Transparency Myanmar

transparency.myanmar@gmail.com

Weekly Business Roundup, By Willian Boot, 11th Sept 2010

မြန်မာနိုင်ငံ အနောက်ဖက် ကမ်းရိုးတန်း စစ်တွေ ဆိပ်ကမ်းကို ပြုပြင် တည်ဆောက်ရန်နှင့် ကုလားတန် မြစ်ကြောင်းကို အဓိက ကူးသန်း ရောင်းဝယ်ရေး လမ်းကြောင်း အဖြစ် ပြောင်းလဲရန် မြန်မာ အစိုးရနှင့် သဘော တူညီချက် ရရှိထားသည့် အပေါ်တွင် အိန္ဒိယနိုင်ငံက ပုံအော၍ လောင်းကြေး ထပ်လျက် ရှိသည်။

"ဒီစီမံကိန်း ပြီးတာနဲ့ တပြိုင်နက် အပြန်အလှန် ကုန်သွယ်ရေးဟာ နည်းလမ်းပေါင်းစုံနဲ့ ကြီးထွားလာမှာပါ။ အိန္ဒိယ အရှေ့မြောက်ဒေသ၊ အထူးသဖြင့် မီဇိုရမ်လို ကုန်းတွင်းပိတ် ပြည်နယ်တွေရဲ့ ဘက်ပေါင်းစုံ  တိုးတက်ဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေမှာပါ'' ဟု အိန္ဒိယ အရှေ့မြောက် ဒေသ ဆိုင်ရာ ဌာန ဝန်ကြီး BK Handique က ပြောကြားသည်။

"ကျွန်တော်တို့ ပုံအောပြီး လောင်းနေတာပါ'' ဟု Handique က Press Trust of India နှင့် ယခု အပတ် အင်တာဗျူးတွင် ပြောကြားလိုက်သည်။

အဆိုပါ စီမံကိန်းကြောင့် အိန္ဒိယ၏ ဝေးလံ ခက်ခဲသော အရှေ့မြောက် ဒေသမှ အာဆီယံ နိုင်ငံများသို့ တံခါးပွင့် သွားစေမည် ဖြစ်သလို အိန္ဒိယနိုင်ငံ အနေဖြင့်လည်း အဆိုပါ အရှေ့မြောက် ဒေသသို့ ကူးသန်း ရောင်းဝယ်မှု လက်လှမ်း မီနိုင်ရန် ပို၍ အခွင့်အရေး ရလာမည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဒေါ်လာ သန်းပေါင်း များစွာ ကုန်ကျမည့် စီမံကိန်း ပြီးစီးသည်နှင့် ကုန်သင်္ဘောများသည် အိန္ဒိယ အဓိက ဆိပ်ကမ်း ကာလကတ္တားမှ ကုန်စည်များကို ကုလားတန် မြစ်ကြောင်း၊ ၎င်း၏ အပြိုင် ဖောက်လုပ်နေသော ကားလမ်း စသည်တို့မှ တဆင့် စစ်တွေ ဆိပ်ကမ်းသို့ ပို့ဆောင်နိုင်လိမ့်မည်ဟု Handique က ပြောကြားသည်။

အိန္ဒိယ နိုင်ငံတွင်း ကူးသန်း ရောင်းဝယ်မှုအတွက် သယ်ယူ ပို့ဆောင်ရေး ဆိပ်ကမ်းအဖြစ် မြန်မာ ဆိပ်ကမ်းကို အသုံးပြု နိုင်လိမ့်မည် ဆိုသော အချက်ကို အိန္ဒိယက ပြောကြားခြင်းမှာ ယခု ပထမဆုံး အကြိမ် ဖြစ်သည်။

ကာလကတ္တားနှင့် စစ်တွေ အကြား ပင်လယ်ပြင် အကွာအဝေးမှာ ၅၃၀ ကီလိုမီတာ မျှသာ ရှိရာ အဆိုပါ အကွာအဝေးမှာ ကာလကတ္တားနှင့် အိန္ဒိယ အရှေ့မြောက် ဒေသအကြား အကွာအဝေး၏ သုံးပုံတစ်ပုံသာ ရှိသည်ဟု သိရသည်။

ကုလားတန် မြစ်ကြောင်း ဘက်စုံ ဖွံ့ဖြိုးရေးနှင့် စစ်တွေ ဆိပ်ကမ်း ပြုပြင် တည်ဆောက်ခြင်း လုပ်ငန်းကို ၂ နှစ်ခန့် ကြန့်ကြာနေပြီးမှ ပြီးခဲ့သော မေလက ပြန်လည် စတင်ခဲ့ရာ ကြန့်ကြာခဲ့သော အချိန်အတွင်း ကုန်ကျစရိတ် ခန့်မှန်းခြေ ဒေါ်လာသန်း ၁၀၀ မှ သန်း ၁၃၀ အထိ မြင့်တက် သွားခဲ့သည်ဟု အိန္ဒိယ ပို့ဆောင်ရေး ဝန်ကြီး Kamal Nath က ဧပြီလတွင် ထုတ်ဖော် ပြောကြားခဲ့သည်။

ယခု စီမံကိန်းကို အိန္ဒိယ၏ အဓိက အင်ဂျင်နီယာ လုပ်ငန်း Essar က အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပြီး ၂၀၁၃ ခုနှစ် တိုင်အောင် ပြီးစီးရန် မသေချာသေးဟု သိရှိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Weekly Business Roundup, By Willian Boot, 11th Sept 2010

အိန္ဒိယ နိုင်ငံသည် ဒေါ်လာ ၅ ဘီလျံ တန်ဘိုးရှိ ရေအား လျှပ်စစ် စီမံကိန်းများကို မြန်မာနိုင်ငံ အနောက် မြောက်ပိုင်းတွင် တည်ဆောက်ရေးအတွက် ပြန်လည် အဆိုပြုရန် ကြံရွယ်လျက် ရှိပြီး ထွက်ရှိလာသော ဓါတ်အား အများစုကို အိန္ဒိယ အရှေ့မြောက် ပြည်နယ်များသို့ ပို့လွှတ်မည် ဖြစ်သည်။

၂၀၀၈ ခုနှစ်က ရပ်ဆိုင်းသွားသော အဆိုပြုချက်များကို အမျိုးသား ရေအားလျှပ်စစ် ကော်ပိုရေးရှင်း NHPC  ကအိန္ဒိယ ပြည်ပ ရေးရာ ဌာနသို့ အောက်တိုဘာလတွင် တင်ပြရန် အတွက် ပြင်ဆင်လျက် ရှိသည်ဟု Hindustan Times စီးပွားရေး သတင်း ဝက်ဘ်ဆိုက်က ဆိုသည်။

ချင်းတွင်းမြစ်ပေါ်ရှိ ထမံသီနှင့် ရွှေစာရံ ရေလှောင်တမံများသည် လက်ရှိ မြန်မာနိုင်ငံ တစ်နိုင်ငံလုံး ထုတ်လုပ်နိုင်စွမ်းထက် ပိုများသော လျှပ်စစ်ဓါတ်အား ၁၈၄၀ မဂ္ဂါဝပ်ကို ထုတ်လုပ်နိုင်မည်ဟု ဆိုသည်။

အိန္ဒိယ လေ့လာ တိုင်းတာရေး အဖွဲ့များသည် ရေလှောင်တမံ ဆောက်လုပ်မည့် နေရာများသို့ သွားရောက်ကာ အိန္ဒိယ ဝန်ကြီးဌာနသို့ စီမံကိန်း လက်ရှိ အခြေအနေ အစီရင်ခံစာ တင်ပြရန် ပြင်ဆင်နေကြသည်ဟု NHPC  ဦးဆောင် ညွှန်ကြားရေးမှူး SK Garq က ပြောကြားခဲ့ခြင်းကို နယူးဒေလီ သတင်းစာက ပြန်လည် ဖော်ပြထားသည်။

မြန်မာ အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အိန္ဒိယ နိုင်ငံသို့ မကြာမီ လာရောက် လည်ပတ်ခဲ့ပြီးနောက် အထက်ပါ စီမံကိန်းများကို ပြန်လည် အသက်သွင်းလာခြင်းမှာ မြန်မာနိုင်ငံနှင့် ဆက်ဆံရေး အစပျိုးရန် တရုတ်သြဇာ လွှမ်းမိုးလာမှုကို တန်ပြန်ရန်အတွက် စီးပွားရေး ဆက်ဆံမှု ဗျူဟာ အစိတ်အပိုင်း တစ်ရပ်ပင် ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံက ၎င်း၏ လျှပ်စစ် ဓါတ်အား လိုအပ်ချက် မြင့်မားနေသော ဒါကာအတွက် ရခိုင်ပြည်နယ်တွင် ရေအားလျှပ်စစ် စီမံကိန်း ၂ ခု တည်ဆောက်ရန် မြန်မာအစိုးရနှင့် သဘော တူညီချက် ရရှိခဲ့ကြောင်း ကြေညာပြီး တစ်ပတ်မျှ အကြာတွင် ချင်းတွင်းမြစ်ပေါ်မှ ရေလှောင် တမံများကို NHPC ၏ စိတ်ဝင်စားမှု ပြန်လည် အသက်ဝင်လာခြင်း ဖြစ်သည်။

အဆိုပါ ချင်းတွင်း ရေအား လျှပ်စစ် စီမံကိန်း ၂ခုနှင့် ဓါတ်အား ပို့လွှတ်မှု အခြေခံ အဆောက်အဦးများ အတွက် ဒေါ်လာ ၅.၄ ဘီလျံ ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း Garg က ပြောကြားခဲ့ခြင်းကို Hindustan Times က ဖော်ပြထားသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Los Angeles Times, By Babara Demick and Mark Magnier, 8th Sept 2010

အနောက် နိုင်ငံများက လက်မခံနိုင်သော တိုင်းပြည် ခေါင်းဆောင် တစ်ဦးသည်  တရုတ်ပြည်သို့ တစ်ဖန် သွားရောက်ခဲ့ပြီး၊ တရုတ်၏ မျက်နှာသာ ပေးမှု၊ တရားဝင် အသိအမှတ် ပြုမှု၊ ငွေရရှိမှု တို့အတွက် ကြိုးပမ်းခဲ့ရာ၊ Beijing သည် အလွန် ဧည့်ဝတ် ကျေပွန်ခဲ့သည်ဟု ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

အသက် (၇၇) နှစ်ရှိ မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှာ ဗုဒ္ဓဟူးနေ့က Beijing ရှိ ပြည်သူ့ ခန်းမကြီးတွင် ကောဇောနီဖြင့် ဧည့်ခံ ကြိုဆိုခြင်း ခံခဲ့ရသည်။

တရုတ် သမ္မတ ဟူကျင်းတောင်သည် တရုတ်-မြန်မာ ဆက်ဆံရေး အနှစ် (၆၀) ပြည့်မှုကို ချစ်ကြည် ရင်းနှီးစွာ ပြေကြားခဲ့ရာ၊ Beijing သည် ၎င်း၏ မဟာမိတ် နိုင်ငံအပေါ် နိုင်ငံတကာ ဖိအားပေးမှုများအား အကာအကွယ် ပေးရန် ကူညီမည် ဖြစ်ကြောင်း အချက် ပြလိုက်ခြင်းပင် ဖြစ်သည်။

"တရုတ်ဟာ မြန်မာနိုင်ငံရဲ့ အချုပ်အချာ အာဏာ ပိုင်ဆိုင်မှုနဲ့ နယ်မြေ ပိုင်ဆိုင်မှုကို လေးစားပါတယ်။ မြန်မာ အစိုးရရဲ့ အမျိုးသား ပြန်လည် ပေါင်းစည်းရေးအတွက် ကြိုးစား အားထုတ်မှုများကို နားလည်ပြီး ထောက်ခံပါတယ်။ နိုင်ငံတကာရဲ့ အခြေအနေတွေ ဘယ်လို ပြောင်းပြောင်း တရုတ်ရဲ့ မူဝါဒကတော့ ပြောင်းလဲမှာ မဟုတ်ပါဘူး'' ဟု ဟူကျင်းတောင်က ပြောကြားခဲ့သည်ဟု တရုတ်ပြည်သစ် သတင်းဌာန၏ ဝေဖန်ချက်တွင် ရေးသားထားသည်။

တစ်ဘာသာ စရိုက် ရှိပြီး သတင်းထောက်များအား စကားပြောခဲလှသော သန်းရွှေသည် သတင်းထောက်များ ကွန်ဖရင့် ခန်းမ အတွင်းမှ မထွက်ခွာမီ အိမ်နီးချင်းကောင်း ပီသသော ဆက်ဆံရေး အကြောင်း အနည်းငယ် ပြောခဲ့သည်။

နှစ်နိုင်ငံ ဆွေးနွေးမည့် ထိပ်ဆုံး အကြောင်းအရာများမှာ မြန်မာနိုင်ငံ၏ ကျင်းပတော့မည့် ရွေးကောက်ပွဲနှင့် နယ်စပ်များရှိ လက်နက်ကိုင် တိုင်းရင်းသားများနှင့် ကိစ္စများ ဖြစ်လိမ့်မည်ဟု ယူဆရသည်။ စစ်အစိုးရသည် ၎င်း၏ အနည်းငယ်သော နိုင်ငံတကာ မိတ်ဆွေများ အနက် တရုတ်၏ ထောက်ခံမှုကို ရရန် လိုအပ်သည်။

ထို့အပြင် မြန်မာ နိုင်ငံသည် မြောက်ကိုးရီးယား၏ လမ်းစဉ်ကို လိုက်ပြီး နျူကလီယာ လက်နက် အတွက် ကြိုးစားလျက် ရှိကြောင်း ဝါရှင်တန်က ပိုမို စိုးရိမ် ပူပန်နေချိန်တွင် မြန်မာ နိုင်ငံသည် ကုလ သမဂ္ဂတွင် တရုတ်၏ ထောက်ခံမှု ရရန် လိုအပ်နေသည့် အချိန် ဖြစ်သည်။

"ဒီခရီးစဉ်ကတော့ Beijing ရဲ့ ထောက်ခံမှု အတွက်ပါပဲ။ မြန်မာနိုင်ငံကို ငွေကြေး ထောက်ပံ့တာလည်း Beijing ပါပဲ'' ဟု ဆစ်ဒနီ တက္ကသိုလ် အရှေ့တောင် အာရှ ရေးရာ ပါမောက္ခ Adrian Vickers က ပြောကြားခဲ့သည်။

နိုဝင်ဘာလ (၇) ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် အနှစ် နှစ်ဆယ် အတွင်း ပထမဆုံး ကျင်းပခြင်း ဖြစ်ပြီး၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များမှာ လက်ရှိ အစိုးရ ဆက်လက် အုပ်ချုပ်ရေး အတွက် သေချာစေရန် ကန့်သတ်ချက်များ ပြုလုပ်ထား၍ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုများ ခံနေရချိန် ဖြစ်သည်။ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုမူ ရွေးကောက်ပွဲ ဝင်ရောက်ခြင်းမှ တားဆီးထားသည်။

Beijing သည် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဘဝင် မကျမှုများ ရှိသော်လည်း၊ နိုင်ငံရေးအရ အပြောင်းအလဲ မလုပ်လိုသော မြန်မာ စစ်ဗိုလ်ချုပ်များကို ရွေးကောက်ပွဲ ပြုလုပ်ရန် ဖိအားပေးခဲ့ခြင်းသည် တရုတ်၏ စီးပွားရေး ကိစ္စရပ်များကို အန္တရာယ် ရှိစေပြီး၊ နယ်စပ် မငြိမ်သက်မှုများကို ပိုမို ဆိုးရွားစေသည်။

တရုတ်သည် မြန်မာနိုင်ငံ၏ ရေကာတာများ၊ ငါးလုပ်ငန်းများ၊ သတ္တုတွင်းများ၊ ရေနံနှင့် သဘာဝဓါတ်ငွေ့၊ ဆောက်လုပ်ရေး ကဏ္ဍများတွင် များစွာ စိတ်ဝင်စားမှု ရှိပြီး၊ ယခုအခါ အိန္ဒိယ သမုဒ္ဒရာနှင့် ယူနန်ပြည်နယ်ကို ဆက်သွယ်ပေးမည့် ရေနံနှင့် ဓါတ်ငွေ့ ပိုက်လိုင်း နှစ်ခုကို ဆောက်လုပ်လျက် ရှိသည်။

"တရုတ်က မြန်မာ နိုင်ငံကနေ လိုချင်တာကတော့ ပင်လယ် ထွက်ပေါက်ပါပဲ'' ဟု အမည် မဖော်လိုသူ Biejing အခြေစိုက် သံတမန်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် လက မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအီ၏ ခရီးစဉ်သည် ပူပူနွေးနွေး ပြီးဆုံးကာစ၌ ယခု သန်းရွှေ၏ ခရီးစဉ် ထွက်ပေါ်လာရာ လူ့အခွင့်အရေး အားပေးသူများ၏ တိုက်ခိုက်မှုများ ရှိလာပြီး Beijing အား ကမ္ဘာပေါ်တွင် အဖိနှိပ်ဆုံး အစိုးရအား ထောက်ခံ အားပေးခဲ့ကြောင်း စွပ်စွဲခဲ့ကြသည်။

"တရုတ်ဟာ မြန်မာနိုင်ငံ ကနေ အကျိုးအမြတ်လည်း ရယူလိုတယ်။ မတည်ငြိမ်တဲ့ စစ်တပ် အုပ်ချုပ်မှုနဲ့လည်း မပတ်သက်ချင်ဘူး'' ဟု Human Rights Watch မှ ခေတ္တ အာရှ ဒါရိုက်တာ Sophie Richardson က သန်းရွှေ ခရီးစဉ် မတိုင်မီ ကြေညာချက်တွင် ဖော်ပြထားသည်။

"အကယ်၍ တရုတ်ဟာ မြန်မာနိုင်ငံ အပေါ် ချဉ်းကပ်မှုကို အခြေခံမှစ၍ ပြောင်းလဲမှု မလုပ်ရင်၊ ဖိနှိပ်သော အစိုးရ၏ နာယကကြီး ဆိုတဲ့ ဂုဏ်ပုဒ်ကို ထိခိုက်လာနိုင်ပါတယ်'' ဟု ဆိုသည်။

မြန်မာ နိုင်ငံသည် နယ်စပ်ရှိ တိုင်းရင်းသားများကို တိုက်ခိုက်ရာတွင် တရုတ်၏ အကူအညီကို ရှာဖွေလျက် ရှိသည်။ အဘယ်ကြောင့် ဆိုသော် ပဋိပက္ခကြောင့် ဒုက္ခသည်များ တရုတ် ပြည်တွင်းသို့ ထွက်ပြေး သွားနိုင်သောကြောင့် ဖြစ်သည်။ မြန်မာ အစိုးရသည် တိုင်းရင်းသား အုပ်စုများကို နယ်ခြား စောင့်တပ်အဖြစ် ၎င်းတို့နှင့် ပူးပေါင်းရန် စီစဉ်လျက် ရှိသည်။

"တိုင်းရင်းသား လက်နက်ကိုင်တွေကို ရှင်းပစ်ဖို့ သူတို့မှာ အစီအစဉ် ရှိပါတယ်'' ဟု ထိုင်းနိုင်ငံ အခြေစိုက် ကချင် သတင်း အုပ်စုမှ အယ်ဒီတာ နော်ဒင်က ဆိုသည်။ "ဒါပေမယ့် ဒါက မအောင်မြင်တော့၊ ဒီလက်နက်ကိုင် အဖွဲ့ တွေကို နယ်စပ်မှ ကန့်သတ်ထားဖို့ တရုတ်ရဲ့ ထောက်ခံမှုကို သူတို့ လိုနေပါတယ်'' ဟု ၎င်းက ဆိုသည်။

သန်းရွှေသည် ၂၀၀၃ ခုနှစ် ကတည်းက တရုတ်သို့ သွားရောက်ခဲ့ခြင်း မရှိပေ။ ယခု ခရီးစဉ်သည် ပြီးခဲ့သည့် ဇွန်လက တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် မြန်မာပြည်သို့ သွားရောက် ခဲ့ပြီးနောက်တွင် ဖြစ်သည်။ ထိုစဉ်က ဓါတ်ငွေ့ ပိုက်လိုင်း၊ ရေအားလျှပ်စစ်နှင့် အကူအညီ ပေးရေးများ အပါအဝင် စာချုပ် (၁၅) ခု ချုပ်ဆိုခဲ့သည်။

တရုတ်ပြည်သစ် သတင်းဌာနက ပြောကြားရာတွင် တရုတ်သည် မြန်မာနိုင်ငံ၏ တတိယ အကြီးဆုံး ကုန်သွယ်ဖက်နှင့် ရင်းနှီးမြှုပ်နှံသူ ဖြစ်ပြီး၊ ၂၀၀၉ ခုနှစ်က ထုတ်ကုန် သွင်းကုန် စုစုပေါင်း တန်ဖိုး ဒေါ်လာ (၂.၉) ဘီလျံ ရှိခဲ့သည်။ သို့သော် နယ်စပ် ရောင်းဝယ်မှု အတော် များများသည် စာရင်း မပေါက်ကြောင်း၊ အမှန်တကယ် ကိန်းဂဏန်းမှာ ထိုထက် များနိုင်ကြောင်း၊ သုတေသန ပြုသူများက ပြောသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Xinhua, 12th Sept 2010

မြန်မာ နိုင်ငံသည် တရုတ် နိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုနှင့် တံခါး ဖွင့်လှစ်မှု အတွေ့အကြုံများကို လေ့လာ သင်ယူရမည် ဖြစ်ကြောင်းနှင့် တရုတ်နှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားရန် မြန်မာ ထိပ်တန်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စနေနေ့က တရုတ်နိုင်ငံတွင် ပြောကြားခဲ့သည်။

၎င်းသည် တရုတ် နိုင်ငံ၏ ပထမဆုံး အထူး စီးပွားရေးဇုန် Shenzhen သို့ လှည်လည် ကြည့်ရှုစဉ် ဤသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

Shenzhen သို့ လာရောက်ရခြင်းမှာ Shenzhen ၏ ဖွံ့ဖြိုးမှု အတွေ့အကြုံများကို လေ့လာ သင်ယူရန် လာရောက်ခြင်း ဖြစ်ကြောင်း သန်းရွှေက ပြောကြားခဲ့သည်။

ယခုနှစ်သည် Shenzhen  အထူး စီးပွားရေးဇုန် ထူထောင်ခြင်း အနှစ် သုံးဆယ်ပြည့်နှစ် ဖြစ်သည်။

Shenzhen တွင် နေထိုင်စဉ် ကာလအတွင်း သန်းရွှေသည် Shenzhen Huawei Technology သို့ သွားရောက်ခဲ့ပြီး၊ တယ်လီဖုန်း ဆက်သွယ်ရေး ပူးပေါင်း ဆောင်ရွက်ရေးအတွက် အမြင်ချင်း ဖလှယ်ခဲ့သည်။ ထို့အပြင် ၎င်းသည် အခြား ကဏ္ဍများ ဖြစ်သော ဘဏ္ဍာရေး၊ အာမခံ ကိစ္စများတွင် တရုတ်-မြန်မာ ပူးပေါင်း ဆောင်ရွက်ရေး အတွက်           ဆန္ဒရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

၎င်းသည် တရုတ်နိုင်ငံသို့ လာရောက် လည်ပတ်ရခြင်းမှာ ရှေ့ဆက်၍ တရုတ်-မြန်မာ ချစ်ကြည် ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်မှု ခြေလှမ်းများအတွက် ဖြစ်ကြောင်း သန်းရွှေက ပြောကြားခဲ့သည်။

၎င်းသည် Beijing နှင့် ရှန်ဟဲ ခရီးစဉ်များ အပြီးတွင် Shenzhen သို့ သောကြာနေ့ နေ့လည်က ရောက်ရှိခဲ့ပြီး၊ ၎င်း၏ ငါးရက်ကြာ ခရီးစဉ်သည် စနေနေ့ နေ့လည်တွင် ပြီးဆုံးခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Korea Herald, 12th Sept 2010

မြောက်ကိုးရီးယားသည် ၎င်း၏ အကြီးဆုံး အားလပ်ရက် ဖြစ်သော Chuseok နီးကပ်လာသည်နှင့် အမျှ တောင်ကိုးရီးယားမှ မိသားစုများနှင့် ပြန်လည် တွေ့ဆုံရေးအား တောင်ကိုးရီးယားထံ အဆိုပြုခဲ့သည်ဟု မြောက်ကိုးရီးယား နိုင်ငံပိုင် မီဒီယာက စနေနေ့ (စက်တင်ဘာ ၁၁ရက်) က ပြောကြားခဲ့သည်။

အဆိုပြုချက်မှာ မြောက်ကိုးရီးယား ကြက်ခြေနီ အသင်းက တောင်ကိုးရီးယား ကြက်ခြေနီ အသင်းသို့ သောကြာနေ့က ပေးပို့သော သတင်းလွှာတွင် ဖော်ပြထားသည်။ ကိုးရီးယား ဆောင်းဦး ရိတ်သိမ်းချိန် အားလပ်ရက်တွင် အရှေ့ဘက် ကမ်းခြေရှိ Geumgang တောင်ပေါ် အပန်းဖြေ စခန်းတွင် မိသားစုများ ပြန်လည် တွေ့ဆုံရေးအတွက် ကျင်းပရေးကို အဆိုပြုထားကြောင်း မြောက်ကိုးရီးယား၏ ကိုးရီးယား ဗဟို သတင်းဋ္ဌာန (KCNA) က ပြောကြားသည်။

ကိုးရီးယား နှစ်နိုင်ငံသည် ယမန်နှစ်က စက်တင်ဘာလ ၂၆ ရက်မှ အောက်တိုဘာ ၁ ရက်နေ့ထိ အားလပ်ရက်တွင် မိသားစုများ ပြန်လည် တွေ့ဆုံရေးကို ကျင်းပခဲ့ပြီး ယခုနှစ် Chuseok အားလပ်ရက်မှာ စက်တင်ဘာ ၂၂ ရက်တွင် ကျရောက်မည် ဖြစ်သည်။

"ကျွန်ုပ်တို့သည် အားလပ်ရက် နှင့်အတူ ကွဲကွာနေတဲ့ အမျိုးတွေ ရင်ဖွင့်နိုင်ဖို့ တွေ့ဆုံပေးခဲ့တဲ့ အတွေ့အကြုံ ကောင်းတွေ ရှိခဲ့ပါတယ်။ ဒီနှစ်လည်း မနှစ်က အချိန်လောက်မှာ ပြန်လည် ဆုံတွေ့ကြပါစို့'' ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် မြောက်ကိုးရီးယားသည် နှစ်ဖက် ကြက်ခြေနီ တာဝန်ရှိသူများ အစောဆုံး တွေ့ဆုံ၍ ဆုံတွေ့ပွဲအတွက် ဆွေးနွေးရန် အဆိုပြုထားသည်ဟု KCNA ၏ အဆိုအရ သိရသည်။

 

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တရုတ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံမှုသည် အငြင်း ပွားစရာများ ဖြစ်နေသည့် ဒီမိုကရေစီ ရွေးကောက်ပွဲ မတိုင်မီ မြန်မာ စစ်အစိုးရ အပေါ် တရုတ်နိုင်ငံ၏ ရေရှည် ကျောထောက်နောက်ခံ ပေးမည့် လက္ခဏာများပင် ဖြစ်သည်။

တရုတ် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မစ္စတာ Wu Bangguo က မြန်မာ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံသည် လွန်ခဲ့သည့် ဆယ်စုနှစ်များ ကတည်းက ချစ်ကြည် ရင်းနှီးမှု ရှိထားသော မိတ်ဆွေများ ဖြစ်သည်ဟု ပြောကြားသည်။ "ယမန်နေ့က အဆွေတော်နှင့် တရုတ် သမ္မတကြီး ဟူဂျင်တောင်းကို တွေ့ဆုံ ဖြစ်ကြသည်။ ယနေ့နံနက်မှာ သမ္မတကြီး ဟူဂျင်တောင်းက သူ့အနေနဲ့ လွန်စွာ နှစ်ထောင်းအားရ ဖြစ်မိခဲ့သည်ဟု ကျွန်ုပ်ကို ပြောပြပါသည်" ဟု တရုတ်နိုင်ငံ၏ နံပါတ် ၂ ခေါင်းဆောင် မစ္စတာ Wu Bangguo က ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပြောဆိုသည်။

"အဆွေတော် ယခု ခရီးစဉ် ပြီးဆုံးလို့ မြန်မာ နိုင်ငံကို ပြန်သွားပြီးတဲ့ နောက်ပိုင်း မြန်မာ နိုင်ငံမှာ ဖွံ့ဖြိုး တိုးတက်မှုတွေ ဆက်လက် ရှင်သန်နေဖို့ ကျွန်ုပ်တို့က ဆုမွန်ကောင်း တောင်းပေးပါတယ်" ဟူသော သဝဏ်လွှာ စကားကို ဂုဏ်ပြု ဧည့်ခံပွဲ အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လက်ခံရယူခဲ့သည်။ မြန်မာခေါင်းဆောင်သည် တရုတ် သမ္မတ ဟူဂျင်တောင်းနှင့် သီးသန့် တွေ့ဆုံဆွေးနွေးမှု တစ်ရပ်လည်း ပြုလုပ်ခဲ့သည်။

ဘေဂျင်း အစိုးရ အနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို တန်ဖိုးထားခဲ့ပါကြောင်း နှင့် သဘာဝ သယံဇာတ ပေါကြွယ်ဝသော အိမ်နီးချင်း မြန်မာအပေါ် ရေရှည် ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း သမ္မတ ဟူဂျင်တောင်းက အာမခံ ပြောဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်နှင့်လည်း တွေ့ဆုံခဲ့ပြီး ရှန်ဟိုင်းမြို့တွင် ကျင်းပနေသည့် ကမ္ဘာ့ ကုန်စည်ပြပွဲနှင့် ရှန်းကျန်း ပြည်နယ်ရှိ ကုန်ထုတ်လုပ်မှု နေရာများကိုလည်း သွားရောက် ကြည့်ရှုခဲ့သည်ဟု သတင်းများက ဆိုသည်။

တရုတ်သည် မြန်မာ နိုင်ငံကို ရေရှည် သံတမန် ဆက်ဆံရေးဖြင့် ကျောထောက် နောက်ခံ ပေးလျက် ရှိခဲ့သော နိုင်ငံတစ်ခု ဖြစ်သည်။ အချို့သော လေ့လာ သုံးသပ်သူများက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခရီးစဉ်သည် မြန်မာနှင့် တရုတ်နှစ်နိုင်ငံ အနီးကပ် ရင်းနှီးမှုကို ဖော်ကျူးပြရာ ရောက်ကြောင်း၊ တရုတ်နိုင်ငံ ကလည်း အိမ်နီးချင်း မြန်မာအပေါ် ရေရှည်သြဇာ လွှမ်းမိုးမှု ရှိရန် မျှော်လင့်နေကြောင်း သုံးသပ် ပြောဆိုသည်။

AP သတင်းကို ဘာသာ ပြန်ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးပါသော မဟာမိတ် ဖြစ်ပြီး မြန်မာ နိုင်ငံတွင် ကျင်းပမည့် ဒီမိုကရေစီ ရွေးကောက်ပွဲနှင့် အရပ်ဘက် အစိုးရသို့ အာဏာ လွှဲပြောင်းမည့် ကိစ္စတို့ကြောင့် နှစ်နိုင်ငံ ချစ်ကြည်ရေးကို ထိခိုက်မည် မဟုတ်ပါကြောင်း မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တရုတ် အစိုးရကို အခိုင်အမာ အသိပေး ပြောကြားလိုက်သည်။

တရုတ်သည် မြန်မာ နိုင်ငံ အတွက် အလွန်ပင် အရေးကြီးသော အိမ်နီးချင်း နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောဆိုကြောင်း တရုတ် နိုင်ငံပိုင် မီဒီယာများက ဖော်ပြသည်။ ယင်းသို့ တရုတ်နိုင်ငံ အပေါ် ပြောဆိုသော မှတ်ချက်ကြောင့် မြန်မာနိုင်ငံမှ စွမ်းအင် အရင်းအမြစ်များ ရရှိရေးနှင့် အခြားသော အရေးကိစ္စများ ပူးပေါင်း ဆောင်ရွက်ရန် ကြိုးပမ်းနေသည့် အိမ်နီးချင်း ထိုင်းနှင့် အိန္ဒိယတို့ စိတ်အနှောင့်အယှက် ဖြစ်ဖွယ် ရှိသည်။

"မြန်မာနိုင်ငံက တရုတ်နိုင်ငံကို အရေး အကြီးဆုံး အိမ်နီးချင်း မိတ်ဆွေနိုင်ငံ ဖြစ်တယ်လို့ သတ်မှတ်ပါတယ်။ နောက်ပြီး တရုတ်နိုင်ငံ အပေါ် ထားရှိတဲ့ ချစ်ကြည် ရင်းနှီးရေး မူဝါဒကို ဆက်လက် ကျင့်သုံးသွားပြီး တရုတ် တစ်နိုင်ငံတည်း မူဝါဒ (One China Policy) ကိုလည်း ဆက်လက် ထောက်ခံ သွားမယ်လို့ ဆိုပါတယ်" ဟု တရုတ် ကွန်မြူနစ်ပါတီ ဦးဆောင်သော ပါလီမန် အကြီးအကဲ မစ္စတာ Wu Bangguo ၏ ပြောကြားချက်ကို ကိုးကားပြီး မီဒီယာများက ရေးသား ဖော်ပြသည်။

"ရွေးကောက်ပွဲ နောက်ပိုင်း ကာလမှာလည်း တရုတ်နိုင်ငံနဲ့ မဟာဗျူဟာ ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်အောင် မြန်မာနိုင်ငံက ဆက်လက် လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်" ဟု ၎င်းက ဖြည့်စွက် ပြောဆိုသည်။

လာမည့် နိုဝင်ဘာလ ၇ ရက် ဒီမိုကရေစီ ရွေးကောက်ပွဲတွင် လက်ရှိ စစ်အစိုးရ ကျောထောက် နောက်ခံ ပေးခြင်း ခံရသည့် အရပ်ဘက် ကိုယ်စားလှယ်လောင်းများ အနိုင် ရရှိလိမ့်မည်ဟု မျှော်လင့်ရသည်။ အမေရိကန်နှင့် ဥရောပ အစိုးရများက အဆိုပါ ရွေးကောက်ပွဲသည် အတုအယောင် သက်သက်သာ ဖြစ်သည်ဟု ပြစ်တင် ရှုတ်ချကြသည်။

တရုတ်သည် မြန်မာ နိုင်ငံနှင့် လွန်စွာ နီးကပ်သော ချစ်ကြည် ရင်းနှီးမှု တစ်ရပ်ကို ရရှိထားပြီး မြန်မာ နိုင်ငံရှိ စွမ်းအင်၊ သဘာဝ ဓာတ်ငွေ့နှင့် အခြားသော လုပ်ငန်းများတွင် ဒေါ်လာ ဘီလီယံ နှင့်ချီ၍ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားရာ ရွေးကောက်ပွဲ နောက်ပိုင်း အစိုးရအဖွဲ့သစ် လက်ထက်၌ အဆိုပါ ကိစ္စများအပေါ် အသိအမှတ်ပြု ခံရအောင် အာမခံ ရယူထားလိုသည့် သဘောတွင် ရှိသည်။

ထို့ပြင် တရုတ် နိုင်ငံသည် မြန်မာ နိုင်ငံမှ တစ်ဆင့် ကုန်းတွင်းပိတ် အနောက်တောင်ပိုင်း ဒေသသို့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်း သွယ်တန်းရန် စီစဉ်ထားသည်။ တရုတ်နိုင်ငံ အနေဖြင့် အကျိုးအမြတ် ဖြစ်ထွန်းနိုင်မည့် အိန္ဒိယ သမုဒ္ဒရာသို့ ထွက်ပေါက် လမ်းကြောင်းကိုလည်း မြန်မာ နိုင်ငံက ပေးထားသည်။

မည်သို့ဆိုစေ နှစ်နိုင်ငံ နယ်စပ်ဒေသ တစ်လျှောက် ဘိန်းဘုရင်များ၊ သူပုန် တပ်ဖွဲ့များ လုပ်ရှား လုပ်ကိုင်နေမှု အပေါ် တရုတ်နိုင်ငံက များစွာ စိုးရိမ် ပူပန်လျက် ရှိသည်။ တရုတ်ပြည် ချစ်ကြည်ရေး ခရီးစဉ်တွင် မြန်မာ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နယ်စပ်ဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို နှစ်နိုင်ငံ ဆက်လက် ပူးပေါင်း လုပ်ကိုင်သွားမည် ဖြစ်သည်ဟု သမ္မတ ဟူဂျင်တောင်းကို ပြောဆိုခဲ့သည်။

မြန်မာ နိုင်ငံသည် ဥရောပ နိုင်ငံများနှင့် အမေရိကန် ပြည်ထောင်စု၏ ကျယ်ပြန့်သော စီးပွားရေး ပိတ်ဆို့ အရေးယူခြင်းကို ခံနေရသည့် နိုင်ငံတစ်ခု ဖြစ်သည်။

Reuters သတင်းဌာနမှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ယခုအခါ တရုတ်နိုင်ငံသည် ကမ္ဘာ့ ဒုတိယ စီးပွားရေး အကြီးဆုံး နိုင်ငံအဖြစ် ထိုးထွက် လာသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံ အဖြစ်သာ ဆက်လက် တည်ရှိနေဆဲပင် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် ဥက္ကဌ Robert B Zoellick က သုံးသပ် ပြောဆိုသည်။ တရုတ် နိုင်ငံသည် ကျေးလက်ဒေသ ဆင်းရဲ နွမ်းပါးမှု ပပျောက်ရေး အပါအဝင် များစွာသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

"တရုတ်နိုင်ငံဟာ ဆယ်စုနှစ် သုံးခု အတွင်းမှာ အင်မတန် ထူးခြားတဲ့ စီးပွားရေး အောင်မြင် ဖြစ်ထွန်းမှုတွေ ရရှိခဲ့ပါတယ်။ အဲလို အောင်မြင်တဲ့ နေရာမှာ တိုးတက်မှုနှုန်း မြင့်တက်လာတယ် ဆိုတာတင် မကပါဘူး၊ ဆင်းရဲ မွဲတေမှု လျှော့ချရေး ကိစ္စလည်း ပါဝင်ပါတယ်" ဟု မစ္စတာ Zoellick က တရုတ် နိုင်ငံသို့ သီတင်း တစ်ပတ်ကြာ သွားရောက် လည်ပတ်မှု မပြုမီ Xinhua သတင်းဌာနသို့ ပြောကြားသည်။

သို့သော် "တရုတ်နိုင်ငံဟာ ဖွံ့ဖြိုးဆဲ နိုင်ငံ တစ်နိုင်ငံအဖြစ် ဆက်လက် တည်ရှိနေဆဲ ဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။

တရုတ် နိုင်ငံသည် လွန်ခဲ့သည့် ဆယ်စုနှစ် များအတွင်း ကြီးမားသော အပြောင်းအလဲများ တရုတ် နိုင်ငံတွင်း ဖြစ်ပေါ်ခဲ့သော်လည်း လျှပ်စစ်မီး အလင်းရောင် မရရှိဘဲ ဖြစ်နေသည့် ဆင်းရဲ နွမ်းပါးသော ကျေးလက် ဒေသများတွင် နေထိုင်သူပေါင်း မြောက်မြားစွာ ရှိနေဆဲပင် ဖြစ်သည်။

ကမ္ဘာ့ဘဏ်၏ တိုင်းတာ ခန့်မှန်းချက်အရ တရုတ်နိုင်ငံရှိ ကျေးလက် ဒေသတွင် နေထိုင်သူ လူဦးရေ ၂၀၈ သန်းခန့်သည် အိန္ဒိယ ပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယ အကြီးဆုံး ဆင်းရဲ နွမ်းပါးသည့် အမျိုးသား စုစည်းမှု တစ်ရပ်ပင် ဖြစ်သည်။

ယခုနှစ် လေးလပတ်တွင် တရုတ်နိုင်ငံက ကမ္ဘာ့စီးပွားရေး ဒုတိယ အကြီးဆုံး ဂျပန်ကို သာလွန်သည့် အဆင့်သို့ ရောက်ရှိခဲ့မှုနှင့် ပတ်သက်၍ မစ္စတာ Zoellick က "ရေမြေ ရပ်ခြားမှာ ရောက်ရှိနေတဲ့ တရုတ် လူမျိုးတွေက တရုတ်ပြည်ထဲမှာ ဆင်းရဲ နွမ်းပါးတဲ့ သူတွေ အများကြီး ရှိနေသေးတယ် ဆိုတဲ့ အချက်ကို မသိကြပါဘူး။ သူတို့ အနေနဲ့ တရုတ်နိုင်ငံဟာ ဖွံ့ဖြိုးနေဆဲ ဖြစ်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တယ် ဆိုတာကို သိဖို့ လိုအပ်ပါတယ်" ဟု ဆိုသည်။

လာမည့် နှစ်များအတွင်း ဖြစ်ပေါ်လာမည့် တရုတ်နိုင်ငံ၏ စိန်ခေါ်မှုများ အပေါ် တရုတ် အစိုးရ အနေဖြင့် ဆက်လက် အာရုံစိုက်ပါမှ ပြည်တွင်း ဖွံ့ဖြိုး တိုးတက်မှု ဟန်ချက်ကို ပြန်လည် ထိန်းညှိနိုင်မည် ဖြစ်သည်ဟု ၎င်းက မှတ်ချက်ပြုသည်။ "အဲဒီလို ဟန်ချက် ပြန်ညှိတဲ့ နေရာမှာ ငွေစုဆောင်းမှုနဲ့ စားသုံးမှု၊ သုံးစွဲမှု စတာတွေကို ညှိနေတဲ့ ကိစ္စသာ မကပါဘူး။ ကျေးလက်နဲ့ မြို့တွင်း အရေးကိစ္စတွေ၊ ဝင်ငွေ တိုးမြင့်လာရေးနဲ့ လူနေမှု အဆင့်အတန်း ကောင်းမွန်ရေးတို့ပါ ပါဝင်ပါတယ်" ဟု ဆိုသည်။

ထို့ပြင် တရုတ် နိုင်ငံ အနေဖြင့် သဘာဝ ပတ်ဝန်းကျင် ကာကွယ် စောင့်ရှောက်ရေး ကိစ္စ၊ ဘဏ် အကြွေးကိစ္စ အပါအဝင် နိုင်ငံတကာ စီးပွားရေး ကိစ္စများတွင် ပြဿနာများ ကြုံတွေ့ရမှု အစရှိသော အန္တရာယ်များမှ ရှောင်ကွင်းနိုင်မည့် နည်းလမ်းများကို ရှာဖွေသင့်သည်ဟု ဆိုသည်။

တရုတ်နိုင်ငံသို့ မစ္စတာ Zoellick ယခုတစ်ကြိမ် တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ်မှုသည် ၂၀၀၇ ခုနှစ် ကမ္ဘာ့ဘဏ် ဥက္ကဌ တာဝန် စတင် ရယူပြီးချိန် နောက်ပိုင်း လေးကြိမ်မြောက် ဖြစ်ပြီး တရုတ် နိုင်ငံနှင့် ကမ္ဘာ့ဘဏ် မိတ်ဖွဲ့ ပူးပေါင်း ဆောင်ရွက်မှု နှစ် ၃၀ ပြည့်သည့် အထိမ်းအမှတ်လည်း ဖြစ်သည်။ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုသည် လွန်စွာ အောင်မြင် ဖြစ်ထွန်းသော အကြောင်းအရာ တစ်ရပ်ဖြစ်ပြီး တရုတ် နိုင်ငံနှင့် မိတ်ဖွဲ့ ပူးပေါင်း ဆောင်ရွက်ရမှု အပေါ် လွန်စွာ ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း ၎င်းက ဆိုသည်။

PTI သတင်းဌာနမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တရုတ်ပြည်သို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်ရှိနေစဉ် အတွင်း တရုတ်နိုင်ငံက အိမ်နီးချင်း မဟာမိတ် မြန်မာနှင့် စစ်ရေး ပူးပေါင်း ဆောင်ရွက်မှု အတည်ပြု လုပ်ဆောင်ရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။ စက်တင်ဘာလ ၈ ရက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တရုတ် သမ္မတ ဟူဂျင်တောင်းတို့ တွေ့ဆုံ ဆွေးနွေးရာ၌ ကာကွယ်ရေးနှင့် အခြေခံ အဆောက်အအုံ ကောင်းများ ပေါ်ထွန်းရေး အစရှိသည့် အရေးကိစ္စ များလည်း ပါဝင်ခဲ့သည်။

"ယခု ၂၀၁၀ ပြည့်နှစ်ဟာ တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး နှစ် ၆၀ ပြည့် အထိမ်းအမှတ် နေ့ပါပဲ။ အဆွေတော်ဟာ နှစ်နိုင်ငံ ဆက်ဆံရေးမှာ အင်မတန် ထူးခြားတဲ့ အချိန် သမယမှာ ချစ်ကြည်ရေး ခရီးစဉ်နဲ့ ရောက်ရှိလာတာ ဖြစ်တဲ့ အတွက် အလွန်ပဲ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ ယခု ခရီးစဉ်ကို ထောက်ချင့် ကြည့်ခြင်းအားဖြင့် အဆွေတော်ဟာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက် ကောင်းမွန် လာရေးအတွက် များစွာ အာရုံစိုက် အလေးထားတယ် ဆိုတာ တွေ့ရပါတယ်" ဟု သမ္မတ ဟူဂျင်တောင်းက မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ကြိုဆို ဂုဏ်ပြုသည်။

"အဆွေတော်၏ ခရီးစဉ်သည် တရုတ်-မြန်မာ အိမ်နီးချင်း နှစ်နိုင်ငံ အကြား နှစ်ဦး နှစ်ဖက် ပူးပေါင်း ဆောင်ရွက်မှုနှင့် အပြန်အလှန် ဆက်ဆံမှု ပိုမို မြှင့်တင် ပေးနိုင်လိမ့်မည်ဟု ကျွန်ုပ် ယုံကြည်ပါသည်" ဟု သမ္မတ ဟူကျင်တောင်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ဂုဏ်ပြု ကြိုဆိုပွဲ အခမ်းအနားတွင် ပြောကြားသည်။ မကြာသေးခင်က အိန္ဒိယနိုင်ငံသို့ အလားတူ ချစ်ကြည်ရေး ခရီး သွားရောက်ခဲ့သူ မြန်မာ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက "ကျွန်ုပ်၏ ယခု တရုတ်ပြည် ချစ်ကြည်ရေး ခရီးစဉ်၏ အဓိက ကျသော ရည်ရွယ်ချက်မှာ တရုတ်-မြန်မာ အိမ်နီးချင်း နှစ်နိုင်ငံ အကြား ရှိထားပြီး ဖြစ်သော ချစ်ကြည် ရင်းနှီးမှု၊ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုနှင့် နှစ်နိုင်ငံ အကြား ယုံကြည်မှုတို့ကို ပိုမို မြှင့်တင်ရန် ဖြစ်ပါသည်" ဟု ပြောကြားသည်။

Xinhua သတင်းဌာန အဆိုအရ နှစ်နိုင်ငံ ခေါင်းဆောင်များသည် မြန်မာနိုင်ငံတွင်း ကာကွယ်ရေးနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေး အစရှိသည့် နယ်ပယ်များတွင် အပြန်အလှန် ဆက်ဆံရေး ပိုမို အားကောင်းလာအောင် ပြုလုပ်ရန် ဆွေးနွေးကြသည်။ အစောပိုင်း ကာလတွင် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၊ ကာကွယ်ရေး ဦးစီးချုပ် Chen Bingde က တရုတ်-မြန်မာ နှစ်နိုင်ငံ အကြား စစ်ရေး ပူးပေါင်း ဆောင်ရွက်မှု လုပ်ကိုင် နိုင်ရေးအတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တိုက်တွန်း ပြောဆိုခဲ့သည်။

တရုတ် နိုင်ငံသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အစီအစဉ် ဖြစ်သော မြန်မာ့ ဒီမိုကရေစီ ရွေးကောက်ပွဲ အပေါ် ကျောထောက် နောက်ခံ ပေးမှုကို တိုးမြှင့်လိုက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့်လည်း အဆိုပါ ရွေးကောက်ပွဲကို ထောက်ခံကြရန် တိုက်တွန်းခဲ့သည်။ "နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် လာမည့် မြန်မာ့ ဒီမိုကရေစီ ရွေးကောက်ပွဲအတွက် အပြုသဘော ဆောင်သည့် အကူအညီများ ပေးနိုင်ပြီး မြန်မာ ပြည်တွင်း နိုင်ငံရေး ဖြစ်စဉ်၊ ဒေသတွင်း ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး တို့အပေါ် အန္တရာယ် ဖြစ်စေမည့် အကျိုး သက်ရောက်မှုမျိုး ဖြစ်ပေါ်အောင် မပြုလုပ်ဘဲ နေသွားနိုင်မည်ဟု တရုတ်နိုင်ငံက မျှော်လင့်သည်" ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Jiang Yu က မီဒီယာများနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။

မြန်မာ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ပြီး သုံးလ အကြာတွင် တရုတ်ပြည်သို့ ချစ်ကြည်ရေး သွားရောက်ခဲ့ခြင်း ဖြစ်သည်။ မစ္စတာ ဝမ်ကျားပေါင်၏ ခရီးစဉ်တွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု သဘော တူညီချက် စာချုပ် ၁၅ ခုတိတိ လက်မှတ် ရေးထိုးခဲ့သည်။

PTI သတင်းဌာနမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.