Transparency Myanmar

transparency.myanmar@gmail.com

၂၀၁၀ ပြည့်နှစ်အတွက်  ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရရှိသွားသော တရုတ် လူ့အခွင့်အရေး လှုပ်ရှားသူ Liu Xiaobo ၏ ဇနီးဖြစ်သူ Liu Xia မှာ နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်း ခံထားရကြောင်း အမေရိကန် အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားသူများက ဆိုသည်။

မစ္စ Liu Xia သည် ၎င်း၏ ခင်ပွန်းဖြစ်သူအား နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရရှိသည့် သတင်းစကား ပြောရန် သွားရောက် တွေ့ဆုံပြီးနောက် နေအိမ် အကျယ်ချုပ် ဖမ်းဆီး ထိန်းသိမ်း ခံလိုက်ရခြင်း ဖြစ်ကြောင်း Freedom Now အဖွဲ့မှ ဥပဒေ အကြံပေး Beth Schwanke က ပြောကြားသည်။ Freedom Now အဖွဲ့၏ အဆိုအရ မစ္စတာ Liu Xiaobo သည် ၎င်း ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရသည့် သတင်း ကြားရသောအခါ မျက်ရည်ကျ ငိုကြွေးခဲ့ကြောင်း၊ ထို့နောက် ယင်းဆုသည် ၁၉၈၉ ခုနှစ် တန်ယန်မင် ရင်ပြင် ဆန္ဒပြပွဲ၌ ပါဝင်ခဲ့သူ အာဇာနည် သူရဲကောင်းများ အတွက်ဖြစ်သည်ဟု ညွှန်းဆိုခဲ့ကြောင်း သိရသည်။

ဟောင်ကောင် အခြေစိုက် Inormation Center for Human Rights and Democracy အဖွဲ့က "မစ္စတာ Liu တို့ ဇနီးမောင်နှံသည် အောက်တိုဘာလ ၁၀ ရက် နေ့ခင်းပိုင်းတွင် တွေ့ဆုံခဲ့ကြကြောင်း" မစ္စ Liu ၏ မိခင်ဖြစ်သူ ပြောဆိုချက်ကို ကိုးကား၍ သတင်း ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရသော မစ္စတာ Liu (၅၄ နှစ်) သည် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ပထမဆုံး ရရှိသူ တရုတ်နိုင်ငံသား တစ်ဦး ဖြစ်သည်။ ၎င်းသည် 'ချာတာ ၂၀၀၈' အမည်ရ လူ့အခွင့်အရေး ကြေညာစာတမ်း တစ်စောင် ရေးသားခဲ့ပြီးနောက် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။ အဆိုပါ ကြေညာ စာတမ်းတွင် တရုတ် ကွန်မြူနစ် တိုင်းပြည်၌ လူ့အခွင့်အရေး ပေါ်ထွန်းရေးအတွက် လူပေါင်း ထောင်ကျော်က လက်မှတ် ရေးထိုးခဲ့ကြသည်။

မစ္စတာ Liu Xiaobo နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရရှိသည့် သတင်း ကြားသိလျှင် ကြားသိချင်း မိမိအား ရဲတပ်ဖွဲ့ဝင်များက ခင်ပွန်းဖြစ်သူနှင့် သွားရောက် တွေ့ဆုံရန် စီစဉ် ပေးခဲ့ကြကြောင်း မစ္စ Liu က AFP သတင်းသို့ ပြောကြားသည်။ ထိုအချိန် မှစ၍ မစ္စ Liu ၏ မိုဘိုင်းလ်ဖုန်းမှာ ပိတ်ပင်ထားပြီး သူမ မည်သည့်နေရာတွင် ရောက်ရှိနေသည် ဟူသည်ကိုလည်း မသိရတော့ပေ။

မစ္စတာ Liu Xiaobo ၏ ရှေ့နေများကလည်း ဘေဂျင်းမြို့တော်တွင် နေထိုင်သည့် ဇနီးဖြစ်သူ မစ္စ Liu အား မည်သို့မျှ ဆက်သွယ်၍ မရကြောင်း ပြောကြားသည်။ "ကျွန်တော်တို့ မစ္စ Liu ကို ဘယ်လိုမှ ဆက်သွယ်လို့ မရဘူး။ အဲတော့ သူမ ဘယ်မှာ ရှိနေတယ် ဆိုတာလဲ မသိဘူး ဖြစ်နေတယ်" ဟု ရှေ့နေ Ding Xikui က ပြောကြားသည်။ "မစ္စ Liu ရဲ့လုံခြုံရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ စိုးရိမ်မိပါတယ်" ဟုလည်း ၎င်းက ဆိုသည်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မစ္စတာ Liu သည် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ Jinzhou အကျဉ်းထောင်တွင် ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ်ကျခံနေရသည်။ ယခုအခါ အဆိုပါ အကျဉ်းထောင်သို့ သွားသည့် လမ်းများကို တရုတ် ရဲတပ်ဖွဲ့ဝင်များက ပိတ်ပင်ထားပြီး အာဏာပိုင်များ သို့မဟုတ် အဆိုပါ ဒေသတွင် နေထိုင်သူများသာ ဝင်ထွက် သွားလာခွင့် ရှိသည်ဟု ဆိုသည်။

Radia Australia News မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 11th October 2010

စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံတွင် ကျင်းပတော့မည့် ရွေးကောက်ပွဲများသည် ဒီမိုကရေစီ စနစ်သို့ ဦးတည်သည့် ပထမအဆင့် ခြေလှမ်း ဖြစ်လာလိမ့်မည်ဟု အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယခင် ပါတီဝင်ဟောင်းများ ဖွဲ့စည်းထားသော နိုင်ငံရေး ပါတီက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက တနင်္လာနေ့တွင် ဖော်ပြထားသည်။

အင်္ဂလိပ် ဘာသာ သတင်းစာ New Light Of Myanmar တွင် ဖော်ပြထားသော ပါတီမူဝါဒ ကြေညာချက်တွင် အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီ ဥက္ကဌ ဒေါက်တာသန်းငြိမ်းက "အခု ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီကို အသွင် ကူးပြောင်းနေတဲ့ ကာလပါ" ဟု ပြောကြားခဲ့သည်။

"လာမယ့် ရွေးကောက်ပွဲဟာ ပြည်သူတွေ ဆန္ဒ ပြင်းပြနေတဲ့ ဒီမိုကရေစီ စနစ်ကို ကူးပြောင်းရာ မှာ ပထမ အဆင့် ဖြစ်တယ်လို့ ကျွန်တော် ယူဆပါတယ်" ဟု ယင်းက ဆက်လက် ပြောကြားသည်။

နိုင်ဝင်ဘာ ၇ ရက် ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်မည့် NDF ၏ ဆုံးဖြတ်ချက်သည် ရွေးကောက်ပွဲ ဥပဒေများ တရား မျှတမှု မရှိသဖြင့် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အခြား NLD ပါတီဝင်များနှင့် သဘော ကွဲလွဲမှု ဖြစ်ပေါ်စေခဲ့သည်။

နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ကျင်းပမည့် ရွေးကောက်ပွဲသည် နှစ်ပေါင်း ၅၀ စစ် အုပ်ချုပ်ရေးကို ကျားကန်ရန် ရည်ရွယ်သည့် အတုအယောင် လှည့်စားမှု တစ်ခုသာ ဖြစ်သည်ဟု ဒီမိုကရေစီ လှုပ်ရှားသူများနှင့် အနောက်နိုင်ငံ အစိုးရများက ပြစ်တင် ဝေဖန်ထားသည်။

လူပေါင်း ထောင်နှင့် ချီ သေဆုံးရသည့် စစ်အစိုးရ ဆန့်ကျင်ရေး လူထု တော်လှန်မှု အပြီး ၁၉၈၈ တွင် စတင် တည်ထောင်ခဲ့သည့် NLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲများတွင် အပြတ် အသတ် အောင်ပွဲ ခံနိုင်ခဲ့သော်လည်း စစ်ဖက် အုပ်ချုပ်သူများက တားဆီး ပိတ်ပင်ခဲ့ကြသည်။

"လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အတွက် ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားသွားမှာပါ။ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ စီးပွားရေး အကျပ်အတည်းနဲ့ လူမှုရေး ဒုက္ခတွေကို ကိုင်တွယ် ဖြေရှင်းဖို့အတွက် ဈေးကွက် စီးပွားရေး စနစ်၊ အခမဲ့ အလယ်တန်း ပညာရေး စနစ်၊ ပိုမို ကောင်းမွန်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေကို အကောင်အထည် ဖော်နိုင်အောင် လုပ်ဆောင်သွားမှာပါ" ဟု NDF ပါတီက ထုတ်ပြန် ကြေညာခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AP, By Tini Tran, 11th October 2010

တရုတ် အစိုးရသည် Liu Xiaobo အား ငြိမ်းချမ်းရေး နိုဘယ်ဆု ပေးခြင်းအား စိတ်ဆိုးကြောင်း ပြသသည့် အနေဖြင့် ၎င်း၏ အမျိုးသမီးထံသို့ ဥရောပ တာဝန်ရှိသူများ သွားရောက် တွေ့ဆုံခြင်းကို တားမြစ်ထားပြီး၊ သူမ၏ တယ်လီဖုန်း ဆက်သွယ်ရေးကို ဖြတ်တောက်ထားကာ သူမအား နေအိမ် အကျယ်ချုပ် ချထားခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ပညာရှင်များက ဒီမိုကရေစီရေး လှုံ့ဆော်သူ Liu Xiaobo အား ထောင်မှ လွှတ်ပေးရန် Beijing အား တောင်းဆိုခဲ့သည်။ Liu သည် အသက် (၅၄) နှစ်ရှိပြီး အစိုးရအား စာရေးသား ဝေဖန်သူ ဖြစ်ကာ အစိုးရအား ပျက်စီးစေရန် လျှို့ဝှက်ကြံစည်မှုဖြင့် ထောင်ဒဏ် (၁၁) နှစ် ချမှတ်ခံရပြီး၊ ပြစ်ဒဏ်၏ ဒုတိယနှစ်ကို ခံစားနေရသူ ဖြစ်သည်။

၎င်းအား တနင်္ဂနွေနေ့က ထောင်ထဲတွင် ၎င်း၏ ဇနီးနှင့် ခေတ္တ တွေ့ဆုံခွင့် ပြုရာ ၎င်းက ၁၉၈၉ ခုနှစ်က ကျောင်းသားများ ဆန္ဒပြမှုတွင် စစ်တပ်၏ နှိမ်နင်းမှုကြောင့် အသက် ဆုံးရှုံးရသူများအတွက် အသိအမှတ် ပြုသောဆု ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နော်ဝေး အခြေစိုက် နိုဘယ်ဆု ကော်မတီသည် Liu အား အမည်တပ်၍ ၁၉၈၉ Tiananmen ရင်ပြင် ဒီမိုကရေစီ ဆန္ဒပြပွဲ မှစ၍ ၎င်းအား ထောင်ကျစေခဲ့သော ၂၀၀၈ ခုနှစ်က ၎င်းက ပူးတွဲ ရေးသားခဲ့သည့် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ ငြိမ်းချမ်းစွာ ဖြစ်ပေါ်ရေးအတွက် နှစ်ပေါင်း နှစ်ဆယ်ခန့် လုပ်ဆောင်မှု အတွက် ဂုဏ်ပြုခဲ့သည်။

အမေရိကန် တာဝန်ရှိသူများက ၎င်းတို့သည် Liu ၏ ဇနီး အခြေအနေအား အနီးကပ် လိုက်လံ ကြည့်ရှုနေကြောင်း အင်္ဂါနေ့က ပြောကြားခဲ့သည်။ "ကျွန်တော်တို့ဆီကို ရောက်လာတဲ့ အကျယ်ချုပ် ခံနေရတယ်ဆိုလို့ စိုးရိမ်မှုများ ရှိနေပါတယ်" ဟု အမေရိကန် သံရုံး ပြောခွင့်ရ ပုဂ္ဂိုလ် Richard Buangan  က စာရေးသား တုန့်ပြန်ခဲ့သည်။ "သူမရဲ့ ရပိုင်ခွင့်ကိုတော့ လေးစားသင့်ပါတယ်။ သူမကို လွတ်လွတ်လပ်လပ် သွားလာခွင့် ပြုသင့်ပါတယ်" ဟု ရေးသားထားသည်။

Beijing ပြည်သူ့ လုံခြုံရေး ဗျူရိုနှင့် နိုင်ငံခြားရေး ဝန်ကြီး ဌာနတို့ကမူ သူမအား မည်သည့် စွဲချက်မျှ မရှိပဲ အာဏာပိုင်များက သူမအပေါ် ကန့်သတ်မှုများ ပြုလုပ်ထားခြင်းအတွက် ချက်ခြင်း မည်သည့် မှတ်ချက်မျှ ပြောကြားခြင်း မရှိသေးပေ။ ယခုကဲ့သို့ လျော့လျော့ပေါ့ပေါ့ ထိန်းသိမ်းထားမှုများမှာ နိုင်ငံရေး သမားများနှင့် ဝေဖန်သူများအပေါ် ကြောက်ရွံ့အောင်နှင့် နောင်မလုပ်ရဲအောင် တရုတ် အစိုးရ၏ အသုံးပြုနေကျ သာမန် နည်းဗျူဟာများပင် ဖြစ်သည်။

Beijing သည် သောကြာနေ့က Liu အား ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ခဲ့ခြင်းအပေါ် စိတ်ဆိုးစွာ တုန့်ပြန်ခဲ့ပြီး၊ ၎င်းမှာ ရာဇဝတ်မှု ကျူးလွန်သူ ဖြစ်ကြောင်း သတိပေးခဲ့သည်။ အမှန်တကယ်တွင်မူ နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီသည် လွတ်လပ်သော အဖွဲ့အစည်းတစ်ခုသာ ဖြစ်သည်။ တနင်္လာနေ့က တရုတ် အစိုးရသည် ဗုဒ္ဓဟူးနေ့တွင် နော်ဝေး ရေလုပ်ငန်း ဝန်ကြီး Lisbeth Berg-Hansen နှင့် တရုတ် ဝန်ကြီးတို့ တွေ့ဆုံရန် စီစဉ်ထားမှုကို ရုတ်တရက် ဖျက်သိမ်းခဲ့သည်။

Liu ၏ ဇနီးဖြစ်သူ Liu Xia ကိုလည်း သောကြာနေ့ ကတည်းက နေအိမ် အကျယ်ချုပ် ချထားခဲ့ပြီး၊ ဥရောပ သံတမန်များ သူမထံ သွားရောက် လည်ပတ်ခြင်းမှ ကာကွယ်ခဲ့သည်။ သူမ နေအိမ်မှ ထွက်ခွာလိုပါက၊ ရဲကား အစောင့်အရှောက်ဖြင့်သာ သွားရန် မှာကြားထားကြောင်း တရုတ်နိုင်ငံရှိ နယူးယောက် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့က ပြောကြားခဲ့သည်။

သူမ၏ တယ်လီဖုန်းနှင့် အင်တာနက်ကို ဖြတ်တောက်ခဲ့ပြီး၊ သူမနှင့် သူမ၏ အစ်ကို မိုဘိုင်းဖုန်းများကိုလည်း ကြားဖြတ် နားထောင်လျက် ရှိကြောင်း HRIC က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံရှိ EU ကိုယ်စားလှယ် အဖွဲ့ နိုင်ငံရေးရာ ပထမအတွင်းဝန် Simon Sharpe  က ဥရောပ ကော်မရှင် ဥက္ကဋ္ဌ Jose Manuel Barroso ၏ ဂုဏ်ပြုလွှာအား ကိုယ်တိုင် ပေးအပ်ရန် Beijing  ရှိ သူမ၏ နေအိမ်သို့ သွားရောက်ခဲ့ကြောင်း ဆိုသည်။ ၎င်းနှင့် အတူ ဆွစ်ဇာလန်၊ ဆွီဒင်၊ ပိုလန်၊ ဟန်ဂေရီ၊ ချက်၊ ဘယ်လ်ဂျီယံ၊ အီတလီနှင့် သြစတြေးလျတို့မှ သံတမန်များလည်း လိုက်ပါ ခဲ့ကြသည်ဟု ဆိုသည်။

ထိုသို့ သွားရောက်ရာတွင် ယူနီဖောင်း ဝတ်ထားသော အစောင့်သုံးဦးမှ ၎င်းတို့အား တားဆီးခဲ့ပြီး၊ "ကျွန်တော်တို့ အထဲဝင်ချင်ရင် အိမ်ထဲက တစ်ဦးဦး ထွက်လာမှ တွေ့ခွင့်ရမယ်လို့ ပြောပါတယ်။ အထဲကို ပြောဖို့လဲ မလွယ်ဘူး၊ ဖုန်းလဲ ဆက်ဖို့ မလွယ်ခဲ့ပါဘူး" ဟု Sharpe က သတင်းထောက်များအား သူမအိမ်ဝင်း အဝင်တွင် ပြောကြားခဲ့သည်။

နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီသည် ဆုနှင့် ပတ်သက်သော စာရွက်စာတမ်းများ၊ ဒီဇင်ဘာလ (၁၀) ရက်နေ့ အခမ်းအနား ဖိတ်စာတို့ကို အော်စလိုရှိ တရုတ် သံရုံးသို့ ပို့ပေးခဲ့ပြီး၊ Liu ထံ ပို့ ပေးပို့ပါရန် ပြောကြားခဲ့သည်ဟု နိုဘယ် ကော်မတီ အတွင်းရေးမှူး Geir Lundestad က ပြောကြားခဲ့သည်။

ယခု ရက်ပိုင်းအတွင်း Beijing သည် အခြား နိုင်ငံရေး လှုပ်ရှားသူများကို တိုး၍ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ပြီး၊ Liu ၏ နိုဘယ်ဆုရှင် အတွက် ဂုဏ်ပြုရန် ညစာ စားပွဲ ပြုလုပ်ရေး စည်းရုံးသူများမှ အချို့ကို ဖမ်းဆီးလျက် ရှိသည်။

အင်တာနက်တွင် နိုင်ငံရေး ကိစ္စများ အတွက် ဖိုရမ် ရေးသားသူ တစ်ဦး ဖြစ်သူ Zhang Jiannan က Associated Press သို့ ပြောကြားရာတွင် သောကြာနေ့က ၎င်းနှင့်အခြား လှုပ်ရှားသူများသည် Liu ၏ အောင်မြင်မှုအတွက် ဂုဏ်ပြုခဲ့ကြကြောင်း၊ စနေနေ့တွင် ၎င်းအား နေအိမ် အကျယ်ချုပ် ချထားခဲ့ပြီး နိုင်ငံရေး လှုပ်ရှားမှုများတွင် မပါဝင်ရန် ရဲမှ ပြောကြားခဲ့သည်ဟု ဆိုသည်။

တနင်္လာနေ့က ရှေ့နေ Pu Zhiqiang အား ထိန်းသိမ်းမှုမှာ နောက်ဆုံး သတင်း ဖြစ်ကြောင်း အမည် မဖော်လိုသူ ၎င်း၏ လက်ထောက်က ပြောကြားခဲ့သည်။ Pu သည် တနင်္ဂနွေနေ့က Twitter မှတဆင့် လုံခြုံရေး တာဝန်ရှိသူများက ၎င်းအား နိုင်ငံခြား မီဒီယာများနှင့် လက်ခံ တွေ့ဆုံခြင်း မပြုလုပ်ရန် ပြောခဲ့ကြောင်း သတင်း လွှတ်တင်ခဲ့သည်ဟု ဆိုသည်။

တစ်ချိန်တည်းမှာပင် ဒလိုင်းလားမားကလည်း နိုဘယ် ငြိမ်းချမ်းရေးဆုနှင့် ပတ်သက်၍ တရုတ်၏ တုန့်ပြန်မှုကို ဝေဖန်ခဲ့ရာ တရုတ်အစိုးရ အနေဖြင့် ပြောင်းလဲရမည် ဖြစ်ကြောင်း ပြောခဲ့သည်ဟု ကျိုဒို သတင်းဌာနက သတင်း ပေးပို့ခဲ့သည်။ ၁၉၈၉ ခုနှစ်က ငြိမ်းချမ်းရေး နိုဘယ်ဆု ရခဲ့သော တိဗက်ခေါင်းဆောင်က ပြောကြားရာတွင် လူ့အဖွဲ့အစည်းကို တံခါး ဖွင့်ပေးခြင်းသည်သာ တရုတ် ပြည်သူများကို ကယ်တင်ရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်ကြောင်း Beijing အနေဖြင့်  အသိအမှတ် ပြုသင့်သည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bangkok Post, 12th October 2010

ထိုင်းနိုင်ငံနှင့် မြန်မာ နိုင်ငံတို့သည် စီးပွားရေး ဇုံသစ် အဖြစ် အန်ဒမန် ပင်လယ် ကမ်းရိုးတန်း ဖြစ်သော မြန်မာနိုင်ငံရှိ ထားဝယ် ဆိပ်ကမ်းကို ရေနက် ဆိပ်ကမ်း အဖြစ် ပူးတွဲ တည်ဆောက်ရန် သဘော တူခဲ့ကြောင်း ဝန်ကြီးချုပ် Abhisit က ပြောကြားသည်။

မနေ့က နေပြည်တော်တွင် ထိုင်းဝန်ကြီးချုပ် Abhisit နှင့် မြန်မာ ဝန်ကြီးချုပ် ဦးသိန်းစိန်တို့ ဆွေးနွေးစဉ်တွင် အဆိုပါ သဘော တူညီချက်ကို ရရှိခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ Prachuap Khiri Khan's Muang နယ်ရှိ Simgkhon နယ်စပ် စစ်ဆေးရေး စခန်းကို မြန်မာနိုင်ငံ တောင်ပိုင်းတွင် စီးပွားရေး ဗဟိုဌာနသစ် အဖြစ် အဆင့် မြှင့်တင်ရေးကို စီစဉ်လျက် ရှိကြောင်း ထိုင်းဝန်ကြီးချုပ်၏ ပြောကြားချက်ကို ကိုးကား၍ ထိုင်း သတင်း ဌာနက ဖော်ပြခဲ့သည်။

Abhisit သည် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ကတည်းက  မြန်မာ နိုင်ငံသို့ ပထမဦးဆုံး ခရီးစဉ်တွင် မြန်မာ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သန်းရွှေနှင့် တွေ့ဆုံခဲ့သည်။

အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်အဖြစ် ခေတ္တ တာဝန် ထမ်းဆောင်နေသော Panitan Wattanayagorn  က ဘန်ကောက်တွင် ပြောကြားခဲ့ရာ၌ ထိုင်းဈေးကွက်၏ အနောက်ဖက် တံခါးပေါက်အဖြစ် ကချာနာမူရီနှင့် ထားဝယ် ဆက်သွယ်သော လမ်းကြောင်းကို ဖောက်လုပ်သွားရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်သမားများ ဝင်ရောက်မှု ရပ်ဆိုင်းသွားရေး အတွက်၊ အလုပ်သမားများ နိုင်ငံသား စိစစ်ရေးနှင့်  မှတ်ပုံတင်ရေး ကိစ္စတွင် မြန်မာနိုင်ငံမှ ပါဝင် ပူးပေါင်းမှု လိုအပ်ပုံကိုလည်း Abhisit က ပြောကြားခဲ့သည်။ ယခု အချိန်အထိ မြန်မာ အလုပ်သမား (၁၅၀၀၀၀) ခန့်သာ မှတ်ပုံ တင်ထားပြီး၊ ထိုင်းအစိုးရက မြန်မာနိုင်ငံမှ အလုပ်သမား (၈၀၀၀၀၀) ခန့်ကို မှတ်ပုံ တင်စေလိုသည်။

ထိုင်းဝန်ကြီးချုပ်သည် နိုဝင်ဘာ (၇) ရက်တွင် မြန်မာနိုင်ငံ၌ ကျင်းပမည့် ရွေးကောက်ပွဲ အတွက် ထိုင်း၏ အကူအညီ ပေးရေးကို အဆိုပြုရန် စီစဉ်ထားသည်ဟု Panitan က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ အပါအဝင် အခြား အာဆီယံ အဖွဲ့ဝင် နိုင်ငံများသည် အဖွဲ့ဝင်များ၏ ပြည်တွင်းရေး ကိစ္စများကို ဝင်ရောက် မစွက်ဖက်ရေး ပေါ်လစီကို ကာလ ရှည်ကြာကပင် လိုက်နာ လာကြသည် ဖြစ်ရာ၊ ထိုမူဝါဒသည် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား (၂၁၀၀) ခန့်အား လွှတ်မြောက်ရန် မစွမ်းဆောင်နိုင်မှုကြောင့် အနောက် နိုင်ငံများက ဝေဖန်လျက် ရှိကြသည်။

"ရွေးကောက်ပွဲဟာ တိုးတက်မှုနဲ့ ပွင့်လင်း မြင်သာမှုအတွက် ပထမ ခြေလှမ်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ သူ့ပြည်တွင်းရေးပါ" ဟု Panitan  က ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံ အနေဖြင့် ရွေးကောက်ပွဲကို ကူညီရန် အဆိုပြုလိမ့်မည်ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

"မြန်မာ နိုင်ငံကသာ အလိုရှိတယ် ဆိုရင် ကျွန်တော်တို့ ကူညီနိုင်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သော်လည်း၊ မည်သို့ ကူညီမည် ဆိုသည်ကို ပြောကြားခြင်း မရှိပေ။ "ဒါကတော့ သူတို့ ဘာကူညီ စေချင်သလဲ ဆိုတာပေါ် မူတည်ပါတယ်။ ဘာပဲဖြစ်ဖြစ် ထိုင်းနိုင်ငံရဲ့ ချစ်ကြည်ရေးကိုတော့ အိမ်နီးချင်း တစ်ဦးအနေနဲ့ မြန်မာနိုင်ငံက အသိအမှတ် ပြုနိုင်ပါတယ်" ဟု ၎င်းက ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

11th October 2010

ထိုင်းဝန်ကြီးချုပ် အဘီဆစ်ဗဲ့ ဂျာဂျီဗားသည် ရွှေ့ပြောင်း အလုပ်သမားများ ကိစ္စ၊ နယ်စပ် ပိတ်ထားမှု ကိစ္စ စသော ၂ နိုင်ငံ ပြဿနာများကို ဆွေးနွေးရန်အတွက် အိမ်နီးချင်း မြန်မာနိုင်ငံသို့ ၁ ရက် ခရီးစဉ်အဖြစ် တနင်္လာနေ့က ထွက်ခွာသွားသည်။

အဘီဆစ်သည် ထိုင်းလေတပ်မှ C-130 လေယာဉ်ဖြင့် မြန်မာ အုပ်ချုပ်ရေး မြို့တော်သစ် နေပြည်တော်သို့ တိုက်ရိုက်ပျံသန်း ထွက်ခွာသွားသည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

ယင်းသည် မြန်မာ အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ၀န်ကြီးချုပ် ဦးသိန်းစိန်တို့နှင့် တွေ့ဆုံရန် စီစဉ်ထားသည်ဟုလည်း သိရှိရသည်။

"မြန်မာ ရွေ့ပြောင်း အလုပ်သမားများ ကိစ္စ၊ မဲဆောက် နယ်စပ် ပိတ်ထားတဲ့ ကိစ္စတွေ အပါအ၀င် ၂ နိုင်ငံ ကိစ္စရပ် များစွာကို ကျွန်တော်တို့ ဆွေးနွေးကြမှာပါ"ဟု အဘီဆစ်က မြန်မာနိုင်ငံသို့ မထွက်ခွာမှီ သတင်းထောက်များအား ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ ဘက်ခြမ်း သောင်ရင်းမြစ် ကမ်းပါး ပြင်ဆင်ခြင်းကို အကြောင်းပြကာ ပြီးခဲ့သော ဇူလိုင်လ နှောင်းပိုင်းမှစ တပ်ခ်ပြည်နယ် မဲဆောက် နယ်စပ် ၀င်ပေါက်ကို မြန်မာနိုင်ငံဖက်မှ ပိတ်ထားခဲ့သည်။

ထိုင်းမြန်မာ နယ်စပ်မှ မြ၀တီ မဲဆောက် ၀င်ပေါက်သည် ထိုင်းကုန်စည်များ မြန်မာနိုင်ငံသို့ စီးဝင်ရာ အဓိက ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်သည်။ အဆိုပါ နယ်စပ်ဂိတ် ပိတ်ထားမှုကြောင့် မြန်မာနိုင်ငံ၏ မြို့တော်ဟောင်း ရန်ကုန်တွင် လူသုံးကုန် ပစ္စည်းများ ပြတ်လပ်မှု ဖြစ်ပေါ်ခဲ့သည်ဟု သိရှိရသည်။

၁၉၆၂ မှစ စစ်ဖက်က အုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံသည် စီးပွားရေးနှင့် နိုင်ငံရေး တိုးတက်မှု ဆိုင်ရာ ကိစ္စများတွင် ထိုင်းနိုင်ငံ၏ နောက်တွင် ပြတ် ကျန်နေခဲ့ပြီ ဖြစ်သည်။

ဖွံ့ဖြိုး တိုးတက်မှု အနည်းဆုံး နိုင်ငံအဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားသော မြန်မာနိုင်ငံသည် အရှေ့တောင် အာရှဒေသ အထူးသဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံအပေါ် လုံခြုံရေး၊ ကျန်းမာရေး နှင့် လူမှုရေး ဆိုင်ရာ စိမ်ခေါ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

ခန့်မှန်းခြေ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂ သန်းခန့် ထိုင်းနိုင်ငံတွင် နေထိုင်နေကြသည့် အနက် ထက်ဝက် ကျော်ခန့်မှာ တရားမ၀င် နေထိုင် လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

၂၀၀၄ ခုနှစ်အထိ နိုင်ငံ၏ မြို့တော် ဖြစ်ခဲ့ပြီး သံတမန် မစ်ရှင်အားလုံးနှင့် စီးပွားရေး လုပ်ငန်း အများစု ယခုတိုင် ဌာနချုပ် ရုံးစိုက်လျက် ရှိသော ရန်ကုန် မြို့တော်သို့လည်း အဘီဆစ်က ၀င်ရောက် လည်ပတ်မည်ဟု ဆိုသည်။

မြန်မာနိုင်ငံ အရှေ့ဖက် ကမ်းရိုးတန်း ထားဝယ် ဒေသတွင် ထိုင်းကုမ္ပဏီများ အတွက် ရေနက် ဆိပ်ကမ်းနှင့် စက်မှုဇုန်ကို ရင်းနှီး မြှုပ်နှံ လုပ်ကိုင်ရန် ထိုင်းနိုင်ငံက မျှော်လင့်လျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.