Transparency Myanmar

transparency.myanmar@gmail.com

Bangkok Post, 17th October 2010

ထိုင်းနိုင်ငံ Tak ခရိုင် နယ်စပ် တလျှောက်တွင် ထိုင်းစစ်တပ်သည် နိုဝင်ဘာ (၇) ရက် မြန်မာ ရွေးကောက်ပွဲကြောင့် ယခင်က လုံခြုံရေးအရ ကန့်သတ်မှုများ ရှိပြီးသည့် အပြင် ယခုအခါ ပိုမို တင်းကြပ်လာသည်ကို တွေ့ရသည်။

Tak ခရိုင်၏ မဲဆောက်တွင် ရှိသော အမှတ် (၄) သေနတ်ကိုင် တပ်ရင်းမှ စစ်သားများသည် ၎င်းနှင့် မျက်နှာချင်းဆိုင်ရှိ မြန်မာမြို့တစ်ခု ဖြစ်သော မြဝတီနယ်စပ် တလျှောက်တွင် အထူး ကင်းလှည့်လျက် ရှိပြီး ရွေးကောက်ပွဲ ပြီးဆုံးသည်အထိ တာဝန်ယူထားမည် ဖြစ်သည်ဟု တပ်မှူး Padaung Yingpaiboon က ပြောသည်။

ကရင်ပြည်နယ်ရှိ မြဝတီတွင် မြန်မာအစိုးရ စစ်တပ်များနှင့် ကရင် KNU  တပ်များ အကြား တိုက်ခိုက်မှု အရှိန် မြင့်လျက် ရှိသည်။

မြန်မာ အစိုးရသည် အဆိုပါ ဆန့်ကျင်ရေး အင်အားစုများက ရွေးကောက်ပွဲ စည်းရုံးရေး ဆင်းစဉ် ကာလအတွင်း မငြိမ်မသက်မှုကို မြှောက်ပင့်ပေးမည်ကို စိုးရိမ်နေပြီး အချုပ်အချာ အာဏာကို ထိပါးလာမည်ကိုလည်း စိုးရိမ်နေသည်။

ကင်းလှည့်ရေးတွင် မော်တော် ဆိုင်ကယ်များနှင့် ယာဉ်တန်းတစ်ခု ပါဝင်ပြီး၊ မြန်မာစစ်တပ်နှင့် တိုင်းရင်းသား အုပ်စုများ ကြားတွင် ဖြစ်သော ပဋိပက္ခကြောင့် ဖြစ်လာနိုင်သည့် ကိစ္စများကို ကြိုတင် ကာကွယ်ရေး လုပ်ငန်း ဖြစ်ကြောင်း ဗိုလ်မှူးကြီး Padung က ပြောသည်။

တပ်ရင်း (၃) တပ်မှူး Wannatip Wongwai က ပြောကြားရာတွင် မြန်မာ အစိုးရသည် ထိုင်းအာဏာပိုင်များထံ မည်သည့် အကူအညီမျှ မတောင်းသေးဟု ဆိုသည်။

သို့သော် ချင်းရိုင်ရှိ အမှတ် (၂) ခြေမြန်တပ်ရင်း Pha Muang တပ်မှ တပ်မှူးကြီး Jiradej kamolpetch က ပြောကြားရာတွင် ၎င်းတို့ စစ်တပ် အနေဖြင့် အကူအညီ တောင်းလာလျှင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အကူအညီ ပေးရန် အသင့် ရှိသည်ဟု ဆိုသည်။

နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲသည် အနှစ် နှစ်ဆယ်အတွင်း ပထမဆုံး ကျင်းပခြင်း ဖြစ်ပြီး၊ ဒီမိုကရေစီ ပါတီများက သံလက်သီး တပ်ထားသော စစ်အစိုးရ၏ တင်းကြပ်သော ကန့်သတ်မှုများသည် ရွေးကောက်ပွဲတွင် စစ်တပ် အနိုင်ရရေးကို ပို၍ သေချာစေသည်ဟု ဆိုကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Asian Correspondent, By Zin Linn, 14th October 2010

အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်သည် မြန်မာအစိုးရအား လာမည့် ရွေးကောက်ပွဲသည် အမျိုးသား ပြန်လည် စည်းလုံးရေး ဖြစ်စေရန် တောင်းဆိုခဲ့သည်။ ဘန်ကောက်ရှိ VOA ၏ Ron Corben ၏ အဆိုအရ ရွေးကောက်ပွဲ အပြီးတွင် မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့် ပဋိပက္ခ ဖြစ်လျက် ရှိသော လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စရပ်များ ဖြေရှင်း ပေးနိုင်လိမ့်မည်ဟု Surin Pitsuwan က မျှော်လင့်လျက် ရှိသည်။

မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်က အာဆီယံ အဖွဲ့ဝင် နိုင်ငံ ဖြစ်လာသောအခါ နိုင်ငံ အများစုက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ကိစ္စများကြောင့် အာဆီယံ ခေါင်းဆောင်များကို ဝေဖန်ခဲ့သည်။

မြန်မာနိုင်ငံသည် ၁၉၆၂ မှ စတင်၍ စစ်ဖိနပ် အောက်တွင် ဒုက္ခများ ခံစားခဲ့ရသည်။ စစ်အစိုးရသည် ကမ္ဘာပေါ်တွင် လူ့အခွင့်အရေး အချိုးဖောက်ဆုံး နိုင်ငံဘွဲ့ကို ရယူနိုင်ခဲ့သည်။ စစ်တပ်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှု၊ ၂၀၀၃ ခုနှစ် မေလ (၃၀) ရက်နေ့တွင် ဒီပဲယင်း လူသတ်မှု၊ ၂၀၀၇ စက်တင်ဘာတွင် ရွှေဝါရောင် တော်လှန်ရေးနှင့် အခြားကိစ္စများတွင် ရက်ရက်စက်စက် ချေမှုန်းခဲ့သည်။

အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် Surin Pitsuwan က အောက်တိုဘာ (၁၃)ရက်နေ့က ပြောကြားရာတွင် ရွေးကောက်ပွဲများသည် အမျိုးသား ပြန်လည် စည်းလုံးရေးအတွက် အခွင့်အလမ်း ပေးနိုင်မည့် အပြင် နိုင်ငံတကာ၏ ပစ်ပယ်ထားမှုကို အဆုံးသတ် နိုင်လိမ့်မည်ဟု မျှော်လင့်မည်ဟု မျှော်လင့်ကြောင်း ပြောခဲ့သည်။

သို့သော် ပြီးခဲ့သည့် ဇူလိုင်လက မြန်မာနိုင်ငံရှိ ကရင် အသိုင်းအဝိုင်းနှင့် လူ့အခွင့်အရေး အဖွဲ့များက ပြောကြားရာတွင် မြန်မာ စစ်တပ်သည် ကရင်ပြည်နယ်တွင် ရွာများကို တိုက်ခိုက်မှုများ ပိုမို လုပ်ဆောင်လာရာ ရွာများကို မီးရှို့ခြင်းကြောင့် လူရာပေါင်း များစွာကို တောထဲသို့ ထွက်ပြေးစေသည်ဟု ဆိုသည်။ အဆိုပါ တိုက်ခိုက်မှုများသည် ရွေးကောက်ပွဲ မတိုင်မီ စစ်ဆင်ရေး၏ အစ ဖြစ်လေမည်လားဟု လူ့အခွင့်အရေး အုပ်စုများက စိုးရိမ်လျက် ရှိသည်။

စစ်တပ်၏ ရွာများကို မီးရှို့ခြင်းကြောင့် လူ (၉၀၀) ကျော်ခန့်အား နီးစပ်ရာ တောထဲသို့ ထွက်ပြေးစေခဲ့သည်။ KNU  အထွေထွေ အတွင်းရေးမှူး Zipporah sein က အဆိုပါ တိုက်ခိုက်မှုများသည် ယခုနှစ် နှောင်းပိုင်း ရွေးကောက်ပွဲ မတိုင်မီ စစ်တပ်၏ ခြောက်လှန့်မှု ပြုသော စစ်ဆင်ရေးသစ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်မည်ကို ကြောက်ရွံ့ကြောင်း ပြောခဲ့သည်ဟု ပြီးခဲ့သည့် ဇူလိုင် လကုန်က VOA က သတင်း ဖော်ပြခဲ့သည်။

စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအရ အစိုးရ ဆန့်ကျင်သူ (၂၂၀၀) ကျော်အား ဖမ်းဆီးထားသည်။ အာဆီယံ အထွေထွေ အတွင်းရေးမှူးက မြန်မာ အစိုးရအား လာမည့် ရွေးကောက်ပွဲများသည် အမျိုးသား ပြန်လည် ပေါင်းစည်းရေး အတွက် အထောက်အကူ ပြုလာစေရန် အာမခံရေး တောင်းဆိုခဲ့သည်။ သို့သော် နိုင်ငံရေး အကျဉ်းသားများကို မလွတ်ဘဲ ပြန်လည် ပေါင်းစည်းရေးကို အိပ်မက် မက်ခြင်းသည် လေထဲတွင် တိုက်အိမ် ဆောက်ခြင်းပင် ဖြစ်သည်။

မြန်မာ နိုင်ငံသည် အာဆီယံ နိုင်ငံများ ကြားတွင် သဘောထား ကွဲပြားမှုများကို ဖြစ်စေသည်။ ဖိလစ်ပိုင်၊ မလေးရှားနှင့် စကာင်္ပူစသော အဖွဲ့ဝင် နိုင်ငံများက စစ်အစိုးရကို နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ လုပ်ရန် ပြင်းပြင်းထန်ထန် ဖိအားပေးခဲ့သည်။

နှစ်အတန်ကြာ ဖိအားပေးခဲ့ရာ မြန်မာနိုင်ငံသည် နိုဝင်ဘာလ (၇) ရက်နေ့တွင် အနှစ် နှစ်ဆယ် အတွင်း ပထမဆုံး ရွေးကောက်ပွဲ ကျင်းပတော့မည် ဖြစ်သည်။

"မြန်မာနိုင်ငံဟာ အာဆီယံနဲ့ ကမ္ဘာ့ အသိုင်းအဝိုင်း ကြားမှာ ပူးပေါင်း ဆောင်ရွက်ရေး၊ အပြန်အလှန် ဆက်ဆံရေးမှာ အဓိက အရေးအရာ  တစ်ခု ဖြစ်ခဲ့ရပါတယ်" ဟု Surin  က ပြောသည်။ "ကျွန်တော်တို့ ဒီကိစ္စတွေကို ထားပစ်ခဲ့ချင်ပါပြီ။ တစ်ခုတည်းသော နည်းလမ်းကတော့ ရွေးကောက်ပွဲတွေဟာ အမျိုးသား ပြန်လည် ပေါင်းစည်းရေး အတွက် ထိရောက်တဲ့ ယန္တရား တစ်ခု ဖြစ်စေရေးပါပဲ" ဟု ၎င်းက ပြောသည်။

သို့သော် ဝေဖန်သူ အများစုက သံသယ ရှိနေဆဲဖြစ်သည်။ အစိုးရသည် အမျိုးသား ပြန်လည် ပေါင်းစည်းရေးအတွက် ကတိများ ပေးခဲ့ပြီး ကတိ မတည်ခဲ့ကြောင်း ၎င်းတို့က ပြောကြသည်။ ASEAN Inter-Parliamentary Myanmar Caucus (AIPMC) ဥက္ကဋ္ဌ Kraisak Choonhavan က ပြောကြားရာတွင် စစ်အစိုးရသည် ဒီမိုကရေစီ တန်ဖိုးများကို လေးစားကြောင်း တစ်ခါတစ်ရံ ပြောခဲ့သော်လည်း ၎င်းသည် အတိုက်အခံများ နိုင်ငံရေး ဖြစ်စဉ်တွင် လွတ်လပ်စွာ ပါဝင်ခွင့်ကို အမြဲတစေ ငြင်းဆန်ခဲ့သည်ဟု ဆိုသည်။

လေ့လာသူများက ၂၀၀၈ အခြေခံ ဥပဒေနှင့် စစ်အစိုးရ၏ အပြောင်းအလဲ ပြုလုပ်မှု မပါဝင်သည့် လမ်းညွှတ်မြေပုံ(၇)ချက်အရ ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲများသည် မတည်ငြိမ်မှု ကြီးမားစွာ ရှိမည့် နိုင်ငံရေး ရာသီဥတုကို ဖန်တီးပေးလိမ့်မည်ဟု ဆိုကြသည်။ အမျိုးသား ရင်ကြားစေ့ရေး အတွက် သဘော တူညီမှုများ မပါဝင်ဘဲ ပြုလုပ်မည့် ရွေးကောက်ပွဲများသည် နိုင်ငံရေးအရ ရှုပ်ထွေးမှုများ ဆီသို့သာ ဦးတည် သွားနိုင်ပေမည်။

ယခုအခါ မြန်မာ ဗိုလ်ချုပ်များ၏ ရည်ရွယ်ချက်ကို ထင်ထင်ရှားရှား မြင်နိုင်နေပြီ ဖြစ်သည်။ ၎င်းတို့၏ လုပ်ဆောင်မှုများမှာ လူ့အခွင့်အရေးကို အလေး မထားကြောင်း တွေ့ရမည်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မူတစ်ခုတွင် ရပ်တည်နေကြသော နိုင်ငံရေး အကျဉ်းသားများမှာ နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်မီ လွတ်လမ်း မမြင်ပေ။

ထို့ကြောင့် Surin Pitsuwan က ရွေးကောက်ပွဲ အပြီးတွင် မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည် ပေါင်းစည်းရေးကို မြင်လိုသည် ဆိုသော်လည်း လက်ရှိ အခြေခံ အကြောင်းတရားများက ၎င်း၏ မျှော်လင့်ချက် ပြည့်ဝရေးအတွက် ခွင့်ပြုလိမ့်မည် မဟုတ်ကြောင်း တင်ပြလိုက်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 16th October 2010

တရုတ် အစိုးရ၏ ပြည်တွင်း အသားတင် ထုတ်လုပ်မှု GDP သည် ယခုနှစ် ၁၀ % ကြီးထွားရန် မျှော်မှန်းထားမှုမှာ နှေးကွေးနေသည်ကို တွေ့ရှိရပြီး ၂၀၁၁ တွင် ၉ % တိုးတက်ရန် အလားအလာ ရှိသည်ဟု အစိုးရ ပညာရှင် အုပ်စုမှ ၀ါရင့် သုတေသန ပညာရှင်က တနင်္ဂနွေနေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံတော် ကောင်စီနှင့် ကက်ဘိနက် လက်အောက်ရှိ ဖွံ့ဖြိုးမှု သုတေသန စင်တာမှ ဒုတိယ ဒါရိုက်တာ လူရှီဂျင်က "တရုတ် စီးပွားရေးသည် လာမည့် ၃ နှစ်မှ ၅ နှစ်အတွင်း အလယ် အလတ်နှုန်းသို့ နှေးကွေးသွားဖွယ် ရှိသည်" ဟု အလုပ်သမားခ တိုးလာခြင်း၊ အလွန်အကျွံ ငွေဖော် ရောင်းချခြင်း၊ ဖွံ့ဖြိုးမှု အရင်းအမြစ် အသစ် တွေ့ရှိရန် ခက်ခဲခြင်း စသော စိန်ခေါ်မှုများကို ကိုးကား ပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ် စီးပွားရေးသည် ယခုနှစ် ပထမ လေးလပတ်တွင် ၁၁.၉ % တိုးတက်ခဲ့ပြီးနောက် ဒုတိယ လေးလပတ်တွင် ၁၀.၃ % သာ တိုးတက်ခဲ့ခြင်းကို ရည်ရွယ်ထားသော ဖွဲ့စည်းပုံ ပြုပြင်မှုများကြောင့် ထွက်ပေါ်လာသည့် မျှော်လင့်ထားသော ရလဒ်သာ ဖြစ်သည်ဟု တရုတ်အစိုးရက ရှင်းလင်း ပြောကြားသည်။

သို့သော် လူရှီဂျင်ကမူ စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေးသွားခြင်းကို အကောင်းမြင်သည့် မှတ်ချက်ပေးခဲ့သည်။

စီးပွားရေး ကဏ္ဍ ကြီးထွားမှု အလယ်အလတ် အဆင့် ရှိနေမှုကို အလွန်အမင်း စိုးရိမ်စရာ မလိုကြောင်း ယင်းက ဖိုရမ်တွင် ပြောကြားခဲ့ခြင်းကို တရုတ် အစိုးရ သတင်းဌာန Xinhua က ပြန်လည် ဖော်ပြသည်။

"လက်ရှိ စီးပွားရေး ကြီးထွားမှုက တရုတ်နိုင်ငံအတွက် သိပ်ကို မြင့်လွန်းနေတာကြောင့်ပါ" ဟု ယင်းက ဆိုသည်။

အမေရိကန် ပြည်ထောင်စု၊ ပြည်ထောင်စု အရံငွေကြေး အဖွဲ့၏ ငွေကြေးမူဝါဒ ဖြေလျှော့မှု ကြောင့် နောက်ပိုင်းတွင် ဒေါ်လာတန်ဖိုး ကျဆင်းလာကာ ယွမ်ငွေ အပါအ၀င် ဒေါ်လာ မဟုတ်သော ငွေကြေးများ အပေါ်တွင် ဖိအား ကျရောက်လာမည်ဟု အနာဂတ်အတွက် သဘော ပေါက်ထားရန် လူရှီဂျင်က သတိပေး ပြောကြားသည်။

ချမ်းသာသော စီးပွားရေး နိုင်ငံများသည် ငွေကြေး မူဝါဒများစွာ ဖြေလျှော့မှု အချီသစ်ကို စတင် မိတ်ဆက်နေခြင်းနှင့် အကြီးအကျယ် ငွေဖော် ရောင်းချမှုမှ ဈေးကွက်များ ပေါ်ထွက်လာနိုင်သည် ဟူသော မှန်းဆမှုကို မီးထိုးပေးခြင်းတို့ကို ပြုလုပ်နေသည်ဟု ယင်းက ဆိုသည်။

တရုတ်နိုင်ငံ၏ စီးပွားရေး လှုံ့ဆော် အားပေးမှု အစီအစဉ်သည် ဈေးကွက်အတွင်း အလွန်အကျွံ ငွေဖော် ရောင်းချမှုများကို ထိုးသွင်းပေးသကဲ့သို့ ကုန်ပစ္စည်းများ၊ အစုရှယ်ယာများ၊ အခြားမြေနှင့် ဆက်စပ် ပစ္စည်းများ၊ ရင်းမြစ်များ၏ ဈေးနှုန်းများကိုပါ တက်စေခဲ့သည်ဟု ယင်းက ဆက်လက် ပြောကြားသည်။

တရုတ်နိုင်ငံ၏ ပို့ကုန်နှင့် ရင်းနှီး မြှုပ်နှံမှုများမှာ ၂၀၁၁ တွင် ယခုနှစ်ထက် များစွာ ကောင်းမွန် လာမည် ဖြစ်သော်လည်း စားသုံးမှု ကြီးထွားနှုန်းမှာမူ ယခုနှစ် အံ့အားသင့်ဖွယ် မြင့်တက်မှုထက် အနည်းငယ် လျှော့သွားနိုင်သည်ဟု လူရှီဂျင်က သုံးသပ် ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 16th October 2010

အရှေ့တရုတ် ပင်လယ် တွင် ၂ နိုင်ငံစလုံးက ပိုင်ဆိုင်ကြောင်း အခိုင်အမာ ပြောဆိုနေကြသည့် ကျွန်းများနှင့် ပတ်သက် တရုတ်နှင့် ဂျပန်နိုင်ငံတွင် ဆန္ဒပြပွဲများ ပြုလုပ် ကျင်းပလျက် ရှိကြောင်း သိရသည်။

ကျွန်းများနှင့် ပတ်သက် တရုတ်နိုင်ငံ၏ တောင်းဆိုမှုကို ဆန့်ကျင်သော ဆန္ဒပြ ချီတက်ပွဲများကို တိုကျိုတွင် ပြုလုပ်ခဲ့ပြီး တရုတ် သံရုံးသို့လည်း စာတစ်စောင် ပေးပို့ခဲ့သည်ဟု သိရှိရသည်။

တရုတ် နိုင်ငံ မြို့ကြီး ၃ မြို့တွင်လည်း ဆန္ဒပြသူများက ဂျပန် ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် အော်ဟစ် ဆန္ဒပြခဲ့သည်ဟု ဆိုသည်။

ယခင်လက အငြင်းပွား ရေပြင်တွင် သင်္ဘောချင်း တိုက်မိမှုကြောင့် တရုတ် ငါးဖမ်းသင်္ဘောနှင့် ကပ္ပတိန်ကို ဂျပန်တို့က ဖမ်းဆီးခဲ့ပြီးနောက်တွင် ယခင် ကာလများစွာ ငြင်းခုန်နေမှုမှာ အပြည့်အ၀ သံတမန် ပဋိပက္ခ အသွင် ရောက်ရှိသွားခဲ့သည်။

အဆိုပါ ဖြစ်ရပ်တွင် တရုတ် ငါးဖမ်းသင်္ဘော ကပ္ပတိန်သည် ဂျပန် ကင်းလှည့် ရေယာဉ် ၂ စင်းကို တမင်တကာ ၀င်တိုက်ခဲ့သည်ဟု စွပ်စွဲခြင်း ခံရသည်။ သို့သော်လည်း ၂ ပတ်အကြာတွင် ယင်းအား လွှတ်ပေးလိုက်ပြီးနောက် တင်းမာမှုများ ပြေလျှော့ရန် ၂ နိုင်ငံစလုံးက ကြိုးစားခဲ့ကြသည်။

သို့ရာတွင် အခင်းဖြစ်ရပ်နှင့် ပတ်သက် တောင်းပန်ရန် တရုတ်က တောင်းဆိုထားပြီး ဂျပန်ကလည်း ပယ်ချထားသည်။

တိုကျိုတွင် ပြုလုပ်သည့် စနေနေ့က ဆန္ဒပြပွဲများတွင် ရာနှင့်ချီသော ဆန္ဒပြသူများက "ဂျပန်နိုင်ငံ အန္တရာယ် ရှိနေပြီ၊ ကျူးကျော်သူ တရုတ်ကို ခွင့်မလွှတ်ရ" စသော နဖူးစည်း စာတမ်းများကို ကိုင်ဆောင်ခဲ့ကြသည်။

အဆိုပါ ဆန္ဒပြမှုများအပေါ် အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း ဘေဂျင်း အာဏာပိုင်များက နောက်ပိုင်းတွင် ထုတ်ဖော် ပြောဆိုသည်။

တရုတ်နိုင်ငံတွင်လည်း ဂျပန် ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ချန်ဒူး၊ ဇီယန်းနှင့် ကျန်ကျိုးမြို့များတွင် ပြုလုပ်ခဲ့သည်ဟု သိရှိရသည်။

"ဂျပန် စိုးမိုးရေး ၀ါဒကို ဖြုတ်ချကြ" "ဒိုယုကျွန်းများကို ကာကွယ်ကြ" ဟူသော နဖူးစည်း စာတမ်းများကို ထောင်ဂဏန်းခန့် ရှိသော ဆန္ဒပြသူများက ကိုင်ဆောင်ခဲ့ကြသည် ဟုလည်း သိရှိရသည်။

အနည်းဆုံး ဂျပန် စားသောက်ဆိုင် တစ်ဆိုင်၏ ပြတင်းမှန်များ ကွဲသွားသည်ဟု မျက်မြင် သက်သေများက ပြောကြားသည်။

ရေနံနှင့် ဓာတ်ငွေ့ ရုပ်ကြွင်းများ ရှိနေနိုင်ပြီး ဂျပန်တွင် ဆင်ကာကူဟု ခေါ်ဝေါ်သော လူမနေသည့် ကျွန်းများနှင့် ကြီးမားသော ဆန္ဒပြပွဲများကို တရုတ် အာဏာပိုင်များ ယခင်က လျှို့ဝှက် စီစဉ်ခဲ့ဖူးသည်ဟုလည်း သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

UN News center, 16th October 2010

မြန်မာနိုင်ငံမှ လာမည့် ရွေးကောက်ပွဲများ၏ အားလုံးနှင့် သက်ဆိုင်မှု၊ လက်ခံယုံကြည်စရာ ကောင်းမှု၊ ပါဝင် ဆင်နွှဲနိုင်မှု၊ ပွင်းလင်းမြင်သာမှုတို့ သေချာစေရန် မြန်မာ အာဏာပိုင်များ၏ တွေ့ဆုံ ညှိနှိုင်းမှု မရှိသောကြောင့် ယင်းအနေဖြင့် စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း ကုလ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားခဲ့ပြီး ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားနိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရန် ထပ်မံ တောင်းဆိုလိုက်သည်။

"ကျွန်တော်တို့ အကောင်းဆုံး ကြိုးစား အားထုတ်ခဲ့ပေမယ့် အပြန်အလှန် အကျိုးစီးပွားနဲ့ စိုးရိမ် ပူပန်စရာ ကိစ္စရပ်တွေ အပေါ် စစ်မှန်စွာ တွေ့ဆုံညှိနှိုင်းဖို့နဲ့ ကျွန်တော်တို့ရဲ့ သံတမန် နည်းလမ်းကောင်းတွေကို မြန်မာ အစိုးရက အသုံးပြုဖို့ ပျက်ကွက်ခဲ့တာဟာ စိတ်အနှောင့်အယှက် ရတဲ့ အကြောင်းရင်းပါပဲ" ဟု ယင်းက ကုလ အထွေထွေ ညီလာခံတွင် တင်ပြသော အရှေ့တောင်အာရှ မြန်မာနိုင်ငံ၏ 2009 သြဂုတ်အတွင်း လူ့အခွင့်အရေး အနေအထား အစီရင်ခံစာတွင် ဖော်ပြ ပြောကြားသည်။

"မြန်မာနိုင်ငံရဲ့ ညှိနှိုင်းမှု မရှိပုံကတော့ သိပ်ကို စိတ်ပျက်စရာ ကောင်းပါတယ်။ ကုလသမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်ပါမယ်လို့ သူတို့ ပြောထားတဲ့ မူဝါဒနဲ့ ကွဲလွဲ ဆန့်ကျင်နေတဲ့ အပြင် အထွေထွေ ညီလာခံက ကျွန်တော့်ကို လက်ခံ ယုံကြည်လာအောင် လုပ်ပိုင်ခွင့် အာဏာကို အပြည့်အ၀ အကောင် အထည် ဖော်မယ့် ကျွန်တော့်ရဲ့ စွမ်းရည်ကိုလည်း အကန့်အသတ် ဖြစ်စေပါတယ်" ဟု ယင်းက ပြောကြားခဲ့ပြီး "မြန်မာ နိုင်ငံအတွက် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ဖြစ်သလို လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၆၀ အတွင်း တတိယမြောက် ပါတီစုံ ရွေးကောက်ပွဲ ဖြစ်သည့် လာမည့် ရွေးကောက်ပွဲသည် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ တိုးတက် ဖွံ့ဖြိုးရေး အလားအလာ ကောင်းများအတွက် အဓိက စမ်းသပ်မှု တစ်ခုအဖြစ် ရပ်တည်နေကြောင်း" အလေးအနက် ဆက်လက် ပြောကြားသည်။

ယင်းက ဆက်လက် ၂၀၀၉ ဇူလိုင်လ မြန်မာနိုင်ငံသို့ နောက်ဆုံး ခရီးစဉ် နောက်ပိုင်း မြန်မာ အာဏာပိုင်များနှင့် တွေ့ဆုံ ညှိနှိုင်းရန် အဆက်မပြတ် အားထုတ်ခဲ့သော်လည်း ယင်း၏ အထူးအကြံပေး အရာရှိကို ထပ်မံ ဖိတ်ခေါ်ခြင်း မပြုသလို အဓိက stakeholder များအကြား စစ်မှန်သော ဒိုင်ယာလော့ ဆွေးနွေးရန် အခွင့်အလမ်းများကိုလည်း ဖမ်းဆုပ်ခြင်းမရှိခဲ့ကြောင်း၊ ထိုခရီးစဉ်နောက် ပိုင်း ပျော့ပြောင်းသည့် လက္ခဏာ ဆို ၂၀၀၉ စက်တင်ဘာ လွတ်ငြိမ်း ချမ်းသာခွင့်တွင် နိုင်ငံရေး အကျဉ်းသား ၁၃၀ မျှသာ လွှတ်ပေးခဲ့ခြင်း ရှိကြောင်း မှတ်ချက်ပေး ပြောဆိုသည်။

"ဘယ်လိုပဲဖြစ်ဖြစ်၊ အခြားနိုင်ငံရေး အကျဉ်းသားတွေကို ဖမ်းဆီးထားမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ဆက်လက် ဖမ်းဆီးထားမှုဟာ အကြီးအကျယ် စိုးရိမ်စရာ ဖြစ်နေတုန်းပါပဲ" ဟု ဘန်ကီမွန်းက အလေးအနက် ပြောကြားသည်။

"ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ထောင်ထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို အချိန်မဆွဲဘဲ လွှတ်ပေးဖို့ မြန်မာ အာဏာပိုင်တွေကို နောက်တစ်ကြိမ် အပြင်းအထန် တိုက်တွန်းတယ်။ ဒါမှသာ သူတို့ နိုင်ငံရေး နယ်ပယ်မှာ လွတ်လပ်စွာ ပါဝင်နိုင်ကြမှာပါ။ ဒီလိုလုပ်မှသာ သိက္ခာရှိ တဲ့ ရွေးကောက်ပွဲ ဖြစ်လာစေရပါမယ်လို့ ပြောထားတဲ့ ကတိအပေါ် ထင်ရှားတဲ့ သက်သေ ဖြစ်လာမှာပါ" ဟု ဘန်ကီမွန်းက အလေးပေး တိုက်တွန်း ပြောဆိုသည်။

မြန်မာနိုင်ငံ၏ အမွေအနှစ် အမွှာညီနောင် ဖြစ်သော နိုင်ငံရေး အကျပ်အတည်းနှင့် လက်နက်ကိုင် ပဋိပက္ခကို ကျော်လွှားရာတွင် တိုးတက်မှု ရှိရန် လိုအပ်ကြောင်း ယင်းက အလေးပေး ပြောကြားသည်။ "မြန်မာနိုင်ငံဟာ လူမှုစီးပွားရေး ရပ်တန့်နေမှု အပါအ၀င် ဒီမိုကရေစီ မရှိတဲ့ ခေတ်နောက်ပြန်ဆွဲ အုပ်ချုပ်ရေး မျိုးဆက် ၂ ခုရဲ့ ရေရှည် စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပါတယ်" ဟု ယင်းက အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမျိုးသား ပြန်လည် ပေါင်းစည်းရေး၊ ဒီမိုကရေစီစနစ် ကျင့်သုံးရေး၊ လူ့အခွင့်အရေး လေးစားမှု ရှိရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် မရှိမဖြစ် လိုအပ်သော တာဝန်ရှိမှု၊ တာဝန်ယူမှုများ ကျန်ရှိနေသေးကြောင်း ယင်းကိစ္စနှင့် ပတ်သက် stakeholder အားလုံးအကြား ဒိုင်ယာလော့ ဆွေးနွေးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု ရှိရန် အရေးကြီးကြောင်း နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပိုမို ပွင့်လင်းရေးသည်လည်း အလားတူ အရေးကြီးကြောင်း တိုင်းသူပြည်သားများ၏ မျှော်လင့်ချက်များကို အသိအမှတ်ပြု တုန့်ပြန်ရာတွင် ယုံကြည် စိတ်ချဖွယ်၊ သိက္ခာရှိသော အရပ်သား အုပ်ချုပ်မှုစနစ် တစ်ရပ် ထူထောင်ရန် မဖြစ်မနေ လိုအပ်ကြောင်း ပိုမို ကျယ်ပြန့်သော အများစုဆန္ဒ အုပ်ချုပ်မှုဝါဒနှင့် ပိုမို ကျယ်ပြန့်စွာ ညှိနှိုင်းမူဝါဒ ချမှတ်ခြင်း စနစ်သို့ ကူးပြောင်းရန် လိုအပ်ကြောင်း ဘန်ကီမွန်းက အကျယ်တ၀င့် မှတ်ချက်ပေး ပြောဆိုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Crisis Management Initiative, 15th October 2010

(CMI ၏ Democratic and Peacetul Change in Burma/Myanmar အစီရင်ခံစာ၏ နိဒါန်း ကို ဘာသာပြန်ထားခြင်း ဖြစ်သည်)

မြန်မာနိုင်ငံသည် ၂၀၁၀ နိုဝင်ဘာလ (၇) ရက်နေ့တွင် ၁၉၉၀ ခုနှစ်မှ စကာ ပထမဆုံး ပါလီမန် ရွေးကောက်ပွဲများကို ကျင်းပတော့မည် ဖြစ်သည်။ ရွေးကောက်ပွဲ၏ အရေးပါမှုများသည် အငြင်းပွားဖွယ် အခြေခံဥပဒေကို အခြေခံပြီး၊ အခြေခံဥပဒေတွင် နိုင်ငံရေးအရ တည်ဆောက်ပုံကို ပြန်လည် ရေးဆွဲထားသည်။ အစိုးရအဖွဲ့တွင် သမ္မတ အုပ်ချုပ်သော စနစ်ကို ရေးဆွဲထားပြီး၊ ဥပဒေပြု လွှတ်တော် နှစ်ရပ်နှင့် ပြည်နယ်အစိုးရ (၁၄) ခု ပါဝင်သောကြောင့် ယခု မျိုးဆက်တွင် ကြီးမားသော ပြောင်းလဲမှုကို ပြုလုပ်ထားသည်။

ယခု အစီရင်ခံစာကို ဖင်လန်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ငွေကြေး စိုက်ထုတ်ပြီး Crisis Management Initiative (CMI) က တင်ပြထားရာ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသည် အခြေအနေ တစ်ခုကို ရင်ဆိုင်နေရချိန်တွင် ဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများကို စစ်ဆေး တင်ပြရန် ဖြစ်သည်။ ယခု အစီရင်ခံစာတွင် ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး အခြေအနေများကို ခွဲခြမ်း စိတ်ဖြာထားသည်။ ထို့အပြင် ရွေးကောက်ပွဲလွန် ကာလတွင် တိုင်းပြည် ဒီမိုကရေစီနှင့် ငြိမ်းချမ်းသော ပြောင်းလဲမှုများ ဖြစ်ပေါ်စေရန် ရည်ရွယ် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ ရှေ့ဆက် ဆက်ဆံရေး ပြုနိုင်မည့် အခွင့်အရေးများကို ဖော်ပြထားသည်။ မြန်မာ အစိုးရ၏ ခေါင်းဆောင်မှုနှင့် တွေ့ဆုံ ဆွေးနွေးရေးနှင့် အမျိုးသား ပြန်လည်ပေါင်းစည်းရေးလည်း ပါဝင်သည်။

အစီရင်ခံစာကို နိုဝင်ဘာ ရွေးကောက်ပွဲ ဖြစ်တည်ချိန်ရှိ လက်ရှိ နိုင်ငံရေး အကြောင်းအရာများကို သရုပ်ခွဲပြမှုဖြင့် စတင် ရေးသားထားပြီး လူမှုရေး ဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ အကြပ်အတည်း ပဋိပက္ခများ၏ အဓိက အကြောင်းရင်းများကို မီးမောင်းထိုး ပြထားသည်။ ဒုတိယအားဖြင့် အစီရင်ခံစာတွင် ရွေးကောက်ပွဲ ပြင်ဆင်မှုများကို တင်ပြထားရာတွင် မကြာမီ လာတော့မည့် မဲဆွယ် စည်းရုံးမှုများနှင့် ရွေးကောက်ပွဲနေ့တွင် ဖြစ်မည့် အရေးကိစ္စများကို အထူး အလေးပေး ဖော်ပြထားသည်။ ထို့နောက် အစီရင်ခံစာသည် ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် ယင်းတို့၏ သြဇာ လွှမ်းမိုးမှုများကို စစ်တမ်းထုတ် ထားသည်။ အစီရင်ခံစာ နောက်ဆုံးအခန်းတွင် ပဋိပက္ခများ ကြိုတင် ကာကွယ်ရေး၊ ဒီမိုကရေစီနှင့် အစိုးရမူဝါဒများ တိုးတက်မှု ရှိရေးအတွက် မည်သို့သော အပြုသဘော ဆောင်သည့် ထောက်ခံကူညီမှုများ ပေးရမည် ဆိုသည်ကို တွေ့ရှိချက်များကို ရေးသားထားသည်။

နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် မြန်မာနိုင်ငံ အတွင်းရှိ နိုင်ငံရေးနှင့် ပတ်သက်သော အုပ်စုအားလုံးသည် နိုဝင်ဘာ ရွေးကောက်ပွဲများကို မည်သို့တုန့်ပြန်မည်နည်း ဆိုသည့် အဓိက စိန်ခေါ်မှုများကို ကြုံတွေ့ရလျက် ရှိသည်။ ယခုအချိန်အထိ တုန့်ပြန်မှုမှာ အမျိုးမျိုး ကွဲပြားလျက် ရှိသည်။ သို့သော် လက်ရှိ အခြေအနေကိုမူ အလွန်အကျွံ မကောင်းမြင်ရန် မသင့်ပေ။ ပြောင်းလဲမှုအတွက် အတားအဆီး များကို အသိအမှတ်ပြု လက်ခံရမည် ဖြစ်သည်။ မကောင်းမြင် ၀ါဒသည် ပြောင်းလဲမှုအတွက် ကြိုးစား အားထုတ်မှု မပြုလုပ်ရန်ကိုသာ တွန်းအားပေးသည်။ ထိုသို့ဖြစ်ပါက တိုးတက်မှုအတွက် အခွင့် အလမ်းများကို လက်လွှတ် ဆုံးရှုံးရလိမ့်မည် ဖြစ်သည်။

ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် အလွန် ထင်ရှားလွန်းသော အပြစ် အနာအဆာများ ရှိနေသော်လည်း မျိုးဆက် ကူးပြောင်းမှုနှင့် နိုင်ငံရေးစနစ်အတွင်း အသွင် ကူးပြောင်းမှုတို့သည် (ရွေးကောက်ပွဲ သပ်သပ်ကြောင့် ဖြစ်စေ၊ တရားမျှတမှု ရှိ/မရှိပေါ် မူတည် ဖြစ်လာနိုင်သည့် ဆန္ဒပြမှုများကြောင့် ဖြစ်စေ) စစ်မှန်သော အခွင့်အလမ်းများကို ရေရှည်တွင်သာ မကပဲ အချိန်တို အတွင်းမှာပါ ဆောင်ကြည်း နိုင်ဖွယ် ရှိသည်။ ပေါ်ထွက်လာမည့် နိုင်ငံရေး အခင်းအကျင်း အသစ်သည် ပြောင်းလဲရေးကို တွန်းအား ပေးရန် အခွင့်အလမ်းများ ပိုမိုရရှိမည် ဖြစ်သလို စိန်ခေါ်မှု အသစ်များလည်း ပေါ်ထွက်လာပါလိမ့်မည်။ အဆင့်ဆင့် နိုင်ငံရေး တိုးတက်ပြောင်းလဲမှု ဖြစ်ပေါ်ရန် အလားအလာ ရှိနေပြီး မြန်မာ နိုင်ငံအတွက် ဖြစ်နိုင်ချေ အရှိဆုံး အနာဂတ် ဇာတ်ညွှန်းဟုလည်း ဆိုနိုင်သည်။

နိုဝင်ဘာ ရွေးကောက်ပွဲများသည် အထက်ပါ လုပ်ငန်းစဉ်အတွက် ရှေ့ခြေလှမ်း တစ်ဆင့်ပင် ဖြစ်သည်။ ရွေးကောက်ပွဲကို မကြုံဖူးသည့် မျိုးဆက် ပေါ်ထွက်လာပြီး နောက်တွင် နိုင်ငံရေး ပါတီများအတွက် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် မည်သို့ ကိုယ်စားပြုမည်၊ နိုင်ငံရေးစနစ် တစ်ခု၏ အစိတ်အပိုင်း တစ်ခုအနေဖြင့် မည်သို့ စည်းရုံးလှုပ်ရှားမည် စသည်တို့ကို အရေးတကြီး လေ့လာ၊ လေ့ကျင့်ရန် အချိန် ကာလဟုလည်း ဆိုနိုင်သည်။

အားလုံးထက် ပို အရေးကြီးသည်မှာ ၂၀၁၅ တွင် ကျင်းပမည့် ပိုမိုစစ်မှန်သော ရွေးကောက်ပွဲ များအတွက် လေ့ကျင့်ရေးကွင်း ဖြစ်နေသော အချက်ပင် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

the economist, 15th October 2010

ထိုင်း နိုင်ငံခြားရေး ၀န်ကြီးက ပြီးခဲ့သည့် လကုန်ပိုင်းက ကြေညာခဲ့ရာတွင် ယင်း၏ အစိုးရသည် အရေအတွက် မပြောနိုင်သော မြန်မာ ဒုက္ခသည်များကို ပြန်ပို့ရန် အစီအစဉ်ကို ပြောကြားခဲ့သည်။ နိုဝင်ဘာလ ရွေးကောက်ပွဲအပြီး တစ်ချိန်ချိန်တွင် ထိုင်းနိုင်ငံတွင် နေထိုင်ကြသော မြန်မာ နိုင်ငံသားများအား ထိုင်းနိုင်ငံက နှင်ထုတ်ရန် စီစဉ်နေသည့် ကိစ္စနှင့် ဆက်စပ်၍ ပြောခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံခြားရေး ၀န်ကြီး Kasit Piromya က စက်တင်ဘာ ၂၈ ရက်နေ့က နယူးယောက်တွင် Asia Society သို့ ပြောကြားသော မိန့်ခွန်းတွင် အထက်ပါ မှတ်ချက်ကို ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်ပါသည်။ "ကျွန်တော် ဘန်ကောက် ပြန်ရောက်တာနဲ့ ပထမဆုံး လုပ်ရမယ့် အလုပ်က ဒုက္ခသည် စခန်းက မြန်မာတွေ၊ အိမ်ရာမဲ့နေတဲ့ သူတွေနဲ့ ဘန်ကောက် ချင်းမိုင်မှာ လှည့်လည်နေတဲ့ မြန်မာ ပညာတတ်တွေ ရွေးကောက်ပွဲပြီးရင် မြန်မာနိုင်ငံ ပြန်ပို့ဖို့ ပြည့်စုံတဲ့ အစီအစဉ်တွေ ရေးဆွဲ ချမှတ်ရပါမယ်" ဟု ယင်းက ပြောသည်။

ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနက Kasit ၏ မှတ်ချက်အား အဓိပ္ပာယ် ကောက်ယူမှု လွှဲမှားခဲ့ကြသည်ဟု ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောကြားရာတွင် မြန်မာ ခိုလှုံခွင့် တောင်းသူများကို မည်သည့် အချိန်တွင်ဖြစ်စေ မြန်မာနိုင်ငံရှိ အခြေအနေများသည် ပြန်ပို့နိုင်သည့် အခြေအနေ မရောက်မချင်း ပြန်ပို့လိမ့်မည် မဟုတ်ဟု ဆိုခဲ့သည်။ သို့သော် မြန်မာ ဒုက္ခသည်များ အတွက် သေချာသော အခြေအနေအတွက် နောက်ထပ် လုပ်ဆောင်မှုများ မရှိသေးဘဲ ထိုင်းအာဏာ ပိုင်များသည် ပြီးခဲ့သည့် နှစ်များအတွင်း လူ့အခွင့်အရေး အဖွဲ့များနှင့် နိုင်ငံခြား တိုင်းပြည်များမှ အတိုက် အခံ ပြုနေသည့်ကြားမှ ဒုက္ခသည် ပြန်ပို့ရေး အစီအစဉ်များကို အကောင်အထည် ဖော်ရန် ကြိုးစားခဲ့သည်။

ထိုင်းနိုင်ငံသည် ဆယ်စုနှစ် ပေါင်းများစွာ မြန်မာနိုင်ငံမှ ထွက်ပြေးလာသော နိုင်ငံရေး လှုပ်ရှားသူများ၊ အတိုက်အခံ ခေါင်းဆောင်များ၊ တိုင်းရင်းသားများနှင့် ဘာသာရေး နှိပ်ကွပ်ခံရသူများ အတွက် ခိုလှုံရာ နေရာ ဖြစ်ခဲ့သည်။ ထိုင်းနိုင်ငံ နယ်စပ် ဒုက္ခသည် စခန်းများတွင် မြန်မာဒုက္ခသည် တစ်သိန်းခွဲခန့် ရှိရာ အများစုသည် မှတ်ပုံတင် ထားခြင်း မရှိကြပေ။ နောက်ထပ် မြန်မာလူမျိုး နှစ်သန်း သုံးသန်းခန့်မှာ ယင်းတို့ နေရပ်တွင် ဆိုးရွားသော စီးပွားရေး အခြေအနေများကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာကြပြီး ထိုင်းစီးပွားရေး လုပ်ငန်းများအတွက် လုပ်ခပေါသော အဆင့်နိမ့် လူတန်းစား တစ်ရပ် ဖြစ်လာသည်။

အဆိုပါ အုပ်စု အမျိုးမျိုးကို နေရပ်သို့ အတင်းအကြပ် ပြန်ပို့မည်ဆိုပါက စိုးရိမ်ဖွယ် ကြီးမားသော ပဋိပက္ခများ ဖြစ်လာနိုင်ဖွယ် ရှိသည်။ လူ့အခွင့်အရေး အုပ်စုများက အဆိုပါ အစီအစဉ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ထိုသို့ ပြုလုပ်ခြင်းသည် နိုင်ငံတကာ ဥပဒေကို ဆိုးရွားစွာ ချိုးဖောက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ နိုင်ငံတကာ ဥပဒေတွင် ဒုက္ခသည်များကို ယင်းတို့အတွက် အန္တရာယ် ရှိသော မူရင်းဒေသသို့ ပြန်မပို့ရန် တားမြစ်ထားသော စည်းမျဉ်း ရှိသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ လမ်းကြောင်း တစ်ဝက်ခန့် တိုးတက်မှု ရှိချိန်တွင် ပြန်ပို့ရေး အစီအစဉ်ကို လုပ်ဆောင်မည်ဟု Kasit က ပြောခဲ့သည်။ မြန်မာနိုင်ငံ ပြင်ပရှိ စောင့်ကြည့် လေ့လာသူ အနည်းငယ်ကမူ အစိုးရက အတိုက်အခံ အုပ်စုများအပေါ် ပြုမူမှုများ၊ အာဏာရှင်သဖွယ် အုပ်ချုပ်နေမှုများကြောင့် ရွေးကောက်ပွဲသည် မည်သည့် အမှန်တကယ် ပြောင်းလဲမှုကိုမျှ ပေးနိုင်လိမ့်မည် မဟုတ်ဟု ယုံကြည်နေကြသည်။ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်မှာလည်း ထောင်ထဲတွင် ရှိနေဆဲ ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်များနှင့် အစိုးရတပ် များကြားရှိ ပဋိပက္ခများကြောင့် တိုင်းရင်းသား ဒေသများတွင် လူများစွာ ပြောင်းရွေ့စေမှုများ ရှိနေဆဲ ဖြစ်သည်။ ပြီးခဲ့သည့် သြဂုတ်လက အမေရိကန်က မြန်မာအစိုးရ ကျူးလွန်သည်ဟု စွပ်စွဲခံနေရသော စစ်ရာဇ၀တ်မှုများကို စုံစမ်း စစ်ဆေးရန် တောင်းဆိုခဲ့သည်။

"ကျွန်တော်တို့ အနေနဲ့ နိုင်ငံရေး လှုပ်ရှားသူတွေနဲ့ တိုင်းရင်းသားတွေ မြန်မာနိုင်ငံကို လုံလုံခြုံခြုံနဲ့ ပြန်သွားနိုင်လိမ့်မယ်လို့ မထင်ပါဘူး"ဟု ထိုင်းနိုင်ငံ အခြေစိုက် Human Rights and Development Foundation မှ အကြံပေးပညာရှင် Andy Hall က ပြောကြားခဲ့သည်။ "ရွေးကောက်ပွဲ ပြီးသွားရင်လည်း ဒီအကြပ်အတည်းက ပိုကောင်းလာဖို့ မမြင်ပါဘူး"ဟု ယင်းက ဆိုသည်။

စစ်တပ်ဗိုလ်ချုပ် လူထွက်များ ဦးဆောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် ရွေးကောက်ပွဲတွင် အနိုင်ရလိမ့်မည်ဟု မျှော်လင့်ရသည်။ အတိုက်အခံ အဖွဲ့ဝင် အတော်များများမှာ ရွေးကောက်ပွဲဝင်ခြင်းမှ တားဆီးခံထားရပြီး အချို့မှာလည်း မဲဆွယ် စည်းရုံးရာတွင် ခြိမ်းခြောက်မှုများကို ကြုံတွေ့လျက် ရှိသည်။ USDP အတွက်မူ နိုင်ငံပိုင် ပစ္စည်းများကို လွှဲယူထားပြီး ကိုယ်စားလှယ်လောင်းများ အတွက် အသုံးပြုနေသည်။ အခြေခံဥပဒေ အသစ်တွင် ပါလီမန်၏ လေးပုံ တစ်ပုံသော နေရာနှင့် အရေးကြီးသော ၀န်ကြီးဌာနများကို စစ်တပ်အတွက် ထားရှိသည်။

အကယ်သာ ထိုင်းတို့သည် မြန်မာ နိုင်ငံသားများအား ပြန်ပို့ခဲ့မည်ဆိုပါက ပြီးခဲ့သည့်နှစ်များ အတွင်း ဒုက္ခသည်များအပေါ် ပြုမူမှုများတွင် အကောင်းဆုံးဖြင့် အဆုံးသတ်သွားမည် ဖြစ်သည်။ ထို့အပြင် အခြားသတင်း အချက်များအရလည်း ၂၀၀၈ ဒီဇင်ဘာလက ထိုင်းရေတပ်သည် ပင်လယ်ထဲ သွားရန် မဟုတ်သော လှေအုပ်စုကြီးများပေါ်ရှိ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ ထွက်ပြေးလာသော ရိုဟင်ဂျာများကို ပင်လယ် ရေနက်တွင်းသို့ တွန်းသွားပြီး သတ်ပစ်ခဲ့သည်ဟု ယုံကြည်ရပေသည်။ ၂၀၀၉ ဒီဇင်ဘာလကလည်း ထိုင်းအစိုးရသည် လာအိုမှ တိုင်းရင်းသား Hmong လူမျိုး ထောင်ပေါင်းများစွာကို နှင်ထုတ်ခဲ့သည်။ Hmong လူမျိုးများ၏ လာအို အစိုးရအပေါ် ဆန့်ကျင်မှု သမိုင်းကြောင်းကြောင့် အဆိုပါ လူမျိုးများ ပြင်းထန်သော လက်တုန့်ပြန်မှုကို ခံရဖွယ်ရှိကြောင့် လူ့အခွင့်အရေး အုပ်စုများက ခန့်မှန်းကြသည်။ ယခုနှစ် အစောပိုင်းကလည်း ကရင်ပြည်နယ်တွင် ဖြစ်ပွားသော တိုက်ပွဲများကြောင့် ထွက်ပြေးလာသော ကရင်လူမျိုး ထောင်ပေါင်းများစွာကို ပြန်ပို့ခဲ့သည်။ ယင်းတို့ကို ထိုင်းစစ်တပ်က ခြိမ်းခြောက်မှုများ ပြုလုပ် မောင်းထုတ်ခဲ့သည်ဟု ဆိုသည်။

သို့သော် မြန်မာ ဒုက္ခသည်များနှင့် ပတ်သက်သော ထိုင်းနိုင်ငံ၏ မှတ်တမ်းများမှာ သဘောကျ စရာကောင်းကြောင်း Human Rights Watch မှ မြန်မာနိုင်ငံ သုတေသနပြုရေး အဖွဲ့ခေါင်းဆောင် David Mathieson က ပြောသည်။ ထိုင်းနိုင်ငံသည် ဆယ်စုနှစ် ပေါင်းများစွာ ကမ္ဘောဒီးယား၊ လာအို နှင့် မြန်မာတို့မှ စစ်ပွဲများကြောင့် ထွက်ပြေးလာသော ဒုက္ခသည်ပေါင်းများစွာတို့၏ ဒုက္ခကို ခံစားခဲ့ရသည်။ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် ပတ်သက် ဒုက္ခသည် မူဝါဒများတွင် များစွာ သည်းခံသည်ကို တွေ့ရမည် ဖြစ်သည်။ သို့သော် Kasit ၏ နောက်ဆုံး အဆိုပြုချက်မှာမူ အန္တရာယ် ရှိကြောင်း၊ စဉ်းစားရလည်း ခက်သွားကြောင်း ယင်းက ပြောသည်။ "ဒီပြန်ပို့ဖို့ဟာ ဘယ်သူတွေကိုလည်း၊ ဘယ်လိုပုံစံနဲ့ အကောင်အထည် ဖော်မလဲ မရှင်းလင်းပါဘူး။ ဒါဟာ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာတွေအတွက် အားလုံး မဟုတ်တောင် အတော်များများ တုန်လှုပ် သွားနိုင်ပါတယ်" ဟု ယင်းက ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, 16th October 2010

မြန်မာစစ်ဖက် အစိုးရက "လူအသေအပျောက် ရှိခဲ့သော မြေမြှုပ်မိုင်း ပေါက်ကွဲမှု" အတွက် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) သောင်းကျန်းသူများအား အပြစ်တင် စွဲစွပ်ခြင်းဖြင့် တိုင်းရင်းသား အုပ်စုများအပေါ် တင်းမာသော သဘောထားကို ရွေးကောက်ပွဲ မတိုင်မှီ နောက်ဆုံး အကြိမ် ပြသလိုက်သည်။

ဗုဒ္ဓဟူးနေ့က ကချင်ပြည်နယ် မြောက်ပိုင်း မိုင်းဗုံး ပေါက်ကွဲရာတွင် ၂ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာ ရရှိကြောင်း အစိုးရအာဘော် မြန်မာ့အလင်း သတင်းစာက ဖော်ပြထားသည်။

ကေအိုင်အေ သောင်းကျန်းသူများ ထောင်ထားသော မိုင်းဖြစ်သည် ဟုလည်း သတင်းတွင် ဖော်ပြသည်။

ကချင်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးအတွက် မြန်မာ အစိုးရအား နှစ်ပေါင်းများစွာ လက်နက်ကိုင် ဆန့်ကျင်မှု ရပ်ဆိုင်းသွားစေသော ၁၉၉၄ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် လက်မှတ် ထိုးပြီးနောက်ပိုင်း ကချင် တိုင်းရင်းသားတို့၏ အင်အား ၈၀၀၀ ရှိသော စစ်တပ်ကို စစ်ဖက်အစိုးရက "သောင်းကျန်းသူ" ဟူသော စကားလုံး ပြန်လည် အသုံးပြုစွပ်စွဲခြင်းမှာ ယခု ပထမဆုံးအကြိမ် ဖြစ်သည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

၂၀၁၀ ပြည့်နှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို အစိုးရ ဆန့်ကျင်ရေးသမား Liu Xiaobo အား ချီးမြှင့်လိုက်မှုနှင့် ပတ်သက်၍ နော်ဝေနိုင်ငံအား တရုတ်အစိုးရက အောက်တိုဘာလ ၁၃ ရက်နေ့တွင် ပြစ်တင် ဝေဖန်လိုက်သည်။

မစ္စတာ Liu Xiaobo သည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိရေးအတွက် ထပ်ခါ တလဲလဲ တောင်းဆိုခဲ့သောကြောင့် ယခုအခါ ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ် ကျခံနေရသည်။

"နော်ဝေနိုင်ငံ အခြေစိုက် နိုဘယ်လ်ဆု ရွေးချယ်ရေး ကော်မရှင်က Liu Xiaobo အား နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ဖို့ ဆုံးဖြတ်လိုက်တာဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက် ပျက်စီးစေပါတယ်။ တရုတ်လူမျိုးတိုင်း စိတ်မချမ်းမမြေ့ ဖြစ်အောင် လုပ်ဖို့ အကြောင်းအရင်း ရှိနေတာကို တွေ့ရပါတယ်" ဟု တရုတ်အစိုးရ ပြောရေးဆိုခွင့် ရှိသူ Ma Zhaoxu က ပြောကြားသည်။

"ကျွန်တော်တို့ရဲ့ အနေအထားကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ထားပြီးပါပြီ။ တရုတ် နိုင်ငံဟာ ပြုပြင် ပြောင်းလဲမှုနဲ့ ပွင့်လင်းမှုတွေ လုပ်ပေးခဲ့တဲ့ အချိန်က စပြီး သိသာ ထင်ရှားတဲ့ တိုးတက် ဖြစ်ထွန်းမှုတွေ အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။ ပြစ်ဒဏ် ကျခံနေရတဲ့သူ တစ်ယောက်ကို နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်တဲ့ ကိစ္စဟာ တရုတ်နိုင်ငံရဲ့ တရားစီရင်ရေး မဏ္ဍိုင်ကို မထီမဲ့မြင် လုပ်ရာ ရောက်ပါတယ်" ဟု ၎င်းက ပြောသည်။

"အခုကိစ္စဟာ တရုတ်နိုင်ငံကို မထီမဲ့မြင် လုပ်ရုံတင် မကပါဘူး။ သူတို့ရဲ့ စစ်မှန်တဲ့ ရည်မှန်းချက်ကို ထုတ်ဖော် ပြသလိုက်ရာလည်း ရောက်ပါတယ်။ ခင်ဗျားတို့ အနေနဲ့ အပြင်ကနေပြီး တရုတ်နိုင်ငံရဲ့ ပြည်တွင်း နိုင်ငံရေးစနစ်ကို ပြောင်းလဲပစ်ဖို့ ကြိုးစားမယ်ဆိုရင်၊ ဒါမှမဟုတ် တရုတ်ပြည်သူတွေ ရှေ့ဆက် မသွားနိုင်အောင် ရပ်တန့်ဖို့ ကြိုးစားမယ်ဆိုရင် အမှားကြီး တစ်ခု လုပ်မိသလို ဖြစ်သွားမှာပါ" ဟု Ma Zhaoxu က ဆက်လက် ပြောဆိုသည်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မစ္စတာ Liu Xiaobo ၏ ဇနီးဖြစ်သူ Liu Xia နှင့် ပတ်သက်၍ CNN သတင်းဌာနက မေးမြန်းရာတွင် ၎င်းက "ခင်ဗျားတို့ ဘယ်သူ့အကြောင်း ပြောနေတယ် ဆိုတာကို ကျွန်တော်မသိပါဘူး။ အဲဒီတစ်ယောက် အကြောင်း ကျွန်တော် ကောင်းကောင်း မသိပါဘူး" ဟု ဖြေကြားသည်။

မစ္စ Liu Xia သည် ၎င်း၏ ခင်ပွန်းဖြစ်သူအား နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရရှိသည့် သတင်းစကား ပြောရန် သွားရောက် တွေ့ဆုံပြီးနောက် နေအိမ် အကျယ်ချုပ် ဖမ်းဆီး ထိန်းသိမ်း ခံလိုက်ရခြင်း ဖြစ်ကြောင်း Freedom Now အဖွဲ့မှ ဥပဒေ အကြံပေး Beth Schwanke က ပြောကြားသည်။ Freedom Now အဖွဲ့၏ အဆိုအရ မစ္စတာ Liu Xiaobo သည် ၎င်း ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရသည့် သတင်း ကြားရသောအခါ မျက်ရည်ကျ ငိုကြွေးခဲ့ကြောင်း၊ ထို့နောက် ယင်းဆုသည် ၁၉၈၉ ခုနှစ် တန်ယန်မင်ရင်ပြင် ဆန္ဒပြပွဲ၌ ပါဝင်ခဲ့သူ အာဇာနည် သူရဲကောင်းများအတွက် ဖြစ်သည်ဟု ညွှန်းဆိုခဲ့ကြောင်း သိရသည်။

ဟောင်ကောင် အခြေစိုက် Inormation Center for Human Rights and Democracy အဖွဲ့က "မစ္စတာ Liu တို့ ဇနီးမောင်နှံသည် အောက်တိုဘာလ ၁၀ ရက် နေ့ခင်းပိုင်းတွင် တွေ့ဆုံခဲ့ကြကြောင်း" မစ္စ Liu ၏ မိခင်ဖြစ်သူ ပြောဆိုချက်ကို ကိုးကား၍ သတင်း ထုတ်ပြန်သည်။ မစ္စ Liu သည် ခင်ပွန်းဖြစ်သူ၏ ပြစ်ဒဏ်အတွက် အယူခံဝင်ရန် ဥပဒေသမားများနှင့် တိုင်ပင်လျက် ရှိကြောင်း ရှေ့နေ Shang Baojun က CNN သို့ ပြောကြားသည်။ "မစ္စ Liu ဟာ အကျဉ်းထောင်မှာ ခင်ပွန်းဖြစ်သူနဲ့ သွားရောက် တွေ့ဆုံဖို့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ညှိနှိုင်းနေပါတယ်" ဟု ၎င်းဆိုသည်။

ရှေ့နေ Shang Baojun ၏ အဆိုအရ မစ္စတာ Liu Xiaobo သည် သူ၏ ဇနီးဖြစ်သူအား လာမည့် ဒီဇင်ဘာလ နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ကျင်းပ ပြုလုပ်မည့် နိုဘယ်လ်ဆု ချီးမြှင့်ပွဲ အခမ်းအနားသို့ ၎င်းကိုယ်စား သွားရောက်စေလိုကြောင်း သိရသည်။ "အခု လောလောဆယ်မှာ မစ္စ Liu ကိုယ်တိုင် နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံထားရတော့ အော်စလိုကို ခင်ပွန်း ကိုယ်စားသွားပြီး ဆုယူမယ့်ကိစ္စကို စဉ်းစားဖို့ စောလွန်းပါသေးတယ်" ဟု ရှေ့နေ Shang Baojun က ပြောကြားသည်။

မစ္စတာ Liu Xiaobo လွတ်မြောက်ရေးအတွက် အမေရိကန် သမ္မတ အိုဘားမား၏ တိုက်တွန်း ပြောဆိုချက်နှင့် ပတ်သက်၍ တရုတ်အစိုးရ ပြောရေးဆိုခွင့် ရှိသူက "ဒီလို အရေးကိစ္စ တစ်ရပ် ဖြစ်အောင် လုပ်တဲ့ မည်သူ့ကိုမဆို ကျွန်တော်တို့ အစိုးရက ဆန့်ကျင်ပါတယ်။ နောက်ပြီး တရုတ်ပြည်ရဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်လိုတဲ့သူ မည်သူကိုမဆို ဆန့်ကျင်ပါတယ်" ဟု ဆိုသည်။ အော်စလိုသို့ သွားရောက်ပြီး မစ္စတာ Liu Xiaobo အနေဖြင့် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရယူခွင့်ရှိမည်၊ မရှိမည် ဟူသောကိစ္စနှင့် ပတ်သက်၍ မေးမြန်းရာတွင် ၎င်းက ပြစ်မှုကျူးလွန်သူ တစ်ဦး ယင်းသို့ အခွင့်အရေး ရရှိမည်၊ မရရှိမည် ဟူသော ကိစ္စကို တရုတ် တရားဥပဒေ စနစ်ကသာ အဆုံးအဖြတ် ပေးမည် ဖြစ်ကြောင်း တုံ့ပြန် ပြောဆိုသည်။

CNN သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.