Transparency Myanmar

transparency.myanmar@gmail.com

BBC News, 20th October 2010

ပြီးခဲ့သည့် အမတ်က ကယ်လီဖိုးနီးယား တရားသူကြီးက "ပြန်မမေးနဲ့၊ ပြန်မပြောနဲ့" မူဝါဒ (don't ask, don't tell policy) ဖြင့် အမေရိကန် စစ်တပ်တွင် ဝန်ခံထားသူ လိင်တူ ဆက်ဆံသူများ (gay) ကို တာဝန် ထမ်းဆောင်ခြင်းအား တားမြစ်ထားခြင်းကို အဆုံးသတ်ခဲ့ရာ အမေရိကန် စစ်တပ်သည် gay (ဂေး) များကို စတင် လက်ခံနေပြီ ဖြစ်သည်။

သို့သော် အမေရိကန် ကာကွယ်ရေး ဌာနက ဂေး (gay) များကို လက်ခံခြင်း အတွက် ဥပဒေကို ပြန်လည် ပြောင်းလဲနိုင်ကြောင်း သတိပေးခဲ့သည်။

ပင်တဂွန်က အဆိုပါ ဆုံးဖြတ်ချက်အား အယူခံ ဝင်ထားပြီး တရားသူကြီးအား ဂေး (gay) များကို တားမြစ်ထားသော ဥပဒေအား ပြန်လည် အသက် ဝင်စေရန် တောင်းဆိုခဲ့သည်။

သို့သော် တရားသူကြီး Virginia phillips က အဆိုပါ တောင်းဆိုမှုအား အင်္ဂါနေ့က တရားဝင် ငြင်းဆိုထားသည်။

အချို့ဂေး (gay) အရေး လှုပ်ရှားသူ အုပ်စုများက  ပင်တဂွန်၏ ကြေညာချက် ဖြစ်သော gay များအား စစ်သား စုဆောင်းရေး အတွက် လက်ခံကြောင်းကို စမ်းသပ်ရန် မိမိကိုယ်မိမိ gay ဟု လူသိရှင်ကြား ကြေညာထားသူများကို စစ်သား စုဆောင်းရေးသို့ လွှတ်၍ စာရင်း ပေးသွင်းစေရန် စီစဉ်လျက် ရှိသည်။

"ကိုယ့်ကိုကိုယ် gay လို့ ကြေညာထားသူတွေ စစ်တပ်ထဲ ဝင်ချင်ရင် စာရင်း ပေးလို့ ရပါတယ်။ ဒါပေမယ့် ဥပဒေ ပြောင်းသွားနိုင်တယ်လို့ သူတို့ကို ကြိုပြောထားပါတယ်" ဟု ကင်တာကီနယ်မှ Fort Knox အမေရိကန် စစ်သား စုဆောင်းရေးတပ်မှ ပြောခွင့်ရ ပုဂ္ဂိုလ် Douglas Smith က ပြောသည်။

အမေရိကန် ဆီးနိတ်ရှိ ဒီမိုကရက်များသည် "don't task, don't tell" မူဝါဒအား ပြောင်းလဲရန် စက်တင်ဘာလက ကြိုးစားခဲ့ရာ လိုအပ်သော မဲမရရှိ၍ ရှုံးနိမ့်ခဲ့သည်။

သမ္မတ Barack Obama က အဆိုပါ မူဝါဒ အဆုံးသတ်ရေးအတွက် ကတိပြုခဲ့သော်လည်း၊ အကြံပေး ပညာရှင် အများစုက ကွန်ဂရက်မှ သော်လည်းကောင်း၊ တရားဝင် အရေးယူ လုပ်ဆောင်မှုများ သော်လည်းကောင်း မရှိဘဲ gay များ စစ်တပ်တွင် မဝင်ရောက်ရန် တားမြစ်ထားခြင်း ဥပဒေကို သမ္မတက ပယ်ဖျက် မပေးနိုင်ဟု  သဘောတူကြသည်။

တချိန်တည်းမှာပင် ပင်တဂွန်သည် တရားဝင် ကြေညာထားသော gay များကို စစ်တပ် အတွင်းသို့ ဝင်ရောက်စေမှုကြောင့် ဖြစ်လာနိုင်သည့် သက်ရောက်မှုများကို အစီရင်ခံစာ ရေး၍ ဒီဇင်ဘာ (၁) ရက်နေ့တွင် ထုတ်ပြန်မည်ဟု သိရှိရသည်။

အချို့ ပင်တဂွန် တာဝန်ရှိ ပုဂ္ဂိုလ်များက ပြောကြားရာတွင် gay များကို စစ်တပ်တွင် လက်ခံခြင်းဖြင့် တပ်တွင်း၌ နေအိမ်ကိစ္စ၊ အာမခံ ကိစ္စများ၌ အစပြု၍ အခမ်းအနားများတွင် မည်သို့ ပြုလုပ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ကြသည်။

ကယ်လီဖိုးနီးယားတွင် တရားသူကြီး phillips က ကြေညာရာတွင် မူဝါဒသည် gay စစ်သားများကို လွတ်လပ်စွာ ပြောဆိုခွင့်နှင့် ဥပဒေအရ သာတူညီမျှ အကာအကွယ် ပေးရေးတို့ကို ချိုးဖောက်လျက် ရှိကြောင်း ဆိုသည်။

ယခုကဲ့သို့ gay များကို စစ်တပ်တွင်း မဝင်ရန် တားမြစ် ထားမှုအတွက် မူဝါဒ ပြောင်းလဲပေးရန် တရားရုံး အမှု ဖြစ်ပေါ်လာရေးကို တာဝန်မှ ရပ်စဲခံထားရသော တရားဝင် gay များ ကိုယ်စား gay ဘက်တော်သား ရီပတ်ဗလစ်ကင် အုပ်စု ဖြစ်သည့် Log Cabin Republicans များက တရားရုံးသို့ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 20th October 2010

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် လာမည့် အပတ်တွင် စတင်မည့် အာရှ လေးနိုင်ငံ ခရီးစဉ်တွင် မြန်မာ ရွေးကောက်ပွဲနှင့် လူ့အခွင့်အရေး ကိစ္စက အဓိက အကြောင်းအရာ ဖြစ်ဖွယ် ရှိသည့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်ပြီးနောက် တရုတ်သို့ သွားရောက် လည်ပတ်မည် ဖြစ်ပြီး သိရှိရသည်။

ဘန်ကီမွန်းသည် ဗီယက်နမ် ထိပ်သီး ညီလာခံ မတိုင်မီ ထိုင်းနှင့် ကမ္ဘောဒီးယားသို့ သွားရောက်မည် ဖြစ်ပြီး ဘေဂျင်းတွင် တရုတ် သမ္မတ ဟူကျင်တောင်နှင့်လည်း ဆွေးနွေးမည်ဟု ကုလ ပြောရေးဆိုခွင့် ရှိသူ Farhan Haq က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ကုလသမဂ္ဂ အကြီးအကဲသည် အောက်တိုဘာ ၂၆ ရက်တွင် ဘန်ကောက် ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဂျာဂျီမား အပါအ၀င် ထိုင်းအစိုးရ ကိုယ်စားလှယ်များနှင့် ဆွေးနွေးပွဲများ ကျင်းပမည် ဖြစ်ကာ ထိုနေ့တွင်ပင် ကမ္ဘောဒီးယားသို့ ထွက်ခွာမည်ဟု ဆိုသည်။

ဘန်သည် ဖနွမ်းပင် ဘုရင် နိုဂျိဒွန်သီဟာနု၊ ၀န်ကြီးချုပ် ဟွန်ဆန်တို့နှင့် တွေ့ဆုံမည် ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း ၃၀ က ခမာနီတို့ လက်အောက်တွင် ဖြစ်ပွားသော အစုအပြုံလိုက် သတ်ဖြတ်မှုများနှင့် အခြား ရာဇ၀တ်မှုများကို စုံစမ်း စစ်ဆေးနေသည့် ကုလသမဂ္ဂ နောက်ခံ ခုံရုံး Extraordinary Chambers in the courts of Cambodia (ECCC) သို့လည်း သွားရောက် လည်ပတ်မည်ဟု သိရသည်။

ကုလ အကြီးအကဲသည် အာဆီယံ ထိပ်သီး ညီလာခံ တက်ရောက်ရန်အတွက် ဗီယက်နမ်သို့ အောက်တိုဘာ ၂၈ တွင် ထွက်ခွာမည် ဖြစ်ပြီး သမ္မတ ငုယင်မင်ထရက်၊ ၀န်ကြီးချုပ် ငုယင်တန်ဒေါင်း တို့နှင့် တွေ့ဆုံမည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

ထို့အပြင် ၀ိုင်းဝန်း ဝေဖန်ခြင်း ခံနေရသော နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲများ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်များကို လွှတ်ပေးအောင် မြန်မာ အစိုးရအား ပိုမို ဖိအားပေးရန် ကုလသမဂ္ဂ အကြီးအကဲက အာဆီယံ အဖွဲ့ကို တိုက်တွန်းမည် ဖြစ်သည်။

ဘန်ကီမွန်းသည် အောက်တိုဘာ ၃၀ တွင် အဓိက တရုတ် ခရီးစဉ်ကို စတင်မည် ဖြစ်ကာ ရှန်ဟိုင်းတွင် တစ်ထောက် နားမည် ဖြစ်သည်။

ယင်းသည် နမ်ဂျင်းသို့ ခေတ္တ မ၀င်မီ ရှန်ဟိုင်း ကမ္ဘာ့ ကုန်စည်ပြပွဲ ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်မည် ဖြစ်ပြီး ထို့နောက်တွင် ဘေဂျင်းသို့ ထွက်ခွာကာ တရုတ်သမ္မတ အပါအ၀င် အခြား ခေါင်းဆောင်များနှင့် ဆွေးနွေးပွဲများ ပြုလုပ်မည်ဟု သိရသည်။

အကျဉ်းကျခံ အတိုက်အခံ နိုင်ငံရေးသမား လူကျားပေါင်ကို ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ခဲ့ခြင်း အပေါ် စိတ်ဆိုးမှုကို တရုတ် အစိုးရက ဆက်လက် ဖော်ပြနေသဖြင့် ယခုခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

"ဘန်"က တရုတ် နိုင်ငံကို ဝေဖန်ခြင်း မရှိသော်လည်း ကမ္ဘာတစ်ဝှမ်းရှိ လူ့အခွင့်အရေး ကျင့်သုံးမှုများနှင့် ယဉ်ကျေးမှု တိုးတက်စေရန် အတွက် နိုင်ငံတကာ၏ တခဲနက် သဘောတူညီမှု ကြီးထွားလာခြင်းကို နိုဘယ်ဆုက အသိအမှတ်ပြုခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ယခု အကြိမ်သည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် ၂၀၀၇ တွင် တာဝန်ယူပြီး နောက်ပိုင်း ဘန်ကီမွန်း၏ ၄ ကြိမ်မြောက် တရုတ် ခရီးစဉ် ဖြစ်ဖွယ် ရှိသည်။ ယင်းသည် ယခင်က ၂၀၀၉ ဇူလိုင်တွင် တစ်ကြိမ်၊ ၂၀၀၈ တွင် နှစ်ကြိမ် လာရောက်ခဲ့ပြီး ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

VOA News, 19th October 2010

မြန်မာ ဒုက္ခသည်များအား ကူညီ စောင့်ရှောက်နေသည့် ထိုင်းနိုင်ငံမှ ကျန်းမာရေး စောင့်ရှောက်မှု လုပ်သားများက "အကူအညီ လိုအပ်နေသော ဒုက္ခသည် အရေအတွက် တိုးပွားနေသည်" ဟု ပြောကြားလိုက်သည်။ နယ်စပ် တစ်လျှောက်တွင် တိုင်းရင်းသား လက်နက်ကိုင်များကို ထိုးစစ် ဆင်နေသော မြန်မာ စစ်တပ်၏ ဖိအားပေးမှုကြောင့် ယင်းတို့ အများစု ထွက်ပြေးနေခြင်း ဖြစ်သည်။ ယင်းတို့ အများစုမှာ ရွေးချယ်စရာလမ်း မရှိသော်လည်း ထိုင်းနိုင်ငံတွင် ကယ်ဆယ် ကူညီမှုကို ရှာဖွေနေကြသည်။

ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် မြန်မာ ဒုက္ခသည်များကို အခမဲ့ ဆေးကုသ ပေးနေသော ဆေးခန်း၏ အကြီးအကဲဖြစ်သူ ဒေါက်တာ စင်သီယာမောင်က "နယ်စပ်ကို ဖြတ်ကူး ၀င်ရောက်လာသော ဒုက္ခသည်များ ပို များလာသည်" ဟု ပြောကြားသည်။

ဒေါက်တာ စင်သီယာမောင်သည် မြန်မာနိုင်ငံနှင့် နယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တော် ဆေးခန်းမှ ဒါရိုက်တာ ဖြစ်သည်။

ဘန်ကောက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် သူမက "မြန်မာနိုင်ငံမှ ထွက်ပြေး လာကာ သူမ၏ ဆေးခန်းတွင် အခမဲ့ ဆေးကုသမှု ခံယူနေသော ဒုက္ခသည် အရေအတွက် မှန်မှန် တိုးပွား လာသည်ဟု" ပြောကြားခဲ့ခြင်း ဖြစ်သည်။

"အထူးသဖြင့်ကတော့ ကူးစက် ရောဂါတွေ၊ မျိုးဆက်ပွား ကျန်းမာရေးနဲ့ အဟာရ ချို့တဲ့မှု ရောဂါတွေကို လာရောက် ကုသကြပါတယ်။ လူနာ အရေအတွက်ကတော့ နေ့တိုင်း တိုးလာပါတယ်" ဟု သူမက ဆိုသည်။

ဒေါက်တာ စင်သီယာမောင်နှင့် အခြား ဆေးကုသ ကယ်ဆယ်ရေး အဖွဲ့များက ထုတ်ပြန်သော ကျန်းမာရေး စစ်တမ်းတွင် မြန်မာနိုင်ငံ အရှေ့ပိုင်းမှ ကလေးသူငယ် ၄၀ % မှာ အဟာရ ချို့တဲ့မှု ခံစားနေရကြောင်းနှင့် အသက် ၅ နှစ်အောက် ကလေး ၂ ဦးလျှင် ၁ ဦး သေဆုံးနေပြီး ထက်ဝက်ကျော်မှာ ကာကွယ် ကုသနိုင်သော ရောဂါများ ဖြစ်ကြောင်း ညွှန်ပြထားသည်။

လတ်တလော နှစ်များအတွင်း နယ်စပ် တစ်လျှောက်ရှိ တိုင်းရင်းသား လက်နက်ကိုင်မျးကို မြန်မာ စစ်တပ်က တိုက်ခိုက်မှုကြောင့် ဒုက္ခသည်ပေါင်း သိန်းဂဏန်း ထိုင်းနိုင်ငံသို့ ထွက်ပြေးသွားကြခြင်း ဖြစ်သည်။

ရွေးကောက်ပွဲ မတိုင်မှီ တပ်မတော်၏ သြဇာခံအဖြစ် အတင်းအကျပ်သိမ်းသွင်းရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်များအပေါ် မြန်မာစစ်တပ်က အရှိန်မြှင့် ထိုးစစ် ဆင်နေသည်ဟု ဒုက္ခသည်များနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောကြားသည်။

သို့ရာတွင် စစ်တပ်သည် အရပ်သားများကိုလည်း သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ နေရာဖယ် ခိုင်းခြင်းဖြင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးစေရန် အဓမ္မ လုပ်ဆောင်နေသည်ဟု လူ့အခွင့်အရေး အုပ်စုများက ပြောကြားသည်။

"တစ်စုံတစ်ရာ ပြောင်းလဲမှုတွေ၊ အရင်းခံ နှိပ်စက် ညှင်းပန်းမှုအပေါ် တစ်စုံတစ်ရာ ဖြေရှင်းမှုတွေ၊ ကျန်းမာရေး ပြဿနာကို မီးထိုးပေးနေတဲ့ အုပ်ချုပ်မှု အလွဲတွေကို ပြင်ဆင်မှုတွေ မရှိဘဲနဲ့တော့ ဒီဒေသ အထူးသဖြင့် ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး ဆုတ်ယုတ်မှု ပြဿနာကို ခါးစည်း ခံနေရဦးမှာပါပဲ" ဟု ချင်းမိုင် အခြေစိုက် Johns Hopkins University Centre for Public Health and Human Rights မှ သုတေသန ပညာရှင် Dr. Voravit Suwan Vanichkig က ပြောကြားသည်။

မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍမှာ လွန်စွာ နိမ့်ကျသဖြင့် အများစုမှာ ဆေးကုသရန် အတွက် ထိုင်းနိုင်ငံသို့ လာရောက်ကြသည်ဟု Voravit က ဆိုသည်။

အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးသော နိုင်ငံတကာ အဖွဲ့အစည်းများသည် မြန်မာ နိုင်ငံတွင် တင်းကျပ်သော ချုပ်ချယ်မှုများနှင့် ရင်ဆိုင်နေရပြီး တိုင်းပြည်တွင်း ၀င်ခွင့် မပြုခြင်းနှင့်လည်း တွေ့ကြုံ နေရသည်။

အရှေ့တောင် အာရှ၏ စုန်းပြူး မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲ များကို နိုဝင်ဘာ ၇ ရက်တွင် ကျင်းပတော့မည် ဖြစ်ပြီး အရပ်ဖက် ဒီမိုကရေစီ စနစ် တည်ဆောက်ရန် အစီအစဉ် တစိတ်တပိုင်း ဖြစ်သည်ဟု အစိုးရက ပြောကြားလျက် ရှိသော်လည်း ဝေဖန် ဆန်းစစ်သူများကမူ တပ်မတော်၏ အာဏာကို ဆက်လက် ထိန်းသိမ်းမည့် အတုအယောင်သာ ဖြစ်သည်ဟု သတ်မှတ် ထားကြသည်။

လွှတ်တော်နေရာ လေးပုံ တစ်ပုံကို တာဝန်ထမ်းဆဲ စစ်သား ကိုယ်စားလှယ်များအတွက် ကြိုတင် ဖယ်ထားပြီး ဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲတွင် အထိန်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အကြီးဆုံး အတိုက်အခံ ပါတီ NLD အပါအ၀င် နိုင်ငံရေးသမား များစွာ နိုင်ငံရေး အုပ်စု များစွာ ပါဝင်ခွင့် မရရှိကြပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 19th October 2010

မြန်မာအစိုးရ အနေဖြင့် အတိုက်အခံ ခေါင်းဆောင်များနှင့် တိုင်းရင်းသားများကို ပါဝင်ခွင့် ပြုမှသာ လာမည့်လတွင် ကျင်းပမည့် ရွေးကောက်ပွဲသည် လက်ခံနိုင်ဖွယ် ရှိမည် ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းသူ တစ်ဦးက ပြောကြားခဲ့သည်။

ကျောင်းသား ခေါင်းဆောင်များ၊ ဘုန်းတော်ကြီးများ၊ ဒီမိုကရေစီ ခေါင်းဆောင်များနှင့် တိုင်းရင်းသား ခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသား (၂၁၀၀) ခန့်သည် မြန်မာနိုင်ငံ အနှံ့ရှိ ထောင်များတွင် ရှိနေရာ နိုဝင်ဘာ ၇ ရက် မတိုင်မီ လွှတ်ပေးရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိစ္စများအတွက် အထူး ကိုယ်စားလှယ် Tomas Ojea Quintana က ပြောကြားခဲ့သည်။

"သူတို့ဟာ ဒီသမိုင်းဝင် ရွေးကောက်ပွဲမှာ ပါဝင်ဖို့ တရားဝင် အခွင့်အရေး ရှိပါတယ်။ ရွေးကောက်ပွဲတွေ အများ လက်ခံအောင် နိုင်ငံရေး အကျဉ်းသား အားလုံးကို ချွင်းချက်မရှိ ချက်ခြင်း လွှတ်ပေးဖို့ လိုအပ်ပါတယ်" ဟု ဗုဒ္ဓဟူးနေ့တွင် နယူးယောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ယင်း၏ အစီရင် ခံစာ မတင်သွင်းမီ ယင်းက ပြောကြားခဲ့သည်။

"စစ်မှန်တဲ့ ရွေးကောက်ပွဲဆိုတာ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်မှု ရှိရပါမယ်"ဟု ယင်းက ပြောသည်။

နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်သူများနှင့် နိုင်ငံခြား သတင်းစာ ဆရာများကို ခွင့်ပြုမည် မဟုတ်ကြောင်း မြန်မာ အစိုးရက တနင်္လာနေ့က ပြောကြားခဲ့သည်။ ထိုအချက်သည် ရွေးကောက်ပွဲကို လိမ်ညာမည် ဆိုသည့် သက်သေပြချက် ဖြစ် စိုးရိမ်မှုများ ပိုမို တိုးပွားလာစေသည်။

မဲဆန္ဒပေးမည့် သူများ၏ ကြောက်ရွံ့မှု၊ စစ်တပ်၏ သွယ်ဝိုက် ခြိမ်းခြောက်မှုများသည် စစ်တပ် နောက်ခံ ပြုသော ပါတီများ တဖတ်သတ် လွှမ်းမိုး အနိုင်ယူသွားရေးအတွက် အကြောင်း ဖန်လာခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီး အစိုးရက အသိအမှတ် မပြုခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ရွေးကောက်ပွဲကို သပိတ် မှောက်ခဲ့ပြီး၊ အာဏာပိုင်များက ဖျက်သိမ်းခဲ့သည်။

ဒီမိုကရေစီအတွက် တိုက်ပွဲ ၀င်နေသူ နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ် ကျခံနေရဆဲ ဖြစ်ပြီး သူမ၏ ပါတီအား ရွေးကောက်ပွဲ မ၀င်ရန် ညွှန်ကြားခဲ့သည်။

ရွေးကောက်ပွဲကို အများက လက်ခံရေးအတွက် လိုအပ်သော အခြေအနေများမှာ လွတ်လပ်စွာ ဖော်ထုတ်ခွင့်၊ စုဝေးခွင့်နှင့် ဖွဲ့စည်းခွင့်တို့ ရှိရမည် ဖြစ်သော်လည်း အာဏာပိုင်များသည် ပိုမို ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်ဟု Ojea Quintana ၏ အဆိုအရ သိရှိရသည်။

ရွေးကောက်ပွဲ ၀င်မည့် ကိုယ်စားလှယ်များ အတွက် ပေးသွင်းရသောငွေ များပြားခြင်းနှင့် အချိန် ကန့်သတ်ချက်များသည် ပါတီများ ရွေးကောက်ပွဲ ၀င်ရောက်ရေးအတွက် အကန့်အသတ်များ ဖြစ်ခဲ့ရသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှ လွတ်လပ်သော စုံစမ်း ဖော်ထုတ်သူက ဆိုသည်။

ရွေးကောက်ပွဲ ကော်မရှင်သည် အဓိက တိုင်းရင်းသား အုပ်စုတစ်ခု ဖြစ်သော ကချင်ပြည်နယ်မှ KIO ခေါင်းဆောင်ဟောင်း တစ်ဒါဇင်ခန့်ကို ကိုယ်စားလှယ် အဖြစ် ၀င်ရောက် ယှဉ်ပြိုင်ရန် ခွင့်မပြုခဲ့ပေ။

ပြီးခဲ့သည့် လက စစ်အစိုးရသည် ဆယ်စုနှစ်ပေါင်း များစွာ လက်နက် ကိုင် ကိုယ်ပိုင် ရပ်တည် လာသော တိုင်းရင်းသား လက်နက်ကိုင်များကို ရွေးကောက်ပွဲ မတိုင်မီ စုစည်း ညီညွတ်သော နိုင်ငံရေး ဖြစ်ရေးအတွက် နိုင်ငံရေး လုပ်ငန်းစဉ်တွင် ပါဝင်ကြရန် ဖိအားပေးခဲ့သည်။

မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် စစ်တပ်၏ ချက်ခြင်း ပစ်သတ်မည့် ရန်ကို ကြောက် ပုန်းနေရသော လူပေါင်း (၁၁၁၀၀၀) ကျော် ရှိမည် ဖြစ်ပြီး ယင်းတို့သည် မဲပေးခွင့်လည်း ရလိမ့်မည် မဟုတ်ဟု Ojea Quintana ၏ အဆိုအရ သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Jakarta Post, By Mustagim Adamrah, 19th Oct 2010

နိုဝင်ဘာလ (၇) ရက် ရွေးကောက်ပွဲတွင် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်သူများနှင့် နိုင်ငံခြား သတင်းစာ ဆရာများ လက်မခံရန် မြန်မာနိုင်ငံ၏ ဆုံးဖြတ်ချက် အပေါ် တနင်္လာနေ့က အင်ဒိုနီးရှားက ဝေဖန်ခဲ့သည်။

"ဒီရွေးကောက်ပွဲကို မြန်မာတွေရော နိုင်ငံတကာ အသိုင်းအဝိုင်းကပါ စောင့်ခဲ့ရတာ ကြာပြီ ဖြစ်ပါတယ်။ ဒီတော့ မီဒီယာတွေမှာ သေချာစွာ ဖော်ပြရင်းနဲ့ သူ့ရဲ့ ရည်ရွယ်ချက်တွေ အကောင်းဆုံး အထမြောက်ဖို့ လိုပါတယ်"ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Teuku Faizasyah က The Jakarta Post သို့ တနင်္လာနေ့က ပြောကြားခဲ့သည်။

သို့သော် နောက်ထပ် မှတ်ချက်များ ပြုလုပ်ခြင်းကိုမူ Faizasyah  က မပြုလုပ်ခဲ့ပေ။ အဘယ်ကြောင့် ဆိုသော် ထိုကိစ္စမှာ ကိုင်တွယ်ရ ခက်သော အထိမခံသည့် ကိစ္စ ဖြစ်နေသောကြောင့် ဖြစ်သည်။

အာဆီယံသည် ဝင်ရောက် မစွက်ဖက်ရေး မူဝါဒကို ကိုင်စွဲထားသောကြောင့် အဖွဲ့ဝင်နိုင်ငံ ဖြစ်သော မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ပြောဆိုရန် တွန့်ဆုတ်လျက် ရှိသည်။

နှစ်ပေါင်း နှစ်ဆယ်အတွင်း ပထမဦးဆုံး အကြိမ် ကျင်းပမည့် ရွေးကောက်ပွဲသည် လိမ်ညာရန် အခွင့်အလမ်း များလျက် ရှိရာ တနင်္လာနေ့က မြန်မာ အစိုးရသည် နိုင်ငံတကာ စောင့်ကြည့်သူများနှင့် နိုင်ငံခြား မီဒီယာများ ခွင့်မပြုဟု ကြေညာခဲ့ရာ လိမ်ညာမည် ဖြစ်ကြောင်း ပိုမို ရှင်းလင်းလာခဲ့သည်။ ရွေးကောက်ပွဲသည် အရပ်သား အုပ်ချုပ်မှု အသွင်ဖြင့် စစ်တပ်၏ အာဏာ ဆုပ်ကိုင်မှုကို အမြစ် တွယ်စေရန် ပြုလုပ်ခြင်း ဖြစ်သည်ဟု ဝေဖန်သူများက ပြောကြသည်။

ပြီခဲ့သည့် ဇူလိုင်လက အာဆီယံသည် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရား မျှတကြောင်း နိုင်ငံတကာ အသိအမှတ် ပြုစေရန် စောင့်ကြည့်သူများ စေလွှတ်ရန် အဆိုပြုခဲ့သည်။ အမေရိကန်နှင့် ဗြိတိန်တို့ကလည်း ထိုနည်း အတိုင်း အဆိုပြုခဲ့ကြသည်။

"ကျွန်တော်တို့ နိုင်ငံခြား စောင့်ကြည့် လေ့လာသူတွေ မလိုပါဘူးး။ ကျွန်တော်တို့မှာ ရွေးကောက်ပွဲ ကျင်းပတဲ့ အတွေ့အကြုံ အများကြီး ရှိပါတယ်။ အခြားလူတွေ ရွေးကောက်ပွဲကို လက်ခံအောင် သက်သက် ပြနေဖို့ မလိုပါဘူး" ဟု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက နေပြည်တော်ရှိ သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည်ဟု Reuters က ကိုးကား ဖော်ပြခဲ့သည်။

"ဒါ့အပြင် ပြဋ္ဌာန်းထားတဲ့ ရွေးကောက်ပွဲ ဥပဒေတွေဟာ ညီမျှပြီးတော့ နားလည်ရ လွယ်ပါတယ်" ဟု ၎င်းက ဆိုသည်။

"ရွေးကောက်ပွဲ ဥပဒေအရ မဲဆန္ဒရှင်တွေ လွတ်လပ်စွာ ဆန္ဒမဲ ပေးနိုင်ရန် သတင်းထောက်တွေ အပါအဝင် ပြင်ပလူတွေ မဲရုံကို လာရောက်ခြင်းနဲ့ ဓါတ်ပုံ ရိုက်မှာကို ခွင့်မပြုပါဘူး" ဟု ဦးသိန်းစိုးက ပြောသည်။

နိုင်ငံခြား လေ့လာသူများအား ငြင်းပယ်ခဲ့ခြင်း အတွက် အစားထိုးသော အနေဖြင့် ရွေးကောက်ပွဲနေ့တွင် မြန်မာနိုင်ငံရှိ သံတမန်များနှင့် ကုလသမဂ္ဂ အေဂျင်စီများကို မဲရုံများသို့ လှည့်လည် ကြည့်ရှုနိုင်ရန် အာဏာပိုင်များက စီစဉ်ပေးမည်ဟု ကော်မရှင် ဥက္ကဋ္ဌက ပြောသည်။ ဦးသိန်းစိုးသည် အငြိမ်းစား ဗိုလ်ချုပ်ဟောင်း တစ်ဦး ဖြစ်ပြီး ဒုတိယ တရားသူကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသည် ၁၉၉၀ ခုနှစ်က ဖြစ်ပြီး ထိုစဉ်က နိုင်ငံခြား မီဒီယာများကို ဝင်ရောက်ခွင့် ပြုခဲ့သည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံ ပါတီက တစ်ပြည်လုံး အနိုင်ရခဲ့သည်။

သို့သော် စစ်အစိုးရသည် ရွေးကောက်ပွဲ ရလဒ်ကို ငြင်းပယ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အားလည်း နေအိမ် အကျယ်ချုပ် ထားခဲ့ရာ လွန်ခဲ့သည့် (၂၁) နှစ်အတွင်း (၁၅) နှစ်ခန့် ထားခဲ့သည်။

သူမ၏ လက်ရှိ ပြစ်ဒဏ်သည် နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်သည်။

သူမ၏ ပါတီသည် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိ၊ ဒီမိုကရေစီနည်း မကျဟု ဆိုကာ ဆန့်ကျင်ခဲ့ပြီး၊ ရွေးကောက်ပွဲကို သပိတ် မှောက်ခဲ့ရာ၊ အင်အား ကောင်းသော အတိုက်အခံ မရှိသည့် ရွေးကောက်ပွဲ ဖြစ်စေခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Straits Times, 19th October 2010

မြန်မာနိုင်ငံ အနေဖြင့် လာမည့်လတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် နိုင်ငံခြား လေ့လာသူများနှင့် နိုင်ငံတကာ မီဒီယာများ နိုင်ငံတွင်းသို့ ဝင်ရောက်မှု ပိတ်ပင်ရန် ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အမေရိကန် ပြည်ထောင်စုက တနင်္လာနေ့က စိတ်ပျက် စကားဆိုခဲ့သည်။

"ကံမကောင်းပါဘူး။ ဒါပေမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ လုပ်ခဲ့တာတွေ ကြည့်ပြီး အံ့သြစရာတော့ မရှိပါဘူး" ဟု နိုင်ငံခြားရေး ဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Philip Crowley က သတင်းထောက်များသို့ Burma ဟု သုံးနှုန်း၍ ပြောကြားခဲ့သည်။

"ကျွန်တော်တို့ ပြောခဲ့ပြီးသားပဲ။ ရွေးကောက်ပွဲဟာ လက်ခံနိုင်လောက်တဲ့ ရွေးကောက်ပွဲ ဖြစ်မယ်လို့ ကျွန်တော်တို့ မထင်ပါဘူး။ သူတို့က ပြင်ပ လေ့လာသူတွေကို ဖွင့်မပေးတဲ့ အချက်ကတော့ မှန်းထားတဲ့ အတိုင်းပါပဲ" ဟု Crowley က ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.