Transparency Myanmar

transparency.myanmar@gmail.com

မြောက်ကိုရီးယား ခေါင်းဆောင်သစ်များ လက်ထက်တွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများ ကဏ္ဍပေါင်းစုံ၌ တိုးချဲ့ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ပြောကြားလိုက်သည်။

တရုတ်နိုင်ငံ၊ မြို့တော် ဘေဂျင်းသို့ ရောက်ရှိနေသော မြောက်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံရာ၌ ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ယင်းသို့ ထုတ်ဖော် ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း Xinhua သတင်းဌာနက ရေးသား ဖော်ပြသည်။

"နှစ်နိုင်ငံ အပြန်အလှန် ဆက်သွယ်မှု မြှင့်တင်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာများ ပူးပေါင်း ဆောင်ရွက်ရေးအတွက် မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်းနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည်" ဟု ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ပြောကြားကြောင်း Xinhua သတင်းဌာနက ဆိုသည်။

မြောက်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့ကို အလုပ်သမား ပါတီ၏ အတွင်းရေးမှူးချုပ်နှင့် နိုင်ငံရေး ဗျူရို အဖွဲ့ဝင် မစ္စတာ Choe Thae Bok က ဦးဆောင်သည်။ ယင်းအဖွဲ့သည် မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်က စက်တင်ဘာ လကုန်ပိုင်းတွင် ပါတီ ခေါင်းဆောင်သစ်များ ရွေးချယ်ခန့်လိုက်ပြီးနောက် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

Bloomberg မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ နယ်နိမိတ် အငြင်းပွားမှု ဖြေရှင်းမည့် ပူးတွဲ နည်းပညာ ဆိုင်ရာ ကော်မတီအတွက် မြန်မာ နိုင်ငံဘက်မှ ကိုယ်စားလှယ် တစ်ဦး ခန့်အပ်မည့် ကိစ္စကို မြန်မာ စစ်အစိုးရက မသိကျိုးနွံ ပြုလျက် ရှိကြောင်း သိရသည်။ အဆိုပါ နယ်စပ်ဒေသ ပြဿနာကြောင့် ထိုင်းနိုင်ငံအတွက် ကုန်သွယ်ရေးတွင် ဒေါ်လာ သန်းနှင့်ချီ၍ ဆုံးရှုံးလျက် ရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့က အဆိုပါ ကော်မတီ ပူးတွဲ တည်ထောင်ရန် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ အစိုးရတို့ သဘောတူ ခဲ့ကြသည့်တိုင် ယနေ့အထိ ထူးခြားမှု မရှိသေးကြောင်း ထိုင်းနိုင်ငံ ဘက်မှ ထိုင်း-မြန်မာ နယ်စပ်ဒေသ ဆိုင်ရာ ပူးတွဲကော်မတီ အကြီးအကဲ Vasin Teeravechyan က ပြောကြားသည်။ ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ အကြား ဖြစ်ပေါ်နေသော နယ်စပ်ဒေသ အရေးကိစ္စကို နိုင်ငံရေး ဇာတ်မသွင်းရန် ၎င်းက ယခု ရက်သတ္တပတ် အတွင်း တိုက်တွန်း ပြောဆိုလိုက်သည်။

နှစ်နိုင်ငံ ကုန်သွယ်ရေး အတွက် အဓိက အချက်အခြာ ကျသော မဲဆောက်-မြဝတီ ဝင်ပေါက် လမ်းကြောင်းကို လအတန်ကြာ ပိတ်ပင်ထားခဲ့မှုကြောင့် ထိုင်းစီးပွားရေး လုပ်ငန်းများ အနေဖြင့် အမေရိကန် ဒေါ်လာသန်း ၁၀၀ ခန့် ဆုံးရှုံးခဲ့ရပြီး မြန်မာ နိုင်ငံတွင်လည်း ကုန်ပစ္စည်း ပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ရသည်။

ထိုင်း-မြန်မာ နယ်စပ်ဒေသရှိ သောင်းရင်းမြစ် ကမ်းပါး (ထိုင်းနိုင်ငံ ဘက်အခြမ်း) တွင် ထိုင်းအစိုးရက တမံ တည်ဆောက်ခဲ့မှု အပေါ် မြန်မာအစိုးရက မကျေနပ်၍ ယင်းသို့ နယ်စပ် ဝင်ပေါက် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်ဟု ယူဆရသည်။ ယခုကဲ့သို့ ထိုင်းဘက်က တမံ တည်ဆောက် လိုက်ခြင်းကြောင့် မြန်မာနိုင်ငံ ဘက်တွင် နယ်နမိတ် သတ်မှတ်မှုများ ပျက်ပြားသွားရသည်ဟု မြန်မာ အစိုးရက ဆိုသည်။

ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံသည် ကီလိုမီတာ ၂၄၀၁ ရှည်လျားသော နယ်စပ်ဒေသကို မျှဝေ ပိုင်ဆိုင်ထားသည်။ Vasin Teeravechyan ၏ အဆိုအရ လာမည့် အောက်တိုဘာလ ၁၁ ရက်တွင် မြန်မာ နိုင်ငံသို့ ထိုင်းဝန်ကြီးချုပ် အဖိဆစ်ဝိချာချီဝ လာရောက် လည်ပတ်ရာတွင် နယ်စပ်ဒေသ ပိတ်ပင်သည့် ကိစ္စကို အဓိက ဦးတည် ဆွေးနွေးဖွယ် ရှိသည်။ ထိုင်းဝန်ကြီးချုပ်သည် ယခင်က မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရန် နှစ်ကြိမ်တိတိ စီစဉ်ခဲ့သော်လည်း ပျက်ပြားခဲ့ရသည်။

Irrawaddy သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ပုဂ္ဂလိကပိုင် လေကြောင်းလိုင်း တစ်ခု ဖြစ်သော Myanmar Airway International (MAI) က ယခု အောက်တိုဘာ လကုန်မှ စ၍ ဘန်ကောက်နှင့် စင်ကာပူ အကြား နေ့စဉ် လေကြောင်း ခရီးစဉ် ပြေးဆွဲတော့မည် ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်းက သတင်း ထုတ်ပြန်သည်။ အဆိုပါ အစီအစဉ်သည် MAI ၏ စင်ကာပူ-ဘန်ကောက် အကြား ပြေးဆွဲမည့် ခရီးစဉ်သစ် တစ်ခု ဖြစ်ကြောင်း၊ အောက်တိုဘာလ ၃၁ ရက်နေ့မှ စ၍ မတ်လ ၂၆ ရက်နေ့အထိ အဲယားဘတ်စ် အမျိုးအစား လေယာဉ်များဖြင့် ပြေးဆွဲသွားမည် ဖြစ်ကြောင်း၊ လက်မှတ်များကို Authorized Agent များ မှတစ်ဆင့် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

MAI သည် ရန်ကုန်မှ ဘန်ကောက်၊ ကွာလာလမ်ပူ၊ စင်ကာပူ နှင့် ဂယာ (အိန္ဒိယ) သို့ လေကြောင်း ခရီးစဉ်များ ပြေးဆွဲ ပျံသန်းလျက် ရှိပြီး လာမည့် နိုဝင်ဘာလ ကုန်တွင်လည်း တရုတ်နိုင်ငံ ကွမ်ကျိုးသို့ လေကြောင်း ခရီးစဉ်သစ် စတင် ပြေးဆွဲရန် စီစဉ်ထားသည်။ ဤအတော အတွင်းမှာပင် ဗီယက်နမ် လေကြောင်းလိုင်း (VA) က နိုဝင်ဘာလ ၁၅ ရက်နေ့မှ စ၍ ဟိုချီမင်းနှင့် ရန်ကုန် တိုက်ရိုက် လေကြောင်း ခရီးစဉ် ပြေးဆွဲရန် စီစဉ်ထားကြောင်း သိရသည်။ VA သည် ဟနွိုင်းနှင့် ရန်ကုန် လေကြောင်းလိုင်း ပြေးဆွဲလျက် ရှိပြီး ဗီယက်နမ်နှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်မှု မြှင့်တင်ရန် အလို့ငှာ ယင်းသို့ ထပ်တိုး ပြေးဆွဲရန် စီစဉ်ခြင်း ဖြစ်သည်။

ပြည်တွင်း လေကြောင်းလိုင်း တစ်ခုဖြစ်သော နိုင်ငံပိုင် မြန်မာ့လေကြောင်း (MA) သည်လည်း ယခုအခါ တရုတ်နိုင်ငံမှ အဲယားဘတ်စ် အမျိုးအစား ခရီးသည်တင် လေယာဉ် သုံးစင်း ဝယ်ယူရန် စီစဉ်လျက် ရှိသည်။ လက်ရှိ ပြေးဆွဲနေသော F 32 ဖော်ကာ အမျိုးအစား လေယာဉ်များ နေရာတွင် အစားထိုးရန် ဝယ်ယူခြင်း ဖြစ်ကြောင်း လေကြောင်း အာဏာပိုင်များနှင့် နီးစပ်သော သတင်း ရင်းမြစ်များက ပြောသည်။

ယခုအခါ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ပြေးဆွဲနေသော နိုင်ငံခြား လေကြောင်းလိုင်း ၁၃ ခု ရှိသည်။ ယင်းတို့မှာ Air China၊ China Southern Airline၊ Thai Airways International၊ Indian Airlines၊ Qatar Airways၊ Silk Air၊ Malaysian Airlines၊ Bangkok Airways၊ Mandarin၊ Jetstar Asia၊ Phuket Airline၊ Thai Air Asia နှင့် Vietnam Airlines တို့ ဖြစ်သည်။

Xinhua သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

လာမည့် နိုဝင်ဘာလ ၇ ရက် ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပပြီးနောက် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရန် ထိုင်းဝန်ကြီးချုပ် အဖိဆစ်ဝိချာချီဝက စီစဉ်ထားကြောင်း MCOT သတင်းဌာနက ဆိုသည်။ ထိုင်းဝန်ကြီးချုပ်သည် ရွေးကောက်ပွဲ နောက်ပိုင်း ကာလ အိမ်နီးချင်း မြန်မာနိုင်ငံ၏ မူဝါဒကို သိရှိ နားလည်နိုင်ရန်နှင့် နယ်စပ် ကုန်သွယ်ရေး ဝင်ပေါက် ပိတ်ပင်ထားမှုနှင့် ပတ်သက်၍ မြန်မာ အာဏာပိုင်များနှင့် တွေ့ဆုံ ဆွေးနွေးရန် ဟူသော ရည်ရွယ်ချက်ဖြင့် လာရောက် လည်ပတ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Kasit Piromya က အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ကျင်းပ ပြုလုပ်သော ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ ပြောကြားသည်။

နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ကျင်းပ ပြုလုပ်သည့် ဒီမိုကရေစီ ရွေးကောက်ပွဲ ပြီးဆုံးသွားသည့် နောက်ပိုင်း ထိုင်းဝန်ကြီးချုပ် အဖိဆစ် အနေဖြင့်  မြန်မာ နိုင်ငံ၏ အုပ်ချုပ်ရေး မဟာဗျူဟာကို တိုက်ရိုက် ရရှိမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုင်းဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်သည် နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ် ပူပန်လျက် ရှိသည့် အရေးကိစ္စ ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးကိုလည်း မြန်မာ ခရီးစဉ်တွင် ထုတ်ဖော် ပြောဆိုရန် အခွင့်အရေး တစ်ခုပင် ဖြစ်သည်ဟု နိုင်ငံခြားရေး ဝန်ကြီးက ဖြည့်စွက် ပြောဆိုသည်။

ဤအတော အတွင်းမှာပင် ထိုင်းဝန်ကြီးချုပ်က မြဝတီ-မဲဆောက် နယ်စပ် တံခါးပေါက် ပိတ်ထားသည့် အရေးကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အာဏာပိုင်များနှင့် စေ့စပ် ညှိနှိုင်းရန် စီစဉ်ထားသည်။

ထိုင်းနိုင်ငံ၊ တက်ပြည်နယ် မဲဆောက်မြို့နှင့် မြန်မာနိုင်ငံ မြဝတီ နယ်စပ်မြို့ အကြား စစ်ဆေးရေး ဂိတ်ကို မြန်မာဘက်က ဇူလိုင်လ ၁၂ ရက်နေ့တွင် ပိတ်ပင်ခဲ့ရာ နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ များစွာ ကမောက်ကမ ဖြစ်ခဲ့ရသည်။

ထိုင်း-မြန်မာ လမ်းပန်း ဆက်သွယ်ရေး ကွန်ယက် ပိုမို ကောင်းမွန်အောင် လုပ်ဆောင်ရာတွင် နှစ်နိုင်ငံ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ရေးသည် လွန်စွာ အရေးကြီးသည့် ကိစ္စ ဖြစ်သကဲ့သို့ ဝန်ကြီးချုပ် အဖိဆစ် ခရီးစဉ်၏ အာဂျင်တာ တစ်ခုလည်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ထို့ပြင် ထိုင်းနိုင်ငံက ငွေကြေးစိုက်ထုတ် ထားသော လမ်းပန်း ဆက်သွယ်ရေး တည်ဆောက်မှု ဆိုင်ရာ စီမံကိန်းများသည်လည်း အခြားသော အာဂျင်ဒါများ အဖြစ် ပါဝင်မည် ဖြစ်သည်ဟု ဆိုသည်။

ဝန်ကြီးချုပ် အဖိဆစ်သည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ ဇူလိုင်လက မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက် လည်ပတ်ရန် စီစဉ်ခဲ့သော်လည်း အစီအစဉ် ဖျက်သိမ်းလိုက်ရသည်။ အကြောင်းမှာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ အမေရိကန် နိုင်ငံသား တစ်ဦး ခိုးဝှက် ဝင်ရောက်သည် ဆိုသည့် အရေးကိစ္စ ဖြစ်ပေါ်နေခဲ့သောကြောင့် ဖြစ်သည်။ ထို့နောက် ယခုနှစ် သြဂုတ်လ အတွင်း လာရောက်ရန် စီစဉ်ခဲ့ပြန်သော်လည်း နှစ်ဖက်သော အစိုးရ ခေါင်းဆောင်များတွင် အခြား လုပ်ဆောင်စရာ အရေးကိစ္စများ ပေါ်ပေါက်နေခဲ့သောကြောင့် ဖျက်သိမ်းခဲ့ရသည်။

MCOT သတင်းဌာနမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

NNT, 2nd October 2010

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Abhisit Vejjajiva က သတင်းစာ ဆရာများသို့ သောကြာနေ့က ပြောကြားရာတွင် ၎င်းသည် နိုင်ငံရေး အကျဉ်းသား ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ မြန်မာ အစိုးရနှင့် ပွင့်ပွင့်လင်းလင်း စကားပြောမည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲ မတိုင်မီ အောက်တိုဘာ (၁၁) ရက်နေ့တွင် မြန်မာနိုင်ငံသို့ တရားဝင် သွားရောက်ရန် ရှိနေဆဲ ဖြစ်ကြောင်း Abhisit က သောကြာနေ့က ထုတ်ဖော် ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အား ထိန်းသိမ်းထားမှု ကိစ္စအား အစည်းအဝေးတွင် ဆွေးနွေးမည် ဟုတ်မဟုတ် မေးမြန်းရာ ဝန်ကြီးချုပ်က အဆိုပါ ကိစ္စကို အထက်တွင် လိုရင်း ဖြေဆိုခဲ့ပြီး ဖြစ်ကြောင်း ပြောခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Editorial, The Nation, 2nd October 2010

ကာလ ရှည်ကြာ ငြိမ်းချမ်းရေး ယူထားသော မြန်မာ စစ်တပ်နှင့် တိုင်းရင်းသား သူပုန်များ ကြားတွင် ဖြစ်ပေါ်လာသော အက်ကြောင်းသည် ထိုင်းနိုင်ငံအတွက် ဒုက္ခသည် အမြောက်အများ ပြေးဝင် လာဦးမည် ဆိုသော သဘောပင် ဖြစ်သည်။

နာမည်ဆိုးဖြင့် ကျော်ကြားသော ရွှေတြိဂံ နယ်မြေ၏ မြန်မာနိုင်ငံဖက် အပိုင်းကို ကမ္ဘာက အာရုံ စိုက်လာကြ ရပြန်ပြီ ဖြစ်သည်။ သွေးထွက် သံယိုကိန်း ဖြစ်ပြီး ထိုင်းနှင့် တရုတ်တို့အတွက် ခေါင်းခဲစရာ ကိစ္စ ဖြစ်သည်။

အကယ် မြန်မာ စစ်တပ်သည် "၀"ကဲ့သို့သော တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်း ရေးကို ဖျက် စစ်တိုက်ခဲ့လျှင် ထွက်ပေါ်လာမည့် စစ်ပြေး ဒုက္ခသည် (100000) ခန့်အတွက် နယ်စပ်ရှိ ထိုင်းနှင့် တရုတ် အာဏာပိုင်များသည် တစ်ခုခု လုပ်ရန် ပြင်ဆင်လျက် ရှိသည်။

တိုင်းရင်းသား လက်နက်ကိုင်များနှင့် မြန်မာ အစိုးရကြား ၁၉၉၈ ခုနှစ်က သဘော တူထားသော ငြိမ်းချမ်းရေး သဘော တူညီမှုမှာ ပြီးခဲ့သည့်နှစ်က ကိုးကန့်ကို နှိမ်နှင်း အပြီးတွင် သိသာစွာ ပျက်ယွင်းသွားခဲ့သည်။ ထိုနောက်ပိုင်းတွင် မြန်မာ အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်များအား ယင်းတို့ လက်အောက်ခံ နယ်ခြားစောင့်တပ် အသွင် ပြောင်းရန် ဖိအားတိုး ပေးခဲ့သည်။

"၀" (USWA)၊ ကချင် စသည် တိုင်းရင်းသား လက်နက်ကိုင်များသည် လွန်ခဲ့သည့် အနှစ် ၂၀ က ဗမာပြည် ကွန်မြူနစ်ပါတီ ကျဆုံးသွားခြင်းကြောင့် အစိုးရနှင့် ငြိမ်းချမ်းရေး စာချုပ် သဘောတူခဲ့ခြင်း ဖြစ်ပြီး ယခု နယ်ခြားစောင့်တပ် အစီအစဉ်ကြောင့် ယင်းတို့သည် မူးယစ်ဆေးဝါး ရောင်းဝယ်မှု အပါအ၀င် စီးပွားရေး ကိစ္စများရော ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် ရပ်တည်မှုများပါ ရှိတော့မည် မဟုတ်ပေ။

မြန်မာ အစိုးရဖက်မှ ကာကွယ် ပြောဆိုမည့်သူများ အနေဖြင့်မူ တိုင်းရင်းသား လက်နက်ကိုင်များကို ကိုယ်ပိုင် လွတ်လပ်ခွင့် ပေးထားမှု ရပ်ဆိုင်းလိုက်ခြင်းသည် မူးယစ်ဆေးဝါး လုပ်ငန်းကြီး ရပ်သွားလိမ့်မည်ဟု ငြင်းချက် ထုတ်နိုင်ပေသည်။

သို့သော် မကြာမီက ထုတ်ပြန်သော ရှမ်းသံတော်ဆင့် သတင်း (SHAN) ၏ အစီရင်ခံစာအရ အစိုးရ၏ နယ်ခြားစောင့်တပ်ကို လက်ခံခဲ့သော အုပ်စုများသည် "၀" (USWA) လုပ်ခဲ့သော မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းဝယ်မှုကို လုပ်ကိုင်နေကြပြီဟု သိရှိရသည်။

ယင်းတို့သည် မကြာမီကမှ ရရှိသော အခွင့်အရေး သစ်များနှင့်အတူ အဆိုပါ တရားမ၀င် လုပ်ငန်းများကို လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့် ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရှမ်းပြည် မြောက်ပိုင်း တစ်ခုတည်းတွင်ပင် လက်နက်ကိုင် အုပ်စု (၄ဝဝ) ခန့် ရှိကြောင်း ရှမ်းသံတော်ဆင့်က ခန့်မှန်းထားသည်။ ယင်းတို့၏ ခေါင်းဆောင်များမှာလည်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် ထိုင်းနှင့် အမေရိကန် ဖက်ဒရယ် တရားရုံးများက အလို ရှိနေသူများ ဖြစ်သည်။

ထို့အပြင် အားလုံး သိသော လျှို့ဝှက်ချက်မှာ တရားမ၀င် မူးယစ်ဆေးဝါး ရောင်းဝယ် ရသော ငွေများဖြင့် အခြေခံ အဆောက်အဦ ဖွံ့ဖြိုးမှုများတွင် သုံးခြင်း၊ မြို့များ တည်ဆောက်ခြင်းနှင့် မြန်မာ ထိပ်တန်း ဗိုလ်ချုပ်များကို ဆက်သရခြင်းများတွင် အသုံးပြုသည်။

အပတ်စဉ် အခြေခံ တွက်ချက်မှုများအရ ထိုင်းနိုင်ငံရှိ မြို့များ၊ လမ်းများသို့ အဆိုပါ တောင်ပေါ် ဒေသမှ မက်သာဖက်တမင်း ဆေးပြား သန်းနှင့် ချီ ၀င်ရောက်လာသည်ဟု ဆိုသည်။ ထိုင်းနိုင်ငံ၏ အဆိုပါ ဆိုးရွားသော အခြေအနေသည် မြန်မာနိုင်ငံ၏ ထိပ်တန်းအရေး မဟုတ်ဟု ငြင်းချက် ထုတ်ကောင်း ထုတ်နိုင်မည် ဖြစ်သည်။ မြန်မာ နိုင်ငံ၏ အမြဲတမ်း ဦးစားပေးမှာ လုံခြုံရေးသာ ဖြစ်သည်။

တရုတ် အစိုးရသည် မြန်မာ အစိုးရအား နိုင်ငံရေး နည်းလမ်းကို ရွေးချယ်ရန် လက်မလျှော့သင့်ကြောင်း အကြံပြုခဲ့သော်လည်း မြန်မာ အစိုးရကမူ ယခုအထိ စိတ်ဝင်စားပုံ မရပေ။ နှစ်ပေါင်း ကြာမြင့်သော ကာလ ကတည်းက မြန်မာနိုင်ငံအပေါ် တရုတ်သြဇာ ညောင်းသည်ဟု လက်ခံလာကြသော်လည်း ကိုးကန့်ကို မြန်မာ အစိုးရက နှိမ်နှင်းပြီးကတည်းက ထိုယုံကြည်ချက်ကို စွန့်လွှတ်ရမလို ဖြစ်ခဲ့ရသည်။

မြန်မာ နိုင်ငံဘက်မှ တရားမျှတစွာ ပြောရလျှင် မည်သည့် နိုင်ငံမဆို နယ်စပ် လုံခြုံရေးကို အလိုရှိ ကြမည်သာ ဖြစ်သည်။ ဆိုလိုသည်မှာ နယ်စပ် တစ်လျှောက် မိမိ အချုပ်အခြာ နယ်မြေအတွင်း မည်သည့် သူပုန်တပ်မျှ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် မပြုနိုင် ဆိုသည့် သဘော ဖြစ်သည်။

နောက်ထပ် ငြင်းချက် ထုတ်နိုင်သည့် အရာတစ်ခုမှာ မူးယစ်ဆေးဝါးနှင့် သူပုန်ထမှုသည် ခေါင်းနှင့် ပန်းလို တွဲလျက် ရှိနေသည်ဟု ဆိုရမည် ဖြစ်သည်။ တစ်နည်း ပြောရလျှင် သူပုန်များနှင့် ပတ်သက် ပြည့်စုံသော အဖြေ မထုတ်နိုင်မခြင်း မည်သည့် မူးယစ်ဆေးဝါး ပပျောက်ရေး မူဝါဒများမဆို မအောင်မြင်နိုင် ဟူ ဖြစ်သည်။

ထိုင်းနိုင်ငံသည် အိမ်နီးချင်း နိုင်ငံများမှ ဒုက္ခသည်များကို လက်ခံရသည့် ရှည်လျားသော သမိုင်းကြောင်း ရှိသည်။ လက်ရှိအားဖြင့် ထိုင်း-မြန်မာ နယ်စပ်တွင် ဒုက္ခသည် စခန်းပေါင်း များစွာ ရှိပြီး၊ မြန်မာ နိုင်ငံမှ ဒုက္ခသည်များ သိန်းနှင့်ချီ နေနေကြသည်။ အဆိုပါ ဒုက္ခသည်များကို မြန်မာနိုင်ငံသို့ ပြန်ပို့ရန် အစီအစဉ် မှန်သမျှကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ပြင်းထန်စွာ ကန့်ကွက်လျက် ရှိနေ၍ ထိုင်းနိုင်ငံ အနေဖြင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင် ပါဝင်နေရာ၊ ထိုသို့ မလုပ်သင့်ဘဲ ဒုက္ခသည်များ၏ မူရင်း အရပ်ဒေသသည် လုံခြုံပြီ ဆိုမှသာ ပြန်ပို့သင့်သည်။

သို့သော် နောက်ဆုံး အခြေအနေအရ နယ်စပ်တစ်လျှောက်ရှိ စစ်တပ် တာဝန်ရှိသူများ ပြောကြားရာတွင် နယ်စပ်တစ်ခုလုံး မီးခိုးလွှမ်းနိုင်ကြောင်း ဆိုသည်။ ယင်းတို့က လက်ရှိ အစိုးရတပ်များနှင့် တိုင်းရင်းသား တပ်များ၏ တင်းမာမှုကို ညွှန်းဆိုကြသည်။ တိုင်းရင်းသား လက်နက်ကိုင်များက လက်ရှိ အဖြေ မထွက်သော အခြအနေတွင် ဆက်နေလိုပြီး လက်နက် ချလိုက်ခြင်းသည် ယင်းတို့၏ ခွဲထွက်လိုသော အိပ်မက် ပျက်ပြယ်မည် ဖြစ်ပြီး ငွေရလွယ်သော မူးယစ်ဆေးဝါး လုပ်ငန်း ရပ်ဆိုင်းသွားမည်ကို စိုးရိမ်ကြသည်။

ထိုင်းနိုင်ငံ အနေဖြင့်မူ ခက်ခက်ခဲခဲ ရှည်ရှည်လျားလျား စဉ်းစားရတော့မည် ဖြစ်သည်။ ဒုက္ခသည်ပေါင်း များစွာ အတွက် အထူးသဖြင့် စားဝတ်နေရေး ပြဿနာ စိန်ခေါ်မှုများ ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။ 1970 ခုနှစ်က အိမ်နီးချင်းကောင်း မူဝါဒအရ အင်ဒိုချိုင်းနားမှ ဒုက္ခသည်များ သိန်းနှင့်ချီ လက်ခံ ခွင့်ပြုခဲ့ရခြင်းကို ပြန်လည် သုံးသပ် လုပ်ပေးရမည့် ကိစ္စကိုတော့ လုပ်ရပေတော့မည်ဟု ညှိနှိုင်း လက်ခံရတော့မည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The New Kerala, 1st October 2010

အန်ဒမန် ပင်လယ်တွင် ပိုင်နက် ကျူးကျော် ငါးဖမ်းသော မြန်မာ ရေလုပ်သား ၁၀ ဦးကျော်နှင့် ငါးဖမ်းစက်လှေ ၂ စင်းကို အိန္ဒိယ ကမ်းခြေစောင့် တပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

ပင်လယ်ပြင်တွင် ပြီးခဲ့သော တနင်္ဂနွေနေ့ကပင် ဆက်တိုက် ကင်းလှည့်နေသော ကမ်းခြေစောင့် သင်္ဘော Durga Bai Deshmukh က အဆိုပါ စက်လှေ ၂ စင်းကို ကြာသပတေးနေ့ သန်းခေါင်ယံတွင် ရေဒါ၌ ထောက်လှမ်းမိခြင်း ဖြစ်သည်။

ကမ်းခြေစောင့် သင်္ဘောကို မြင်သည်နှင့် အဆိုပါ ငါးဖမ်းစက်လှေ ၂ စင်းက ဆန့်ကျင်ဖက် လားရာ ၂ ဖက်ဆီသို့ ဦးတည်ကာ မောင်းနှင် ထွက်ပြေးကြသည်။ တစ်စင်းက အရှေ့ဖက်ကျွန်း ရေတိမ်ပိုင်းသို့ ဦးတည် ခုတ်မောင်းရန် ကြိုးစားခဲ့ပြီးနောက် တစ်စင်းက မြန်မာ ရေပိုင်နက်ဆီသို့ ဦးတည်ကာ ပြန်လှည့် မောင်းပြေးခဲ့သည်။ ရေတိမ်ပိုင်း ရေပြင်တွင် သင်္ဘောကို သတိကြီးစွာ ထား၍ ခုတ်မောင်း လိုက်လံ ဖမ်းဆီးခဲ့ရာ စက်လှေ ၂ စင်းနှင့် ရေလုပ်သား ၁၀ ဦးကို ဖမ်းဆီး ရမိခဲ့သည်ဟု အင်ဒါမန်နှင့် နီကိုးဘား ကျွန်းစု ကမ်းခြေစောင့်တပ်မှ ပြန်ကြားရေး အရာရှိက ပြောကြားသည်။

ယခု ဖမ်းဆီးမှုသည် အောက်တိုဘာလ အတွင်း ပထမဆုံး ဖမ်းဆီးမှု ဖြစ်ပြီး ယခင်လက မြောက်ပိုင်း ကျွန်းစုများတွင် ငါးခိုးဖမ်းသူ ရေလုပ်သား ၁၄၀ နှင့် ငါးဖမ်းစက်လှေ ၁၁ စင်း ဖမ်းဆီး ရမိခဲ့သည်ဟု သိရသည်။

"ဒီငါးဖမ်း စက်လှေတွေ အားလုံးကို အိန္ဒိယ ရေပိုင်နက် ရေနက်ပိုင်းမှာ ဖမ်းမိတာပါ။ ဒါ့အပြင် ရေကြောင်း ရဲတပ်ဖွဲ့ကလည်း ဒီရေတော ချောင်းတွေထဲမှာ ငါးခိုးဖမ်းသူတွေ ကိုလည်း ဖမ်းဆီးထားပါတယ်" ဟု အဆိုပါ အရာရှိက ပြောကြားသည်။

"ကမ်းခြေစောင့် တပ်ဖွဲ့နဲ့ ရေကြောင်း ရဲတပ်ဖွဲ့ဟာ နီးနီးကပ်ကပ် စစ်ဆင်ရေး ပူးပေါင်း ညှိနှိုင်းမှုကို လုပ်ဆောင်နေကြပါတယ်။ အထူးသဖြင့် ကမ်းခြေစောင့် သင်္ဘောတွေ ရေစူး မလွှတ်လို့ မဝင်နိုင်တဲ့ ရေတိမ်ပိုင်းတွေ၊ ချောင်းတွေ၊ မြောင်းတွေထဲကို ငါးဖမ်း စက်လှေတွေ ဝင်ပြေးတဲ့ အချိန်မှာပါ'' ဟု ၎င်းက ဆက်လက် ပြောသည်။

ဖမ်းဆီးမိထားသော စက်လှေ ၂ စင်းနှင့် ရေလုပ်သားများကို Diglipur သို့ ပို့ဆောင်ပြီး ဥပဒေကြောင်းအရ တရား စွဲဆိုရန်အတွက် ရဲများထံ အပ်နှံမည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Indo-burma News, By Press Trust of India, 1st October 2010

အမျိုးသား လုံခြုံရေး အကြံပေး ပညာရှင် Shivshankar Menon က အိန္ဒိယ၏ အိမ်နီးချင်း နိုင်ငံအပေါ် ဆက်ဆံရေးကို ကာကွယ်ပြောဆိုရာတွင် နိုင်ဝင်ဘာလတွင် ကျင်းပမည့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသည် ဒီမိုကရေစီ အတွက် အရေးကြီးသော ခြေလှမ်း ဖြစ်လိမ့်မည် ဟု ဆိုသည်။

"မြန်မာ နိုင်ငံမှာ ရွေးကောက်ပွဲဟာ ခြေလှမ်းတစ်ခု ဖြစ်နိုင်ပြီး သူတို့ရဲ့ အသွင် ကူးပြောင်းရေးမှာ အရေးကြီးတဲ့ ခြေလှမ်း တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မှန်မှန်ကန်ကန် ဖြစ်ပေါ်လာနိုင်ဖို့တော့ မြန်မာတွေနဲ့အတူ ကျွန်တော်တို့ ဝိုင်းဝန်း လုပ်ဆောင် ရလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်" ဟု ဝါရှင်တန် အခြေစိုက် Think-tank ဖြစ်သော Carnegie Endowment for International Peace ၏ မေးမြန်းချက်ကို Menon က ပြန်လည် ဖြေကြားခဲ့သည်။

အိန္ဒိယ အရှေ့မြောက်ရှိ မြန်မာနယ်စပ်မှ သူပုန်များ ကိစ္စကို ညွှန်းဆိုရာတွင် နယ်စပ်ဒေသ လုံခြုံရေးအတွက် နှစ်နိုင်ငံ စလုံးတွင် တူညီသော အကျိုးစီးပွားများ ရှိကြောင်း Menon က ပြောသည်။ အိန္ဒိယသည် ဒီမိုကရေစီကို ဖိနှိပ်ပြီး လူ့အခွင့်အရေး ချိုးဖောက်သည်ဟု စွပ်စွဲခံနေရသော မြန်မာနိုင်ငံနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် အတူ လုပ်ကိုင်ရန် ကြိုးစားလျက် ရှိနေသည်ဟု ၎င်းက ဖြည့်စွက် ပြောသည်။

"ဒီမိုကရေစီကို ပြန်လည် တည်ဆောက်ဖို့၊ နိုင်ငံတကာ ပင်မ ရေစီးထဲကို ပြန်ဝင်ဖို့အတွက် ကြိုးပမ်းနေတယ်လို့ ပြောတဲ့ မြန်မာ အစိုးရနဲ့ တွေ့ဆုံဖို့နဲ့ တိုက်တွန်း အားပေးဖို့အတွက် ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်" ဟု Menon က ပြောကြားသည်။ အိန္ဒိယနိုင်ငံသည် လွန်ခဲ့သော ၂ နှစ်အတွင်း မြန်မာ နိုင်ငံ၏ အဓိက မဟာမိတ် နိုင်ငံတစ်ခု အဖြစ် ပေါ်ထွက်လာခဲ့သည်။

လွန်ခဲ့သော ဇူလိုင်လက အိန္ဒိယသို့ နိုင်ငံတော် ခရီးစဉ်အဖြစ် ရောက်ရှိလာသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အိန္ဒိယ အစိုးရက ကော်ဇောနီ ခင်း၍ ခရီးဦး ကြိုဆိုခဲ့ကြသည်။ ယခုအခါ မြန်မာ စစ်ဖက် အစိုးရနှင့် တွေ့ဆုံ ညှိနှိုင်းရေး မူဝါဒကို အိုဘားမား အစိုးရက ထောက်ခံ အားပေးလျက် ရှိသည်ဟု တာဝန်ရှိ ပုဂ္ဂိုလ်များက ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

New Straits Times, Editorial, 1st October 2010

မြန်မာ အာဏာပိုင်များ၏ ကြေညာချက်ကို ယုံကြည်ရမည်ဟု မှတ်ယူခဲ့လျှင် နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲများသည် အရပ်သား အုပ်ချုပ်ရေး အမှန်တကယ် ပေါ်ပေါက်လာတော့မည် ဖြစ်သည်။ ရွေးကောက်ပွဲများသည် ဒီမိုကရေစီ ခေတ်သစ် တစ်ခုကို ဖော်ဆောင်နိုင်ခြင်း ရှိမရှိ၊ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတခြင်း ရှိမရှိနှင့် သိနိုင်သည်။

မြန်မာ အတိုက်အခံ နိုင်ငံရေးသမားများ၏ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် တိုက်တွန်းချက်များသည် နိုင်ငံတကာ အသိုင်းအဝိုင်းအား ရွေးကောက်ပွဲ ရလဒ်သည် ပေါ်ပြူလာ ဖြစ်သော အမြင်များကို ထင်ဟပ်နိုင်ခြင်း မရှိ ဆိုသည်ကို ပြသခြင်းပင် ဖြစ်သည်။ ရွေးကောက်ပွဲတွင် ပါဝင်ခြင်း မပြုမှုသည် လက်ရှိ အစိုးရကို အကျိုးများစေမည် ဖြစ်ကြောင်းလည်း ပြသနေသည်။

မဲပေးနိုင်ခွင့်ကို စွန့်လွှတ်ကြသူများမှာ အာဏာရှင် လူတစ်စု၏ မတရား လျှို့ဝှက် ကြံစည်မှုများကို မုန်းတီးသည့် သစ္စာရှိ ဒီမိုကရေစီ ဘက်တော်သားများ ဖြစ်ကြသည်။ အခြားသူများကလည်း အစိုးရ ကျောထောက် နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) နှင့် ယှဉ်ပြိုင်မည့် ပါတီများ အောင်မြင်မှု မရနိုင် ဆိုသည်ကို သံသယရှိကြသည်။ မည်သို့ပင် ဆိုစေ ၁၉၉၀ ရွေးကောက်ပွဲက လက်ရှိ အုပ်ချုပ်သူများကို လက်မခံကြောင်း ပြသခဲ့ပြီး ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ အောင်မြင်မှုကို အစိုးရက နောက်ပိုင်းတွင် အသိအမှတ် မပြုခဲ့သော်လည်း၊ ယခု နောက်ထပ် ရွေးကောက်ပွဲတွင်လည်း ပြည်သူလူထု၏ အမြင်မှာ အတိုင်းအတာ တစ်ခုအထိ ထင်ဟပ်နေနိုင်သေးသည်။

ယခု အနှစ် နှစ်ဆယ် ကြာသည့်တိုင် လူအများ၏ အမြင်သည် မပြောင်းမလဲ ရှိနေသေးသည်ဟု ဆိုလျှင် ရွေးကောက်ပွဲကလည်း လွတ်လပ်၍ တရား မျှတမည်ဟု ဆိုလျှင် USDP အနေဖြင့် အခြေအနေ မကောင်းနိုင်ပေ။ ယခု တစ်ခေါက်တွင် NLD က ရွေးကောက်ပွဲတွင် ပါဝင်ခြင်း မရှိသဖြင့် အခြေအနေက အကောင်းဆုံး ဖြစ်မနေသည့်တိုင် ရွေးစရာ (၃၆) ပါတီ ရှိနေသေးသည်။ ဗိုလ်ချုပ်ကြီးများသည် ၎င်းတို့ အာဏာ ရုတ်တရက် လက်လွှတ်လိုက်ရမည်ကို ကြောက်သောကြောင့် ပါလီမန်တွင် ၎င်းတို့ အတွက် နေရာ ချန်ထားပြီး ဖြစ်သည်။

မည်သို့ပင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို စစ်အစိုးရက ချုပ်ကိုင်ထားနိုင်သော်လည်း ဒီမိုကရေစီ ကျရေးအတွက် အာဆီယံသည် ကဏ္ဍတစ်ခုမှ ပါဝင်ရန် ကုလသမဂ္ဂက တိုက်တွန်းလျက် ရှိသည်။ အာဆီယံ အနေဖြင့်မူ မြန်မာကြောင့် ထိခိုက် ပျက်စီးခဲ့ရမှုများကို ပြင်ဆင်ရန် ရွေးကောက်ပွဲသည် အကောင်းဆုံး အခွင့်အရေး မဟုတ်သေးပေ။ ရွေးကောက်ပွဲ ရလဒ်များ မည်သို့ပင် ထွက်ပေါ်လာပါစေ၊ အခြေခံ ဥပဒေအရ ပါလီမန်၏ ၂၅ % ကို စစ်တပ်မှ နေရာ ယူထားပြီး ဖြစ်ရာ၊ အစိုးရ အပေါ် စစ်တပ်မှ ဆက်လက် လွှမ်းမိုးနေဦးမည်မှာ သေချာသည်။ အဖွဲ့ဝင်များ၏ ကိစ္စများကို ဝင်ရောက် မစွက်ဖက်ခြင်းအတွက် အထူး သတိထားသော အာဆီယံ အနေဖြင့် မြန်မာ ဗိုလ်ချုပ်ကြီးများကို လွတ်လပ်၍ တရား မျှတသော ရွေးကောက်ပွဲ ဖြစ်စေရေး အတွက် ဖိအားပေးသင့်ပြီး၊ သွယ်ဝိုက် ပြောမနေသင့်ဘဲ ကန်ထုတ်ပစ် သင့်သူများအဖြစ် တည့်တည့် ပြောသင့်ပေသည်။

ထိုသို့ ပြုလုပ်ရေးအတွက် အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ် အဖွဲ့များ ရွေးကောက်ပွဲသို့ စေလွှတ်၍ စောင့်ကြည့်နိုင်သည်။ သို့မှသာ တိုင်းသူပြည်သားများသည် စစ်တပ်၏ စွက်ဖက်မှုမှ အနည်းငယ် လွတ်လပ်ခွင့် ရကြမည် ဖြစ်သည်။ အင်ဒိုနီးရှားကို နမူနာအဖြစ် ကြည့်မည် ဆိုပါက၊ စစ်တပ် နောက်ခံပြုသော အသွင် ကူးပြောင်းရေး ကာလမှသည် အစစ်အမှန် ရွေးချယ် တင်မြှောက် ခံရသော အရပ်သား အစိုးရ စစ်စစ် ထွက်ပေါ်လာနိုင်သည်။

မဲဆွယ် စည်းရုံးရေး ကန့်သတ်ချက်များ ဖြေလျော့ပေးရေး၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း တို့သည် စစ်အစိုးရ၏ ရည်ရွယ်ချက် ကောင်းများကို သက်သေ ပြနိုင်သကဲ့သို့၊ အာဆီယံ လုပ်ဖော် ကိုင်ဖက် များထံမှ စောင့်ကြည့်ရေး အဖွဲ့များ လက်ခံခြင်း သည်လည်း မြန်မာ နိုင်ငံအပေါ် နားလည် အသိအမှတ် ပြုမှုများ ရရှိနိုင်ပေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Editorial: The Guardian

မြန်မာ နိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ် ဖြစ်သော ရွေးကောက်ပွဲကို လာမည့်လတွင် ကျင်းပတော့မည် ဖြစ်သည်။ ယခုကဲ့သို့ အချိန်များစွာ ကြာပြီးမှ မဲပုံးများ တစ်ဖန်ပေါ် ထွက်လာခြင်းကို သာမန်အားဖြင့် ကြည့်ပါက ဂုဏ်ပြု ကြိုဆိုရမည့် အကြောင်းရင်း တစ်ခု ဖြစ်ပေသည်။ သို့သော် မြန်မာနိုင်ငံတွင်မူ သို့ မဟုတ်ပါ။ စစ်ဖက် အုပ်ချုပ်သူများအား အရပ်ဖက် အစိုးရအဖြစ် အပေါ်ယံ တရားဝင်အောင် ပြုလုပ်ခြင်း ဖြစ် အဆိုပါ ရွေးကောက်ပွဲကို အပြစ် အနာအဆာ များလွန်းသော အစီအစဉ် တစ်ခု အဖြစ် အများစုက သတ်မှတ်ထားကြသည်။

ရွေးကောက်ပွဲအား ပြည်ပမှ စောင့်ကြည့် လေ့လာမှုကို တားဆီးရန်အတွက် စစ်ဗိုလ်ချုပ်များက နယ်စပ်ကို ပိတ်ခြင်း၊ ပြည်ဝင်ဗီဇာ ပယ်ဖျက်ခြင်းတို့ကို ပြုလုပ်လျက် ရှိသည်။ သာမန် ပြည်သူလူထုမှာလည်း ရွေးကောက်ပွဲကို ပါဝင် ဆင်နွှဲ မဲပေးရေးအပေါ် သဘောထား ကွဲနေသည်ဟု သိရှိရသည်။ အကယ် တိုင်းပြည်ကို မဲပေးသည့် အလေ့အထ အတွေ့အကြုံ ရရုံအတွက်သာ ဆိုပါက ယခု ရွေးကောက်ပွဲ အတုကို လက်မလွှတ်သင့်ဟု အချို့က ယူဆကြသည်။

လာမည့် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန်အတွက် ပါတီ ၃၇ ခု မှတ်ပုံ တင်ထားကြသော်လည်း ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရပြီး အာဏာ မရခဲ့သည့် NLD ပါတီကမူ မှတ်ပုံတင်ခြင်း မပြုဘဲ သပိတ် မှောက်ထားသည်။

မြန်မာ အစိုးရက နိုင်ငံရေး အကျဉ်းသား ခန့်မှန်းခြေ ၂၁၈၃ ဦးခန့်ကို ဖမ်းဆီး ထိန်းသိမ်း ထားရာတွင် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်သည်။ ယင်းတို့၏ မိသားစုများနှင့် မိတ်ဆွေများမှာလည်း စောင့်ကြည့်ခံရခြင်း၊ အနှောင့်အယှက် ပေးခံရခြင်း၊ ခြိမ်းခြောက် ခံရခြင်းတို့နှင့် ရင်ဆိုင်နေရသည်။

မနက်ဖြန်တွင် ဒုတိယ ၀န်ကြီးချုပ် Nick Clegg သည် မြန်မာ့ ဒီမိုကရေစီ အရေးကိစ္စကို အလေးပေး ပြောကြားရန် အာရှ၊ ဥရောပ ထိပ်သီး ညီလာခံသို့ တက်ရောက်မည် ဖြစ်သည်။ နိုင်ငံတကာ ဖိအားပေးမှုမှာ ယခုအချိန်ထိ ထိရောက်မှု အနည်းငယ်သာ ရှိသည်။ ဒေသတွင်း မဟာ အင်အားကြီး တရုတ်နိုင်ငံက ယင်း၏ နောက်ဖေးပေါက်တွင် ဒီမိုကရေစီ လှုပ်ရှားမှုများ ရှင်သန်မှုကို မမြင်တွေ့လိုသည့် အတွက် တစ်ဖက် အုပ်ချုပ်သူများကို အားပေး ထောက်ခံနေခြင်းကြောင့် ဖြစ်သည်။

အကယ် မြန်မာ ဒီမိုကရေစီ လှုပ်ရှားသူများ အနေဖြင့် ယင်းတို့ ကိုယ်တိုင် မျှော်လင့်ချက်ကို လက်မလျှော့သည့် အကြောင်းရင်းအတွက် အဆိုပါ ယခု အနေအထားမှာ မျှော်လင့်ချက်မဲ့ခြင်း မရှိသေးပါ။ ယင်းတို့၏ ရည်ရွယ်ချက်ကို Amnesty International က ရွေးကောက်ပွဲ နီးလာသည့် အချိန် စီမံချက် အသစ် တစ်ခုတွင် ဦးစားပေး ဆောင်ရွက်နေသည်။ နိုင်ငံရေး အကျဉ်းသားများ၏ အမည်များကို လက်ဖ၀ါးတွင် မှတ်တမ်း တင်ထားသည့် လက်များကို မြှောက် အစိုးရကို ဆန္ဒပြ နေကြသော နိုင်ငံရေးသမားများ၊ ဘာသာရေး ခေါင်းဆောင်များ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများ ဒုက္ခသည်များ ပါဝင်သော ဓာတ်ပုံ မေတ္တာ ရပ်ခံလွှာကို စီစဉ် ဆောင်ရွက်နေခြင်း ဖြစ်သည်။

ယခု ပုံရိပ်များမှာ အင်အား ကြီးမားသော်လည်း စစ်ဖက် အုပ်ချုပ်သူများကို ဦးတည်ခြင်း မရှိပါ။ ယင်းတို့အား အရံအနေဖြင့်သာ ရည်ရွယ်ထားသည်။ အဓိက ရည်ရွယ်ချက်မှာ လွတ်လပ်သော လူ့အဖွဲ့အစည်း အတွင်းမှ အမှန်အမှား ခွဲခြားတတ်သူများအား လှုံ့ဆော်ရန်နှင့် နိုင်ငံရေး အကျဉ်းသားများနှင့် တစ်သားတည်း ညီညွတ်ရန် တောင်းဆိုခြင်း ဖြစ်သည်။

ယင်းသွေးစည်း ညီညွတ်မှုသည် သေးငယ်သော အဆင့်တစ်ခုသာ ဖြစ်သော်လည်း အဆင့်တိုင်းသည် မြန်မာနိုင်ငံ၏ ညှင်းပန်း နှိပ်စက် အကျဉ်းချမှုတွင်  ကြံရာပါ ဖြစ်စေသည့် အသံတိတ် ပါးစပ်ပိတ် နေမှုကို ချိုးဖျက်ရာတွင် အထောက်အကူ ပြုမည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Jakarta Post, By Mustagim Adamrah, 30th September 2010

ကမ္ဘာတွင် BURMA ဟူသော သိကြသော မြန်မာ နိုင်ငံတွင် အပြောင်းအလဲ ဖြစ်ပေါ်အောင် ကူညီရာတွင် ဦးဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ရသော ဒေသတွင်း နိုင်ငံ အနည်းငယ် အနက်မှ တစ်နိုင်ငံအဖြစ် အင်ဒိုနီးရှားကို အားလုံးက ယခုအခါ ဝိုင်း၍ ကြည့်လာကြပြီ ဖြစ်သည်။

လာမည့်နှစ်တွင် အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူမည့် အင်ဒိုနီးရှား အနေဖြင့် နိုဝင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေသည့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အစီအစဉ် ချမှတ် ရေးဆွဲရန် အလှည့်ကျ ဥက္ကဋ္ဌ ရာထူးကို အသုံးပြုသင့်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်သော ဆွေးနွေးပွဲများတွင် ကျွမ်းကျင်သူများနှင့် မြန်မာ့အရေး လှုပ်ရှားသူများက သဘောတူခဲ့ကြသည်။

မြန်မာနိုင်ငံမှ စစ်ဖက် အုပ်ချုပ်သူများအား ပိုမို ဖိအား ပေးရန်အတွက် အင်ဒိုနီးရှား အနေဖြင့် အာဆီယံ အဖွဲ့မှတဆင့် တရုတ်နှင့် အိန္ဒိယထံမှ အကူအညီ တောင်းဆိုသင့်သည်ဟုလည်း ၎င်းတို့က ပြောကြားခဲ့သည်။

မြန်မာ နိုင်ငံတွင် ဒီမိုကရေစီ ထွန်းကားရေးအတွက် ဝိုင်းဝန်း ကြိုးပမ်းမှုတွင် တရုတ်နှင့် အိန္ဒိယ ပါဝင်မှုကို နိုင်ငံတကာက မျှော်လင့်နေသော်လည်း မြန်မာ နိုင်ငံ၏ စွမ်းအင် သယံဇာတများကိုသာ စိတ်ဝင်စားနေသည့် ၎င်းတို့ ၂ နိုင်ငံသည် မြန်မာ နိုင်ငံမှ ဒီမိုကရေစီ ခေါင်းပါးမှုနှင့် လူ့အခွင့်အရေး ညှင်းပန်း နှိပ်စက်မှုများကို မျက်စိမှိတ်၍ ပါးစပ် ပိတ်ထားရန် ရွေးချယ်ခဲ့ကြသည်။

"မြန်မာနိုင်ငံက ဒီမိုကရေစီနဲ့ ပြုပြင် ပြောင်းလဲမှုကို တွန်းအားပေးဖို့ အာဆီယံရဲ့ မဟာဗျူဟာ ရေးဆွဲရေးအတွက် အခြား အာဆီယံ နိုင်ငံတွေကို ဖိတ်ခေါ်ရမယ့် ကိစ္စဟာ အင်ဒိုနီးရှားအတွက် အရေးကြီးတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" ဟု KBR68H ရေဒီယို၏ နိုင်ငံတကာ သတင်း အစီအစဉ်မှ ကမကထပြု ကျင်းပသော ဆွေးနွေးပွဲတွင် Center for Strategic and International Studies မှ အမှုဆောင် ဒါရိုက်တာ Rizal Sukma က ပြောကြားခဲ့သည်။

အာဆီယံ၏ အဖွဲ့တွင်း စွမ်းဆောင်မှု၊ အာဆီယံနှင့် ကျန်ကမ္ဘာ့ နိုင်ငံများ ဆက်ဆံရေး အတွက် မြန်မာနိုင်ငံသည် ကိုင်တွယ်ရ ခက်ခဲသော ကိစ္စတစ်ခု ဖြစ်သည့် အားလျှော်စွာ ယခု အစီအစဉ်သည် ကျိုးကြောင်း ဆီလျှော်သည်ဟု ၎င်းက ဆိုသည်။

အင်ဒိုနီးရှား သမ္မတ ဆူဆီလို ဘန်ဘန်း ယူဒိယိုနို ပြောသည့် အတိုင်း "နိုင်ငံတကာက အကောင်း မြင်နေကြသည့်" အင်ဒိုနီးရှားအတွက် မြန်မာ ပြည်သူများကို ကူညီရန် အများ ထောက်ခံသော စီမံချက်များ မွေးထုတ်ရေး၊ အင်ဒိုနီးရှား ပြည်တွင်း အဖွဲ့အစည်းများနှင့် အခြား အာဆီယံ နိုင်ငံများကို ဖိတ်ခေါ်ရေး အစီအစဉ်တွင် အချိန်သည် တန်ဖိုးပင် ဖြစ်သည်ဟု Rizal က ပြောကြားသည်။

မြန်မာနိုင်ငံတွင် နာဂစ်စ် ဆိုက်ကလုံး တိုက်ခတ်ခဲ့သည့် ၂၀၀၈ ခုနှစ်ကို ဥပမာအဖြစ် ကိုးကား၍ အာဆီယံ၏ "ပြည်တွင်းရေး၊ မစွက်ဖက်ရေး" မူဝါဒသည် ယခု ကိစ္စတွင် ပိုမို၍ ပြုလွယ် ပြင်လွယ် ရှိမည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ထိုစဉ်က အင်းဒိုနီးရှား၏ စည်းရုံးဆွေးနွေးမှုအပြီးတွင် နိုင်ငံတကာ ကယ်ဆယ်ရေး အစီအစဉ်များကို မြန်မာ အစိုးရက ခွင့်ပြုခဲ့သည်ဟု ၎င်းက ပြောကြားသည်။

သို့သော်လည်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ထွန်းကားစေရေး ကြိုးပမ်းမှုတွင် တရုတ်နှင့် အိန္ဒိယ ပါဝင်ရေးမှာ ခက်ခဲလိမ့်မည် ဖြစ်ကြောင်း၊ အကြောင်းမှာ မြန်မာနိုင်ငံ၏ အသွင် ကူးပြောင်းရေး ကာလတွင် နောက်ဆက်တွဲ ပါလာနိုင်သည့် မတည်ငြိမ်မှုကြောင့် ၎င်းတို့၏ အကျိုး စီးပွားများ ထိခိုက်မည်ကို တရုတ်နှင့် အိန္ဒိယက စိုးရိမ်နေကြခြင်းကြောင့် ဖြစ်ကြောင်း Rizal က သုံးသပ် ပြောဆိုသည်။

မြန်မာ့ ဒီမိုကရေစီ အရေး ကြိုးပမ်းမှုများတွင် တရုတ်နှင့် အိန္ဒိယတို့ ပူးပေါင်းလာရန် မျှော်လင့်ရာတွင် ပြဿနာ အချို့ ရှိနေသည်ဟု Burma Partnership မှ ညှိနှိုင်းရေးမှူး ခင်ဥမ္မာက ပြောကြားသည်။

"လွန်ခဲ့တဲ့ နှစ်တွေမှာ ဒီနိုင်ငံတွေ အားလုံး အပြန်အလှန် ကစား နေကြတာကို တွေ့ခဲ့ရပါတယ်၊ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အာဆီယံက ဘာကြောင့် တစ်စုံတစ်ရာ လုပ်ဖို့ လိုတာလဲ၊ တရုတ်နိုင်ငံက ဘယ်ရောက်နေသလဲ။ ဒီကိစ္စနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံက တစ်စုံတစ်ခု လုပ်လို့ ရပါတယ်။ ဒါပေမယ့် နောက်ဆုံးကျတော့ ခေါင်းဆောင်ချင်တဲ့ နိုင်ငံ မရှိတော့ပါဘူး" ဟု သူမက ဆိုသည်။

"တရုတ်ကတော့ ဘာကိစ္စမှ စပြီး လုပ်မှာ မဟုတ်ပါဘူး။ တကယ်လို့ တရုတ်နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး မဟာဗျူဟာ လုပ်ဖော်ကိုင်ဖက် ဖြစ်တဲ့ အင်ဒိုနီးရှားရဲ့ မဟာဗျူဟာမြောက် ကြိုးပမ်းမှုလို့ ရှုမြင်ရင်တော့ တရုတ်က အစည်းအဝေး လာတက်တာ လောက်တော့ ဖြစ်နိုင်ပါလိမ့်မယ်" ဟု သူမက သုံးသပ်သည်။

"အင်ဒိုနီးရှားနဲ့ အခြားနိုင်ငံတွေ အနေနဲ့ မြန်မာစစ်ဖက် အုပ်ချုပ်သူများနဲ့ ဆက်ဆံရာမှာ တင်းမာ ခက်ထန်တဲ့ သံတမန်ရေး ညှိနှိုင်းမှု ပုံစံ လိုအပ် နိုင်ဖွယ် ရှိပါတယ်" ဟု ခင်ဥမ္မာက ဆိုသည်။

"မြန်မာအစိုးရ သဘောတွေ့မယ့် တွေ့ဆုံ ဆွေးနွေးမှုမျိုးကို လုပ်လို့ မဖြစ်ပါဘူး။ အမှန်တကယ်က တံခါးကို ခပ်ကြမ်းကြမ်း ခေါက်ရမှာပါ" ဟု သူမက ပြောကြားသည်။

"ဟေ့၊ ဒီမှာ မင်းတို့ရဲ့ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲ ရလဒ်ကို ငါတို့ အသိအမှတ် ပြုမှာ မဟုတ်ဘူး၊ တကယ်လို့ မင်းတို့ ဒီလိုသာ ဆက်လုပ်နေမယ် ဆိုရင် ငါတို့က ဒီလို ဒီလို ကိုင်တွယ်ဖို့ ရှိနေတယ် စသဖြင့် စစ်ဖက် အုပ်ချုပ်သူတွေကို အင်ဒိုနီးရှားက ပြောရမှာပါ" ဟု ခင်ဥမ္မာက ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.