဟူကျင်းတောင်၏ ဝါရှင်တန် ခရီးစဉ် စီစဉ်ရေး ကိစ္စလည်း ပါဝင်သည်ဟု Summers ကဆိုသည်။

လပေါင်းများစွာ လူသိရှင်ကြား သဘောကွဲလွဲ စကားများ ခဲ့ကြပြီး နောက်တွင် ပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒ ရှိကြောင်း အချက်ပြရန် ယခု ဆွေးနွေးပွဲကို ပြုလုပ်ပုံ ရသည်ဟု လေ့လာသူများက ပြောကြားသည်။ ကီဂျင်း Renmin University မှ အမေရိကန် ရေးရာ ကျွမ်းကျင်သူ ရှီယင်ဟုန်က ၂ နိုင်ငံ ဆက်ဆံရေးတွင် ပြဿနာများ ရှိခဲ့သော်လည်း အဆိုးဆုံး အခြေအနေကို ကျော်လွန်သွားပြီ ဖြစ်ပြီး၊ ၂ ဖက်စလုံးက လိုက်လျော ညှိနှိုင်းရေးသို့ ဦးတည်နေကြသည်ဟု သုံးသပ်လိုက်သည်။

"အခု ဆွေးနွေးပွဲတွေရဲ့ အဓိ ရည်ရွယ်ချက်က အရေးပါတဲ့ သဘော တူညီချက်တွေ ရရှိဖို့ မဟုတ်ပဲ တစ်ယောက် သဘောထားကို တစ်ယောက် နားလည်မှု တိုးတက်စေဖို့ပဲ ဖြစ်ပါတယ်၊ တကယ်လို့ တင်းမာမှုတွေကို အတိုင်းအတာ တစ်ခုအထိ လျှော့ချနိုင်ပြီး ယုံကြည် စိတ်ချမှု မြင့်မားမယ်ဆိုရင် အောင်မြင်မှု ရှိတယ်လို့ ဆိုရမှာပါ" ဟု ၎င်းက ပြောကြားသည်။

ကမ္ဘာ့နံပါတ် (၁) ဆူပါ ပါဝါ အမေရိကန်နှင့် တရှိန်ထိုး ဖွံ့ထွားလာသော နံပါတ် (၂) စီးပွားရေး အင်အားကြီး တရုတ်နိုင်ငံတို့၏ အစိုးရများသည် ကမ္ဘာ့ စီးပွားရေး ပြန်လည် နာလံထူရန်နှင့် အခြားနိုင်ငံတကာ ကိစ္စရပ်များကို ဖြေရှင်း နေကြရသဖြင့် လွန်ခဲ့သည့် တစ်နှစ်လုံး နှစ်နိုင်ငံ အကြား တင်းမာမှုများကို ကောင်းစွာသည်းခံ ချုပ်ထိန်းခဲ့ကြသည်။ သို့သော်လည်း ကိုပင်ဟေဂင်တွင် ကျင်းပသော ညီလာခံတွင် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ သဘော တူညီချက် ရရှိရန် ကြိုးစားမှု မအောင်မြင်ခဲ့သည့် နောက်တွင် တရုတ်၏ ပြိုက်ဖက် ထိုင်ဝမ်သို့ အမေရိကန် လက်နက်များ ရောင်းချပေးမှုနှင့် တရုတ်တို့အတွက် နတ်ဆိုး ဒလိုင်လားမားနှင့် အိုဘားမား တွေ့ဆုံခဲ့မှုတို့ကြောင့် ဆက်ဆံရေး ပျက်ပြားခဲ့ရသည်။

နွေရာသီ အတောအတွင်း ဆက်ဆံရေး ဆက်တိုက် ကျဆင်းနေခဲ့ပြီး နောက်တွင် အမေရိကန်က ဖိအားများစွာ ပေးခဲ့ခြင်းကြောင့် တရုတ်က ၎င်း၏ ငွေကြေးမူဝါဒ ပြောင်းလဲမှုကို ဇွန်လတွင် ကြေညာခဲ့သည်။ တရုတ် ပို့ကုန်ပစ္စည်းများ ဈေးမကြီးစေရန် ပြုလုပ်ထားသည်ဟု ဝေဖန် ဆန်းစစ်သူများက အပြစ်တင်ခဲ့ကြသော ယွမ်ငွေနှင့် အမေရိကန် ဒေါ်လာ အသေ ချည်နှောင်ထားမှုကို ဖြေလျော့ပေးလိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း ငွေလဲလှယ်နှုန်း ပိုမို၍ ပြောင်းလွယ် ပြင်လွယ် ဖြစ်စေရန် ကတိပေးထားသည့် အစား ယွမ်ငွေတန်ဖိုး ၀.၆ % ခန့် တက်သွားခဲ့ခြင်းကြောင့် တရုတ်တို့၏ ကုန်သွယ်ရေး အသာစီးရမှုမှာ ဇူလိုင်လတွင် ၁၈ လ အတွင်း အမြင့်ဆုံး အဖြစ် ဒေါ်လာ ၂၈.၇ ဘီလျံ အထိ ရောက်ရှိသွားခဲ့ရာ စိတ်အနှောင့်အယှက် ဖြစ်သွားသော ဝါရှင်တန်က ၎င်းကိစ္စအပေါ် အသစ်တဖန် ပြန်လည် သတိထားလာခဲ့သည်။

အမေရိကန် စီးပွားရေး ထိပ်တန်း တာဝန်ရှိသူ Summers က ငွေလဲလှယ်နှုန်း ကိစ္စကို အမြန်ဆုံး ဖြေရှင်း ဆောင်ရွက်ရန် တရုတ်ကို တွန်းအားပေးလိမ့်မည်ဟု မျှော်လင့်ရသည်။ ယခု ရက်ပိုင်းများ အတွင်း ဆီနိတ်တာ Charles Schymer နှင့် ကွန်ဂရက် လွှတ်တော်တွင်း ဝေဖန် ဆန်းစစ်သူများက ပြောကြားရာ၌ တရုတ်နိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်းများအပေါ် ဒဏ်ငွေ တိုးမြှင့်ခြင်းဖြင့် တရုတ်နိုင်ငံအား ငွေကြေး မူဝါဒနှင့် ပတ်သက်၍ ဒဏ်ခတ်မည့် ဥပဒေ ပြဋ္ဌာန်းနိုင်ရန် အသစ် တဖန် တွန်းအားပေး ဆောင်ရွက်ကြမည်ဟု ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.