Transparency Myanmar

transparency.myanmar@gmail.com

VOA News, 13th October 2010

မကြာမီ ကျင်းပမည့် ရွေးကောက်ပွဲများသည် အမျိုးသား ပြန်လည် ပေါင်းစည်းရေးကို ဦးတည် အထောက်အကူ ပြုကြောင်း အာမခံရန် မြန်မာအစိုးရကို အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်သည်။ ထို့အပြင် မြန်မာ အစိုးရသည် ၎င်း၏ လူ့အခွင့်အရေး ညှင်းပန်းမှု မှတ်တမ်းများနှင့် ပတ်သက်၍ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အငြင်းပွားနေခြင်းကို ရွေးကောက်ပွဲ အပြီးတွင် ဖြေရှင်းနိုင်လိမ့်မည်ဟု ဆူရင်ပစ်ဆူဝမ်က မျှော်လင့်နေသည်။

ကမ္ဘာတွင် BURMA ဟုသာ သိကြသည့် မြန်မာနိုင်ငံ ၁၉၉၇ တွင် အာဆီယံ အဖွဲ့ဝင် ဖြစ်လာခဲ့ပြီးနောက် ကမ္ဘာ့နိုင်ငံများက အာဆီယံ ခေါင်းဆောင်များကို ပြစ်တင် ဝေဖန်ခဲ့ကြခြင်းမှာ မြန်မာနိုင်ငံ၏ သင်္ကာမကင်းဖွယ် လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများကြောင့်ပင် ဖြစ်သည်။

ထိုမျှမက မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့အတွင်းမှာပင် သဘောကွဲလွဲမှုများ ဖြစ်ပေါ်စေသည်။ အကြောင်းမှာ ဖိလစ်ပိုင်၊ မလေးရှား၊ စကာင်္ပူ စသော နိုင်ငံ အချို့က စစ်အစိုးရအား နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်စေရန် ဖိအားပေးခဲ့ကြခြင်းကို အခြား အဖွဲ့ဝင်များ၊ အထူးသဖြင့် လာအိုနှင့် ကမ္ဘောဒီးယားက သဘော မတူခဲ့ကြခြင်းကြောင့်ပင် ဖြစ်သည်။

နှစ်ပေါင်းများစွာ နှင်တံဖြင့် တို့ခဲ့ကြပြီးနောက် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲများကို နိုဝင်ဘာလ ၇ ရက်တွင် ကျင်းပတော့မည် ဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲများသည် အမျိုးသား ပြန်လည် ပေါင်းစည်းရေး အတွက် အခွင့်အရေးကို ကမ်းလှမ်းကာ မြန်မာနိုင်ငံကို နိုင်ငံတကာက ပစ်ပယ်ထားမှုကို အဆုံးသတ်ရန် အထောက်အကူ ဖြစ်လိမ့်မည်ဟု အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

"အာဆီယံ အဖွဲ့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်း ဆောင်ရွက်ရာမှာ ဆက်ဆံရာမှာ မြန်မာနိုင်ငံ ကိစ္စက အဓိက ပြဿနာ ဖြစ်နေပါတယ်။ ဒီကိစ္စ ကျွန်တော်တို့ရဲ့ နောက်မှာ ရှိနေတာကိုပဲ ကျွန်တော်တို့က မြင်ချင်တာပါ။ တစ်ခုထဲသော လုပ်စရာ နည်းလမ်းကတော့ ဒီရွေးကောက်ပွဲက အမျိုးသား ပြန်လည် ပေါင်းစည်းရေးအတွက် ထိရောက်တဲ့ လုပ်ငန်းစဉ်အဖြစ် ဖြည့်ဆည်းပေးတယ် ဆိုတာကို သေချာအောင် လုပ်ဖို့ပဲ ရှိပါတယ်" ဟု ဆူရင်က ဆိုသည်။

အဆိုပါ ရွေးကောက်ပွဲကို မြန်မာ အများစုက တရားဝင်အဖြစ် လက်ခံရန် လိုအပ်သည်ဟုလည်း ဆူရင်က ဘန်ကောက်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

လူ့အခွင့်အရေး အုပ်စုများနှင့် အနောက် နိုင်ငံများကမူ စစ်အုပ်ချုပ်ရေး ဆက်လက် ခိုင်မြဲစေရန် ရည်ရွယ် ပြုလုပ်သော ရွေးကောက်ပွဲ အတုဟု ခေါ်ခေါ် သတ်မှတ်ထားကြသည်။ လွှတ်တော် အမတ်နေရာ လေးပုံ တစ်ပုံကို တပ်မတော်အတွက် သီးသန့် ကြိုတင် ဖယ်ထားပြီးလည်း ဖြစ်သည်။

တင်းကြပ်လွန်းသော ရွေးကောက်ပွဲ ဥပဒေများကလည်း အဓိက အတိုက်အခံ အုပ်စု NLD ပါတီ အပါအဝင် အခြား အတိုက်အခံ နိုင်ငံရေးပါတီများ ရွေးကောက်ပွဲ မဝင်နိုင်အောင် ရည်ရွယ် တားဆီးထားသည်။ ၎င်းဥပဒေများအရ အထိန်းသိမ်းခံ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကျဉ်း ကျခံနေရသော ပါတီဝင် များစွာကို ပါတီမှ ထုတ်ပယ်ရမည် ဖြစ်ရာ၊ NLD က ထိုသို့ မလုပ်နိုင်ကြောင်း ငြင်းဆန်ခဲ့သဖြင့် ပါတီကို ဖျက်သိမ်းကြောင်း အစိုးရက အမိန့် ထုတ်ပြန်ခဲ့သည်။

ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ လက်အောက်တွင် ထိန်းချုပ်ထားသည့် နယ်စပ်ဒေသ များစွာတွင် အစိုးရက မဲရုံများ ထားရှိမည် မဟုတ်ပါ။

ဖြစ်သင့် ဖြစ်ထိုက်သော ရည်ရွယ်ချက်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ခံနိုင်မည့် အစိုးရမျိုးကို ထုတ်လုပ်ပေးရန်သာ ဖြစ်သင့်သည်ဟု ဆူရင်က ပွင့်လင်းစွာ ပြောကြားသည်။

"အခုတော့ ရက်အတိအကျ သတ်မှတ်လိုက်ပြီ ဆိုတော့ လူတိုင်းက စိတ်သက်သာသွားတဲ့ ခံစားမှုနဲ့ မျှော်လင့်နေကြပြီ။ ခုတော့ လာပါပြီဗျာ။ တကယ်ပါ၊ အတိအကျပါ" ဟု ၎င်းက ဟာသ စွက်ကာ ပြောဆိုသည်။ ဒီရွေးကောက်ပွဲတွေကို လက်ခံနိုင်လိမ့်မယ်၊ ထိရောက်စွာ ဆောင်ရွက်နိုင်လိမ့်မယ်။ ပြီးရင် အသိအမှတ် ပြုနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒါတွေ အားလုံးဟာ မှန်းဆချက်တွေပါ။ တကယ့် ရလဒ်ကိုတော့ စောင့်ကြည့်ရုံပဲ ရှိပါတယ်။ ဒါပေမယ့် အာဆီယံနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာ ဆူးတစ်ချောင်းလို ဖြစ်နေတဲ့ ကိစ္စကို မြန်မာနိုင်ငံက အဆုံးသတ် နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ အားလုံးက မျှော်လင့်နေကြပါတယ်" ဟု ဆူရင်က ပြောကြားသည်။

အမေရိကန် ပြည်ထောင်စု အပါအဝင် ကမ္ဘာ့ နိုင်ငံများစွာက မြန်မာ အစိုးရအပေါ် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုများ ချမှတ်ထားကြခြင်းမှာ မိမိပြည်သူများကို နှိပ်စက် ညှင်းပန်းသည့် မြန်မာ အစိုးရ၏ စက်ဆုပ်ဖွယ် လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများကြောင့် ဖြစ်သည်။

မြန်မာအစိုးရ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်လာအောင် တွန်းအားပေးရန် အမေရိကန် ပြည်ထောင်စု၊ ဥရောပ သမဂ္ဂနှင့် အခြားနိုင်ငံများစွာက အာဆီယံကို ကာလရှည်ကြာ တောင်းဆိုခဲ့ကြသည်။ သို့ရာတွင် ပြောင်းလဲမှု အနည်းငယ်သာ ရှိခဲ့သည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ဖမ်းဆီးထားပြီး လွတ်လပ်စွာ ပြောဆိုခွင့်ကို ဆက်လက် ပိတ်ပင် တားဆီးထားကာ အဓမ္မ ခိုင်းစေသော လုပ်သားများ အသုံးပြုခြင်းဖြင့် ပြည်သူလူထုကို တားမြစ် ချုပ်ချယ်လျက် ရှိသည်ဟု လူ့အခွင့်အရေး အုပ်စုများက ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, 13th October 2010

ပြည်ထောင်စု အရံ ငွေကြေး အဖွဲ့က လာမည့်လတွင် ငွေကြေးမူဝါဒကို ဖြေလျှော့ပေးလိမ့်မည် ဟု မှန်းဆမှုများ ကြီးထွားနေသည့် ကြားမှ ကြာသပတေးနေ့က တိုကျိုတွင် ယန်းငွေနှင့် ချိတ်ဆက်ထားသည့် ဒေါ်လာ ၁၅ နှစ်အတွင်း အနိမ့်ဆုံးသို့ ကျဆင်းခဲ့သည်။

တိုကျို ကုန်သွယ်ရေး လောကတွင် ကြာသပတေးနေ့ အစောပိုင်းက တစ်ဒေါ်လာလျှင် ၈၁.၂၃ ယန်းသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

အမေရိကန် ပြည်ထောင်စု၏ "ပြည်ထောင်စု ငွေကြေး ရန်ပုံငွေ အဖွဲ့" က နိုဝင်ဘာလ အစောပိုင်းတွင် ငွေကြေးစာချုပ် ၀ယ်ယူမှု အစီအစဉ်ကို ပြဌာန်းလိမ့်မည်ဟု ရင်းနှီး မြှုပ်နှံသူများက မှန်းဆ လောင်းကြေး ထပ်နေမှုကြောင့် ဒေါ်လာအပေါ် ဖိအားများစွာ ကျရောက်နေခြင်း ဖြစ်သည်။

ငွေကြေးစာချုပ် ၀ယ်ယူမှုသည် အတိုးနှုန်းနှင့် အမြတ်များ နိမ့်ကျလာသည့်တိုင် တွန်းအားပေး မောင်းနှင်ဖွယ် ရှိနေပြီး ဒေါ်လာ ရောင်းချမှုကို အားပေးရန် ရည်ရွယ်ထားသည်။

ယန်းငွေ တန်ဖိုး တက်နေခြင်းကို တိုကျိုက အရေးယူ ဆောင်ရွက်ဖွယ် ရှိသည်ဟု ဂျပန်ဘဏ္ဍာရေး ၀န်ကြီးက အကြိမ်ကြိမ် သတိပေးလျက် ရှိသည်။ ယန်းငွေ တန်ဖိုး မာနေမှုကြောင့် ဂျပန်သို့ ပြန်ပို့သည့် အမြတ်ငွေ ပမာဏ ကျဆင်းကာ ဂျပန် ပို့ကုန် လုပ်ငန်းရှင်များကို ထိခိုက် နစ်နာစေခြင်းကြောင့် ဖြစ်သည်။

ယန်းငွေ တန်ဖိုး ချရန်အတွက် ကြားဝင် ဆောင်ရွက်ရန် ဂျပန်က စက်တင်ဘာ ၁၅ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ပြီး စက်တင်ဘာ ၂၈ ရက်တွင် ငွေကြေး ကြားဝင် ဆောင်ရွက်မှု အတွက် ယန်းငွေ ၂.၁၂ ထရီလီယံ သုံးစွဲခဲ့သည်။ အဆိုပါ ဆောင်ရွက်မှုသည် ကနဦးတွင် အလုပ် ဖြစ်ခဲ့ပြီး မျှော်လင့်ထားသည့် အတိုင်း ယန်းငွေတန်ဖိုး ကျသွားသည်။ သို့သော်လည်း သက်ရောက်မှု အချိန် တိုတောင်းခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

CNN, 12th October 2010

တရုတ် နိုင်ငံသည် ယင်း၏ အိမ်နီးချင်းနိုင်ငံ များအပေါ် စစ်ရေးအရ ခြိမ်းခြောက်မှုများ မရှိကြောင်း အာဆီယံ လုံခြုံရေးဆိုင်ရာ ဖိုရမ်တွင် တရုတ် ကာကွယ်ရေး ၀န်ကြီးက ပြောကြားခဲ့သည်။

အမေရိကန် ကာကွယ်ရေး ၀န်ကြီး Robert Gates သည် ဗီယက်နမ်တွင် ကျင်းပသော အဆိုပါ အစည်းအဝေးတွင် အင်္ဂါနေ့က နယ်မြေ အငြင်းပွားမှုများနှင့် ရန်လိုမှုများကို အနည်းငယ်မျှ ညွှန်းဆို ပြောကြား သွားခဲ့သော်လည်း တရုတ်ကို တိုက်ရိုက် ဝေဖန်ခြင်းအား ရှောင်ရှားသွားခဲ့သည်။

"အမေရိကန် ပြည်ထောင်စု အနေနဲ့ တောင်တရုတ် ပင်လယ် ကကဲ့သို့ နယ်မြေ ပိုင်ဆိုင်မှု အငြင်း ပွားမှုများမှာ ဘယ်ဖက်ကမှ ရပ်တည်ပေးမှာ မဟုတ်ပါဘူး။ ဒီကိစ္စတွေကို သံတမန် လုပ်ငန်းစဉ်များနဲ့ ပူးပေါင်းပြီး ဘေးပယောဂတွေ မပါပဲ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းသင့်ပါတယ်။ အများနဲ့ ဆိုင်တဲ့ နိုင်ငံတကာ ဥပဒေများကိုလည်း ထိန်းသိမ်းရပါမယ်"ဟု ယင်းက ပြောသည်။

Beijing က တောင်တရုတ် ပင်လယ်၏ အစိတ်အပိုင်း အတော်များများအား တရုတ်မှ ပိုင်ဆိုင်ကြောင်း ပြောခဲ့သော်လည်း အိမ်နီးချင်း နိုင်ငံများကလည်း ပိုင်ဆိုင်မှုအတွက် တောင်းဆိုခဲ့သဖြင့် အငြင်းပွားလျက် ရှိသည်။ အဆိုပါ ရေပိုင်နက်နှင့် ကျွန်းများ အငြင်းပွားမှုတွင် ယင်းတို့ရှိ  သဘာဝ သယံဇာတများလည်း ပါဝင်ရာ အရှ ပစိဖိတ်ဒေသတွင် အချိန်မရွေး ပြင်းထန်သော ပြဿနာများ ဖြစ်ပွားလာနိုင်သည်။

"တရုတ်ရဲ့ ကာကွယ်ရေး ပေါ်လစီဟာ မိမိကိုယ်မိမိ ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်" ဟု တရုတ် ကာကွယ်ရေးဝန်ကြီး Liang Guanglie က ပြောကြားခဲ့သည်။ "တရုတ်ရဲ့ ကာကွယ်ရေးဆိုင်ရာ တိုးတက်မှုများဟာ ဘယ်သူ့ကိုမှ စိန်ခေါ်ဖို့ ခြိမ်းခြောက်ဖို့ မရည်ရွယ်ပါဘူး ဒါပေမယ့် မိမိလုံခြုံရေးကို သေချာစေဖို့ရယ်၊ ဒေသတွင်းနဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး တိုးတက်စေဖို့ပဲ ဖြစ်ပါတယ်" ဟု ယင်းက ပြောသည်။

Liang ၏ သတင်း ထုတ်ပြန်ချက်မှာ စက်တင်ဘာလက တရုတ် ငါးဖမ်းသင်္ဘော ကပ္ပတိန်အား ဖမ်းဆီးမှုကြောင့် ဂျပန်နိုင်ငံနှင့် သံတမန်ရေးအရ အငြင်းပွားမှုများ ဖြစ်ပြီး နောက်ပိုင်းတွင် ထွက်ပေါ် လာခြင်း ဖြစ်သည်။ ယင်းသည် East China Sea ရှိ အငြင်းပွားနေသော Diaoyu ကျွန်းများ အနီးတွင် အဖမ်းခံရခြင်း ဖြစ်သည်။

နောက်ပိုင်း တရုတ်မှ သံတမန်ရေးအရ ခြိမ်းခြောက်မှုများ ပြုလုပ်လာခဲ့ပြီး သံတမန်ရေးအရ စကားပြောမှုများ ရပ်ဆိုင်းခြင်း၊ ဂျပန်သို့ သွားရောက်မည့် ခရီးစဉ်များ ဖျက်သိမ်းခြင်းများ ပြုလုပ်လာခဲ့သည်။ ဂျပန်နိုင်ငံတွင် ထိုကျွန်းများကို Senkaku ဟု လူသိများသည်။

ဂျပန်က ပြီးခဲ့သည့် လနှောင်းပိုင်းတွင် ထိုကပ္ပတိန်အား လွှတ်ပေးခဲ့ရာ တရုတ်က သူရဲကောင်း တစ်ဦးပမာ ကြိုဆိုခဲ့သည်။

အဆိုပါ အငြင်းပွားမှု အပြီး ပြီးခဲ့သည့် အပတ် ဘယ်ဂျီယံတွင် အာရှ ဥရောပ အစည်းအဝေး၏ အရန် တွေ့ဆုံမှုအဖြစ် တရုတ်နှင့် ဂျပန် ခေါင်းဆောင်များ တွေ့ဆုံခဲ့ရာ ဆက်ဆံရေးတွင် နွေးထွေးသည့် လက္ခဏာ ပြခဲ့သည်။

တရုတ်နှင့် အမေရိကန် ပြည်ထောင်စု တို့သည်လည်း ယခုအပတ် ဟနွိုင်းရှိ အာဆီယံတွင် ထိုနည်းအတိုင်း အဆင်ပြေခဲ့သည်။

အမေရိကန် ကာကွယ်ရေး ၀န်ကြီးသည် လာမည့်နှစ်တွင် Beijing သို့ သွားရောက် လည်ပတ်ရန် ဖိတ်ခေါ်ခြင်းကို လက်ခံခဲ့ပြီး စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုများ ပြန်လည် တည်ဆောက်မည် ဖြစ်သည်။

ယခုနှစ် အစောပိုင်းက Obama အစိုးရသည် ထိုင်ဝမ်သို့ လက်နက် ရောင်းမည့် အစီအစဉ်ကို ကြေညာခဲ့ရာ Beijing သည် အမေရိကန် ပြည်ထောင်စုနှင့် စစ်ရေးဆိုင်ရာ ဆွေးနွေးမှုများကို ဖြတ်တောက်ခဲ့သည်။

အာဆီယံသည် အဖွဲ့ဝင် (၁၀) နိုင်ငံ ပါဝင်သော နိုင်ငံရေးနှင့် စီးပွားရေး အဖွဲ့အစည်း ဖြစ်သည်။ ယခု ဗီယက်နမ်တွင် ပြုလုပ်သော အစည်းအဝေးတွင် သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှား၊ တောင်ကိုးရီးယားနှင့် အမေရိကန် ပြည်ထောင်စုတို့ ပါဝင်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 13th October 2010

ကမ္ဘာ့ အကြီးဆုံး ဆန်တင်ပို့သူ ထိုင်းနိုင်ငံသည် လာမည့် ၂၀၁၁ တွင် အနည်းဆုံး ဆန်တန်ချိန် ၈.၅ သန်း တင်ပို့နိုင်ဖွယ် ရှိပြီး ဝယ်လိုအား ဆက်လက် ကြီးထွားနေမည်ဟု မျှော်လင့်ရကြောင်း ထိုင်း ဆန်တင်ပို့သူများ အသင်းက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

"တန်ချိန် ၈.၅ သန်းကို ပစ်မှတ်ထားတာက သမားရိုးကျ ခန့်မှန်းချက် တစ်ခုပါ။ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စတဲ့ အဓိက ဝယ်လက်တွေက ဆက်ပြီး ဝယ်ယူ တင်သွင်းကြမယ် ဆိုတော့ ဝယ်လိုအား ဆက်ပြီး ကြီးထွားနေဦးမယ်လို့ မျှော်လင့်ရလို့ပါပဲ" ဟု ဆန်တင်ပို့သူများ အသင်း ဥက္ကဋ္ဌ ကော့ဆွတ်လမ်ဆူရီ က ရိုက်တာသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"တကယ်လို့ လာမယ့်နှစ်မှာ ဘတ်ငွေ အရမ်း မမာဘူးဆိုရင် တန်ချိန် ၈.၅ သန်းထက် ပိုပြီး ရောင်းနိုင်ဦးမှာပါ" ဟု သူမက ဆက်လက် ပြောဆိုသည်။

ထိုင်းနိုင်ငံသည် ယေဘုယျ အားဖြင့် တစ်နှစ်လျှင် ဆန်တန်ချိန် ၈.၅ သန်းနှင့် ၉.၅သန်း အကြား တင်ပို့ ရောင်းချလျက် ရှိပြီး အထက်ပါ ပမာဏမှာ ယခုနှစ်အတွက် မျှော်လင့်ထားခြင်း ဖြစ်သည်။ ၂၀၀၉ ခုနှစ်က တန်ချိန် ၈.၆ သန်း တင်ပို့ ရောင်းချခဲ့သည်ဟုလည်း သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်၏ အကြီးဆုံးသားက ဆွေစဉ်မျိုးဆက် ရာထူး ဆက်ခံစေမည့် အစီအစဉ်ကို ဆန့်ကျင် ကန့်ကွက်ကြောင်း အောက်တိုဘာလ ၁၁ ရက်နေ့တွင် ထုတ်ဖော် ပြောဆိုလိုက်သည်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီလ်၏ အစီအစဉ်အရ အငယ်ဆုံး သားဖြစ်သူ ကင်ဂျွန်အန်က ၎င်း၏ ရာထူး ရရှိလိမ့်မည် ဖြစ်သည်။ ထိုသို့ ထီးနန်း ဆက်ခံမှု ပုံစံကို ဆန့်ကျင်လိုက်သူ အကြီးဆုံးသားမှာ ကင်ဂျွန်နမ် (၃၉ နှစ်) ဖြစ်ပြီး ၎င်းသည် ကင်ဂျွန်အန်နှင့် ဖအေတူ မအေကွဲ ညီအကို တော်စပ်ကာ ယခုအခါ တရုတ် ပြည်မကြီးနှင့် မကာအိုတို့တွင် နေထိုင်လျက် ရှိသည်။

ကင်ဂျွန်နမ်သည်လည်း ယခင်က ဖခင်ကြီး ကင်ဂျုံအီလ်၏ အရိုက်အရာကို ဆက်ခံမည့်သူ အဖြစ် ထင်ကြေး ပေးခံခဲ့ရသူ ဖြစ်ခဲ့သည်။ သို့သော် ၂၀၀၁ ခုနှစ်တွင် နိုင်ငံကူး လက်မှတ်အတုဖြင့် ဂျပန် နိုင်ငံသို့ ထွက်ပြေးရန် ကြိုးစားစဉ် ဖမ်းမိခဲ့ပြီးနောက် ၎င်းအပေါ် အရိုက်အရာ ဆက်ခံမည့် သူအဖြစ် ကြိုက်နှစ်သက်မှု လျော့ကျသွားခြင်း ဖြစ်သည်။

"ပုဂ္ဂိုလ်ရေးအရ ပြောရရင် ကင်တတိယ မျိုးဆက် ရာထူး ဆက်ခံမယ့် ကိစ္စကို ကျွန်တော် မကြိုက်ပါဘူး၊ ဆန့်ကျင်ပါတယ်" ဟု ကင်ဂျွန်နမ်၏ ပြောဆိုချက်ကို ကိုးကား၍ ဂျပန် ရုပ်သံ သတင်းဌာန Asahi က ဖော်ပြသည်။ "ဒါပေမဲ့ အတွင်းရေးနဲ့ ပတ်သက်တဲ့ ဖက်တာတွေ ရှိနေတယ်လို့ ကျွန်တော် ထင်တယ်။ တကယ်လို့သာ အတွင်းရေး ကိစ္စတွေ ပါဝင် ပတ်သက်နေမယ် ဆိုရင် ကျွန်တော်တို့ အနေနဲ့ အဲဒီ အစီအစဉ်ကို လိုက်နာ စောင့်ထိန်း ပေးသင့်တယ်လို့ ထင်ပါတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

လျှို့ဝှက်လွန်းသည့် ကွန်မြူနစ် မြောက်ကိုရီးယား နိုင်ငံအပေါ် ကင်ဂျုံအီလ်၏ သားဖြစ်သူက ယခုကဲ့သို့ ဝေဖန် ပြောဆိုခြင်းမှာ ပုံမှန် ဖြစ်ရိုးဖြစ်စဉ် တစ်ခု မဟုတ်ပေ။ သို့သော် ၎င်း၏ သုံးသပ် ပြောဆိုချက်များသည် မြောက်ကိုရီးယား ပြည်တွင်းရေးအပေါ် လွှမ်းမိုးနိုင်ဖွယ် မရှိဟု လေ့လာ သုံးသပ်သူများက ဆိုသည်။

"ကျွန်တော့် အပိုင်းကတော့ ကျွန်တော်ရဲ့ ညီဖြစ်သူ ဘာပဲ လိုအပ် လိုအပ် အကူအညီပေးဖို့ အသင့် ပြင်ထားပါတယ်" ဟု ၎င်းက ဖြည့်စွက် ပြောဆိုသည်။ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ တရုတ်နိုင်ငံ အတွင်း ပြုလုပ်သော အင်တာဗျူး တစ်ခုတွင် ကင်ဂျွန်နမ်က ဖခင်ဖြစ်သူ မြောက်ကိုရီးယား ခေါင်းဆောင်ကြီး၏ နိုင်ငံရေး အာဏာ ရယူရန် စိတ်ဝင်စားခြင်း မရှိပါကြောင်း ပြောဆိုခဲ့ဖူးသည်။

ယခုအခါ နာမကျန်း ဖြစ်လျက် ရှိသော ကင်ဂျုံအီလ်သည် မြောက်ကိုရီးယား ကွန်မြူနစ် နိုင်ငံတော်၏ ခေါင်းကိုင် ဖခင်ကြီး ကင်အီဆွန်း ကွယ်လွန်ပြီးနောက် ၁၉၉၄ ခုနှစ်တွင် ၎င်း၏ အရိုက်အရာကို ဆက်ခံခဲ့သည်။ ယခု ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာ လကုန်ပိုင်း မှစ၍ ကင်ဂျုံအီလ်က အငယ်ဆုံး သားဖြစ်သူ ကင်ဂျွန်အန်အား အာဏာရ အလုပ်သမား ပါတီ၏ ဒုတိယ ဥက္ကဌ အဖြစ် ခန့်အပ်ခဲ့သလို ကြယ်လေးပွင့် အဆင့်ရှိ ဗိုလ်ချုပ်ကြီး အဖြစ်လည်း ရာထူး တိုးမြှင့်ပေးခဲ့သည်။ မကြာသေးခင်က ပြုလုပ်ခဲ့သော မြောက်ကိုရီးယား နိုင်ငံ ထူထောင်ခြင်း ၆၅ ကြိမ်မြောက် အထိမ်းအမှတ် ပွဲတွင် ဖခင်ကြီး ကင်ဂျုံအီလ်က အငယ်ဆုံး သားဖြစ်သူကို လူသိရှင်ကြား ပွဲထုတ်ခဲ့ကြောင်း မီဒီယာများက ရေးသား ဖော်ပြသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.