Transparency Myanmar

transparency.myanmar@gmail.com

Bangkok Post, 16th December 2010

ထိုင်းအာဏာပိုင်များသည် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင် ရောက်ရှိလာသည်ဟု ယုံကြည်ရသည့် ထိုင်းဘတ်သန်း ၂၀၀ ကျော် တန်ဖိုးရှိ ကျွန်းသစ်လုံး ၃၀၀၀ ကျော်အား ဖမ်းဆီးခဲ့သည်ဟု သိရသည်။

အထူး စုံစမ်း စစ်ဆေးရေး ဌာန (DSI)၊ အကောက်ခွန် ဌာနနှင့် တော်ဝင် သစ်တော ဌာနတို့ ပါဝင်သော ပူးပေါင်း စစ်ဆင်ရေး အဖွဲ့သည် Suksawat Group ကုမ္ပဏီမှ ပိုင်သော သစ်စက် နှစ်ခုအား ယမန်နေ့က ဝင်ရောက် ရှာဖွေရာ၊ သစ်လုံးများ တွေ့ရှိ သိမ်းဆည်းခဲ့သည်။

အဆိုပါ စစ်ဆေးရေးမှာ တရားဝန်ကြီး Pirapan Salirathavibhaga က ကုမ္ပဏီ တစ်ခုသည် မယ်ဟောင်ဆန်ကို ဖြတ်၍ မြန်မာနိုင်ငံ ကျွန်းသစ်များ တရားမဝင် တင်သွင်းနေကြောင်း တိုင်ကြားချက်ကြောင့် ပြုလုပ်ရခြင်း ဖြစ်သည်။

DSI ဒုတိယ အကြီးအကဲ Narat Savetnant က စွပ်စွဲ ပြောကြားရာတွင် Anton ကုမ္ပဏီသည် မယ်ဟောင်ဆွန်ရှိ အကောက်ခွန် ဌာနတွင် အထောက် အထား ၅၇ ရွက်ဖြင့် မြန်မာ အာဏာပိုင်များက တင်သွင်းခွင့် အတွက် အတည်ပြု ပြီးကြောင်း တင်သွင်းခဲ့သည်ဟု ဆိုသည်။

အနောက်ပိုင်းတွင် အဆိုပါ စာရွက် စာတမ်းများသည် အတုများ ဖြစ်ကြောင်း တွေ့ခဲ့ရသည်ဟု Mr Narat က ပြောသည်။

အဆိုပါ သစ်များကို ဖမ်းဆီးခဲ့မှုကြောင့် ဒေသဆိုင်ရာ တာဝန်ရှိသူများသည် အဆိုပါ သစ်များ တင်သွင်းမှုကို ခွင့်ပြုခဲ့ခြင်း အတွက် တာဝန် ရှိမရှိ မေးခွန်းထုတ်ဖွယ် ရှိလာသည်။

သို့သော် အဆိုပါ တရားမဝင် သစ်များ တင်သွင်းမှုတွင် ၎င်းတို့ ပါဝင် ပတ်သက်မှု ရှိမရှိ၊ တာဝန်ယူ သင့်မသင့် စုံစမ်း စစ်ဆေးမှုများကိုမူ ၎င်းတို့ ရင်ဆိုင်ရလိမ့်မည်ဟု Mr Narat က ပြောသည်။

မြောက်ပိုင်းရှိ အထူး ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးရသော DSI အဖွဲ့သည် ထိုကိစ္စသည် ဖေဖော်ဝါရီလ ကတည်းက စောင့်ကြည့်နေခဲ့သည်။ ၎င်းတို့သည် စက်တင်ဘာလတွင် Anton ကုမ္ပဏီသည် မြန်မာနိုင်ငံမှ ကျွန်းခွဲသားများကို သံသယ ဖြစ်ဖွယ် အခြေအနေဖြင့် တင်သွင်းလျက် ရှိကြောင်း သိလာခဲ့သည်။

ကုမ္ပဏီ ပိုင်ရှင်အား သစ်ခွဲသား တင်သွင်းမှု ဥပဒေများ ချိုးဖောက်မှုဖြင့် DSI မှ စွဲချက်တင် ခဲ့သည်။

Anton ကုမ္ပဏီက ပြောကြားရာတွင် ၎င်းသည် ပြီးခဲ့သည့် လက မယ်ဟောင်ဆန်ရှိ Salawin အမျိုးသား ဥယျာဉ်ကို ဖြတ်၍ မြန်မာနိုင်ငံမှ ကျွန်းသစ်များ သယ်ယူရန် လိုင်စင် သက်တမ်း တိုးပေးရန် သစ်တောဌာနက ငြင်းဆိုခဲ့ခြင်းကြောင့် တရားစွဲရန် စဉ်းစားခဲ့သည်ဟု ဆိုသည်။

ကုမ္ပဏီ၏ ဒုတိယ မန်းနေဂျင်း ဒါရိုက်တာ Phichet Lertlum – umphaiwong က ပြောကြားရာတွင် ကျွန်းသစ် သယ်ယူရေး ခွင့်ပြုချက်သည် လွန်ခဲ့သော လက သက်တမ်း ကုန်သွားရာ၊ သစ်တောဌာနက သက်တမ်း တိုးပေးရန် ငြင်းဆန်ခဲ့သည်ဟု ဆိုသည်။ ယမန်နှစ်က တစ်နှစ် သက်တမ်း တိုးပေးခဲ့သည်ဟု ဆိုသည်။

သဘာဝ သယံဇာတနှင့် ပတ်ဝန်းကျင်ရေးရာ ဝန်ကြီး Suwit Khunkitti က ဖမ်းဆီးသည့် အချိန်တွင် မြန်မာနိုင်ငံက ထုတ်ကုန် လိုင်စင်မရှိကြောင်း၊ မူရင်း နိုင်ငံ အထောက်အထားလည်း မရှိကြောင်း ဆိုသည်။ Anton ကုမ္ပဏီက တရားဝင် စာရွက်စာတမ်းများကို မြန်မာနိုင်ငံ အစိုးရပိုင် မြန်မာ့ သစ်လုပ်ငန်းမှ ထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 16th December 2010

အိန္ဒိယနှင့်​ တရုတ်နိုင်ငံ တို့သည် နှစ်နိုင်ငံကြား ကုန်သွယ်ရေးကို ၂၀၁၀ တွင် ဒေါ်လာ ၆၀ ဘီလီယံ ထားရှိခဲ့ရာမှ ၂၀၁၅ တွင် ဒေါ်လာ ၁၀၀ ဘီလီယံ အထိ တိုးမြှင့်ရန် သဘောတူညီမှု အသစ် ရရှိခဲ့သည်။

နှစ်ဘက် စလုံးက အိန္ဒိယ၏ ကုန်သွယ်မှုတွင် ကွာဟမှုကို လျှော့ချရန် အိန္ဒိယ ပို့ကုန်များ ပိုမို တင်ပို့ရေး အတွက် မြှင့်တင်ရန် သဘောတူခဲ့ကြသည်။

တရုတ် ဝန်ကြီးချုပ် ဝမ်ကြားပေါင်၏ တရားဝင် သုံးရက်တာ အလည် အပတ် ခရီးစဉ်၏ ပထမနေ့တွင်ပင် ကုမ္ပဏီများသည် ဒေါ်လာ ၁၆ ဘီလီယံ တန်ဖိုးရှိ စီးပွားရေး သဘော တူညီချက်များ လက်မှတ် ရေးထိုးနိုင်ခဲ့သည်။

ဝမ်ကြားပေါင်၏ အိန္ဒိယသို့ လာရောက်သော ခရီးစဉ်တွင် တရုတ် စီးပွားရေး လုပ်ငန်းရှင် ၄၀၀ ခန့် လိုက်ပါလာကြသည်။

တရုတ်သည် အိန္ဒိယ၏ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံ ဖြစ်သည်။

စစ်ရေး တည်ဆောက်မှု

ကြာသပတေးနေ့က လက်မှတ် ရေးထိုးခဲ့သော နှစ်နိုင်ငံ ပူးတွဲ ကြေညာချက်တွင် ၎င်းတို့သည် အခြေခံ အဆောက်အဦ၊ ပတ်ဝန်းကျင်ဆိုင်ရာ၊ သတင်း အချက်အလက် နည်းပညာ၊ တယ်လီဖုန်း ဆက်သွယ်ရေး၊ ရင်းနှီး မြှုပ်နှံမှုနှင့် ငွေကြေး ဆိုင်ရာများတွင် ပူးပေါင်း ဆောင်ရွက်မှု တိုးချဲ့ရန် သဘော တူခဲ့သည်ဟု ဆိုသည်။

တစ်နိုင်ငံစီ၏ အင်အားများကို အပြန်အလှန် အသုံးချ၍ နှစ်နိုင်ငံ အကျိုး ရှိစေမည့် ရလဒ် (win-win result) များ ရလိုကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဝမ်ကြားပေါင်သည် ကြာသပတေးနေ့က အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ခေါင်းဆောင် နှစ်ဦးတို့သည် ကာလ ရှည်ကြာ အငြင်း ပွားနေသော နယ်စပ် ကိစ္စ အပါအဝင် ကိုင်တွယ်ရ ခက်သော ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

နယ်စပ် ကိစ္စကို ဖြေရှင်းရန် အချိန် လိုအပ်ကြောင်း နှစ်ဖက်စလုံးက ပြောခဲ့သည်။

BBC မှ Sanjoy Majumder က ဒေလီတွင် ပြောကြားခဲ့ရာ၌ တရုတ် ဝန်ကြီးချုပ်၏ ခရီးစဉ်သည် အငြင်းပွားဖွယ် ကိစ္စရပ်များ ရှိနေသေးသော်လည်း အာရှ၏ နိုင်ငံကြီး နှစ်ခုကြား စီးပွားရေး အရ ဆက်ဆံရေး အတွက် အားကောင်းသော ထောက်ခံမှု တစ်ခု ဖြစ်ကြောင်း ပြောခဲ့သည်။

အငြင်းပွားဖွယ် ကိစ္စများတွင် နယ်စပ်တွင် တရုတ်က စစ်အင်အား တည်ဆောက်မှုနှင့် အိန္ဒိယက ဒလိုင်းလားမားအား ထောက်ခံမှုတို့ ပါဝင်သည်။

ဗုဒ္ဓဟူးနေ့ ညနေက မြို့တော် ဒေလီတွင် ကျင်းပ ပြီးစီးသော စီးပွားရေး ကွန်ဖရင့်တွင် Mr. Wen တက်ရောက်ပြီးနောက် နှစ်နိုင်ငံသည် ပါဝါ၊ တယ်လီဖုန်း ဆက်သွယ်ရေး၊ သံမဏိ၊ လေစွမ်းအင်၊ စားနပ်ရိက္ခာနှင့် ရေထွက်ပစ္စည်းများ တန်ဖိုး ဒေါ်လာ ၁၆ ဘီလီယံရှိ စာချုပ် ၅၀ ခန့် လက်မှတ် ရေးထိုးခဲ့ကြသည်။

ယခု လက်မှတ် ရေးထိုးခဲ့သော တန်ဖိုးသည် မကြာသေးမီက အမေရိကန် သမ္မတ Barack Obama အိန္ဒိယသို့ လာရောက်စဉ် အိန္ဒိယနှင့် အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များကြားတွင် လက်မှတ် ရေးထိုးခဲ့သော တန်ဖိုး ဒေါ်လာ ၁၀ ဘီလီယံထက် ကျော်လွန်ခဲ့သည်။

"တရုတ်နဲ့ အိန္ဒိယတို့ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကမ္ဘာကြီးမှာ လုံလောက်တဲ့ ကွက်လပ်တွေ ရှိသလို၊ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ဖို့ လုံလောက်တဲ့ ဧရိယာတွေ ရှိပါတယ်" ဟု Wen က စီးပွားရေး ကွန်ဖရင့်တွင် ပြောကြားခဲ့သည်။

Mr Singh က ပြောကြားရာတွင် နှစ်နိုင်ငံ၏ အားကောင်းသော ပါတနာရှစ်သည် အာရှနှင့် ကမ္ဘာကြီး အတွက် ရေရှည် ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် အလားအလာကောင်းများ အတွက် များစွာ အထောက်အကူ ပြုကြောင်း ပြောကြားခဲ့သည်။ Mr Singh သည် လွန်ခဲ့သော ငါးနှစ် အတွင်း Mr Wen နှင့် ယခု အကြိမ် အပါအဝင် ၁၁ ကြိမ် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။

များပြားလှသော ကိုယ်စားလှယ် အဖွဲ့ကြီး

ယခု တရုတ် ကိုယ်စားလှယ် အဖွဲ့ကြီးသည် မကြာသေးခင် ကာလများက အိန္ဒိယသို့ လာရောက်ခဲ့သော အဖွဲ့ဝင် ၂၁၅ ဦး ပါသော အမေရိကန် သမ္မတ Barack Obama ၏ ကိုယ်စားလှယ် အဖွဲ့၊ အဖွဲ့ဝင် ၆၀ ကျော် ပါဝင်သော ပြင်သစ်သမ္မတ Nicolas Sarkozy နှင့်အဖွဲ့၊ အဖွဲ့ဝင် ၄၀ ခန့် ပါဝင်သော ဗြိတိသျှ ဝန်ကြီးချုပ် David Cameron နှင့် အဖွဲ့များထက် စာလျှင် ပိုမို ကြီးမားသည်။

ကြေညာချက်၌ နှစ်ဘက်စလုံးသည် နှစ်နိုင်ငံ ခေါင်းဆောင်များနှင့် အစိုးရများ အပြန်အလှန် ပုံမှန် လည်ပတ်ရေး ယန္တရားကို ထူထောင်သွားရန် ဆုံးဖြတ်ကြသည်ဟု ဖော်ပြထားသည်။

နှစ်ဦးနှစ်ဖက်က နှစ်နိုင်ငံ ဝန်ကြီးချုပ်များ ကြားတွင် တယ်လီဖုန်း Hot line ဖွင့်လှစ်ခြင်း အတွက် ကြိုဆိုခဲ့ကြပြီး၊ နှစ်နိုင်ငံ အတွက် အရေးကြီးသော ကိစ္စများတွင် နှစ်နိုင်ငံ ခေါင်းဆောင် နှစ်ဦး ပုံမှန် တိုင်ပင် အကြံဥာဏ် ယူရန် သဘောတူခဲ့ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။

ထို့ပြင် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများ ပုံမှန် အပြန်အလှန် လည်ပတ်ရေး ယန္တရား ထူထောင်ရန် သဘောတူခဲ့ကြသည်။

တရုတ် ဝန်ကြီးချုပ်သည် ကြာသပတေးနေ့တွင် အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီး SM Krishna နှင့် ကွန်ဂရက်ပါတီ ခေါင်းဆောင် ဆိုနီယာ ဂန္ဒီတို့နှင့် တွေ့ဆုံမည် ဖြစ်သည်။

သောကြာနေ့တွင် ဝမ်သည် အိန္ဒိယ၏ အိမ်နီးချင်းနှင့် ပြိုင်ဖက်ဖြစ်သော နျူကလီယာ ပိုင်ဆိုင်သည့် ပါကစ္စတန် နိုင်ငံသို့ နှစ်ရက်တာ တရားဝင် လည်ပတ်မည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Press Trust of India, 16th December 2010

အိန္ဒိယသည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီနှင့် (၁၉) နှစ်ခန့် အဆက် ဖြတ်ပြီးနောက်၊ အထူးသဖြင့် လူ့အခွင့်အရေး ကိစ္စများ အပါအဝင် နိုင်ငံတကာ ကိစ္စရပ်များ အချို့ကို အမြင်သစ်ဖြင့် အမြဲတမ်း မဟုတ်သော အဖွဲ့ဝင်နိုင်ငံ အဖြစ် ပါဝင်ရန် မောင်းတင်လျက် ရှိသည်။

အိန္ဒိသည် လုံခြုံရေး ကောင်စီတွင် တောင်အာဖရိက၊ ကိုလံဘီယာ၊ ဂျာမနီနှင့် ပေါ်တူဂီတို့ နှင့်အတူ နှစ်နှစ်ကြာ တာဝန် ထမ်းဆောင်ရန် ၂၀၁၁ ဇန်နဝါရီလ (၁) ရက်တွင် စတင်မည် ဖြစ်သည်။

"လွန်ခဲ့တဲ့ နှစ်လောက်ကစပြီး ကိစ္စရပ်တွေမှာ ကျွန်တော်တို့ရဲ့ ရပ်တည်မှုတွေ ပြန်ပြောင်း နေပါတယ်။ ပိုပြီး ပွင့်ပွင့် လင်းလင်း လုပ်နိုင်ပြီး၊ လူ့အခွင့်အရေး ကိစ္စတွေမှာ ပိုပြီး တောင်းဆို လာနိုင်မယ်လို့ မျှော်လင့်ပါတယ်"ဟု ကုလသမဂ္ဂ ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး Hardeep Singh Puri က ပြောကြားခဲ့သည်။

"ဒီကိစ္စဟာ အိန္ဒိယမှာ ဦးစားပေး ပြောင်းလဲမှုတွေကို ထင်ဟပ်စေပါတယ်" ဟု ၎င်းက PTI သို့ ပြောကြားခဲ့သည်။

"ကျွန်တော်တို့ရဲ့ အကျိုးစီးပွား ဘယ်မှာ ရှိတယ်၊ အနောက် အပါအဝင် အမြဲတမ်း အဖွဲ့ဝင် အကျိုးစီးပွား ဘာကို လိုလားတယ် ဆိုတဲ့ ကိစ္စတွေဟာ ဘာမှ ပြဿနာ မရှိနိုင်ဘူးလို့ ကျွန်တော် မြင်ပါတယ်။ အတော်များများ အရေးကိစ္စတွေမှာ ကျွန်တော်တို့ အမြင် တစ်ခုတည်း ရှိနေကြတယ်လို့ ထင်ပါတယ်" ဟု ၎င်းက ဆိုသည်။

အဆိုပါ ရပ်တည်ချက်နှင့် ပတ်သက်သည့် သာဓက တစ်ခုမှာ အီရန်ကိစ္စတွင် ထိုနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်ကို အိန္ဒိယက ကန့်ကွက်မဲ မပေးပဲ ကြားနေခဲ့ခြင်း ဖြစ်သည်။

"သေချာတာကတော့ ကျွန်တော်တို့ဟာ အနေအထားကို သုံးသပ်ဦးမှာ ဖြစ်ပြီး အနေအထား ဘယ်လိုတိုးတက်မှုရှိသလဲလို့ ကြည့်နေပါတယ်၊ မဲခွဲတဲ့ ကိစ္စမှာ နောက်ထပ် အပြောင်းအလဲတွေ ရှိနိုင်ပါသေးတယ်" ဟု Puri က ဆိုသည်။

အိန္ဒိယသည် G-77 နှင့် ဘက်မလိုက် အဖွဲ့၏ အသင်းဝင် အဖြစ် ရှိနေသည့် အချိန်တွင် လူအများ ပိုမို ကောင်းစားရေးကို ပါဝင် ဆောင်ရွက်နေသည့် လှုပ်ရှားမှုများနှင့် အနေအထားများကို လုံခြုံရေး ကောင်စီ အလှည့်ကျ အဖွဲ့ဝင် ဖြစ်မှုက တားဆီးနိုင်ဖွယ် မရှိဟု အိန္ဒိယ ထိပ်တန်း သံတမန်က ဆက်လက် ပြောလိုက်သည်။

"တကယ်လို့ ဒီရပ်တည်မှုတွေက တချို့ အုပ်စုတွေ ရပ်တည်နေတဲ့ အနေအထားတွေနဲ့ ဆန့်ကျင်နေတယ် ဆိုရင်လည်း ကျွန်တော်တို့ကတော့ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး" ဟု Puri က ပြောကြားသည်။

အိန္ဒိယ၏ အနေအထား ပြောင်းမှုသည် လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်နေရာ သေချာစေရန်အတွက် အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံများ ကျေနပ်စေရန် လုပ်ဆောင်လိမ့်မည် ဟူသော သတင်းများကို Puri က ကန့်ကွက်လိုက်သည်။

"အိန္ဒိယနိုင်ငံက မှန်ကန် ဆီလျှော်တယ်လို့ ယူဆကြမယ့် ဘောင်ထဲက နေရာကိုပဲ အိန္ဒိယက ယူမှာပါ၊ ဒါဟာ မှန်ကန်တဲ့ လုပ်ဆောင်မှုလို့ ထင်ပါတယ်၊ ကျွန်တော်တို့ရဲ့ အကျိုးစီးပွား ဘောင်ထဲမှာလည်း ဝင်နေပါတယ်။ ကျွန်တော်တို့ နေရာတွေ ယူပါလိမ့်မယ် ဆိုတဲ့ အချက်ကို သဘော မတူပါဘူး၊ ကျွန်တော်တို့ဟာ အင်မတန် လိုက်လျော ညီထွေ ရှိသူတွေပါ" ဟု ၎င်းက ပြောဆိုသည်။

မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံမှ အနေအထားမှာမူ ပိုမို ရှုပ်ထွေးလျက် ရှိသည်။

အနောက်နိုင်ငံများက မြန်မာ စစ်အစိုးရကို လူ့အခွင့်အရေး ညှင်းပမ်းမှုများအတွက် ပွင့်ပွင့်လင်းလင်း ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချရန် အဆင်သင့် ဖြစ်နေချိန်တွင် အိန္ဒိယ၊ တရုတ်နှင့် အခြား အရှေ့တောင် အာရှ အိမ်နီးချင်းများက ပိုမို သတိကြီးစွာ ချဉ်းကပ်လျက် ရှိကြသည်။

အိန္ဒိယနှင့် တရုတ်သည် ၎င်းတို့၏ ကုန်သွယ်ရေး အကျိုးစီးပွားများ စိတ်ချ လုံခြုံစေရန် မြန်မာ စစ်အစိုးရအား သဘောကောင်း ပြနေခြင်းကို လူ့အခွင့်အရေး အုပ်စုများက ပြစ်တင် ဝေဖန်ခဲ့ကြပြီး သမ္မတ ဘားရက် အိုဘားမားကလည်း သံပတ် တင်းရန် နယူးဒေလီကို တောင်းဆိုထားသည်။

"ကျွန်တော်တို့ကတော့ တိတ်တဆိတ် နှီးနှော အကြံပေးတဲ့ နည်းလမ်းကို ပိုနှစ်သက်ပါတယ်။ ရည်ရွယ်ချက်တွေကတော့ အတူတူပါပဲ၊ ဘယ်နည်းကို ခင်ဗျား သုံးမလဲလို့ပဲ မေးစရာ ရှိပါတယ်" ဟု Puri က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Temasek Review, 16th December 2010

စကာင်္ပူ သံတမန်များက ၎င်းတို့၏ အိမ်နီးချင်းများနှင့် ပတ်သက်၍ အထင်အမြင် သေးသော မှတ်ချက်များ ပြုလုပ်ထားမှုကို ဖော်ညွှန်းသည့် သံတမန် ဆက်သွယ်ရေး လမ်းကြောင်း ပေါက်ကြားခဲ့သည့် ရလဒ်အဖြစ် စကာင်္ပူနှင့် မလေးရှား အကြား သံတမန် အငြင်းပွားမှုများ ဖြစ်ပွားပြီး တစ်ရက် အကြာတွင် အရှေ့တောင် အာရှဒေသ တစ်ခုလုံးကို နောက်ထပ် သံတမန်ရေးရာ မုန်တိုင်း တစ်ခုက ဝိုင်းပတ်ရန် ခြိမ်းခြောက်လျက် ရှိသည်။

ခရာမှုတ် ဝက်ဘ်ဆိုဒ် WikiLeaks က စကာင်္ပူမှ နောက်ဆုံးရ သံတမန် ဆက်သွယ် ပြောဆိုမှုများကို မနေ့က လွှင့်ထုတ်ခဲ့ရာ သန်မြန်ဆဲ ပုဂ္ဂိုလ် လီကွမ်ယုနှင့် အမေရိကန် သံအမတ် patricia L. Herbold တို့ အကြား လျှို့ဝှက် အဆင့် ပြောဆို ဆွေးနွေးမှုများ ပါဝင်ခဲ့သည်။

နံပါတ်စဉ် VVCZCXRO 388 နှင့် ကေဘယ်လိုင်းသည် သြစတြေးလျ၊ ဂျပန်၊ တောင်ကိုးရီးယား၊ နယူးဇီလန်၊ အမေရိကန် ပြည်ထောင်စု စသော နိုင်ငံများ၏ သံရုံးများနှင့် ဆက်သွယ် ထားခြင်း ဖြစ်သောကြောင့် အတင်းအဖျင်း ပြောဆိုမှုနှင့် ကြက်မြီး ပါတီ စကားဝိုင်းမျှသာ ဖြစ်သည်ဟု ယူဆရန် မဖြစ်နိုင်ပါ။

၂၀၀၇ ခုနှစ်က တွေ့ဆုံမှုတွင် လီကွမ်ယုက တက်ရောက်လာသူ အမေရိကန် တာဝန် ရှိသူများအား "အာဆီယံသည် ၁၉၉၀ ခုနှစ်များ၌ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်တို့ကို အဖွဲ့ဝင်များ အဖြစ် ဝင်ခွင့် မပြုသင့်" ဟုပြောကြားခဲ့သည်။

"အာဆီယံရဲ့ မူလ အဖွဲ့ဝင်ဟောင်းတွေဟာ အကျိုးတူ တန်ဖိုးတွေနဲ့ ကွန်မြူနစ် ဝါဒ စက်ဆုပ် မုန်းတီးမှုမှာ တူညီချက် ရှိကြပါတယ်၊ ဒီတန်ဖိုးတွေဟာ အဖွဲ့ဝင်သစ် တွေကြောင့် ညစ်နွမ်း သွားခဲ့ပါပြီ၊ သူတို့ဟာ အာဆီယံ အဖွဲ့ဝင်ဟောင်းတွေလိုပဲ ပြုမူ ဆောင်ရွက်ကြလိမ့်မယ် ဆိုတဲ့ အချက်ကလည်း သူတို့ရဲ့ စီးပွားရေး၊ လူမှုရေး ပြဿနာ အရပ်ရပ်ကြောင့် သံသယ ပွားစရာပါ" ဟု လီကွမ်ယူက ဝေဖန်ခဲ့သည်။

မစ္စတာ လီကွမ်ယူက "ဗီယက်နမ်နှင့် ပတ်သက်၍ အကောင်း မြင်မှုကို အများဆုံး ပြသခဲ့ပြီး၊ လာအိုသည် အာဆီယံ အတွင်းမှ ဆောင်ရွက်ချက်များကို တရုတ်ထံ ပြန်သတင်း ပို့နေသည့် တရုတ်နိုင်ငံ၏ အစွန်အဖျား ဒေသတစ်ခု အဖြစ် ရှုတ်ချခဲ့သလို ကမ္ဘောဒီးယား၏ နိုင်ငံရေး စနစ်မှာလည်း ဝန်ကြီးချုပ် ဟွန်ဆန်ကို ခြံရံကာ ပုဂ္ဂိုလ်ရေး လွှမ်းမိုးမှု များလွန်းသည်" ဟု ပြောဆိုခဲ့သည်။

အထက်ပါ တုန်လှုပ်ဖွယ် ပေါက်ကြားမှုသည် လာမည့်နှစ် အင်ဒိုနီးရှား အာဆီယံ ထိပ်သီး ညီလာခံသို့ တက်ရောက်မည့် သံတမန်များနှင့် ခေါင်းဆောင်များ အကြား မျက်နှာနီမြန်း ရှက်အမ်းခြင်းကို ဖြစ်စေလိမ့်မည် ဖြစ်သည်။

WikiLeaks ၏ မဆင်မခြင် လွှင့်တင်မှု ဖြစ်ပွားပြီး နောက်ပိုင်း တစ်ပတ်လုံးလုံး ထူးထူး ဆန်းဆန်း ပျောက်ကာ ငြိမ်နေသည့် စကာင်္ပူ သဘာရင့် ဝါရင့် ခေါင်းဆောင်ဟောင်း လီကွမ်ယူထံမှ လတ်တလော မည်သည့် မှတ်ချက်မျှ ထွက်ပေါ်လာခြင်း မရှိသေးပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

VOA News, 15th December 2010

စင်္ကာပူကို တည်ထောင်ခဲ့သော ဖခင်ကြီး Lee Kwan Yew က မြန်မာနိုင်ငံတွင် အုပ်ချုပ်နေသော ဗိုလ်ချုပ်များအား ဥာဏ်နည်းသူများ (stupid) ဖြစ်ပြီး၊ ထူပြိန်း (Dense) သူများ ဖြစ်ကြောင်း ဖော်ပြခဲ့သည်ဟု ပေါက်ကြားသွားသော အမေရိကန် သံတမန် ကေဘယ်တွင် ကိုးကား ဖော်ပြခဲ့သည်။

အဆိုပါ ကေဘယ်တွင် ဖော်ပြထားသည်မှာ ၂၀၀၇ ခုနှစ်တွင် Lee က အမေရိကန် သံတမန် တစ်ဦးအား ပြောကြားရာတွင် မြန်မာ အစိုးရ ခေါင်းဆောင်များနှင့် ဆက်ဆံရသည်မှာ လူသေကောင်နှင့် စကားပြော နေရသည်နှင့် တူကြောင်း ပြောခဲ့သည်။ ၎င်းတို့သည် တိုင်းပြည်၏ သယံဇာတများကို မှားယွင်းစွာ စီမံ ခန့်ခွဲလျက် ရှိကြောင်း၊ ၎င်းတို့အပေါ် လွန်ခဲ့သော ဆယ်နှစ် ကတည်းက လက်လျှော့ ထားခဲ့ကြောင်း Lee က ပြောခဲ့သည်ကို ကိုးကား ဖော်ပြထားသည်။

WikiLeaks ဝက်ဆိုဒ်တွင် Lee နှင့် အမေရိကန် အကြီးတန်း သံတမန် နှစ်ဦးတို့ စကားပြောသည်ကို မှတ်တမ်း တင်ထားသည်ကို ဖော်ပြခဲ့သည်။ Lee က သဘောပေါက် လွယ်သော မျိုးဆက်သစ် ဗိုလ်ချုပ်များ အာဏာရ မလာမချင်း မြန်မာနိုင်ငံတွင် တိုးတက်မှုအတွက် မျှော်လင့်၍ မရနိုင်ကြောင်း ဆိုခဲ့သည်ဟု ၎င်းဝက်ဆိုဒ်က ကိုးကား ဖော်ပြခဲ့သည်။

သို့တိုင်အောင် အဆိုပါ မျိုးဆက်သစ်များက ဒေါ်အောင်ဆန်းစုကြည်နှင့် အာဏာ ခွဲဝေ ကျင့်သုံးလိမ့်မည် ဆိုသည်ကို သံသယ ရှိနေဆဲ ဖြစ်ကြောင်း ပြောခဲ့သည်ဟု ဆိုသည်။ သူမသည် စစ်အစိုးရက မုန်းသောသူ တစ်ဦး ဖြစ်ကြောင်း Lee က ပြောခဲ့သည်။

WikiLeaks သည် တစ်သန်း၏ လေးပုံ တစ်ပုံ ခန့်သော လျှို့ဝှက်စာများကို အများ သိအောင် ဖော်ထုတ်ခဲ့သည်။ တရုတ်သည် အခြား တိုင်းပြည်များထက် မြန်မာ ဗိုလ်ချုပ်များပေါ်တွင် ပို၍ သြဇာရှိကြောင်း Lee က ပြောခဲ့သည်ကိုလည်း ကိုးကား ဖော်ပြထားသေးသည်။ ထို့အပြင် Lee က အိန္ဒိယက တရုတ်၏ သြဇာ လွှမ်းမိုးမှုကို တန်ပြန်ရန် ကြိုးစားခဲ့ကြောင်း၊ သို့သော် တရုတ်လောက် မစွမ်းဆောင်နိုင်ခဲ့ကြောင်း ပြောခဲ့သည်ဟု ဆိုသည်။

Lee သည် စင်္ကာပူ ဝန်ကြီးချုပ်အဖြစ် ၁၉၅၉ မှ ၁၉၉၀ ထိ လုပ်ကိုင်ခဲ့ပြီး၊ ယခုအချိန်အထိ အစိုးရ ဝါရင့် အကြံပေး အဖြစ် လုပ်ကိုင်နေသည်။ ၎င်းသည် စင်္ကာပူ၏ အခြား အိမ်နီးချင်းများ အပေါ် အနေရ ခက်မည့် မှတ်ချက်များ ပေးခဲ့သည်ကို အဆိုပါ ကေဘယ်တွင် ဖော်ပြထားသည်။

စင်္ကာပူ အစိုးရ တာဝန်ရှိသူများက ကေဘယ် သတင်းများအား အတင်း အဖျင်း အဆင့်သာ ရှိပြီး၊ ထည့်သွင်း စဉ်းစားရန် မလိုကြောင်း ပယ်ချခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နမ်းမော်မြစ်ပေါ်တွင် ရေလှောင်တမံ တည်ဆောက်မှုကြောင့် ဖြစ်ပေါ်လျက် ရှိသော ဆိုးကျိုးများကို တရုတ်နိုင်ငံ အနေဖြင့် စုံစမ်း ဖော်ထုတ်ရန် မြန်မာနိုင်ငံမှ တိုင်းရင်းသား လူနည်းစု အုပ်စုများက တရုတ် အစိုးရကို တိုက်တွန်း ပြောဆိုလိုက်သည်။

အဆိုပါ တိုင်းရင်းသား အုပ်စုများက 'High and Dry: The cross-boundary impacts of China's Longjiang Dam' ဟူသော ခေါင်းစဉ်ဖြင့် စာမျက်နှာ ၂၀ ပါ အစီရင်ခံစာ တစ်ရပ်ကို ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်လိုက်ပြီး တရုတ် အစိုးရ အနေဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ်းမော်မြစ် အထက်ပိုင်းတွင် တည်ဆောက်လျက် ရှိသော လောင်ဂျန်း ရေလှောင်တမံ (Longjiang Dam) တည်ဆောက်မှုကြောင့် ဖြစ်ပေါ်သော ထိခိုက်မှုများကို ဆန်းစစ်သင့်ကြောင်း တိုက်တွန်းထားခြင်း ဖြစ်သည်။

အဆိုပါ အစီရင်ခံစာတွင် ရေလှောင်တမံ တည်ဆောက်မှုကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နမ်းမော်မြစ်ရေ နိမ့်ကျ လျော့နည်းလျက် ရှိကြောင်း၊ သို့အတွက်ကြောင့် ယင်းဒေသတွင် နေထိုင်သူများ အနေဖြင့် အခက်အခဲများနှင့် ရင်ဆိုင်ရကြောင်း ရေးသား ဖော်ပြထားသည်။ နမ်းမော်မြစ်သည် တရုတ် နိုင်ငံတွင် မြစ်ဖျားခံပြီး တရုတ် ဘာသာဖြင့် လောင်ဂျန်းမြစ်ဟု အမည်ရကာ လောင်ဂျန်း ရေလှောင် တမံသည် ယူနန်ပြည်နယ် Dehong ခရိုင်တွင် တည်ရှိသည်။

ယခု ထုတ်ပြန်သော အစီရင်ခံစာကို ရှမ်းပြည်နယ် မြောက်ပိုင်း နမ်းမော်မြစ် အနီးရှိ ကျေးရွာပေါင်း ၁၀ ရွာမှ ပြည်သူများ၏ အတွေ့အကြုံကို အခြေခံ၍ ရေးသားခဲ့ခြင်း ဖြစ်သည်။

ရှမ်းအမျိုးသမီးများ လှုပ်ရှားမှု ကွန်ယက် (SWAN) အဖွဲ့မှ ချမ်တုန်းက နမ်းမော်မြစ် တလျှောက်တွင် နေထိုင်သူ ပြည်သူပေါင်း ၁၆၀၀၀ ခန့် ရှိကြောင်း၊ ယခုအခါ ၎င်းတို့သည် နမ်းမော်မြစ် ရေမျက်နှာပြင် နိမ့်ကျမှုကြောင့် အခက်အခဲ မျိုးစုံနှင့် ရင်ဆိုင်နေရကြောင်း ပြောပြသည်။

"မြစ်ရေ မျက်နှာပြင် တက်လိုက် ကျလိုက် ဖြစ်နေတာကို တွက်ဆလို့ မရနိုင်ဘဲ ဖြစ်နေပါတယ်။ အဲဒါကြောင့် ရေကြောင်း အသုံးပြုပြီး လုပ်ရတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ ဝင်ငွေ သုံးပုံ နှစ်ပုံလောက် လျော့ကျ သွားပါတယ်။ သူတို့ တတွေ အခုဆိုရင် အရမ်းကို ဒုက္ခ ရောက်နေကြပါတယ်" ဟု ချမ်တုန်းက ပြောကြားသည်။

ယခုနှစ် အစောပိုင်းကာလ၊ တရုတ် အာဏာပိုင်များက ရေလှောင်တမံ အတွင်းသို့ ရေများ စတင် သိုလှောင်ချိန် အတွင်း ရှမ်းပြည်နယ် မြောက်ပိုင်း၌ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့မှုများကို အစီရင်ခံစာတွင် တင်ပြထားသည်။ နမ်းမော်မြစ် ရေမျက်နှာပြင်မှာ ဆိုးဆိုးရွားရွား ကျဆင်း သွားကြောင်း၊ အချို့သော နေရာများရှိ ရေအနက်မှာ ဒူးခေါင်းမျှသာ ရှိတော့ကြောင်း၊ ကမ်းပါး နှစ်ဖက်တွင် သဲသောင် ဖြစ်ထွန်းမှုများ ပိုမို ဖြစ်ပေါ်လာပြီး ရေကြောင်း အကျယ်မှာ ၆၅ ရာခိုင်နှုန်းကျော် ကျုံ့သွားကြောင်း အစီရင်ခံစာက ဆိုသည်။

နမ်းမော်မြစ် တလျှောက် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများ၊ လူမှု စီးပွားရေး ထိခိုက် နစ်နာမှုများကို ဘေဂျင်း အစိုးရ အနေဖြင့် ပြန်လည် ဆန်းစစ် အကဲဖြတ်ရန် ရွာသားများက တောင်းဆိုထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

"ကျွန်မတို့ရဲ့ အစီရင်ခံစာကို တရုတ်အစိုးရနဲ့ တမံ တည်ဆောက်တဲ့ ကုမ္မဏီဆီကို ပေးပို့မှာပါ။ အဲဒါမှ သူတို့ အနေနဲ့ ဒီမှာ ဘယ်လို ပြဿနာတွေနဲ့ ရင်ဆိုင် ကြုံတွေ့ နေရတယ် ဆိုတာကို သိနိုင်မှာပါ။ ကျွန်မတို့ ပြောတာကို သူတို့ နားထောင်မယ်လို့ မျှော်လင့်မိပါတယ်" ဟု ချမ်တုန်းက ပြောဆိုသည်။ လောင်ဂျန်း ရေလှောင်တမံကို တရုတ် အစိုးရက ပြီးခဲ့သည့် ဇူလိုင်လတွင် တရားဝင် စတင် လည်ပတ်ခဲ့သည်။ အဆိုပါ ရေအား လျှပ်စစ် စီမံကိန်းမှ လျှပ်စစ် ဓာတ်အား မီဂါဝပ် ၂၄၀ ထုတ်လုပ်နိုင်သည်။

Shan Sapawa Environmental Organisation မှ ပြောရေး ဆိုခွင့် ရှိသူ စိုင်းစိုင်းက တရုတ်နှင့် မြန်မာ နိုင်ငံတွင်း ရေလှောင် တမံများ တည်ဆောက်မှုနှင့် ပတ်သက်၍ စိုးရိမ်မကင်း ဖြစ်မိကြောင်း၊ တမံ စီမံကိန်းများသည် ပြည်သူများ၏ လူမှု ဘဝများ နှင့် ရေကြောင်း စီးဆင်းမှုများ အပေါ် ဆိုးကျိုးများသာ ဖြစ်ပေါ်စေနိုင်ကြောင်း ပြောကြားသည်။

Bangkok Post မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နှစ်နိုင်ငံ နယ်စပ် ဒေသ လုံခြုံရေး တင်းကြပ်ရန် ဟူသော ဦးတည်ချက်ဖြင့် အိန္ဒိယနှင့် မြန်မာ အစိုးရ အရာရှိများ တွေ့ဆုံ ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၄ ရက်နေ့က မီဇိုရမ် ပြည်နယ် အရှေ့ပိုင်း၊ Champha မြို့ မဟာမင်းကြီး ရုံးတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်းဆွေးနွေးပွဲကို နယ်စပ်ဒေသ ပြန်ကြားရေး အရာရှိကြီးများ ပထမဆုံး ဆွေးနွေးပွဲဟု ခေါ်ပြီး ဆွေးနွေးပွဲ၌ နယ်စပ်ဒေသ လုံခြုံရေးနှင့် မီဇိုရမ်ဒေသ ထိရောက်သော စီမံ ခန့်ခွဲမှုများ ကျင့်သုံးရေးကို အဓိကထား ဆွေးနွေးခဲ့ကြောင်း တရားဝင် ကြေညာချက် ထုတ်ပြန်သည်။

ဆွေးနွေးပွဲ၌ အိန္ဒိယ ကိုယ်စားလှယ်များ အဖွဲ့ကို ပြည်ထဲရေး ဝန်ကြီးဌာန ပူးတွဲ အတွင်းရေးမှူး S Singh က ဦးဆောင်ပြီး မြန်မာ အာဏာပိုင်များ အဖွဲ့ကို ချင်းပြည်နယ် အုပ်ချုပ်ရေးမှူး ဦးနေအောင်က ဦးဆောင်ကြောင်း၊ လုံခြုံရေး ကိစ္စများ၊ မူးယစ်ဆေးဝါး မှောင်ခိုကူးမှု တားဆီး ကာကွယ်ရေး၊ နယ်စပ်ဒေသ စီမံခန့်ခွဲရေး အစရှိသည် တို့ကို ဆောက်ရွက်ရန် အသေးစိတ် ဆွေးနွေးခဲ့ကြကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဦးနေအောင်က မိမိသည် ချင်းပြည်နယ်ကိုသာ ကိုယ်စားပြုသူ ဖြစ်ပြီး ဆွေးနွေးပွဲ၌ ညှိနှိုင်းသော အရေးကိစ္စများကို မြန်မာ အဆင့်မြင့် အာဏာပိုင်ကြီး များထံသို့ အစီရင်ခံ တင်ပြသွားမည် ဖြစ်သည်ဟု အိန္ဒိယ ကိုယ်စားလှယ်များကို ပြောကြားသည်။ ချင်းပြည်နယ် အာဏာပိုင်များနှင့် Champha ခရိုင်ဒေသ အာဏာပိုင်များ အကြား အပြန်အလှန် အဆက်အသွယ် ရရှိနိုင်ရေး အတွက် Code Division Multiple Access (CDMA) ဆယ်လူလာ ဆက်သွယ်ရေး စနစ် အသုံးပြုရန် အစည်းအဝေးတွင် သဘော တူညီမှု ရရှိခဲ့သည်။

ဆွေးနွေးပွဲတွင် အဆိုပါ CDMA ဆက်သွယ်မှုစနစ် လက်တွေ့ အသုံးပြုပုံများ ကိုလည်း ပြုလုပ်ခဲ့ကြသည်။ နယ်စပ် ဖြတ်ကျော် အကြမ်းဖက် သမားများ လှုပ်ရှားမှုနှင့် မီဇိုရမ်မှ တစ်ဆင့် လက်နက် မှောင်ခိုကူးမှု ကိစ္စများကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

"မီဇိုရမ်သည် အိန္ဒိယ အရှေ့မြောက်ပိုင်း ဒေသတွင် ခွဲထွက်ရေး သမားများ လှုပ်ရှားမှု ကင်းစင်သော နယ်မြေ ဖြစ်သည့်တိုင် အခြားဒေသမှ လက်နက်ကိုင် အကြမ်းဖက် သမားများက ယင်းဒေသကို ခိုလှုံစရာ ဒေသတစ်ခု အဖြစ် အသုံးပြုလျက် ရှိသည်" ဟု ပြည်ထဲရေး ဝန်ကြီးဌာနမှ အရာရှိကြီးများက ထောက်ပြသည်။

နယ်စပ် ဖြတ်ကျော် အကြမ်းဖက် လှုပ်ရှားမှုများ ပပျောက်ရေး တိုက်ဖျက်ရန် နှစ်နိုင်ငံ အာဏာပိုင်များ သဘော တူညီမှု ရရှိခဲ့ကြောင်း ၎င်းတို့၏ အဆိုအရ သိရသည်။ နှစ်နိုင်ငံ အကြား ဆက်သွယ်ရေး ပြုလုပ်ရာတွင် ဘာသာစကား အခက်အခဲ မရှိစေရန် မြန်မာ လုံခြုံရေး အာဏာပိုင်များ အနေဖြင့် Champhai တွင် အင်္ဂလိပ် ဘာသာ သို့မဟုတ် ဟိန္ဒူဘာသာ လေ့လာ သင်ယူမည် ဟုလည်း ဆိုသည်။

လက်ရှိ အနေအထားတွင် မီဇိုဘာသာ စကားကို ကြားခံ ဘာသာစကား တစ်ခုအဖြစ် လက်ခံထားကြသည်။ ဆွေးနွေးပွဲ ပြီးဆုံးသောအခါ အိန္ဒိယ အာဏာပိုင်များက မြန်မာ အာဏာပိုင်များကို လက်ဆောင်များ ပေးအပ်ပြီး အဆိုပါ လက်ဆောင်များတွင် Bolero LX အမျိုးအစား ဗင်ကား တစ်စီး၊ Super Splender မော်တော် ဆိုက်ကယ် သုံးစီး၊ 6KVA ဒီဇယ် မီးစက်တစ်လုံး၊ ကွန်ပျူတာ သုံးလုံးနှင့် ဝါယာလက် စနစ် အစုံခြောက်စုံ တို့လည်း ပါဝင်ကြောင်း၊ ငွေတန်ဖိုးအားဖြင့် ရူပီးငွေ သိန်း ၂၀ တန်ဖိုး ရှိကြောင်း အိန္ဒိယ အာဏာပိုင်များက ဆိုသည်။

နှစ်နိုင်ငံ အာဏာပိုင်များ နောက်တစ်ကြိမ် အစည်းအဝေးကို လာမည့် ၂၀၁၁ ခုနှစ်၊ ဧပြီလတွင် ကျင်းပ ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရသည်။

New Kerala မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.