Transparency Myanmar

transparency.myanmar@gmail.com

Bangkok Post, 26th October 2010

မြန်မာ အစိုးရက အနည်းဆုံး ၎င်းတို့၏ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ ပြီးသည် အထိ တပ်ခ်ပြည်နယ်နှင့် မျက်နှာချင်းဆိုင်ရှိ နယ်စပ် စစ်ဆေးရေးဂိတ်ကို ပိတ်ထားလိမ့်မည်ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန် ရှိသူများက မျှော်လင့်ထားကြသည်။

ပြီးခဲ့သော ဇူလိုင်လတွင် လူထု လုပ်ငန်း ဌာနက သောင်ရင်းမြစ် ထိုင်းနိုင်ငံဖက် ကမ်းပါးကို ကွန်ကရစ် တမံ တည်ဆောက်ရာ မြန်မာဖက်ကို အကြောင်း မကြားဘဲ ပိတ်ထားခဲ့ခြင်း ဖြစ်သည်။ ကွန်ကရစ် ကမ်းပါး တည်ဆောက်ခြင်းကြောင့် ရေစီးကြောင်း ပြောင်းလဲကာ မြန်မာ ဖက်ကမ်းကို ရေတိုက်စားမှု ဖြစ်စေသည်ဟု နေပြည်တော်က အကြောင်းပြ ပြောသည်။

နယ်စပ် ဝင်ပေါက် ပိတ်လိုက်ပြီး နောက်ပိုင်း နယ်စပ် ကုန်သွယ်ရေး နှေးကွေး သွားခဲ့ပြီး  ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များ အတွက် အဓိက ပြဿနာများ ဖြစ်ပေါ်စေခဲ့သည်။

ဝန်ကြီးချုပ် အဘီဆစ် ဗဲ့ဂျာဂျာဗား အပါအဝင် ထိပ်တန်း တာဝန်ရှိ ပုဂ္ဂိုလ်များက နယ်စပ် ပြန်လည် ဖွင့်လှစ်ရေး အတွက် မြန်မာ အာဏာပိုင်များနှင့် ညှိနှိုင်း စေ့စပ်ရန် ကြိုးစားခဲ့ကြသည်။

ထိုင်းအာဏာပိုင်များက မြန်မာ အစိုးရ၏ နယ်စပ် ပိတ်ထားခြင်း ရည်ရွယ်ချက်ကို မေးမြန်း ခဲ့ကြသည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန သတင်း ရပ်ကွက်က မနေ့က ပြောကြားသည်။

သတင်း ရပ်ကွက်က ပြောကြားရာ၌ တစ်နှစ်လျှင် ဘတ်ငွေ ၂၀ ဘီလျံကျော် တန်ဖိုး ရှိသည့် အဆိုပါ နယ်စပ် ကုန်သွယ်ရေးမှ  အာဏာပိုင်များက အပြည့်အဝ အကျိုးအမြတ် ရနေသည် ဖြစ်ရာ တပ်မတော်က ဒေသတွင်း အုပ်ချုပ်ရေး ဖွဲ့စည်းပုံကို ပြန်လည် ပြင်ဆင်လိုခြင်းကြောင့် နယ်စပ် ဝင်ပေါက် ပိတ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားသည်။

ထို့အပြင် နယ်စပ် ကူးသန်း ရောင်းဝယ်ရေး၏ အကျိုးအမြတ် အများစုကို နယ်စပ်တလျှောက် လှုပ်ရှားနေသော တိုင်းရင်းသား လက်နက်ကိုင်များက ရရှိနေခြင်းကို မြန်မာ အစိုးရက ဒေါသ ထွက်နေသည်ဟုလည်း သိရှိရသည်။ နယ်စပ် ပြန်မဖွင့်မီ တိုင်းရင်းသား လက်နက်ကိုင်များ၏ ကုန်သွယ်ရေး အဆုံးသတ် သွားရန် မြန်မာ အာဏာပိုင်များက ဆန္ဒ ရှိနေကြသည် ဟုလည်း သတင်း ရပ်ကွက်က ပြောကြားသည်။

နယ်စပ် ပိတ်ထားခြင်း ဆိုးကျိုးများ လျော့ပါး သွားစေရန် အတွက် တရားမဝင် နယ်စပ်ဂိတ် ၁၈ ခု ထားရှိ ဆောင်ရွက်ရန် ထိုင်းနှင့် မြန်မာ တာဝန်ရှိသူများ သဘောတူခဲ့ကြသည်။ နယ်စပ် ဖြတ်ကူး ကုန်သွယ်မှုကို နေဝင်ပြီး ညပိုင်းတွင် ခွင့်ပြုမည် ဖြစ်၍ တစ်ညလျှင် လိုက်ထရပ် ငါးစီးစာ ကုန်စည်များ မြန်မာ နိုင်ငံ တွင်းသို့ တင်သွင်းခွင့် ပြုမည်ဟု ဆိုသည်။

အဆိုပါ ကိစ္စကို ပူးတွဲ နယ်စပ် ကော်မတီမှ တဆင့် ၂ ဖက် တာဝန်ရှိသူများ ညှိနှိုင်း နေကြသည်ဟု နိုင်ငံခြားရေး ဝန်ကြီး ကာဆစ် ပီရိုမြက သောကြာနေ့ မဲဆောက် ခရီးစဉ်တွင် ပြောကြားသည်။

မြန်မာ နိုင်ငံ ပြည်တွင်း လုံခြုံရေး အခြေအနေ တိုးတက်မှု ရှိလာချိန်မှသာ နယ်စပ် ဂိတ်ပေါက်ကို ပြန်ဖွင့်မည့် လက္ခဏာ ရှိပြီး နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ အပြီးတွင် ဖြစ်လာလိမ့်မည်ဟု ထိုင်းအာဏာပိုင်များက မျှော်လင့်ထားကြကြောင်း ကာဆစ် ပီရိုမြက မှတ်ချက်ပေးသည်။

ထိုင်းနိုင်ငံ၏ သောင်ရင်းမြစ် ကမ်းပါး တည်ဆောက်မှုကို မြန်မာ အစိုးရက ကန့်ကွက်ခဲ့သော်လည်း ၎င်းတို့ ကိုယ်တိုင်ကမူ အလားတူ ၁ ကီလိုမီတာ အရှည် ရှိသော မြစ်ကမ်းပါးကို တည်ဆောက်ခဲ့ကြသည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန သတင်း ရပ်ကွက်က ဆိုသည်။

ထိုင်းနိုင်ငံဖက် မြစ်ကမ်းပါးကို ရေတိုက်စား စေမည့် မြန်မာတို့၏ စီမံကိန်းကို ကန့်ကွက်ရန် နိုင်ငံခြားရေး ဝန်ကြီးဌာနက စီစဉ်နေသည်။ မြန်မာဖက်မှ ကမ်းပါး လုပ်ငန်း စတင်ပြီး ရက်အနည်းငယ် အကြာတွင် ထိုင်းလူထု လုပ်ငန်း ဌာနကလည်း လုပ်ငန်း ပြန်လည် စတင်ခဲ့သည်။

အဆိုပါ စီမံကိန်း အပေါ် ဒုတိယ အကြိမ် ကန့်ကွက်ခြင်းကို မြန်မာ တာဝန်ရှိသူများက ထိုင်း အာဏာပိုင်များထံ ပြီးခဲ့သော တနင်္လာနေ့ ပေးပို့ခဲ့သည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.theage.com.au, 25th October 2010

နိုဝင်ဘာ ၇ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် မြန်မာနိုင်ငံမှ ရွေးကောက်ပွဲများ၏ ဖြစ်ပေါ် ပြောင်းလဲမှုများအပေါ် အနီးကပ် စောင့်ကြည့်မည့် အဖွဲ့အစည်းများတွင် ဗီယက်နမ် လေကြောင်း ကုမ္ပဏီလည်း ပါဝင်နေသည်။

ပြီးခဲ့သော မတ်လတွင် ဟနွိုင်း ကုမ္ပဏီ၏ ရုံးခွဲကို မြို့တော်ဟောင်း ရန်ကုန်တွင် စတင် ဖွင့်လှစ်ခဲ့ပြီးနောက် လာမည့် နိုဝင်ဘာ (၁၅) ရက်တွင် ဟိုချီမင်း-ရန်ကုန် ခရီးစဉ် အသစ်ကို စတင် ပျံသန်းရန် ဗီယက်နမ် လေကြောင်းက တာစူလျက် ရှိသည်။

ခရီးသွားရန် ပြင်ဆင် နေသူများ အတွက်မူ မြန်မာနိုင်ငံသည် အသေအချာ စိမ်ခေါ်နေသော ခရီးစဉ် တစ်ခုပင် ဖြစ်သည်။ ရန်ကုန်နှင့် မန္တလေး နိုင်ငံတကာ လေဆိပ်များ၌ ၄လ သက်တမ်း ဆိုက်ရောက် ဗီဇာ ထုတ်ပေးသည့် စနစ်ကို စက်တင်ဘာ (၁) ရက်နေ့တွင် မြန်မာ အစိုးရက ရပ်ဆိုင်းလိုက်သည်။ ဤကိစ္စမှာ ခရီးသွား လုပ်ငန်းများကို ရုတ်တရက် ထိုးနှက် နှုတ်ဆက် လိုက်ခြင်းပင် ဖြစ်သည်။

ယခုအခါ အဆိုပါ နိုင်ငံသို့ သွားရောက် လည်ပတ်လိုသည့် ခရီးသွား ဧည့်သည်များမှာ ပြည်ဝင် ဗီဇာကို မြန်မာသံရုံးမှ တဆင့် သော်လည်းကောင်း၊ ခရီးသွားလုပ်ငန်း ကိုယ်စားလှယ်လောင်း အေးဂျင့်မှ တဆင့် သော်လည်းကောင်း ရယူရတော့မည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

IPS, By Kanya D'Alneida, 24th October 2010

မြန်မာ နိုင်ငံတွင် နှစ်ပေါင်း နှစ်ဆယ်အတွင်း ပထမဆုံး အကြိမ် ဖြစ်ပြီး၊ နှစ်ပေါင်း ခြောက်ဆယ် အတွင်း တတိယအကြိမ် ပါတီစုံ ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာမည့် အကြောင်း အရာများကို နိုင်ငံတကာ စောင့်ကြည့် လေ့လာသူများက စိတ်ဝင်စားစွာ စောင့်ကြည့်နေချိန်တွင် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်၏ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများကို တင်ပြသော အစီရင်ခံစာတွင် ကမ္ဘာကြီး အနေဖြင့် နိုဝင်ဘာလ (၇) ရက်မှ ထွက်ပေါ်လာမည့် ရလဒ်ကို စောင့်မနေရန် အကြံပြုခဲ့သည်။

"ရွေးကောက်ပွဲ လုပ်ငန်းစဉ် တွေကတော့ အားနည်းချက်တွေ၊ အမှားတွေ အများကြီးပါပဲ။ စိတ်ပျက်ဖို့ ကောင်းပါတယ်" ဟု Tomas Quintana က ယခု အပတ် ပြောကြားခဲ့သည်။

စက်တင်ဘာလ အစောပိုင်းက မြန်မာ ရွေးကောက်ပွဲ ကော်မရှင်သည် ရှမ်းပြည်နယ်ရှိ ကျေးရွာ ပေါင်း ၃၃၀၀ ကျော်တွင် ရွေးကောက်ပွဲ ကျင်းပပေးမည် မဟုတ်ကြောင်း ကြေညာခဲ့ရာ ယင်းသည် မဲပေးပိုင်ခွင့် ရှိသူ တစ်သန်းခွဲခန့်၏ ပိုင်ခွင့်များကို ရုတ်သိမ်းခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အပြစ် မရှိသော နိုင်ငံရေး အကျဉ်းသား (၂၀၀၀) ကျော်သည်လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် အခြား ပုဂ္ဂိုလ်များက လွှတ်ပေးရန် ထပ်တလဲလဲ တောင်းဆိုနေသည့် ကြားမှ ထောင်ထဲတွင်ပင် ရှိနေဆဲ ဖြစ်သည်။

ဦးဆောင် အတိုက်အခံ ပါတီ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှာလည်း ရွေးကောက်ပွဲတွင် ပါဝင်ခွင့် မရဘဲ၊ ဥပဒေ ပြင်ပမှ သတ်ဖြတ်မှုများလည်း ၂၀ ကျော် ရှိနေသေးသည်။

ယခု အပတ် အစောပိုင်းက အထွေထွေ ညီလာခံ တတိယ ကော်မတီသို့ တင်သွင်းသော Quintana ၏ အစီရင်ခံစာအပေါ် တုန့်ပြန်မှု အနေဖြင့် ဗြိတိန် နိုင်ငံမှ ကိုယ်စားလှယ်က ဖော်ပြရာတွင် ရွေးကောက်ပွဲ ရလဒ်မှာ ဘာဖြစ်မည်ကို သိပြီး ဖြစ် နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေဖြင့် အထူး ကိုယ်စားလှယ် မကြာခဏ အကြံပြုခဲ့သော စုံစမ်းရေး ကော်မရှင်ကိစ္စ အပေါ် အမြင်များကိုသာ ဖော်ပြကြရန် တိုက်တွန်းခဲ့သည်။

"အဖွဲ့ဝင် နိုင်ငံ အတော်များများ ကတော့ စုံစမ်းရေး ကော်မရှင်ကို ထောက်ခံကြောင်း ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ တချို့ကတော့ ဒီလို လုပ်ခြင်းဟာ ဆန့်ကျင်ဖက် ရလဒ်များပဲ ထွက်မယ် ဆိုပြီး ဆက်ဆံရေး ၀ါဒကိုပဲ ပိုကြိုက်ကြပါတယ်။ ဒါ မှားတာပဲ။ ဒီလို စုံစမ်း စစ်ဆေးမှုဟာ နောက်အစိုးရသစ်နဲ့ နိုင်ငံတကာ ဆက်ဆံရေးနဲ့ မဆိုင်ပါဘူး" ဟု Quintana က ပြောသည်။

Quintana ၏ မျှမျှတတ ရေးထားသော အစီရင်ခံစာ ရှိသော်လည်း ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ ကြားတွင် အခြေအတင် ပြောဆိုမှုများမှာ တရားဝင် စံနမူနာ အရေးယူမှုကြောင့် မဟုတ်ဘဲ ဒေသတွင်း ဆက်ဆံရေးများ၊ စီးပွားရေးအရ ဆွဲဆောင်မှုများနှင့် နိုင်ငံရေးအရ မဟာမိတ် ကိစ္စရပ်များကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဗဟို စာရင်းအင်း ဌာနမှ မကြာမီက ထုတ်ပြန်သော ကိန်းဂဏန်းများ အရ မြန်မာ နိုင်ငံ၏ ပို့ကုန် ၅၂ % မှာ ထိုင်းနိုင်ငံသို့ ပို့နေပြီး ၁၇ % ကို အိန္ဒိယသို့ လည်းကောင်း၊ ၉ % ကို တရုတ်သို့ လည်းကောင်း တင်ပို့နေသည်။ ထို့အပြင် တရုတ်သည် မြန်မာနိုင်ငံ သွင်းကုန်များ၏ အကြီးဆုံး မူရင်း နိုင်ငံဖြစ်ပြီး သွင်းကုန်များ၏ ၃၂ % ကို တရုတ်နိုင်ငံမှ သွင်းယူလျက် ရှိသည်။

ထို့ကြောင့် Quintana ၏ အစီရင်ခံစာကို ကျယ်ကျယ် လောင်လောင် ဝေဖန်နေကြသော ထိုင်း နိုင်ငံ၊ အိန္ဒိယနှင့် တရုတ်တို့မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များ၏ အသံမှ အံ့သြဖွယ်တော့ မဟုတ်ပေ။ ယင်းတို့က အစီရင်ခံစာမှာ တဖတ်သတ်၊ ဘက်လိုက် ရေးသားထားခြင်း ဖြစ်ပြီး စုံစမ်း စစ်ဆေးရေး ကော်မရှင်သည် ရွေးကောက်ပွဲလွန် ရာသီဥတုကို ထိခိုက်နိုင်ကြောင်း ကန့်ကွက် ပြောဆိုခဲ့ကြသည်။

စီးပွားရေး မက်လုံးများက စူပါ ပါဝါများ၏ ဆုံးဖြတ်ချက်များကို မောင်းနှင်သည် ဖြစ်ရာ၊ အထွေထွေ ညီလာခံ သို့မဟုတ် လုံခြုံရေး ကောင်စီမှ ဖွဲ့စည်းပေးမည့် စုံစမ်းရေး ကော်မရှင်သည် ဥရောပ သမဂ္ဂ၊ နော်ဝေနှင့် ကနေဒါတို့မှ ကျောထောက် နောက်ခံပြု တင်ပြသော်လည်း ဖြစ်နိုင်ခြေ နည်းပါးလှသည်။

အချို့ လူ့အခွင့်အရေး ဘက်တော်သားများက ထိုကဲ့သို့သော ကိုယ်အကျိုး စီးပွားကိုသာ ကြည့်သူများကို လက်တကမ်းသာ ကြည့်သော တစ်နပ်စားများ အဖြစ် ပြောခဲ့ကြသည်။ Alternative Stothard  ၏ အဆိုအရ "အမှန်တရားမှာ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု ဆက်ဆံရေး ရေရှည် ပြုလုပ်ရန် အလိုရှိသော နိုင်ငံများ သဘောပေါက် သင့်သည်မှာ နိုင်ငံတကာ ရာဇ၀တ်မှုများသည် တိုင်းပြည်ကို တဖြည်းဖြည်း တည်ငြိမ်မှု ပျက်ပြားလာပြီး ကုန်သွယ်မှု မပြုလုပ်နိုင်သည့် အခြေအနေ ဖြစ်လာ နိုင်ပါသည်" ဟု ဆိုသည်။

ကုလသမဂ္ဂက စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေး မပြုလုပ်လိုသော်လည်း ဟားဗတ် ဥပဒေကျောင်း International Human Rights အပါအ၀င် ပညာရှင် အချို့က မြန်မာနိုင်ငံတွင် ထင်ရှားစွာ ဆိုးဆိုးရွားရွား ဖြစ်ပျက်နေမှုများကို ဆက်မဖြစ်စေလိုသည့် ဆန္ဒများ ပြင်းပြလျက် ရှိကြသည်။

အောက်တိုဘာ လဆန်းပိုင်း သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် Giannini က မြန်မာ နိုင်ငံအတွက် စုံစမ်းရေး ကော်မရှင် ကိစ္စအား တိကျသော ဥပဒေ စကားလုံးများဖြင့် ရှင်းပြခဲ့သည်။

"ကျွန်တော်တို့က ကုလ သမဂ္ဂက အထောက် အထားတွေကိုပဲ ကြည့်လို့ ဆုံးဖြတ်ခဲ့တာပါ။" ဟု IHRC မှ ထုတ်ဝေသော "မြန်မာနိုင်ငံ၏ ရာဇ၀တ်မှုများ" စာအုပ်ကို ရည်ညွှန်း Giannini က ပြောဆိုခဲ့သည်။ "ဒီကောက်ချက် ဆွဲရရင်တော့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေဟာ ကျူးလွန်မှုတွေရှိတယ်ဆို တာ အမြဲတစေလက်ခံပြောကြားခဲ့ရာမှာ နိုင်ငံတကာ ရာဇ၀တ်မှုတွေနဲ့ ဆိုင်တဲ့ ဥပဒေ စကားလုံးတွေကို အသုံးပြုခဲ့ပါတယ်။ ကျူးလွန်မှုတွေဟာ ကျယ်ကျယ်ပြန့်ပြန့် (Widespread)၊ စနစ်တကျ (Systematic) သို့မဟုတ် အစိုးရ မူဝါဒ အစိတ်အပိုင်း (Part of a state policy) ဖြစ်ကြောင်း သုံးနှုန်း ဖော်ပြခဲ့ကြပါတယ်" ဟု ဆိုသည်။

"ပြီးခဲ့တဲ့ အဖြစ်အပျက်ကို အခြေခံပြီး ပြောရမယ် ဆိုရင်တော့ ကုလသမဂ္ဂဟာ နောက်ထပ် ခြေလှမ်းအဖြစ် စုံစမ်းရေး ကော်မရှင် ဖွဲ့ပြီး၊ ဒါဖာ၊ ရ၀မ်ဒါနဲ့ အရင် ယူဂို ဆလားဗီးယားတို့နဲ့ နှိုင်းယှဉ်ပြီး သူတို့ကို လုပ်တဲ့ နည်းအတိုင်း တိုက်ရိုက် လုပ်ရပါမယ်"ဟု Giannini က အဆုံးသတ် ပြောကြားခဲ့သည်။

လူမျိုးစုများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုနှင့် ပတ်သက် Giannini ၏ သွယ်ဝိုက် ပြောဆိုမှုများမှာ အခြား လူ့အခွင့်အရေး ပညာရှင်များ၏ များပြားလှသော အမြင်များနှင့် ထပ်တူပင် ဖြစ်သည်။ "မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များတွင်း အချို့လူ့အဖွဲ့အစည်းများ ကြားမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဟာ တဖြည်းဖြည်းနဲ့ တောက်လောင် နေခဲ့တယ်လို့ ကျွန်မတို့ မြင်ပါတယ်"ဟု Stothard က IPS သို့ ပြောသည်။

"ကျွန်မတို့ ကမ္ဘောဒီးယားမှာ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ တွေ့ခဲ့ရပြီးပါပြီ"ဟု သူမက ဖြည့်စွက် ပြောသည်။ "အရှေ့တောင် အာရှမှာ ၀မ်းနည်းစရာ ကောင်းတဲ့ အဖြစ်တစ်ခု ဖြစ်ခဲ့ပြီးပါပြီ။ ဒီတော့ ဒေသတွင်းကရော နိုင်ငံတကာ အသိုင်းအ၀ိုင်းကပါ မြန်မာနိုင်ငံနဲ့ ညှိနှိုင်းဖို့ ငြင်းဆန် နေတာနဲ့ အမျှ အလားတူ အဖြစ်ဆိုးကြီး တစ်ခု ဖြစ်လာနိုင်ပါတယ်" ဟု သူမက ပြောသည်။

ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်ကလည်း မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အပြီးတွင် အလားတူ စိုးရိမ်ရမှု များအတွက် ဖော်ပြခဲ့သည်။

"မြန်မာနိုင်ငံမှာ အဓိပ္ပာယ် ရှိတဲ့ ဒီမိုကရက်တစ် အဖွဲ့အစည်းတွေ ဖြစ်ဖို့ အချိန် အများကြီး ယူရပါဦးမယ်။ စစ်တပ်က နှစ်ပေါင်း လေးဆယ်ကျော် အုပ်စိုးလာခဲ့တော့ အဆင့်တိုင်းမှာ စစ်တပ်က ဖြန့်ထားပြီး ဖြစ်နေပြီ" ဟု Quintana က IPS သို့ ပြောသည်။

သို့သော် သတင်း ခန်းမနှင့် ကွန်ဖရင့် ခန်းမများတွင် ဆက်လက် စကား ပြောဆိုနေချိန်တွင် မြန်မာ နိုင်ငံ၏ အခြေအနေများမှာ ဆက်သည်းမခံ နိုင်ဖွယ်ရာ ဖြစ်နေကြောင်း တွေ့ကြရသည်။

ပြီးခဲ့သည့် အောက်တိုဘာ လဆန်းပိုင်းက Women's League of Burma မှ ကိုယ်စားလှယ် Wa Ku Shee က UN Burma Fund တွင် သူမ တင်ပြရာတွင် မျက်ရည် မဆည်နိုင် ဖြစ်ခဲ့ရသည်။

ခေတ္တမျှ ရပ်ဆိုင်းပြီး သူမက အရွယ် မရောက်သေးသော ကလေးနှစ်ဦး မိခင်၏ စစ်သားများ ရန်ကြောက် ရွာမှ ထွက်ပြေးရသော သူမ၏ ဆိုးရွားသော အခြေအနေကို ပြောပြခဲ့သည်။ သူမ၏ သမီးလေး သေနတ်ဖြင့် အပစ် ခံရသောအခါ သူမ၏ သားလေး လုံခြုံရာ ရောက်ရှိရေး ဦးစားပေး သမီးလေး သေအံ့ ဆဲဆဲတွင် ထားပစ်ခဲ့ရပုံကို ပြောပြသည်။ ဆေးရုံသို့ မရောက်မှီ သူမ၏ သားလေးမှာလည်း ပေါင်တွင် အပစ်ခံရပြီး သူမ၏ လက်ထဲတွင် သွေးလွန်နေပြီ ဖြစ်ကြောင်း ပြောသည်။

"ဒီလက်နက်ကိုင် ပဋိပက္ခတွေ ကြားမှာ အရပ်သားတွေရဲ့ အခြေအနေ ကတော့ အဆုံးစွန် ကြောက်စရာပါ"ဟု Quintana က IPS သို့ ပြောသည်။ "ဒီတော့ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရား မျှတဖို့ လိုတယ်လို့ ပြောရုံနဲ့ မလုံလောက်ပါဘူး။ ပြီးခဲ့တဲ့ ကျူးလွန်မှုတွေ အတွက် တရား ဥပဒေနဲ့ အရေးယူဖို့ လိုအပ်ပါတယ်။ ဒါမှသာ အနာဂတ်မှာ ကျူးလွန်မှုတွေ မဖြစ်အောင် တားဆီးနိုင်မှာ ဖြစ်လို့ ဒါဟာ ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခုပါပဲ" ဟု ယင်းက ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Guff Today, 25th October 2010

ကုလ သမဂ္ဂ အကြီးအကဲ ဘန်ကီမွန်းသည် ၎င်း၏ အဓိကကျသော အာရှခရီးစဉ်ကို အင်္ဂါနေ့တွင် စတင်မည် ဖြစ်ရာ မြန်မာနိုင်ငံတွင် လူသားချင်း စာနာမှု မရှိသော ရာဇဝတ်မှုများအတွက် နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် အတွက် နိုင်ငံတကာ အကြံပေး ပညာရှင်များ၏ တောင်းဆိုမှုများနှင့် ပတ်သက်၍ ကြုံတွေ့ရဖွယ် ရှိနေသည်။

ဘန်ကီမွန်းသည် ထိုင်းနိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။ ထိုင်းနိုင်ငံသည် ၎င်း၏ အိမ်နီးချင်း နိုင်ငံအပေါ် စုံစမ်းစစ်ဆေးမှုများ အတွက် ဆန့်ကျင်သူ ဖြစ်သည်။ ထို့နောက် ဘန်ကီမွန်းသည် အရှေ့တောင် အာရှ ခေါင်းဆောင်များနှင့် ဟနွိုင်းတွင် ထိပ်သီး အစည်းအဝေး တက်ရောက်မည် ဖြစ်သည်။ ၎င်းသည် အရှေ့တောင် အာရှ ခေါင်းဆောင်များကို မြန်မာ အစိုးရအပေါ် ပိုမို တင်းတင်း ကြပ်ကြပ် ကိုင်တွယ်ရန် ပြောခဲ့သည်။ ထို့နောက် ၎င်းသည် မြန်မာနိုင်ငံ၏ အဓိက မဟာမိတ် တရုတ်နိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။

၎င်းသည် ယခု ခရီးစဉ်တွင် ကမ္ဘောဒီးယားသို့လည်း သွားရောက်မည် ဖြစ်သည်။ ၎င်း၏ ခရီးစဉ်သည် အနောက် နိုင်ငံများက အတုအယောင်သာ ဖြစ်မည်ဟု ပြောနေသော မြန်မာ ရွေးကောက်ပွဲများ ကျင်းပရန် နှစ်ပတ်ခန့်သာ လိုတော့သည့် အချိန် ဖြစ်သည်။

ဘန်ကီမွန်းသည် ဘန်ကောက်သို့ အင်္ဂါနေ့တွင် ရောက်ရှိမည် ဖြစ်ပြီး ဝန်ကြီးချုပ် Abhisit နှင့် တွေ့ဆုံစကား ပြောမည် ဖြစ်သည်။

ထိုင်း၊ တရုတ်နှင့် အိန္ဒိယတို့သည် ပြီးခဲ့သည့် အပတ် ကုလသမဂ္ဂ အထွေထွေ ညီလာခံ အစည်းအဝေးတွင် စစ်ရာဇဝတ်မှုများနှင့် လူသားချင်း စာနာမှု မရှိသော ရာဇဝတ်မှုများနှင့် ပတ်သက်၍ စုံစမ်းရေး ကော်မရှင် ကိစ္စကို ဆန့်ကျင်ကြောင်း လူသိရှင်ကြား ပြောကြားခဲ့သည်။

Quintana ကုလသမဂ္ဂသို့ နောက်ဆုံး တင်ပြသော အစီရင်ခံစာတွင် မြန်မာနိုင်ငံ ထောင်များအတွင်း ညှဉ်းပမ်း နှိပ်စက်မှုကြောင့် သေဆုံးမှုများ ပိုမိုဖြစ်ပွားမှု၊ သူပုန်များ ထိန်းချုပ်ထားသော ဒေသများတွင် စစ်တပ်မှ သတ်ဖြတ်မှုများနှင့် အဓမ္မ လုပ်အား ပေးစေမှုများကို မီးမောင်းထိုး ဖော်ပြခဲ့သည်။

Quintana သည် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို အားနည်းချက်များ၊ အမှားများ ရှိသည်ဟု ပြောဆိုခဲ့သည်။

"မြန်မာအစိုးရဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး သူလုပ်ဆောင်ရမယ့် ကိစ္စတွေ လုပ်နိုင်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ တာဝန် ရှိပါတယ်" ဟု Quintana က ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Daily Star, 25th October 2010

ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဘဇားခရိုင် ဆိုနာဒီယာ ရေနက် ဆိပ်ကမ်း တည်ဆောက်ခြင်း၊ မြန်မာ နိုင်ငံကို ဖြတ်သန်း၍ စစ်တကောင်း ဆိပ်ကမ်း မြို့တော်နှင့် ယူနန်ပြည်နယ် ကူမင်းကို ဆက်သွယ်မည့် အဝေးပြေး လမ်းမ ဖောက်လုပ်ခြင်းတို့အတွက် ဘင်္ဂလားဒေ့ရှ်အား ဘက်ပေါင်းစုံ ထောက်ပံ့ ဖြည့်ဆည်းပေးရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံက ထုတ်ဖော် ပြောကြားလိုက်သည်။

ဘင်္ဂလားဒေ့ရှ် သဘာဝ ပတ်ဝန်းကျင်နှင့် သစ်တောရေးရာ ဝန်ကြီး ဒေါက်တာ ဟာဆန်မာမွတ်က အောက်တိုဘာ ၁၉ မှ ၂၂ ရက်အထိ ၄ ရက်ကြာ တရုတ်နိုင်ငံ ခရီးစဉ် အပြီး ၎င်း၏ ရုံးခန်း၌ မနေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်နိုင်ငံ၏ အာမခံချက်ကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ ဆိုနာဒီယာ ရေနက်ဆိပ်ကမ်းနဲ့ စစ်တကောင်း ကူမင်း အဝေးပြေးလမ်း တည်ဆောက်ဖို့ တရုတ် နိုင်ငံကို အကူအညီ တောင်းခဲ့ပါတယ်။ ဘေဂျင်းက ကျွန်တော်တို့ကို ဒီကိစ္စနှင့် ပတ်သက်လို့ ကူညီဖို့ အာမခံခဲ့ပါတယ်" ဟု ၎င်းက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနမှ အရာရှိများအား လေ့ကျင့်သင်တန်း ပေးရာတွင်လည်း အကူအညီ ပေးမည်ဟု တရုတ်တို့က အာမခံခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

တရုတ်နိုင်ငံ ခရီးစဉ်၏ ရလဒ်များနှင့် ပတ်သက်၍ ဟတ်ဆန်မာမွတ်က ပြောကြားရာတွင် မက္ကဆီကို ကင်ဘန်တွင် ကျင်းပမည့် လာမည့် ရာသီဥတု ဆိုင်ရာ ဆွေးနွေးပွဲ မှတပါး အနာဂတ်တွင် ဘင်္ဂလားဒေ့ရှ် နှင့်အတူ ပူးပေါင်း လုပ်ဆောင် သွားလိုသည့် ဆန္ဒကို တရုတ်ကို ထုတ်ဖော် ပြောဆိုခဲ့သည်ဟု ဆိုသည်။

ရာသီဥတု ကိစ္စ အပါအဝင် ဆက်သွယ်ရေး၊ ကုန်သွယ်ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ကဏ္ဍများ၌ ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်များမှာ ၎င်းနှင့် တရုတ် ခေါင်းဆောင်များ၏ ပြောဆို ဆွေးနွေးမှုများ အတွင်းမှ သိသိသာသာ ပေါ်ထွက်ခဲ့ခြင်း ဖြစ်သည်ဟု ဟတ်ဆန်မာမွတ်က ဆိုသည်။

ဒေါက်တာ ဟတ်ဆန်က UNFCCC ရာသီဥတု ဆိုင်ရာ ဆွေးနွေးပွဲများတွင် ရာသီဥတု ဆိုင်ရာ ညှိနှိုင်းရေး အကြီးအကဲများနှင့် အစည်းအဝေး ပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးရေးနှင့် ပြုပြင် ပြောင်းလဲရေး ကော်မရှင် NDRC  ဥက္ကဋ္ဌ ဇီရှင်ဟွာနှင့်လည်း တွေ့ဆုံခဲ့သည်ဟု ပြောကြားခဲ့သည်။

"တရုတ်နိုင်ငံက ရာသီဥတု ဆိုင်ရာ ကိစ္စတွေမှာ ကျွန်တော်တို့နှင့် အတူ လုပ်ဆောင်ချင်တာပါ။ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ရပ်တန့်ပစ်ဖို့ ကျွန်တော်တို့ သဘောတူခဲ့ကြပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေရဲ့ သမိုင်းဝင် အမှားမျိုးကို ကျွန်တော်တို့ မလုပ်ချင်ပါဘူး" ဟု ၎င်းက ဆိုသည်။

ကိုပင်ဟေဂင် ရာသီဥတု ညီလာခံ၏ ဆုံးဖြတ်ချက်အတိုင်း ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ရန်ပုံငွေမှ ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် တစ်နှစ်လျှင် ဒေါ်လာ ၁၀ သန်း လှူဒါန်းသွားရန် ဆန္ဒရှိကြောင်းကိုလည်း တရုတ်က ထုတ်ဖော် ပြောကြားခဲ့သည်ဟု ယင်းက ပြောသည်။

ရာသီဥတု ပြောင်းလဲမှု၏ ဆိုးဝါးသော အကျိုး သက်ရောက်မှုများကို ရင်ဆိုင်ရန် တရုတ်နိုင်ငံက နည်းပညာနှင့် ငွေကြေး အကူအညီများကို ဖြည့်ဆည်းပေးမည်ဟု ဒေါက်တာ ဟတ်ဆန်က ပြောကြားသည်။

ဒေါက်တာ ဟတ်ဆန်က ၎င်း၏ တရုတ် ခရီးစဉ် အတွင်း တရုတ်လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး ဆိုင်ရာ ဒုတိယဝန်ကြီးတို့ကို အလည်အပတ် ဖိတ်ခေါ်ခဲ့သည် ဟုလည်း သိရှိရသည်။

အထက်ပါ ခရီးစဉ်တွင် အဖွဲ့ဝင် ၆ ဦးပါ ကိုယ်စားလှယ် အဖွဲ့ကို ဒေါက်တာ ဟတ်ဆန်က ဦးဆောင်ခဲ့သည်။ အခြား အဖွဲ့ဝင်များ အဖြစ် BRAC  University မှ ဒုတိယ အဓိပတိ ဒေါက်တာ အေနန်နီရှက်၊ ဘင်္ဂလားဒေ့ရှ် စည်းရုံး လှုံ့ဆော်ရေး ဝန်ကြီး အဝါမီလိဂ် အာမက်ဟူစိန်နှင့် တရုတ်နိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး မန်ရှီဖေ့စ် အာမက်တို့ လိုက်ပါသွားကြသည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bangkok Post, 24th October 2010

ထိုင်းနိုင်ငံမှ မြန်မာ ဒုက္ခသည်များကို မြန်မာနိုင်ငံမှ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ အပြီးတွင် ချက်ခြင်း ပြန်ပို့မည် မဟုတ်ဟု ထိုင်း နိုင်ငံခြားရေး ၀န်ကြီး ကာဆစ်ဗီရိုမြက ပြောကြားလိုက်သည်။

ရွေးကောက်ပွဲ နောက်ပိုင်း မြန်မာနိုင်ငံ အနေအထားကို ထိုင်းအစိုးရက အကဲဖြတ်မည် ဖြစ်ပြီး ထိုနိုင်ငံတွင် နိုင်ငံရေး အနေအထား တည်ငြိမ်ကြောင်းနှင့် ဒုက္ခသည်များ ဘေးကင်းမည် ဖြစ်ကြောင်း ယုံကြည် စိတ်ချရမှသာ ပြန်ပို့မည့် အစီအစဉ်ကို ဆက်လက် လုပ်ဆောင်ဖွယ် ရှိသည်ဟု ကာဆစ်က မဲဆောက်တွင် ယမန်နေ့က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီး ကာဆစ်ဗီရိုမြသည် ယင်း၏ မဲဆောက် ခရီးစဉ်တွင်း အမှတ် (၃) စစ်ဒေသ၊ ဒုက္ခသည် များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး International Organization for Migration, International Rescue Committee နှင့် အခြား လူသားချင်း စာနာသော အုပ်စုများမှ ကိုယ်စားလှယ် များနှင့် တွေ့ဆုံခဲ့သည်။

မြန်မာ့ နိုင်ငံရေး အခြေအနေမှာ ရွေးကောက်ပွဲ အပြီးတွင် တည်ငြိမ်လာမည်ဟု မျှော်လင့်ရပြီး ထိုင်းနိုင်ငံရောက် မြန်မာ ဒုက္ခသည်များမှလည်း အိမ်ပြန်ရန် မျှော်လင့်နေကြသည်ဟု ကာဆစ်ဗီရိုမြက ဆိုသည်။

ထိုင်းအစိုးရသည် ဒုက္ခသည်များ၏ ဘေးကင်း လုံခြုံရေးကို ထိပ်တန်း ဦးစားပေး ဆောင်ရွက်မည် ဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ရန် မစီစဉ်မီ ယုံကြည်ရသော အဖွဲ့အစည်းများနှင့် တိုင်ပင် ညှိနှိုင်းမည် ဟု ယင်းက ပြောကြားသည်။

ထိုင်းအစိုးရ အနေဖြင့် လူ့အခွင့်အရေး ကိစ္စများကို ထည့်သွင်း စဉ်းစား ဆုံးဖြတ်မည် ဖြစ်ပြီး ယခု ကိစ္စနှင့် ပတ်သက် အကောင်းဆုံး ဆောင်ရွက်သွားမည်ဟု ကာဆစ်က ဆက်လက် ပြောသည်။

ဒုက္ခသည်များကို ပြန်ပို့ရန် ကြိုတင်ပြင်သည့် လှုပ်ရှား ဆောင်ရွက်မှုများကို အမေရိကန် ပြည်ထောင်စု ကဲ့သို့သော နိုင်ငံများက ငွေကြေး ထောက်ပံ့ ကူညီရန် အဆင်သင့် ရှိနေသည်ဟုလည်း ယင်းက ဆိုသည်။

ထိုင်းအစိုးရသည် ဒုက္ခသည်များ၏ ပညာရေး၊ ရေနှင့် အစားအစာ ရရှိရေး၊ နေထိုင်မှု အခြေအနေနှင့် ကျန်းမာရေးတို့ တိုးတက်ရေး အတွက် လက်ဆောင် ပေးခဲ့သည့်အပြင် အသက်မွေး ၀မ်းကျောင်း သင်တန်းများကိုလည်း ဖြည့်ဆည်းပေးခဲ့သည်ဟု မစ္စတာကာဆစ်က ထုတ်ဖော် ပြောဆိုသည်။

မြန်မာနိုင်ငံက ယင်း၏ နိုင်ငံသားများကို ပြန်လက်ခံရန် အဆင့်သင့် ဖြစ်ပြီဟု ထိုင်းအစိုးရက သတ်မှတ် ယူဆချိန်တွင် ပြန်ပို့ခြင်း အစီအစဉ်ကို စနစ်တကျ စတင်မည်ဟု ကာဆစ်က ဆိုသည်။

ထိုင်းနိုင်ငံရှိ ဒုက္ခသည် စခန်း ကိုးခုတွင် မြန်မာ ဒုက္ခသည် ၂ သိန်းခန့် ရောက်ရှိနေသည်။ မဲဆောက် ခရိုင်အတွင်းရှိ မဲလစခန်းမှာ အကြီးဆုံး စခန်း တစ်ခု ဖြစ်ပြီး ယင်းစခန်းတွင် ခိုလှုံနေသော ဒုက္ခသည် ၅ သောင်းအနက် ၂ သောင်းခန့်မှာ ကလေး သူငယ်များ ဖြစ်သည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.