Transparency Myanmar

transparency.myanmar@gmail.com

AFP, By Jo Biddle, 20th November 2010

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် ပြည်ထောင်စု၏ မြန်မာ နိုင်ငံအပေါ် ဆက်ဆံရေး မူဝါဒသစ်ကို ကြိုဆိုလိုက်ပြီး အရှိ တရားထက် ပို၍ အပေါင်း လက္ခဏာ ဆောင်သော ရှုမြင်မှုများ အတွက် သတိပေးထားခဲ့ပြီး၊ တိုင်းပြည်တွင် လူ့အခွင့်အရေး ကိစ္စများနှင့် စီးပွားရေး တိုးတက်မှုများ လိုအပ်လျက် ရှိနေသေးကြောင်း ပြောကြားခဲ့သည်။

"လူအများကြီး ရှိတယ်။ သူတို့က ပြောကြတယ်။ အခု အမေရိကန်က စစ်အစိုးရနဲ့ ဆက်ဆံဖို့ ဆုံးဖြတ် လိုက်ပြီလို့ ပြောတယ်။ သူတို့က ကျွန်မတို့ အပေါ် တာဝန်တွေ ပုံချခဲ့ကြတယ်။" ဟု ဒေါ်အောင်ဆန်းစုကြည်က သူမ လွတ်မြောက် လာပြီးနောက် CNN သို့ ပြောကြားခဲ့သည်။

"ကျွန်မက အဲ့ဒီလို မဖြစ်စေချင်ပါဘူး။ ဆက်ဆံရေး ပြုလုပ်တာ ကောင်းတယ်လို့ ကျွန်မ ထင်ပါတယ်" ဟု သူမက မှတ်ချက် ပြုသည်ကို သောကြာနေ့က US  television network က လွှင့်ထုတ်ခဲ့သည်။

"သူတို့ ဆက်ဆံရေးမှာ အရှိ တရားထက် ကျော်လွန်ပြီး အကောင်း မြင်ပြီး ဆက်ဆံတာ မဖြစ်စေလိုပါဘူး။ သူတို့ကို လက်တွေ့ ကျစေလိုပါတယ်" ဟု သူမက သတိပေးသည်။

အမေရိကန်၏ မြန်မာ နိုင်ငံကို အထီးကျန် ပစ်ထားရေး ဝါဒသည် မည်သည့် ရလဒ်မျှ ဆောင်ကြဉ်း နိုင်ခြင်း မရှိတော့သည့် အတွက် ယမန်နှစ်က Obama အစိုးရသည် မြန်မာ နိုင်ငံနှင့် ဆက်ဆံရေး ပြုလုပ်ရန် အစ ပြုခဲ့သည်။

အမေရိကန် အစိုးရ တာဝန်ရှိသူများ အနေဖြင့် မြန်မာ နိုင်ငံ၏ အမှန်တကယ် ဖြစ်ပျက် နေမှုများကို ထင်ယောင် ထင်မှား ဖြစ်မနေသင့်ကြောင်း သူမက ပြောကြားခဲ့သည်။

ဝါရှင်တန် အနေဖြင့် မြန်မာ နိုင်ငံတွင် အမှန်တကယ် ဖြစ်ပျက် နေသည်များ အပေါ် အသင့် အနေအထားဖြင့် မျက်ခြေမပြတ် ကြည့်နေသင့်ပြီး၊ ဆက်ဆံရေးသည် မည်သည့် နေရာကို ရောက်နေသနည်း။ အမှန်တကယ် ပြောင်းလဲရန် လိုအပ်သည်များ ဆောင်ယူနိုင်ခြင်း ရှိမရှိ စောင့်ကြည့် သင့်သည်ဟု သူမက ဆိုသည်။

"ကျွန်မ ထင်တယ်။ မြန်မာ နိုင်ငံမှာ လူ့အခွင့်အရေး ကိစ္စကို အခုထက် ပိုပြီး အလေးထား စေလိုတယ်။ စီးပွားရေး တိုးတက်မှုလည်း ရှိစေလိုပါတယ်။ ဒါပေမယ့် တာဝန်ရှိမှုနဲ့ ပြန်လည် ထိန်းကျောင်း ထားရမှာ ဖြစ်ပါတယ်" ဟု သူမက ဖြည့်စွက် ပြောသည်။

မြန်မာ နိုင်ငံနှင့် တွေ့ဆုံ ဆွေးနွေးမှုကို အရှေ့အာရှ ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က ဦးဆောင်ပြီး၊ ယခုအထိ ရလဒ်မှာ စိတ်ပျက်ဖွယ် ဖြစ်ကြောင်း ပြီးခဲ့သည့် စက်တင်ဘာလက ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ဌာန တာဝန်ရှိသူ တစ်ဦးက သောကြာနေ့က ပြောကြားရာတွင် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်သည် ပြီးခဲ့သည့် ရက်များ အတွင်းက ဒေါ်အောင်ဆန်းစုကြည် ထံသို့ စာတစ်စောင် ပေးပို့ ခဲ့သည်ဟု ဆိုခဲ့ပြီး၊ တယ်လီဖုန်းဖြင့်လည်း ဆက်သွယ်ကောင်း ဆက်သွယ်လိမ့်မည်ဟု ဆိုသည်။

"မြန်မာ နိုင်ငံမှာ အပြောင်းအလဲ လုပ်ပေးဖို့တော့ လိုမယ်ဆိုတဲ့ ခိုင်မာ အားကောင်းတဲ့ မက်ဆေ့ခ်ျမျိုး လိုအပ်တယ်လို့ ကျွန်တော် ယုံတယ်" ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Phillip Crowley က ဆိုသည်။

၎င်းက အလေးပေး ပြောကြားရာတွင် ဝါရှင်တန် အနေဖြင့် ဒေါ်အောင်ဆန်း စုကြည်သည် ၎င်းပါတီအား ပြန်လည် စုစည်းခြင်းနှင့် သူမ၏ အကြံပေးများဖြင့် တွေ့ဆုံခြင်းများ အတွက် လုံခြုံမှု ရှိစေရေး အတွက် မြန်မာ အစိုးရက အာမခံရန် ပြုလုပ် ပေးရေး အတွက် အထူး တာဝန် ယူရပေမည်ဟု ဆိုသည်။

"နောက်ဆုံးတော့ မြန်မာနိုင်ငံဟာ အပြောင်းအလဲ လုပ်ပေးရမှာ ပါပဲ။ ပိုမို ကျယ်ပြန့်တဲ့ နိုင်ငံရေး ကွက်လပ်တွေ ရှိရပါမယ်။ တိုင်းရင်းသား အုပ်စုတွေနဲ့ အဓိပ္ပာယ် ရှိတဲ့ ဆွေးနွေးမှုတွေ ရှိရမယ်။ ဒါသည်သာ မြန်မာနိုင်ငံ အတွက် အစွန့်ပစ်ခံ ဘဝက လွတ်မြောက်ဖို့ တစ်ခုတည်းသော နည်းလမ်း ဖြစ်ပါတယ်" ဟု Crowley က ပြောသည်။

အမေရိကန် အစိုးရသည် မြန်မာ အာဏာပိုင်များအား နိုင်ငံရေး အကျဉ်းသား (၂၁၀၀) ခန့်အား လွှတ်ပေးရန် ထပ်မံ တောင်းဆိုခဲ့သည်။

CNN က ဒေါ်အောင်ဆန်းစုကြည်အား ထပ်မံ ဖမ်းဆီးခံရမည်ကို မကြောက်ရွံ့ ဘူးလားဟု မေးမြန်းခဲ့ရာ သူမက ပြောကြားရာတွင် "လူတိုင်းကလည်း ကျွန်မကို အဲဒီ မေးခွန်းပဲ မေးပါတယ်။ ကျွန်မ ပြောနိုင် တာကတော့ မသိပါဘူးလို့ ပြောရမှာပဲ။ အမြဲတမ်း ဖြစ်နိုင်ခြေတော့ ရှိတာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ ခဏ ခဏ ဖမ်းခဲ့ပြီး ပြီလေ" ဟုပြောသည်။

"သူတို့ ကျွန်မကို ထပ်မဖမ်း တော့ဘူးလို့ မပြောနိုင်ပါဘူး။ ဒါပေမယ့် ဒါကို ဘယ်သူမှ အမြဲတမ်း မစဉ်းစားနိုင်ပါဘူး၊ ကိုယ့်အလုပ်ကိုပဲ အာရုံပြု နေကြရတာကိုး" ဟု သူမက ပြောသည်။

CNN က ပြောကြားရာတွင် ရွေးကောက်ပွဲ ကာလ အတွင်း အစိုးရက မြန်မာ နိုင်ငံသို့ တရားဝင် လာရောက်ခွင့် မပေးသော်လည်း ၎င်း၏ သတင်းထောက်သည် မြန်မာ နိုင်ငံတွင် (၁၆) ရက်ခန့် ပုန်းလျှိုး ကွယ်လျှိုး ဖြင့် နေထိုင်ခဲ့ရသည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံထားသော ဓါတ်ပုံများကို CNN သတင်းထောက် ဘန်ကောက်သို့ ပြန်ရောက်ပြီး သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည်။

သူမသည် လွတ်လပ်ရေး၏ ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ သမီး အဖြစ် သူမ၏ နောက်လိုက် နောက်ပါများ၏ လှပသော အနာဂတ်အတွက် မျှော်လင့်ချက်များကို ထမ်းပိုးထားရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ရုန်းကန် လှုပ်ရှားမှုများတွင် ကိုယ်ရေး လှုပ်ရှားမှုများတွင် ကိုယ်ရေး ကိုယ်တာများ တန်ဖိုး ကြီးကြီး ပေးဆပ်ခဲ့ရသည်။ သူမ၏ ဗြိတိသျှ လူမျိုး အမျိုးသားမှာ ၁၉၉၉ တွင် ကွယ်လွန်ခဲ့ပြီး၊ ၎င်းကင်ဆာ ရောဂါ ခံစားနေရချိန်တွင် သူမအား လာရောက် တွေ့ဆုံရန် အစိုးရက ငြင်းပယ်ခဲ့သည်။ သူမသည် ယခု အထိ သူမ၏ မြေးများကို တွေ့ဖူးခြင်း မရှိသေးပေ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 20th November 2010

ကုလ သမဂ္ဂ နျူကလီယာ ဆိုင်ရာ အရာရှိဟောင်း တစ်ဦးက စစ်ဖက် အုပ်ချုပ်သော မြန်မာ နိုင်ငံတွင် အနုမြူဗုံး ထုတ်လုပ်ရန် ကြိုးစားနေသည် ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်၍ သံသယ ရှိကြောင်း ထုတ်ဖော် ပြောကြားလိုက်ပြီး ရရှိထားသမျှ အထောက် အထားများ စွပ်စွဲမှုကို အခိုင်အမာ အထောက် အကူ ပြုနိုင်ခြင်း မရှိဟု ပြောဆိုခဲ့သည်။

"အရှိန် ရနေတဲ့ နျူကလီယာ လက်နက် အစီအစဉ် တစ်ခုနဲ့ မတူပါဘူး" ဟု ကုလသမဂ္ဂ နျူကလီယာ စောင့်ကြည့် လေ့လာရေး အဖွဲ့၏ ကမ္ဘာတလွှား စစ်ဆေးမှုများ၏ အကြီးအကဲ အဖြစ်မှ သြဂုတ်လတွင် အနား ယူခဲ့သူ Olli  Heinonen က ပြောကြားခဲ့သည်။

"ဘာအထောက် အထားမှ မရှိပါဘူး၊ ဘာလုပ်နေသလဲ ဆိုတာကို ကောင်းကောင်း သိနိုင်တဲ့ အချက်အလက်တွေပါ" ဟု ယခုအခါ ဟားဗတ် တက္ကသိုလ်မှ ပညာရှင် ဖြစ်နေသူ Heinonen ရိုက်တာ သတင်း ဌာနသို့ သောကြာနေ့တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် နျူကလီယာ လက်နက် ပိုင်ဆိုင်ရန် ကြိုးစားနေသော လျှို့ဝှက် အစီအစဉ် ရှိနေကြောင်း နော်ဝေး အခြေစိုက် ပြည်ပရောက် အဖွဲ့အစည်းက ဇွန်လတွင် ပြောကြားခဲ့ပြီးနောက်  အဆိုပါ နိုင်ငံမှ ထွက်ပြေးလာသော တပ်ပြေး အရာရှိများ၏ အလားတူ စွပ်စွဲချက်များ ပေါ်ထွက်လာခဲ့သည်။

Heinonen ယခု ယခင်က အလုပ် လုပ်ခဲ့သည့် နိုင်ငံတကာ အနုမြူ စွမ်းအင် အေဂျင်စီ IAEA က အစီရင်ခံစာများကို လေ့လာနေသည်ဟု ထိုစဉ်က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် နျူကလီယာ မပြန့်ပွားရေး စာချုပ် အဖွဲ့ဝင်နိုင်ငံ ဖြစ်သလို၊ ဗီယင်နာ အခြေစိုက် ကုလသမဂ္ဂ IAEA တွင်လည်း အဖွဲ့ဝင် ဖြစ်သည်။

 မြန်မာနိုင်ငံက ၎င်းစွပ်စွဲချက်များသည် အခြေ အမြစ် မရှိကြောင်းနှင့် ငြိမ်းချမ်းစွာ အသုံးပြုရန် ရည်ရွယ်သည့် လုပ်ငန်းများသာ ဖြစ်ကြောင်း စက်တင်ဘာလတွင် IAEA သို့ ပြောကြားခဲ့သည်။

 ဆင်းရဲ မွဲတေလျက် ရှိသော အပယ်ခံ မြန်မာနိုင်ငံသည် အနောက် နိုင်ငံများ၏ အရေးယူ ပိတ်ဆို့မှုများ အောက်တွင် အနှစ် ၂၀ ခန့် ကျရောက်နေခဲ့ပြီ ယခု နျူကလီယာ လက်နက် ပိုင်ဆိုင်ရန် ကြိုးစားလာမှုကြောင့် ဒေသတွင်း လက်နက် အပြိုင် တပ်ဆင်မှုကို ဖြစ်ပွားစေနိုင်သည်ဟု လေ့လာသူများက ဆိုသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း မြောက်ကိုးရီးယားက မြန်မာနိုင်ငံသို့ နျူကလီယာ နည်းပညာ လွှဲပြောင်းပေးနိုင်မှု အလားအလာ အပေါ် စိုးရိမ် ပူပန်မိကြောင်း၊ ယခင်နှစ်က ထုတ်ဖော် ပြောကြားခဲ့ဖူးသည်။ မြောက်ကိုးရီးယားသည် နျူကလီယာ မပြန့်ပွားရေး NPT စာချုပ်မှ နုတ်ထွက်ကာ နျူကလီယာ လက်နက် ၂ ကြိမ် စမ်းသပ်ခဲ့သော နိုင်ငံ ဖြစ်သည်။

ခက်ခဲ နက်နဲသော ကိရိယာ

မြန်မာ နိုင်ငံ အနေဖြင့် ၎င်းနိုင်ငံတွင်း လှုပ်ရှားမှုများကို ရှင်းရှင်းလင်းလင်း ဖြစ်စေရန် ကုလသမဂ္ဂ အေဂျင်စီ၏ ကူညီမှုကို ခွင့်ပြုသင့်သည်ဟု Heinonen က ပြောကြားလိုက်ပြီး လွန်ခဲ့သော နှစ်အနည်းငယ်က ဝယ်ယူခဲ့သော တန်ဖိုးကြီး အဆင့်မြင့် ကိရိယာများနှင့် ပတ်သက်သည့် ပဟေဠိ ကိစ္စ အချို့ ရှိနေသည်ဟု ပြောဆိုခဲ့သည်။

ဥပမာ အားဖြင့် ယူရေနီယံ သန့်စင်မှု အစီအစဉ် လုပ်ဆောင်ရန် ရည်ရွယ်သည် ဆိုပါက လက်နက် ထုတ်လုပ်မည့် သဘောပင် ဖြစ်နေသည်ဟု ၎င်းက ပြောကြားသည်။

သန့်စင်ပြီး ယူရေနီယံကို ဓါတ်အားပေး စက်ရုံ လောင်စာ အဖြစ် အသုံးပြု နိုင်သလို ထပ်မံ သန့်စင်လိုက်ပါက နျူကလီယာ လက်နက် ထုတ်လုပ်ပေးနိုင်သော ပစ္စည်း ဖြစ်သွားသည်။

"ဒီကိစ္စအတွက် ဒီလို ကိရိယာမျိုး မလိုအပ်ပါဘူး" ဟု ၎င်းက ပြောကြားခဲ့ပြီး ဤအစား သမားရိုးကျ စစ်ဖက် ဆိုင်ရာ ရည်ရွယ်ချက် ရှိနိုင်သည်ဟု ၎င်းက ခန့်မှန်းသည်။

သို့သော်လည်း အဆိုပါ ကိရိယာ ဝယ်ယူမှုတွင် ပါဝင် ပတ်သက်ခဲ့သူမှာ ဆေးပညာ အိုင်ဆိုတုပ်များ ထုတ်လုပ်ရာတွင် အသုံးပြုမည့် နျူကလီယာ သုတေသန ဓါတ်ပေါင်းဖို တည်ဆောက်ရန် စီစဉ်နေသည်ဟု ဆိုသော မြန်မာနိုင်ငံမှ အနုမြူ စွမ်းအင် အစီအစဉ်၏ အကြီးအကဲ ဖြစ်သည်ဟု  Heinonen က ဆက်လက် ပြောဆိုသည်။

"ဘာကြောင့် ဒီလိုမျိုး ကိရိယာကို ဝယ်ရသလဲလို့ မေးခွန်း ထုတ်စရာ ဖြစ်နေပါတယ်" ဟု ၎င်းက ဆိုသည်။

မြန်မာ နိုင်ငံခြားရေး ဝန်ကြီးက ၎င်းတို့ နိုင်ငံသည် ရုရှား နျူကလီယာ နည်းပညာကို ရရှိရန် ကြိုးစားနေသော်လည်း အရပ်ဖက် စွမ်းအင်အတွက် အသုံးပြုရန်သာ ဖြစ်သည်ဟု ဂျပန် နိုင်ငံခြားရေး ဝန်ကြီးကို ၂၀၀၉ ခုနှစ်တွင် ပြောကြားခဲ့သည်။

မြန်မာ နိုင်ငံသည် ၎င်း၏ မြေကြီးထဲတွင် ယူရေနီယံ ရှိနေသော်လည်း ပြည်ပသို့ တင်ပို့ရန် ဖြစ်စေ၊ သန့်စင်မှု ပြုလုပ်ရန် ဖြစ်စေ၊ အရာရာကို IAEA  ထံ အစီရင်ခံ တင်ပြရန် လိုအပ်သည်ဟု Heinonen က ပြောကြားသည်။

 နော်ဝေး အခြေစိုက် မြန်မာ အစိုးရ ဆန့်ကျင်ရေး အဖွဲ့က "မြန်မာအစိုးရ နျူကလီယာ လက်နက် ထုတ်လုပ်ရန် ကြိုးစားနေကြောင်း ရည်ညွှန်းသည့် အထောက်အထားများကို မိမိ ရရှိထားသည်" ဟု ဇွန်လတွင် ထုတ်ဖော် ပြောဆိုခဲ့သည်။

နော်ဝေ အခြေစိုက် DVB သတင်းဌာန၏ ၅ နှစ်ကြာ စုံစမ်းမှု အရ မြန်မာနိုင်ငံသည် နျူကလီယာ လက်နက် ထုတ်လုပ်ရန် အလှမ်း ဝေးနေသေးသော်လည်း နည်းပညာနှင့် ကျွမ်းကျင်မှုများ ရရှိနိုင်ရန် အတော် အတန် ခရီးရောက်ခဲ့ပြီဟု သုံးသပ်ထားသည်။

ယခင် IAEA  ဒါရိုက်တာ ပူးတွဲ ရေးသားခဲ့သော DVB ၏ အစီရင်ခံစာသည် အဖျက် စွမ်းအားကြီး လက်နက်များ ထုတ်လုပ်ရန် တည်ဆောက်နေသော စက်ရုံတွင် တာဝန် ထမ်းဆောင်ပြီး ထွက်ပြေးလာသူ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းက ပေးသော အထောက် အထားများကို ကိုးကား ထားခြင်း ဖြစ်သည်။

"မြန်မာ နိုင်ငံ အတွက် ဆက်လက် လုပ်ဆောင်ရမယ့် အကောင်းဆုံး နည်းလမ်းကတော့ သူတို့ နိုင်ငံထဲကို လာရောက် စစ်ဆေးဖို့ IAEA ကို ဖိတ်ခေါ်တာ ပါပဲ၊ ဒါမှသာ ကောင်းစွာ နားလည် သဘော ပေါက်မှုကို ရနိုင်မှာပါ" ဟု Heinonen က ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.newstime.co.za, 19th November 2010

"ရန်ကုန်မြို့နဲ့ ပတ်သက်ပြီး ခံစားချက်ကို ပြောရရင် မယုံနိုင် လောက်အောင်ပါပဲ။ နေရာ တစ်ခုဟာ ဆယ်စုနှစ် များစွာ ကြာပြီးတဲ့နောက် မပြောင်းလဲဘူး၊ ဒါမှမဟုတ် အရင်ထက် ပိုဆိုး သွားတယ်လို့ ဆိုရင် ကြည့်ရမှာ ရှက်ဖို့တောင် ကောင်းသေးတယ်…."

တစ်စစီ ပျက်စီးနေပြီး လျစ်လျူရှု ခံထားရသော မြို့တော်အား ကြည့်ရသည်မှာ ထူးဆန်း နေသေးတော့သည်။ အဘယ်ကြောင့် ဆိုသော် မြန်မာ စစ်အာဏာရှင် လက်အောက်တွင် မြို့ကြီးသည် ခြောက်ကပ်သွားပြီး မတရား အုပ်ချုပ်ခံနေရပြီး၊ အကူအညီ ကင်းမဲ့လျက် ရှိပါသည်။ နေရာ တကာတွင် စစ်သားများကို တွေ့နေရသည်။ ညစ်ပတ် စိတ်ညစ်ဖွယ် ကောင်းသော နောက်ဖေး လမ်းကြားတွင်ပင် စစ်သားများ ရှိနေသည်။ လူငယ် ဖြစ်သည့် အတွက် အခွင့်အရေး ပိုမရပေ။ အင်အားများ ပြည့်နေသည့် လူငယ်များကို သုံးစရာ နေရာ မရှိပေ။  ဦးနှောက် ကောင်း စဉ်းစားလျှင် စိတ်ပျက်ဖွယ်သာ တွေးမိမည်။ စစ်ထောက်လှမ်းရေး၏ ပစ်မှတ်များသာ ဖြစ်ကြရသည်။ အစိုးရက ကျောင်းသားများနှင့် သတင်းစာ ဆရာများကို အမုန်းဆုံး ဖြစ်ပြီး ချေမှုန်းလေ့ ရှိသည်။ ထို့အတူပင် ရွေးကောက်ပွဲ နိုင်ခဲ့သော ဒီမိုကရက် များကိုလည်း စစ်တပ်က ထောင်ထဲ ပို့ထားသည်။ အဆုံးစွန် အကြောက် တရားများနှင့် အုပ်စိုးမှု အောက်တွင် အဆုံးစွန် ကြောက်ရွံ့ ရမှုတော့ မရှိလှပေ။ သို့သော် ငြီးငွေ့ဖွယ် ကောင်းပြီး သဲထိတ် ရင်ဖိုတော့ ရှိလှသည်။ မျှော်လင့်ချက် ကင်းမဲ့သော ကြိုးတန်းပေါ် လျှောက်နေရ သလိုပင် ဖြစ်သည်။

ကျွန်ုပ် တွေ့ခဲ့ရသော မြန်မာ တစ်ဦးက ယင်းတို့၏ အကြောက် တရားများနှင့် နိုင်ငံရေးနှင့် ပတ်သက် ခြောက်လှန့် ခံရမှုများကို ပွင့်ပွင့်လင်းလင်း ပြောပြရာ "သူတို့က သေနတ်နဲ့ အုပ်ချုပ်တာလေ။ သူတို့က ငါတို့ အိမ်တွေကို အချိန်မရွေး လာပြီး တံခါးခေါက်မယ်။ ပြီးရင် ဖမ်းသွားမယ်"ဟု ဆိုသည်။ တက္ကစီ မောင်းသူ တစ်ဦးက ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။

ဈေးထဲတွင် အရောင်း အ၀ယ် လုပ်နေသူ တစ်ဦးက ကျွန်ုပ်အား ပြောပြခဲ့ရာ နည်းနှင်နှင်ပင်။ "ဒီမှာထောင်ဆို တစ်သက် တစ်ကျွန်း ချတာဗျ။ ကျွန်တော့် သူငယ်ချင်း အတော်များများ အဖမ်းခံရတယ်။ ကျွန်တော်သိတယ်။ ကျွန်တော် သူတို့ကို ပြန်တွေ့ရမှာ မဟုတ်တော့ဘူး"ဟု ဆိုသည်။

ကျွန်ုပ် နိုင်ငံသို့ နောက်ဆုံး ရောက်ခဲ့စဉ် ၁၉၇၀ ၀န်းကျင် ကတည်းက ဗိုလ်ချုပ်များ လက်ထဲတွင် အာဏာ ရှိနေရာ ယခုအထိ ရှိနေဆဲ ဖြစ်သည်။ ယင်းတို့သည် မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို ထိန်းချုပ်ပြီး ရပ်တည်လာခဲ့ကာ ယင်းတို့၏ အကြီးဆုံး စီးပွားဖက် တရုတ်ထံမှ ငွေကြေး ထောက်ပံ့မှုများဖြင့် ပြိုလဲ မသွားအောင် ထိန်းလာခဲ့သည်။ မြန်မာ နိုင်ငံသည် တရုတ်နှင့် သာမန် ကုန်ပစ္စည်း ဖရဲသီးမှ အစ ဟီးရိုးအင်း အထိ အရောင်းအ၀ယ် ပြုခဲ့သည်။ မြန်မာနိုင်ငံသည် အပယ်ခံ နိုင်ငံတစ်ခု ဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို မျက်ကွယ် ပြု ဒေါ်အောင်ဆန်း စုကြည်အား အကျဉ်းချထားကာ ဒီမိုကရက်တစ် လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်နေသော နိုင်ငံ ဖြစ်သည်။

စစ်တပ်၏ ဖိနှိပ်မှု အောက်တွင် မကျေနပ်စရာများ ရှိသည့် အထဲတွင် ပြည်သူများသည် သည်းခံခြင်း၊ ကိုယ်ချင်းစာ တရားများ ရှိသည့် ဗုဒ္ဓ၀ါဒကို ယုံကြည်နေပုံ ရသည်။ ယခု အရှေ့တောင် အာရှ ပြန်လည် နိုးထလာချိန်တွင် ရန်ကုန်သည် တစ်မျိုး တစ်ဘာသာ ရှိနေပြီး အဆုံးစွန် ပျက်စီးခြင်းသို့ ရောက်ရှိနေသည်။ မြန်မာ နိုင်ငံသည် အိုဟောင်းပြီး မသန်စွမ်းတော့သည့် အသွင်ကို ဆောင်နေပြီး စိတ်စွမ်းအင်များလည်း ကျဆင်း၊ စွမ်းဆောင်ရည်များလည်း လုံးဝ မရှိတော့သည့် အခြေအနေတွင် ရှိနေသည်။

ပညာရေးမှာလည်း အနှိမ်ခံ ထားရပါပြီး ကျောင်းဆရာများမှာ တစ်လလျှင် ၃၄ ဒေါ်လာသာ ၀င်ငွေ ရှိသည်။ စစ်တပ် တစ်ခုသာလျှင် ချမ်းသာသည်။ လူတိုင်းသည် အသက်ရှင်ရေး အတွက်သာ ရုန်းကန်နေရလျက် ရှိပြီး ကျွန်ုပ် တွေ့သော လူများသည် စိတ်ထား နူးညံ့ပြီး ကူညီတတ်ကြသည်။ ကျွန်ုပ် တွေ့ဖူးသော နိုင်ငံများတွင် ရက်ရောမှုနှင့် ကြင်နာမှုမှ လွဲ ဘာမှ မတွေ့ရသော နိုင်ငံ ဖြစ်သည်။

မြန်မာ နိုင်ငံတွင် အုပ်ချုပ်နေသော စစ်သားများက ပြောခဲ့လိမ့်မည်။ --------- သည် သေသွားသည်က ပိုကောင်းသည်ဟု ပြောခဲ့လိမ့်မည်။ ------- ကိုယ်တိုင်လည်း သဘော တူခဲ့သည်။ ကလေးများအား ပညာသင်သော ဘ၀ အပြီးတွင် ယင်းသည် ဆင်းရဲလျက်ပင် ရှိနေသေးသည်။ ယင်းက ပြောကြားရာတွင် "လူတွေရဲ့ ၈၅ % က အစိုးရကို ဆန့်ကျင်ကြတယ်။ ကျန်တဲ့ ၁၅ % မှာ အစိုးရ ဆွေမျိုးတွေနဲ့ တရုတ်တွေပဲ"ဟု ဆိုခဲ့သည်။

"ကျွန်ုပ် ပထမ အခေါက် လာစဉ်ကပင် တရုတ်များအပေါ် မုန်းတီးစိတ်များ တွေ့ခဲ့ရသည်။ ယခု တစ်ခေါက်တွင် ထိုကိစ္စ ပိုမို ကြားလာရသည်။ အဘယ်ကြောင့် ဆိုသော် ပြည်တွင်းမှ တရုတ်များသည် ပြည်မမှ တရုတ် ဗျူရိုကရက်များနှင့် ကောင်းကောင်း ဆက်ဆံနိုင်သည်။ ယင်းတို့သည် ကျောက်စိမ်း ရောင်းဝယ်ခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ရေး၊ အစား အသောက်နှင့် အခြား ပစ္စည်းများ ရောင်းဝယ်ရေး များကို လုပ်ကိုင်နေသည်။ မန္တလေးမြို့တွင် ကျွန်ုပ်တွေ့ခဲ့ရသော ပညာတတ် မြန်မာ တစ်ဦးက ပြောကြားရာတွင် "အစိုးရဟာ မူးယစ်ဆေးဝါးနဲ့ ဘိန်းရောင်းဝယ်မှု ကနေ ငွေတွေ အများကြီး ရပါတယ်။ ဗိုလ်ချုပ်တွေဟာ ကမ္ဘာ့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုမှာ ပါဝင် ပတ်သက် နေပါတယ်"ဟု ဆိုသည်။

ရေနံ၊ သစ်နှင့် အစား အသောက်များ လိုအပ်နေသော တရုတ်၏ ကြီးပွား တိုးတက်လာမှုသည် ဒိုင်းနမစ် အရွေ့သစ် တစ်ခုကို ဖန်တီးခဲ့သည်။ တရုတ်သည် မည်သည့် နိုင်ငံတွင်မဆို ဒီမိုကရက်တစ် အဖွဲ့အစည်းများ ဖွံ့ဖြိုးလာမှုကို မမြင်လိုပေ။ တစ်နည်း ပြောရလျှင် တရုတ်သည် ဖိနှိပ်သော အစိုးရများ အတွက် မဟာမိတ် ဖြစ်သည့် သဘာဝ ရှိပေသည်။ ဆိုပါစို့။ အာဖရိက နိုင်ငံ တစ်ခုသည် အကျင့်ပျက် ခြစားခြင်း၊ ရက်စက် ကြမ်းကြုတ်ခြင်းတို့ ရှိနေခြင်းကြောင့် ကမ္ဘာ့ဘဏ်က ငွေကြေး ထောက်ပံ့ရန် ငြင်းဆန်ပြီး၊ အကူအညီ ရလိုလျှင် ရွေးကောက်ပွဲ ကျင်းပရမည်ဟု တောင်းဆိုပါက တရုတ်သည် မရိုးသားသည့် အကူအညီ အဖြစ် ငွေကိုင်လျက် ပေါ်လာမည် ဖြစ်ပြီး နှောင်ကြိုး မပါဘဲ ငွေကြေး အကူအညီ ပေးလိမ့်မည်။ ကျွန်းသစ်များကို ယူသွားမည်။ အစားအသောက်များ ယူသွားမည်။ မူးယစ် ဆေးဝါးများလည်း ပါဝင်မည် ဖြစ်သည်။

မြန်မာ နိုင်ငံသည် တရုတ်နှင့် နီးကပ်သော ဆက်ဆံရေး ရှိနေရခြင်းမှာ ကျယ်ပြန့်သော နယ်စပ် ရှိခြင်းလည်း ပါဝင်သည်။ မြန်မာ နိုင်ငံဖက်မှ ကုန်တင် ကားများဖြင့် တရုတ် ပြည်သို့ ဟင်းသီး ဟင်းရွက်များ၊ ကျွန်းသစ်လုံးကြီးများ၊ ကျောက်မျက် ရတနာများ၊ ဘိန်းများ တင်ဆောင် သွားကြမည် ဖြစ်သည်။ တဖန် တရုတ်ပြည်မှ ရာဘာ ဖိနပ်များ၊ စည်သွပ်ဗူးများ၊ ဈေးပေါသော စက်ဘီးများ၊ လက်နက်များနှင့် -- စသည်များ ပြန်လည် တင်ဆောင်လာသည်။

ဆင်းရဲပြီး ငတ်ပြတ်နေသော မြန်မာနိုင်ငံမှ ချမ်းသာ ကြွယ်ဝသော တရုတ်နိုင်ငံသို့ ဆန်၊ ခရမ်းချဉ်သီး၊ ပဲ၊ ကြက်သွန်၊ လိမ္မော်သီး၊ ဟင်းခတ် အမွေးအကြိုင်များ စသည့် အစား အသောက်များ တင်ပို့သည်။ တရုတ်က မြန်မာနိုင်ငံကို ကိုယ်ပိုင် လယ်မြေဟု သဘောထားသဖြင့် သူ့နိုင်ငံရှိ လယ်မြေ များနေရာတွင် စက်ရုံများ ဆောက်သည်။ ထုတ်လုပ်မှုနှင့် နည်းပညာ ဖွံ့ဖြိုးမှုကို ပိုအချိန်ပေး လာနိုင်သည်။

တက္ကသိုလ် ပရ၀ုဏ်ဟု ထင်ရသော နေရာ တစ်ခုကို ရထားဖြင့် ဖြတ်လာရင်း တွေ့ရသည်။ အသေအချာ ကြည့်မိသော် စစ်ကျောင်းကြီး တစ်ခု ဖြစ်နေပြီး အင်္ဂလိပ်လိုရော မြန်မာလိုရော စာတမ်းထိုး ထားရာ နောင်တစ်ခေတ်၏ အောင်စစ်သည် (The Triumphant Elite of the Future) ဟူ၏။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Express India, 19th November 2010

လူ့အခွင့်အရေး ကိစ္စများကို ဆွေးနွေး ကိုင်တွယ်ရသော ကုလသမဂ္ဂ အထွေထွေ ညီလာခံ လူ့အခွင့်အရေး ကော်မတီက နိုင်ငံ အများစု၏ ထောက်ခံမဲဖြင့် သီးခြား ဆုံးဖြတ်ချက်များ ချမှတ်ကာ အီရန်၊ မြန်မာနှင့် မြောက်ကိုးရီးယားမှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြစ်တင် ရှုတ်ချလိုက်သည်။

အထက်ပါ ၃ နိုင်ငံ စလုံးကို ပြစ်တင် ရှုတ်ချသည့် ဆုံးဖြတ်ချက် အသီးသီးကို အမေရိကန် ပြည်ထောင်စုက ထောက်ခံမဲ ပေးခဲ့ပြီး အိန္ဒိယ နိုင်ငံကမူ မြန်မာနိုင်ငံ အတွက် ကန့်ကွက်ကာ အီရန်နှင့် မြောက်ကိုးရီးယား အတွက် မဲမပေးဘဲ ကြားနေခဲ့သည်။

တရုတ်ကမူ မြန်မာနှင့် မြောက်ကိုးရီးယား အတွက် ကန့်ကွက် ပေးခဲ့ပြီး အီရန်အပေါ် ရှုတ်ချမှုကို ထောက်ခံ လိုက်သည်။

အဆိုပါ ဆုံးဖြတ်ချက်များ ချမှတ်ရေး ကိစ္စသည် ကမ္ဘာ့ နိုင်ငံများ၏ သံတမန်များထံမှ ပြင်းထန်သော တုန့်ပြန်မှုများကို ဖိတ်ခေါ်သလို ဖြစ်ခဲ့သည်။

အီရန် လူ့အခွင့်အရေး ကောင်စီ အကြီးအကဲ မိုဟာမက် ဂျာဖက်လာရီဂျာနီက ယမန်နေ့က မဲပေးပွဲ၏ နောက်ကွယ်မှ ကြိုးကိုင်သူမှာ အမေရိကန် ပြည်ထောင်စု ဖြစ်သည်ဟု ပြောကြားခဲ့ပြီး မထုတ်ပြန် ရသေးသော ဆုံးဖြတ်ချက်ကို သိက္ခာ ချရန် တွန်းအား ပေးလိုက်သည်။

"လူ့အခွင့်အရေး မြှင့်တင်ရေးကို ဒီကြေညာချက်က ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး"ဟု ယင်းက ပြောကြားသည်။

"ဒီဆုံးဖြတ်ချက်ဟာ အမေရိကန်ရဲ့ ရန်လိုတဲ့ မူဝါဒနဲ့ အီရန် အစ္စလာမ် သမ္မတနိုင်ငံကို ဆန့်ကျင်မှု တစ်စိတ် တစ်ပိုင်း အဖြစ် ဒုက္ခပေးဖို့ ရည်ရွယ်ခဲ့တာပါ" ဟု ပြောကြားလိုက်သော လာရီဂျာနီက ပါလက်စတိုင်း လူမျိုးများအပေါ် အစ္စရေး၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြစ်တင် ရှုတ်ချခြင်း မပြုသည့် အတွက် အမေရိကန်နှင့် အခြား အနောက် နိုင်ငံများကို ပြင်းထန်စွာ ဆက်လက် ဝေဖန်လိုက်သည်။

"ဂါဇာမှာ အသတ်ခံရတဲ့ ယောက်ျားတွေ၊ မိန်းမတွေ၊ ကလေးတွေကို သူတို့ မမြင်ကြဘူးလား၊ ဒီကိစ္စက ၂ ဆလောက် ပိုပြီး သိသာ ထင်ရှားပါတယ်" ဟု ယင်းက ဆိုသည်။

လက်ရှိ လပိုင်းများ အတွင်း အီရန်နိုင်ငံသည် အိမ်ထောင်ရေး ဖောက်ပြန်သည်ဟု စွပ်စွဲခံရသော ဆာကီနီ မိုဟာမက် အက်ရှ်တီယာခိုကို ကျောက်ခဲဖြင့် ပစ်ပေါက် သေဒဏ် ပေးရန် ဆုံးဖြတ်ခဲ့သည့် အတွက် များစွာ ပြစ်တင် ဝေဖန်ခြင်း ခံနေရပြီး သူမ အသက်ရေးမှာလည်း မရေမရာ ဖြစ်နေဆဲ ဖြစ်သည်။

မြန်မာ နိုင်ငံအပေါ် ချမှတ်သော ဆုံးဖြတ်ချက်တွင် လတ်တလော ပြီးစီးခဲ့သည့် ရွေးကောက်ပွဲ များကို ကန့်ကွက်ခဲ့ပြီး အဆိုပါ ရွေးကောက်ပွဲ လုပ်ငန်းစဉ် လွတ်လပ်ခြင်း၊ မျှတခြင်း၊ ပွင့်လင်း မြင်သာခြင်း မရှိသည့် အပေါ် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် အလွန်အမင်း စိတ်မကောင်း ဖြစ်ရသည်ဟု ဖော်ပြထားသည်။

ဗင်နီဇွဲလားနှင့် ဆီးရီးယားတို့က အီရန် နိုင်ငံကို ကာကွယ် ပြောကြားခဲ့ကြပြီး ယင်းဆုံးဖြတ်ချက်သည် နိုင်ငံရေး ဆက်နွယ်မှုများ၏ ရလဒ် တစ်ခုသာ ဖြစ်သည်ဟု ပြောဆိုကာ အရေး မယူရန် တောင်းဆို ခဲ့ကြသည်။

တရုတ် နိုင်ငံကလည်း မြန်မာနိုင်ငံကို ကာကွယ် ပြောဆိုခဲ့သည်။ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ ကိုယ်စားလှယ် ဦးသန်းဆွေက ယခု ဆုံးဖြတ်ချက်သည် အမှားအယွင်းများ မကင်းကြောင်းနှင့် မြန်မာ အစိုးရကို ဆန့်ကျင်သော ပြည်ပ အုပ်စုများထံမှ စွပ်စွဲချက်များနှင့် တစ်ဖက်သတ် ပြောဆိုမှုများကို အခြေခံ ထားခြင်းသာ ဖြစ်ကြောင်း ပြောကြားလိုက်သည်။

ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Susan Rice က သီးခြား ဆုံးဖြတ်ချက် ၃ ခု ထွက်ပေါ်လာခြင်းကို ကြိုဆိုလိုက်ပြီး "အီရန် အစိုးရသည် ဖိအားပေး ချုပ်ကိုင်ခြင်း၊ ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ အရပ်ဖက် အဖွဲ့အစည်းများ အပါအ၀င် ယင်း၏ နိုင်ငံသားများကို ကြမ်းတမ်းစွာ ဖိနှိပ်ခြင်း တို့ကို ဆက်လက် လုပ်ဆောင်နေသည်"ဟု ပြောကြားခဲ့သည်။

"မြန်မာ အစိုးရသည်လည်း ဆိုးဝါးသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်ရာတွင် ယင်း၏ နိုင်ငံသားများကို ဥပဒေမဲ့ ကြာရှည်စွာ ဖမ်းဆီးထားခြင်း၊ မုဒိမ်းမှု၊ လိင်အကြမ်းဖက်မှုများ ကျူးလွန်ခြင်း၊ တိုင်းရင်းသား လူမျိုးစုများ အပေါ် ကြမ်းတမ်းစွာ ခွဲခြား ဖိနှိပ်ခြင်းများကို ဆက်လက် လုပ်ဆောင်နေသည်"ဟု သူမက ဆက်လက် ပြောကြားသည်။

UN Women ဟု ခေါ်သော ကုလသမဂ္ဂ၏ အဖွဲ့သစ်တွင် အီရန် နိုင်ငံ အဖွဲ့ဝင်အဖြစ် ပါဝင်လိုမှုကို အမေရိကန် ပြည်ထောင်စုက လတ်တလော တားဆီးလျက် ရှိသည်။

"UN Women အဖွဲ့သစ်မှာ အီရန် နိုင်ငံ ပါဝင်မှုဟာ အဖွဲ့အတွက် မင်္ဂလာ မရှိတဲ့ စတင်မှု ဖြစ်စေ နိုင်တယ် ဆိုတဲ့ ကျွန်မတို့ရဲ့ စိုးရိမ် ပူပန်မှုကို ဖုံးကွယ် မထားနိုင်ပါဘူး" ဟု Susan Rice က သတင်းထောက်များကို ယခင် အပတ်က ပြောကြားခဲ့သည်။

"အီရန်နဲ့ ဆော်ဒီ အာရေးဗီးယား အစရှိတဲ့ နိုင်ငံတွေ အဖွဲ့ဝင် ဖြစ်လာမယ် ဆိုရင် ရယ်စရာ ဖြစ်သွားမှာပေါ့"ဟု နိုဘယ်ဆုရှင်၊ ထင်ရှားသော အီရန် လူ့အခွင့်အရေး ရှေ့နေ ရီရင်အီဘာဒီက ရွေးကောက်မှု မတိုင်မီ တစ်ရက် အလိုတွင် ပြောကြားလိုက်သည်။

သို့ရာတွင် အမျိုးသမီးများ၏ အခွင့်အရေးကို ဆောင်ရွက်မည့် အဆိုပါ အဖွဲ့သစ်တွင် ဆော်ဒီ အာရေဗီယား နိုင်ငံမှာ အဖွဲ့ဝင် အဖြစ် ရွေးချယ်ခံရကြောင်း သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.