Transparency Myanmar

transparency.myanmar@gmail.com

Indo.Asian News Service, 20th Sept 2010

မီဇိုရမ် ပြည်နယ် အစိုးရသည် ပြည်နယ်တွင်း တရားမဝင် နေထိုင်သော မြန်မာ နိုင်ငံသားများကို စတင် နှိမ်နှင်းလျက် ရှိသည်ဟု သက်ဆိုင်ရာ အရာရှိများက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

မီဇိုရမ် ရဲတပ်ဖွဲ့သည် အိုက်ဇောနှင့် ဆင်ခြေဖုံး ဒေသများတွင် အသိုက်အမြုံ ထူထောင်နေသော တရားမဝင် နေထိုင်သူ မြန်မာ ၅၂ ဦး ကို ပြီးခဲ့သော ၂ ရက်က ဖမ်းဆီးခဲ့သည်ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူက ဆိုသည်။

အဆိုပါ တရားမဝင် ဝင်ရောက် နေထိုင်သူများကို မြန်မာ နိုင်ငံသို့ မကြာမီ ပြန်ပို့မည်ဟုလည်း သိရှိရသည်။

မီဇိုရမ် ပြည်နယ် တဝှမ်း နေထိုင်နေသော မြန်မာများမှာ ခန့်မှန်းခြေ အရေအတွက် ငါးသောင်းခန့် ရှိသည် ဟုလည်း သိရသည်။

မီဇိုရမ် အစိုးရသည် ပြည်နယ်တွင်းရှိ ကျောက်မျက် ရတနာဆိုင်များ၊ ကားဝပ်ရှော့များ၊ ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ အထည်စက်ရုံများ ဆောက်လုပ်ရေး လုပ်ငန်းများတွင် အလုပ် လုပ်နေသော မြန်မာများအား ပြည်ထောင်စု ပြည်ထဲရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ပြည်ဝင်ခွင့် ပါမစ်နှင့် ယာယီ နေထိုင်ခွင့်များ ထုတ်ပေးခဲ့သည်။

သို့သော်လည်း မြန်မာနိုင်ငံသား မြောက်မြားစွာသည် မီဇိုရမ် ပြည်နယ်အတွင်း တရားမဝင် ဝင်ရောက်၍ နေထိုင်လျက် ရှိကြသည်ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောကြားသည်။

တရားဝင် ပြည်ဝင် ပါမစ် မပါသော မြန်မာ-မီဇို လူမျိုးများသည် အိန္ဒိယ-မြန်မာ နယ်စပ်ကို ဖြတ်ကူးကာ ကုန်သွယ်ရေး ကိစ္စအတွက် ၁၆ ကီလိုမီတာ အထိ သွားလာနိုင်သည်ဟု ပြည်ထဲရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ပြည်ဝင်ခွင့် ပါမစ်နှင့် ယာယီ နေထိုင်ခွင့် ပါမစ်များ ထုတ်ပေးခဲ့သည်။

သို့သော်လည်း မြန်မာနိုင်ငံသား မြောက်မြားစွာသည် မီဇိုရမ် ပြည်နယ်အတွင်း တရားမဝင် ဝင်ရောက်၍ နေထိုင်လျက် ရှိသည်ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောကြားသည်။

တရားဝင် ပြည်ဝင် ပါမစ် မပါသော မြန်မာ-မီဇို လူမျိုးများသည် အိန္ဒိယ-မြန်မာ နယ်စပ်ကို ဖြတ်ကူးကာ ကုန်သွယ်ရေး ကိစ္စအတွက် ၁၆ကီလိုမီတာ အထိ သွားလာနိုင်သည်ဟု ပြည်ထဲရေး ဝန်ကြီးဌာနက မီဇိုရမ် အစိုးရကို လတ်တလော ပြောကြားခဲ့ကြောင်း မီဇိုရမ် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

၎င်းတို့ အနက်မှ အချို့သည် မူးယစ်ဆေးဝါး ဆက်စပ် အမှုများ အပါအဝင် ရာဇဝတ်မှုခင်းများ လတ်တလော ကျူးလွန်လျက် ရှိကြသောကြောင့် ရဲတပ်ဖွဲ့က နှိမ်နှင်းခဲ့ရခြင်း ဖြစ်သည်ဟု ရဲမှူးက ဆိုသည်။

"တစ်ချိန်တည်းမှာ ထရိုင်ပူရ အနောက်ပိုင်း ဆိုနာမူရာ နယ်စပ်က တဆင့် အိန္ဒိယ နိုင်ငံထဲကို ဝင်လာကြတာပါ" ဟု ရဲအရာရှိက ပြောကြားသည်။

၎င်းမြန်မာများအား ကနဦး စစ်ဆေး မေးမြန်းရာတွင် ၎င်းတို့က ထရိုင်ပူရနှင့် အာသံမှ တဆင့် အိန္ဒိယ နိုင်ငံတွင်း ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြခြင်းမှာ အလုပ်အကိုင် ရှာဖွေရန် ဖြစ်သည်ဟု ပြောကြားခဲ့ကြကြောင်း သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Indo.Asian News Service, 20th September 2010

လာမည့် စက်တင်ဘာ ၃၀ ရက်နေ့တွင် မြောက်ကိုရီးယား နိုင်ငံနှင့် တာဝန်ရှိ စစ်ဘက် အရာရှိများအဆင့် တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်ရန် အဆိုပြုထားကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက စက်တင်ဘာလ ၁၉ ရက်နေ့တွင် အတည်ပြု ပြောကြားသည်။ ယင်းသို့ အဆိုပြုခြင်းကြောင့် ကိုရီးယား ကျွန်းဆွယ်၌ ကာလ အတန်ကြာ ဖြစ်ပေါ်နေသော တင်းမာမှုများ လျော့ကျ သွားမည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။

ပြီးခဲ့သည့် မတ်လတွင် နစ်မြုပ်ခဲ့သည့် ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ မြောက်ကိုရီးယား ဘက်က တာဝန်ယူ လုပ်ကိုင်ပေးမှုများ ပြုလုပ်လာရေး၊ တောင်ကိုရီးယားအပေါ် ပြုံယမ်း ကွန်မြူနစ် အစိုးရက ပြစ်တင် ဝေဖန်မှုများ၊ အနောက်ဘက် ကမ်းခြေဒေသမှ အငြင်းပွားဖွယ် ရေပိုင်နက် ကိစ္စ အစရှိသည်တို့ အတွက် ဆွေးနွေး ညှိနှိုင်းရန် အဆိုပြုထားခြင်း ဖြစ်သည်။

မြောက်ကိုရီးယားက စက်တင်ဘာလ ၂၄ ရက်နေ့တွင် အပစ်အခတ် ရပ်စဲထားသည့် ကျေးရွာ ဖြစ်သော Panmunjom ၌ တောင်ကိုရီးယားနှင့် စစ်ဘက်ဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ရန် ပြီးခဲ့သည့် ရက်သတ္တပတ်က အဆိုပြုခဲ့သည်။

ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုသည် မြောက်ကိုရီးယား တော်ပီတို ဒုံးကျည် ပစ်ခတ် တိုက်ခိုက် ခံရခြင်းကြောင့် ဖြစ်သည်ဟု တောင်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စုတို့က စွပ်စွဲ ပြောဆိုမှုများ ပြုလုပ်ခဲ့သည့် အချိန်မှစ၍ ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးမှာ လိပ်ခဲတည်းလည်း အခြေအနေသို့ ရောက်ရှိခဲ့သည်။

မြောက်ကိုရီးယားကမူ စွပ်စွဲ ပြောဆိုချက်များ တစ်ခုမှ ဟုတ်မှန်မှု မရှိကြောင်း ငြင်းပယ်ထားသည်။

မြောက်ကိုရီးယားက ရေလွှမ်းမိုးမှုနှင့် ရေးဘေး ဒုက္ခသည်များ အရေးကိစ္စများ၊ စီးပွားရေး ကျဆင်းမှုများ အတွက် ခဲရာခဲဆစ် လုပ်ကိုင်နေရခြင်း၊ ကင်ဂျုံအီလ်၏ ခေါင်းဆောင်နေရာ လွှဲပြောင်း ပေးရေးအတွက် ပြင်ဆင်နေရခြင်း အစ ရှိသည်တို့ကြောင့် တောင်-မြောက် နှစ်နိုင်ငံ ဆက်ဆံရေးမှာ တင်းမာမှုများ ပြေလျော့လာမည့် အနေအထားမျိုး တွေ့ရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက်နေ့တွင် တောင်ကိုရီးယားက မြောက်ကိုရီးယား ရေဘေး ဒုက္ခသည် များအတွက် ဆန်များ တင်ပို့ပေးခဲ့သည်။ တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ တင်းမာမှုများ ပြေငြိမ်းရေးအတွက် ကြိုးပမ်းမှု တစ်ရပ်ဟုလည်း ယူဆရသည်။

Reuters သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

CNN News, 19th September 2010

ပြီးခဲ့သည့် အပတ်က ဖမ်းထားသော တရုတ် ငါးဖမ်းသင်္ဘော ကပ္ပတိန်အား ဂျပန်က လွှတ်မပေးပါက ပြင်းထန်သော တုန့်ပြန်မှုများ ပြုလုပ်မည်ဟု တရုတ်က တနင်္ဂနွေနေ့တွင် သတိပေးလိုက်သည်။

တရုတ် ကပ္ပတိန်သည် အရှေ့ တရုတ် ပင်လယ်ရှိ အငြင်းပွားနေသော Diaoyu ကျွန်းများမှ ထွက်လာပြီး ဂျပန် ကင်းလှည့် သင်္ဘော နှစ်စီးနှင့် ၀င်တိုက်မိသောကြောင့် ယခုလ အစောပိုင်းက ဖမ်းဆီးထားခြင်း ဖြစ်သည်။ ၎င်းကို ဂျပန် တာဝန်ရှိသူများအား တာဝန် ထမ်းဆောင်စဉ် ၀တ္တရား နှောင့်ယှက်မှုကြောင့် ဖမ်းဆီး စစ်ဆေးလျက် ရှိသည်။

          "ကျွန်ုပ်တို့ အနေနဲ့ တရုတ် ကပ္ပတိန်ကို ချွင်းချက်မရှိ ချက်ခြင်း လွှတ်ပေးဖို့ ဂျပန်ကို တောင်းဆိုပါတယ်" ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Ma Zhaoxu က ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် ဆင်ဟွာ သတင်းဌာနက သတင်း ဖော်ပြခဲ့သည်။

တရုတ်သည် ၀န်ကြီးအဆင့်နှင့် အထက် နှစ်နိုင်ငံ ဖလှယ်ရေး အစီအစဉ်များ ရပ်ဆိုင်းထားကြောင်း ဆင်ဟွာက သတင်း ဖော်ပြခဲ့ပါသည်။ တရုတ်သည် ဂျပန်နှင့် နှစ်နိုင်ငံ လေကြောင်း တိုးချဲ့ပျံသန်းရေး၊ လေကြောင်း ရပိုင်ခွင့်များ တိုးချဲ့ရေး ကိစ္စများ ဆွေးနွေးနေမှုများကို ရပ်ဆိုင်းထားကြောင်း ဖော်ပြထားသည်။

          ကျောက်မီးသွေးနှင့် ပတ်သက် နှစ်နိုင်ငံ ဆွေးနွေးပွဲကိုလည်း ရွှေ့ဆိုင်းထားကြောင်း ဆင်ဟွာက ဖော်ပြခဲ့သည်။

          "ဂျပန်ဟာ ဆက်ခေါင်းမာပြီး နောက်ထပ် အမှား ကျူးလွန်မယ် ဆိုရင်တော့ တရုတ်အနေနဲ့ ပြင်းထန်တဲ့ တုန့်ပြန်မှု ပြုလုပ်မှာ ဖြစ်ပြီး ဖြစ်လာမယ့် အကျိုးဆက်တွေကို ဂျပန်က ခံရမှာ ဖြစ်ပါတယ်" ဟု Ma က သတင်း ကြေငြာချက်တွင် ပြောခဲ့သည်။

          ဂျပန်သည် သင်္ဘောသား (၁၄) ဦးကို လေယာဉ်ဖြင့် တရုတ်သို့ ပြန်ပို့ခဲ့ပြီး ငါးဖမ်း သင်္ဘောကိုလည်း ပြန်ပေးခဲ့ပြီး ဖြစ်သည်။

          အဆိုပါ အဖြစ်အပျက်သည် နှစ်နိုင်ငံကြားနှင့် နိုင်ငံသားများကြား တင်းမာမှုကို ဖြစ်စေသည်။

          Beijing, Shanghai နှင့် Shenyang တို့တွင် စနေနေ့က ဂျပန် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ပြီး တရုတ်ရှိ ဂျပန်သံရုံးက တရုတ်ပြည်ရှိ ဂျပန် နိုင်ငံသားများအား သတိဝိရိယ ရှိကြရန် သတိပေးခဲ့သည်။

          "တရုတ်အနေနဲ့ ထပ်တလဲလဲ ပြောလိုတာက ကပ္ပတိန်အပေါ် ဂျပန်ရဲ့ တရားဥပဒေအရ အရေးယူမှု အဆင့်ဆင့်ဟာ တရားမ၀င်ပါဘူး။ လုပ်လို့ မရပါဘူး။ ကျွန်ုပ်တို့ အနေနဲ့ ဂျပန်တို့က ကပ္ပတိန်ကို ချွင်းချက်မရှိ ချက်ခြင်း လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ မဟုတ်ရင်တော့ ဖြစ်လာသမျှ ခါးစည်းခံရပါလိမ့်မယ်" ဟု Ma က သတိပေး ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 20th September 2010

ခေါင်းဆောင် ရာထူး လွှဲပြောင်းရေးအတွက် လမ်းဖောက်လိမ့်မည်ဟု မျှော်လင့်ရသော မြောက်ကိုးရီးယား အာဏာရ ပါတီ၏ ကြုံတောင့်ကြုံခဲ ညီလာခံမှာ ကျိုးကြောင်း မသိရဘဲ ကြန့်ကြာနေခဲ့ပြီးနောက် ယခု လကုန်တွင် ကျင်းပလိမ့်မည်ဟု နိုင်ငံပိုင် မီဒီယာက တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။

အနုပညာ ကဇာတ်အဖွဲ့များနှင့် တပ်မတော် စစ်တီးဝိုင်းများ၏ သြဂုတ်လအတွင်းက စွမ်းဆောင်မှုများသည် သမိုင်းဝင် ကိုယ်စားလှယ်များ စည်းဝေးကြမည့် စက်တင်ဘာလ အတွက် စိတ်ဓာတ် တက်ကြွစေခဲ့သည်ဟု ကွန်မြူနစ်ပါတီ အာဘော်  ရှီဒွန်းဆင်မန် သတင်းစာက ဆိုသည်။

၎င်းသတင်းစာ၏ မှတ်ချက်များကို မြောက်ကိုးရီးယား အစိုးရ၏ ယူရီမင်ဇိုကီရီ ဝက်ဘ်ဆိုဒ်တွင် တင်ထားသည်။ နှစ်ပေါင်း ၃၀ အတွင်း အကြီးမားဆုံး နိုင်ငံရေး စည်းဝေးပွဲ အဖြစ် ကျင်းပမည့် ညီလာခံသည် ခေါင်းဆောင်ပိုင်း အဆင့်ဆင့် အသစ် ခန့်အပ်ခြင်း၊ အလားအလာ ရှိသော မူဝါဒ အပြောင်းအလဲကို ထုတ်ပြန်ခြင်း၊ လက်ရှိ ခေါင်းဆောင် ကင်ဂျုံအီးက ၎င်း၏သား ကင်ဂျုံအန်းအား အာဏာ အမွေ လွှဲရန် လမ်းဖောက်ခြင်းတို့ကို ပြုလုပ်လိမ့်မည်ဟု မျှော်လင့်ရသည်။

အဆိုပါ ညီလာခံကို စက်တင်ဘာ ပထမ လဝက် အတွင်း ကျင်းပရန် စီစဉ်ထားသော်လည်း ယခုတိုင် မစတင်နိုင်သေးဘဲ ကြန့်ကြာနေရခြင်း၏ အကြောင်းရင်းကိုလည်း မြောက်ကိုးရီးယား မီဒီယာက ဖော်ပြခြင်း မရှိသေးပေ။ လူပေါင်း ရာဂဏန်း သေဆုံးခဲ့ရသည့် တိုက်ဖွန်း မုန်တိုင်းနှင့် သြဂုတ်လ ရေဘေး ဒုက္ခတို့ကြောင့် ကွန်မြူနစ်ပါတီ ညီလာခံကို ရွှေ့ဆိုင်းထားကြောင်း မြောက်ကိုးရီးယားက နိုင်ငံတကာ အဖွဲ့အစည်းများအား ပြောခဲ့သည်ဟု တောင်ကိုးရီးယား သတင်းများက ဆိုသည်။

လက်ရှိ ခေါင်းဆောင် ကင်ဂျုံအီးသည် ၂၀၀၈ ခုနှစ်တွင် လေဖြတ် ဝေဒနာ ခံစားရပြီး နောက်ပိုင်း ၎င်း၏ နေရာ ဆက်ခံရေး အစီအစဉ်ကို အဆောတလျင် လုပ်ဆောင်ခဲ့သည်ဟု သိရှိရသည်။

ကွယ်လွန်သူ ကင်အီဆွန်းထံမှ အာဏာ လွှဲယူခဲ့သည့် လက်ရှိ ခေါင်းဆောင် ကင်ဂျုံအီး ပြီးလျှင် ဒုတိယ အကြိမ် ဖြစ်လာမည့် သားစဉ် မြေးဆက် အာဏာ ဆက်ခံမှုကို ထောက်ခံသူများအား ယခု ညီလာခံတွင် ချီးမြှောက် အားပေးမည့် လက္ခဏာ ရှိသည်။

အသက် ၂၇ နှစ် ဝန်းကျင်ရှိ သားငယ် ကင်ဂျုံအန်းကို အလယ်အလတ် အဆင့် ပါတီ ရာထူး ခန့်အပ်လိမ့်မည်ဟု အကဲခတ် လေ့လာသူများက ပြောကြားကြသည်။

ဂျပန် တိုကျိုရှင်ဘွန်း သတင်းစာတွင် မြောက်ကိုးရီးယား သတင်းရပ်ကွက်ကို ကိုးကား၍ ဖော်ပြရာတွင် ကွန်မြူနစ်ပါတီသည် ကင်ဂျုံအန်းအား ခေါင်းဆောင်အမွေ ဆက်ခံမည့်သူ အဖြစ် တရားဝင် အစီရင်ခံစာတွင် ဖော်ပြခဲ့သည် ဟုဆိုသည်။

ကွန်မြူနစ် အလုပ်သမား ပါတီသည် အဆိုပါ အစီရင်ခံစာကို သြဂုတ်လအတွင်းက အထက်တန်း ပါတီဝင်များအား ပညာပေးရာတွင် အသုံးပြုခဲ့သည်ဟု ဂျပန် သတင်းစာက ဖော်ပြခဲ့သည်။

ပါတီ၏ ဗဟို အချက်အချာ ပြုံယမ်းနယ်မြေမှ  ထိပ်တန်း တာဝန်ရှိ ပုဂ္ဂိုလ်များထံမှ ပြန့်နှံ့သွားခဲ့သော ၎င်းအစီရင်ခံစာကို မှတ်တမ်း တင်ထားသည့် ဓါတ်ပုံများကို ဂျပန်နေ့စဉ် သတင်းစာက ရရှိခဲ့သည်ဟု ဆိုသည်။

ဂျပန်သတင်းစာ၏ အဆိုအရ ၎င်းအစီရင်ခံစာတွင် "ကင်ဂျုံအန်းသည် ကြည်ညို လေးစားဖွယ် ခေါင်းဆောင်ကြီး ကင်ဂျုံအီးနှင့် လေးစားရသော မိခင်ကြီးထံမှ တော်လှန် ပြောင်းလဲသော ပညာနှင့် သြဇာကို လက်ခံ ရရှိထားကြောင်းနှင့် စစ်ရေး ဦးစားပေး ဆောင်ဂန် တော်လှန်ရေး၏ ကြီးမြတ်သော အမွေ ဆက်ခံသူ ဖြစ်လာရန် အတွက် လိုအပ်သော ဂုဏ်သိက္ခာနှင့် အရည်အသွေးများဖြင့် ပြည့်ဝသူ ဖြစ်သည်'' ဟု ဖော်ပြထားကြောင်း သိရှိရသည်။

"ခေါင်းဆောင်ကြီး 'ကင်'သည် ကလောင်တံနှင့် ဓားသွား၏ အနုပညာများ ဖြစ်သော အရာရာကို အောင်နိုင်သည့် တပ်မှူး တစ်ယောက်၏ အရည်အသွေးများ၊ အကောင်းဆုံး နိုင်ငံ့ခေါင်းဆောင် တစ်ယောက်၏ အရည်အသွးများ ပါဝင်သည့် ၎င်း၏ နှလုံးသားကို သားဖြစ်သူအား ပေးအပ်ခဲ့သည်''ဟု အမွှမ်းတင် ဖော်ပြထားကြောင်း ဂျပန် သတင်းစာက ဆက်လက် ဖော်ပြခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

VOA News, by Ron Corben, 19th September 2010

မြန်မာ စစ်အစိုးရနှင့် တိုင်းရင်းသား အဖွဲ့အစည်းများကြား ပဋိပက္ခများ တိုးလာခြင်းသည် မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် လူသားချင်း စာနာ ထောက်ထားခြင်း မရှိသော ပြဿနာများကို ပိုဖြစ်စေပြီး၊ လူနေမှု ဘ၀များနှင့် ၀င်ငွေများ ဆုံးရှုံးရသော လူများ၊ နေစရာ မရှိသောလူများ တိုးပွားလာရသည်။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော ကရင် ဆရာဝန်တစ်ဦးက သတိပေး ပြောကြားရာတွင် ထောင်ပေါင်းများစွာသော သူများသည် ဆောက်တည်ရာ မရခြင်းကြောင့် ကလေး စွန့်ပစ်မှုများ ပိုဖြစ်လာသည် ဟု ဆိုသည်။

ထိုင်း-မြန်မာ နယ်စပ် စုပေါင်း အဖွဲ့ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံ အရှေ့ပိုင်း ကျေးရွာများတွင် လူပေါင်း (၄၇၀၀၀၀) သည် နေစရာ နေရာ အတည်တကျ မရှိကြပေ။ စစ်အစိုးရကလည်း စီးပွားရေးကို ပိုမို ချုပ်ကိုင်လာရာ လက်ရှိ ပဋိပက္ခများကြောင့် အဆိုပါ ကိန်းဂဏန်းမှာ တိုးတက်လျက် ရှိသည်။

အဖွဲ့ကြီး၏ အဆိုအရ ထိခိုက်မှု အများဆုံး ရှိသော အဓိက နေရာများမှာ ရှမ်း၊ ကရင်၊ ကရင်နီနှင့် မွန်ဒေသများတွင် ဖြစ်ပြီး လူပေါင်း (၂၃၀၀၀၀) ခန့်မှာ အပစ်အခတ် ရပ်ထားသော ဧရိယာများတွင် ယာယီ နေရာချထားခြင်း ခံရသည်။ (၁၁၀၀၀၀) ကျော်မှာ စစ်တိုက်နေခြင်းကြောင့် တောနက်ထဲတွင် ပုန်းနေကြရသည်။ နောက်ထပ် (၁၂၈၀၀၀) ခန့်မှာ ရွာများကို စွန့်ခွာ ကြုံရာနေရာတွင် ရွေ့ပြောင်း နေထိုင်နေကြရသည်။

ထို့ကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသူများ ပိုမို များပြားလာပြီး ထိုင်းနယ်စပ်မြို့ မဲဆောက်တွင် အရေးပေါ် ဆေးကုသမှု လာရောက် ခံယူကြသည်။

အဆိုပါ ဆေးခန်းကို ကရင် ဆရာဝန် တစ်ဦးဖြစ်သူ စင်သီယာမောင်က ကြီးကြပ်လျက် ရှိသည်။ သူမ သည် ၁၉၈၈ အရေးအခင်း ကာလက စစ်အစိုးရက ဒီမိုကရေစီ ဘက်တော်သားများအား ချေမှုန်းခြင်းကြောင့် ထွက်ပြေးလာသူ ဖြစ်သည်။

"စစ်တပ်ဟာ တိုင်းရင်းသား နယ်မြေတွေမှာ အင်အား တိုးချဲ့ထားပြီး၊ တံတား ဆောက်တာတို့၊ ရေအားလျှပ်စစ်တို့ စတဲ့ ဖွံ့ဖြိုးမှု လုပ်ငန်းတွေကို လုပ်နေပါတယ်" ဟု သူမက ပြောသည်။ "သူတို့ တစ်ခုခု လုပ်တိုင်း လူအများကြီးကို နေရာတွေ ရွေ့ပြောင်းပစ်တယ်။ ဒါကြောင့် ကျွန်မတို့ကတော့ စစ်တပ်က အာဏာ ဆက်ကိုင်ထားတာနဲ့အမျှ နယ်စပ်တွေမှာ ရွေ့ပြောင်းမှုတွေ၊ လူသားချင်း မစာမနာတဲ့ ပဋိပက္ခတွေ ပိုဖြစ်လာမှာကို စိတ်ပူတယ်" ဟု သူမက ပြောသည်။

အဆိုပါ ဆေးခန်းသည် လက်ရှိအားဖြင့် တစ်နှစ်လျှင် လူနာ တစ်သိန်းကျော် ကြည့်ပေးနေရပြီး တစ်နှစ်လျှင် လူနာဦးရေ ၂၀ % ခန့် တိုးလျက် ရှိသည်။ အဆိုပါ လက္ခဏာသည် နိုင်ငံတွင်း ရွေ့ပြောင်းရမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုစနစ် ညံ့ဖျင်းမှုကို ပြသနေခြင်း ဖြစ်သည်။

ဆေးခန်းတွင် AIDS လူနာများ၊ HIV ပိုးရှိသူများ တိုးပွားလာနေကြောင်း၊ ကိုယ်ဝန်ဆောင်များ ၏ ၈ % ခန့်သည် အသည်းရောင်ရောဂါ ဘီပိုးများ ရှိကြောင်း စင်သီယာမောင်က ပြောသည်။

မဲဆောက်ရှိ အသိုင်းအ၀ိုင်းများကလည်း တိုးပွားလာသော အစွန့်ပစ်ခံ ကလေးများကို စောင့်ရှောက်လျက် ရှိသည်။ ဆေးခန်းနှင့် ဆက်ထားသော ဒေသန္တရကျောင်း (၆၂) ကျောင်းသည် မဲဆောက် ဧရိယာရှိ ရွေ့ပြောင်း လုပ်သားများနှင့် ဒုက္ခသည်များ၏ ကလေး (၁၂၀၀၀) ခန့်ကို စာသင်ပေးနေရသည်။ မိဘများသည် လူမှုရေးဘ၀များ ဆုံးရှုံးရသောအခါ ကလေးများမှာ ကျန်ရစ်ခဲ့ရသည်ဟု ဒေါက်တာ စင်သီယာမောင်က ပြောသည်။

"သူတို့ အလုပ်အကိုင် ပိုကောင်းတာ မရမချင်း၊ သူတို့ဘ၀တွေပြန်မကောင်းလာမချင်း၊ ကျွန်မ တို့ အစွန့်ပစ်ခံကလေးတွေကို တွေ့နေရဦးမှာ" ဟု သူမက ပြောသည်။ "ထိုင်းနိုင်ငံကို အဖော် မပါပဲ ရောက်လာတဲ့ ကလေးတွေ အများကြီး၊ ဆေးရုံမှာ စွန့်ပစ်သွားတဲ့ ကလေးတွေလည်း ရှိတယ်" ဟု သူမက ဆိုသည်။

ကလေးများကို ဆေးရုံသို့ ဆေးထိုးလာစဉ် သို့မဟုတ် သားဆက်ခြားရေးအတွက် လာရောက်စဉ်များတွင် ပစ်ထားခဲ့တတ်ပြီး၊ အချို့ကျောင်းများတွင် ထားပစ်ခဲ့တတ်ကြောင်း၊ နယ်စစ်တွင် ဖြစ်နေသော လူမှုဒုက္ခများကို သူမက မီးမောင်း ထိုးပြသည်။

နိုဝင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပတော့မည် ဖြစ်သော်လည်း မြန်မာနိုင်ငံနှင့် ပတ်သက် ဒေါက်တာ စင်သီယာမောင်က အဆိုး မြင်နေဆဲဟု ဆိုသည်။

လေ့လာသူများက အရပ်သား အစိုးရကို စစ်တပ်မှပင် ဆက်လက် ချုပ်ကိုင်ထားလိမ့်မည်ဟု မျှော်လင့်ကြပြီး စစ်တပ် ကျောထောက်နောက်ခံ ပြုသော ပါတီက ပါလီမန် အသစ်တွင် နေရာ အများဆုံး ရလိမ့်မည်ဟု ခန့်မှန်းထားကြသည်။ စစ်တပ် ကိုယ်တိုင်ကမူ ပါလီမန်တွင် ၂၅ % သော နေရာမှာ သေချာပြီး ဖြစ်သည်ဟု ဆိုကြသည်။

နောက်တက်မည့် အစိုးရတွင် စစ်တပ်၏ ဦးဆောင်မှု ကဏ္ဍ၏ ရလဒ်သည် နယ်စပ် ဒေသများတွင် ပဋိပက္ခများ ပိုမို ဖြစ်စေမည် ဖြစ်ကြောင်း စင်သီယာမောင်က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နှစ်နိုင်ငံ နယ်စပ်ဒေသ အဓိက ဝင်ပေါက် ပိတ်ပင်ရန် စစ်အစိုးရက ဆုံးဖြတ်ခဲ့မှုကြောင့် ထိုင်း-မြန်မာ ကုန်သွယ်ရေးမှာ ယခုနှစ်အတွင်း ၂၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်း အထိ ကျဆင်းမည်ဟု ခန့်မှန်းရကြောင်း မီဒီယာများက ရေးသား ဖော်ပြသည်။

ထိုင်းနိုင်ငံသည် နယ်စပ်ဒေသရှိ သောင်ရင်းမြစ် ရေကြောင်း စီးဆင်းမှု ပြောင်းလဲအောင် တမင်သက်သက် ပြုလုပ်ခဲ့သည်ဟု စွပ်စွဲ ပြောဆိုပြီးနောက် မြန်မာ စစ်အစိုးရက နှစ်နိုင်ငံ ကုန်သွယ်မှုအတွက် လွန်စွာ အရေးပါသော မြဝတီ-မဲဆောက် နယ်စပ် တံတားကို ပိတ်ပင်ရန် ဇူလိုင်လ ၁၂ ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည်။

အဆိုပါ တံတားကြီးသည် ရန်ကုန်နှင့် မန္တလေး ကဲ့သို့သော မြို့ကြီးများ အတွက် ထိုင်းနိုင်ငံမှ ကုန်စည်များ တင်ပို့ရာတွင် အချက်အချာ ကျသည့် ကုန်းလမ်း ၀င်ပေါက် တစ်ခုလည်း ဖြစ်သည်။  "မနှစ် (၂၀၀၉ ခုနှစ်) နဲ့ ယှဉ်ကြည့်မယ် ဆိုရင် ဒီနှစ် ထိုင်း-မြန်မာ ကုန်သွယ်ရေးဟာ ၂၀ ရာခိုင်နှုန်း ကနေ ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းလာဖွယ် ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နယ်စပ်ဝင်ပေါက် ပိတ်ပင်ခံ လိုက်ရတဲ့ ကိစ္စဟာ စီးပွားရေး လုပ်ငန်းတိုင်းကို ထိခိုက်စေခဲ့လို့ပါပဲ" ဟု ရန်ကုန် အခြေစိုက် ထိုင်းစီးပွားရေး အတိုင်ပင်ခံ ပုဂ္ဂိုလ် Prajuab Supinee က Myanmar Times သို့ ပြောကြားသည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးခဲ့သည့် ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ် အတွင်း ထိုင်း-မြန်မာ အပြန်အလှန် ကုန်သွယ်မှု တန်ဖိုးမှာ ၃ ဒဿမ ၅ ဘီလီယံ ဒေါ်လာအထိ ရောက်ရှိခဲ့ကြောင်း အစိုးရက ထုတ်ပြန်သော သတင်းများအရ သိရသည်။

မြန်မာနိုင်ငံက ထိုင်းနိုင်ငံသို့ နှစ်စဉ် သဘာဝ ဓာတ်ငွေ့ ၂ ဘီလီယံ ဒေါ်လာဖိုး တင်ပို့လျက် ရှိသည်။ အဆိုပါ သဘာဝ ဓာတ်ငွေ့ တင်ပို့မှုသည် မြန်မာ စစ်အစိုးရအတွက် ပို့ကုန် တင်ပို့မှု ရှယ်ယာ အများဆုံး ရသည့် ပမာဏ တစ်ခုလည်း ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလမှ သြဂုတ်လ အတွင်း နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှုမှာ ၁ ဒဿမ ၃ ဘီလီယံထိ ရှိခဲ့ကြောင်း Prajuab Supinee ကပြောပြသည်။ လက်ရှိ အနေအထားတွင် မြဝတီ မဲဆောက် နယ်စပ် တံတားအား နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲ မတိုင်မီ ကာလအထိ ဖွင့်လှစ်ပေးဖွယ် မရှိဟု ကောလာဟလများ ထွက်ပေါ်လျက် ရှိသည်။

"နှစ်ဖက်စလုံးက ကုန်သွယ်ရေး လုပ်လိုကြတယ်" ဟု ၎င်းက ဆိုသည်။ နှစ်နိုင်ငံ ကုန်သွယ်မှု၏ ၆၀ ရာခိုင်နှုန်းသည် မြဝတီ-မဲဆောက် စစ်ဆေးရေးဂိတ်မှ ဖြတ်သန်း ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း Prajuab Supinee ၏ အဆိုအရ သိရသည်။ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ်ဘက် နိုင်ငံတစ်ခု ဖြစ်ပြီး တရုတ်မှာ ဒုတိယ နေရာတွင် ရှိသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံ ထုတ်ကုန် ပစ္စည်းများ ဝင်ရောက်မှုမှာ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း Prajuab Supinee က ဆက်လက် ပြောဆိုသည်။

"မြန်မာပြည်က ဖောက်သည်တွေက ထိုင်းနိုင်ငံ ထုတ်ကုန် ပစ္စည်းတွေကို သဘောကျ ကြပါတယ်။ ဒါပေမဲ့ တခါတလေ သူတို့ လိုချင်တိုင်း ဝယ်လို့ မရကြပါဘူး" ဟု ဆိုသည်။

Monster Sand Critics မှ သတင်းကို ဘာသာ ပြန်ဆိုသည်။