Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ စစ်အစိုးရအပေါ် ဝေဖန်မှုများနှင့် မြန်မာ့အရေး သတင်းများ ရေးသား ဖော်ပြလျက် ရှိသော ထိုင်းအခြေစိုက် ဧရာဝတီ (The Irrawaddy) မဂ္ဂဇင်း၏ အင်တာနက် ဝက်ဘ်ဆိုက်မှာ Hacker များ၏ ထိုးနှက် တိုက်ခိုက်မှု ခံနေရပြီး ပိတ်ပင်ခံ လိုက်ရကြောင်း ဧရာဝတီ၏ အယ်ဒီတာ ဦးအောင်ဇော်က စက်တင်ဘာလ ၂၇ ရက်နေ့တွင် ပြောကြားသည်။

ဧရာဝတီ အင်တာနက် ဝက်ဆိုက်သည် စက်တင်ဘာလ ၂၆ ရက်နေ့ည သန်းခေါင်ယံ ကျော်တွင် စတင် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်ကြောင်း၊ ယခုတစ်ကြိမ် တိုက်ခိုက်ခံရမှုသည် ယခင် လွန်ခဲ့သော နှစ်နှစ်က ယာယီ တိုက်ခိုက်ခံရမှု ပုံစံထက် ပိုမို ရှုပ်ထွေးကြောင်း သိရသည်။

ယခု ဆိုက်ဘာ တိုက်ခိုက်မှုသည် မြန်မာနိုင်ငံထဲမှ သို့မဟုတ် မြန်မာနိုင်ငံ၏ အနီးကပ် မဟာမိတ် တရုတ်နိုင်ငံမှ တိုက်ခိုက်ခြင်း ဟုတ်၊ မဟုတ် ဟူသော အချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးဟု ဦးအောင်ဇော်က ဆိုသည်။ www.irrawaddy.org ဝက်ဆိုက်သို့ ဝင်ရောက် ကြည့်ရှုသူများ အနေဖြင့် ပင်မ စာမျက်နှာကို ဖွင့်၍ မရဘဲ ဖြစ်နေပြီး Mirror Site (နည်းပညာ အခေါ်အဝေါ်) သို့သာ ရောက်ရှိနေသည်ကို တွေ့ရကြောင်း ဧရာဝတီက ဆိုသည်။

"ဒါဟာ စစ်အစိုးရက သူ့ကို ဆန့်ကျင်တဲ့ သူတွေအပေါ် တန်ပြန် ပြုလုပ်လိုက်တဲ့ ဂိမ်းအသစ် တစ်ခု၊ စစ်မျက်နှာပြင် တစ်ခုပါပဲ။ ကျွန်တော်တို့ ဘယ်လောက် ခံနိုင်ရည် ရှိသလဲ ဆိုတာကိုလည်း ဖော်ပြပါတယ်" ဟု ဦးအောင်ဇော်က ပြောသည်။

The New York Times မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 28th Sept 2010

မြန်မာနိုင်ငံမှ စစ်ဖက် အုပ်ချုပ်သူများ အနေဖြင့် နိုဘယ်ဆုရှင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခြင်း မရှိပါက ၎င်းတို့ စီစဉ်နေသော ရွေးကောက်ပွဲမှာ လက်ခံ ယုံကြည်ဖွယ် ရှိမည် မဟုတ်ကြောင်း ကုလသမဂ္ဂ ညီလာခံရောက် ဝန်ကြီးများ အုပ်စုက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

ကုလ သမဂ္ဂ အကြီးအကဲ ဘန်ကီမွန်းက အစည်းအဝေး အပြီး ပြောဆိုရာတွင် "တရုတ်၊ အိန္ဒိယ စသော အိမ်နီးချင်းများ အပါအဝင် ဗြိတိန်၊ အမေရိကန် ပြည်ထောင်စု စသော နိုင်ငံများမှ ဝန်ကြီးများ ပါဝင်သော အုပ်စုသည် မြန်မာနိုင်ငံ ရွေးကောက်ပွဲ လုပ်ငန်းစဉ် အတွက် လိုအပ်ချက် ဖြစ်သည့် ယခုထက် ပို၍ အားလုံး ပါဝင်နိုင်ရေး၊ ပိုမို ပွင့်လင်း မြင်သာရေးတို့ကို ရှင်းလင်းစွာ ထပ်မံ ပြောကြားခဲ့ကြသည်" ဟု ဆိုသည်။

"ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ အဖွဲ့ဝင်တွေက တောင်းဆိုခဲ့ပါတယ်။ ရွေးကောက်ပွဲကို လက်ခံ ယုံကြည်နိုင်ဖို့၊ မြန်မာနိုင်ငံရဲ့ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုး တိုးတက်မှုကို ဖြစ်ပေါ်စေဖို့ ဆိုရင် ဒါကို မဖြစ်မနေ လုပ်ရမှာပါ'' ဟု မြန်မာဆိုင်ရာ မိတ်ဆွေများ အဖွဲ့အစည်း အပြီးတွင် ဘန်ကီမွန်းက သတင်းထောက်များအား ပြောကြားခဲ့သည်။

ကုလသမဂ္ဂ ညီလာခံ အဝန်းအဝိုင်းတွင် ပြုလုပ်သော အစည်းအဝေးသို့ မြန်မာ အစိုးရ ကိုယ်စားလှယ်များ တက်ရောက်ခြင်း မရှိပါ။

တိုင်းပြည်၏ နှစ် ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီနှင့် အခြား အတိုက်အခံ ပါတီ ၉ ခုတို့ မပါဝင်နိုင်အောင် အစိုးရက တားဆီးထားသည်။ အတိုက်အခံများက ၎င်းရွေးကောက်ပွဲကို အတုအယောင်သာ ဖြစ်သည်ဟု ဝေဖန် ပြောဆိုလျက် ရှိသည်။

သို့သော်လည်း အတိုက်အခံ ခေါင်းဆောင် အနေဖြင့် မဲပေးခွင့် ရလိမ့်မည်ဟု အစိုးရက ပြောကြားသည်။

ဘန်ကီမွန်းသည် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းနှင့် ရွေးကောက်ပွဲ ကိစ္စများကို တနင်္ဂနွေနေ့က ကုလ သမဂ္ဂ ဌာနချုပ်တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု ကုလ ပြောရေးဆိုခွင့် ရှိသူက အတည်ပြု ပြောကြားသော်လည်း အသေးစိတ် ပြောဆိုခြင်း မရှိပေ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, 28th Sept 2010

မြန်မာနိုင်ငံမှ အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများအား လွတ်ပေးရေး ကိစ္စသည် လာမည့် ရွေးကောက်ပွဲများကို လက်ခံ အသိအမှတ် ပြုနိုင်ရန် အတွက် မရှိမဖြစ် လိုအပ်ချက် ဖြစ်ကြောင်း အဓိက နိုင်ငံကြီးများမှ နိုင်ငံရေး ဝန်ကြီးများက မြန်မာစစ်ဖက် အစိုးရကို ပြောကြားလျက် ရှိသည်။

တနင်္လာနေ့ တံခါးပိတ် အစည်းအဝေး အပြီးတွင် ကုလ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက "မြန်မာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် လူတိုင်း ပါဝင်ခွင့် ရှိရန်၊ ပိုမို ပွင့်လင်း မြင်သာမှု ရှိရန် လိုအပ်ကြောင်းကို ဝန်ကြီးများက ထပ်မံ ဖော်ပြခဲ့ကြသည်" ဟု ပြောကြားခဲ့သည်။

နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲများသည် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ် အဖြစ် ကျင်းပမည် ဖြစ်သော်လည်း နှစ်ပေါင်း ၅၀ နီးပါး သက်တမ်းရှိ စစ်အုပ်ချုပ်ရေးကို ခိုင်မာအောင် ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်သည်ဟု ဝေဖန် ဆန်းစစ်သူများက သုံးသပ် ပြောကြားသည်။

ဖျက်သိမ်းခြင်း ခံထားရသော ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ပါတီ၏ ၂၂ နှစ်မြောက် အထိမ်းအမှတ်နေ့ကို အစိုးရက တင်းကြပ်စွာ စောင့်ကြည့် နေသည့်ကြားမှ တနင်္လာနေ့တွင် ပြုလုပ်ခဲ့သည်။

လာမည့် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ယခုနှစ် အစောပိုင်းတွင် အတိုက်အခံ ပါတီကို ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Monsters and Critics, 27th Sept 2010

မြန်မာနိုင်ငံတွင် ဆယ်စုနှစ် နှစ်စုအတွင်း ပထမဦးဆုံး အကြိမ် ပြုလုပ်မည့် နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲတွင် နိုင်ငံသားများ အနေဖြင့် ပါဝင်ကြရန် ဒီမိုကရေစီ လိုလားသော နိုင်ငံရေး ပါတီ တစ်ခုက တနင်္လာနေ့က တိုက်တွန်းခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ခေါင်းဆောင် ဦးခင်မောင်ဆွေက လူ (၂၅၀) ခန့်အား စုဝေး၍ ပြောကြားရာတွင် ရွေးကောက်ပွဲတွင် ဆန္ဒမဲ မပေးခြင်းသည် နိုင်ငံရေး ပြစ်မှုကို ကျူးလွန်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ NDF ခေါင်းဆောင်က သန့်ရှင်းသော အစိုးရ အတွက် မဲပေးကြရန် မဲဆန္ဒရှင်များကို တိုက်တွန်းခဲ့သည်။

အဓိက အတိုက်အခံ ပါတီများ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အင်အားစုနှင့် ဒီမိုကရေစီ ပါတီ (မြန်မာ) တို့သည် ကိုယ်စားလှယ်လောင်း ၁၆၀ နှင့် ၄၉ ဦးမျှသာ အသီးသီး မှတ်ပုံတင် နိုင်ခဲ့ကြသည်။

အစိုးရ လိုလားသော ပါတီများ ဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီတို့မှာမူ ကိုယ်စားလှယ်လောင်း ၁၁၆၀ နှင့် ၉၉၀ စီ အသီးသီး ပါဝင် ယှဉ်ပြိုင်ကြမည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော ပါတီ ၃၇ ခု ရှိသော်လည်း စစ်တပ်က လိုလားသော ပါတီများ သာလျှင် အမျိုးသားလွှတ်တော၊် ပြည်ထောင်စု လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်များတွင် အများစု အနိုင်ရရန် ကိုယ်စားလှယ်လောင်း လုံလုံလောက်လောက် ကွင်းဆင်း စည်းရုံးနိုင်ခဲ့သည်။

လူတစ်ဦး၏ တစ်နှစ် ပျှမ်းမျှဝင်ငွေ ဒေါ်လာ ၆၀၀ ပင် မပြည့်သော တိုင်းပြည်တွင် ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေး ဒေါ်လာ ၅၀၀ မှာ ကြီးမားသော အတားအဆီး တစ်ခု ဖြစ်သည်ဟု အများစုက စောဒက တက်ခဲ့ကြသည်။

မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကမူ လာမည့် ရွေးကောက်ပွဲတွင်  မဲမပေးကြရန် သူမ၏ ထောက်ခံသူများကို တိုက်တွန်းလျက် ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အဖျက်သိမ်းခံ NLD ပါတီတို့က ၎င်းတို့ ရွေးကောက်ပွဲ မဝင်နိုင်အောင် တားမြစ်ရန် ရည်ရွယ်ထားပုံ ရသည့် အစိုးရ ပြဋ္ဌာန်းသော ရွေးကောက်ပွဲ ဥပဒေများကို ဆန္ဒပြသည့် အနေဖြင့် လာမည့် ရွေးကောက်ပွဲများကို သပိတ်မှောက်ထားသည်။

၁၉၉၀ ခုနှစ်က နောက်ဆုံး ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင် ရရှိခဲ့စဉ်က အနိုင်ရ ပါတီအား အာဏာ လွှဲပြောင်းပေးရန် စစ်အုပ်ချုပ်သူများက ငြင်းဆန်ခဲ့ကြသည်။

ရွေးကောက်ခံ ဝန်ကြီးချုပ် ဦးနုအား ဗိုလ်ချုပ်ကြီး နေဝင်းက အာဏာ သိမ်းခဲ့သည့် ၁၉၆၂ နောက်ပိုင်း ပထမဆုံး ကျင်းပသော ၁၉၉၀ ဒီမိုကရေစီ ရွေးကောက်ပွဲများတွင် ပါတီပေါင်း ၉၃ ခု ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။

အကယ်၍ နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ဒီမိုကရေစီ လိုလားသော ပါတီများ အနိုင် ရရှိခဲ့သည့် တိုင်အောင် လက်ရှိ စစ်အုပ်ချုပ်သူများက ၂၅ % ကြိုတင်နေရာယူထားသည့် အထက် လွှတ်တော်တွင် ဥပဒေ ပြဋ္ဌာန်းမှုကို တပ်မတော်က ပိတ်ဆို့နိုင်စေရန် အခြေခံ ဥပဒေသစ်က အခွင့်အရေး ပေးထားပြီး ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြောက်ကိုရီးယား နိုင်ငံ၊ ပြုံယမ်း မြို့တော်တွင် စက်တင်ဘာလ ၂၈ ရက်နေ့က ကျင်းပ ပြုလုပ်သော ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးပွဲသည် ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်၏ သားသုံးဦး အနက် တစ်ဦးနှင့် အခြား မိသားစုဝင်များအား ပါတီ၏ ခေါင်းဆောင်ပိုင်း ရာထူး အပ်နှင်းရန် ဖြစ်ကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။

ထို့ပြင် အဆိုပါ အစီအစဉ်သည် ကင်ဂျုံအီလ်၏ နေရာကို ဆက်ခံမည့်သူ ရွေးချယ်မည့် အစီအစဉ် တစ်စိတ် တစ်ပိုင်းလည်း ဖြစ်သည်။ မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန ဖြစ်သော KCNA က အာဏာရ အလုပ်သမား ပါတီသည် ပါတီ၏ အရေးကြီးသော ခေါင်းဆောင်ပိုင်း နေရာ ရွေးချယ် ခန့်အပ်နိုင်ရေး အတွက် ကွန်ဖရင့်ကြီး တစ်ရပ်ကို စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ်က ကြေညာချက် ထုတ်ပြန်သည်။ မူလက အဆိုပါ ဆွေးနွေးပွဲကို စက်တင်ဘာ လဆန်းပိုင်းတွင် ကျင်းပမည်ဟု ဇွန်လ အတွင်းက ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း မည်သည့် အကြောင်းကြောင့် နှောင့်နှေးခဲ့ရသည် ဟူသော အချက်ကို KCNA က ထုတ်ပြန်မှု မပြုပေ။

ပြုံယမ်းမြို့တော် ဘူတာရုံသို့ အလုပ်သမား ပါတီ ကိုယ်စားလှယ်များ စက်တင်ဘာလ ၂၈ ရက်နေ့က ရောက်ရှိလာပုံကို APTN သတင်းဌာနက ထုတ်လွှင့် ပြသသည်။ "ကိုရီးယား အလုပ်သမား ပါတီ ဆွေးနွေးပွဲသို့ တက်ရောက်လာသော ကိုယ်စားလှယ်များကို နွေးထွေးစွာ ကြိုဆိုသည်" ဟူသော ပိုစတာဖြင့် ကြိုဆိုခဲ့ကြပုံကိုလည်း ထုတ်လွှင့်ပြသည်။

မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာနက ကိုယ်စားလှယ်များ ရောက်ရှိလာမှုကို သတင်း အကျဉ်းချုံး ထုတ်ပြန် ကြေညာသော်လည်း ဆွေးနွေးပွဲနှင့် ပတ်သက်၍ အသေးစိတ် သတင်း ထုတ်ပြန်မှု မပြုပေ။

မြောက်ကိုရီးယား ထိပ်တန်း သတင်းစာ တစ်စောင် ဖြစ်သော Rodong Sinmun က အလုပ်သမား ပါတီကို ချီးကျူး ဂုဏ်ပြုသော ဆောင်းပါးတစ်ပုဒ် ရေးသား ဖော်ပြသည်။ ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်အပေါ် ပါတီ၏ သစ္စာ စောင့်သိမှုကိုလည်း ထုတ်ဖော်ခဲ့သည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။