Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တွင်း ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်သွားမည် မဟုတ်ကြောင်း ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် အသိပေး ပြောကြားလိုက်သည်။

NLD ပါတီတွင်း ဖွဲ့စည်းပုံများ ပြန်လည် ပြုပြင်ပြီး အသက် အရွယ် ကြီးရင့်သော ခေါင်းဆောင်များ နေရာတွင် လူငယ် အဖွဲ့ဝင်များဖြင့် အစားထိုး ခန့်အပ်မည် ဖြစ်သည် ဟူသော သတင်းမှာ မဟုတ် မမှန်ကြောင်း ၎င်းက ဆိုခဲ့သည်။

"အသက် အရွယ် ကြီးရင့်နေတဲ့ ပါတီ ခေါင်းဆောင်တွေကို နုတ်ထွက်ပေးဖို့ ကျွန်မတို့ ပြောမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က ကျန်းမာ နေသေးသရွေ့၊ အလုပ် လုပ်ကိုင်နိုင် သေးသရွေ့ ပါတီအတွက် အလုပ် လုပ်ပေးချင်ကြလို့ပါ။ အခုလို လုပ်တာဟာ ကောင်းတယ် လို့လည်း ကျွန်မ ထင်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင် ပြုလုပ်သော အင်တာဗျူး၌ AFP သတင်းဌာနကို ပြောကြားသည်။ NLD သည် စစ်အစိုးရ၏ တရားဝင် ဖျက်သိမ်းခံ ထားရသော ပါတီ ဖြစ်သည်။

နိုဗယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ စီနီယာ အဖွဲ့ဝင် အတော်များများမှာ သက်ကြီး ရွယ်အိုများ ဖြစ်ကြပြီး ယခုအခါ အသက် ၈၀ မှ ၉၀ အရွယ်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ သို့အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဗဟို ကော်မတီ အဖွဲ့ဝင်များ အပြောင်းအလဲ ပြုလုပ်ကောင်း ပြုလုပ်ပြီး သွေးသစ် လောင်းမှုများလည်း ပြုလုပ်နိုင်သည် ဟူသော ထင်ကြေး ပေးမှုများ ထွက်ပေါ်ခဲ့သည်။

"ကျွန်မတို့ အနေနဲ့ ဗဟို ကော်မတီ အဖွဲ့ကို ပြန်လည် ဖွဲ့စည်းမှာ မဟုတ်ပါဘူး။ အဲလိုမျိုး လုပ်ရပ်လည်း လုပ်မှာ မဟုတ်ပါဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Asian Correspondent, 18th December 2010

မြန်မာ စစ်အစိုးရ၏ သဘောထားကို ပျော့ပြောင်း စေနိုင်လိမ့်မည်ဟု အမေရိကန်တို့က အလွန်အကျွံ ယူဆခဲ့ကြခြင်းကို နောက်ဆုံး WikiLeaks လွှင့်တင်မှုများက ပြသနေသည်ဟု Simon Roughneen က Asian Sentinel အတွက် ရေးသား ဖော်ပြလိုက်သည်။

၂၀၀၉ သြဂုတ်လတွင် စစ်ဖက် အုပ်ချုပ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ဒီမိုကရက်တစ် အထက် လွှတ်တော် အမတ် Jim Webb လာရောက် တွေ့ဆုံခြင်းအားဖြင့် မြန်မာ စစ်အစိုးရနှင့် တွေ့ဆုံ ညှိနှိုင်းမှုနှင့် ပတ်သက်၍ အမေရိကန် တာဝန်ရှိသူများက လိုသည်ထက် ပို၍ အကောင်း မြင်ခဲ့ကြသည် ဆိုသည်ကို ရန်ကုန် အမေရိကန် သံရုံးမှ သံတမန် ဆက်သွယ်မှု လမ်းကြောင်းများက ပြသနေသည်။

"ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့ရဲ့ လက်သီးဆုပ်ကို မဖြည်ဘူးလို့ ယုံကြည်ထားတာ သေချာပါတယ်" ဟုWikiLeaks က တစ်ညလုံး လွှင့်တင်ခဲ့သော Cable က ဆိုသည်။ လက်သီးဆုပ် ထားခြင်းကြောင့် ပစ်ပယ်ထားသည့် နိုင်ငံများနှင့် တွေ့ဆုံညှိနှိုင်းရန် အမေရိကန်သမ္မတ ဘားရက် အိုဘားမား၏ မိန့်ခွန်းတွင် ပြောကြားထားခြင်းကို ရည်ညွှန်းခြင်း ဖြစ်သည်။

ဂျင်ဝက်ဘ်နှင့် သန်းရွှေ တွေ့ဆုံမှုနှင့် အမေရိကန် အကျဉ်းသား John Yeftaw ကို လွှတ်ပေးမှုတို့ကို အမေရိကန် တန်ပြန် ကမ်းလှမ်းမှုကို ရေလာ မြောင်းပေးသည့် အဓိက အလျှော့ပေး ညှိနှိုင်းမှု အဖြစ် မြန်မာ အာဏာပိုင်များက သတ်မှတ် ယူဆထားကြောင်း အထက်ပါ သံတမန် ဆက်သွယ်မှု Cabel ပါ ရေးသားချက်များက တင်ပြထားသည်။ "ကုလ သမဂ္ဂ အထွေထွေ ညီလာခံပြီးရင် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းကို ဝါရှင်တန်က သံရုံးကို သွားရောက်ခွင့် ပေးသင့်ပါတယ်" ဟု Cabel ပါ စာရေးသူက ဆိုထားသည်။

အထက် လွှတ်တော် အမတ်  Webb နှင့် သံရုံးတာဝန်ခံ Larrx Dinger တို့အား နွေးထွေးစွာ ကြိုဆိုပါကြောင်း အိမ်တွင်းပုန်း မြန်မာခေါင်းဆောင်က ပြောကြားခဲ့ခြင်းသည် Jim Webb နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့၏ တွေ့ဆုံမှုကို မျှော်မှန်းထားသည်ထက် ပို၍ ယုံကြည်စွာ အားတက်သရော ရှိခဲ့ကြခြင်း ဖြစ်သည်။ Jim Webb က ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းသည့် အကြောင်း အရာသို့ လမ်းကြောင်း ပြောင်းရန် ကြိုးစားသည့် စကား ပြောဆိုမှု တလျှောက်လုံး ဗိုလ်ချုပ်မှူးကြီးက "ချစ်ကြည်ရင်းနှီးမှု" စကားလုံးကိုသာ ထပ်ကာ ထပ်ကာ ပြောဆိုခဲ့သည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Asian Correspondent, 17th December 2010

မြန်မာအစိုးရသည် ၎င်းတို့အား ဆက်လက် တိုက်ခိုက်နေမည် ဆိုပါက မြို့နယ်တိုင်းတွင် ပြောက်ကျားစစ်များ ဆင်နွှဲသွားမည် ဖြစ်ကြောင်း ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာ တပ်(DKBA) တပ်မ 902 မှ တပ်မှူး ဗိုလ်မှူးကြီး ကျော်သက်က Palu ရွာတွင် DVB သို့ ယနေ့ ပြောကြားခဲ့သည်။ အဆိုပါ ရွာတွင် မကြာသေးမီက မြန်မာစစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ကရင်ပြည်နယ် Dooplaya နယ်ရှိ အရပ်သားများမှာ မြန်မာစစ်တပ်နှင့် ကရင်တပ်များကြား ပဋိပက္ခကြောင့် များစွာ ထိခိုက်နစ်နာမှုများ ရှိကြောင်း ကရင် လူ့အခွင့်အရေး (KHRG) ၏ အဆိုအရ သိရှိရသည်။ မြန်မာစစ်တပ်နှင့် အပစ်အခတ် ရပ်ထားသော ဗိုလ်မှူးကြီး စောလာဖွယ်၏ ကရင်တပ်များကြား တိုက်ပွဲများမှာ နိုဝင်ဘာလ(၇)ရက် ၂၀၁၀ မှစ၍ ဖြစ်ပွားခဲ့သည်။ နိုဝင်ဘာလ (၈)ရက်နှင့် (၉)ရက်တို့တွင် မြဝတီနှင့် ဘုရားသုံးဆူတို့တွင် တိုက်ပွဲကြီးများ ဖြစ်ပွားခဲ့ပြီးနောက်၊ ထိုင်းနိုင်ငံ ကချာနာဘူရီ နယ်နှင့် တခ်နှင့် မျက်နှာချင်းဆိုင် ဒေသတွင် တိုက်ပွဲလေးများ မကြာခဏ ဖြစ်ပွားပြီး၊ ပျောက်ကျား စစ်သဏ္ဍာန် တိုက်ခိုက်မှုများ၊ လက်နက်ကြီး ပတ်ခတ်မှုများ ရှိခဲ့သည်။

ကော့ကရိတ်မြို့နယ်ရှိ ဝေါလေ၊ Gk' Neh Leh ရွာ၊ သေဘောဘိုး၊ ပလူနှင့် မင်းလက်ဘိုင် ရွာများတွင် ဒီဇင်ဘာ(၁၆) (၁၇) နောက်ဆုံး အခြေအနေအရ အန္တရာယ်ကြီးမား နေဆဲဖြစ်ကြောင်း ဆိုသည်။ အဆိုပါ ရွာများမှ အရပ်သားများသည် လက်နက်ကြီးများ ကျရောက်မှု၊ မြေမြှုပ်မိုင်းများ မြှုပ်နှံထားမှုများ အတွက် စိုးရိမ်သောကြောင့် ကာကွယ်ရေး ကိစ္စများကို ဆက်တိုက် အကြောင်းကြားလျက် ရှိသည်။

မြန်မာ စစ်သားများက ရက်ရက်စက်စက် နှိပ်ကွပ်မည် ဟူသော ခြိမ်းခြောက်မှုများ သည်လည်း ရှိနေဆဲ ဖြစ်သည်။ ရွာသားများမှာ မြန်မာစစ်တပ်မှ ပေါ်တာဆွဲခြင်းနှင့် ဖမ်းဆီးခြင်းများကို ကြုံတွေ့ရလျက် ရှိသည်။ တိုက်ပွဲများ ဖြစ်နိုင်သည့် အခြေအနေကြောင့် ကျောင်းများကိုလည်း ပိတ်ထားရသည်။ ရွာသားများမှာ ၎င်းတို့၏ လယ်ကွင်းများတွင်ပင် အလုပ် မလုပ်ရဲကြပေ။ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခြင်းကြောင့် အသက်အန္တရာယ် စိုးရိမ်ရမှုများ၊ ရွှေ့ပြောင်းရခြင်းများ၊ ပစ္စည်းများ ပျက်စီးဆုံးရှုံးရမည့် အန္တရာယ်များကို ခံစား နေကြရသည်။

Dooplaya အရှေ့ပိုင်းမှ ရွာသားများသည် အထက်ပါ အန္တရာယ်များကို ကာကွယ်ရေးအတွက် တက်ကြွစွာ ဆောင်ရွက်လျက် ရှိသည်ဟု KHRG ကပြောသည်။ ရွာသားများသည် တိုက်ပွဲဖြစ်နေစဉ် ကာလအတွင်း လုံခြုံစွာ ခိုလှုံနိုင်ရန် ယာယီဒုက္ခသည် စခန်းများကို မြန်မာနိုင်ငံ တွင်းတွင် သာမက နိုင်ငံပြင်ပတွင်ပါ ရှာဖွေလျက် ရှိသည်။ ၎င်းတို့သည် ဖမ်းဆီးခံရမည့် အန္တရာယ်၊ နှိပ်စက်ခံရမည့် အန္တရာယ်များကြောင့် စစ်သားများနှင့် တွေ့ဆုံရေးကို အမြဲတမ်း ရှောင်ရှားကြသည်။

ရွာသား အများစုသည် ၎င်းတို့၏ နေအိမ်နှင့် လယ်မြေများကို စောင့်ကြည့်၍ အဆင်ပြေမည့် လုံခြုံသည့် ယာယီ စခန်းများသို့ မိသားစုလိုက် ရွှေ့ပြောင်းရန် ဆုံးဖြတ်ထားကြသည်ဟု KHRG ၏ အစီရင်ခံစာအရ သိရှိရသည်။

ထိုင်းနိုင်ငံတွင် ခိုလှုံရာနေရာ ရှာဖွေကြသူများမှာ အခက်အခဲများနှင့် ရင်ဆိုင်ကြရသည်ကို တွေ့ရပြီး စားနပ်ရိက္ခာ၊ ရေနှင့် ဆေးဝါးမှာ အရေးတကြီး အလိုအပ်ဆုံး အရာများ ဖြစ်ကြသည်။ DKBA  အပါအဝင် အတော် များများက ရှေ့တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေဦးမည်ဟု မျှော်လင့်ကြောင်း ပြောကြသည်။

ယခု လက်ရှိ အားဖြင့် ပလူတွင် တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသော်လည်း ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်နှင့် ဖာပွန်တို့တွင် အနည်းဆုံး တိုက်ပွဲ လေးကြိမ်ခန့် ဖြစ်ပွားခဲ့သည်။

စစ်အစိုးရက သူပုန်တပ်များအား လက်နက် ဆက်လက် ကိုင်စွဲမည်လား သို့မဟုတ် ဒီဇင်ဘာ (၃၁)ရက် နောက်ဆုံးထား၍ နယ်ခြားစောင့်တပ် အသွင်ပြောင်း မည်လား၊ သို့မဟုတ်ပါက တိုက်ခိုက်မှုများ ကြုံတွေ့ရမည်ဟု ရာဇသံ ပေးထားကြောင်း DVB က နိုဝင်ဘာလက ပြောကြားခဲ့သည်။

မြန်မာ စစ်တပ်နှင့် DKBA ကြားတွင် အစောပိုင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဒုက္ခသည် (၂၀၀၀၀) ခန့်သည် နယ်စပ်ကို ဖြတ်၍ ထိုင်းနိုင်ငံ မဲဆောက်သို့ ထွက်ပြေးခဲ့ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, By Khurram Shahzad, 18th December 2010

တရုတ် ဝန်ကြီးချုပ် ဝမ်ကြားပေါင်သည် ပါကစ္စတန် ပါလီမန်တွင် မိန့်ခွန်း ပြောကြားမည် ဖြစ်ပြီး ၎င်း၏ သုံးရက်ကြာ အစ္စလာမ် မာဘတ်သို့ ခရီးတွင် ဒေါ်လာ (၃၅) ဘီလျံ တန်ဖိုးခန့် သဘော တူညီမှုများ ရရှိခဲ့သည်။

တရုတ် ဝန်ကြီးချုပ် တစ်ဦး အနေဖြင့် ငါးနှစ်အတွင်း ပထမဦးဆုံး ခရီးစဉ်တွင် ဆင်းရဲနေသော ပါကစ္စတန်တွင် ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုများကို ပစ်မှတ်ထား၍ သွားရောက်ခဲ့သည်။ ပါကစ္စတန်တွင် တာလီဘန် သူပုန်များနှင့် စစ်ပွဲများ ဖြစ်လျက် ရှိပြီး၊ အယ်ကိုင်ဒါများ အပေါ် အမေရိကန် ဦးဆောင်သော စစ်ပွဲ ဆင်နွှဲရာ စစ်မြေပြင် ဖြစ်သည်။

တရုတ်၏ ဦးဆောင် စီးပွားရေး လုပ်ငန်းရှင်များနှင့် ပါကစ္စတန် ကက်ဘိနက် ဝန်ကြီးများသည် ဒေါ်လာ (၃၅)ဘီလျံ တန်ဖိုးရှိ ကုန်သွယ်ရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး၊ ပါကစ္စတန်နိုင်ငံ၏ ပြိုလဲလုနီးနေသော စီးပွားရေးကို တည့်မတ်ရန်နှင့် မီးကျိုး မောင်းပျက် စွမ်းအင်ပြဿနာများကို ပြေလျော့စေရန် ရည်ရွယ်ခဲ့သည်ဟု ဆိုသည်။

ပါကစ္စတန်သည် တရုတ်အား အနီးကပ်ဆုံး မဟာအိတ် အဖြစ် ရှုမြင်ပြီး၊ ယခု သဘော တူညီမှုများသည် ဆိုးရွားနေသော ပါကစ္စတန် စီးပွားရေးအတွက် အလွန်တရာ အရေးကြီးသည်ဟု အလေးထားခဲ့သည်။ ပါကစ္စတန်၏ စီးပွားရေးသည် ယခုနှစ် ရေကြီးမှုများကြောင့် လည်းကောင်း၊ အလွန်တရာ နှေးကွေးသော အနောက်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုများကြောင့် လည်းကောင်း အခြေအနေ ဆိုးခဲ့ရသည်။

လူဦးရေ (၁၆၇) သန်းရှိသော နျူကလီယာ ပိုင်ဆိုင်သည့် မူဆလင် တိုင်းပြည်သည် လျှပ်စစ် ဓါတ်အား လိုအပ်ချက်၏ ၈၀ % သာ ထုတ်လုပ်နိုင်သည်။ ပါကစ္စတန်၏ စက်မှု လုပ်ငန်းများသည် ကမ္ဘာ့ငွေကြေး ပြဿနာများနှင့် လွန်ခဲ့သော သုံးနှစ်အတွင်း တာလီဘန် ဗုံးဖောက်ခွဲမှုများကြောင့် အရှုံး ပေါ်ခဲ့ရသည်။

အတိအကျ ဖော်ပြခြင်း မရှိသော်လည်း နောက်ကွယ်တွင် ဆွေးနွေးမှုများ အရ တရုတ်သည်၊ ဂစ်ဂါဝပ် နျူကလီယာ ပါဝါ စက်ရုံ တစ်ခု ဆောက်လုပ်ရန် ပါဝင်ကြောင်း မျှော်လင့်ရပြီး၊ တိုင်းပြည်၏ စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်းရန် ၂၀၂၅ တွင် ပါကစ္စတန်က ၈၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်ရန် စီမံချက်၏ အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်ဖွယ် ရှိသည်။

ဝမ်သည် ပါလီမန် နှစ်ရပ်စလုံး အတွက် နံနက် ၉နာရီခန့်တွင် စကားပြောမည် ဖြစ်ပြီး၊ ၎င်း၏ အိန္ဒိယ ခရီးစဉ် အပြီး လာရောက်သော ပါကစ္စတန် ခရီးစဉ်ကို အဆုံးသတ်မည် ဖြစ်သည်။ အိန္ဒိယ ခရီးစဉ်တွင် ဝမ်နှင့် ၎င်း၏လူ (၄၀၀) ပါသော ကိုယ်စားလှယ် အဖွဲ့သည် ၂၀၁၅ တွင် တစ်နှစ်လျှင် ဒေါ်လာ (၁၀၀) ဘီလျံ ကုန်သွယ်မှု နှစ်ဆ မြှင့်တင်နိုင်ရေး သဘောတူညီ စာချုပ် ချုပ်ဆိုခဲ့သည်။

ယခု ခရီးစဉ်တွင် ပါကစ္စတန်သည် လုံခြုံရေးကို ထူထဲစွာ ချထားခဲ့ပြီး အများပြည်သူ အားလပ်ရက်နှင့် စနေ၊ တနင်္ဂနွေ ဆက်တိုက် ဖြစ်အောင် စီမံခဲ့ပြီး၊ ဗုံးခွဲမှုများ၊ ကိုယ့်ကိုယ်ကို အဆုံး စီရင် တိုက်ခိုက်မှုများ မဖြစ်အောင် ပြုလုပ်ခဲ့သည်။ ပါကစ္စတန်တွင် အဆိုပါ ဖြစ်ရပ်များကြောင့် ၂၀၀၇ ခုနှစ် မှစ၍ လူ(၄၀၀၀)ခန့် သေဆုံးခဲ့သည်။

စနေနေ့က ၎င်းအား ဂုဏ်ပြု တည်ခင်းသော နေ့လည်စာ စားပွဲတွင် Wen က မိန့်ခွန်း ပြောကြားရာ၌ Beijing သည် ၎င်း၏ ဒုက္ခ ဖြစ်နေသော အိမ်နီးချင်းကို ဘယ်သောအခါမျှ ပစ်ထားမည် မဟုတ်ကြောင်း ကြေညာခဲ့သည်။

"တရုတ်-ပါကစ္စတန်    ဆက်ဆံရေးဟာ နိုင်ငံတကာ အခင်းအကျင်းမှာ အချိန်ရော ပြောင်းလဲမှုများနဲ့ပါ အစမ်းသပ် ခံပြီးဖြစ်လို့ လွယ်လွယ်နဲ့ ပျက်စီးသွားမှာ မဟုတ်ပါဘူး" ဟု Wen က ပြောကြားခဲ့သည်။

"နှစ်နိုင်ငံ ပါတနာရှစ် အတွက် ကတိကဝတ်များဟာ ဘယ်အကြောင်းနဲ့မှ ပျက်မသွားနိုင်ပါဘူး" ဟု ၎င်းက ပြောသည်။

ဝမ်သည် ပါကစ္စတန်-တရုတ် ချစ်ကြည်ရေး အထိမ်းအမှတ် အဖြစ် တည်ဆောက်လုပ်ခဲ့သော ဒေါ်လာ (၃၅)သန်းတန် ယဉ်ကျေးမှု စင်တာကို ဖွင့်လှစ်ပေးခဲ့ပြီး၊ အတိုက်အခံခေါင်းဆောင် Nawaz Sharif စစ်တပ်မှ ဝါရင့် ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။

ပါကစ္စတန်သည် ပြိုင်ဖက် အိန္ဒိယနှင့် စီးပွားရေးကို ပြန်လည် တည့်မတ်နိုင်ရေး တို့ကို တန်ပြန်နိုင်ရေး အတွက် တရုတ်၏ အရေးပါမှု ပေါ်တွင် တည်မှီနေသည်။

သို့သော် ပါကစ္စတန် နိုင်ငံတွင်း သုံးသပ်သူများက တရုတ်၏ ထောက်ပံ့မှုများသည် တန်ဖိုးတစ်ခု ရင်းနှီးပြီးမှ ပေးရခြင်း ဖြစ်ကြောင်း အသိအမှတ် ပြုကြသည်။ ထို့ကြောင့်ပင် တရုတ်သည် စူပါပါဝါ ဖြစ်ရန် များစွာ အထောက်အကူ ပြုခဲ့သည်။

"တရုတ်က ပါကစ္စတန်ကို အကြမ်းဖက်မှု တန်ပြန်ရေးနဲ့ ပတ်သက်လို့ ပိုမို ပွင့်ပွင့်လင်းလင်း ပြောဖို့ မျှော်လင့်ထားပါလိမ့်မယ်" ဟု နိုင်ငံရေး သုံးသပ်သူ Hasan Askari က ပြောသည်။

"တရုတ်နိုင်ငံ အနောက်ပိုင်းက စစ်သွေးကြွမှုများ ကိုတော့ စိုးရိမ်ပါတယ်။ ဘာလို့လဲ ဆိုတော့ Kashgar မြို့ကို အဓိက စက်မှုနဲ့ စီးပွားရေး စင်တာ ဖြစ်အောင် တည်ဆောက် လိုတာကြောင့် ဖြစ်ပါတယ်" ဟု ၎င်းက ဖြည့်စွက် ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်၏ ပါကစ္စတန် နိုင်ငံ အလည်အပတ် ခရီးစဉ် အတွင်း နှစ်နိုင်ငံ အကြား ဒေါ်လာ ၁၀ ဘီလီယံ တန်ဖိုးရှိ စီးပွားရေး သဘော တူညီမှုများ ရရှိခဲ့ကြောင်း AFP သတင်းက ရေးသား ဖော်ပြသည်။ မစ္စတာ ဝမ်ကျားပေါင်၏ အဆိုပါ ခရီးစဉ်သည် နှစ်နိုင်ငံ အကြား ကုန်သွယ်ရေး မြှင့်တင်ရန် အဓိက ဦးတည်ပြီး စာချုပ်များစွာလည်း ချုပ်ဆိုနိုင်ခဲ့သည်ဟု ဆိုသည်။

နှစ်နိုင်ငံမှ စီးပွားရေး ခေါင်းဆောင်ကြီးများသည် အစ္စလမ်မာဘတ်ဂ်မြို့ရှိ ကြယ်ငါးပွင့် အဆင့် Marriott Hotel တွင် သဘောတူ စာချုပ်များ ချုပ်ဆိုခဲ့ကြောင်း၊ အဆိုပါ သဘော တူညီချက် စာချုပ်များကို ထပ်ပေါင်းမည် ဆိုပါက နှစ်နိုင်ငံ အကြား ဒေါ်လာ ၂၀ ဘီလီယံ တန်ဖိုးရှိ စီးပွားရေး သဘော တူညီမှု စာချုပ်များ ချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်ကြောင်း သတင်းဌာနများက ရေးသားသည်။

မစ္စတာ ဝမ်ကျားပေါင်သည် နှစ်ပေါင်း ငါးနှစ်အတွင်း ပါကစ္စတန် နိုင်ငံသို့ ပထမဆုံး သွားရောက်သော တရုတ် ဝန်ကြီးချုပ် ဖြစ်ပြီး ခရီးစဉ်အတွင်း ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုများ တိုးမြှင့်ရန် အဓိက အာရုံစိုက်ခဲ့သည်။ ပါကစ္စတန် နိုင်ငံက တရုတ်ကို အနီးကပ် မဟာမိတ် နိုင်ငံ တစ်နိုင်ငံအဖြစ် သတ်မှတ်ကြောင်း၊ ယခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော ရေလွှမ်းမိုးမှုများ၊ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု လျော့ကျမှုများကြောင့် ထိခိုက် နေရသော ပါကစ္စတန် နိုင်ငံ စီးပွားရေးအတွက် မစ္စတာ ဝမ်ကျားပေါင် ခရီးစဉ်အတွင်း ချုပ်ဆိုခဲ့သော စာချုပ်များသည် အလွန်တရာ အရေးကြီးကြောင်း Xinhua သတင်းဌာနက ဆိုသည်။

ပါကစ္စတန် ပြန်ကြားရေး ဝန်ကြီး အူမာဇာမန်ခါရာက ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် သဘော တူညီချက် စာချုပ်နှင့် နားလည်မှု စာချွန်လွှာပေါင်း ၁၃ ခုတိတိ လက်မှတ် ရေးထိုးနိုင်ခဲ့ကြောင်း ပြောဆိုသည်။ စွမ်းအင်ကဏ္ဍ၊ မီးရထားလမ်း ဖောက်လုပ်ရေး၊ စိုက်ပျိုးရေးနှင့် ယဉ်ကျေးမှု အစရှိသည့် အခန်း ကဏ္ဍများတွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရန် သဘောတူ စာချုပ်များ ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

ပါကစ္စတန် နိုင်ငံတွင် အကောင် အထည် ဖော်မည့် စွမ်းအင် စီမံကိန်းများ အားလုံးကို တရုတ်နိုင်ငံက ငွေကြေး ထောက်ပံ့ပေးမည် ဖြစ်သည်ဟု မစ္စတာ ဝမ်ကျားပေါင်က ကတိပြု ပြောဆိုခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီး အူမာဇာမန်ခါရာက ဆိုသည်။ "ယခု ကိစ္စသည် စွမ်းအင် အကျပ်အတည်း ဖြစ်နေသော ပါကစ္စတန် အတွက် လွန်စွာ အရေးကြီးသည့် ဖြစ်ရပ်တစ်ခု ဖြစ်သည်" ဟု မစ္စတာ အူမာဇာမန်ခါရာက ညွှန်းဆိုသည်။ ပါကစ္စတန်သည် နိုင်ငံအတွက် လိုအပ်သော လျှပ်စစ်စွမ်းအား ပမာဏ၏ ၈၀ ရာခိုင်နှုန်းကိုသာ ထုတ်လုပ်နိုင်သည်။

"တရုတ်နိုင်ငံက ပါကစ္စတန်မှာ လုပ်မယ့် စီမံကိန်းပေါင်း ၃၆ ခုကို ထောက်ပံ့ ပေးသွားမှာပါ။ အဲဒီ စီမံကိန်းတွေဟာ လာမယ့် ငါးနှစ်အတွင်း ပြီးဆုံးပါလိမ့်မယ်။ အခြေခံ သဘောအရ ဆိုရလျှင် ဒီစီမံကိန်းတွေဟာ ငါးနှစ်တာ ဖွံ့ဖြိုးရေး အစီအစဉ်တစ်ခုလည်း ဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

နှစ်နိုင်ငံ ဆွေးနွေးပွဲများ အသေးစိတ်ကို ထုတ်ဖော် ပြောဆိုခြင်း မရှိထားသည့်တိုင် နောက်ကွယ် ဆွေးနွေးမှုများတွင် တစ်ဂစ်ဂါဘိုက် အဆင့်ရှိ နျူကလီယာ စွမ်းအင် စက်ရုံ တည်ဆောက်မည့် အစီအစဉ်လည်း ပါဝင်မည်ဟု မျှော်လင့်ရသည်။ အဆိုပါ စက်ရုံမှ ပါကစ္စတန် နိုင်ငံအတွက် ၂၀၂၅ ခုနှစ် မှစ၍ လျှပ်စစ်ဓာတ်အား မီဂါဝပ် ၈၀၀၀ ထုတ်လုပ်ပေးရန် ပါကစ္စတန် နိုင်ငံက စီစဉ်ထားသည်။

မစ္စတာ ဝမ်ကျားပေါင်သည် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ယဉ်ကျေးမှု စင်တာရှိ ပါကစ္စတန်-တရုတ် ချစ်ကြည်ရေး ကျောက်တိုင်ကို ဖွင့်လှစ်ပေးကြောင်း၊ ထို့ပြင် ၎င်းသည် ပါကစ္စတန် အတိုက်အခံ ခေါင်းဆောင် နာဝတ်ဇ်ရှရစ်၊ စစ်ဘက်မှ ထိပ်တန်း အရာရှိကြီးများနှင့်လည်း တွေ့ဆုံရန် စီစဉ်ထားခဲ့ကြောင်း သိရသည်။

စီးပွားရေး ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးမှု ပြီးဆုံးသောအခါ ပါကစ္စတန် သမ္မတ အဆစ်အလီဇာဒါဝီက နိုင်ငံတော် ဧည့်ခံပွဲဖြင့် တည့်ခင်း ဧည့်ခံသည်ဟု ဆိုသည်။ ထို့နောက် မစ္စတာဝမ်သည် ပါလီမန်၌ မိန့်ခွန်း ပြောကြားသည်။ "ဒီခရီးစဉ်ရဲ့ ရလဒ်ဟာ ကျွန်တော်တို့ မျှော်မှန်းထားတာ ထက်ကို ကျော်လွန်သွားပါတယ်။ ဒီနေ့ဟာ သမိုင်းဝင်တဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်" ဟု တရုတ်နိုင်ငံ၊ ဘေဂျင်း အခြေစိုက် ပါကစ္စတန် သံအမတ်ကြီး Masood Khan က ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ပြောကြားသည်။

ပြိုင်ဘက် အိန္ဒိယနိုင်ငံမှ ခြိမ်းခြောက်မှုများ၊ ရေလွှမ်မိုးမှုနှင့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ လျော့နည်းမှုများ၏ နောက်ဆက်တွဲ ဆိုးကျိုးများဖြင့် ရင်ဆိုင်နေရသော ပါကစ္စတန် နိုင်ငံသည် တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးနှင့် နိုင်ငံရေး အခြေအနေ အပေါ် များစွာ မှီခိုနေရသည်။ လာမည့် ငါးနှစ်အတွင်း နှစ်နိုင်ငံ ကုန်သွယ်မှု တန်ဖိုး ဒေါ်လာ ၁၅ ဘီလီယံမှ ၁၈ ဘီလီယံ အထိ မြင့်တက်လာမည်ဟု မျှော်လင့်ပါကြောင်း ပါကစ္စတန် ဝန်ကြီးချုပ်က ထုတ်ဖော် ပြောဆိုသည်။

တရုတ်နိုင်ငံ သည်လည်း လက်ရှိ အနေအထားတွင် ပါကစ္စတန် နယ်စပ်၌ လှုပ်ရှား သွားလာနေသော အစ္စလာမ္မစ် စစ်သွေးကြွများ၏ ခြိမ်းခြောက်မှုများဖြင့် ရင်ဆိုင်နေရသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ စစ်အစိုးရက အမေရိကန် ပြည်ထောင်စု၏ အာရုံစိုက်မှုကို ရရှိရန် နျူကလီယာ စမ်းသပ် တီထွင်ကောင်း တီထွင်မည် ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း အိန္ဒိယနိုင်ငံ စီနီယာ သံတမန်ကြီး တစ်ဦး၏ အဆိုအရ သိရသည်။ အဆိုပါ အကြံဉာဏ်ကို မြန်မာ စစ်အစိုးရက လွန်ခဲ့သည့် ခြောက်နှစ်တာ ကာလက ထုတ်ဖော်ခဲ့ခြင်း ဖြစ်ပြီး အမေရိကန် လျှို့ဝှက် သံတမန် ကြေးနန်းမှတစ်ဆင့် သတင်း ပေါက်ကြားခဲ့ခြင်း ဖြစ်သည်။

နယူးဒေလီ အခြေစိုက် အမေရိကန် သံရုံးမှ ပေါက်ကြားသော မှတ်တမ်း တစ်ခုတွင် အမေရိကန် သံတမန်က ဒေါ်အောင်ဆန်းစုကြည်၏ ခေတ်သည် "ဖြစ်ပေါ်ခဲ့ပြီး ဖြစ်သလို ကွယ်ပျောက် သွားပြီလည်း ဖြစ်သည်" ဟု သုံးသပ် ဝေဖန်ခဲ့ကြောင်း သိရသည်။ စစ်အစိုးရနှင့် စေ့စပ် ညှိနှိုင်းခြင်း သည်သာ မြန်မာ နိုင်ငံတွင်း အဓိပ္ပာယ် ပြည့်ဝသော အပြောင်း အလဲများကို ဆောင်ကျဉ်းနိုင်မည် ဖြစ်သည်ဟုလည်း အဆိုပါ သံတမန်က ဆိုသည်။

မြန်မာ နိုင်ငံအပေါ် အနောက် နိုင်ငံများ၏ ပိတ်ဆို့ အရေးယူမှုများသည် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ ဖြစ်ပေါ်အောင် မစွမ်းဆောင်နိုင်ခဲ့ကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပူးတွဲ အတွင်းရေးမှူး Mitra Vasisht က ပြောကြားသည်။ မစ္စတာ Mitra Vasisht သည် မြန်မာနိုင်ငံ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အိန္ဒိယနိုင်ငံသို့ သွားရောက် လည်ပတ်ပြီးနောက် ယင်းသို့ ထုတ်ဖော် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

"မြန်မာဟာ လွန်စွာ အထီးကျန် ဆန်နေတဲ့ နိုင်ငံတစ်ခု ဖြစ်တဲ့ အတွက်ကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ကိုယ်စားလှယ် အဖွဲ့က သူတို့အနေနဲ့ အမေရိကန် ပြည်ထောင်စုရဲ့ အာရုံစိုက်မှုကို ရဖို့ နျူကလီယာ တီထွင် စမ်းသပ်ရင် ကောင်းမလား ဆိုတာကို စဉ်းစားနေကြတယ်" ဟု ၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလ လျှို့ဝှက် သံတမန် မှတ်တမ်းအရ သိရသည်။ အဆိုပါ မှတ်တမ်းကို WikiLeaks ဝက်ဘ်ဆိုက်က ထုတ်ဖော်ခဲ့ပြီး ဗြိတိန် နိုင်ငံထုတ် The Guardian သတင်းစာက ပြန်လည် ဖော်ပြခဲ့သည်။

WikiLeads က ဖော်ထုတ်ခဲ့သည့် နောက်ထပ် လျှို့ဝှက် သံတမန် ကြေးနန်း တစ်ခုမှာ ရန်ကုန် အခြေစိုက် အမေရိကန် သံရုံးမှ ဖြစ်ပြီး အဆိုပါ ကြေးနန်းတွင် မြန်မာ နိုင်ငံသည် မြောက်ကိုရီးယား အကူအညီ အထောက်အပံ့ဖြင့် နျူကလီယာ လုပ်ဆောင်နေသည်ဟု သံသယ ရှိကြောင်း ရေးသားထားသည်။

၂၀၀၄ ခုနှစ်၊ သြဂုတ်လတွင် အမည် မဖော်ပြ ထားသော သတင်း ရင်းမြစ် တစ်ခုက မြန်မာ နိုင်ငံတွင် မြောက်ကိုရီးယား နိုင်ငံသား ၃၀၀ ခန့် မြေအောက် တူးဖော်ရေး လုပ်ငန်း၌ လုပ်ကိုင်နေကြောင်း ပြောဆိုသည်။ မြန်မာ စစ်အစိုးရက အဆိုပါ သတင်းသည် မှန်ကန်မှု မရှိကြောင်း ငြင်းဆိုခဲ့သည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.