Transparency Myanmar

transparency.myanmar@gmail.com

လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ဒီမိုကရေစီ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် အားပေး အားမြှောက် ပြုသည့် အတိုက်အခံ အင်အားစုများ အနေဖြင့် ဖမ်းဆီး အရေးယူခြင်း ခံရမည် ဖြစ်ကြောင်း မြန်မာ စစ်အစိုးရ အာဏာပိုင်များက နိုဝင်ဘာလ ၁ ရက်နေ့တွင် ထုတ်ဖော် ပြောဆိုသည်။

မြန်မာ နိုင်ငံတွင် နိုဝင်ဘာလ ၇ ရက် (တနင်္ဂနွေနေ့) ၌ ကျင်းပ ပြုလုပ်မည့် အဆိုပါ ရွေးကောက်ပွဲသည် နှစ်ပေါင်း ၂၀ တာ ကာလအတွင်း ပထမဆုံး အကြိမ် ဖြစ်သည်။ အတိုက်အခံ နိုင်ငံရေး အင်အားစုများက အဆိုပါ ရွေးကောက်ပွဲကို သပိတ် မှောက်ရန် စည်းရုံး ပြောဆိုလျက် ရှိသည်ဟု သတင်းများအရ သိရသည်။ မြန်မာ အာဏာပိုင် များကမူ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် စည်းရုံး လှုံ့ဆော်သူများ အနေဖြင့် ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် ၁ နှစ် သို့မဟုတ် ပြစ်ဒဏ် နှစ်ရပ်လုံး ကျခံရနိုင်ကြောင်း သတိပေး ပြောဆိုထားသည်ဟု ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းဌာနက ရေးသားသည်။

နိုင်ငံတကာမှ လေ့လာ သုံးသပ်သူများက ရွေးကောက်ပွဲနှင့် ပတ်သက်၍ သံသယ ဖြစ်မိသည်ဟု ဆိုသော်လည်း အဆိုပါ ရွေးကောက်ပွဲသည် အရပ်ဘက် အစိုးရ တစ်ရပ် ပေါ်ထွန်းနိုင်ရေး အတွက် အပြုသဘော ဆောင်သော နိုင်ငံရေး ဖြစ်စဉ်တစ်ခု ဖြစ်သည်ဟု စစ်အစိုးရ အာဏာပိုင်များက ဆိုသည်။

အဆိုပါ ရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီပေါင်း ၃၇ ပါတီ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ သို့သော် စစ်အစိုးရ ကျောထောက် နောက်ခံ ပြုမှုကို ရယူထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) သာ အနိုင် ရရှိလိမ့်မည်ဟု အများက ထင်ကြေးပေး ပြောဆိုလျက် ရှိသည်။ အကြောင်းမှာ ကြံ့ဖွံ့မှာ ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ် ဦးရေမှာ ၁၀၀၀ ကျော်ခန့် ရှိသောကြောင့် ဖြစ်သည်။ အတိုက်အခံ အုပ်စုများ ဘက်မှ ကိုယ်စားလှယ် ဦးရေမှာ ၁၀ ရာခိုင်နှုန်းခန့်သာ ရှိသည်။

မြန်မာနိုင်ငံ အနေဖြင့် အတိုက်အခံ ခေါင်းဆောင် နှင့် နိုဗယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်မှ လွှတ်ပေးလိုက်ပါက နိုင်ငံတကာ အသိုင်းအဝိုင်း၏ စိုးရိမ် ပူပန်မှုများကို လျှော့ချ ပေးလိုက်ရာ ရောက်မည် ဖြစ်ကြောင်း ကုလသမဂ္ဂက ဆိုသည်။

မြန်မာ အာဏာပိုင်များကမူ ဒေါ်အောင်ဆန်း စုကြည်သည် နိုဝင်ဘာလ ၁၃ ရက်နေ့ (ရွေးကောက်ပွဲ ကျင်းပပြီး တစ်ပတ်ခန့် အကြာ) တွင် လွတ်မြောက်မည် ဖြစ်ကြောင်း ပြောဆိုသည်။ သို့သော် မြန်မာ အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်ဖြင့် ဆက်လက် ထိန်းသိမ်းထားနိုင်မည့် အကြောင်း အရင်းများကို ရှာဖွေ လာဖွယ် ရှိကြောင်း အတိုက်အခံ အင်အားစုများက သုံးသပ်သည်။

UPI သတင်းဌာနမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နိုဝင်ဘာလ ၇ ရက်နေ့၌ ကျင်းပ ပြုလုပ်မည့် ဒီမိုကရေစီ ရွေးကောက်ပွဲ မတိုင်မီ မြန်မာ နိုင်ငံ၏ အခြေအနေနှင့် ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တရုတ် နိုင်ငံခြားရေး ဝန်ကြီး Yang Jiechi နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။ မစ္စတာ ဘန်ကီမွန်းသည် အောက်တိုဘာလ ၃၀ ရက်နေ့က တရုတ်ပြည်သို့ သွားရောက်စဉ် ကမ္ဘာ့ ကုန်စည်ပြပွဲ ပိတ်ပွဲ အခမ်းအနားသို့ မတက်ရောက်မီ နိုင်ငံခြားရေး ဝန်ကြီး Yang Jiechi နှင့် ရှန်ဟိုင်း မြို့တွင် ယင်းသို့ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

"မစ္စတာ ဘန်ကီမွန်းနဲ့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးတို့ နှစ်ယောက် တွေ့ဆုံ ဆွေးနွေးပွဲမှာ နျူကလီယာ လက်နက် ဖြုတ်သိမ်းရေးနဲ့ မပြန့်ပွားရေး တို့ကိုပါ ဆွေးနွေး ခဲ့ကြပါတယ်။ နောက်ပြီးတော့ ကိုရီးယား ကျွန်းဆွယ်၊ မြန်မာနဲ့ ဆူဒန် နိုင်ငံတို့ရဲ့ အခြေအနေ တွေကိုလည်း ဆွေးနွေး ကြပါတယ်" ဟု ကုလ သမဂ္ဂမှ ပြောရေး ဆိုခွင့် ရှိသူက AFP သတင်းဌာနသို့ ပြောကြားသည်။ သို့သော် အသေးစိတ် အချက် အလက်များကို ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။

မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော နိုင်ငံရေး အကျဉ်းသားများအား နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ကျင်းပ ပြုလုပ်မည့်  ရွေးကောက်ပွဲ မတိုင်မီ လွတ်မြောက်ရေး အတွက် ကုလသမဂ္ဂ အကြီးအကဲက မြန်မာ နိုင်ငံ အပေါ် ဖိအား ပေးမှုများ ပြုလုပ်ထားပြီး ဖြစ်သည်။

အနောက် နိုင်ငံများနှင့် နိုင်ငံရေး လှုံ့ဆော်သူများက ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရအောင် ပြုလုပ် ထားခြင်းကြောင့် အဆိုပါ ရွေးကောက်ပွဲသည် ဒီမိုကရေစီ နည်းလမ်းနှင့် ကိုက်ညီမှု မရှိကြောင်း ပြောကြားသည်။ ထို့ပြင် ဒီမိုကရေစီ လိုလားသည့် အခြားသော ပါတီများကလည်း မြန်မာ စစ်အစိုးရ၏ ကန့်သတ် ချုပ်ခြယ်မှုများသည် ရွေးကောက်ပွဲတွင် ၎င်းတို့သာ သေချာပေါက် အနိုင်ရ ရှိစေရန် ဖန်တီးထားခြင်း ဖြစ်ကြောင်း စွပ်စွဲ ပြောဆိုသည်။

တရုတ်သည် စီးပွားရေး ပိတ်ဆို့မှုများနှင့် ရင်ဆိုင်နေရသော မြန်မာ၏ အနီးကပ် မဟာမိတ် နိုင်ငံများ ထဲတွင် တစ်နိုင်ငံ အပါအဝင် ဖြစ်ပြီး ကုန်သွယ်ရေး၊ လက်နက် ရောင်းဝယ်ရေးတို့ ပြုလုပ်ပြီး မြန်မာ စီးပွားရေး ကောင်းမွန်အောင် အကူအညီ ပေးလျက် ရှိသည်။ ထို့ပြင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံများက မြန်မာ နိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူမည့် ကိစ္စများကို တရုတ်နိုင်ငံက ဗီတိုအာဏာ သုံးကာ အကာအကွယ် ပေးလျက် ရှိသည်။

အတိုက်အခံ နိုင်ငံရေး သမား Liu Xiaobo အား ၂၀၁၀ ပြည့်နှစ်အတွက် နိုဗယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်လိုက်မှုအပေါ် တရုတ်အစိုးရက အမျက် ဒေါသ ထွက်မှုကို ဖြေရှင်းရန် မစ္စတာ ဘန်ကီမွန်း ယင်းသို့ တရုတ်နိုင်ငံသို့ သွားရောက်ခြင်း ဖြစ်ကြောင်း လေ့လာ အကဲခတ်သူများက ပြောကြားသည်။

ကုလသမဂ္ဂ အကြီးအကဲက တရုတ်နိုင်ငံအပေါ် ပြစ်တင် ဝေဖန်မှုကား မပြုခဲ့ပေ။ သို့သော် နိုဗယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်မှုသည် လူ့အခွင့်အရေးနှင့် ပတ်သက်သော လုပ်ဆောင်ချက်များနှင့် အလေ့အထများ တစ်ကမ္ဘာလုံးတွင် မြှင့်တင်နိုင်ရေး အတွက် နိုင်ငံတကာ သဘော တူညီချက် တစ်ရပ် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Christian Science Monitor, By Clayton Joneo, 26th October 2010

မြန်မာ အစိုးရသည် ဒီမိုကရေစီ တိုက်ပွဲဝင်နေသူ ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာ (၁၃) ရက်နေ့တွင် နေအိမ် အကျယ်ချုပ်မှ လွတ်ပေးလိမ့်မည်ဟု မျှော်လင့်ရသည်။ ကျွန်တော်တို့ကဲ့သို့ မြန်မာနိုင်ငံကို စောင့်ကြည့်နေသူများသည် သူမ အနေဖြင့် လွန်ခဲ့သော (၂၁) နှစ်ကကဲ့သို့ စွမ်းအားတွေ ရှိနေဦးမလား။ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ရှိနေဦးမလား ဆိုသည်ကို ကြည့်ရသည်မှာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။

ထိုစဉ် သူမ၏ စစ်အာဏာရှင် စနစ်အပေါ် ပေးခဲ့သော အရေးပါသည့် မှတ်ချက် စကားများသည် သူမအား ထိန်းသိမ်းထားမှုကို ဖြစ်စေသော အကြောင်းများပင် ဖြစ်သည်။ ယခုရော သူမသည် ထိုကဲ့သို့သော အမှားမျိုး ကျူးလွန်လေဦးမလား။

ဒေါ်အောင်ဆန်းစုကြည်သည် နူးညံ့၍ ကိုယ်ချင်းစာ တရား ရှိသည်မှာ ယုံမှား သံသယ ရှိဖွယ် မရှိပေ။ ယခု သူမသည် ရန်ကုန်မြို့ရှိ နေအိမ်တွင် အထီးကျန် ကြာမြင့်စွာ နေရစဉ် အတွင်း ပိုမို၍ ဥာဏ်ပညာ ကြီးလာပေလိမ့်မည်။ ၁၉၈၈ အရေးအခင်းပြီးနောက် သူမ ဒီမိုကရေစီ အတွက် စတင် တိုက်ပွဲ ဝင်စဉ်က၊ သူမသည် ပင်ကိုယ် နိုင်ငံရေး သမား တစ်ဦး မဟုတ်ခဲ့ပါ။ ထိုစဉ်က သူမသည် နိုင်ငံခြား သတင်းစာ ဆရာများကို တခါတရံ ရိုင်းသည်ဟု ထင်ရသော စကားအချို့ ပြောခဲ့ရာ၊ သူမသည် လွတ်မြောက်ရေး အတွက် တိုက်ပွဲ ဝင်နေသော နိုင်ငံငယ်လေးကို လူသိအောင် ထိုသူများက လုပ်ပေးနိုင်သည် ဆိုသည်ကို သဘော မပေါက်ခဲ့ပေ။

ဗြိတိသျှ ကိုလိုနီ ဖြစ်ခဲ့သော မြန်မာ နိုင်ငံသည် ၁၉၆၂ ကတည်းက စစ်တပ်၏ နင်းပြား ဖြစ်ခဲ့ရာ၊ သူမအား ခေါင်းဆောင် တစ်ဦး အနေနှင့် သော်လည်းကောင်း၊ စံပြ အဖြစ်နှင့် လည်းကောင်း လိုအပ်ခဲ့သည်။ ၁၉၉၀ ခုနှစ်က သူမ၏ ပါတီသည် ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့ပြီး စစ်တပ် အုပ်ချုပ်ရေးအား အဆုံး သတ်စေရန် အကြောင်း ဖြစ်ပေါ်ခဲ့သည်။ သို့သော် စစ်တပ်က ရွေးကောက်ပွဲ ရလဒ်အား လစ်လျူရှုခဲ့ပြီး သူမအား ဘေးသို့ ဖယ်ထုတ်ခဲ့သည်။

ထိုစဉ် အခါက မန္တလေး အပြင်ဖက်တွင် သူမ၏ ကားဖြင့် ရွေးကောက်ပွဲ စည်းရုံးရေး ဆင်းစဉ်တွင် ကျွန်တော်သည် သူမနှင့် စကားပြောခဲ့သည်။ သူမသည် ဒီမိုကရေစီ အတွက် စိတ်အား ထက်သန်နေသူ လူအုပ်ကြီးကို ဆွဲဆောင် နိုင်ခဲ့သည်။

"ကျွန်မ အဖေက ဗမာ့ တပ်မတော်ကို ပြည်သူလူထုကို ဖိနှိပ်ဖို့ ထူထောင်ခဲ့တာ မဟုတ်ပါဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော့်ကို ပြောပြပါတယ်။ "ကျွန်မအဖေ မိန့်ခွန်းတွေ အများကြီး ပြောခဲ့တဲ့ အထဲက အသေအချာ ပြောခဲ့တာ ရှိပါတယ်။ လက်နက် ရှိတယ် ဆိုပြီး လူထုကို မနှိပ်စက်ပါနဲ့။ မင်းတို့က တိုင်းပြည်အတွက် တိုင်းပြည်ကို အလုပ်အကျွေး ပြုရမှာ၊ တိုင်းပြည်က မင်းတို့ အတွက် မဟုတ်ဘူးလို့ ပြောခဲ့တယ်" ဟု သူမက ပြောပြသည်။

သူမသည် လွတ်လပ်ရေး အတွက် တိုင်းပြည်၏ သူရဲကောင်း ဖခင် ဗိုလ်ချုပ် အောင်ဆန်းထံမှ အများ၏ အသိအမှတ် ပြုခြင်း ဆိုသည်ကိုသာ ဆက်ခံရခြင်း ဖြစ်ပြီး၊ စစ်တပ်ကို အမွေ ဆက်ဆံခဲ့ခြင်း မရှိခြင်းမှာ  သူမအတွက် အမှားများ ဖြစ်စေခဲ့သည်။ အာရှ နိုင်ငံ အများစုတွင် လူထု အသိအမှတ် ပြုမှုမှာ တခါတရံ ရွေးကောက်ပွဲ အနိုင် ရရှိခြင်းထက် ပို၍ အရေးကြီးသည်။

သူမသည် မြန်မာနိုင်ငံ ပြင်ပတွင် ကြီးပြင်းခဲ့ပြီး၊ ဗြိတိသျှ လူမျိုး တစ်ဦးနှင့် အိမ်ထောင် ကျခဲ့ခြင်း စသည့်တို့ကို မျက်နှာ ပျက်စရာ အဖြစ် သူမက ဂရုမစိုက်ခဲ့ပဲ၊ မြန်မာနိုင်ငံသို့ ပြန်လာပြီး တရားဝင် ခေါင်းဆောင် တစ်ဦး အဖြစ် ဝင်ရောက် လာခြင်းသည် ထိုစဉ်က အာဏာရှင် နေဝင်းအား ထိခိုက်စေခြင်းကြောင့်၊ ၎င်းက သူမအား မရှက်မကြောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး သူမလည်း မလွတ်မြောက်နိုင် ရှိခဲ့ရသည်။

သူမသည် ၁၉၉၁ ခုနှစ်တွင် နိုဘယ် ငြိမ်းချမ်းရေးဆု ရရှိခဲ့ရာ သူမသည် သူမအား လွတ်ပေးရေးနှင့် ပတ်သက်၍ စကားလုံးများကို သေချာစွာ သတိထား လာရသည်။

မြန်မာ နိုင်ငံသည် လွန်ခဲ့သည့် (၂၁) နှစ် အတွင်း အကြီးအကျယ် ပြောင်းလဲမှုများ မရှိခဲ့ပါ။ နိုဝင်ဘာ (၇) ရက်နေ့တွင် နောက်ထပ် မရိုးမသား လိုရာ လုပ်မည့် ရွေးကောက်ပွဲ တစ်ခုကို သူမအား မလွတ်မီ တစ်ပတ်ခန့် အလိုတွင် ကျင်းပတော့မည် ဖြစ်သည်။ သို့သော် ကျွန်တော့် အနေဖြင့်မူ ဒေါ်အောင်ဆန်းစုကြည် မည်မျှ ပြောင်းလဲသွားပြီနည်း ဆိုသည်ကို အသေအချာ စောင့်ကြည့် နေလိမ့်မည်သာ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

VOA News, 27th October 2010

ယခု သီတင်းပတ် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲများ မကျင်းပမီ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက ဗီယက်နမ်တွင် ကြိုတင် ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိသည်။ ဆွေးနွေးမှုများ၏ အဓိက ဦးတည်ချက်မှာ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စ ဖြစ်သော်လည်း ဝေဖန် ဆန်းစစ်သူများက အတုအယောင်ဟု သတ်မှတ်ထားကြသော မြန်မာနိုင်ငံ၏ အငြင်းပွားဖွယ် ရွေးကောက်ပွဲ အစီအစဉ်များကိုလည်း ဆွေးနွေးကြမည်ဟု မျှော်လင့်ရသည်။

အာဆီယံ အဖွဲ့မှ နိုင်ငံခြားရေး ဝန်ကြီးများသည် ဗုဒ္ဓဟူးနေ့က ဟနွိုင်းတွင် ဆွေးနွေးပွဲများ ကျင်းပခဲ့ခြင်း ဖြစ်သည်။

အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံတွင် ဘူရူနိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စကာင်္ပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့ ပါဝင် ကြသည်။

ဆွေးနွေးကြမည့် အကြောင်းအရာများ အနက် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ အတွက် မြန်မာနိုင်ငံ၏ ကြိုတင် ပြင်ဆင်မှုကို အာဆီယံ ဝန်ကြီးများက ထည့်သွင်း ဆွေးနွေးကြမည်ဟု မျှော်လင့်ရသည်။ အဆိုပါ ရွေးကောက်ပွဲများသည် စစ်တပ်က အာဏာ ဆက်လက် ချုပ်ကိုင်ရန် အတွက် စီစဉ် ပြုလုပ်ခြင်း ဖြစ်သည်ဟု ဝေဖန် ဆန်းစစ်သူများက သုံးသပ်ထားကြသည်။

အစည်းအဝေးတွင် ၎င်းရွေးကောက်ပွဲများ အကြောင်း ဆွေးနွေးကြခြင်း ရှိ/မရှိ တိကျစွာ မသိရ သေးသော်လည်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီနာ တာလီဂါဝမ်က ပို၍ ယုံကြည် ချင်စရာ ကောင်းမည့် ရွေးကောက်ပွဲများ ဖြစ်စေရန် မြန်မာ နိုင်ငံကို ၎င်းအနေဖြင့် တွန်းအား ပေးနေသည်ဟု အစည်းအဝေး မတိုင်မီ သတင်းထောက်များအား ပြောကြားခဲ့သည်။ မြန်မာ့ တပ်မတော် ခေါင်းဆောင်များ အတွက် ထိုသို့ လုပ်ဆောင်ရန် အလွန်အမင်း နောက်မကျသေးဟု ၎င်းက ဆိုသည်။

"ကျွန်တော်တို့ အခြေအနေ ကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ မြန်မာ မိတ်ဆွေတွေနဲ့ ပြောဆို ဆွေးနွေးမှုတွေ ရှိနေပါတယ်။ မြန်မာ ရွေးကောက်ပွဲတွေဟာ ပိုမို ခက်ခဲမှုတွေ ဖြစ်စေမယ့် အပိုင်း ဖြစ်နေတယ် ဆိုတာ သေချာအောင် ကျွန်တော်တို့ အားလုံး အတူတကွ လုပ်ဆောင်လို့ ရနိုင်ပါသေးတယ်။ ကျွန်တော်တို့လည်း အစိတ်အပိုင်း တစ်ခု ဖြစ်နိုင်တဲ့ အတွက် နောက်ဆုံး အဆင့် ရောက်သည့် တိုင်အောင် အဆိုးဖက်က ရှုမြင်မှာ မဟုတ်ပါဘူး" ဟု နာတာလီ ဂါဝါက ပြောကြားသည်။

လက်ရှိ အစိုးရ ပြုလုပ်သော ရွေးကောက်ပွဲများကို လူရာဝင်ခွင့် ပေးရန် အတွက် အာဆီယံက ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများ စေလွှတ်ရန် ကမ်းလှမ်းခဲ့သော်လည်း မြန်မာ အစိုးရက နိုင်ငံခြား အကဲခတ် လေ့လာသူများနှင့် နိုင်ငံခြား သတင်းထောက်များကို တားဆီး ပိတ်ပင်ခဲ့သည်။

မြန်မာ့ တပ်မတော်သည် လွှတ်တော် ကိုယ်စားလှယ် နေရာ လေးပုံ တစ်ပုံကို ကြိုတင် ရယူထားပြီး ဖြစ်ကာ အတိုက်အခံ ပါတီများကိုလည်း ဘေးစည်းသို့ ဖယ်ထုတ်၍ တိုင်းရင်းသား လူမျိုးစု သန်းပေါင်း များစွာ၏ မဲပေးခွင့်ကိုလည်း ငြင်းပယ်ခဲ့သည်။

နောက်ဆုံး ကျင်းပခဲ့သော ၁၉၉၀ ရွေးကောက်ပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အနိုင် ရရှိခဲ့သော်လည်း ရလဒ်များကို စစ်ဖက် အုပ်ချုပ်သူများက ငြင်းပယ်ခဲ့ပြီး ပါတီ ခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ကိုလည်း ထိုအချိန် မှစ၍ ယခုတိုင် အကြောင်း အမျိုးမျိုး ပြကာ အကျယ်ချုပ် ထိန်းသိမ်းထားခဲ့သည်။

ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး အယ်ဘာတို ရိုမြူလိုကလည်း အဆိုပါ ရွေးကောက်ပွဲများမှာ လက်ခံ ယုံကြည်ဖွယ်ရာ မရှိဟု သတင်းထောက်များကို ပြောကြားသည်။

"လက်ခံ ယုံကြည်စရာ ရွေးကောက်ပွဲ ဖြစ်လာဖို့ အတွက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား အတိုက်အခံ နိုင်ငံရေး သမားတွေ ပါဝင်ခွင့် ရတာ၊ မရတာနဲ့ သက်ဆိုင်ပါတယ်။ စောင့်ကြည့် လေ့လာသူ တွေနဲ့ မဆိုင်ပါဘူး။ အားလုံး ပါဝင်ခွင့် ရဖို့ လိုပါတယ်" ဟု ၎င်းက ပြောကြားသည်။

အာဆီယံ အဖွဲ့ကို ဥရောပ သမဂ္ဂနှင့် အလားတူ ဒေသတွင်း အသိုင်းအဝိုင်း တစ်ခု အဖြစ် တည်ဆောက်ရေးကို ဦးတည် ဆွေးနွေးရန် အတွက် အာဆီယံထိပ်သီး ခေါင်းဆောင်များ ဟနွိုင်းတွင် မတွေ့ဆုံမီ တစ်ရက် အလိုတွင် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ၏ အစည်းအဝေးကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အာဆီယံ ခေါင်းဆောင်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားနိုင်ငံရေး အကျဉ်းသား များအား လွှတ်ပေးရန်  တောင်းဆိုထားသော ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း နှင့်လည်း တွေ့ဆုံကြမည် ဖြစ်သည်။

၎င်းတို့သည် တရုတ်၊ ဂျပန်နှင့် တောင်ကိုးရီးယားမှ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမည် ဖြစ်ပြီး သီတင်းပတ်ကုန် စနေ၊ တနင်္ဂနွေ အပြီးတွင် သြစတြေးလျ၊ အိန္ဒိယနှင့် နယူးဇီလန် ခေါင်းဆောင်များက အရှေ့ အာရှ ထိပ်သီး ညီလာခံအတွက် လာရောက် ပူးပေါင်းကြမည်ဟု သိရှိရသည်။

အမေရိကန် ပြည်ထောင်စုနှင့် ရုရှားနိုင်ငံက လေ့လာသူများ အဖြစ် တက်ရောက် ကြမည် ဖြစ်ကာ ၂၀၁၁ တွင် အဖွဲ့သို့ ပူးပေါင်းရန် တရားဝင် ဖိတ်ခေါ်မည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.