Transparency Myanmar

transparency.myanmar@gmail.com

ယခင် သြစတြေးလျ ခေါင်းဆောင်ဟောင်း Kevin Rudd က အကယ်၍ တရုတ် နိုင်ငံတွင် အစစ အရာရာ လွဲချော်မှုများ ဖြစ်ပေါ်လာပါက အင်အားသုံး ဖြေရှင်းရန် အသင့်ပြင် ထားသင့်သည်ဟု အမေရိကန် ပြည်ထောင်စုကို ပြောဆိုခဲ့ကြောင်း WikiLeaks က ထုတ်ဖော်လိုက်သော သံတမန် ကြေးနန်း တစ်ရပ်အရ သိရသည်။

မစ္စတာ Kevin Rudd နှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်တို့ စကား ပြောဆိုရာတွင် တရုတ်နိုင်ငံအား ထိုင်ဝမ်နှင့် တိဘက်အပေါ် ယုံမှား သံသယ ဖြစ်လွန်းနေသော နိုင်ငံတစ်ခု အဖြစ် ညွှန်းဆိုကြကြောင်း၊ အာရှ-ပစိဖိတ် ဒေသအဖွဲ့ တစ်ခု ဖွဲ့စည်းရန် Kevin Rudd က တွန်းအား ပေးခဲ့ခြင်းသည် အာရှ ဒေသတွင်း တရုတ် သြဇာ လွှမ်းမိုးမှုကို ထိန်းချုပ်နိုင်ရန် ဖြစ်ကြောင်း WikiLeaks က ဆိုသည်။

မစ္စတာ Kevin Rudd နှင့် ဟီလာရီ ကလင်တန်တို့ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်အတွင်း နေ့လယ်စာ စားသုံးခိုက် စကား ပြောဆိုရာတွင် မစ္စတာ Kevin က မိမိကိုယ်မိမိ တရုတ်အပေါ် ခက်ထန် ကြမ်းတမ်းသော ပကတိ ဝါဒီတစ်ဦး အဖြစ် သတ်မှတ် ပြောဆိုခဲ့သည်ဟု ဆိုသည်။

WikiLeaks ၏ အဆိုအရ မန်ဒရင်း ဘာသာ စကားလည်း ပြောဆိုတတ်သူ Kevin Rudd က တရုတ် နိုင်ငံတွင် ဘက်ပေါင်းစုံ ပါဝင်သော စေ့စပ် ညှိနှိုင်းမှုဖြင့် အပြန်အလှန် တက်ကြွသော ဆက်ဆံမှု တစ်ရပ် ပေါ်ထွန်းရေးကိစ္စကို ဟီလာရီ ကလင်တန်နှင့် အခြေအတင် ပြောဆိုခဲ့သည်။

ပေါင်းစည်းမှု အားကောင်းလာသော တရုတ်နိုင်ငံကို နိုင်ငံတကာ အသိုင်းအဝိုင်း ထဲသို့ ဆွဲခေါ်ပြီး ကြီးမားသော အခန်းကဏ္ဍမှ နေ၍ တာဝန်ယူနိုင်သူ တစ်ဦး ဖြစ်လာစေရန် ပြုလုပ်သင့်ကြောင်း၊ ထို့အတူ အကယ်၍ အစစ ရာရာ လွဲချော်မှုများ ဖြစ်ပေါ်ကာ ပြဿနာများ ထွက်ပေါ်လာပါက တပ်ဖွဲ့များ ဖြန့်ကြက်ထားရန်လည်း ပြင်ဆင် ထားသင့်ကြောင်း Rudd က ပြောဆိုခဲ့သည်။

အဆိုပါ သံတမန် ကြေးနန်း ပေါက်ကြားမှုနှင့် ပတ်သက်၍ သြစတြေးလျ အစိုးရက ထင်မြင် သုံးသပ်ချက် ပေးရန် ငြင်းပယ်ခဲ့သည်။ သံတမန် ကြေးနန်းများ အရ တရုတ်နိုင်ငံ အနေဖြင့် ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေး အသိုက်အဝန်းတွင် ကြီးမားသော တာဝန်ရယူလာရန် အမေရိကန် ပြည်ထောင်စုက အလို ရှိနေသည်မှာ သေချာသည်။ ထို့အတူ တရုတ်အနေဖြင့် နိုင်ငံသားများ အတွက် လူမှု လုံခြုံရေး စနစ်ကောင်းများ တည်ဆောက် ပေးစေလိုသည်။

တရုတ်နိုင်ငံ စီးပွားရေး အင်အား ကောင်းမွန်မှုမှ ထွက်ပေါ်လာသော စိန်ခေါ်မှုများကိုလည်း ဟီလာရီ ကလင်တန်က ထုတ်ဖော် ပြောဆိုခဲ့သည်။ "ရှင့်ရဲ့ ဘဏ်လုပ်ငန်းရှင်ကြီး တရုတ်ကို
ဘယ်လိုနည်းနဲ့ ခပ်ပြတ်ပြတ် အပေးအယူ လုပ်မှာလဲ" ဟု ဟီလာရီ ကလင်တန်က မစ္စတာ Rudd ကို မေးခွန်း ထုတ်သည်။

မစ္စတာ Rudd ကလည်း တရုတ် ခေါင်းဆောင်များကို အကဲဖြတ် သုံးသပ်မှုများ ပြုလုပ်ခဲ့သေးသည်။ ယခင် တရုတ် သမ္မတများနှင့် လက်ရှိ သမ္မတ ဟူဂျင်တောင်ကို နှိုင်းယှဉ် သုံးသပ်သည်။ ဟူဂျင်းတောင်သည် ကျန်ဇီမင်း မဟုတ်ဟု မစ္စတာ Rudd က ဝေဖန် သုံးသပ်ပြီး
ဟူဂျင်းတောင်း နေရာတွင် Xi Jinping ဝင်ရောက်ဖွယ် ရှိသည်ဟု ထင်မြင် သုံးသပ်ချက် ပေးသည်။

ထိုင်ဝမ် အရေးကိစ္စ အပေါ် တရုတ် ခေါင်းဆောင်များက အလွန်အမင်း စိတ်လှုပ်ရှားကာ ကိုင်တွယ် နေသည်ဟုလည်း ၎င်းက သုံးသပ် ပြောဆိုသည်။ တိဘက် ကိစ္စအပေါ် တင်းတင်းကြပ်ကြပ် ကိုင်တွယ်ခြင်းသည် အခြားသော တိုင်းရင်းသား လူနည်းစုများ အပေါ် တစ်စုံတရာ သိရှိစေ လိုသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 4th December 2010

မြန်မာ နိုင်ငံမှ ယခင်လ ရွေးကောက်ပွဲများ အပေါ် ကုလသမဂ္ဂ၏ ပြစ်တင် ဝေဖန်မှုများ ရှိနေသည့် ကြားမှ မြန်မာနိုင်ငံ ဆိုင်ရာ ကုလ အထူး ကိုယ်စားလှယ်က ၎င်းတိုင်းပြည်တွင် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပေါ်နေသည်မှာ အမှန်ပင် ဖြစ်သည်ဟု ပြောကြားလိုက်သည်။

ရွေးကောက်ပွဲများမှ ပေါ်ထွက်လာမည့် လွှတ်တော်သည် ယခုအခါ နိုင်ငံရေး နယ်ပယ် ကျယ်ပြန့် လာစေမည့် အခွင့်အလမ်းများကို ဖွင့်လှစ် ပေးနိုင်သည်ဟု ဗီဂျေးနမ်ဘီယာက ဘီဘီစီသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

တပ်မတော် နောက်ခံ အင်အားကြီး ပါတီ အနိုင်ရရှိခဲ့သော အဆိုပါ ရွေးကောက်ပွဲများကို ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက ဝင်မပြိုင်ပဲ သပိတ် မှောက်ခဲ့သည်။ အစိုးရကလည်း သူမအား ရွေးကောက်ပွဲ ပြီးသည်အထိ လွှတ်ပေးခြင်း မရှိပေ။

"မြန်မာ နိုင်ငံမှာ အစိုးရ ဖွဲ့စည်းဖို့ စလုပ်နေပါပြီ။ ရွေးကောက်ပွဲကြောင့် ပေါ်လာတဲ့ လွှတ်တော်မှာ နေရာသစ်တွေ၊ လမ်းကြောင်းသစ်တွေ ပွင့်လန်းလာမယ်လို့ ကျွန်တော် ထင်ပါတယ်" ဟု မြန်မာ နိုင်ငံသို့ ယခင် အပတ်က သွားရောက်ခဲ့သော ဗီဂျေးနမ်ဘီယာက ဘီဘီစီ မြန်မာပိုင်း အစီအစဉ်သို့ ပြောကြားခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲများကို ၎င်းက ကျယ်ကျယ် ပြန့်ပြန့် ပိုမို သက်ဆိုင် ပတ်သက်ရေး အတွက် နိုင်ငံရေး နယ်ပယ်ကို တိုးတက်စေမည့် သေးငယ်သော အခွင့်အလမ်းများဟု ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံမှ ရွေးကောက်ပွဲများသည် လွတ်လပ်၊ မျှတခြင်း မရှိဟု ကုလသမဂ္ဂက ပြင်းပြင်းထန်ထန် ပြစ်တင် ဝေဖန်နေသည့် ကြားမှ ယခုကဲ့သို့ မစ္စတာ နမ်ဘီယာ၏ မှတ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် အနှစ် ၂၀ အတွင်း ပထမဆုံး ကျင်းပသည့် ရွေးကောက်ပွဲများတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက အနိုင်ရရှိသွားခဲ့သည်။ ထို့နောက် ၆ ရက် အကြာတွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်မှ လွှတ်ပေးခဲ့သည်။ လက်ရှိ ဖျက်သိမ်းခံ ထားရသော သူမ၏ NLD ပါတီသည် ၁၉၉၀ ခုနှစ် နောက်ဆုံး ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သော်လည်း အာဏာ လွှဲပြောင်း ယူခွင့် မရရှိခဲ့ပါ။

သူမက သူမအား ထောက်ခံသူများကို အပြောင်းအလဲ အတွက် မျှော်လင့်ခြင်းကို လက်မလျှော့ကြရန် တိုက်တွန်းလိုက်ပြီး သူမ ယခင်က ထောက်ခံခဲ့သည့် မြန်မာနိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှုများကို ရုတ်သိမ်းရေး အတွက် အနောက်နိုင်ငံများနှင့် ဆွေးနွေးရန် ဆန္ဒရှိနေ သည်ဟုလည်း ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Fobes Asia Magazine, By Lee Kuan Yew, 3rd December 2010

လွန်ခဲ့သည့် ဆယ်စုနှစ် သုံးခုအတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးသည် အကြီးအကျယ် တိုးတက်ခဲ့ရာ တစ်နှစ်လျှင် ၁၀ % တစ်ခါတစ်ရံ ၁၂ % ထိ မှန်မှန်တက်ခဲ့သည်။ တရုတ် နိုင်ငံသည် ထိုသို့ မြင့်မားသည့် တိုးတက်မှုနှုန်းကို နောက်ထပ် အနည်းဆုံး ဆယ်စုနှစ် တစ်ခု ထိန်းသိမ်း ထားနိုင်မည်လော။ ကျွန်ုပ် အနေဖြင့်မူ ထိန်းသိမ်း ထားနိုင်မည်ဟု ထင်မြင်သည်။ တရုတ်သည် အခြေခံမှစ၍ တက်လာခြင်း ဖြစ်ပြီး၊ ၎င်း၏ ၁.၃ ဘီလီယမ်ရှိ ပြည်တွင်း စားသုံးသူများကပင် ထိုနှုန်းကို ထိန်းထားနိုင်မည် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် အဆိုပါ စားသုံးသူများ၏ ဝင်ငွေများ အနက်က ပိုလျှံငွေမှာ တိုးတက်လျက် ရှိသောကြောင့် ဖြစ်သည်။

၎င်း၏ GDP ကလည်း တိုးတက်လာသောကြောင့် နိုင်ငံတကာနှင့် ပတ်သက်သော ကိစ္စရပ်များတွင် ၎င်း၏ ပြောစကား အရာ ရောက်လာသော အခြေအနေသို့ ရောက်ရှိလာသည်။ တရုတ်၏ အစွန်ရှိ ကိုရီးယား၊ ဂျပန်နှင့် တိုင်ဝမ်အပြင် အာဆီယံ ဆယ်နိုင်ငံသည် တရုတ်၏ တိုးတက် လာသော သြဇာ လွှမ်းမိုးမှုကို ခံစာေးနရသည့် နိုင်ငံများ ဖြစ်သည်။ ၎င်းနိုင်ငံများသည် ၎င်းတို့၏ မူဝါဒများကို ဆုံးဖြတ်ရာတွင် တရုတ်ကို ထည့်သွင်း စဉ်းစားလာကြရပြီ ဖြစ်သည်။ တိုက်ရိုက် ခြိမ်းခြောက်မှုများ မရှိသော်လည်း၊ ၎င်း၏ ကြီးမားသော ဈေးကွက်နှင့် ဆက်သွယ်ရန် ငြင်းဆန်သူအား၊ ၎င်း၏ အကျိုးစီးပွားကို ဆန့်ကျင်သူအဖြစ် တရုတ်က ဒဏ်ခတ်နိုင်သည့် အနေအထားတွင် ရှိသည်။ ထို့ကြောင့် အဆိုပါ နိုင်ငံများသည် ၎င်းတို့ကို တရုတ်အား မနှစ်သက်သည့် နိုင်ငံအဖြစ် မြင်သွားမည်ကို မလိုလားကြပေ။ ထိုနည်းတူစွာပင် ကမ္ဘာ တစ်လွှားတွင်လည်း ထိုသို့သော တရုတ်အား ရှောင်ဖယ်၍ မရနိုင်သော အခြေအနေမှာ တိုးပွားလာလျက် ရှိပြီး၊ ကမ္ဘာကြီး၏ ပါဝါ ချိန်ခွင်လျှာသည် ပြောင်းသွားခဲ့ပြီ ဖြစ်သည်။

အမေရိကန်ကလည်း တရုတ်၏ တိုးတက် ကြီးထွား လာနေသော အနေအထားကို သဘောပေါက်သည်။ တစ်ဦးချင်း၏ သဘောထားအမြင် အပေါ် မူတည်၍ တရုတ်က ပြန်လည် တုန့်ပြန်လိမ့်မည် ဖြစ်သည်။ တရုတ်က ၎င်းအပေါ် မနှစ်မြို့ဟု ယူဆခဲ့လျှင် ၎င်း၏ ထောက်ခံမှု လိုအပ်သော နိုင်ငံတကာ ကိစ္စရပ်များနှင့် မူဝါဒများတွင် ပူးပေါင်း ဆောင်ရွက်မှု မပြုပဲ တုန့်ပြန်လိမ့်မည် ဖြစ်သည်။

စင်္ကာပူသည် တရုတ်နှင့် အထူး ဆက်ဆံရေး ရှိသည်။ စင်္ကာပူ နိုင်ငံသား မိမိတို့သည် ၇၅ % တရုတ်သွေး ပါပြီး၊ တရုတ်သည် ဒုတိယ ဘာသာစကား ဖြစ်ကာ၊ ကျောင်းများတွင် တရုတ် ဘာသာကို သင်ကြားနေသည်။ ထို့ကြောင့် ကောင်းမွန်သော ဆက်သွယ်ရေး ရှိပြီး၊ တရုတ် ကုမ္ပဏီ ၃၅၀၀ ခန့်သည် စင်္ကာပူတွင် အခြေစိုက်၍ စီးပွားရေး လုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုအထဲမှ ကုမ္ပဏီ ၁၅၅ ခုသည် စင်္ကာပူ စတော့ ဈေးကွက်တွင် စာရင်းဝင်လျက် ရှိသည်။ တရုတ်များသည် စင်္ကာပူတွင် အခြေစိုက်၍ ဒေသတွင်းကို လေ့လာပြီး၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် မြန်မာ ဈေးကွက်များသို့ တဖြည်းဖြည်း ဝင်ရောက်ခဲ့သည်။ ထို့အပြင် စင်္ကာပူ နိုင်ငံသား တရုတ် စီးပွားရေး သမားများသည် မန်ဒရင်း ဘာသာစကားကို ပြောနိုင်သဖြင့် တရုတ်တွင် ရင်းနှီး မြှုပ်နှံ၍ တရုတ် လုပ်သားများ စုစည်းရာတွင် လွယ်ကူသည်။ သို့သော် စင်္ကာပူကို ဖြစ်စေ၊ ဒေသတွင်း နိုင်ငံများကို ဖြစ်စေ တရုတ်က အသာစီး ဆက်ဆံနေသော ကိစ္စရပ်မှာ တရုတ် အာဏာပိုင်များက ၎င်းတို့၏ စာပေ ရေးသားမှုမှာ လွန်ခဲ့သော နှစ်ပေါင်း (၅၀၀၀) BC ၃၀၀၀ မှ စခဲ့သည် ဖြစ်ရာ၊ "ခင်ဗျားတို့ နိုင်ငံ သက်တမ်း ဘယ်လောက် ရှိပြီလဲ" ဟု ပြောလေ့ ရှိခြင်းပင် ဖြစ်သည်။

တရုတ်၏ အစွန် ကျွန်းဆွယ်နိုင်ငံများသည် တရုတ် ဈေးကွက်၏ ဆွဲဆောင်မှုကို မည်သူမျှ မတွန်းလှန်နိုင်ပေ။ တဖြည်းဖြည်းနှင့် ကျွန်ုပ်တို့သည် တရုတ်၏ စီးပွားရေး ပတ်လမ်း အတွင်းသို့ မရပ်မနား သက်ဆင်း ကြရတော့သည်။ လွန်ခဲ့သည့် ဆယ်စုနှစ် သုံးခု အတွင်း တရုတ်၏ မူဝါဒများကို ပြန်ကြည့်လျှင် တရုတ်သည် ၎င်း၏ မြောက်ဖက် အိမ်နီးချင်းများ ဖြစ်သော ကိုရီးယား၊ ဂျပန်နှင့် တိုင်ဝမ်အပြင် အာဆီယံ နိုင်ငံများကိုလည်း ၎င်း၏ စီးပွားရေး အဖွဲ့အစည်း အတွင်း သွပ်သွင်းရန် မူဝါဒတိုင်းတွင် ရည်ရွယ်ချက် ထား၍ ချမှတ်ခဲ့သည်ဟု သံသယ အနည်းငယ် ရှိဖွယ် ဖြစ်သည်။ တချိန်တည်းမှာပင် ကျွန်ုပ်တို့ကလည်း ၎င်းနှင့် ကူးသန်း ရောင်းဝယ်မှု ရင်းနှီး မြှုပ်နှံမှု အကျိုး အမြတ်များ ပေါ်တွင် ပျော်မွေ့ခဲ့ကြသည် ဖြစ်သည်။

တရုတ်သည် ဒေသတွင်းက လစ်လျူရှု၍ မရနိုင်တော့သော နိုင်ငံရေးနှင့် စီးပွားရေး ပါဝါ ဖြစ်လာနေသည်။ သို့သော် တရုတ်ကလည်း အမေရိကန်ကို လစ်လျူရှု၍ မရနိုင်သော အခြေအနေ ရှိပြန်သည်။ အမေရိကန်၏ သန်း ၃၁၀ သော လူဦးရေသည် တရုတ်၏ ၁.၃ ဘီလီယံ လူဦးရေနှင့် စာလျှင် နည်းလွန်းလှသည်ဟု ဆိုသော်လည်း အမေရိကန် ပြည်သူ တစ်ဦးချင်းစီ၏ ဝယ်လိုအားသည် တရုတ်လူမျိုး တစ်ဦးထက် အဆများစွာ သာလွန် နေသည်။ အမေရိကန် အနေဖြင့် တရုတ်၏ ဆွဲဆောင်နေမှုကို တုန်ပြန်ရေး အတွက် အချိန် ရှိနေသေးသည် ဖြစ်ရာ ဒေသတွင်း အခြား နိုင်ငံများနှင့် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် ရရှိရေးကို ပြုလုပ်ရမည် ဖြစ်သည်။ သို့မှသာ ထိုတိုင်းပြည်များ အဖို့ တရုတ်ဈေးကွက် တစ်ခုတည်းပေါ်တွင် မှီခိုနေရမှုအား အကာအကွယ် ပေးသလို ဖြစ်ချေမည်။

ကံမကောင်းစွာပင် အမေရိကန် ကွန်ဂရက်သည် လွတ်လပ်သော ကုန်သွယ်မှု သဘော တူညီချက် FTA အသစ် မှန်သမျှကို ဆန့်ကျင်နေသည်။ အကယ်၍ လာမည့် ကွန်ဂရက်သည် FTA များကို ဆက်လက် ဆန့်ကျင်နေမည် ဆိုပါက၊ တန်ဖိုးရှိသော အချိန်များ ကုန်ဆုံးသွားမည် ဖြစ်ပြီး၊ နောက်တဖန် ကြိုးစားရန် အလွန် နောက်ကျ သွားလိမ့်မည် ဖြစ်သည်။ ကွန်ဂရက် အနေဖြင့် ယခု ကိစ္စတွင် ဆုံးရှုံးမှု ကြီးမားနိုင်သည် ဆိုသည်ကို သဘော ပေါက်အောင် ပြုလုပ်ရမည် ဖြစ်သည်။ အမေရိကန်နှင့် တရုတ် ဈေးကွက်များကြား ဆက်ဆံရေးတွင် သာတူညီမျှ တန်းတူဖြစ်ရေး ဆိုသည့် ကိစ္စမှာ သာ၍ ခက်ခဲလာပြီ ဖြစ်သည်ကို တွေ့မြင်နိုင်သည်။ နှစ်စဉ် ဒေသတွင်း နိုင်ငံများနှင့် အိမ်နီးချင်း နိုင်ငံများ အပေါ်တွင် ထုတ်ကုန် သွင်းကုန်များ အပေါ်တွင် တရုတ်က အမေရိကန်ထက် ပို၍ ဆွဲဆောင်မှု ရှိလာသည်။ FTA မရှိပဲ ပင်လျှင် ကိုရီးယား၊ ဂျပန်၊ တိုင်ဝမ်နှင့် အာဆီယံ နိုင်ငံများသည် တရုတ်၏ စီးပွားရေးတွင် စုစည်း မိကြတော့မည် ဖြစ်သည်။ ထိုရလဒ်မှာ အမေရိကန် အတွက် မကောင်းပေ။

ထိုကိစ္စအား တန်ပြန် ထိန်းညှိရေး အတွက် အိန္ဒိယအား ဆွဲသွင်း လာရေးသည် အရေးကြီးသည်။ သို့သော် အိန္ဒိယက အမေရိကန်၊ ကိုရီးယား၊ ဂျပန်၊ တိုင်ဝမ်နှင့် အာဆီယံ နိုင်ငံများနှင့် FTA ကို ဝင်ရောက်ရန် ဆန္ဒ ရှိမရှိ မသိနိုင်ပေ။ စင်္ကာပူနိုင်ငံ အတွက်မူ အိန္ဒိယနှင့် FTA ရှိပြီး ဖြစ်သည်။ ထို့ကြောင့် အိန္ဒိယနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိသည်။ သို့သော် မိမိတို့ နိုင်ငံမှာ သေးငယ်သော နိုင်ငံလေး ဖြစ်သည့် အလျောက် အထက်ပါ ထုတ်ကုန် သွင်းကုန် ဈေးကွက်ကြီးကို ထိန်းညှိ ပေးနိုင်လောက်အောင် ကိုယ်စားပြုခြင်း မရှိပေ။ အကယ်၍သာ အိန္ဒိယက စုပေါင်း ဈေးကွက်တွင်းသို့ ဝင်ရန် သဘောတူပါက တရုတ်၏ ဆွဲအားကို ပြန်လည် ထိန်းကျောင်းရန် လုံလောက်သော အင်အားပင် ဖြစ်ချေမည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bangkok Post, 6th December 2010

ကရင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် မြန်မာ အစိုးရ တပ်ဖွဲ့များ အကြား တိုက်ခိုက်မှုများ နောက်တစ်ချီ ဖြစ်ပွားခြင်းကြောင့် ဒုက္ခသည် တစ်ထောင်ကျော် ထိုင်းနိုင်ငံတွင်းသို့ ထွက်ပြေး ဝင်ရောက် သွားကြသည်ဟု သိရသည်။

မဲဆောက် ခရိုင် တမ်ဘွန် မယ်ဟာဝမ်ရှိ နယ်ခြား ကင်းလှည့် ရဲတပ်ဖွဲ့ စခန်းတွင် ဒုက္ခသည် ၁၁၂၉ ဦး ခိုလှုံနေသည်ဟုလည်း တပ်ခ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဆာမတ်လွိုင်ဖာက ယမန်နေ့တွင် ပြောကြားခဲ့သည်။

ဒုက္ခသည် အများစုမှာ တိုက်ပွဲ ဖြစ်ပွားသည့် သောကြာနေ့ညက ထွက်ပြေး လာကြသော်လည်း နောက်ဆုံး ၅ ဦး အသုတ်မှာမူ မနေ့ညကမှ ရောက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

တိုက်ပွဲများ ဖြစ်ပွားနေသရွေ့ အာဏာပိုင်များက ဒုက္ခသည်များကို မြန်မာ နိုင်ငံသို့ ပြန်မပို့ပါဟု ပြည်နယ် အုပ်ချုပ်ရေးမှူးက အခိုင်အမာ ပြောကြားသည်။

"တိုက်ပွဲတွေ အချိန် အတော်ကြာ ဆက်ဖြစ်နေမယ့် အလားအလာ များပါတယ်။ လူသားချင်း စာနာတဲ့ အုပ်စုတွေနဲ့ ထိုင်းအာဏာပိုင်တွေက ဒုက္ခသည်တွေကို အစာ၊ ရေ၊ ဆေးဝါး စောင့်ရှောက်မှုတွေ ဖြည့်ဆည်းပေးပြီး၊ အကောင်းဆုံး စောင့်ရှောက်နေပါတယ်" ဟု ၎င်းက ဆိုသည်။

နယူးယောက် အခြေစိုက် Human fights watch ကမူ ထိုင်းအစိုးရအား "မြန်မာနိုင်ငံ အရှေ့ပိုင်း ပဋိပက္ခမှ ထွက်ပြေးလာသော ဒုက္ခသည်များကို အချိန် မတန်ခင် ဌာနေ ပြန်ပို့ခံရသည့် လူသား ပင်ပေါင် ဘောလုံးများ အဖြစ် ဆက်ဆံနေခြင်းကို ရပ်တန့်ရန်" တောင်းဆိုထားသည်။

နိုဝင်ဘာလ တိုက်ပွဲများ ဖြစ်ပွားချိန် မှစ၍ ဒုက္ခသည် ၂ သောင်းကျော် ထိုင်းနိုင်ငံသို့ ဝင်ရောက် ထွက်ပြေး သွားကြပြီး ရက်ပိုင်းအတွင်း အများစု ပြန်လာကြသည့် အချိန်တွင် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားခြင်းကြောင့် ဒုက္ခသည်များ ဆက်တိုက် ထွက်ပြေး နေကြရသည်ဟု လူ့အခွင့်အရေး အုပ်စု၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် ခိုလှုံစဉ် ကျယ်ကျယ်ပြန့်ပြန့် အကာအကွယ် လိုအပ်နေသည့် အရပ်သားများ အပေါ် အစိုးရ တပ်ဖွဲ့များ၏ အကြမ်းဖက် နည်းဗျူဟာများ ပြောင်းလဲသွားစေရန် နိုဝင်ဘာ ၇ ရက် မြန်မာနိုင်ငံ ရွေးကောက်ပွဲက ဘာမှ လုပ်ဆောင်ပေးခြင်း မရှိဟု  Human Rights Watch အာရှဆိုင်ရာ ဒုတိယ ဒါရိုက်တာ E Laine Pearson က ပြောကြားလိုက်သည်။

"မြန်မာနိုင်ငံက လူမျိုးစု ပဋိပက္ခကြောင့် ထွက်ပြေးရတဲ့ လူတွေဟာ တိုက်ပွဲတွေ ဖြစ်ပွားချိန်မှာ ထိုင်းနိုင်ငံထဲကို လိုလိုလားလား ခွင့်ပြုခြင်း မခံရပဲ ဝင်ပြေးကြရပြီး သေနတ်သံ တိတ်သွား သွားခြင်း ဌာနေကို ချက်ချင်း ပြန်ရတဲ့ လူသားပင်ပေါင် ဘောလုံးတွေလို ဆက်ဆံခြင်း ခံနေရပါတယ်" ဟု သူမက ပြောကြားသည်။

"ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံမှာ အမှန်တကယ် တိုက်ပွဲ ပြီးဆုံးပြီး အန္တရာယ် ရှိနေသေးတယ် ဆိုရင် ဒုက္ခသည်တွေကို ပြန်မလွှတ်သင့်ပါဘူး။ လူသားချင်း စာနာတဲ့ အေဂျင်စီတွေ ဆီက ကာကွယ် ပေးမှုနဲ့ အကူအညီ ရရှိနိုင်မယ့် နယ်စပ်နဲ့ ခပ်လှမ်းလှမ်း ဘေးကင်းတဲ့ နေရာတွေမှာ နေထိုင် ခိုလှုံခွင့် ပေးထားသင့်ပါတယ်" ဟု သူမက ဆိုသည်။

တပ်ခ် ပြည်နယ်နှင့် မျက်နှာချင်းဆိုင် ကရင်ပြည်နယ် မြဝတီမြို့ကို DKBA တပ်ဖွဲ့က ရွေးကောက်ပွဲနေ့တွင် သိမ်းပိုက် လိုက်ချိန်၌ တင်းမာမှုများ ပြင်းထန်သွားခဲ့ပြီး အစိုးရ တပ်ဖွဲ့၏ တန်ပြန် တိုက်ခိုက်မှုကြောင့် အရပ်သား မြောက်မြားစွာ ထိုင်းနိုင်ငံသို့ ဝင်ပြေး ခိုလှုံခံကြရသည်။

နယ်စပ် တစ်လျှောက် နေရာများစွာတွင် တိုက်ပွဲများ ကြိုကြား ကြိုကြား အဆက်မပြတ် ဖြစ်ပွားကာ အစိုးရ တပ်ဖွဲ့များက ကြီးကြီးမားမား စုဖွဲ့ စစ်ရေး တည်ဆောက် နေသောကြောင့် ကျေးရွာများ အဆက်မပြတ် နေရာ ပျောက်ဆုံးမှုကို ဖြစ်ပွားစေခဲ့သည်။

"အပြန်အလှန် ပစ်ခတ်မှုတွေ ကြားမှာ ပိတ်မိနေတဲ့ အရပ်သားတွေ အတွက် စာနာ၊ ကရုဏာမှုကို လက်ရှိ တိုက်ခိုက်နေတဲ့ နှစ်ဖက်စလုံးက ပြသခြင်း မရှိတာကတော့ စိတ်မကောင်း စရာပါ" ဟု Pearson က ဆက်လက် ပြောကြားသည်။

စစ်ဖက် ပစ်မှတ်၊ အရပ်ဖက် ပစ်မှတ် မခွဲခြားပဲ သိမ်းကျုံး ပစ်ခတ်မှုများ၊ အဓမ္မ လုပ်သားအဖြစ် ပေါ်တာ ဆွဲခြင်း ကဲ့သို့သော လူ့အခွင့်အရေး ညှင်းပန်းမှုများ၏ ဒဏ်ကို မြန်မာ ပြည်သူများ ကြုံတွေ့ ခံစားနေရသည်ဟု သူမက ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

EU Business, 3rd December 2010

အလှည့်ကျ ဥရောပ သမဂ္ဂ ဥက္ကဌ တာဝန် ယူထားသော ဘယ်လ်ဂျီယံ သံအမတ်ကြီးသည် သောကြာနေ့က ဒေါ်အောင်ဆန်းစုကြည်၏ အိမ်သို့ လာရောက် တွေ့ဆုံပြီး သူမ၏ ဒီမိုကရေစီ တိုက်ပွဲတွင် ထောက်ခံ ကူညီမည် ဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

ဘယ်လ်ဂျီယံ နိုင်ငံခြားရေး ဝန်ကြီး Steven Vanackere က သတင်း ထုတ်ပြန်ချက်တွင် ပြောကြားရာ၌ သံအမတ်ကြီးက သူမအား မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေး ကြိုးပမ်းမှုများ အပေါ် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများက ကျောထောက် နောက်ခံပေးမည်ဟု ပြောခဲ့သည်ဟု ဆိုသည်။

"နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲဟာ၊ မျှော်မှန်းသလို ရလဒ်များ မထွက်ပေါ်လာတာကြောင့်၊ ဘယ်ဂျီယံရော အခြား အီးယူ အဖွဲ့ဝင်တွေကပါ ဒေါ်အောင်ဆန်းစုကြည်ကို အဓိကထားပြီး ဒီမိုကရက်တစ် အတိုက်အခံ အပေါ် နောက်ကရပ်ပေးပါမယ်" ဟု ၎င်းက ပြောသည်။

"ဒီမိုကရက်တစ် အတိုက်အခံ၊ တိုင်းရင်းသား လူမျိုးစုများနဲ့ အရပ်ဖက် လူ့အဖွဲ့အစည်း တွေရဲ့ အသံကို နားထောင်ဖို့ဟာ အလွန်တရာ အရေးကြီးပါတယ်" ဟု နိုင်ငံခြားရေး ဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အပြင် ဝန်ကြီးက ၂၁၀၀ ခန့် ရှိသော နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန်လည်း တောင်းဆိုခဲ့သည်။

"မြန်မာ အစိုးရကို တိုက်တွန်း လိုတာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို မကြာသေးမီက လွှတ်ပေးခဲ့တာဟာ အခြား နိုင်ငံရေး အကျဉ်းသားများကို ချွင်းချက်မရှိ လွှတ်ပေးဖို့ ပထမ ခြေလှမ်း ဖြစ်စေချင်တာပါပဲ" ဟု Vanackere က ပြောသည်။

မြန်မာ နိုင်ငံတွင် ငြိမ်းချမ်းစွာ အစိုးရအား ဆန့်ကျင်သူများအား ရာဇဝတ်မှုဟု မသဲကွဲသော ဥပဒေများဖြင့် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော် ရှိနေသေးသည်ဟု နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် ပေးရေး အဖွဲ့က ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 30th November 2010

ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်လာသည့် ကြားတွင် မဟာမိတ် မြောက်ကိုရီးယားကို သြဇာသုံးရန် တရုတ်နိုင်ငံ အပေါ် ဖိအားများ ကျရောက်လာသဖြင့် လျှို့ဝှက် သိပ်သည်းလွန်းသော ကမ္ဘာ့ အပယ်ခံ မြောက်ကိုရီးယားက ၎င်း၏ ကျယ်ပြန့်သော နျူကလီယာ အစီအစဉ်ကို ပထမဆုံးအကြိမ် ထုတ်ဖော် ပြောဆိုခဲ့ရာ ဗဟိုခွာအား စနစ်သုံး untrifuqes ထောင်ပေါင်း များစွာ ရှိနေသည်ဟု ဆိုသည်။

နျူကလီယာဗုံး ထုတ်လုပ်ရန် ဒုတိယ လမ်းကြောင်း တစ်ခု ဖြစ်သည့် ယူရေနီယမ် သန့်စင်မှု လုပ်ငန်းနှင့် ပတ်သက်၍ နျူကလီယာ လက်နက်ပိုင် ပြုံယမ်း၏ ထုတ်ဖော် ပြောဆိုမှုမှာ အရပ်သား ၂ ဦး အပါအဝင် ၄ ဦး သေဆုံးခဲ့သော တောင်ကိုရီးယားကျွန်းသို့ အမြောက် ပစ်ခတ်မှုအပြီး တစ်ပတ် အကြာတွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။

လက်ရှိ တည်ဆောက်နေသော ရေသွက် နည်းပညာသုံး ဓာတ်ပေါင်းဖိုမှာ လျင်မြန်စွာ တိုးတက် ပြီးစီးလျက် ရှိပြီး၊ လောင်စာ ဖူလုံစေရန် အတွက် untrifuques ထောင်ပေါင်းများစွာ ထည့်သွင်း တပ်ဆင်ထားသည့် ယူရေနီယမ် သန့်စင် စက်ရုံမှာမူ လည်ပတ်နေပြီဟု ရိုဒွန်းဆင်မွန် သတင်းစာက သတင်း ဖော်ပြသည်။

အနာဂတ်တွင် ငြိမ်းချမ်းစွာ အသုံးပြုမည့် ရည်ရွယ်ချက်ဖြင့် နျူကလီယာ စွမ်းအင် ဖွံ့ဖြိုးရေး စီမံကိန်းများ ပိုမို ထွက်ပေါ်လာမည်ဟု အစိုးရ အာဘော် KNCA သတင်းဌာနကို ကိုးကား၍ သတင်းစာတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား၏ ကျယ်ပြန့်လာသော နျူကလီယာ အစီအစဉ်၊ ယွန်ပြောင်းကျွန်းကို တိုက်ခိုက်မှုကို အရေးပေါ် ဆွေးနွေးရန် တရုတ်၏ အဆိုပြုချက် စသည်တို့ကို ဆွေးနွေးရန် အတွက် တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန် ပြည်ထောင်စုတို့ ဒီဇင်ဘာ အစောပိုင်းတွင် ဝါရှင်တန်၌ စည်းဝေးကြမည်ဟု ဆိုးလ်က ပြောကြားသည်။

အဆိုပါ သုံးနိုင်ငံ ဒီဇင်ဘာ ၆ ရက်တွင် တွေ့ဆုံကြမည်ဟု ဂျပန် Nikkei သတင်းဌာနက ထုတ်ပြန်သည့် ၁၉၅၃ ခုနှစ် ကိုရီးယား စစ်ပွဲ ပြီးဆုံးပြီးနောက်ပိုင်း တောင်ကိုရီးယား မြေပေါ်မှ အရပ်သားများကို ပထမဆုံး အကြိမ် တိုက်ခိုက်မှုအဖြစ် ယွန်ပြောင်းကျွန်းပေါ်သို့ အမြောက်ဖြင့် ပစ်ခတ် ရန်စခဲ့သည့် မြောက်ကိုရီးယားကို တရုတ်နိုင်ငံက သြဇာသုံး၍ ထိန်းချုပ်စေရန် အမေရိကန် ပြည်ထောင်စုက လိုလားလျက် ရှိနေသည်။

တရုတ် နိုင်ငံကမူ မြောက်ကိုရီးယား၏ နျူကလီယာ အစီအစဉ်ကို ထိန်းချုပ်ရန် ကြိုးစားနေကြသည့် ၆ နိုင်ငံမှ ထိပ်သီးများ တွေ့ဆုံ ဆွေးနွေးရန် အဆိုပြုထားသည်။ ရုရှားနှင့် တရုတ် နိုင်ငံတို့ အဆိုပါ အုပ်စုတွင် ပါဝင်သည်။

အမေရိကန် ပြည်ထောင်စုနှင့် တောင်ကိုရီးယား စစ်တပ်များကလည်း အနာဂတ်တွင် ကျူးကျော် ရန်စမှုများ မလုပ်စေရန် ပြုံယမ်းကို ဟန့်တားရန် ရည်ရွယ်သည်ဟု ပြောဆိုထားသည့် အင်အားပြမှု အဖြစ် ကျွန်းဆွယ် အနောက်ဖက် ကမ်းရိုးတန်း အလွန်တွင် ၃ ရက်ကြာ အကြီးစား စစ်ရေး လေ့ကျင့်မှုများကို အင်္ဂါနေ့တွင် စတင်ခဲ့ကြသည်။

ယခင်က လျှာနှင့်သွား တမျှ နီးစပ်သည့် ဆက်ဆံရေးအဖြစ် ပြောဆိုခဲ့ကြသည့် ပီကင်း - ပြုံယမ်း ဆက်ဆံရေးမှာ လက်ရှိနှစ်ပိုင်းများတွင် ပျက်ပြားလာပြီး၊ အထူးသဖြင့် ၂၀၀၆ တွင် တစ်ကြိမ် ယခုနှစ် မေလတွင် တစ်ကြိမ် ပြုံယမ်းက နျူကလီယာ စမ်းသပ် ပေါက်ခွဲမှုများ ပြုလုပ်ခဲ့သောကြောင့် ဖြစ်သည်။

သို့သော်လည်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီးက ၎င်း၏ အပယ်ခံနိုင်ငံနှင့် တရုတ်တို့၏ ဆက်ဆံရေးမှာ "ဘယ်သူဖျက်ဖျက် ဒို့မပျက်" ဟု ယခင်အပတ်က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.