Transparency Myanmar

transparency.myanmar@gmail.com

နှစ်နိုင်ငံ နယ်နိမိတ် ပိုင်ဆိုင်မှုဖြင့် အငြင်းပွားလျက် ရှိသော ရေပြင်အတွင်း ဂျပန် ကင်းလှည့်သင်္ဘော နှစ်စင်းအား တရုတ် ငါးဖမ်းသင်္ဘောက တိုက်မိခဲ့သည့် ကိစ္စအတွက် ဂျပန်နိုင်ငံက တရုတ်နိုင်ငံကို လျော်ကြေး တောင်းခံမည်ဟု တိုကျိုက ဆိုသည်။

"ကျွန်ုပ်တို့ အနေဖြင့် အတိုက်ခံလိုက်ရသော ကင်းလှည့် သင်္ဘောများ နဂိုမူလ အခြေအနေ အတိုင်း ပြန်ဖြစ်နိုင်ရေး အတွက် တောင်းဆိုပါမည်" ဟု ဂျပန်အစိုးရ ပြောရေးဆိုခွင့် ရှိသူ Yoshito Sengoku က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

ယခုလ အစောပိုင်း ကာလတွင် ဖြစ်ပေါ်ခဲ့သော အဆိုပါ တရုတ် ငါးဖမ်းသင်္ဘောနှင့် ဂျပန် ကင်းလှည့်သင်္ဘော နှစ်စင်း တိုက်မိမှုကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးမှာ နှစ်များစွာအတွင်း အဆိုးရွားဆုံး အဆင့်သို့ ရောက်ရှိခဲ့သည်။

ဂျပန်နိုင်ငံက အဆိုပါ တရုတ် ငါးဖမ်းသင်္ဘော ကပ္ပတိန်ကို ရက်သတ္တ နှစ်ပတ်ကြာမျှ ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီးနောက် ပြီးခဲ့သည့် ရက်သတ္တပတ်က ပြန်လွှတ်ပေးလိုက်သည်။

အဆိုပါ သင်္ဘော တိုက်မိမှုမှာ နယ်နိမိတ် ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားနေရသော အရှေ့ တရုတ် ပင်လယ်ရှိ လူသူ မနေထိုင်သော ကျွန်းစုများ အနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထိုကျွန်းများကို ဂျပန်နိုင်ငံတွင် ဆန်ကာကူ ကျွန်းများဟု ခေါ်ဆိုပြီး တရုတ်နိုင်ငံတွင် ဒန်အိုယူ ကျွန်းများဟု ခေါ်ကြသည်။

ထိုကိစ္စ ဖြစ်ပွားပြီးနောက် တရုတ်အစိုးရက နှစ်နိုင်ငံ အဆင့်မြင့် အရာရှိကြီးများ ဆက်ဆံမှုကို ဖြတ်တောက်ပစ်လိုက်ပြီး ဂျပန်သို့ သွားရောက် လည်ပတ်မည့် တရုတ် တိုးရစ်များ၏ ခရီးစဉ်ကိုလည်း ဖျက်သိမ်းလိုက်သည်။

ရှန်ဟိုင်းမြို့တွင် သွားရောက် ဖျော်ဖြေမည့် ဂျပန် ထိပ်တန်း တေးဂီတ တီးဝိုင်း SMAP ၏ အစီအစဉ်ကိုလည်း တရုတ်ဘက်မှ ကြီးမှူးသူများက ဖျက်သိမ်းလိုက်သည်။

ဤအတောအတွင်း ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း ဂျပန်နိုင်ငံသား လေးဦးကို တရုတ်နိုင်ငံက ဖမ်းဆီးလိုက်ရာ တင်းမာမှုမှာ ပို၍ ကြီးထွားသွားရသည်။ အဆိုပါ ဂျပန်လေးဦးသည် စစ်ဘက် တားမြစ် နယ်မြေထဲသို့ ဝင်ရောက်ပြီး ဗီဒီယို ရိုက်ကူးသည် ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရခြင်း ဖြစ်သည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ရုရှား နိုင်ငံ သမ္မတ ဒီမစ်ထရီမီဒီဒက်ဗ် တရုတ်နိုင်ငံသို့ စက်တင်ဘာလ ၂၆ ရက်နေ့က သုံးရက်တာ ချစ်ကြည်ရေး ခရီးအဖြစ် ရောက်ရှိလာကြောင်း နိုင်ငံပိုင် မီဒီယာက ရေးသား ဖော်ပြသည်။

သမ္မတ မီဒီဒက်ဗ်သည် တရုတ် အနေက်မြောက်ပိုင်း ဒေသရှိ ဒါလင်း ဆိပ်ကမ်းမြို့သို့ ရောက်ရှိလာပြီး ခရီးစဉ်အတွင်း တရုတ် သမ္မတ ဟူဂျင်တောင်းနှင့်လည်း တွေ့ဆုံ ဆွေးနွေးမည်ဟု Xinhua သတင်းဌာနက ရေးသား ဖော်ပြသည်။

ယခု ခရီးစဉ်သည် မစ္စတာ မီဒီဒက်ဗ်အတွက် ၂၀၀၈ ခုနှစ်၊ မေလတွင် ရုရှားသမ္မတ ဖြစ်လာပြီးနောက် ဒုတိယမြောက် တရုတ် ခရီးစဉ် ဖြစ်သည်ဟု Xinhua သတင်းက ဆိုသည်။

မစ္စတာ မီဒီဒက်ဗ်သည် တရုတ် ပြည်နယ် ခေါင်းဆောင်များ၊ တရုတ်၊ ရုရှား စစ်မှုထမ်းဟောင်းများ၊ ရုရှား ဘာသာစကား ပေါမောက္ခများ၊ ကျောင်းသား ကျောင်းသူများနှင့်လည်း တွေ့ဆုံမည် ဖြစ်သည်။

၎င်းသည် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဘေဂျင်းမြို့သို့ သွားရောက် လည်ပတ်ပြီး သမ္မတ ဟူဂျင်းတောင်နှင့် တွေ့ဆုံခဲ့ပြီးနောက် ရှန်ဟိုင်းမြို့သို့ သွားရောက်ပြီး တရုတ် ဒုတိယ သမ္မတ Xi Jinping နှင့် တွေ့ဆုံကာ ကမ္ဘာ့ ကုန်စည်ပြပွဲသို့ သွားရောက် ကြည့်ရှုမည်ဟု ဆိုသည်။

Xinhua သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bangkok Post, 26th September 2010

မြန်မာနိုင်ငံတွင် နိုဝင်ဘာလ ရွေးကောက်ပွဲ မတိုင်မီတွင် အာရှ နိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံ အပေါ် တင်းတင်းကြပ်ကြပ် မကိုင်တွယ်ဘဲ လွယ်လွယ် အသိအမှတ် ပြုခဲ့ပါက ခံစား သွားရနိုင်ကြောင်း၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သတိပေးခဲ့သည်။

ဘန်ကီမွန်းသည် မြန်မာ၏ အိမ်နီးချင်းများအား တနင်္လာနေ့တွင် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ အရန် ဆွေးနွေးမှုများ အနေဖြင့် မြန်မာ နိုင်ငံနှင့် ပတ်သက် ပိုမို တွေ့ဆုံ ဆွေးနွေးကြရန် တိုက်တွန်းခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် လူ့အခွင့်အရေး အခြေအနေများ၊ လူသားချင်း စာနာမှု အခြေအနေများနှင့် နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများကို ဆွေးနွေးကြမည် ဖြစ်သည်။ ရွေးကောက်ပွဲသည် ဖိနှိပ်မှုများသော အခြေအနေတွင် ကျင်းပခြင်း ဖြစ်ကြောင်း ဗြိတိန်၊ အမေရိကန်နှင့် ကနေဒါတို့က ပြောကြားခဲ့သည်။

နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား အတိုက်အခံများကို ရွေးကောက်ပွဲတွင် ပါဝင်ခွင့် မပြုခြင်းအတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က မကျေမနပ် ဖြစ်မှုကို ဖော်ပြခဲ့သည်။

ဘန်ကီမွန်းက အာဆီယံ (၁၀) နိုင်ငံအား သောကြာနေ့က ပြောကြားခဲ့ရာတွင် ကုလ သမဂ္ဂနှင့် အာဆီယံသည် မြန်မာနိုင်ငံ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝေမျှ လုပ်ဆောင်ကြရန် ပြောကြားခဲ့သည်။

"ကျွန်တော်တို့ဟာ မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့၊ အမျိုးသား ပြန်လည် ပေါင်းစည်းရေးနဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးဟာ မရှိမဖြစ် လိုအပ်တယ်ဆိုတာ သဘောတူကြပါတယ် " ဟု ဘန်က ဆက်လက် ပြောသည်။

"ဒါပေမယ့် ဒီအချက်တွေ မဖြစ်ခဲ့ဘူး ဆိုရင်တော့ ရွေးကောက်ပွဲကို အသိအမှတ် ပြုမှုအပေါ် ယုတ်လျော့လာမှာ ဖြစ်ပြီး တစ်ဖက်မှာ အာဆီယံရဲ့ မူဝါဒတွေ တန်ဖိုးတွေပေါ်မှာလည်း ရောင်ပြန်ဟပ် လာနိုင်ပါတယ် " ဟု ယင်းက ဖြည့်စွက် ပြောသည်။

ဘန်က ပြောကြားရာတွင် ကုလသမဂ္ဂနှင့် အာဆီယံသည် မြန်မာနိုင်ငံကို ကူညီရမည် ဖြစ်ပြီး သို့မှသာ မြန်မာနိုင်ငံ အနေဖြင့် လူသားချင်း စာနာမှု ဆိုင်ရာနှင့် ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ စိန်ခေါ်မှုများကို ဖော်ထုတ်နိုင်မည် ဖြစ်သည်ဟု ပြောခဲ့သည်။

အာဆီယံသည် အဖွဲ့ဝင် နိုင်ငံများ၏ ပြည်တွင်းရေးကို ၀င်ရောက် မစွက်ဖက်သော မူဝါဒကို ကိုင်စွဲထားရာ အဖွဲ့ကြီးအတွင်း ဒီမိုကရေစီ ကျသော အဖွဲ့ဝင်များသည် မြန်မာနိုင်ငံကြောင့် စိတ်မသက်မသာ ခံစားနေရသည်။

ဘန်က ယင်းအနေဖြင့် မြန်မာအစိုးရနှင့် အလုပ်အတူ လုပ်လိုကြောင်း၊ ဒီမိုကရက်တစ် အုပ်ချုပ်ရေးနှင့် အရပ်သား အုပ်ချုပ်ရေးသို့ အသွင် ကူးပြောင်းရေး ချောမွေ့ရေး ကူညီလိုကြောင်း၊ အာဆီယံအား မြန်မာနိုင်ငံက ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ဆက်ဆံရေးအား အားပေးရန် တိုက်တွန်းခဲ့သည်။

ဘန်သည်  နယူးယောက်တွင် ဖိလစ်ပိုင် သမ္မတသစ် Benigo Aquino အပါအ၀င် အာဆီယံ ခေါင်းဆောင်များနှင့် နှစ်ဦးချင်း တွေ့ဆုံ အဆိုပါ ကိစ္စများကို အလေးအနက်ထား ပြောကြားခဲ့သည်။ ဘန်က Aquino အား ဒေသတွင်း နိုင်ငံများ၏ ဆက်ဆံရေး၏ အရေးကြီးပုံကို ဖိအားပေးခဲ့သည်ဟု ကုလသမဂ္ဂ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ယခုလ အတွင်း ဘန်ကီမွန်းသည် မြန်မာ အာဏာပိုင်များနှင့် ထိတွေ့မှုအပေါ် စိတ်မသက်မသာ ဖြစ်မှုအား ဖော်ပြခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ NLD နှင့် အခြားပါတီ ကိုးခုအား ဖျက်သိမ်းခဲ့ခြင်း အတွက် စိုးရိမ်မှုများကို ဖော်ပြခဲ့သည်။

"နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ကလည်း ခေါင်းမာတဲ့ မြန်မာ အစိုးရကို ဘယ်လို ဆက်ဆံရမယ်ဆိုတာ အဆိုပြုဖို့ လမ်းစပျောက်နေသလို ဖြစ်နေပါတယ်" ဟု ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သံတမန် တစ်ဦးက ပြောသည်။

"အထွေထွေ အတွင်းရေးမှူးချုပ်ကလည်း ဒါကို ပြောပြီးပါပြီ။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ ဆိုးဝါးနေပါတယ်။ လူတွေရဲ့ နေ့စဉ်ဘ၀တွေလည်း အတော် ဆိုးဝါးနေပါတယ်" ဟု ယင်းက ပြောသည်။

အမေရိကန် သမ္မတ Barack Obama ကလည်း ထိုနေ့ နေ့လည်က အာဆီယံ (၁၀) နိုင်ငံအား နေ့လည်စာ တည်ခင်းရာ အဆိုပါ ကိစ္စကို ဖိအားပေးခဲ့သည်။

ဒီမိုကရေစီ ပြောင်းလဲမှုများအတွက် စကားပြောရန် ကြိုးပမ်းမှုများမှာလည်း စိတ်ပျက်ဖွယ် ဖြစ်ခဲ့ကြောင်း ၀ါရှင်တန်ကလည်း ၀န်ခံခဲ့ပြီး ဖြစ်သည်။

"သမ္မတကြီး အနေဖြင့် ဒီမိုကရေစီ ပြောင်းလဲမှုများနှင့် လူ့အခွင့်အရေး ကာကွယ်ပေးမှုများ၏ အရေးကြီးပုံကို ယုံကြည်မှု ရှိပြီး၊ မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည် စည်းလုံးရေး လုပ်ဆောင်ရေး အတွက် တိုက်တွန်းမှုများကို ပြန်လည် လုပ်ဆောင်လိုပါတယ်" ဟု နေ့လည်စာ စားပွဲအပြီး အမေရိကန် ၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Obama က ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

အာဆီယံ ခေါင်းဆောင်များကလည်း လွတ်လပ်သော ရွေးကောက်ပွဲ ဖြစ်ရန် တောင်းဆိုခဲ့ကြပြီး အမေရိကန်၏ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကိုလည်း ကြိုဆိုခဲ့သည်။ ထို့အပြင် စစ်အစိုးရအား နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရေးအတွက် အားပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 27th September 2010

ဂျပန်နိုင်ငံ၏ ကုန်သွယ်ရေး ပိုငွေပြမှုသည် သြဂုတ်လတွင် ၃၇.၅ % ကျသွားခဲ့ကြောင်း၊ ယင်းမှာ သယံဇာတ ဆင်းရဲသော နိုင်ငံ အနေဖြင့် ရေနံစိမ်းများနှင့် သဘာဝ ဓာတ်ငွေ့ရည်များ ပိုမို တင်သွင်းရခြင်းကြောင့် ဖြစ်ကြောင်း အစိုးရက တနင်္လာနေ့က ပြောကြားခဲ့သည်။

ပိုငွေပြမှုမှာ သြဂုတ်လတွင် (၁၀၃.၂) ဘီလီယံ ယန်း (၁.၂၂ ဘီလီယံ ဒေါ်လာ) သာ ရှိပြီး လွန်ခဲ့သော ၁၅ လအတွင်း ပထမဆုံး အကြိမ် လျော့ကျခြင်း ဖြစ်ကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန၏ အဆိုအရ သိရှိရသည်။

အဆိုပါ ကိန်းဂဏန်းမှာ ဈေးကွက်က မျှော်လင့်ထားသည်ထက် ပိုနည်းသော ပမာဏ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 26th Spt 2010

ယန်းငွေ တန်ဖိုး တက်နေခြင်းကို ထိန်းချုပ်ရန် အတွက် ငွေကြေး ဈေးကွက်အတွင်း ကြားဝင် ဆောင်ရွက်မှုများကို ဂျပန် ဗဟိုဘဏ် အုပ်ချုပ်သူက ဖယ်ရှားခြင်း မပြုဟု ဆိုသည်။

ကိုဘေးမြို့တွင် ပြုလုပ်သော အစည်းအဝေးတွင် မိန့်ခွန်း ပြောကြားသော မာဆာဘီ ရှီရာကာဝါက "အကယ်၍ လိုအပ်ပါက သင့်လျော်သော လှုပ်ရှားမှုများကို အကောင်အထည် ဖော်ရန် ဂျပန်ဘဏ် BOJ က အဆင့်သင့် ရှိနေသည်" ဟု ပြောကြားခဲ့သည်။

ယခုလ အစောပိုင်းတွင် ဂျပန်ဘဏ် BOJ သည် ၆ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် ငွေကြေးဈေးကွက်တွင် ကြားဝင် လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။ ယန်းငွေ အမြောက်အမြား ရောင်းချမည့် ဆုံးဖြတ်ချက်သည် ငွေတန်ဖိုးချရာတွင် အထောက်အကူ ဖြစ်စေမည်ဟုလည်း ၎င်းက ပြောသည်။

ယခင်က ယန်းငွေသည် ဒေါ်လာနှင့် ချိတ်ဆက်လျှင် ၁၅ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိနေရာ ဂျပန်ပို့ကုန် လုပ်ငန်းရှင်များက ၎င်းတို့၏ အမြတ်ငွေများ အဆိုပါ ငွေလဲနှုန်းကြောင့် လျှော့ပါးသွားမည်ကို စိုးရိမ်လျက် ရှိနေကြသည်။

တန်ဖိုးထက် ယန်းငွေ၏ စီးပွားရေး လောကအပေါ် သက်ရောက်မှု အကျိုးကို BOJ  က အနီးကပ် စောင့်ကြည့်နေသည်ဟု ရှီရာကာဝါက ဆိုသည်။

"စီးပွားရေးကဏ္ဍ အကျဖက် မရောက်ခင် ကျွန်တော်တို့ ပိုပြီး သတိထား စောင့်ကြည့်ရပါလိမ့်မယ်၊ တကယ်လို့ လိုအပ်တယ်လို့ ဆုံးဖြတ်ခဲ့ရင် သင့်လျော်တဲ့ လှုပ်ရှားမှုကို အချိန်ကိုက် အကောင်အထည် ဖော်ဖို့ အဆင်သင့် ရှိပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။ ဒေါ်လာနှင့် ချိတ်ဆက်ရာတွင် ယန်းငွေ၏ တန်ဖိုး ၁ % ကျော်ကျော် သိသိသာသာ ကျဆင်းသွားစေခဲ့သည်။ ငွေကြေး ဈေးကွက်အတွင်း ကြားဝင်မှုကို ဂျပန်ဘဏ် BOJ  က ဒုတိယအကြိမ် ပြုလုပ်ခဲ့သည်ဟု သံသယ ရှိခဲ့ကြပြီးနောက် အထက်ပါ မှတ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဂျပန် ဝန်ကြီးချုပ် နာတိုကန်က "BOJ ၏ ဒုတိယ အကြိမ်မြောက် ကြားဝင်မှုကို ၎င်းအနေဖြင့် မသိရှိခဲ့" ဟု နောက်ပိုင်းတွင် ပြောကြားခဲ့သည်။

ထိုနောက်ပိုင်း ယန်းငွေ တန်ဖိုး ပြန်တက်လာခဲ့ပြီး ယခုအခါ တစ်ဒေါ်လာလျှင် ၈၄.၂၁၂ ယန်းနှုန်း ဈေးပေါက်သည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 26th Sept 2010

တရုတ်ဈေးကွက် အတွင်းသို့ မမျှမတ တောင်ပုံရာပုံ ဝင်ရောက်နေသော အမေရိကန် ကြက်သား ထွက်ကုန်များကို သွင်းကုန် အခွန်တိုး ကောက်မည်ဟု တရုတ်အစိုးရက ပြောကြားသည်။

အမေရိကန် ကြက်သား ထွက်ကုန်များအပေါ် အခွန် ကောက်ယူမှုကို တနင်္လာနေ့တွင် စတင်မည် ဖြစ်ကာ လာမည့် ၅ နှစ် အတွင်း အခွန် ၁၀၄.၅ % အထိ တိုးမြှင့်သွားမည်ဟု တရုတ် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ကြေညာချက်တွင် ဖော်ပြထားသည်။

အမေရိကန် သွင်းကုန်များကြောင့် ပြည်တွင်း ကြက်သား ထုတ်လုပ်မှု လုပ်ငန်းကို ထိခိုက်စေသည်ဟု  စုံစမ်း စစ်ဆေးမှု အစီရင်ခံစာတွင် တွေ့ရှိရကြောင်း တရုတ်တို့က ပြောကြားသည်။

တရုတ်နှင့် အမေရိကန် ပြည်ထောင်စု အကြား ကြီးထွားလာသော ကုန်သွယ်ရေး ပဋိပက္ခတွင် ယခု တစ်ကြိမ်မှာ နောက်ဆုံး ဖြစ်ရပ် ဖြစ်သည်။

ငွေကြေးတန်ဖိုးကို တမင်တကာ ထိန်းချုပ်ထားသော နိုင်ငံများ၏ သွင်းကုန်များအပေါ် အခွန် ကောက်ခံခွင့် ပြုမည့် ဥပဒေမူကြမ်းကို အမေရိကန် ကွန်ဂရက် လွှတ်တော် ကော်မတီက သောကြာနေ့တွင် အတည်ပြုခဲ့သည်။

အဆိုပါ ဥပဒေမူကြမ်းသည် တရုတ်နိုင်ငံ အပေါ် ရည်ရွယ်ခြင်း ဖြစ်ကာ ၎င်းနိုင်ငံသည် ၎င်း၏ ပို့ကုန် လုပ်ငန်းရှင်များအား အထောက်အကူ ဖြစ်စေရန် ယွမ်ငွေ တန်ဖိုးကို တမင်တကာ ချထားသည်ဟု စွပ်စွဲခြင်း ခံနေရသည့် နိုင်ငံ ဖြစ်သည်။

ကြေညာချက်တွင်  တရုတ် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ၎င်း၏ ဆုံးဖြတ်ချက်ကို ကာကွယ် ပြောကြားခဲ့ပြီး အမေရိကန် ကြက်သား ထွက်ကုန်များ စုပုံ ဝင်ရောက်မှုနှင့် ပြည်တွင်း စီးပွားရေး ဆုံးရှုံးမှုတို့ အကြားတွင် အကျိုးသင့် အကြောင်းသင့် ဆက်စပ်မှု ရှိနေသည်ဟု ပြောဆိုခဲ့သည်။

ယခု ချမှတ်မည့် အခွန်များကြောင့် တရုတ်သို့ ကြက်ခြေထောက်နှင့် ကြက်တောင်ပံ တင်ပို့မှုအပေါ် မှီခို အားထားနေရသော အမေရိကန် ကြက်သား တင်ပို့သူများအပေါ် သိသိသာသာ ထိခိုက်စေမည် ဖြစ်သည်။

အဆိုပါ တရုတ်အစိုးရ၏ စုံစမ်း လေ့လာမှုကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသော အမေရိကန် ကုမ္ပဏီအချို့မှာမူ အခွန် သက်သာလိမ့်မည် ဟုလည်း ဝန်ကြီးဌာနက ပြောကြားသည်။ အဆိုပါ ကုမ္ပဏီ အချို့တွင် Tyson Foods, Keystone Foods နှင့် Pilqrim's Pride Corporation ကို ပါဝင်သည်ဟု သိရသည်။

သို့သော်လည်း သက်သာသည်ဟု ဆိုသော အခွန်နှုန်းသည်ပင် ဖေဖော်ဝါရီလက တရုတ် အစိုးရ ချမှတ်ခဲ့သော အခွန်နှုန်း ၄၃.၁ % ထက် မြင့်မားနေသေးသည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.