Transparency Myanmar

transparency.myanmar@gmail.com

AP, 10th December 2010

အကြီးတန်း အမေရိကန် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်သည် သောကြာနေ့က ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ စစ်အစိုးရအပေါ် ချမှတ်ထားသော အရေးယူမှုများ ကိစ္စ ဆွေးနွေးခဲ့သည်ဟု ဆိုသည်။ ဝါရှင်တန် အနေဖြင့် အထီးကျန် ပြုထားမှုကို ဖြေလျော့ပေးရန် စဉ်းစား သင့်မသင့် ဆွေးနွေးကြသည်။

ယမန်နှစ်က သမ္မတ Barack Obama က ဆယ်စုနှစ် များစွာ ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများသည် မြန်မာနိုင်ငံ ပြောင်းလဲရေးအတွက် မအောင်မြင်သောကြောင့် တွေ့ဆုံ ဆွေးနွေးခြင်းသည် ပို၍ ရလဒ် ကောင်းမည်လားဟု ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း ယမန်နှစ်က သူမ အနေနှင့် နှစ်ရှည်လများ ထောက်ခံခဲ့သော အရေးယူမှုများ ဖြေလျော့ရေးကို သူမ ကူညီနိုင်မည် ဖြစ်ကြောင်း အကြံပြုခဲ့သည်။

သို့သော် ပြီးခဲ့သည့် လက ပြီးစီးခဲ့သော ကျယ်ပြန့်စွာ လိမ်ညာထားသော ရွေးကောက်ပွဲ အပြီးတွင်၊ အမေရိကန်ရော ဒီမိုကရေစီ ဘက်တော်သားများကပါ ၎င်းတို့၏ ရပ်တည်ချက်ကို ပြန်လည် စဉ်းစားလာခဲ့သည်။

အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Joseph Y.Yun က သောကြာနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ နေအိမ်တွင် တွေ့ဆုံ ဆွေးနွေးမှုမှာ အကျိုးများစွာ ရှိကြောင်း ပြောခဲ့သည်။

"ကျွန်တော် အများကြီး သိခဲ့ရတယ်။ ဝါရှင်တန် ရောက်ရင် ဒီမှာ သုံးရက် ဆွေးနွးခဲ့တာတွေ ကျေညက်အောင် လုပ်ရပါမယ်" ဟု၎င်းက သတင်းထောက်များသို့ ပြောကြားခဲ့သည်။ Yun သည် ၎င်း၏ ခရီးစဉ်အတွင်း နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းနှင့် အခြား အစိုးရ တာဝန်ရှိသူများ၊ နိုင်ငံရေး ပါတီ အချို့မှ အဖွဲ့ဝင်များနှင့် ကုလ သမဂ္ဂ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။

၎င်း၏ ခရီးစဉ်မှာ အများက စစ်တပ် အမြစ်တွယ်ရေးဟု ဝေဖန်ကြသော နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲ အပြီးတွင် လာရောက်ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်မှာလည်း ရွေးကောက်ပွဲ အပြီးတွင် ခုနှစ်နှစ်ခန့် ထိန်းသိမ်းထားခြင်းမှ ပြန်လည် လွှတ်ပေးခြင်း ခံခဲ့ရသည်။ သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ရွေးကောက်ပွဲတွင် ပါဝင်ခြင်း မရှိပဲ၊ အစိုးရ၏ ဖျက်သိမ်းခြင်းကို ခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များသို့ ပြောကြားရာတွင် သူမနှင့် Yun သည် အရေးယူ ပိတ်ဆို့မှု အပါအဝင် ကိစ္စရပ် အတော်များများကို ဆွေးနွေးခဲ့သည်ဟု ပြောကြားခဲ့ပြီး၊ အကျယ်တဝင့် ပြောကြားခဲ့ခြင်းမူ မရှိပေ။

မြန်မာနိုင်ငံနှင့် အမေရိကန်တို့၏ ဆက်ဆံရေးမှာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ ဆန္ဒပြုမှုများ စစ်တပ်က နှိပ်ကွပ် အပြီးတွင် အေးခဲသွားခဲ့ခြင်း ဖြစ်သည်။ ထိုစဉ် ကတည်းက ဝါရှင်တန်သည် မြန်မာနိုင်ငံအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်သူ ဖြစ်ခဲ့ပြီး၊ စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဒီမိုကရေစီသို့ ပြောင်းလဲခြင်း မရှိသဖြင့် နိုင်ငံရေးနှင့် စီးပွားရေးအရ အရေးယူမှုများ ချမှတ်ခဲ့သည်။

သို့သော်လည်း ပြီးခဲ့သည့်နှစ်က Obama သည် မြန်မာနိုင်ငံနှင့် ပိုမိုဆက်ဆံခြင်းက ပိုကောင်းမည်ဟု အကြံပြုခဲ့ပြီး အရေးယူမှုများကမူ ယခင်အတိုင်း ဆက်ရှိနေမည်ဟု ဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကာလရှည်ကြာကပင် အရေးယူမှုများကို ထောက်ခံ ခဲ့သော်လည်း မကြာသေးမီက ပြောင်းလဲမည့် သဘော ပြခဲ့သည်။ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက သူမသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာရေးသားခဲ့ပြီး နိုင်ငံတကာ အရေးယူမှုများ ရုတ်သိမ်းရေးအတွက် သူမက ပူးပေါင်း ဆောင်ရွက်လိုကြောင်း ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်လ သူမ လွတ်မြောက်ပြီး နောက်တွင်မူ မြန်မာပြည်သူများက ရုတ်သိမ်း ပေးစေလိုလျှင် စဉ်းစားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တိကျ ရေရာသော စကား ပြောခဲ့ခြင်းကား မရှိပေ။

အနောက်နိုင်ငံ အတော် များများကမူ ဒဏ်ခတ်ခြင်းဖြင့် ရလဒ် အနည်းငယ်သာ ရကြောင်း၊ သဘာဝ ဓါတ်ငွေ့ ပေါကြွယ်သော မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယနှင့် အခြား ကုန်သွယ်ဖက် နိုင်ငံများနှင့် အားကောင်းသော ဆက်ဆံရေးကို ဖြစ်စေကြောင်း ယုံကြည်နေကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AP, From Yahoo News, 11th December 2010

အမေရိကန် ကာကွယ်ရေး ဝန်ကြီး Robert Gates သည် မကြာသေးမီက တင်းမာမှုများ နောက်ပိုင်းတွင် နှစ်နိုင်ငံ စစ်တပ်ကြား ဆက်ဆံရေး တိုးမြှင့်ရေး အတွက် ရှေ့လတွင် လာရောက် လည်ပတ်မည် ဖြစ်ကြောင်း တရုတ်က ပြောကြားခဲ့သည်။

တရုတ် စစ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ်က Gates သည် ဇန်နဝါရီလ ၁၀ - ၁၄ တွင် လာရောက်မည် ဖြစ်ကြောင်း ပြောခဲ့သည်ကို နိုင်ငံပိုင် သတင်းဌာန Xinhua က စနေနေ့က ဖော်ပြခဲ့သည်။ တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ စစ်ဦးစီး အရာရှိချုပ် Chen Bingde သည် လာမည့်နှစ် နှစ်ဦး နှစ်ဘက် အဆင်ပြေသည့် အချိန်တွင် အမေရိကန် ပြည်ထောင်စုသို့ သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

Robert Gates သည် ယခုနှစ် အစောပိုင်းက ၎င်း၏ အာရှ ခရီးစဉ်တွင် တရုတ်နိုင်ငံသို့ သွားရောက် စီစဉ်ခဲ့သော်လည်း ထိုစဉ်က တရုတ်တွင် ၎င်းအား တရားဝင် ဖိတ်ကြားခဲ့ခြင်း မရှိပေ။ ထို့အပြင် ထိုစဉ် အချိန်က အမေရိကန် ပြည်ထောင်စုတွင် တိုင်ဝမ်သို့ ကာကွယ်ရေး ပစ္စည်းများ ရောင်းချခြင်းကြောင့် ဆက်ဆံရေး အေးခဲနေချိန် ဖြစ်သည်။

ဝါရှင်တန်တွင် ကျင်းပနေသော ၁၁ ကြိမ်မြောက် တရုတ်-အမေရိကန် ဝန်ကြီး အဆင့်အောက် အစည်းအဝေး တက်ရောက်နေသော တရုတ် အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေးရာ ဒုတိယ ညွှန်ကြားရေးမှူး Guan Youfei ကလည်း သောကြာနေ့က မှတ်ချက် စကား ပြောခဲ့သည်။

အမေရိကန် စစ်တပ် အကြီးအကဲ Mike Mullen ကလည်း ကြာသပတေးနေ့က အပြန်အလှန် လည်ပတ်ရေး အတွက် အသေးစိတ် မပြောဘဲ ကြေညာခဲ့သည်။

အမေရိကန်က တိုင်ဝမ်သို့ ဒေါ်လာ ၅.၆ ဘီလီယံ တန်ဖိုးရှိ ကာကွယ်ရေး ပစ္စည်းများ ရောင်းချခဲ့ခြင်းကြောင့် တရုတ်သည် ဇန်နဝါရီလ မှစ၍ စစ်တပ်ချင်း ဆက်သွယ်မှုကို ရပ်ဆိုင်းထားခဲ့သည်။ သို့သော် မကြာသေးမီ လများက ဆက်ဆံရေး တဖြည်းဖြည်း တိုးတက်လာခဲ့သည်။ အောက်တိုဘာလက ဗီယက်နမ်နိုင်ငံ ဟနွိုင်းတွင် ကျင်းပသော ဒေသတွင်း ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးတွင် တရုတ် ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး Liang Guanglie သည် Robert Gates နှင့် တွေ့ဆုံခဲ့သည်။

ယခု လက်ရှိ နှစ်ဖက် စစ်ရေးအရ ဆွေးနွေးလျက် ရှိသော အကြောင်းအရာများမှာ ကိုရီးယား ကျွန်းဆွယ် တင်းမာမှု၊ တောင်တရုတ် ပင်လယ် လုံခြုံရေး ကိစ္စ၊ မြောက်ကိုရီးယားနှင့် အီရန်တို့၏ နျူကလီယာ ဆက်ဆံရေး ကိစ္စရပ်များ ဖြစ်သည်။

"တရုတ်-အမေရိကန် ဆက်ဆံရေးမှာ လတ်တလော အခက်အခဲဆုံး အစိတ် အပိုင်း ကတော့ ကျွန်တော်တို့မှာ စစ်တပ် စစ်တပ်ချင်း ပူးပေါင်း ဆောင်ရွက်မှု မရှိခြင်းပါပဲ" ဟု အမေရိကန် ပူးတွဲ စစ်ဦးစီး အရာရှိချုပ်များ ဥက္ကဌ Mullen က ကြာသပတေးနေ့က ပြောကြားခဲ့သည်။ "သူတို့ ဘာတွေ လုပ်နေတယ်၊ ဘာကြောင့် လုပ်နေတယ် ဆိုတာကတော့ ကျွန်တော် သိပ်နားမလည်ပါဘူး" ဟု ၎င်းက ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bernama, 14th December 2010

ထိုင်း-မြန်မာ နယ်စပ် အခြေအနေသည် ပုံမှန်သို့ ပြန်ရောက်နေပြီ ဖြစ်ကြောင်း ပထမ ဒေသဆိုင်ရာ တိုင်းမှူး ဒုတိယ ဗိုလ်ချုပ်ကြီး Udomdet Seetabutr ၏ အဆိုကို ကိုးကား၍ ထိုင်းသတင်း အေဂျင်စီက အင်္ဂါနေ့က သတင်း ဖော်ပြခဲ့သည်။

"ဘုရားသုံးဆူမှာ မကြာသေးမီက မြန်မာ စစ်တပ်နဲ့ တိုင်းရင်းသား အုပ်စုကြားမှာ တိုက်ပွဲ ဖြစ်ခဲ့တယ် ဆိုပေမယ့်၊ လောလောဆယ် ထိုင်း-မြန်မာ နယ်စပ်မှာ စိုးရိမ်ဖွယ် အခြေအနေတွေ မရှိပါဘူး" ဟု ၎င်းက သတင်းထောက်များသို့ ပြောကြားခဲ့သည်။

အခြေအနေသည် ပုံမှန် ပြန်ရောက်နေပြီး၊ မြန်မာကလည်း ထိုင်းပြည်သူတွေ အတွက် နယ်စပ် ဖြတ်ကျော်ခွင့် ပြန်ပေးခဲ့သည်ဟု ၎င်းက ဖြည့်စွက် ပြောသည်။

သို့သော် ထိုင်းစစ်တပ်သည် အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း၊ အကယ်၍ အန္တရာယ် ရှိလာပါက ဘုရားသုံးဆူ နယ်စပ် အသုံးပြုနေသူများအား သတိပေးချက်များ ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တိုင်းမှူးက ပြောကြားရာတွင် ၎င်းသည် စစ်သားများ၊ နယ်စပ်ရဲများ၊ ပြည်သူ့စစ်များကို လုံခြုံရေး အတွက် အထူး ကြပ်မတ် လုပ်ဆောင်ကြရန် စိတ်ဓာတ် မြှင့်တင်ရေးများ လုပ်ပေးနေကြောင်း ပြောကြားသွားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Monsters and Critics, 12th December 2010

တရုတ် နိုင်ငံသည် မြန်မာ နိုင်ငံသို့ နှစ်နိုင်ငံကြား ဓါတ်ငွေ့ ပိုက်လိုင်း ဆောက်လုပ်ရန် ဒေါ်လာ (၂.၄) ဘီလျံ ချေးငွေ ပေးရန် စာချုပ် လက်မှတ် ရေးထိုးခဲ့ကြောင်း တနင်္ဂနွေနေ့က မီဒီယာ သတင်းများက ဆိုသည်။

ချေးငွေကို China Development Bank Cooperation နှင့် မြန်မာ့ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဘဏ်ကြားတွင် နိုဝင်ဘာလ (၃၀) ရက်နေ့က နေပြည်တော်တွင် လက်မှတ် ရေးထိုးခဲ့ကြောင်း မြန်မာတိုင်းမ်က သတင်း ဖော်ပြခဲ့သည်။

ပိုက်လိုင်းကို ရခိုင်ပြည်နယ် ကျောက်ဖြူမှ တရုတ်တောင်ပိုင်း ယူနန်ပြည်နယ်သို့ သွယ်တန်းမည် ဖြစ်သည်။

"ဒီချေးငွေကတော့ ကျောက်ဖြူက သဘာဝဓါတ်ငွေ့ စီမံကိန်း အတွက်ပါ။ ဒီစီမံကိန်းမှာ မြန်မာ၊ တရုတ်၊ ကိုးရီးယားနှင့် အိန္ဒိယတို့ ပါဝင်ပြီး၊ မြန်မာက ၇.၃ % ရှယ်ယာ ပါပါတယ်" ဟု ရန်ကုန်ရှိ တရုတ် သံရုံးမှ စီးပွားရေးနှင့် ရောင်းဝယ်ရေး သံမှူး Jin Honggen က ပြောသည်။

ချေးငွေသည် အဆိုပါ ပရောဂျက် လျင်မြန်စွာ ပြီးစီးရေးအတွက် အထောက်အကူ ပြုမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ တရုတ်-မြန်မာ ဓါတ်ငွေ့ စီမံကိန်းအရ အိန္ဒိယသည် စစ်တွေတွင် ကမ်းလွန်မှ ဓါတ်ငွေ့များ ထိန်းသိမ်း ကိုင်တွယ်နိုင်ရန် ဆိပ်ကမ်းသစ် ဆောက်လုပ်ရေး ကူညီမည် ဖြစ်ပြီး ထိုဓါတ်ငွေ့များကို တရုတ်က ယူနန်သို့ ပို့ဆောင်ရန် ကီလိုမီတာ (၁၀၀၀) ရှိ ပိုက်လိုင်း တည်ဆောက်မည် ဖြစ်သည်။

"ဒီသဘာဝ ဓါတ်ငွေ့ကို ယူနန် စက်မှု လုပ်ငန်းတွေနဲ့ နေအိမ်တွေမှာ အသုံးပြုပါမယ်" ဟု Jin က မြန်မာတိုင်းမ်သို့ ပြောသည်။

မြန်မာ စစ်အစိုးရသည် လက်ရှိတွင် မုတ္တမ ကမ်းလွန်ရေနံ လုပ်ကွက် နှစ်ခုမှ ထွက်သော သဘာဝ ဓါတ်ငွေ့ (၁) ဘီလျံ ကုဗပေ (သန်းပေါင်း ၂၈ ကုဗမီတာ) ကျော်ကျော်အား ရေအောက်မှာရော ကုန်းပေါ်မှာပါ သွယ်တန်းထားသော ပိုက်လိုင်းမှ တဆင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ရောင်းချလျက် ရှိသည်။

ထိုင်းနိုင်ငံသည် အဆိုပါ ဓါတ်ငွေ့ ဝယ်ယူမှု အတွက် တစ်နှစ်လျှင် ဒေါ်လာ (၂) ဘီလျံခန့် ပေးနေရသည်ဟု သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Asia Times Online, By Marwaan Macan-Markar, 14th December 2010

ထိုင်း-မြန်မာ နယ်စပ်တွင် လက်ရှိ ဖြစ်နေသော ပဋိပက္ခများ အစိုးရတပ်များနှင့် တိုင်းရင်းသား သူပုန်များကြား အားစမ်းခြင်းများသည် ထိုဒေသများတွင် စစ်ဖြစ်မည့် အလားအလာများ တိုးပွား လာခြင်းပင် ဖြစ်ပြီး ၎င်းဒေသများတွင် အစိုးရက နှစ်ပေါင်း ခြောက်ဆယ် အတွင်း ပထမဆုံး အကြိမ် စစ်တပ်မှ ချုပ်ကိုင်နိုင်ရေး အတွက် နောက်ဆုံး စစ်ပွဲ ဆင်နွှဲမည်ဟု ယူဆနေသည်။

နိုဝင်ဘာလ အစောပိုင်းက DKBA တပ်မ တစ်ခုသည် မြန်မာ နယ်စပ်မြို့ မြဝတီကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာမှ တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲများကြောင့် ကရင်လူမျိုး အရပ်သား ၃၄၀၀၀ ခန့် ထိုင်းနိုင်ငံ ဘက်သို့ ထွက်ပြေးခဲ့ကြသည်။

အစိုးရ တပ်များက DKBA ထံမှ ထိုဒေသများကို ပြန်လည် တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းကြောင့် အသေ အပျောက် မည်မျှ ရှိမည်ကိုမူ ရှင်းရှင်း လင်းလင်း သိရှိရခြင်း မရှိပေ။ အဆိုပါ တိုက်ပွဲများကို ထိုင်းနိုင်ငံ နယ်စပ်မြို့ မဲဆောက်မှ စောင့်ကြည့်နေသော မြန်မာ အချို့က ပြောကြားရာတွင် တိုက်ပွဲ ပြင်းထန်စဉ် ကာလ အတွင်း လူလေးဦးထက် မနည်း သေဆုံးသည်ဟု ဆိုသည်။

"အခြေအနေ ကတော့ နည်းနည်း အရေးကြီးပါတယ်။ မြန်မာ အစိုးရက တော်တော် စိတ်ဆိုးပုံ ရတယ်" ဟု ပြည်ပတွင် နေထိုင်သူ မြန်မာ့ အရေး ကျွမ်းကျင်သူ ဝင်းမင်းက ပြောကြားခဲ့သည်။ "ဒါဟာ စစ်အစိုးရက တိုင်းရင်းသား သူပုန်တွေကို တစ်ချိန်တည်းမှာ တိုက်နိုင်တယ် ဆိုပြီး အင်အား ပြလိုက်တာပါပဲ။ တခြား လက်နက်ကိုင်များကိုလည်း ညှိပြီး မတိုက်ဖို့ ဖိအား ပေးလိုက်တာပါ" ဟု ၎င်းက ပြောသည်။

ဆယ်စု နှစ်ပေါင်း များစွာ ပြည်တွင်းစစ် ဖြစ်နေသော ဒေသများတွင် တင်းမာမှုများ ပြန်လည် ဖြစ်လာရန် ဆွပေးလိုက်သော နောက်ဆုံး စနက်မှာ ၂၀၀၉ ခုနှစ် ဧပြီလက အစိုးရက တိုင်းရင်းသား လက်နက်ကိုင်များအား ၎င်း၏ လက်အောက်ခံ အဖြစ် သွတ်သွင်းရန် ကြိုးစားမှုကြောင့် ဖြစ်သည်။

အဆိုပါ တပ်မတော် လက်အောက်ခံ နယ်ခြားစောင့်တပ် အစီအစဉ်ကို တိုင်းရင်းသား လက်နက်ကိုင် အားလုံးက သဘော တူကြသည် မဟုတ်ဘဲ ထိုသဘော မတူသည့် အထဲတွင် DKBA လည်း ပါဝင်သည်။

"အစိုးရဟာ နယ်ခြားစောင့်တပ် ဆန့်ကျင်တဲ့ အားနည်းတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို အရင် စတိုက်မှာ ဖြစ်ပါတယ်။ DKBA ကတော့ အစိုးရရဲ့ ပစ်မှတ်နဲ့ ကွက်တိပဲ။ အစိုးရက နှစ်စဉ် တိုင်းရင်းသား ဒေသ တစ်ခုချင်းကို သိမ်းပိုက်ပြီး၊ မြန်မာနိုင်ငံ တစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်" ဟု ဝင်းမင်းက Inter Press Service (IPS) နှင့် အင်တာဗျူးတွင် ရှင်းပြခဲ့သည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင်လည်း တိုက်ခိုက်မှုများ ဖြစ်ပွားနိုင်သည့် လက္ခဏာများ ရှိကြောင်း ပြည်ပ မြန်မာ မီဒီယာများတွင် ဖော်ပြထားသည်။ အဆိုပါ ဒေသများရှိ တိုင်းရင်းသား လက်နက်ကိုင်များသည် ၁၉၈၉ နှင့် ၁၉၉၅ ကြား အစိုးရနှင့် အပစ်အခတ် ရပ်စဲရန် သဘောတူ စာချုပ် လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၁၇ ဖွဲ့တွင် ပါဝင်သည်။

တရုတ် နယ်စပ် အနီးရှိ တိုင်းရင်းသား ဒေသများတွင် ငြိမ်းချမ်းရေးမှာ မသေချာသော အခြေအနေတွင် ရှိကြောင်း နယူးယောက် အခြေစိုက် Human Rights Watch က ဖော်ပြခဲ့သည်။ "တင်းမာမှုတွေဟာ ၂၀၁၁ မှာလည်း ဆက်ဖြစ် နေဦးမှာပါ။ ရှမ်းပြည်နယ်မှာ နယ်ခြားစောင့်တပ် အစီအစဉ်ကြောင့် တိုက်ပွဲတွေ ဖြစ်လာနိုင်ပါတယ်" ဟု ဆိုသည်။

မြန်မာ နိုင်ငံတွင် တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးသည် တိုင်းပြည်၏ ၅၆ သန်းသော လူဦးရေ၏ ၄၀ % ရှိသည်။

မြန်မာ နိုင်ငံသည် ၁၉၄၈ ဗြိတိသျှ လက်အောက်မှ လွတ်လပ်ရေး ရကတည်းက မြန်မာက တိုင်းပြည် တစ်ခုလုံး လွှမ်းမိုးခြင်း မပြုနိုင်ရန် တိုင်းရင်းသားများနှင့် သွေးခွဲခြင်း ခံခဲ့ရသည်။ ထို့ကြောင့် လွတ်လပ်ရေး ရပြီး နောက်ပိုင်း အစောပိုင်း ကာလများတွင် ရန်ကုန်ရှိ ဗဟိုအစိုးရသည် တိုင်းပြည် တစ်ဝက်ခန့်ကို လက်လှမ်းမီ ချုပ်ကိုင်နိုင်ခြင်း မရှိခဲ့ပေ။

ထိုအချိန် မှစ၍ ချိန်ခွင်လျှာသည် သိသာစွာ ပြောင်းလဲလာခဲ့ရာ တပ်မတော်သည် ယခုအခါ အင်အား လေးသိန်း ရှိလာခဲ့ပြီး၊ တိုင်းပြည်၏ နေရာ အတော်များများကို ထိန်းချုပ် လာနိုင်သည်။ အင်အား လေးသောင်းခွဲခန့် ရှိသော တိုင်းရင်းသား လက်နက်ကိုင်များကလည်း စစ်တပ်၏ လုံးဝ ချုပ်ကိုင်နိုင်ရေးမူ ကြားတွင် ဆက်လက် ရပ်တည်လျက် ရှိသည်။

လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ် အတွင်း အထက်ပါ အောင်မြင်မှုများကြောင့် မြန်မာ စစ်တပ်သည် တိုင်းပြည်ကို စုစည်းရေး အတွက် တစ်ခုတည်းသော အင်အားစုမှာ စစ်သားများသာ ဖြစ်သည်ဟု စဉ်းစား တွေးဆလာသည်။ "ယူနီဖောင်း ဝတ်ထားသူများက အတိတ်ကို ပြန်ကြည့်လျှင် ၎င်းတို့သည် တစ်စစီ ပြိုကွဲနေသည့် တိုင်းပြည်ကို တွေ့ရမည် ဖြစ်ပြီး၊ ၎င်းတို့ကို ပြန်လည် စုစည်းရန် အင်အား လိုအပ်ခဲ့သည်သာ ဖြစ်သည်" ဟု မြန်မာ သမိုင်းပညာရှင် သန့်မြင့်ဦးက The River of Lost footsteps တွင် ရေးသားထားသည်။

"စစ်တပ်က သူတို့ကိုယ် သူတို့ အမျိုးသား စည်းလုံး ညီညွတ်ရေးအတွက် လုပ်စရာတွေ သူတို့ မပြီးသေးဘူးလို့ ယူဆနေတယ်။ သူတို့ စိတ်ထဲမှာ တိုင်းပြည် တည်ဆောက်ရေး၊ မြန်မာ့သမိုင်းသစ် ရေးထိုးရေး အတွက် စိန်ခေါ်မှုတွေ ဖန်တီးမှုတွေ လုပ်ပေး ရဦးမယ်လို့ ထင်မှတ်နေတယ်" ဟု သန့်မြင့်ဦးက ၎င်း၏  စာအုပ်တွင် ရေးသားထားသည်။

ပုံမှန်မဟုတ်ဟု ယူဆရသော ဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သော မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ၁၉၄၇ နှင့် ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေများထက်စာလျှင် တိုင်းပြည်အပေါ် စစ်တပ်၏ အမြင်ကို ပိုမို ထင်ဟပ် ပြသနေသည်။

နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲများ အပြီးတွင် စစ်အစိုးရ ထောက်ခံသော ပါတီက အငြင်းပွားဖွယ် အခြေအနေများဖြင့် အနိုင်ရခဲ့ပြီးနောက် စစ်အစိုးရသည် ၂၀၁၁ အစောပိုင်းတွင် ၂၀၀၈ အခြေခံ ဥပဒေဖြင့် အမြင့်ဆုံး အဆင့်သို့ ချီတက်တော့မည် ဖြစ်သည်။

၂၀၀၈ အခြေခံ ဥပဒေတွင် တိုင်းပြည်တွင် တပ်မတော် တစ်ခုတည်းသာ ရှိရမည်ဟု ဖော်ပြလျက်၊ စစ်တပ်တွင် အာဏာ တည်မြဲရေးကို တိတိကျကျ ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။

"စစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင်တွေကို နယ်ခြားစောင့်တပ် အသွင်ပြောင်းခြင်း မရှိရင်၊ အဖွဲ့တွေကို တရားမဝင် ကျေညာမယ်လို့ ရာဇသံ ပေးထားပါတယ်" ဟု ထိုင်းနိုင်ငံ မြောက်ပိုင်းမှ ထုတ်ဝေသော ရှမ်းသံတော်ဆင့် သတင်း အေဂျင်စီမှ အယ်ဒီတာ ခွန်စိုင်းက ပြောသည်။

စစ်အစိုးရဟာ ပါလီမန် အများစု ဆန္ဒနဲ့ အခြေခံ ဥပဒေ ဆိုတဲ့ လက်နက် နှစ်ခုကို သုံးပြီး၊ အစိုးရသစ် လက်ထက်မှာ နယ်ခြားစောင့်တပ် အစီအစဉ် ကိစ္စကို တင်သွင်း ပါလိမ့်မည်ဟု ၎င်းက IPS သို့ ပြောသည်။ "သူတို့ဟာ တိုင်းရင်းသား အဖွဲ့ အားလုံးကို တပ်မတော် လက်အောက် သွတ်သွင်းဖို့ လုပ်ပါလိမ့်မယ်" ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bangkok Post, 12th December 2010

မြန်မာ နိုင်ငံသည် မြောက်ကိုးရီးယား၏ အကူအညီဖြင့် နျူကလီယာ အစီအစဉ်များ တည်ဆောက်လျက် ရှိသည်ဟု ပေါက်ကြားသွားသော အမေရိကန် ကေဘယ်တွင် ဖော်ပြ ထားချက်ကို ဝန်ကြီးချုပ် Abhisit က ပယ်ချခဲ့သည်။

Mr. Abhisit က ယမန်နေ့က ပြောကြားခဲ့ရာတွင် မြန်မာနိုင်ငံတွင် နျူကလီယာ လက်နက် ပိုင်ဆိုင်ကြောင်း သို့မဟုတ် ထုတ်လုပ်လျက် ရှိကြောင်း စွပ်စွဲချက်နှင့် ပတ်သက်၍ မည်သည့် အထောက်အထားမျှ မရှိကြောင်း ဆိုခဲ့သည်။

မည်သည့် အာဆီယံ အဖွဲ့ဝင် နိုင်ငံမျှ နျူကလီယာ လက်နက် ပိုင်ဆိုင်ရန် ရည်ရွယ်ချက် မရှိကြောင်းလည်း ၎င်းက ဆိုသည်။

"အမေရိကန်-အာဆီယံ ထိပ်သီး အစည်းအဝေးမှာ မြန်မာနိုင်ငံက သူဟာ အာဆီယံကို နျူကလီယာ ကင်းမဲ့တဲ့ ဒေသအဖြစ် မြင်တွေ့ လိုတယ်လို့ အတည်ပြု ပြောကြားခဲ့တာကို ကျွန်တော် သတိရ မှတ်မိနေပါတယ်"ဟု Mr Abhisit က ပြောသည်။

၎င်းက ပြောကြားရာတွင် ထိုင်းနိုင်ငံသည် မိမိ၏ အမျိုးသား လုံခြုံရေးအတွက် အိမ်နီးချင်း နိုင်ငံများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်လျက် ရှိကြောင်း ဆိုသည်။

WikiLeaks ဝက်ဆိုဒ်တွင် ကြာသပတေးနေ့က ထွက်ပေါ်လာရာတွင် ရန်ကုန်ရှိ အမေရိကန် သံရုံး ကေဘယ်၌ မြန်မာအစိုးရ တာဝန်ခံတစ်ဦးက မြောက်ကိုးရီးယား ပညာရှင်များက နျူကလီယာ အဆောက်အဦးများ ဆောက်လုပ်ရာတွင် အကူအညီ ပေးနေသည်ကို မြင်တွေ့ရကြောင်း ပြောကြားသည်ကို ကိုးကား ဖော်ပြထားသည်။

နိုင်ငံခြားသား စီးပွားရေးသမား တစ်ဦးက သံရုံးသို့ ပြောကြားရာတွင် ၎င်းသည် စက်ရုံ ဆောက်ရာတွင် သုံးသော သံချောင်းထက် ကြီးသော သံချောင်းများ သင်္ဘော တင်နေသည်ကို တွေ့ခဲ့ရသည်ဟု ဆိုသည်။

ဆိပ်ကမ်း အလုပ်သမားများကလည်း သံသယ ရှိသော ကုန်ပစ္စည်းများ တွေ့ရသည်ဟု ဆိုသည်။ ၂၀၀၄ သြဂုတ်လ ရက်စွဲပါ ကေဘယ်တွင် အင်ဂျင်နီယာတပ်မှ မြန်မာအရာရှိ တစ်ဦးထံမှ သတင်းများ ဖော်ပြထားရာ မြန်မာနိုင်ငံ အလယ်ပိုင်း မင်းဘူးတွင် ဒုံးကျည် (surface-to-air-missiles) များ ထုတ်လုပ်နေသည်ဟု ဖော်ပြထားသည်။

၎င်းက အဆိုပါ ဆိုဒ်တွင် မြောက်ကိုးရီးယား လူမျိုး (၃၀၀) ခန့် အလုပ် လုပ်နေသည်ဟု ဆိုသော်လည်း အမေရိကန် ကေဘယ်က မဖြစ်နိုင်ဟု မှတ်ယူထားကြောင်း ဗြိတိန်နိုင်ငံ၏ The Guardian သတင်းစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံကမူ ၎င်း၏ နျူကလီယာ ရည်မှန်းချက်များနှင့် ပတ်သက်သော သတင်းများကို ပယ်ချခဲ့ပြီး မြောက်ကိုးရီးယားနှင့် ပူးပေါင်း ဆောင်ရွက်မှုများအတွက် အနောက် နိုင်ငံများ၏ စိုးရိမ် ပူပန်ကြောင်း ပြောဆိုမှုများကို လစ်လျူရှုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.