Transparency Myanmar

transparency.myanmar@gmail.com

၂၀၀၃ ခုနှစ် ကတည်းက နေအိမ် အကျယ်ချုပ် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရက နိုဝင်ဘာလ ၁၃ ရက်နေ့တွင် လွှတ်ပေး လိုက်မှုသည် မြန်မာ နိုင်ငံတွင်း လွတ်လပ်မှုနှင့် ပွင့်လင်းမှုတို့ ပေါ်ထွန်းရေး အတွက် ခြေလှမ်းငယ် တစ်ခု အဖြစ် သတ်မှတ် ရှုမြင်ကြသည်။ 

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၊ ၁၉၉၀ ပြည့်နှစ် ကတည်းက တင်းမာလှသော စစ်အုပ်ချုပ်ရေး စနစ်ဖြင့် မြန်မာ နိုင်ငံကို အုပ်ချုပ်လာသော မြန်မာ စစ်အစိုးရသည် မကြာသေးခင် ကာလ၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ဒီမိုကရေစီ ရွေးကောက်ပွဲကြီး တစ်ရပ်ကို ပထမဆုံး ကျင်းပပေးခဲ့သည်။ သို့သော် အဆိုပါ ရွေးကောက်ပွဲသည် စစ်အုပ်ချုပ်ရေး စနစ် သက်ဆိုး ရှည်ရန်သာ ရည်ရွယ်ထားခြင်း ဖြစ်သည်ဟု လေ့လာ သုံးသပ်သူများက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အား စစ်ဗိုလ်ချုပ်ကြီးများက နေအိမ် အကျယ်ချုပ်မှ လွှတ်ပေးရန် အမိန့် ပေးလိုက်ခြင်းမှာ ရွေးကောက်ပွဲသည် ၎င်းတို့ စိတ်တိုင်းကျ ပုံစံ ဖြစ်ခဲ့သည်ဟု ခံစား မိသောကြောင့် ဖြစ်ကောင်း ဖြစ်နိုင်သလို ဒေါ်အောင်ဆန်း စုကြည်သည် ၎င်းတို့၏ အာဏာကို အဓိက ခြိမ်းခြောက်နိုင်သူ တစ်ယောက် မဟုတ်ဟု ရှုမြင် သောကြောင့်လည်း ဖြစ်နိုင်သည်။ သို့သော် ယခုလို ဒေါ်အောင်ဆန်းစုကြည်ကို လွတ်မြောက်ခွင့် ပြုလိုက်ခြင်းသည် စစ်ဗိုလ်ချုပ်ကြီးများ နိုင်ငံရေးတွင် တွက်ချက်မှု မှားယွင်းခဲ့ပြီး သူတို့၏ သြဇာ အာဏာကို ပိုမို အန္တရာယ် ပြုနိုင်သည့် အခြေအနေ တစ်ရပ်ကို ဖန်တီး ပေးလိုက်ရာ ရောက်သည် ဟုလည်း ဆိုနိုင်သည်။

၁၉၄၆ ခုနှစ်တွင် လုပ်ကြံခံခဲ့ရသော မြန်မာ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ သမီး ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် ကာလ ကြာရှည်စွာ ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရသော်လည်း ယနေ့ အချိန်အထိ မြန်မာနိုင်ငံတွင် လူကြိုက်များ ရေပန်းစားလျက် ရှိနေသေးသလို ပြည်သူ လူထု အပေါ်တွင်လည်း ပြောဆို သိမ်းသွင်း နိုင်စွမ်း ရှိနေဆဲပင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူမ အနေဖြင့် ကာလ ကြာရှည်စွာ တိုက်ပွဲဝင်ခဲ့ရသော မြန်မာ နိုင်ငံတွင်း ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ ဖြစ်ပေါ်ရေးနှင့် လွတ်လပ်မှုများ ပိုမို ပေါ်ထွန်းရေးတို့ကို ဆက်လက် အကောင်အထည် ဖော်နိုင်ရန် အသေအချာ အစီအစဉ် ရေးဆွဲခဲ့ဖွယ် ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ၁၉၉၀ ပြည့်နှစ်က ကျင်းပခဲ့သော ဒီမိုကရေစီ ရွေးကောက်ပွဲတွင် မဲအပြတ် အသတ်ဖြင့် အနိုင် ရရှိခဲ့သော်လည်း စစ်ဗိုလ်ချုပ်ကြီးများက NLD အား အာဏာ လွှဲပြောင်း ပေးခဲ့ခြင်း မရှိသလို သူမကိုလည်း နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်ဆီး ထိန်းသိမ်းခဲ့ကြသည်။ နှစ်အနည်းငယ် အကြာတွင် ပြန်လည် လွှတ်ပေး ခဲ့သော်လည်း ၂၀၀၃ ခုနှစ်တွင် နောက်ထပ် တစ်ဖန် ဖမ်းဆီး ထိန်းသိမ်း ခဲ့ပြန်သည်။

မကြာသေးခင်က ကျင်းပ ပြီးစီးသွားသော နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲ မတိုင်မီ ကာလတွင် စစ်ခေါင်းဆောင်ကြီးများ စစ်ဘက် ရာထူးမှ အငြိမ်းစား ယူပြီး အရပ်သား အသွင်ဖြင့် စစ်အစိုးရ ကျောထောက် နောက်ခံ ပြုမှု ခံထားရသည့် နိုင်ငံရေး ပါတီသို့ ဝင်ရောက်ခဲ့ကြသည်။ စစ်တပ်အပေါ် ၎င်းတို့၏ သစ္စာ စောင့်သိမှုမှာ အပြောင်းအလဲ မရှိပေ။ ထိုရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရရှိခဲ့ပေ။ အကြောင်းမှာ စစ်အစိုးရက ထုတ်ပြန်သော ရွေးကောက်ပွဲ ဥပဒေများအရ ပြစ်ဒဏ် ကျခံထားရသူများ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် NLD ပါတီက ရွေးကောက်ပွဲသို့ ဝင်ရောက် မယှဉ်ပြိုင်ရန် ဆုံးဖြတ်ပြီး သပိတ် မှောက်လိုက်သည်။

သို့သော် အချို့သော ဒီမိုကရေစီ လိုလားသူများက NLD ပါတီမှ ခွဲထွက်ပြီး ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ ရွေးကောက်ပွဲသည် မြန်မာ နိုင်ငံတွင် ဒီမိုကရေစီ ဖော်ဆောင်ရေး၊ လွတ်လပ် မျှတမှုများ ပေါ်ထွန်းရေးအတွက် လမ်းကြောင်း တစ်ခု ဖြစ်မည် ဟူသော အမှတ်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။ သို့အတွက်ကြောင့် ပိုမို ရှုပ်ထွေးလာသော မြန်မာ့ နိုင်ငံရေး ပတ်ဝန်းကျင်တွင် မိမိ၏ အနေအထားကို အကဲဖြတ် ချင့်ချိန်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သူမအား ထောက်ခံ အားပေးသူ အချို့ဖြင့် စည်းဝိုင်း ခတ်ရန် လိုအပ်လာပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သူများ အားလုံး၏ အဆိုအရ သူမအား စစ်အစိုးရက နေအိမ် အကျယ်ချုပ်မှ ခြွင်းချက်မရှိ လွှတ်ပေး လိုက်ခြင်း ဖြစ်သည်။ နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ပြီး နောက်တစ်နေ့တွင် NLD ရုံးချုပ်ရှိရာနေရာမှ သူမအား ထောက်ခံ အားပေးသူ ထောင်ပေါင်း များစွာကို မိန့်ခွန်း ပြောကြားသည်။ သို့သော် မိန့်ခွန်းထဲတွင် အစိုးရနှင့် ထိပ်တိုက် တွေ့မည့် စကားမျိုး ထည့်သွင်း ပြောဆိုမှု မရှိပေ။ စစ်အစိုးရ ခေါင်းဆောင်များနှင့် မျက်နှာချင်းဆိုင် ထိုင်ကာ ဆွေးနွေးမှုများ ပြုလုပ် လိုသည်ဟုပင် ပြောဆိုခဲ့သေးသည်။

အနောက် နိုင်ငံများ အနေဖြင့် ယခု အချိန်တွင် လုပ်ပေးနိုင်သည့် အချက်မှာ ၂၀၀၃ ခုနှစ် ဒေါ်အောင်ဆန်း စုကြည် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရစဉ်က သတ်မှတ် ပြဌာန်းခဲ့သော စီးပွားရေး ပိတ်ဆို့မှု မူဝါဒများ ဖယ်ရှားပေးရေးပင် ဖြစ်ပါလိမ့်မည်။

အမှန်အတိုင်း ပြောပါက စီးပွားရေး ပိတ်ဆို့မှုများသည် မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ ပိုမို အဆင်ပြေ ချောမွေ့အောင် လုပ်ဆောင် ပေးနေသကဲ့သို့ ရှိသည်။ စီးပွာရေး ပိတ်ဆို့မှုများအား စစ်အစိုးရ ခေါင်းဆောင်များ အပေါ် ပစ်မှတ် ထားခဲ့သည့်တိုင် အမှန်တကယ် ထိခိုက်ခဲ့သည်မှာ မြန်မာ ပြည်သူများသာ ဖြစ်သည်။

ပို၍ ကံဆိုးသလို ဖြစ်ခဲ့ရသည့် အချက်မှာ စီးပွားရေး ပိတ်ဆို့မှုများသည် စစ်ဗိုလ်ချုပ်ကြီးများ အတွက် ပြစ်ဒဏ် မဟုတ်ဘဲ ဆုလာဘ် တစ်ခုသဖွယ် ဖြစ်သွားခဲ့ရသည့် အချက်ပင် ဖြစ်သည်။ နယ်စပ် ဖြတ်ကျော် စီးပွားရေး လုပ်ဆောင်ချက်များ ဟူသည် ဖိနှိပ် ချုပ်ခြယ်မှုများ ရှိသည့် နိုင်ငံများတွင် လွတ်လပ်မှုကို ဆောင်ကြဉ်း ပေးနိုင်သည့် သဘောမျိုး ဖြစ်သည်။ ယခုအချိန်တွင် ကြိုတင် ဟောကိန်း ထုတ်၍ ရသော အချိန်ဇယားမျိုး မရှိသေးသည့်တိုင် နောက်ဆုံးတွင် အဆိုပါ အယူအဆကို လက်ခံ ကျင့်သုံးလာရဖွယ် ရှိသည်။

Odessa American Online မှ ဆောင်းပါးကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.