Transparency Myanmar

transparency.myanmar@gmail.com

From AFP, 8th December 2010

      မြောက်ကိုရီးယား နိုင်ငံဖက်မှ ထွက်ပေါ်လာသော ပေါက်ကွဲသံများမှာ လက်တွေ့ ပစ်ခတ် လေ့ကျင့်မှု၏ အစီအစဉ် တစ်ရပ်အဖြစ် ထွက်ပေါ်လာသည့် လက္ခဏာရှိသည်ဟု တောင်ကိုရီးယား နိုင်ငံက ပြောကြားသည်။

      အမြောက်ဖြင့် တစ်ချက်၊ နှစ်ချက်ခန့် ပစ်ခတ်ခဲ့သော်လည်း နယ်စပ်ကို ကျော်၍ တောင်ကိုရီးယား ဖက်သို့ ကျလာခြင်း မရှိဟု ဆိုးလ်မှ အစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

      အရပ်သား နှစ်ဦး၊ မရင်းတပ်သား နှစ်ဦး သေဆုံးခဲ့ရသော ယခင်လက တောင်ကိုရီးယား ယွန်ပြောင်းကျွန်းပေါ်သို့ မြောက်ကိုရီးယားတို့၏ အမြောက် ပစ်ခတ် ရန်စမှု အပြီးတွင် ယခုကိစ္စ ထပ်မံ ဖြစ်ပွားခြင်း ဖြစ်သည်။

      မြောက်ကိုရီးယားတို့၏ ရန်စတိုက်ခိုက်မှု မှန်သမျှကို ပြင်းထန်စွာ တုန့်ပြန်သွားမည်ဟု တောင်ကိုရီးယားက ကတိပြုထားသည်။

      "ယခု နောက်ဆုံး အမြောက် ပစ်ခတ်မှုက ပုံမှန် စစ်ရေး လေ့ကျင့်တဲ့ အစီအစဉ် တစ်ခု ဖြစ်ပုံရပါတယ်" ဟု အစိုးရ တာဝန်ရှိသူက တောင်ကိုရီးယား သတင်းဌာန 'ယွန်ဟတ်' သို့ ပြောကြားသည်။

      မြောက်ကိုရီးယား နယ်မြေထဲကနေ ပေါက်ကွဲသံ အနည်းဆုံး ၂ ခါလောက် ကြားရပါတယ်။ စစ်ရေး လေ့ကျင့်ခန်း လုပ်နေတယ်လို့ ကျွန်တော်တို့ ယူဆပါတယ်ဟု ပူးတွဲ စစ်ဦးစီးချုပ်များ ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူက AFP သို့ ပြောကြားသည်။

      မြောက်ကိုရီးယားတို့၏ ထပ်မံ ကျူးကျော်တိုက်ခိုက်မှု မှန်သမျှကို မည်သို့ တုန့်ပြန်မည် ဆိုသည်ကို ဆွေးနွေးရန် အမေရိကန် စစ်ဖက်ထိပ်တန်း တပ်မှူ Admiral Mike Mallen နှင့် တောင်ကိုရီးယား စစ်ဖက် ထိပ်တန်း တာဝန်ရှိသူများ ဆိုးလ်မြို့တော်တွင် တွေ့ဆုံလျက် ရှိသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

From Press Trust of India, 8th December 2010

      မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ တိုင်းပြည် ဒီမိုကရေစီ ထွန်းကားရေးတွင် အိန္ဒိယနိုင်ငံကို ပိုမိုတက်ကြွသော ကဏ္ဍမှ ပါဝင်စေလိုပြီး၊ သူမ၏ အတိုက်အခံ ပါတီနှင့်လည်း ပိုမို တွေ့ဆုံ ညှိနှိုင်းစေလိုသည်ဟု ပြောကြားလိုက်သည်။

      အသက် ၆၅ နှစ်ရှိ နိုဘယ်ဆုရှင်က PTI နှင့် အင်တာဗျူး ပြုလုပ်ရာတွင် အိန္ဒိယနိုင်ငံ အနေဖြင့် ကမ္ဘာ့ အကြီးဆုံး ဒီမိုကရေစီနိုင်ငံအဖြစ် အများက သတ်မှတ်ထားသည့်အတိုင်း စောင့်ထိန်း လုပ်ဆောင်ရမည် ဖြစ်ပြီး မြန်မာနိုင်ငံမှ ကူးသန်းရောင်းဝယ်ရေး အကျိုးစီးပွားများကြောင့် ပြင်ဆင် ပြောင်းလဲခြင်း မပြုသင့်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

      အိန္ဒိယနိုင်ငံက မြန်မာစစ်ဖက် အစိုးရနှင့် စီးပွားရေးသဘောအရ ပိုမို ညှိနှိုင်း ဆောင်ရွက်လာခြင်းကို အတိုက်အခံ ခေါင်းဆောင်က မှတ်ချက်ပေးရာတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အာဏာရ စစ်ဖက် အစိုးရနှင့် အိန္ဒိယနိုင်ငံတို့၏ ညှိနှိုင်းမှုကို သူမအနေဖြင့် ကန့်ကွက်စရာ မရှိသော်လည်း မြန်မာနိုင်ငံ ဒီမိုကရေစီ ထွန်းကားရေးတွင် အိန္ဒိယနိုင်ငံကို ပိုမို တက်ကြွသော ကဏ္ဍမှ ပါဝင်စေလိုပြီး၊ သူမ၏ NLD ပါတီနှင့်လည်း နှီးနှောတိုင်ပင်မှုများ ရှိစေချင်သည်ဟု ပြောဆိုခဲ့သည်။

      "မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ထွန်းကားရေး လုပ်ငန်းစဉ်ကို ကူညီဖို့ ကြိုးစားတဲ့ အနေနဲ့ ပိုမို တက်ကြွတဲ့ ကဏ္ဍကနေ အိန္ဒိယနိုင်ငံ ပါဝင်တာကို ကျွန်မတို့ မြင်ချင်ပါတယ်။ ဒီမိုကရေစီ အတွက် အလုပ်လုပ်နေတဲ့ ကျွန်မတို့နဲ့လည်း အိန္ဒိယ အစိုးရက ပိုမိုညှိနှိုင်းတာမျိုး ဖြစ်စေချင်ပါတယ်" ဟု နိုဘယ်ဆုရှင်က ရန်ကုန်မှ တယ်လီဖုန်းဖြင့် ပြောကြားသည်။

      ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံအဖြစ် အများသိထားကြတဲ့အတိုင်း ပြီးခဲ့တဲ့ ဆယ်စုနှစ်များက အိန္ဒိယရဲ့ ကဏ္ဍဟာ ခိုင်ခိုင်မာမာ အထောက်အကူ ပြုခဲ့ပါတယ်။ ဒီကိစ္စအတွက် ဂုဏ်ယူစရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် လောလောဆယ် အာရုံစူးစိုက်မှုက စီးပွားရေးဖက်ကို ပြောင်းသွားပြီလို့ ဆိုနိုင်ပါတယ်ဟု သူမက ပြောကြားသည်။ အိန္ဒိယ အစိုးရ အနေဖြင့် မြန်မာနိုင်ငံသို့ လာသည့်အခါတွင် စီးပွားရေး အမြင်ထက် ကျော်လွန်ပြီး ရှုမြင်နိုင်စေရန် သူမ မျှော်လင့်သည်ဟု သူမက ဆက်လက် ပြောကြားသည်။

      ၁၉၈၀ ခုနှစ်များက အိန္ဒိယနိုင်ငံတွင် နေထိုင်ခဲ့ဘူးသူ ဒေါ်အောင်ဆန်းစုကြည်သည် ၇ နှစ် ကျော်ခန့် ဆက်တိုက် ထိန်းသိမ်းခြင်း ခံရပြီးနောက် နိုဝင်ဘာ ၁၃ ရက်တွင် ရန်ကုန်မြို့၌ လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

      ဒေါ်အောင်ဆန်းစုကြည်ကို တစ်ချိန်က ခိုင်ခိုင်မာမာ ထောက်ခံခဲ့ဖူးသော အိန္ဒိယနိုင်ငံသည် ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးဆိုင်ရာများအပေါ် စိုးရိမ်ပူပန်ခြင်းထက် လုံခြုံရေးဆိုင်ရာ၊ စွမ်းအင်ဆိုင်ရာ၊ မဟာဗျူဟာဆိုင်ရာ လိုအပ်ချက်များက ပိုမို ကျော်လွန် မြင့်မားလာသည့် အလျောက် ၁၉၉၀ ခုနှစ်များ၏ အလယ်ခန့်တွင် မြန်မာစစ်ဖက် အုပ်ချုပ်သူများနှင့် တွေ့ဆုံ ညှိနှိုင်းမှုကို စတင် ပြုလုပ်ခဲ့သည်။

      အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံမှ ဓာတ်ငွေ့နှင့် အနေအထား လျှပ်စစ် စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းကို မြှင့်တင်ရန် ဆန္ဒပြင်းပြနေပြီး၊ ရေနံနှင့် ဓာတ်ငွေ့ လုပ်ကွက်များကို လှမ်းမျှော် လေ့လာလျက် ရှိသလို အာရှတိုက်ရှိ မဟာဗျူဟာမြောက် နေရာအတွက် ပြိုင်ဆိုင်ရာတွင် တရုတ်နိုင်ငံအား ရှုံးနိမ့်သွားမည်ကို စိုးရိမ် ပူပန်နေသည်။ ထို့အပြင် ၎င်းတို့၏ ဝေးလံ ခက်ခဲသော အရှေ့ဖက်ဒေသ၊ မြန်မာနိုင်ငံနှင့် နယ်စပ် တစ်လျှောက်တွင် လှုပ်ရှားနေသော ခွဲထွက်ရေး လူမျိုးစုများကို နှိမ်နင်းရန်အတွက် မြန်မာ စစ်ဖက် အစိုးရ၏ အကူအညီကို အားကိုးနေရသည်။

      ယခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံ၏ အိမ်တွင်းပုန်း စစ်ဖက် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို နိုင်ငံတော် ခရီးစဉ်အဖြစ် ကြိုဆိုဧည့်ခံခဲ့ပြီး၊ မြန်မာနှင့် မီဇိုရမ် ဆက်သွယ်မည့် လမ်းဖောက်လုပ်ရန် ချေးငွေ ဒေါ်လာ သန်း ၆၀ ကမ်းလှမ်းခဲ့သည့်အပြင် ခေတ်မှီ စိုက်ပျိုးရေး ကိရိယာများ ဝယ်ယူရန် အတွက် ဒေါ်လာ ၁၀ သန်း ပေးအပ်ရန် ကတိပေးခဲ့သည်။

      အမေရိကန် သမ္မတ ဘားရက် အိုဘားမားက နိုဝင်ဘာလတွင် သွားရောက်ခဲ့သည့် ၎င်း၏ နယူးဒေလီ ခရီးစဉ်တွင် မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ညှင်းပန်း နှိပ်စက်မှုများကို ပြစ်တင် ရှုတ်ချရန် ပျက်ကွက်သည့် အိန္ဒိယနိုင်ငံကို ဝေဖန်ခဲ့သော်လည်း အိန္ဒိယနိုင်ငံက ၎င်းတို့၏ မူဝါဒကို ဒေသတွင်း မဟာဗျူဟာမြောက် အကျိုးစီးပွားနှင့် ပထဝီ နိုင်ငံရေး လှုံ့ဆော်မှုများက ချယ်လှယ်နေခြင်းသာ ဖြစ်ကြောင်း ခိုင်လုံစွာရှိကြောင်း ပြောဆိုခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ကိုရီးယားကျွန်းဆွယ်တွင် ဖြစ်ပေါ်နေသော တင်းမာမှုများအားလုံးကို ဖြေရှင်းရာတွင် ဒိုင်ယာလော့ခ်နှင့် ပူးပေါင်းဆောင်ရွက်မှုတို့သည်သာ အကူအညီပေးနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း တရုတ်နိုင်ငံက သုံးသပ်ပြောဆိုသည်။

ငြိမ်းချမ်းမှု ဆက်လက်ထိန်းသိမ်းရေးဟူသော တာဝန်ဝတ္တရားကို ကိုရီးယားကျွန်းဆွယ် ဒေသတွင် ပါဝင်သူများအားလုံးက ပခုံးထမ်း ဆောင်ရွက်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Jiang Yu ကပြောကြားသည်။

မြောက်ကိုရီးယားနိုင်ငံ၏ ရန်စပြုမူမှုများကို ထိန်းချုပ်နိုင်ရေးအတွက် ပြုံယမ်း၏ အနီးကပ် မဟာမိတ်ဖြစ်သူ တရုတ်နိုင်ငံသည် ယခုအခါ အမေရိကန်ပြည်ထောင်စု အပါအဝင်အခြားသော နိုင်ငံများ၏ ဖိအားပေးပြောဆိုမှုနှင့် ရင်ဆိုင်နေရသည်။

မြောက်ကိုရီးယားက တောင်ကိုရီးယား နိုင်ငံပိုင်ကျွန်းတစ်ခုအပေါ် အမြောက်များဖြင့် ပစ်ခတ်တိုက်ခတ်မှုများ ပြုလုပ်ပြီး ရက်သတ္တနှစ်ပတ်ခန့်အကြာတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ယင်းသ သဘောထားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာလ ၂၃ ရက် မြောက်ကိုရီးယား၏ တိုက်ခိုက်မှုကြောင့် တောင်ကိုရီးယား မရိန်းတပ်သား ၂ ဦး၊  အရပ်သား ၂ ဦး စုစုပေါင်း လေးဦးသေဆုံးခဲ့သည်။

ယင်းသို့အရပ်သားများရှိသည့်နေရာသို့ မြောက်ကိုရီးယားဘက်က တိုက်ခိုက်မှုမှာ ပြီးခဲ့သည့် ၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲ ပြီးဆုံးခဲ့သည့်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်။ လက်ရှိ အနေအထားတွင် ကိုရီးယားကျွန်းဆွယ်ဒေသ အခြေအနေမှာ လွန်စွာမတည်မငြိမ်ဖြစ်လျက်ရှိသည်။

မြောက်ကိုရီးယားက သတိပေးပြောဆိုမှုများ ရှိသည့်တိုင် တောင်ကိုရီးယားက အမှန်တကယ် ပစ်ခတ်မှုများပါဝင်သည့် စစ်ရေးလေ့ကျင့်မှုများကိုပြုလုပ်ခဲ့သည်။

ယင်းစစ်ရေးလေ့ကျင့်မှုများကို နှစ်နိုင်ငံနယ်နိမိတ် ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အငြင်းပွားဖွယ် ဖြစ်နေသော ဒေသတွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးသစ်က အကယ်၍ မြောက်ကိုရီးယားကသာ အလားတူ ထပ်မံတိုက်ခိုက်မှုများပြုလုပ်လာပါက လေကြောင်းဖြင့် လက်တုံ့ပြန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သတိပေးပြောကြားသည်။

အမေရိကန်ပြည်ထောင်စု ပူးတွဲစစ်ဦးစီးချုပ် Mike Mullen က တောင်ကိုရီးယား နှင့် အမေရိကန် စည်းလုံးညီညွတ်မှုကိုပြသရန် အလိုငှာ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဆိုးလ်မြို့တော်သို့ သွားရောက်ခဲ့သည်။

Mike Mullen သည် ၎င်းနှင့် ရာထူးအဆင့်တူသူ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်သလို ကာကွယ်ရေးဝန်ကြီး Kim Kwan-jin နှင့်လည်းတွေ့ဆုံမည်ဖြစ်သည်။

ယင်းသို့တွေ့ဆုံရာတွင် မြောက်ကိုရီးယားနိုင်ငံက စစ်ရေးအရရန်စမှုများ၏ ဦးတည်ချက်ကို လေ့လာဆန်းစစ်ကြမည်ဖြစ်သလို နောက်ထပ်ရန်စမှုများ ပြုလုပ်လာပါက မည်သို့မည်ပုံ ဟန့်တားမည်ဟူသော အချက်ကိုဆွေးနွေးကြမည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက သတင်းကြေညာချက် ထုတ်ပြန်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် ရန်ပြုသောအပြုအမူများကို အဆုံးသတ်ရန် တောင်းဆိုထားသည်။ မြောက်ကိုရီးယား၏ ရန်စပြုမူမှုသည် ပြုံယမ်းနျူကလီးယား အစီအစဉ်ဆိုင်ရာ ခြောက်နိုင်ငံဆွေးနွေးပွဲ ပြန်လည် စတင်နိုင်ရေးအတွက် ပဏာမလုပ်ဆောင်ချက်တစ်ရပ် ဖြစ်ကြောင်းပြောဆိုသည်။

ခြောက်နိုင်ငံဆွေးနွေးပွဲကို ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ ဧပြီလက ရပ်ဆိုင်းခဲ့ရသည်။

တရုတ်နိုင်ငံအနေဖြင့် ဒေသတွင်း သံတမန်အရေးကိစ္စတွင် အဓိကကျသော အခန်းကဏ္ဍမှ ဝင်ရောက်ပေးစေလိုကြောင်း ဟီလာရီကလင်တန်က ဝါရှင်တန်၏ သဘောထားကိုပြောဆိုသည်။ ဘေဂျင်းနှင့် မြောက်ကိုရီးယားအကြား ထူးခြားသော ဆက်ဆံရေးရှိနေသည့် ကိစ္စကိုလည်း စိုးရိမ်မိသည်ဟု ဟီလာရီကလင်တန်က ဆိုသည်။

ဝါရှင်တန်မြို့တွင် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး၊ ဂျပန် နိုင်ငံခြားရေးဝန်ကြီး တို့နှင့် တွေ့ဆုံပြီးနောက် ဟီလာရီကလင်တန်က တရုတ်နိုင်ငံအပေါ် ယင်းသို့ ထင်မြင်သုံးသပ်ချက်များ ပေးခဲ့ခြင်းဖြစ်သည်။
BBC
သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နှစ်ပေါင်း ၃ ကျော်ကာလမျှပိတ်ပင်ထားသော ဘုရားသုံးဆူနယ်စပ်ဖြတ်ကျော် ဂိတ်စခန်းကို မြန်မာအာဏာပိုင်များက မမျှော်လင့်ဘဲ ပြန်လည်ဖွင့်လှစ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

ယင်းသို့မြန်မာနိုင်ငံဘက်မှ နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်ပေးလိုက်သည့်အတွက် ကုန်သည်များ အနေဖြင့် ထိုင်းနိုင်ငံ ဆတ်ခလာဘူရီပြည်နယ်နှင့် မြန်မာနိုင်ငံအကြား တရားဝင် ကုန်ပစ္စည်းများ တင်ပို့ခွင့်ရရှိကြပြီဖြစ်သည်။

မြန်မာအာဏာပိုင်များက အဆိုပါ ဘုရားသုံးဆူနယ်စပ်ဂိတ်ကို မမျှော်လင့်ဘဲ ဖွင့်ပေးလိုက်သည့် အတွက် ကုန်သည်များလည်း အံ့အားသင့်လျက်ရှိကြသည်။

အမည်မဖော်လိုသူ ကုန်သည်တစ်ဦးက အဆိုပါ ဘုရားသုံးဆူဂိတ်သည် ခဲ၊ ပရိဘောဂ အစရှိသော အဓိကကျသည့် ကုန်ပစ္စည်းများ ဖြတ်သန်းတင်ပို့ရာ နေရာတစ်ခုဖြစ်ပြီး ယခုလို ဂိတ်ပြန်ဖွင့်လိုက်သည့် အတွက် တရားဝင်ကုန်ကူးခွင့်ရရှိပြီဖြစ်သည်ဟု ဆိုသည်။

ယခုအခါ ထိုင်းနိုင်ငံမှ ဘုရားသုံးဆူဘက်သို့ ဝင်ရောက်လာသူတစ်ဦးလျှင် အမေရိကန် ၁ ဒေါ်လာ နှင့် မော်တော်ကားတစ်စီးလျှင် အမေရိကန် ၁ ဒဿမ ၃၀ ဒေါ်လာစီ မြန်မာ အာဏာပိုင်များက အခွန်ကောက်လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံဘက်သို့ သွားရောက်မည့်သူများကို အခွန်ကောက်ခံခြင်း မရှိကြောင်း အဆိုပါကုန်သည်က ဆက်လက်ပြောဆိုသည်။

အဆိုပါ နယ်စပ်ဂိတ်ကို မမျှော်လင့်ဘဲဖွင့်ခဲ့သောကြောင့် ဒေသခံများက အံ့အားတသင့် ပြောဆိုဝေဖန်မှုများ ရှိသော်လည်း ယင်းသို့နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ပေးခြင်းသည်
မြန်မာနိုင်ငံခြားရေး ဝန်ကြီးဦးဉာဏ်ဝင်းနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Kasit Piromya တို့ လျှို့ဝှက်စွာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီးရက်ပိုင်းတွင် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

ဦးဉာဏ်ဝင်းနှင့် မစ္စတာ Kasit Piromya တို့တွေ့ဆုံဆွေးနွေးရာတွင် တာချီလိတ် နယ်စပ်ဂိတ်နှင့် မြဝတီ-မဲဆောက် နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ရေးကိုလည်း အဓိကအာရုံစိုက် စေ့စပ်ညှိနှိုင်းခဲ့ဖွယ်ရှိကြောင်း ထင်ကြေးပေးပြောဆိုမှုများ ထွက်ပေါ်လျက်ရှိသည်။

မြဝတီ-မဲဆောက်နယ်စပ်ဂိတ်ကို ပြီးခဲ့သည့် ဇူလိုင်လအတွင်း မြန်မာအာဏာပိုင်များက ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံသည် နယ်စပ်ကုန်သွယ်ရေးမှ တစ်နှစ်လျှင်အမေရိကန်ဒေါ်လာ ၄ ဒဿမ ၃ ဘီလီယံခန့်ရရှိနေသည်။ ထိုင်း-မြန်မာနယ်စပ်ဒေသတွင် တရားမဝင်နယ်စပ်ဂိတ်နှင့် တရားဝင် နယ်စပ်ဂိတ်စုစုပေါင်း ၂၀ ရှိသည်။

DVB သတင်းကိုဘာသာပြန်ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံ၏ အနာဂတ်နိုင်ငံရေးသည် လာမည့်နှစ်လအတွင်း အရေးအကြီးဆုံးသော အခြေအနေထဲသို့ ရောက်ရှိနေမည်ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သတိပေးပြောကြားလိုက်သည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွင်း ရပ်တည်မှုအခြေအနေကို နောင်နှစ်လအတွင်း အဆုံးအဖြတ် ပေးမည်ဖြစ်သည်ဟု မစ္စတာ ဘန်ကီမွန်းက ဆိုသည်။

ကုလအထွေထွေ အတွင်းရေးမှူးချုပ်က လတ်တလောမြန်မာနိုင်ငံတွင် ကျင်းပပြီး ဆုံးသွားသော ရွေးကောက်ပွဲနှင့်ပတ်သက်သော ဘဝင်မကျနိုင်စရာ အခြေအနေများကို အခြေခံကာ ယင်းသို့ ထင်မြင်သုံးသပ်ချက် ပေးလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ မိတ်ဆွေသူငယ်ချင်းများအုပ်စုဟု အမည်ရသော အဖွဲ့တစ်ခုတွင်ပြုလုပ်သည့် ဆွေးနွေးပွဲသို့ နိုင်ငံပေါင်း ၁၂ နိုင်ငံကျော် တက်ရောက်ခဲ့သလို ဒေသတွင်း အဖွဲ့အစည်းများလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲတွင် မစ္စတာ ဘန်ကီမွန်းက မြန်မာနိုင်ငံတွင်း နိုင်ငံရေး အသွင်ကူးပြောင်းမှု ဖြစ်စဉ်နှင့်ပတ်သက်၍ လွန်စွာစိုးရိမ်ပူပန်မိကြောင်းပြောဆိုသည်။

အဆိုပါဖြစ်စဉ်တွင် ရွေးကောက်ပွဲ၌ အနိုင်ရရှိသူများသာမက ရွေးကောက်ပွဲတွင်ရှုံးနိမ့်သူ သို့မဟုတ် ပါဝင်ယှဉ်ပြိုင်ခွင့်မရရှိခဲ့သူများ အားလုံးပါဝင်ရမည်ဖြစ်ကြောင်း မစ္စတာ ဘန်ကီမွန်းက ဆိုသည်။

"မြန်မာနိုင်ငံရှေ့ဆက်သွားမယ့် ခရီးစဉ်ကိုထောက်ဆပြီး မြန်မာအာဏာပိုင်တွေအနေနဲ့ နိုင်ငံရေးအသွင် ကူးပြောင်းမှုအဆင့်ကို ရောက်အောင်လုပ်ဖို့ ကျွန်တော်တို့ အဆက်မပြတ် အားပေးအားမြောက် ပြုလုပ်ဖို့လိုပါတယ်" ဟု မစ္စတာ ဘန်ကီမွန်း၏ပြောကြားချက်ကိုကိုးကားပြီး ကုလ ပြောရေးဆိုခွင့်ရှိသူ မာတင်နက်စကီးက ပြောကြားသည်။

အထက်ပါဆွေးနွေးပွဲတွင် မစ္စတာဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ ဗီဂျေနမ်ဘီးယားကလည်း မြန်မာနိုင်ငံအကြောင်း အကျဉ်းချုံးဆွေးနွေးခဲ့သည်။ မစ္စတာ ဗီဂျေနမ်ဘီးယားသည် မြန်မာနိုင်ငံသို့လာရောက်ပြီး စစ်အစိုးရ ခေါင်းဆောင်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သူဖြစ်သည်။ ခရီးစဉ်တွင်း ကုလသမဂ္ဂက အဆိုပြုထားသည့်အတိုင်း ဖွံ့ဖြိုးရေး လုပ်ဆောင်ချက်များလုပ်ကိုင်ရန် အာဏာပိုင်များကို တိုက်တွန်းခဲ့ကြောင်း ၎င်းက ပြောကြားသည်။

အထူးအကြံပေးအရာရှိမစ္စတာ ဗီဂျေနမ်ဘီးယား၏ အစီရင်ခံစာကို ဂရုတစိုက် နားထောင်ပြီးနောက် မစ္စတာဘန်ကီမွန်းက ယခုလိုမှတ်ချက်ပြုသည်။ "ဝမ်းနည်းစရာ ကောင်းသည့်အချက်မှာ မြန်မာနိုင်ငံတွင် ကျင်းပပြီးဆုံးသွားသော ရွေးကောက်ပွဲသည် နိုင်ငံတကာ အသိုင်းအဝိုင်းက မျှော်မှန်းထားသလို မဖြစ်ခဲ့ခြင်းပင်ဖြစ်သည်" ဟု ကုလအထွေထွေ အတွင်းရေးမှူးက ဆိုသည်။

မြန်မာ့အရေးနှင့် ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်း၏ သဘောတူညီချက်များစွာ လိုအပ်နေကြောင်း ယင်းအစည်းအဝေးတွင် မှတ်ချက်ချနိုင်ခဲ့သည်။ နိုင်ငံရေး၊ လူသားချင်းစာနာ ထောက်ထားသော အကူအညီများပေးရေး၊ ဖွံ့ဖြိုးရေးအစရှိသော နယ်ပယ်များတွင် ကုလသမဂ္ဂ၏ စေ့စပ်ညှိနှိုင်းမှုကို ကောင်းစွာနားလည်သဘောပေါက်ရန် လိုအပ်ကြောင်း ထည့်သွင်း ပြောဆိုခဲ့ကြသည်။

မစ္စတာ ဗီဂျေနမ်ဘီးယားသည် မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံဆွေးနွေးခွင်ရရှိခဲ့သလို ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အခြားသော အဓိကနိုင်ငံရေးပါတီကြီးများမှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံနိုင်ခဲ့ကြောင်း သိရသည်။

UN News Center မှသတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

From Arab News, By Reutrs, 7th Dec

      ဆင်းရဲပြီး၊ အရှေ့တောင်အာရှ၏ ကုန်းတွင်းပိတ်နိုင်ငံတစ်ခု ဖြစ်သော လာအိုနိုင်ငံသည် အိမ်နီးချင်းတရုတ်နှင့်လည်းကောင်း၊ အာရှတလွှားနှင့်လည်းကောင်း ကုန်သွယ်ရေး တိုးမြှင့်ရန် ရည်ရွယ်လျက် တရုတ်နှင့် ဆက်သွယ်သော ရထားလမ်းကို ၂၀၁၄ ခုနှစ်တွင်ပြီးစီးရန် ရည်မှန်းထား သည်ဟု လာအိုဒုဝန်ကြီးချုပ်က အင်္ဂါနေ့က ပြောကြားလိုက်သည်။

      ယခုရထားလမ်းမှာ စီမံကိန်းကြီးဖြစ်သော တရုတ်အနောက်တောင် ကူမင်းမြို့နှင့် စကာင်္ပူ ဆက်သွယ်ရာတွင် ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီယား၊ ဗီယက်နမ်နှင့် မလေးရှား အပါအဝင် ရထား လမ်းကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

      လာအို ဒုတိယဝန်ကြီးချုပ် Somsavat Lengsavad က Beijing ရှိ ကွန်ဖရင့်တစ်ခုတွင် ပြောကြားရာ၌ လာအိုမှ တရုတ်သို့ ဆက်သွယ်သော ရထားလမ်းကို ပြီးခဲ့သည့် ဧပြီလက နှစ်ဖက် သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၁ အစောပိုင်းတွင် စတင်ဆောင်လုပ်ပြီး ပြီးစီရန် လေးနှစ်ကြာမည်ဟုဆိုပါသည်။

      "လာအိုနိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး အဆင့်က လွတ်မြောက်ဖို့၊ ကျွန်တော်တို့ အစိုးရဟာ အာဆီယံနိုင်ငံများ အချင်းချင်း၊ အာဆီယံ-တရုတ် အစုအဖွဲ့မှာ ပါဝင်နိုင်ဖို့ ရည်ရွယ်ပြီး ဆက်သွယ်ရေး အခြေခံ အဆောက်အဦးများ တိုးတက်ဖို့ ရင်းနှီးမြှုပ်နှံလျက်ရှိပါတယ်" ဟု ၎င်းကပြောသည်။

      "ဒီပရောဂျက်ဟာ လာအိုနိုင်ငံရဲ့ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အရေးကြီးတဲ့ ကဏ္ဍက အထောက်အကူပြုလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ထို့အတူ အာဆီယံ-တရုတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေးကိုလည်း အထောက်အကူပြုလိမ့်မယ်လို့ ယုံကြည်ပါတယ်" ဟု Lengsavad ကထည့်သွင်းပြောကြားခဲ့သည်။

      "ဒီရထားလမ်းဟာ မူလစီမံချက် အသေးစိတ် (masterplan) ဖြစ်တဲ့ အာဆီယံဒေသတွင်း ဆက်သွယ်မှုမှာ အထောက်အကူဖြစ်လိမ့်မယ်။ ဒါ့အပြင် အထောက်အကူဖြစ်မှာပါပဲ" ဟု ၎င်းက ပြောသည်။ ယခု ရထားလမ်းသည် မြန်နှုန်းမြင့်ရထားလမ်း ဖြစ်မည်ဟု ၎င်းကပြောခဲ့သည်။

      လာအိုသည် ထိုင်းနိုင်ငံနှင့် ရထားလမ်း ဆက်သွယ်မှု ရှိပြီးဖြစ်ရာ လာအိုမြို့တော် ဗီယင်းကျင်း မြို့ပြင် အထိသာရောက်ရှိသည်။

      တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်သည် ပြီးခဲ့သည့် ဇန်နဝါရီလ ကတည်းက စတင်သက်ဝင်ခဲ့ရာ လူဦးရေ ၁.၉ ဘီလီယံ ပါဝင်သော စီးပွားရေး အဖွဲ့ကြီးဖြစ်သည်။

      တရုတ် ကုမ္ပဏီများသည် လာအိုနိုင်ငံတွင် သစ်ခုတ်ခြင်း လုပ်ငန်းရှင်နှင့် ရေအားလျှပ်စစ် လုပ်ငန်းများတွင် ပါဝင်လျက်ရှိသည်။ တရုတ်သည် လမ်းများဖောက်လုပ်ခြင်း၊ ဈေးများ ဆောက်လုပ်ခြင်းနှင့် အခြားအခြေခံ အဆောက်အဦးများတွင် အကူအညီပေးလျက် ရှိပြီး၊ လာအိုနိုင်ငံ၏ ထုံးတမ်းအစဉ်အလာအရ ဗီယက်နမ်နှင့် နီးကပ်သော ဆက်ဆံရေးကို စိန်ခေါ်လျက် ရှိနေပြီ ဖြစ်သည်။

      တရုတ်နှင့်လာအိုကြားနှစ်နိုင်ငံ ကုန်သွယ်ရေးမှာ ၅၀%ခန့်တိုးတက်လာခဲ့ပြီး (၂၀၀၉) ခုနှစ်တွင် ဒေါ်လာ (၇၅၁.၈)သန်းရှိသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.