Transparency Myanmar

transparency.myanmar@gmail.com

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကူမင်းမြို့နှင့် မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့အကြား မီးရထားလမ်း ဆက်သွယ်ဖောက်လုပ်မည့် စီမံကိန်းကို လာမည့် နှစ်လအတွင်း အကောင် အထည်ဖော်မည်ဖြစ်သည်ဟု မြန်မာသံရုံးမှ ကောင်စစ်ဝန် ဦးလှိုင်မြင့်ဦးက အတည်ပြုပြောကြားကြောင်း 21 Century Business Herald ကရေးသားဖော်ပြသည်။

ထို့အတူ ထိုင်းနိုင်ငံသည်လည်း တရုတ်နိုင်ငံနှင့် အကြားမီးရထားလမ်း ဖောက်လုပ်ရေး အတွက် နားလည်မှုစာချွန်လွှာ တစ်ရပ် လက်မှတ်ရေးထိုမည်ဟု မျှော်လင့်ရကြောင်း ထိုင်းသံရုံးမှ Warawudh Chuwiruch ကပြောကြားသည်။ ထိုင်းနိုင်ငံနှင့်တရုတ်နိုင်ငံအကြား မြန်နှုန်းမြင့် မီးရထားလမ်းဖောက်လုပ်ရန် လက်မှတ်ရေးထိုးမည်ဖြစ်သည်ဟု ၎င်းကဆိုသည်။

"တရုတ်နိုင်ငံက ရထားလမ်းဖောက်လုပ်တဲ့ကိစ္စမှာ နည်းပညာနဲ့ ငွေကြေး ထောက်ပံ့မှာပါ။ တရုတ်ဘက်က ဘယ်ကုမ္ပဏီလုပ်ငန်းနဲ့ ပူးပေါင်းလုပ်ကိုင်မယ်ဆိုတာကို ဆုံးဖြတ်ပါလိမ့်မယ်" ဟု မစ္စတာ Warawudh ကပြောသည်။ တရုတ်-အာဆီယံ စီးပွားရေးကောင်စီမှ အထွေထွေ အတွင်းရေးမှူး Xu Ningning က လက်ရှိအနေအထားတွင် တရုတ်နှင့်အာဆီယံအကြား ရေကြောင်း ပို့ဆောင်ရေးလုပ်ငန်းဖြင့် ကုန်သွယ်ရေးလုပ်ကိုင်မှုများ မြင့်တက်လာလျက်ရှိသည်ဟု ဆိုသည်။ "နှစ်နိုင်ငံအကြား ကုန်သွယ်ရေးက ကြီးထွားနေပါတယ်။ သယ်ယူပို့ဆောင်ရေးကဏ္ဍကတော့ ပုံစံအမျိုးမျိုး ကွဲပြားသွားပါလိမ့်မယ်" ဟု ၎င်းကဆက်လက်ပြောဆိုသည်။

Xinhua သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မကြာသေးခင်က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်ပြည်ထောင်စု ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Joesph Yun တို့တွေ့ဆုံပြီး စီးပွားရေးပိတ်ဆို့မှုဆိုင်ရာ အရေးကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

"ကျွန်မတို့ အများကြီးဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ နောက်ပြီး ဆွေးနွေးတဲ့ကိစ္စတွေထဲမှာ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေလည်း ပါဝင်ပါတယ်။ အသေးစိတ်ကိုတော့ မပြောနိုင်ပါဘူး" ဟု နိုဗယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏နေအိမ်တွင် ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီပါတီ(NLD) ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များလည်း အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။ ၇နှစ်ကြာ နေအိမ်အကျယ်ချုပ် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရရာမှ ပြန်လည်လွတ်မြောက်လာသူ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှုများနှင့် ပတ်သက်၍ ပြန်လည် သုံးသပ်ကြည့် လိုကြောင်း အစောပိုင်းက ထုတ်ဖော် ပြောဆိုခဲ့သေးသည်။ အဆိုပါ ပိတ်ဆို့အရေးယူမှုများသည် စစ်အစိုးရကို ထိခိုက်မှုမရှိဘဲ ပြည်သူလူထုအပေါ်သာ ထိခိုက်စေကြောင်း လေ့လာသုံးသပ်သူအချို့က ထောက်ပြကြသည်။

မစ္စတာ Joesph Yun သည် ဒီဇင်ဘာလ  ၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး မြို့တော်နေပြည်တော်တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ ရဲချုပ် ခင်ရီအပါအဝင် အခြားသောအစိုးရ အရာရှိကြီးများနှင့်လည်း တွေ့ဆုံခဲ့သည်။

"ကျွန်တော်တို့ ဆွေးနွေးပွဲကို ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရး ကိစ္စကိုလည်း ဆွေးနွေးဖြစ်ခဲ့ကြပါတယ်" ဟု NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ပြောကြားသည်။ "သူက အာရှသားဖြစ်တဲ့အတွက် ကျွန်တော်တို့နဲ့ စကားပြောတဲ့ အခါမှာ ပိုပြီးရင်းနှီးမှုရှိသလို ခံစားရပါတယ်" ဟု ၎င်းကဆက်လက်ပြောဆိုသည်။

မစ္စာ Joesph သည် အာရှပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး တစ်ဦးဖြစ်ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့သည်။ ၎င်းသည် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲကျင်းပပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်သော အဆင့်မြင့် အမေရိကန်သံတမန် အရာရှိကြီးတစ်ဦးလည်း ဖြစ်သည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမားက မြန်မာရွေးကောက်ပွဲသည် အတုအယောင်မျှသာ ဖြစ်သည်ဟု သတ်မှတ်ပြောဆိုသည်။ အကြောင်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားနိုင်ငံရေး အကျဉ်းသားများ ပါဝင်ခွင့်မရရှိအောင် ဥပဒများဖြင့် တစ်ဖက်သတ်ပြဌာန်းထားသောကြောင့် ဖြစ်သည်။ အဆိုပါဥပဒေများသည် စစ်အစိုးရကျောထောက်နောက်ခံ နိုင်ငံရေးပါတီသာ အနိုင်ရရှိအောင် ဒီဇိုင်းဆွဲထားခြင်းဖြစ်သည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။ သို့သော် အမေရိကန် ပြည်ထောင်စုသည် မြန်မာစစ်အစိုးရနှင့် သံတမန်ရေးနှင့် စီးပွားရေးနည်းလမ်းအရ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်လိုကြောင်း ထုတ်ဖော်ပြေဆိုထားသည်။

အကြောင်းမှာ မြန်မာနိုင်ငံတွင်းစစ်မှန်သော ပြုပြင်ပြောင်းလဲမှုများ ထွက်ပေါ်လာရန်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း မြန်မာစစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်လိုသည်ဟု နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ထုတ်ဖော်ပြောဆိုထားသည်။

Monster and Critis မှသတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အာဖရိကဒေသတွင်း တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကြီးထွားလာမှုကို အမေရိကန် ပြည်ထောင်စုက အနီးကပ်စောင့်ကြည့် လေ့လာလျက်ရှိကြောင်း WikiLeaks ကထုတ်ပြန်သော လျှို့ဝှက်သံတမန် ကြေးနန်းတစ်ရပ်အရသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းပေးပို့ခဲ့သော ကြေးနန်းတစ်စောင်အရ နိုက်ဂျီးရီးယားနိုင်ငံ၊ လာဂိုမြို့တော်အခြေစိုက် အမေရိကန်သံတမန် အရာရှိကြီးတစ်ဦးက တရုတ်နိုင်ငံကို "ရက်စက်ကြမ်းကြုတ်ပြီး ဖျက်လိုဖျက်စီးလုပ်လိုသော"နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ပြောဆိုခဲ့ကြောင်း သိရသည်။

သို့သော် တရုတ်ပြည်သည် စစ်မက်ရေးအရလုံခြုံရေး သို့မဟုတ် ထောက်လှမ်းရေးဆိုင်ရာ ခြိမ်းခြောက်မှုပေးနေသည့် နိုင်ငံတစ်ခုဟု မထင်မှတ်ကြောင်း အဆိုပါသံတမန်ကဆိုသည်။ လွတ်လပ်သော မီဒီယာသစ်တစ်ခုဖြစ်သည့် WikiLeaks သည် လက်ရှိအချိန်အထိ လျှို့ဝှက်အမေရိကန် ကြေးနန်း ၁၁၀၀ ခန့် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ဘီဘီစီသတင်းထောက်က ယခုနောက်ဆုံးWikiLeaks ကထုတ်ပြန်လိုက်သော စာရွက်စာတမ်းများသည် အာဖရိကတိုက်တွင်း အမေရိကန် ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့ အားပြိုင်မှုကို အတွင်းကျကျ သိနိုင်အောင် အထောက်အပံ့ပေးကြောင်း ပြောကြားသည်။ အဆိုပါ ကြေးနန်းကို The Guardian သတင်းစာတွင် ထုတ်ဖော်ခဲ့ပြီး ကြေးနန်းတွင် အာဖရိကရေးရာအမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Johnnie Carson ၏ပြောဆိုမှုများကို ကိုးကားဖော်ပြထားသည်။ မစ္စတာ Johnnie Carson က ဖေဖော်ဝါရီလအတွင်း လာဂိုမြို့တော်တွင်ပြုလုပ်သော ရေနံကုမ္ပဏီ ကိုယ်စားလှယ်များ အစည်းအဝေး တွင် တရုတ်နိုင်ငံနှင့် ပတ်သက်၍ ယင်းသို့ မှတ်ချက်ပေးခြင်းဖြစ်သည်။

မစ္စတာ Johnnie Carson က တရုတ်နိုင်ငံသည် "လွန်စွာကြမ်းကြုတ်သော၊ ဖျက်လိုဖျက်စီး လုပ်လိုသည့် စိတ်ဓာတ်ရှိသော စီးပွားရေးပြိုင်ဘက်တစ်ဦးဖြစ်ပြီး အကျင့်စာရိတ္တလည်း မရှိ" ဟု ဆိုသည်။ "တရုတ်ဟာ အာဖရိကအရေးကိစ္စအတွက် အာဖရိကမှာရှိနေတာမဟုတ်ဘူး။ တရုတ်ဟာ တရုတ်ကိုယ်ကျိုးအတွက်သာ အာဖရိကမှာရှိနေတာပါ" ဟု ဆိုသည်။

ထို့ပြင်သူက "အာဖရိကမှာ တရုတ်နိုင်ငံရှိနေတဲ့ ဒုတိယအချက်က ကုလသမဂ္ဂမှာ အာဖရိကနိုင်ငံတွေရဲ့ မဲလိုချင်လို့ပဲ" ဟု ၎င်းကဆိုသည်။ တရုတ်သည် အမေရိကန် ပြည်ထောင်စုအတွက် စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများပေးနေသည့် နိုင်ငံတစ်ခုအဖြစ် မရှုမြင်ကြောင်း၊ "သူတို့အာဖရိကမှာ စစ်ရေးဆိုင်ရာ သဘောတူညီချက်စာချုပ်တွေ ချုပ်ထားပြီပြီလား။ သူတို့က အာဖရိကသားတွေကို စစ်ရေးလေ့ကျင့်မှုတွေ လုပ်ပေးနေလား။ အာဖရိကမှာ ထောက်လှမ်းရေးမစ်ရှင်တွေ လုပ်နေပြီလား" ဟု သူကမေးခွန်းထုတ်သည်။ အမေရိကန် ပြည်ထောင်စုအနေဖြင့် တရုတ်နိုင်ငံတွင် ဒီမိုကရေစီထွန်းကားအောင် ဆက်လက် တွန်းအားပေးသွားမည်ဖြစ်ကြောင်း၊ အာဏာရှင်ဆန်သော တရုတ်အရင်းရှင်စနစ်သည် နိုင်ငံရေးအရ စိန်ခေါ်လျက်ရှိကြောင်း မစ္စတာ Johnnie Carson ကဆက်လက်ပြောဆိုသည်။ တရုတ်သည် ဇင်ဘာဘွေ နိုင်ငံသမ္မတ ရောဘတ်မူဂါဘီ နှင့်အပေးအယူများ ပြုလုပ်လျက်ရှိသလို ဆူဒန်သမ္မတ ဘာရှိယာ နှင့်လည်း အပေးအယူလုပ်နေကြောင်း အဆိုပါကြေးနန်းအရသိရသည်။

အမေရိကန်လျှို့ဝှက်သံတမန် ကြေးနန်းတွင် တရုတ်နိုင်ငံနှင့် ကင်ညာနိုင်ငံတို့၏ စစ်တပ်နှင့် ထောက်လှမ်းရေးဆိုင်ရာ အစီရင်ခံစာများလည်း ပါဝင်သည်။ တရုတ်နိုင်ငံသည် ကင်ညာတွင် တယ်လီဖုန်း ဆက်သွယ်ရေးဆိုင်ရာ စက်ပစ္စည်းများ တပ်ဆင်ပေးလျက်ရှိပြီး ကန်ထရိုက် စာချုပ်များလည်း ချုပ်ဆိုထားသည်။ ဘီဘီစီသတင်းထောက် Jonathan Marcus က လျှို့ဝှက် ကြေးနန်းများကြောင့် အာဖရိကတွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို Case Study ပြုလုပ်နိုင်ကြောင်း ပြောကြားသည်။ ကင်ညာနိုင်ငံတွင် တရုတ်သြဇာလွှမ်းမိုးမှုမှာ အဆက်မပြတ်တိုးပွားလျက်ရှိပြီး အခြေခံအဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းများတွင်လည်း ပါဝင်လျက်ရှိသည်။

BBC သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံ၏ စီးပွားရေးသည်အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှု ခံထားရသည့်တိုင် မြို့တော်နေပြည်တော်တွင် ပြီးခဲ့သည့်နိုဝင်ဘာလက ကျင်းပပြုလုပ်ခဲ့သော ကျောက်မျက်ရတနာပြပွဲ က ငွေကြေးတန်ဖိုး မြောက်မြားစွာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း Reuters သတင်းအရသိရသည်။

အဆိုပါ ကျောက်မျက်ရတနာပြပွဲတွင် တင်သွင်းရောင်းချသော ကျောက်မျက်အထည် အားလုံး၏ ၉၀ ရာခိုင်နှုန်းခန့်ကို ရောင်းချနိုင်ခဲ့ကြောင်း ပြည်တွင်းထုတ် Weekly Eleven သတင်းဂျာနယ်က ရေးသားဖော်ပြသည်။ Reuters သတင်းအဆိုအရ ယင်းပြပွဲတွင် အမေရိကန် ဒေါ်လာ ၁ ဒဿမ ၄၄ ဘီလီယံ တန်ဖိုးထိရောင်းချခဲ့ရပြီး ကျောက်စိမ်းအတွဲ ၉၀၀၀ ကျော် ပါဝင်ကြောင်း၊ အခြားသောကျောက်မျက်အတွဲ ၂၇၃တွဲ၊ ပုလဲ ၂၁၇ တွဲထိ ရောင်းချခဲ့ရကြောင်း သိရသည်။

"ဒီပြပွဲကြီးဟာ ၁၉၆၄ ခုနှစ်နောက်ပိုင်း ကျောက်စိမ်း၊ ကျောက်မျက်ရတာ နဲ့ ပုလဲတွေ အများဆုံး ရောင်းချနိုင်ခဲ့တဲ့ပြပွဲဖြစ်ပါတယ်" ဟု အစိုးရအရာရှိတစ်ဦးက Reuters သတင်းဌာနသို့ ပြောကြားသည်။ ပြပွဲသို့ တက်ရောက်လာသူ ရတနာကုန်သည် ၆၇၀၀ ရှိသည့်အနက် ၄၀၀၀ ခန့်မှာ နိုင်ငံခြားသား ကျောက်မျက်ကုန်သည်များဖြစ်သည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ကျောက်စိမ်းနှင့် ကျောက်မျက်ရတာ ၉၀ ရာခိုင်နှုန်းခန့် ထုတ်လုပ်နိုင်သည်ဟု ခန့်မှန်းရပြီး အဆိုပါကျောက်မျက်များမှာ အိမ်နီးချင်းတရုတ် နိုင်ငံသို့ အများဆုံးတင်ပို့ရောင်းချရပြီး စင်ကာပူကဲ့သို့ ဒေသတွင်းနိုင်ငံများသို့လည်း တင်ပို့လျက်ရှိသည်။

တွင်းထွက်ကျောက်မျက်ရတနာ အများစုမှာ တိုင်းရင်းသားလူနည်းစုများ နေထိုင်ရာဒေသများ၊ အထူးသဖြင့် ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှ အများဆုံးထွက်ရှိသည်၊ အဆိုပါဒေသတွင် ကျောက်မျက်တူးဖော်ရေး လုပ်ကိုင်နေသော ကျောက်တူးသမားများ၏ လူမှုဘဝအခြေအနေမှာ လွန်စွာဆိုးရွားသည်။

ကျောက်တွင်း အတော်များများကိုလည်း မြန်မာစစ်တပ်ကပင် ထိန်းချုပ်ထားပြီး ကျောက်တွင်းအချို့ကို ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ကို ၁၉၉၄ ခုနှစ်ကတည်းက လက်လွှဲ ရယူထားသည်။ အဆိုပါနှစ်တွင် KIO နှင့် မြန်မာစစ်တပ်အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်လည်း ပေးထားသည်။

စစ်အစိုးရက ကချင်ပြည်နယ်တွင် ကျောက်မျက်တူးဖော်ရေး လုပ်ငန်းလုပ်ကိုင်ရန် ကုမ္ပဏီ ၃၀ ခန့်ကို သီးသန့်ရွေးချယ်ပြီး လိုင်စင်ချပေးခဲ့သည်။ အမေရိကန်ပြည်ထောင်စု နှင့်အနောက်နိုင်ငံများက ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလတွင် မြန်မာနိုင်ငံမှတင်ပို့သော ကုန်ပစ္စည်းအမြောက်အမြားကို တင်သွင်းခွင့် ပိတ်ပင်ခဲ့သည်။ မြန်မာစစ်အစိုးရသည် ပုံမှန်အားဖြင့် နှစ်စဉ် ကျောက်မျက်ရတနာ ရောင်းချမှုများကို လူသိရှင်ကြားပြုလုပ်လေ့မရှိပေ။ သို့သော် ယခုပြပွဲတွင် ကျောက်မျက်ရတနာ ရောင်းအားအလွန် ကောင်းခဲ့ပုံရကြောင်း၊ အစိုးရအနေဖြင့် ပို့ကုန်တင်ပို့မှုနှင့် ကုန်ပစ္စည်းတင်သွင်းမှု အစရှိသော အခန်းကဏ္ဍကို မြင့်တင်လိုသည့် ဆန္ဒရှိပုံရကြောင်း လေ့လာသုံးသပ်သူများကဆိုသည်။
DVB
သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.