Transparency Myanmar

transparency.myanmar@gmail.com

The Third Age News, 25th October 2010

ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ်တွင် အကျယ်ချုပ် ဆက်လက် ထိန်းသိမ်းထားမည် ဖြစ်ပြီး လာမည့် ရွေးကောက်ပွဲကို သတင်းယူမည့် နိုင်ငံခြား မီဒီယာများကို ခွင့်ပြုမည် မဟုတ်ဟု မြန်မာနိုင်ငံမှ စစ်ဖက် အစိုးရက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။ သံတမန်များနှင့် ဌာနေ အခြေစိုက် ကုလသမဂ္ဂ အဖွဲ့အစည်း ကိုယ်စားလှယ်များ သာလျှင် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲကို လေ့လာ နိုင်ကြမည်ဟု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးသိန်းစိုးက Radio France International သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ တိုင်းပြည်မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့က ဒီနိုင်ငံအတွက် ကျင်းပပေးတာပါ။ တခြား နိုင်ငံတွေ အတွက် မဟုတ်ပါဘူး" ဟု ယင်းက ပြောသည်။

"မဲဆန္ဒရှင်တွေ လွတ်လပ်စွာ မဲပေးနိုင်ဖို့ အတွက် မဲရုံတွေမှာ ဓာတ်ပုံနဲ့ ဗီဒီယို ရိုက်ကူးခြင်းကို ခွင့်ပြုမှာ မဟုတ်ပါဘူး" ဟု ဦးသိန်းစိုးက ပြောကြားသည်။ "မဲဆန္ဒရှင်တွေ ရှေ့မှောက်မှာ မဲရေတွက်မှာပါ" ဟုလည်း ယင်းက ဆိုသည်။

အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ပြီးသည့် တိုင်အောင် အကျယ်ချုပ် ဆက်လက် ထိန်းသိမ်းထားမည် ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ် နေရာ လေးပုံ တစ်ပုံကို တပ်မတော် အတွက် သီးသန့် ဖယ်ထားသည် ဟုလည်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် နောက်ဆုံး အယူခံလွှာကို ဗဟို တရားရုံးက တနင်္လာနေ့တွင် ကြားနာမည် ဖြစ်သော်လည်း ဆုံးဖြတ်ချက် ချက်ခြင်း ချမှတ်မည် မဟုတ်ဟု ဆိုသည်။

အကယ် သူမ လွတ်မြောက်လာသည့် တိုင်အောင် စစ်အစိုးရက သူမအား လွတ်လပ်စွာ စည်းရုံးခွင့် ပေးမည် မဟုတ်ဟု အကဲခတ်များက ပြောကြားသည်။ သူမ အနေဖြင့် လွှတ်မြောက်လာပါက Twitter အသုံးပြု လိုသည်ဟု သူမ၏ ရှေ့နေက ပြောကြားကြောင်း သတင်းများအရ သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

UPI, 25th October 2010

မြန်မာ နိုင်ငံတွင် နိုဝင်ဘာလ ကျင်းပမည့် ရွေးကောက်ပွဲသည် လိမ်ညာမည့် အတု အယောင်သာ ဖြစ် ပြုပြင် ပြောင်းလဲရေး လိုလားသူ အုပ်စုများ အနေဖြင့် ဝေးဝေးကသာ နေကြရန် အတိုက်အခံ ခေါင်းဆောင် တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာ နိုင်ငံသည် လာမည့် လတွင် အထွေထွေ ရွေးကောက်ပွဲအတွက် မောင်းတင်လျက် ရှိရာ အစိုးရက အရပ်သား ခေါင်းဆောင်မှုသို့ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ပြောသည်။ သို့သော် ပါလီမန်တွင် နေရာအချို့ ယူထားမှု ရှိခဲ့ရာ လေ့လာသူများက မေးခွန်းထုတ်လျက် ရှိသော အချက် ဖြစ်သည်။

စစ်အစိုးရသည် ရွေးကောက်ပွဲ မတိုင်မီ အချို့ ပါတီများအား ဖျက်သိမ်းခဲ့ရာ အချို့ တိုင်းရင်သား အုပ်စုများ ရွေးကောက်ပွဲတွင် မပါဝင်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။ ရွေးကောက်ပွဲသည် မြင်သာ ထင်သာ ရှိမည် မဟုတ် ရွေးကောက်ပွဲအား အထွေထွေ သပိတ်မှောက်ကြရန် အချို့က လှုံ့ဆော်လျက် ရှိ ကြောင်း The Wall Street Journal က သတင်း ဖော်ပြခဲ့သည်။

အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ လက်စွဲပါတီ တစ်ခု၏ ဥက္ကဌ ဖြစ်သူ ဦးအေးကျော်က စစ်တပ်၏ နောက်ဆုံး စမ်းသပ်မှုတွင် ပါဝင်ခြင်းဖြင့် ဘာမျှ ရလိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

"ရွေးကောက်ပွဲ ကတော့ လိမ်တော့မှာပါပဲ။ ဒါကြောင့် ဒါကို လူသိအောင် ကြိုးစားနေရတယ်။ ဒီတော့ ပြည်သူတွေ အနေနဲ့ မဲရုံကို မသွားကြဖို့ လိုပါတယ်"ဟု ယင်းက ပြောခဲ့သည်ကို ကိုးကား ဖော်ပြခဲ့သည်။

နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်းက ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင်  ပြောကြားရာတွင် ရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီ (၃၇) ခု တိုင်းရင်းသား အုပ်စု အမျိုးမျိုး ပါဝင်ကြောင်း ပြောသည်။

"ဒီလို ပါဝင်မှုတွေက အားလုံး ပါဝင်မှု ရှိတယ် ဆိုတာ ရှင်းလင်း ပြတ်သားစွာ ပြသနေတာပါ" ဟု ယင်းက ပြီးခဲ့သည့် လက ပြောခဲ့သည်။

သို့သော် မဲရုံသို့ သွားရောက် မဲပေးကြမည့် ကိစ္စနှင့် ပတ်သက် စစ်အစိုးရ၏ အမြင်မှာ အကောင်း မြင်လျက် ရှိကြောင်း သုံးသပ်သူများက ဂျာနယ်သို့ ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 26th October 2010

အရှေ့တောင် အာရှ မြန်မာနိုင်ငံ အနောက်ပိုင်းကို အင်အားပြင်း ဆိုင်ကလုံး တိုက်ခတ် သွားပြီးနောက် အမေရိကန် ပြည်ထောင်စုက အကူအညီ ပေးရန် ကမ်းလှမ်းနေသည်ဟု နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က အင်္ဂါနေ့တွင် ပြောကြားသည်။

မကြာမီ အချိန် အတွင်း မြန်မာနိုင်ငံ အနီးအနားမှ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မလေးရှား နိုင်ငံများသို့ သွားရောက်ရန် စီစဉ်နေသော ကလင်တန်က အနည်းဆုံး လူ ၂၇ ဦး သေဆုံးကာ နေအိမ် ထောင်ပေါင်း များစွာ ဖျက်ဆီးခဲ့သည့် ဆိုက်ကလုံး ဂီရီကြောင့် ဖြစ်ပေါ်ခဲ့သော အသက် ဆုံးရှုံးမှုနှင့် ထိခိုက် ပျက်စီးမှုများ အပေါ် ၀မ်းနည်းစကား ပြောကြားခဲ့သည်။

"ရန်ကုန်မှာ ရှိတဲ့ အမေရိကန် သံရုံးက အရေးပေါ် သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး အကူ  အညီ ပေးရန် ကမ်းလှမ်းထားပြီး လိုအပ်သလို ထပ်မံ အကူအညီ ပေးဖို့ ဆက်လက် ကမ်းလှမ်းသွားမှာပါ" ဟု ကလင်တန်က ကြေညာချက်တွင် ဖော်ပြသည်။

"ဒီဖြစ်ရပ်ဆိုးကြောင့် ဘေးသင့်ရသူတွေ အားလုံး အပါအ၀င် မြန်မာ ပြည်သူ ပြည်သားတွေ နဲ့အတူ ကျွန်မတို့ ထပ်တူထပ်မျှ ခံစားပြီး ဆုတောင်း ပေးပါတယ်" ဟု သူမက ၀မ်းနည်းစကား ပြောကြားရာတွင် စစ်ဖက် အစိုးရက Myanmar ဟု နာမည် မပြောင်းခင်က မူလအမည် BURMA ကို ခေါ်ဝေါ် သုံးစွဲခဲ့သည်။

အင်အားပြင်း ဆိုင်ကလုံး မုန်တိုင်းသည် တစ်နာရီလျှင် ၁၉၃ ကီလိုမီတာ (၁၁၉) မိုင်နှုန်းဖြင့် ရခိုင် ကမ်းရိုးတန်းကို သောကြာနေ့က ဖြတ်ကျော် ၀င်ရောက်ခဲ့ခြင်း ဖြစ်သည်။

၂၇ ဦး သေဆုံးသည့် အပြင် ၁၅ ဦး ပျောက်ဆုံးနေသည်ဟု နိုင်ငံပိုင် သတင်းစာက ဖော်ပြသည်။ အဆိုပါ ဆိုင်ကလုံးကြောင့် နေအိမ်ပေါင်း ၂၈၀၀ အစိုးရ အဆောက်အဦး ဒါဇင်ပေါင်း များစွာနှင့် တံတား ၂ စင်း ပျက်စီး သွားခဲ့သည်ဟု နိုင်ငံပိုင် အသံလွှင့် ဌာန၏ အဆိုအရ သိရှိရသည်။

ကလင်တန်သည် အရှေ့တောင် အာရှ မိတ်ဆွေ မလေးရှား နိုင်ငံသို့ တနင်္လာနေ့တွင် မသွားမှီ သီတင်းပတ်ကုန် စနေ၊ တနင်္ဂနွေ ရက်များတွင် ဗီယက်နမ်နှင့် ကမ္ဘောဒီးယားသို့ ၀င်ရောက် လည်ပတ်ရန် စီစဉ်ထားသည်။ သီတင်း ၂ ပတ်ကြာ ခရီးစဉ်၏ တစ်စိတ် တစ်ပိုင်း အဖြစ် ပါပူဝါ နယူးဂီနီ၊ နယူးဇီလန် နှင့် သြစတြေးလျ နိုင်ငံများသို့လည်း သူမ သွားရောက်မည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.