Transparency Myanmar

transparency.myanmar@gmail.com

နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ် ဖြစ်မည့် ဒီမိုကရေစီ ရွေးကောက်ပွဲ မတိုင်မီ မြန်မာ စစ်အစိုးရက မီဒီယာများအပေါ် ဆင်ဆာ တည်းဖြတ်မှုများ ပိုမို တိုးမြှင့် လုပ်ကိုင်လာကြောင်း နိုင်ငံတကာ မီဒီယာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့တစ်ခု ဖြစ်သော နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) က စက်တင်ဘလ ၈ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ဒီမိုကရေစီ ရွေးကောက်ပွဲ ကာလတွင် ပြည်တွင်း သို့မဟုတ် ပြည်ပမှ နိုင်ငံခြား မီဒီယာများ အနေဖြင့် လွတ်လပ်စွာ ထုတ်ဖော် ရေးသားခွင့် ရရှိလိမ့်မည် မဟုတ်ဟု RSF က ဆိုပြီး မြန်မာ နိုင်ငံကို "ဆင်ဆာ တည်းဖြတ်မှုတို့ ရှိရာ ဌာနေကြီး" ဟု သတ်မှတ် ဖော်ပြသည်။

မြန်မာ့ ဒီမိုကရေစီ ရွေးကောက်ပွဲ နီးကပ်လာသည် နှင့်အမျှ မီဒီယာများအပေါ် ကန့်သတ် ပိတ်ပင်မှုများ ပိုမို လုပ်ကိုင်လာသည်ဟု ဆိုသည်။ မကြာသေးမီက ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ် တစ်စောင် ဖြစ်သော The Morden Times ဂျာနယ်သည် မိုးလေဝသ ခန့်မှန်းချက် သတင်း ခေါင်းစဉ်ကို ခွင့်ပြုချက် မရရှိဘဲ ပြောင်းလဲ ပစ်ခဲ့သောကြောင့် ရက်သတ္တပတ် အတော်ကြာ ထုတ်ဝေခွင့် ပိတ်ပင်ခြင်း ခံနေရသည်။

စက်တင်ဘာလ အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်ဖွယ် ရှိသည် ဟူသော သတင်း တစ်ပုဒ်၏ ခေါင်းစဉ်ကို "စက်တင်ဘာမှာ လာမှာလား" ဟု ရေးသားခဲ့သောကြောင့် ရက်သတ္တပတ် အတော်ကြာ ထုတ်ဝေခွင့် ဆိုင်းငံ့ ခံထားရခြင်း ဖြစ်သည်။  အကြောင်းမှာ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာတွင် ဖြစ်ပွားခဲ့သော သံဃာတော်များ ဦးဆောင်သည့် "ရွှေဝါရောင် တော်လှန်ရေး" အမည်ရ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို သွယ်ဝိုက် ရည်ညွှန်းသည်ဟု ဆင်ဆာအဖွဲ့က ယူဆသောကြောင့်ဟု ဆိုသည်။

"မီဒီယာ လွတ်လပ်ခွင့် မရှိပါက ရွေးကောက်ပွဲ ဟူသည် အတုအယောင် သဘောမျှသာ ဖြစ်ပေလိမ့်မည်" ဟု RSF အဖွဲ့က ဆိုသည်။ ၁၉၆၂ ခုနှစ် ကတည်းက စစ်အုပ်ချုပ်ရေး စနစ်အောက်သို့ ရောက်ရှိခဲ့သည့် မြန်မာ နိုင်ငံတွင် ပုဂ္ဂလိကပိုင် သတင်းစာနှင့် မဂ္ဂဇင်း အစောင် ၁၅၀ ခန့် ထုတ်ဝေခွင့် ရရှိထားသော်လည်း ရေးသား ဖော်ပြမည့် အကြောင်းအရာ မှန်သမျှကို စစ်ဘက် အရာရှိ ဦးဆောင်သော စာပေစိစစ်ရေး အဖွဲ့သို့ မထုတ်ဝေမီ တင်ပြကြရသည်။

"ယခုကဲ့သို့သော ဆင်ဆာ တည်းဖြတ်မှုတွင် ကမ္ဘာပေါ်တွင် အတော့်ကို ထူးခြားသည့် ပုံစံမျိုး ဖြစ်ပြီး မီဒီယာ လွတ်လပ်မှု ထွက်ပေါ်လာမည်ကို ဟန့်တားမှု တစ်ရပ်လည်း ဖြစ်ပေသည်" ဟု RSF က ဆက်လက် ဖော်ပြသည်။ ထို့ပြင် အစိုးရ ဆန့်ကျင်သည့် လက်ကမ်း စာစောင်များ ဖြန့်ဝေမှုနှင့် စစ်အစိုးရ လိုလားသည့် နိုင်ငံရေးပါတီ အနည်းငယ်သာ ရွေးကောက်ပွဲအတွက် ပြင်ဆင်ခွင့် ရရှိသည် ဟူသော ရေးသား ဖော်ပြမှုများကိုလည်း အစိုးရက ဆက်လက် ဟန့်တားလျက် ရှိသည်ဟု RSF က ဆိုသည်။

"ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်မှုများ၊ စစ်တပ်မှ ဗိုလ်ချုပ်ကြီးများ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် အကြောင်းများ အစရှိသည် တို့ကိုလည်း ကန့်သတ်မှုဖြင့်သာ ရေးသား ထုတ်ဝေခွင့် ရရှိထားသည်" ဟု ဆိုသည်။

အဆိုပါ ရွေးကောက်ပွဲအတွက် စစ်အစိုးရက ထုတ်ပြန်ခဲ့သော ဥပဒေများမှာ အတိုက်အခံ ပါတီများ အပေါ် ဖိနှိပ် ချုပ်ခြယ် ထားသောကြောင့် ပြင်းပြင်းထန်ထန် ဝေဖန် ခံနေရသည်။ အဆိုပါ ဥပဒေများက အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရရှိအောင် ဟန့်တားထားသည်။

Bangkok Post မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Radio Australia News, 10th September 2010

မြန်မာ လေတပ်မှ ရုရှားနိုင်ငံမှ ရဟတ်ယာဉ်သစ် ၆၂ စင်းကို ဝယ်ယူခဲ့သည်ဟု သိရှိရသည်။ လေတပ် သတင်းရပ်ကွက်မှ ဧရာဝတီ သတင်းဌာနသို့ ပြောကြားရာတွင် ရဟတ်ယာဉ်သစ် ၅၀ မှာ Mi 24 တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ဖြစ်ပြီး လက်နက်ကိုင် သူပုန်များအား တိုက်ခိုက်ရာတွင် အဓိက အသုံးပြုလိမ့်မည်ဟု ဆိုသည်။

သမင်ပျိုမ ဟုခေါ်သော အဆိုပါ ရဟတ်ယာဉ်မှာ သံချပ်ကာ အမျိုးအစား ဖြစ်၍ အမြောက်များ၊ လောင်ချာများ၊ တင့်ကား၊ ဖျက်ဒုံးကျည်များ တပ်ဆင်ထားသည်ဟု သိရှိရသည်။

အဆိုပါ ရဟတ်ယာဉ်များသည် တိုက်ပွဲဝင် စစ်သည် ခုနှစ်ဦးနှင့် ၎င်းတို့၏ လက်နက် ပစ္စည်းများကိုပါ သယ်ဆောင်နိုင်သည် ဟုလည်း သိရှိရသည်။

နောက်ထပ် ရဟတ်ယာဉ် ၁၂ စီးမှာမူ သံချပ်ကာ ပို့ဆောင်ရေး အမျိုးအစား Mi 2 ရဟတ်ယာဉ်များ ဖြစ်သည်။

အဆိုပါ ရဟတ်ယာဉ်များကို မိတ္တီလာရှိ ပျံသန်း လေ့ကျင့်ရေး အခြေစိုက် စခန်း၌ လောလောဆယ် တပ်ဆင်လျက် ရှိပြီး၊ မကွေး လေတပ် အခြေစိုက် စခန်းနှင့် အေလာ လေတပ် အခြေစိုက် စခန်းများရှိ လေယာဉ် အုပ်စု ၄ စုသို့ ပို့ဆောင်လိမ့်မည်ဟု လေတပ် သတင်း ရပ်ကွက်မှ ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

 News Wires, 10th September 2010

တရုတ် နိုင်ငံပိုင် CNPC ရေနံ ကော်ပိုရေးရှင်းသည် တရုတ်-မြန်မာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းများ၏ တရုတ်နိုင်ငံ အပိုင်းနှင့် ရေနံချက် စက်ရုံကို ၂၀၁၃ တွင် အပြီးသတ်ရန် စီစဉ်နေသည်ဟု သိရသည်။

ရေနံ နှင့် ဓာတ်ငွေ့ ပိုက်လိုင်းများ၏ သတ်မှတ် ပြီးစီးချိန်မှာ အစောပိုင်း စီစဉ်ထားသည့် အချိန်ထက် တစ်နှစ် နောက်ကျသွားသော်လည်း တရုတ်-မြန်မာ ပိုက်လိုင်း မှတဆင့် ပြည်ပမှ ရောက်ရှိလာမည့် ရေနံစိမ်းများကိုသာ သီးသန့် ချက်လုပ်မည့် ရေနံချက် စက်ရုံ ပြီးစီးချိန်ကို CNPC က ပထမဆုံး အကြိမ် ယတိပြတ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

CNPC သည် ယူနန်ပြည်နယ်ရှိ တစ်နေ့လျှင် စည်ပေါင်း ၂ သိန်း သန့်စင်နိုင်မည့် ရေနံချက် စက်ရုံ အုတ်မြစ်စီ အခမ်းအားကို ယနေ့ ပြုလုပ်ခဲ့ပြီး ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းများ တည်ဆောက်မှုကိုလည်း ယနေ့ စတင်ခဲ့သည်ဟု သိရှိရသည်။

ယခု စီမံကိန်းသည် တရုတ်၏ စွမ်းအင် တင်သွင်းမှု လမ်းကြောင်းများ ခွဲဖြာထားရန် အထောက်အကူ ပြုမည် ဖြစ်၍ လတ်တလော တရုတ် ရေနံ တင်သွင်းမှု ၈၀ % ဖြတ်သန်းနေသည့် အန္တရာယ် များသော မလက္ကာ ရေလက်ကြားကို မှီခိုနေရခြင်းအား လျော့ချနိုင်မည် ဖြစ်သည်။

တစ်ရက်လျှင် ရေနံစိမ်း စည်ပေါင်း ၄၄၀,၀၀၀ သယ်ဆောင်နိုင်စွမ်း ရှိသည့် ရေနံ ပိုက်လိုင်းမှာ မြန်မာ နိုင်ငံတွင်း ၇၇၁ ကီလိုမီတာ ဖြတ်သန်းကာ ချုံကင်းမြို့သို့ မရောက်မီ တရုတ် ပြည်တွင်း၌ ၁၆၃၁ ကီလိုမီတာ ဆက်လက် သွယ်တန်းရမည် ဖြစ်သည်။ ဓာတ်ငွေ့ ကုဗမီတာ ၁၂ သန်း ပို့ဆောင်နိုင်စွမ်း ရှိသည့် ဓာတ်ငွေ့ ပိုက်လိုင်းမှာမူ မြန်မာ နိုင်ငံတွင်း ၇၉၃ ကီလိုမီတာ ဖြတ်သန်းကာ တရုတ်ပြည်တွင် ၁၇၂၇ ကီလိုမီတာ ဆက်လက် ဖြတ်သန်းပြီး ဂွမ်ဇီတွင် အဆုံးသတ်မည် ဖြစ်သည်။

စီးပွားရေး စီမံကိန်းနှင့် ဈေးနှုး သတ်မှတ်မှုကို ကြီးကြပ်သည့် တရုတ်နိုင်ငံ သြဇာကြီး ဝန်ကြီးဌာန ဖြစ်သော အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြန်လည် ဖွဲ့စည်းရေး ကော်မရှင်ထံမှ မည်သည့် အချိန်တွင် နောက်ဆုံး အတည်ပြုချက် လက်ခံ ရရှိမည် ဆိုသည်ကိုမူ ကုမ္ပဏီက ထုတ်ဖော် ပြောကြားခြင်း မရှိပါ။

ဂွမ်ဇီရှိ ကင်ကျိုး ရေနံချက် စက်ရုံ ဗုဒ္ဓဟူးနေ့တွင် စတင် လည်ပတ်ခဲ့ပြီးနောက် တရုတ် အနောက် တောင်ပိုင်း ဒေသတွင် CNPC ၏ လက်ရှိ ရပ်တည်နိုင်မှုကို မြှင့်တင် ပေးနိုင်လိမ့်မည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

China Daily, 8th September 2010

မြန်မာနိုင်ငံ နှင့် စစ်ဖက် ဆက်ဆံရေး အရေးကြီးပုံကို တရုတ်နိုင်ငံက စွဲစွဲမြဲမြဲ မှတ်ယူ ထားသည်ဟု တရုတ် ထိပ်တန်း စစ်ဖက် အရာရှိက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချန်ဘိုင်ဒီက မြန်မာနိုင်ငံ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အဖွဲ့ဝင် သူရ ဦးရွှေမန်းနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

နှစ်နိုင်ငံ အကြား၊ နှစ်နိုင်ငံ တပ်မတော်များ အကြား အပြန်အလှန် ဆက်ဆံရေး မှန်မှန် တိုးတက်လာခြင်းကို ဂုဏ်ပြုသည့် အနေဖြင့် ချန်ဘိုင်ဒီက ပြောကြားရာတွင် ကဏ္ဍနယ်ပယ် ပေါင်းစုံ၌ အောင်မြင်စွာ ပူးပေါင်း ဆောင်ရွက်မှုများက နှစ်နိုင်ငံ စလုံး အတွက် ခိုင်မာသော အကျိုးကျေးဇူးများကို ဆောင်ယူ ပေးနိုင်ခဲ့သည်ဟု ပြောဆိုခဲ့သည်။

အစဉ်အလာ ချစ်ကြည် ရင်းနှီးမှုကို ဆက်လက် သယ်ဆောင်ရန် နှစ်နိုင်ငံ တပ်မတော်များ အတူတကွ ဆောင်ရွက် သွားကြရန် မျှော်လင့်သည်ဟုလည်း ချန်ဘိုင်ဒီက ဆိုသည်။

သူရ ဦးရွှေမန်းကလည်း မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ကာကွယ်ရေး တည်ဆောက်မှုများ အတွက် တရုတ်နိုင်ငံ၏ ကိုယ်ကျိုး မဖက်သော အကူအညီများကို ချီးကျူး ဂုဏ်ပြုလိုက်ပြီး၊ နှစ်နိုင်ငံ အကြား လက်တွေ့ ကျသော ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ရန် မြန်မာနိုင်ငံ အနေဖြင့် တရုတ်နှင့် ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Radio Australia News, 10th September 2010

မြန်မာ အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၎င်း၏ တိုင်းပြည် အပေါ် ထောက်ခံ အားပေးခြင်း အတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံ နယ်စပ် တည်ငြိမ်မှုကို ထိန်းသိမ်းရန် ဘေဂျင်း နှင့်အတူ ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့ကြောင်း သိရှိရသည်။

၎င်းသည် ထိပ်တန်း တရုတ် ခေါင်းဆောင်များနှင့် တွေ့ဆုံမှု များစွာ ပြုလုပ်ခဲ့ရာ၊ ဝန်ကြီးချုပ် ဝမ်ကျားပေါင်နှင့် နောက်ဆုံး တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာ အစိုးရ ခေါင်းဆောင်သည် ၎င်း၏ တိုင်းပြည်တွင် အနှစ် ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲများ ကျင်းပရန် ၂လ အလို အင်္ဂါနေ့တွင် ရောက်ရှိလာခြင်း ဖြစ်သည်။

၎င်းရွေးကောက်ပွဲများသည် စစ်အုပ်ချုပ်ရေးကို အမြစ် တွယ်စေမည့် အတုအယောင် လုပ်ရပ်သာ ဖြစ်သည်ဟု အနောက်နိုင်ငံ အစိုးရများက ပြစ်တင် ရှုတ်ချလျက် ရှိသော်လည်း ဘေဂျင်းကမူ ဒီမိုကရေစီသို့ ဦးတည်သည့် အရေးကြီးသော အဆင့်အဖြစ် မြှောက်ပင့် ချီးကျူးလိုက်သည်။

"ရွေးကောက်ပွဲများ ချောမွေ့စွာ ကျင်းပနိုင်ရေးသည် ပြည်သူတို့ အတွက် အခြေခံ အကျိုး စီးပွားများ ထဲတွင် ပါဝင်ပြီး ဒေသတွင်း တည်ငြိမ်မှုနှင့် အေးချမ်းမှုကို ဖြစ်ပေါ်စေလိမ့်မည်" ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူက ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း "နှစ်နိုင်ငံ အကြား ရှိပြီးသား အိမ်နီးချင်း ချစ်ကြည်မှု၊ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုနှင့် ယုံကြည်မှုတို့ကို ဆက်လက် တိုးမြှင့်သွားရန် ၎င်းအနေဖြင့် မျှော်လင့်ကြောင်း" သမ္မတ ဟူကျင်းတောင်ကို ပြောကြားခဲ့သည်ဟု သိရှိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Economist, 9th September 2010

လွန်ခဲ့သော နှစ် ၅၀ ခန့်က တရုတ်နိုင်ငံ ကမ္ဘာ့ စင်မြင့် ထက်တွင် နေရာ မရသေးချိန်တွင် မြန်မာ နိုင်ငံနှင့် ၎င်း၏ ဆက်ဆံရေးမှာ ဦးစားပေး အလေးထားရသည့် ကိစ္စ ဖြစ်ခဲ့သည်။ ၁၉၅၄ မှ ၁၉၆၅ အတွင်း တရုတ်၏ ပထမဆုံး ကွန်မြူနစ် ဝန်ကြီးချုပ် ချူအင်လိုင်း အနည်းဆုံး ၉ ကြိမ်ခန့် လာရောက် လည်ပတ်ခဲ့ဖူးသည်။ ထိုနောက်ပိုင်း တရုတ်နိုင်ငံ ကြီးထွားလာခဲ့ခြင်းကြောင့် နှစ်နိုင်ငံကြား ဆက်ဆံမှုနှုန်း နှေးကွေးသွားခဲ့သော်လည်း မြန်မာနိုင်ငံ၏ မက်မောဖွယ် သယံဇာတများနှင့် မဟာ ဗျူဟာမြောက် တည်ရှိမှုတို့က တရုတ်၏ အလေးထားမှုကို ရယူနိုင်နေဆဲ ဖြစ်သည်။ ပြီးခဲ့သော စက်တင်ဘာ ၇ ရက်နေ့တွင် မြန်မာ စစ်ဖက် အုပ်ချုပ်သူ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရားဝင် ၄ ရက် ခရီးစဉ် တရုတ်နိုင်ငံက လက်ခံ ကြိုဆိုခဲ့သည်။ ပုလင်းတူ ဘူးဆို့ မြောက်ကိုရီးယားမှ အာဏာရှင် ကင်ဂျုံအီး ပြီးလျှင် ၎င်းသည် အန္တရာယ် ကြီးသော လူတစ်ယောက် ဖြစ်သည်။

နှစ်နိုင်ငံ အကြား စီးပွားရေး ဆက်သွယ် ဆောင်ရွက်မှုများ ကြီးထွားလာခြင်းကြောင့် ဗိုလ်ချုပ်မှူးကြီး၏ ယခု ခရီးစဉ် ပေါ်ထွက်လာခြင်း ဖြစ်သည်။ ယခုနှစ် တစ်နှစ်ထဲ၌ပင် တရုတ်သည် မြန်မာနိုင်ငံတွင် ဒေါ်လာ ၈ ဘီလျံကျော် ရင်းနှီး မြှုပ်နှံခဲ့ရာ အထူးသဖြင့် ဓာတ်ငွေ့၊ ရေနံနှင့် ရေအား လျှပ်စစ် စီမံကိန်းများတွင် ဖြစ်ပြီး၊ ယခင်နှစ် ၂၀ အတွင်း စုစုပေါင်း ရင်းနှီး မြှုပ်နှံမှု၏ သုံးပုံနှစ်ပုံ ပမာဏခန့် ရှိသည်ဟု သိရှိရသည်။ နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှု ပမာဏမှာလည်း အလားတူ မြင့်တက်ခဲ့သည်။

နှစ်နိုင်ငံ ခေါင်းဆောင်များသည် ကုန်သွယ်ရေးနှင့် စွမ်းအင်ကဏ္ဍများ အပြင် နိုင်ငံရေး ကိစ္စများကိုလည်း သေချာပေါက် ဆွေးနွေးကြလိမ့်မည် ဖြစ်သည်။ မြန်မာနိုင်ငံသည် အနှစ် ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲများကို နိုဝင်ဘာလတွင် ကျင်းပရန် ပြင်ဆင်လျက် ရှိရာ၊ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်ဖွယ် ရှိနေသည်။ ပြည်ပ နိုင်ငံ များစွာက ပြစ်တင် ရှုတ်ချမှုကြောင့် တရားဝင် ဖြစ်ရန် အလှမ်းဝေးနေသည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ် အတွက် တရုတ်နိုင်ငံ၏ ထောက်ခံမှု ရရှိရေးသည် မြန်မာနိုင်ငံကို လွှမ်းမိုး ချုပ်ကိုင်ထားသည့် စစ်ခေါင်းဆောင် အတွက် အလွန် အရေးကြီး နေသည်။

တရုတ် နိုင်ငံကလည်း ကူညီမည့် လက္ခဏာ ရှိသည်။ ၎င်း၏ အိမ်နီးချင်း မဟာမိတ် နိုင်ငံ၏ ဆိုးဝါးလှသော လူ့အခွင့်အရေးနှင့် စီးပွားရေး စီမံခန့်ခွဲမှု မှတ်တမ်းများပေါ် သည်းခံနေခြင်းကြောင့် ထွက်ပေါ်လာသည့် အစောပိုင်း ပြစ်တင် ဝေဖန်မှုများကို တရုတ်က ပယ်ချလိုက်သည်။ ရက်စက် ကြမ်းကြုတ်သော အာဏာရှင် အစိုးရများကို အားပေး ကူညီသူ အဖြစ် သတ်မှတ်ခံ နေရခြင်းကို တရုတ်က စွန့်စား၍ အရောင်တင်နေခြင်း အပေါ် စိုးရိမ် ပူပန်နေသည့် Human Rights Watch လူ့အခွင့်အရေး အဖွဲ့၏ တိုင်ကြားမှုများမှာလည်း အလွယ်တကူပင် အရေး မပါတော့သလို ဖြစ်သွားလိမ့်မည်။

မည်သည့် ကိစ္စတွင်မဆို အိမ်နီးချင်းများ အပေါ် တရုတ်နိုင်ငံ၏ မောင်းနှင်အားတွင် အကန့်အသတ် ရှိနေသည်ဟု ဥာဏ်ကြီးရှင် အုပ်စု International Crisis Group မှ ပညာရှင်များက ထောက်ပြသည်။ မြန်မာနိုင်ငံမှ အတ္တကြီးသော၊ မျိုးချစ်စိတ် အစွန်းရောက်သော ခေါင်းဆောင်များသည် ဘေဂျင်း အပါအဝင် မည်သူ့ထံမှ အမိန့်ကိုမျှ နာခံလိမ့်မည် မဟုတ်ဟု ၎င်းတို့က မှတ်ချက် ပေးထားသည်။ အကယ်၍ လာမည့် ရွေးကောက်ပွဲများကြောင့် မြန်မာနိုင်ငံ၏ ပုံရိပ် တိုးတက်ခဲ့သည် ဆိုပါက ဘေဂျင်းအနေဖြင့် တိတ်တိတ်ကလေး ကြိတ်၍ အမှတ်ယူ ရုံသာ ရှိသည်ဟု ၎င်းတို့က ဆိုသည်။

မည်သို့ပင် ဖြစ်စေ၊ တရုတ်တို့ လိုလားသော အရာမှာ ပြုပြင် ပြောင်းလဲမှု မဟုတ်ဘဲ အမိန့်အာဏာသာ ဖြစ်သည်။ လာမည့် ရွေးကောက်ပွဲများသည် အခြေခံကျကျ ကြီးမားသော ပြောင်းလဲမှုကို ဆောင်ကြဉ်း ပေးနိုင်မည့် အလားအလာ မရှိပါ။ မဲဆန္ဒရှင်များက မည်သည့် သဘောထား ရှိသည် ဖြစ်စေ၊ အခြေခံ ဥပဒေက တပ်မတော် အတွက် ကြီးမားသော ကဏ္ဍကို နေရာ ပေးထားပြီး ဖြစ်သည်။ လူသိများ ထင်ရှားသော ဒီမိုကရေစီ လှုပ်ရှားသူ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက ရွေးကောက်ပွဲ ဝင်မည် မဟုတ်သော်လည်း သူမ၏ ပါတီမှ ခွဲထွက်သွားသော ပါတီကသာ ရွေးကောက်ပွဲ ဝင်မည် ဖြစ်သည်။ သို့သော်လည်း အစိုးရကို ဆန့်ကျင်သော တိုင်းရင်းသား လက်နက်ကိုင်များ အခြေစိုက်ရာ ဒေသဖြစ်သော ရှည်လျားသည့် တရုတ်-မြန်မာ နယ်စပ် တလျှောက် တည်ငြိမ် အေးချမ်းရေးမှာမူ မသေချာ၊ မရေရာဘဲ ဖြစ်နေသည်။ အဆိုပါ ဒေသတွင် မနှစ်က ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် စစ်ပြေး ဒုက္ခသည် ထောင်ပေါင်း များစွာ ယူနန် ပြည်နယ်ထဲသို့ ဝင်ပြေးကြသဖြင့် ပြဿနာ ပေါ်ပေါက်ခဲ့ရသည်။

တရုတ်နိုင်ငံ အတွက် အရေးကြီးနေသည်မှာ စစ်ဖက် ဆက်ဆံရေးနှင့် ဘင်္ဂလား ပင်လယ်အော် မြန်မာ ကမ်းရိုးတန်း တစ်လျှောက်ရှိ ဆိပ်ကမ်းများ တိုးတက် ဖွံ့ဖြိုးရေးပင် ဖြစ်သည်။ ၎င်းအချက်များက တရုတ်နိုင်ငံအား မဟာ ဗျူဟာမြောက် စိတ်ဝင်စားဖွယ် ဖြစ်နေသည့် အိန္ဒိယ သမုဒ္ဒရာသို့ ထွက်ပေါက် ရရှိစေမည် ဖြစ်သည့် တရုတ်နိုင်ငံက ရေနံနှင့် အခြားကုန်စည်များ အတွက် သင်္ဘော လမ်းကြောင်းသစ် ရရှိလိုခြင်းမျှသာ ဖြစ်ပြီး ရေတပ် အင်အား တည်ဆောက်ရနန် ဆန္ဒမရှိပါဟု ခုခံ ပြောကြားလျက် ရှိသည်။ သို့သော်လည်း အိန္ဒိယနှင့် အခြားနိုင်ငံများက အနည်းငယ်ပင် ယုံကြည်ခြင်း မရှိကြပါ။ အကြောင်းမှာ မြို့တော် ရန်ကုန်အနီး သီလဝါ ဆိပ်ကမ်းသို့ သြဂုတ်လ ၂၉ ရက်နေ့တွင် တရုတ် စစ်သင်္ဘော ၂ စင်း ၅ ရက်ကြာ ဆိုက်ကပ် ရပ်နားခဲ့ခြင်းကြောင့် ဖြစ်သည်။ အဆိုပါ ဆိုက်ကပ် ရပ်နားမှုကို ချစ်ကြည်ရေး အတွက် ဝင်ရောက် လည်ပတ်ခြင်း ဖြစ်သည်ဟု တရုတ်တို့က ရှင်းလင်း ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.