Transparency Myanmar

transparency.myanmar@gmail.com

Reuters, 30th September 2010

မြန်မာအစိုးရ လက်နက်ကိုင် တပ်ဖွဲ့များသည် အလုပ်ဖြစ် ရှင်သန်နေသော မူးယစ်ဆေးဝါး ကုန်သွယ်ရေးကို နှိမ်နှင်းရန် ကြိုးစားခြင်းထက် ၎င်းအပေါ်မှ ဝင်ငွေများ ရရှိနေပြီး နယ်စပ်အနီး ဘိန်းစိုက်ပျိုးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့နှင့် သဘော တူညီမှုများ ပြုလုပ်နေသည်ဟု ယနေ့ အစီရင်ခံစာ တစ်စောင်က ဖော်ပြသည်။

ဒီဇင်ဘာလ ကုလသမဂ္ဂ လေ့လာရေး အစီရင်ခံစာတွင် ရှမ်းပြည်မြောက်ပိုင်း၌ ဘိန်းထုတ်လုပ်မှု ကြီးထွားနေကြောင်း ဖော်ပြခဲ့ပြီးနောက် ထိုင်းအခြေစိုက် ရှမ်းသံတော်ဆင့် သတင်းစာ ဦးဆောင်သည့် ရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့်ရေး စီမံချက်၏ အစီရင်ခံစာ ဆက်လက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အာဖကန် နစ္စတန်၏ နောက်တွင် ကမ္ဘာ့ ဒုတိယ အကြီးဆုံး ဘိန်းထုတ်လုပ်သူ မြန်မာနိုင်ငံ၏ ဘိန်း ၉၅ % ကို အဆိုပါ ဒေသတွင် စိုက်ပျိုး ထုတ်လုပ်ခြင်း ဖြစ်သည်။

ဆယ်စုနှစ် ပေါင်းများစွာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများကဲ့သို့ ရှင်သန်ခဲ့ပြီး လာမည့် ရွေးကောက်ပွဲ မတိုင်မီ လက်နက် ချရန် အစိုးရ၏ တောင်းဆိုမှုကို ငြင်းဆန်နေကြသော လက်နက်ကိုင် သူပုန်များကို တိုက်ခိုက်ရန် အကြောင်းရင်း တစ်ခုအဖြစ် မြန်မာအစိုးရက မူးယစ်ဆေးဝါး ကုန်သွယ်ရေးကို အသုံးချလျက် ရှိသည်။

စစ်အစိုးရ၏ နိုင်ငံရေး လုပ်ငန်းစဉ်သို့ ပူးပေါင်းရန် ငြင်းဆန်မှု အပေါ်တွင် လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားလာဖွယ် ရှိသဖြင့် လက်နက်ခဲယမ်း စုဆောင်းရေး အတွက် ငွေရှာရန် ဝ တပ်ဖွဲ့ (UWSA) ကဲ့သို့သော တရုတ်မျိုးနွယ်စု သူပုန်များက ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုကို တိုးမြှင့်လာခြင်း ဖြစ်သည်ဟု လေ့လာသူများက ပြောကြားသည်။

သို့ရာတွင် ၂၀၀၄ ခုနှစ် နောက်ဆုံးထား၍ ဖယ်ရှားရန် သန္နိဋ္ဌာန် ချထားသည်ဟု ဆိုသော ဝင်ငွေကောင်း မူးယစ်ဆေးဝါး ကုန်သွယ်ရေးကို တိုက်ဖျက်မည့် အစိုးရ၏ ကတိကဝတ်အပေါ် သံသယ ရှိကြောင်း ယခု အစီရင်ခံစာက ညွှန်ပြနေသည်။

လက်နက်ကိုင် သူပုန်များသည် ထိုင်း-မြန်မာ နယ်စပ် တစ်လျှောက်တွင် မူးယစ်ဆေးဝါး စက်ရုံသစ်များ "တည်" နေကြသည်ဟု အစီရင်ခံစာ ရေးသားသူ ခွန်ဆိုင်းဂျာရန်က ဆိုသည်။ "သူတို့ဟာ အစိုးရအပေါ် နိုင်ငံရေး သစ္စာစောင့်သိမှုကြောင့် ဆုလာဘ်တွေ ရနေတာပါ" ဟု ၎င်းက အစီရင်ခံစာတွင် ဖော်ပြသည်။ ဟီးရိုးအင်း ချက်လုပ်ရန် အတွက် ဘိန်းစေး ခြစ်ရန် ပေါ်ပီပင်ကို ရှမ်းပြည်နယ် ၅၅ မြို့နယ် အနက် ၄၆ မြို့နယ်တွင် စိုက်ပျိုးကြပြီး ၎င်းမြို့နယ် အများစုမှာ မြန်မာစစ်တပ်၏ ထိန်းချုပ်မှု အောက်တွင် ရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးသည့် မြေအကျယ်အဝန်းမှာ ၂၀၀၆ ခုနှစ် နောက်ပိုင်း ၅၀ % မြင့်တက်လာကာ ၇၈၃၃၀ ဧကသို့ ရောက်ရှိခဲ့သည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ် မှုခင်း ဆိုင်ရာ ဌာန UNODC က ယခင်နှစ်က ပြောကြားခဲ့သည်။

မြန်မာနှင့် တရုတ်၊ ထိုင်း၊ လာအိုတို့ နယ်နိမိတ်ချင်း ထိစပ်နေသော ရွှေတြိဂံ နယ်မြေမှာ အရှေ့တောင် အာရှ၏ အဓိက ဘိန်းထုတ်လုပ်ရာ ဒေသ ဖြစ်သည်။

မြန်မာနိုင်ငံ၏ အကြီးဆုံးဒေသ ရှမ်းပြည်နယ်သည် တိုင်းရင်းသား လက်နက်ကိုင် အုပ်စု များစွာ၏ ဇာတိ နေအိမ် ဖြစ်ပြီး ၎င်းတို့၏ ကိုယ်စား ပြုမှုကို အခြေခံ ဥပဒေက ကန့်သတ်ထားခြင်း တို့ကြောင့် နိုဝင်ဘာ ရွေးကောက်ပွဲကို ပူးပေါင်း ပါဝင်ရန် ငြင်းဆန်ထားကြသည်။

အမှန်တကယ်တွင် မြန်မာနိုင်ငံကို ၎င်းတို့၏ နိုင်ငံအဖြစ် အသိအမှတ်ပြုသူ လက်နက်ကိုင် အုပ်စု အနည်းငယ်သာ ရှိပြီး လတ်တလော ဖွဲ့စည်းထားသော တိုင်းရင်းသား နိုင်ငံရေး ပါတီများ ရှိနေသော်လည်း ရွေးကောက်ပွဲသည် ဒေသတွင်း ထောက်ခံမှု များစွာ ရမည့် လက္ခဏာ မရှိပါ။ သူပုန်များကလည်း မဲရုံကို ဖျက်ဆီးရန် ကြိုးစားနိုင်ဖွယ် ရှိသည်။

မြန်မာ အစိုးရကလည်း လွတ်လပ် မျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်ရန် မလွယ်ကူသော အနေအထား ရှိသည့် ကျေးရွာပေါင်း ၃၀၀ တွင် မဲပေးပွဲကို ပယ်ဖျက်ကြောင်း ယခုလ အစောပိုင်းတွင် ကြေညာခဲ့ရာ ရှမ်းပြည်နယ်မှ ကျေးရွာ အများစု ပါဝင်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bangkok Post, 30th September 2010

ထိုင်းနိုင်ငံ ၀န်ကြီးချုပ် Abhisit Vejjajiva သည် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု ခိုင်မာစေရေး အတွက် လာမည့် လတွင် မြန်မာနိုင်ငံသို့ တစ်ရက်တာ သွားရောက် လည်ပတ်ရန် စီစဉ်လျက် ရှိသည်။

Abhisit သည် ရွေးကောက်ပွဲ ပြီးနောက် မြန်မာ အစိုးရ၏ အစီအစဉ်များကို နားထောင်မည် ဖြစ်ပြီး၊ အတိုက်အခံ ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား အကျဉ်းကျ နေသူများ၏ အခြေအနေနှင့် တိုင်းရင်းသား အုပ်စုများ၏ ပြဿနာများကို ဆွေးနွေးမည် ဖြစ်သည်။

ယင်းသည် အောက်တိုဘာ (၁၁) ရက်တွင် သွားရောက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

နိုင်ငံခြားရေး ၀န်ကြီး Kasit Piromya က ပြောကြားရာတွင် ထိုင်းသည် မြန်မာနိုင်ငံနှင့် နယ်စပ် ညှိနှိုင်းရေး ပြင်ဆင်မှုများ၊ နှစ်နိုင်ငံ ဆက်သွယ်မှု၊ လမ်းနှင့် တံတားများ တည်ဆောက်မှု၊ ထိုင်းအစိုးရက ငွေကြေး ထောက်ပံ့နေသော ကော့ကရိတ်ရှိ လမ်းဖောက်လုပ်မှု တိုးတက်မှုများကို ဆွေးနွေးမည် ဖြစ်သည်ဟု ဆိုသည်။

"ထိုင်းအစိုးရဟာ မြန်မာနိုင်ငံရဲ့ အခုမှ စတင်တဲ့ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးနဲ့ တံခါးဖွင့် စီးပွားရေး မူဝါဒတွေကို လေ့လာလိုပါတယ်။ ထိုင်း ပုဂ္ဂလိက ကဏ္ဍက ၀င်ရောက်နိုင်မယ့် အခြေအနေကိုလည်း လေ့လာလိုပါတယ်။ စီးပွားရေး မျက်နှာစာမှာ ထိုင်းအနေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အသင့် ရှိနေတယ် ဆိုတာ သိစေချင်ပါတယ်" ဟု ထိုင်းနိုင်ငံခြားရေး ၀န်ကြီးက ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, By Ali Kotarumalos, 30th Sept 2010

လူဦးရေ ပြည့်ကျပ်လွန်းပြီး ကားများ ပိတ်ဆို့လွန်းသော၊ ရေကြီးတတ်သော မြို့တော်အတွက် အင်ဒိုနီးရှား သမ္မတ၏ အဖြေမှာ မြို့တော်ကို ပြောင်းရွှေ့ရေးပင် ဖြစ်သည်။

"ဓမ္မဓိဋ္ဌာန် ကျကျ ရိုးရိုးသားသား ပြောရမယ်ဆိုရင် ဂျကာတာဟာ စံပြမြို့တော် တစ်ခု မဟုတ်တော့ပါဘူ" ဟုSusilo Bambang Yudhoyono က ပြောကြားခဲ့သည်။ ၎င်းသည် သစ်တောများ ဖုံးလွှမ်းနေသော ဘော်နီကျွန်းသို့ မြို့တော်အတွက် နေရာရှာရန် အဖွဲ့များ စေလွှတ်ခဲ့သည်။

ယခင်ကတည်းက မြို့တော်ကို ပြောင်းရွှေ့ရန် အဆိုပြု တင်ပြခဲ့ဖူးရာ၊ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခု အနေဖြင့် ဒေါ်လာ (၁၁) ဘီလီယံ ကုန်ကျမည်ဖြစ်၍ အစီအစဉ် ပျက်သွားခဲ့ဖူးသည်။ ယခုလည်း ထိုသို့သော ကံကြမ္မာမျိုး ဖန်မလာနိုင်ဟု မပြောနိုင်သေးပေ။ လူဦးရေ (၁၀) သန်း ရှိသော မြို့ကြီးအဖို့ ချုပ်ရိုးကွဲသလို ပေါက်ကွဲ မထွက်မီ တစ်ခုခု လုပ်ရန် လိုအပ်သည်မှာ ထင်ရှားကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

မိုးတွင်း ကာလတွင် ခါးလောက်ရှိသော ရေများ လမ်းများ မြုပ်နေပြီး၊ အိမ်များထဲသို့ စီးဝင်ခြင်းတို့ ဖြစ်ကာ တစ်ခါတစ်ရံ ဒါဇင်ပေါင်း များစွာသော လူများ ဓါတ်လိုက် သေဆုံးကြရသည်။

ကားပေါင်း (၆.၇) သန်းသည် လမ်းမပေါ်တွင် သွားလာနေပြီး ဖြစ်သော်လည်း နေ့စဉ် ကားအသစ် (၅၀၀) ကျော်နှင့် မော်တော်ဆိုင်ကယ် (၁၅၀၀)ခန့် ထပ်မံ ဝင်ရောက်နေသည်။ ထို့ကြောင့် ကားများ၏ ရွှေ့လျားနှုန်းသည် တစ်နာရီလျှင် ၆ မိုင် (၁၀ ကီလိုမီတာ) နှုန်းသာ ရှိပြီး မြို့ထဲတွင် ရွေ့ရွေ့ဖြင့် နှစ်နာရီခန့် ကြာအောင် စောင့်ဆိုင်းရတတ်သည်။

ထို့ကြောင့်ပင် ဂျကာတာသည် ကုန်ကျစရိတ်များ ပိုမိုလျက် ရှိသည်။ မြေအောက်ရထား မရှိသော အကြီးဆုံး မြို့တော်ကြီးတွင် တစ်နှစ်လျှင် ပျောက်ဆုံးသွားသော အချိန်နှင့် လောင်စာဆီ အတွက် ဒေါ်လာ (၁.၄) ဘီလျံ ကုန်ကျလျက် ရှိကြောင်း အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် Yopie Hidayat က ပြောကြားခဲ့သည်။

ကားများစွာ သွားနိုင်သော လမ်းကျယ်ကြီးများ ဖောက်လုပ်ခြင်းသည် အမှန်တကယ်၌ အခြေအနေကို ပို၍ ဆိုးဝါးစေသည်။

ယာဉ်မောင်းသူများသည် ဂျော်ကီဟု ခေါ်သော ခရီးသည်များကို စောင့်၍ တင်ကြရသည်။ သို့မှသာ သတ်မှတ်ထားသော လမ်းကို အသုံးပြု၍ ရမည် ဖြစ်သည်။

"ရှေ့ဆက် သွားချင်တယ် ဆိုရင် ရွေးစရာလမ်း မရှိပါဘူး။ တစ်ယောက်ယောက်ကို ခေါ်တင်ရပါမယ်" ဟု ခရီးရှည် ကားမောင်းရသူ Yahya Irwandi က လေထဲတွင် လက်ညှိုး ထောင်၍ လမ်းဘေးတွင် စောင့်ဆိုင်းနေသော လူတန်း ရှည်ကြီးကို ရည်ညွှန်း၍ ပြောဆိုခဲ့သည်။

မြို့တော်၏ အိုဟောင်းနေသော အခြေခံ အဆောက်အဦးသည် လွန်ခဲ့သော ရာစုနှစ် ဒတ်ခ်ျ ကိုလိုနီ လက်ထက် ကတည်းက ဖြစ်ရာ တစ်စစီ ကျိုးပဲ့ ပျက်စီးနေသည်။

ယခုလ အစောပိုင်းက လေးလမ်းသွား အဝေးပြေး လမ်းမကြီး၏ ပေ (၃၀၀) (၁၂၅-မီတာ) ခန့် ရှိသော အပိုင်းသည် ဂျကာတာ မြောက်ပိုင်း၌ မြစ်ထဲသို့ ကျိုးကျသွားခဲ့သည်။

မြို့၏ တစ်ဖက်ခြမ်းတွင် လွန်ခဲ့သော နှစ်တစ်ရာက ဆောက်လုပ်ထားသော တူးမြောင်းတစ်ခု၏ ရေကြီးမှုကို ကာကွယ်ရန် ပြုလုပ်ထားသော ၃၇၅ပေ(၁၂၅-မီတာ) ရှိ ရေထိန်း နံရံကြီး ပြိုကျခဲ့သည်။

ဘရာဇီး၊ ပါကစ္စတန်၊ မလေးရှားနှင့် မြန်မာနိုင်ငံ အစရှိသော နိုင်ငံ အချို့သည် နိုင်ငံရေး၊ စီးပွားရေးစသည် အကြောင်း ပြချက်များဖြင့် မြို့တော်များကို ရွှေ့ပြောင်းခဲ့ကြသည်။

အင်ဒိုနီးရှားသည် မြို့တော် ရွှေ့ပြောင်းရန် လွန်ခဲ့သော နှစ်ငါးဆယ်ခန့် ကတည်းက စတင် စဉ်းစားခဲ့ခြင်း ဖြစ်သည်။

အင်ဒိုနီးရှား၏ ပထမဆုံး သမ္မတ ဆူကာနိုသည် မြို့တော်ကို ဘော်နီယိုသို့ ရွှေ့ရန်  အကြံပြုခဲ့ဖူးသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် တိုင်းပြည်၏ ကျွန်းပေါင်း (၁၇၀၀၀) ကျော်ကို ညီတူညီမျှစီ တိုးတက် ဖွံ့ဖြိုးစေလို၍ ဖြစ်သည်။

၎င်းသည် ဂျတာကာအား ဆိပ်ကမ်းမြို့ အဖြစ်သာ အသိအမှတ် ပြုခဲ့သည်။

၎င်းအား ဆက်ခံသူ ဆူဟာတိုကလည်း ၁၉၉၈ ခုနှစ် ဒီမိုကရေစီ ဘက်တော်သားများက လမ်းပေါ် ဆန္ဒပြမှုများဖြင့် ဖြုတ်မချမီက ဂျကာတာ အရှေ့ဖက်မိုင် ၃၀ (၅၀ကီလိုမီတာ) အကွာရှိ Jonggol သို့ ပြောင်းရွှေ့ရန် တိုက်တွန်းခဲ့ဖူးသည်။

Yudhoyono သည် အဆိုပါ နေရာ နှစ်ခုစလုံးကို စဉ်းစားလျက် ရှိသည်။ သို့သော် ယခုမှ စ၍ ပြုလုပ်သည့်တိုင် မြို့တော်သစ်သည် အနည်းဆုံး နောက်ထပ် ဆယ်နှစ် အလုပ် ဖြစ်လိမ့်ဦးမည် မဟုတ်ကြောင်း ၎င်းက သိနေသည်ဟု သမ္မတရုံးမှ Velix Wanggai က ပြောသည်။

အင်ဒိုနီးရှား တက္ကသိုလ်မှ Demography Imstitute မှ ဒါရိုက်တာ Sonny Harry Harmadi ကလည်း ပြောင်းရွှေ့ရေးကို သဘောတူသူ ဖြစ်သည်။

"လာမည့် ငါးနှစ်အတွင်း အရာရာ ပြည့်ကျပ်နေမှု ပြဿနာကို ဖြေရှင်းနိုင်မလားလို့ ဂျကာတာ အစိုးရကို အခုပဲ မေးခဲ့ပါတယ်။ မဖြေရှင်းနိုင်ရင်တော့ ပြောင်းရမှာပေါ့" ဟု ၎င်းက ပြောသည်။

မြို့ပြမူဝါဒ ကျွမ်းကျင်သူနှင့် အကြံပေးပညာရှင် Wendell Cox က မြို့တော် ပြောင်းရွှေ့ သွားသည့်တိုင် ဂျကာတာသည် စီးပွားရေး ဗဟိုဌာန အဖြစ် ရှိနေဦးမည် ဖြစ်ပြီး လူဦးရေ တိုးတက်မှု နှုန်းမှာလည်း ကြေက်ခမန်းလိလိ ဖြစ်နေဦးမည်ဟု သုံးသပ်ထားသည်။

မြို့တော် ပြောင်းရွှေ့ခြင်းသည် ငွေဖြုန်းတီးမှု တစ်ခုသာ ဖြစ်ကြောင်း၊ ထိုငွေများဖြင့် ဆင်းရဲမွဲတေမှု လျော့ချရေး ကဲ့သို့သော ပြဿနာ ဖြေရှင်းရေးများတွင် ထိရောက်စွာ အသုံးပြုနိုင်သည်ဟု ၎င်းက ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Korea Times, 30th September 2010

အမေရိကန် ပြည်ထောင်စု စပိုင် ထောက်လှမ်းရေး အကြီးအကဲသည် ယခု သီတင်းပတ် ကုန်တွင် ဆိုးလ်သို့ သွားရောက်ကာ မြောက်ကိုးရီးယားမှ အဖေမှသား အာဏာ လွှဲပြောင်းမှုအပေါ် သတင်း အချက်အလက် ဖလှယ်မည်ဟု အစိုးရ သတင်း ရပ်ကွက်က ကြာသပတေးနေ့တွင် ပြောကြားသည်။

ဗဟို ထောက်လှမ်းရေး အဖွဲ့ CIA ညွှန်ကြားရေးမှူး Leon Panetta သည် အင်ချွန်း နိုင်ငံတကာ လေဆိပ်သို့ စနေနေ့တွင် ထွက်ခွာရန် စီစဉ်ထားသည်ဟု သိရှိရသည်။ ယင်းသည် အမျိုးသား ထောက်လှမ်းရေး ဌာန ညွှန်ကြားရေးမှူး ၀န်ဆီဟွန်၊ ကာကွယ်ရေး ၀န်ကြီး ကင်တေယန်းတို့ အပါအ၀င် အဓိက ကိုးရီးယား လုံခြုံရေး တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံမည် ဖြစ်ပြီး သမ္မတ လီမြောက်ဘက်နှင့်လည်း သွားရောက် တွေ့ဆုံမည်ဟု ဆိုသည်။

"စီအိုင်အေ ညွှန်ကြားရေးမှူး Panetta ရဲ့ ခရီးစဉ်ကို အစောပိုင်း ကတည်းက စီစဉ်ထားပေမယ့် မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအီရဲ့ တတိယသားကို အစိုးရ အဖွဲ့ရဲ့ နံပါတ် ၂ နေရာပေးပြီးတဲ့ နောက်မှာ အချိန်ကိုက် ထွက်ပေါ်လာတာပါ။ ဒါကြောင့် သတင်း အချက်အလက် ပေါင်းစုံကို မျှဝေ ဖလှယ်နိုင်ပါလိမ့်မယ်" ဟု အမည် မဖော်လိုသော သတင်းပေးသူက ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 29th September 2010

အမေရိကန် ပြည်ထောင်စုနှင့် တရုတ် နှစ်နိုင်ငံအကြား ၆ လကျော် ဆက်ဆံရေး ကျဲနေခဲ့ပြီးနောက် စစ်ဖက် ဆက်ဆံမှုများကို ပြန်လည် စတင်တော့မည်ဟု သိရသည်။

လာမည့်လတွင် ဟာဝိုင်ရီ နှစ်ဖက် ရေတပ် ဆွေးနွေးပွဲများ ပြုလုပ်ပြီးလျှင် နှစ်မကုန်ခင် ၀ါရှင်တန် ထိပ်ပိုင်းအဆင့် ဆွေးနွေးပွဲများကို ဆက်လက် ပြုလုပ်မည်ဟု အမေရိကန် တာဝန်ရှိသူများက ပြောကြားသည်။

အမေရိကန် ဒုတိယ လက်ထောက် ကာကွယ်ရေး ၀န်ကြီး Michall Schiffer ဘေဂျင်းသို့ သွားရောက်ပြီးနောက် ယခု ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုင်ဝမ်သို့ ဒေါ်လာ ၆.၄ ဘီလျံ တန်ဖိုးရှိ လက်နက်များ ရောင်းချမည့် အစီအစဉ်ကို အမေရိကန် ပြည်ထောင်စုက ကြေညာခဲ့ပြီးနောက် ဇန်န၀ါရီလတွင် တရုတ်က စစ်ဖက် ဆက်ဆံရေးများကို ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။ ဘေဂျင်းက ထိုင်ဝမ်ကို ခွဲထွက် ပြည်နယ် တစ်ခုအဖြစ် သတ်မှတ် ယူဆထားသည်။

တရုတ် ပြည်မသည် ထိုင်ဝမ်ကျွန်းကို ဒုံးကျည် ၁၀၀၀ ကျော်ဖြင့် ချိန်ရွယ်ထားပြီး အကယ် ကျွန်းနိုင်ငံကသာ တရားဝင် လွတ်လပ်ရေး ရရှိရန် ကြိုးပမ်းခဲ့ပါက အင်အားသုံး သိမ်းပိုက်မည် ဟုလည်း ခြိမ်းခြောက်ထားသည်။

အမေရိကန် ပြည်ထောင်စုသည် ထိုင်ဝမ်၏ အကြီးဆုံး မဟာမိတ်နိုင်ငံ ဖြစ်ပြီး ကျွန်းနိုင်ငံ၏ ကာကွယ်ရေးကို ကူညီရန် ထိုင်ဝမ် ဆက်ဆံရေး အက်ဥပဒေကို ပြဌာန်းထားသည်။

အဆိုပါ လက်နက် ရောင်းချမှုသည် တရုတ်နှင့် ထိုင်ဝမ်အကြား လုံခြုံမှုနှင့် တည်ငြိမ်မှုကို ဖြစ်ပေါ် စေလိမ့်မည်ဟု အမေရိကန်တို့က ဖေဖော်ဝါရီလတွင် ပြောကြားခဲ့သည်။

နားလည်မှု အလွဲများနှင့် လွဲမှား ကောက်ယူမှုများကို လျှော့ချရန်နှင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရန်အတွက် ဒိုင်ယာလော့သည် မရှိမဖြစ် လိုအပ်ကြောင်းကို နှစ်ဖက်စလုံးက သဘောတူ ခဲ့ကြသည်ဟု ပင်တာဂွန် ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Dave Lepan ၏ ပြောကြားမှုအရ သိရှိရသည်။

ယခုနှစ် အတွင်း အင်တာနက်မူဝါဒ၊ တိဘက် ပြဿနာ၊ အမေရိကန် ကုန်သွယ်ရေး လိုငွေ ပြမှုနှင့် တောင်တရုတ် ပင်လယ်တွင် တရုတ်နိုင်ငံက ပိုင်နက် ကြေညာမှုများကြောင့် ဘေဂျင်းနှင့် ၀ါရှင်တန် အကြား ဆက်ဆံရေး "တန်း"သွားခြင်း ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ယွမ်ငွေကြေး တန်ဖိုးကိစ္စနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ အပေါ် ဖိအားပေးရန် ရည်ရွယ်သည့် ဥပဒေမူကြမ်း တစ်ရပ်အား အမေရိကန် ကွန်ဂရက် လွှတ်တော်က အတည်ပြုလိုက်မှုသည် နှစ်နိုင်ငံ ကုန်သွယ်မှုကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်သည်ဟု ဘေဂျင်း အစိုးရက သတိပေးလိုက်ပြီး ယင်းဥပဒေ မူကြမ်းကိုလည်း ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်ကြောင်း စက်တင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ဖော် ပြောဆိုလိုက်သည်။

တရုတ် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက အမေရိကန်၏ ဥပဒေ မူကြမ်းသည် ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ (WTO) ၏ ဥပဒေ စည်းမျဉ်း စည်းကမ်းများကို ချိုးဖောက်ရာ ရောက်သည်ဟု ကြေညာချက် ထုတ်ပြန်ပြီး တရုတ်နိုင်ငံသည် ယွမ်ငွေတန်ဖိုးကို တမင်တကာ နှိမ့်ချထားခြင်း မဟုတ်ဟု အခိုင်အမာ ဆိုခဲ့ပြီးနောက် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က အထက်ပါ အတိုင်း ပြောဆို ဝေဖန်လိုက်ခြင်း ဖြစ်သည်။

အမေရိကန် လွှတ်တော်က စက်တင်ဘာလ ၂၉ ရက်နေ့တွင် တရုတ် နိုင်ငံအပေါ် ကုန်သွယ်ရေးအရ ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်နိုင်သော ဥပဒေမူကြမ်း တစ်ရပ်ကို အတည်ပြု ပေးခဲ့သည်။ တရုတ်နိုင်ငံသည် အမေရိကန်နှင့် ကုန်သွယ်မှုတွင် အသာစီး ရရှိစေရန် ယွမ်ငွေ တန်ဖိုးကို လျှော့ချထားခဲ့သောကြောင့် အမေရိကန် ကွန်ဂရက်က ယင်းသို့ ဥပေဒမူကြမ်း တစ်ရပ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း လေ့လာ ဆန်းစစ်သူများက ဆိုသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.