Transparency Myanmar

transparency.myanmar@gmail.com

UPI, 20th December 2010

ယခင် အမေရိကန် သံတမန်များက မြန်မာနိုင်ငံမှ နျူကလီယာ အစီအစဉ်၏ အန္တရာယ် ပေးနိုင်မှုကို သံသယ ရှိကြောင်း ပြောဆိုခဲ့ကြသော်လည်း ကုလ သမဂ္ဂကမူ မြန်မာနိုင်ငံကို အဆိုပါ နျူကလီယာ အစီအစဉ်နှင့် ပတ်သက်၍ ဖိအား ပေးနေသည်။

မြန်မာ နိုင်ငံသည် ကုလသမဂ္ဂ နျူကလီယာ မပြန့်ပွားရေး NPT စာချုပ်ကို လက်မှတ် ထိုးထားသော နိုင်ငံ ဖြစ်သော်ငြားလည်း နိုင်ငံတကာ အနုမြူ စွမ်းအင် အေဂျင်စီ IAEA က မြန်မာ စစ်အစိုးရအား နျူကလီယာ ရည်မှန်းချက်များကို ရှင်းလင်း သဲကွဲအောင် ပြုလုပ်ရန် စာနှစ်စောင် ပေးပို့ တောင်းဆိုထားသည်။

မြန်မာ အစိုးရထံ ပေးပို့သော စာတွင် သံသယ ဖြစ်ဖွယ် နျူကလီယာ စီမံကိန်း ဒေသများကို သွားရောက် ကြည့်ရှုလိုကြောင်း IAEA က တောင်းဆိုထားသည်ဟု Wall Street ဂျာနယ်က သတင်း ဖော်ပြသည်။

မြန်မာနိုင်ငံသည် မြောက်ကိုရီးယား လက်နက်များကို အီရန်နှင့် ဆီးရီးယားသို့ ပို့ရန်အတွက် ကြားခံနေရာ ဖြစ်သည်ဟု ဝါရှင်တန်က ပြောကြားသည်။

WikiLeaks မှ လွှင့်တင်သော အမေရိကန် သံတမန် ဆက်သွယ်မှု ကေဘယ်များတွင် မြန်မာ သတင်း ရပ်ကွက်များက ပြောသည့်အတိုင်း ရန်ကုန် အနောက်ဖက် တောင်ကုန်းများ ပေါ်တွင် လျှို့ဝှက် နျူကလီယာ စီမံကိန်း တစ်ခုကို မြောက်ကိုရီးယားတို့ ဆောက်လုပ်နေကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ၂၀၀၂ ခုနှစ်ခန်ကပင် မြောက်ကိုရီးယား အကူအညီဖြင့် နျူကလီယာ လက်နက် တည်ဖောက်ရန် ဆန္ဒ ရှိနေခဲ့သည်ဟု သံသယ ရှိကြောင်း လန်ဒန် Guardian သတင်းစာက ဆက်လက် ဖော်ပြသည်။ ၂၀၀၄ ခုနှစ်က အမေရိကန် သံတမန် လမ်းကြောင်း ဆက်သွယ်မှုများတွင် အပယ်ခံ ဗဟို အာရှနိုင်ငံ တစ်ခု၏ မြေအောက် စက်ရုံများတွင် မြောက်ကိုရီးယားတို့ ပါဝင် ပတ်သက်နေခြင်းကို ကိုးကားထားခြင်း ဖြစ်သည်။

သို့သော်လည်း နျူကလီယာ မပြန့်ပွားရေး ကိစ္စများနှင့် ပတ်သက်၍ တာဝန်ယူ ဆောင်ရွက်နေသော ယခင် အမေရိကန် နိုင်ငံခြားရေး ဌာန တာဝန်ရှိသူ Mark Fitzpatric က အဆိုပါ စိုးရိမ်မှုများသည် ပုံကြီး ချဲ့ခြင်းသာ ဖြစ်ဖွယ် ရှိသည်ဟု Wall Street ဂျာနယ်သို့ ပြောကြားခဲ့သည်။

"မြောက်ကိုရီးယားက မြန်မာကို ဒုံးကျည်တွေ ရောင်းချဖို့ နှစ်အတန်ကြာ ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမယ့် နျူကလီယာ အစီအစဉ်နဲ့ ပတ်သက်လို့ သဲကွဲတဲ့ အထောက်အထား မရှိပါဘူး" ဟု ၎င်းက ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

New Kerala, 20th December 2010

အိန္ဒိယနိုင်ငံသည် မြန်မာ နိုင်ငံနှင့် နှစ်နိုင်ငံ အကြား ကုန်သွယ်ရေးကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံတွင် မြစ်ကြောင်း ဆိပ်ကမ်း တစ်ခုနှင့် ဆိပ်ကမ်း အဆောက်အဦး တည်ဆောက်မှု စတင်လျက် ရှိသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ မြန်မာ-အိန္ဒိယ ကုလားတန် မြစ်ကြောင်း ဘက်စုံ သယ်ယူ ပို့ဆောင်ရေး စီမံကိန်းကို တနင်္ဂနွေနေ့တွင် တည်ဆောက်မှု စတင်ခဲ့သည်ဟု တရုတ် ဆင်ဟွာ သတင်းဌာနက မြန်မာ အစိုးရ အာဘော် New Light of Myanmar နေ့စဉ် သတင်းစာကို ကိုးကား ဖော်ပြထားသည်။

ကုလားတန် မြစ်ကြောင်း စီမံကိန်း တည်ဆောက်ခြင်း လုပ်ငန်းမှာ ၂၀၁၃ တွင် ပြီးစီးမည် ဟုလည်း သိရှိရသည်။

ထိုင်း၊ တရုတ်နှင့် စင်္ကာပူ ပြီးလျှင် အိန္ဒိယသည် မြန်မာနိုင်ငံ၏ စတုတ္တ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်သည်။

မြန်မာ အိန္ဒိယ အပြန်အလှန် ကုန်သွယ်ရေးသည် ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ်လာ ၁.၁၉ ဘီလျံသို့ ရောက်ရှိခဲ့ကာ ယခင်နှစ်ကထက် ၂၆.၁ % မြင့်တက်ခဲ့သည်ဟု တရားဝင် စာရင်း ဇယားများ အရ သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 19th December 2010

မြောက်ကိုရီးယားတို့၏ လက်တုန့်ပြန်မည့် ခြိမ်းခြောက်မှုများ ကြားမှပင် ဆိုးလ်က လက်တွေ့ ပစ်ခတ် စစ်ရေး လေ့ကျင့်ခန်းများ ပြုလုပ်မည် ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် တောင်ကိုရီးယား ရေပြင် နယ်နိမိတ် ကျွန်း ၅ ကျွန်းပေါ်မှ အရပ်သားများအား အကာအကွယ် ယူထားကြရန် တနင်္လာနေ့က အမိန့် ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သော တနင်္လာနေ့တွင် ဆိုးလ်က ယွန်းပြောင်း ကျွန်းပေါ်တွင် စစ်ရေး လေ့ကျင့်ခန်းများ ပြုလုပ်မည် ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် မြောက်ကိုရီးယားနှင့် နီးကပ်သော ပင်လယ်ဝါ ရှေ့တန်း နယ်နိမိတ်ရှိ ကျွန်းများ အားလုံး အတွက် အမိန့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်ဟု ပူးတွဲ စစ်ဦးစီးချုပ်များ ကော်မတီ ပြောရေးဆိုခွင့် ရှိသူက ပြောကြားခဲ့သည်။

"ဒီနေ့ စကြမှာပါ" ဟု ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက AFP သို့ ပြောကြား ခဲ့သော်လည်း အချိန်ကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။

ယွန်းပြောင်းကျွန်းပေါ်မှ ဌာနေ အရာရှိများကလည်း တနင်္လာနေ့ မနက်ခင်းတွင် အလားတူ ကြေညာချက်ကို အသံချဲ့စက်ဖြင့် ထုတ်ပြန်ခဲ့သည်ဟု AFP ဓာတ်ပုံ သတင်းထောက်က ဆိုသည်။ ဒေသခံ ပြည်သူများ၊ သတင်းထောက်များ၊ တာဝန် ရှိသူများနှင့် အခြားသူများ အားလုံးကို မိနစ် ၃၀ အတွင်း အကာအကွယ် ယူကြရန် ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယွန်ဟတ် သတင်းဌာနက သတင်းရင်းမြစ်များကို ကိုးကား ထုတ်ပြန်ရာတွင် စစ်ရေး လေ့ကျင့်မှုကို နေ့လည် ၁၁ နာရီနှင့် မွန်းတည့်ချိန် အကြားတွင် စတင်လိမ့်မည်ဟု မျှော်လင့်ရကြောင်း ပြောကြားထားသည်။

မြောက်ကိုရီးယား ကမ်းခြေနှင့် ၁၂ ကီလိုမီတာ (၇ မိုင်) အကွာရှိ ယွန်းပြောင်းကျွန်းပေါ်တွင် တပ်စွဲထားသော စစ်တပ် အပြင် အရပ်သား ၂၈၀ ခန့် ရှိသည်ဟု သိရှိရသည်။

မရင်းတပ်ဖွဲ့၏ အလားတူ လေ့ကျင့်ခန်းကို ယွန်းပြောင်းကျွန်းပေါ်တွင် နိုဝင်ဘာ ၂၃  ရက်နေ့က ပြုလုပ်ခဲ့ပြီးနောက် မြောက်ကိုရီးယားတို့က ကျွန်းနှင့်အနီးတဝိုက်ကို အမြောက် ကျည်ဆံ ၁၇၀ ခန့် ပတ်ခတ်ခဲ့ရာ အရပ်သားများ အပါအဝင် ၄ ဦး သေဆုံးကာ နေအိမ်များစွာ ပျက်စီး သွားခဲ့ရသည်။

အကယ်၍ ယခု စီစဉ်နေသော စစ်ရေး လေ့ကျင့်ခန်းကို ဆက်လက် ပြုလုပ်ပါက အပြင်းထန်ဆုံး လက်တုန့်ပြန်မည်ဟု မြောက်ကိုရီးယားက ခြိမ်းခြောက်လျက် ရှိသည်။

တင်းမာမှုများ လျော့ပါးသွားအောင် ကြိုးစားရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး ကျင်းပခဲ့သော်လည်း ကြေညာချက် ထုတ်ပြန်ရန် သဘောတူညီမှု မရရှိခဲ့ဟု ရုရှား ကိုယ်စားလှယ်က ပြောကြားသည်။

၁၉၅၀-၅၃ ကိုရီးယား စစ်ပွဲအပြီး ကုလ ငြိမ်းချမ်းရေး တပ်ဖွဲ့များက ရေးဆွဲခဲ့သည့် ကိုရီးယား နှစ်နိုင်ငံ အကြား ပင်လယ်ဝါ ရေပြင် နယ်နိမိတ်ကို မြောက်ကိုရီးယားတို့က အငြင်းပွားလျက် ရှိပြီး၊ ယွန်ပြောင်းနှင့် အခြား ရှေ့တန်း ကျွန်းစုများ တဝိုက်ရှိ ရေပြင်မှာ ၎င်းတို့ ပိုင်နက် ဖြစ်ကြောင်း ငြင်းခုံ ပြောဆိုလျက် ရှိသည်။

တောင်ကိုရီးယား စစ်ရေး လေ့ကျင့်ခန်း အပြီး ယခင်လက ပစ်ခတ်မှုသည် ၎င်းတို့၏ ရေပြင် ပိုင်နက်သို့ အမြောက် ပစ်ခတ်ခြင်းသာ ဖြစ်သည်ဟု မြောက်ကိုရီးယားက ပြောကြားခဲ့သည်။

ယခင်လက အမြောက်ဖြင့် ပစ်ခတ်ခဲ့ခြင်းသည် ၁၉၅၃ ကိုရီးယား စစ်အပြီး နောက်ပိုင်း တောင်ကိုရီးယား အရပ်သားများ နေထိုင်ရာသို့ ပထမဆုံး ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းလုပ်ရပ်သည် တောင်ကိုရီးယားကို ဒေါသ ထွက်စေခဲ့ပြီး၊ ဆိုးလ်က ၎င်း၏ ရှေ့တန်း ကျွန်းစုများပေါ်သို့ တပ်ဖွဲ့များနှင့် လက်နက်ကြီးများကို အပူတပြင်း ပိုမို ရွှေ့ပြောင်းတပ်စွဲ စေခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် ပါကစ္စတန် နိုင်ငံ၏ ကြိုးပမ်းမှုများကို တရုတ်နိုင်ငံ ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ချီးကျူး ပြောဆိုသည်။ ပါကစ္စတန် ပါလီမန်တွင် မိန့်ခွန်း ပြောကြားရာ၌ တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်က နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် စစ်သွေးကြွ အကြမ်းဖက်မှုများ တိုက်ခိုက် နှိမ်နင်းလျက် ရှိသော ပါကစ္စတန် နိုင်ငံကို အကူအညီများ ပိုမို ပေးအပ်ကြရန် တိုက်တွန်းလိုက်သည်။

အမေရိကန် ပြည်ထောင်စုက အာဖဂန်နစ္စတန် စစ်ပွဲဆိုင်ရာ မဟာဗျူဟာ သုံးသပ်ချက် ပြုလုပ်ပြီး နှစ်ရက်မျှ အကြာတွင် မစ္စတာ ဝမ်ကျားပေါင်က ယင်းသို့ ထုတ်ဖော် ပြောဆိုခြင်း ဖြစ်ပြီး ပါကစ္စတန် နိုင်ငံ အနေဖြင့် စစ်သွေးကြွများ နှိမ်နင်းရေးကို ပိုမို တိုးမြှင့် လုပ်ဆောင်သင့်သည်ဟု အကြံပြုထားသည်။

မစ္စတာ ဝမ်ကျားပေါင်သည် ပါကစ္စတန် နိုင်ငံသို့ သုံးရက်တာမျှ သွားရောက် လည်ပတ်ခဲ့ပြီး နောက်ဆုံးနေ့တွင် ပါလီမန်၌ မိန့်ခွန်း ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းခရီးစဉ်သည် ပါကစ္စတန်ကို တရုတ်နိုင်ငံ၏ ဒေသတွင်း မဟာမိတ်အဖြစ် ဆက်ဆံရေး မြှင့်တင်ရန် ဦးတည်ခြင်း ဖြစ်ကြောင်း BBC သတင်းဌာနက ရေးသား ဖော်ပြသည်။ ခရီးစဉ်တွင်း ဒေါ်လာ ၁၀ ဘီလီယံ တန်ဖိုးရှိ နှစ်နိုင်ငံ သဘောတူ စာချုပ်များ ချုပ်ဆိုနိုင်ခဲ့သည်။

တရုတ်ဝန်ကြီးချုပ် မိန့်ခွန်း ပြောဆိုသည့် အခမ်းအနားသို့ ပါကစ္စတန် အစိုးရ အာဏာပိုင်များ၊ အတိုက်အခံ နိုင်ငံရေး သမားများ အားလုံး တက်ရောက်ကြသည်။ မိန့်ခွန်း ပြောရာတွင် ပါကစ္စတန်၏ စစ်သွေးကြွ နှိမ်နင်း တိုက်ဖျက်ရေး ကြိုးပမ်းချက်များကို အားပေးစကား ပြောဆိုသည်။ ပါကစ္စတန်သည် နိုင်ငံတကာ အကြမ်းဖက် တိုက်ဖျက်ရေး လုပ်ငန်းတွင် ကြီးမားသော စတေးမှုများ ပြုလုပ်ခဲ့ကြောင်း ပြောဆိုသည်။

အကြမ်းဖက်မှုများ ထိန်းချုပ်ရေးတွင် ပါကစ္စတန် နိုင်ငံ၏ အကူအညီ အထောက်အပံ့သည် လွန်စွာ အသုံးဝင်သော အစိတ်အပိုင်း အဖြစ် ပါဝင်ခဲ့ကြောင်း၊ အကြမ်းဖက်မှု ဆိုင်ရာ ခြိမ်းခြောက်မှုများနှင့် အန္တရာယ်များကို နှိမ်နင်း တိုက်ခိုက်လျက် ရှိသော ပါကစ္စတန် နိုင်ငံအား နိုင်ငံတကာ အသိုင်းအဝိုင်းက အသိအမှတ် ပြုသင့်သကဲ့သို့ အကူအညီလည်း ပေးသင့်ကြောင်း မစ္စတာ ဝမ်ကျားပေါင်က ဆိုသည်။

တရုတ်နိုင်ငံ ကလည်း ပါကစ္စတန် နိုင်ငံကို အကူအညီ ပေးမည့် နိုင်ငံ တစ်နိုင်ငံ အဖြစ် ဆက်လက် ရပ်တည်သွားရန် ဆုံးဖြတ် ထားပါကြောင်း ပြောသည်။ မစ္စတာ ဝမ်ကျားပေါင်၏ မိန့်ခွန်းများသည် ပါကစ္စတန် နိုင်ငံကို အကူအညီ ပေးမှုများ မြှင့်တင်လိုသည့် သဘောသို့ သက်ရောက်စေကြောင်း BBC သတင်းထောက်က ဆိုသည်။

ပါကစ္စတန်သည် နိုင်ငံတကာ အစ္စလာမ္မစ် စစ်သွေးကြွများအား ထောက်ပံ့ပေးနေသော နိုင်ငံတစ်ခု ဖြစ်သည်ဟု အနောက်ကမ္ဘာက စွပ်စွဲ ပြောဆိုမှုများ နှင့်လည်း ရင်ဆိုင်နေရသည်။ ယခု တရုတ် ဝန်ကြီးချုပ်၏ ခရီးစဉ်သည် သံတမန်ရေးအရ အလွန် အရေးပါသော ခရီးစဉ် တစ်ခုအဖြစ် ရှုမြင်ခြင်းခံရသည်။ ပါကစ္စတန်နှင့် တရုတ် နှစ်နိုင်ငံသည် စွမ်းအင်နှင့် ကာကွယ်ရေး ဆိုင်ရာ အခန်း ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရန် ဒေါ်လာ ဘီလီယံနှင့် ချီသော သဘောတူညီမှုများ ရရှိခဲ့ပြီး ဖြစ်သည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနှင့် ထိုင်းနိုင်ငံ နယ်စပ် ဒေသအနီး ရနောင်း ပြည်နယ် တောင်ပိုင်း ဒေသရှိ နေရာ အတော်များများတွင် ပဋိပက္ခများ၊ အငြင်းပွားမှုများ ဖြစ်ပေါ်နေဆဲ ဖြစ်ပြီး အခြေတကျ ဖြစ်ရန် စောင့်ဆိုင်း နေရဆဲ ဖြစ်ကြောင်း အာဏာပိုင်များက ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ပြောကြားသည်။

နှစ်နိုင်ငံအကြား နယ်စပ်ဒေသတွင် ဖြစ်ပေါ်နေသော အငြင်းပွားမှုများက အဆိုပါ ဒေသတွင် နေထိုင်သော ပြည်သူများ၏ လူမှု ဘဝကို ဆိုးဆိုးရွားရွား ထိခိုက် နစ်နာလျက် ရှိကြောင်း၊ အများစုမှာ ၎င်းတို့ ပိုင်ဆိုင်သော လယ်ယာမြေများ ဆုံးရှုံးသွားရမည့် အရေးကို စိုးရိမ် ထိတ်လန့်လျက် ရှိကြောင်း အာဏာပိုင်များက ဆိုသည်။

အငြင်းပွားမှုများ အဓိက ဖြစ်နေသည့် နေရာများမှာ ပတ်ချန်မြစ်ဝဒေသ (ခရာဘူရီမြစ် ဟုလည်း ခေါ်သည်)၊ ထိုင်းနှင့် မြန်မာ အချုပ်အခြာ အာဏာ ပိုင်နက် ဆိုင်ရာ သူပိုင်ထိုက်၊ ကိုယ်ပိုင်ထိုက် ပြောဆိုနေကြသည့် ဗစ်တိုးရီးယား အငူအနီးရှိ ကျွန်းများတွင် ဖြစ်သည်။ အဆိုပါ ကျွန်းများကို ထိုင်းဘာသာဖြင့် ခိုလမ်၊ ခိုကန်နှင့် ခိုကော့ဟု ခေါ်ဆိုသည်။ အဆိုပါ ကျွန်းများကို ထိုင်းနှင့် မြန်မာအကြား သဘောတူ စာချုပ်များ သို့မဟုတ် မြေပုံများတွင် ဖော်ပြထားခြင်း မရှိခဲ့ကြောင်း ထိုင်းဥပဒေ ရေးရာနှင့် စာချုပ်စာတမ်းများ ဆိုင်ရာ ဝန်ကြီးဌာန ဒါရိုက်တာ Ittiporn Boonpracong က ပြောကြားသည်။

ဗြိတိသျှ အစိုးရများနှင့် ထိုင်းနိုင်ငံအကြား ၁၈၆၈ ခုနှစ်တွင် ပြုလုပ်ခဲ့သော အပြန်အလှန် နားလည်မှု မှတ်တမ်းအရ ဆယ်ဒယ်လ် နှင့် ဒယ်လ်ဆယ်လ် ကျွန်းများမှာ ထိုင်းနိုင်ငံနှင့် သက်ဆိုင်ပြီး ဗစ်တိုရီးယား၊ စိန့်မက်သရူး နှင့် ငှက်သိုက် ကျွန်းစုများကို မြန်မာနိုင်ငံက ပိုင်ဆိုင်ထားသည်။ ၁၈၆၈ ခုနှစ်တွင် ထွက်ပေါ်ခဲ့သော မြေပုံတွင်လည်း အဆိုပါ ကျွန်းများ ဖော်ပြထားခြင်း မရှိကြောင်း မစ္စတာ Ittiporn Boonpracong က ထောက်ပြသည်။

အဆိုပါ ကျွန်းများမှာ သေးငယ်ပြီး လူသူ နေထိုင်ခြင်းလည်း မရှိပေ။ ကျွန်းပေါ်တွင် ကမ်းခြေများ နှင့် ရေကောင်း ရေသန့်များ ရှိသည်။ အကြီးဆုံးကျွန်းမှာ ခိုလမ်ဖြစ်ပြီး ကျွန်းများက ထိုင်း-မြန်မာ နှစ်နိုင်ငံ ရေပိုင်နက်ကို ပိုင်းခြားပေးသည့် အထိမ်းအမှတ်များ ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံက ခိုလမ်ကျွန်းကို နိုင်ငံပိုင် ပင်လယ် ရေပိုင်နက် အမှတ်အသား အဖြစ် အသုံးပြုပြီး မြန်မာနိုင်ငံက ဗစ်တိုရီးယား ကျွန်းကို အလားတူ အသုံးချသည်။ သို့အတွက်ကြောင့် နှစ်နိုင်ငံစလုံး အနေဖြင့် အက်ဒမန် ပင်လယ်တွင်း နယ်နမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ပြောဆိုနေသည့် နေရာများမှာ တစ်ထပ်တည်း ဖြစ်နေသည်။ ယင်းဒေသသည် ငါးဖမ်းလုပ်ငန်း ကောင်းစွာ လုပ်ကိုင်နိုင်သည့် အရင်းအမြစ်ကောင်း များလည်း ရှိသည်။

နောက်ထပ် အလားတူ အငြင်းပွားနေသည့် နေရာများမှာ ရနောင်း ပြည်နယ်၊ ခရာဘူရီ ခရိုင်ရှိ ဘန်ဟတ်ချစ်တွင် တည်ရှိသည်။ အဆိုပါ ဒေသရှိ ခရာဘူရီမြစ် အတွင်း ရှိသော ခိုတေရမ် ကျွန်းငယ်လေး (အဘိုးအို Yim Thanabat ၏ ကျွန်းဟုလည်း ခေါ်သည်) ကို နှစ်နိုင်ငံ စလုံးက သူပိုင်ထိုက် ကိုယ်ပိုင်ထိုက် ပြောဆိုထားသည်။ မူလ ဘူတအရ ပြောရပါက ခိုတေရမ်ကျွန်းသည် ထိုင်းနိုင်ငံ ဘက်တွင် တည်ရှိပုံ ရသည်။ အကြောင်းမှာ ၁၉၃၄ ခုနှစ် သဘော တူညီချက် အရ တူးဖော်ထားသော ရေနက် တူးမြောင်းသည် မြန်မာနိုင်ငံ ကမ်းခြေဘက်နှင့် ပိုမို နီးကပ်သောကြောင့် ဖြစ်သည်။

သို့သော် ဒေသခံ ပြည်သူများက ၁၉၈၀ ပြည့်နှစ်များတွင် သစ်ခုတ်လုပ်ရေး လုပ်ငန်း ဆိုင်ရာ သယ်ယူ ပို့ဆောင်ရေး အဆင်ပြေ ချောမွေ့စေရန် တူးမြောင်း ဖောက်လုပ်ပြီး မြစ်တွင်း ရေလမ်းကြောင်း ပြောင်းပြန် စီးအောင် ပြုလုပ်ခဲ့ရာ ထိုင်းနိုင်ငံ ဘက်ရှိ ရေနက် တူးမြောင်းမှာ ပို၍ နက်သွားသည်။ မြန်မာနိုင်ငံက အဆိုပါ ကျွန်းကို ပိုင်ဆိုင်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပြီး ရေနက် ဆိပ်ကမ်းသည် ထိုင်းနိုင်ငံ ဘက်အခြမ်းနှင့် နီးကပ်ကြောင်းလည်း ထောက်ပြခဲ့သည်။

အဘိုးအို Yim Thanabat ၏ မြေးဖြစ်သူ Samruam Thanabat (၄၈ နှစ်) က အဆိုပါ ကျွန်းသည် အစပိုင်း ကတည်းက မိမိတို့ မိသားစုနှင့်သာ သက်ဆိုင်ကြောင်း ပြောဆိုသည်။ "သစ်လုပ်ငန်း ကောင်းစွာ လုပ်ကိုင်နိုင်ဖို့ အတွက် တူးမြောင်းကို ကျွန်တော် ကိုယ်တိုင် တူးခဲ့တာ။ ဒီကျွန်းကို မြန်မာနိုင်ငံက ပိုင်ဆိုင်ဖို့ နည်းလမ်း မရှိပါဘူး" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

Samruam Thanabat က ကျွန်းပေါ်တွင် မြန်မာနိုင်ငံ အာဏာပိုင်များ၏ ကန့်ကွက်မှု တစ်စုံတစ်ရာ မပါဘဲ ဆီအုန်းပင်များ စိုက်ပျိုးခဲ့သည်။ "ဒီကျွန်းဟာ ကျွန်တော့် မိသားစုနဲ့ပဲ သက်ဆိုင်တဲ့ အတွက် ကျွန်းနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ အခွင့်အရေးလည်း အပြည့်အဝ ရှိတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

နောက်ထပ် အငြင်းပွားမှုတစ်ခုမှာ ပတ်ချန်းမြစ် တစ်လျှောက်တွင် ဖြစ်သည်။ မြစ်ကမ်းပါး တိုက်စားမှု ကာကွယ်ရန် ထိုင်းနိုင်ငံက ကမ်းပါး တည်ဆောက်ရေး စီမံကိန်းများ လုပ်ဆောင်ခြင်းကို မြန်မာ နိုင်ငံက ကန့်ကွက်သည်။ ယင်းစီမံကိန်းများသည် မြစ်ကမ်းပါးများ ကိုလည်း ထိခိုက် ပျက်စီးစေနိုင်ပြီး မြစ်တွင်း နယ်နမိတ် ကန့်သတ်မှုကိုပါ ပြောင်းလဲစေမည် ဖြစ်သည်ဟု မြန်မာ အစိုးရက ဆိုသည်။ မြန်မာ အစိုးရက ကန့်ကွက် ပြောဆိုမှုများ အဆက်မပြတ် ပြုလုပ်ခဲ့ပြီးနောက် ထိုင်းအစိုးရက ရနောင်း ပြည်နယ်တွင်းရှိ ပတ်ချန်းမြစ် ကမ်းပါးမှ ဆောက်လုပ်ရေး စီမံကိန်းများကို ရပ်တန့်လိုက်သည်။

ရနောင်းပြည်နယ် မတ်မူ ပူးတွဲခရိုင်တွင် နေထိုင်သော လယ်သမား Prayong Thugrod (၆၃ နှစ်) က မြစ်ကမ်းပါး တိုက်စားမှုကြောင့် ၎င်းအနေဖြင့် စပါး စိုက်ကွင်းများစွာ ဆုံးရှုံးရတော့မည် ဖြစ်ကြောင်း ပြောဆိုသည်။ "မြစ်ကမ်းပါး တည်ဆောက်မှု စီမံကိန်းတွေ ဆက်မလုပ်ဘူး ဆိုရင် လာမည့် မိုးရာသီမှာ ကျွန်တော့်အနေနဲ့ လယ်မြေ အတော်များများ လက်လွတ် ဆုံးရှုံးရပါလိမ့်မယ်" ဟု ၎င်းက ဆိုသည်။

ထိုင်း-မြန်မာ ပူးတွဲ နယ်စပ် ကော်မတီမှ ထိုင်းနိုင်ငံ ဆိုင်ရာ အကြီးအကဲ Vasin Teeravechyan က နောက်တစ်ကြိမ် ပြုလုပ်မည့် အစည်းအဝေးတွင် နယ်စပ်ဒေသ ဆိုင်ရာ အငြင်းပွားမှုတွေ အားလုံးကို စေ့စပ် ညှိနှိုင်းမည် ဖြစ်ကြောင်း ပြောကြားသည်။ အဆိုပါ ပြဿနာများကို ဖြေရှင်းနိုင်ရေး အတွက် နည်းပညာပိုင်း ဆိုင်ရာ ပူးတွဲ ကော်မတီ တစ်ရပ် ဖွဲ့စည်းရန် ထိုင်းနိုင်ငံက အဆိုပြု ခဲ့သော်လည်း မြန်မာနိုင်ငံ ဘက်မှ တုံ့ပြန်မှု မရှိသေးပေ။ "လာမယ့် ၂၀၁၁ ခုနှစ် အစောပိုင်း ကာလမှာ နယ်စပ် ဒေသများ ဆိုင်ရာ ဆွေးနွေးပွဲများကို မြန်မာနိုင်ငံနဲ့ ပူးပေါင်း ကျင်းပ နိုင်မယ်လို့ ကျွန်တော်တို့က မျှော်လင့်နေပါတယ်" ဟု ၎င်းက ဆိုသည်။

The Nation သတင်းစာမှ သတင်း ဆောင်းပါးကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တိုင်းရင်းသား လူမျိုးစု စစ်ပွဲဒဏ်ကို ဆယ်စုနှစ် များစွာ ခံစားခဲ့ရသော သီရိလင်္ကာ နိုင်ငံ စီးပွားရေး ပြန်လည် နာလန်ထူနိုင်ရေး အတွက်  ကမ္ဘာ့ဘဏ်က ချေးငွေ ဒေါ်လာ တစ်ဘီလီယံဝက် နီးပါးမျှ ထုတ်ချေးမည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် သတင်း ထုတ်ပြန်လိုက်သည်။

ကမ္ဘာ့ဘဏ်မှ မန်နေးဂျင်း ဒရိုက်တာ Ngozi Okonjo-Iweala သည် သီရိလင်္ကာ နိုင်ငံသို့ နှစ်ရက်တာ ခရီး သွားရောက်ခဲ့ကြောင်း၊ ခရီးစဉ်တွင် အပြောင်းအလဲ ကာလသို့ ရောက်ရှိနေသော သီရိလင်္ကာ နိုင်ငံ အတွက် ကမ္ဘာ့ဘဏ်က ခိုင်မာသော ထောက်ပံ့မှုများ ပေးမည်ဟူသော အချက်ကို ထုတ်ဖော် ပြောဆိုခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။

"ကျွန်မတို့ အထင် ပြောရရင် သီရိလင်္ကာ စီးပွားရေး အလားအလာ ကောင်းနေပါတယ်။ စီးပွားရေးက ၇ ဒဿမ ၀ ရာခိုင်နှုန်းလောက် တက်နေပါတယ်။ ၂၀၁၁ ခုနှစ် ကမ္ဘာ့ဘဏ် ဘတ်ဂျက်က ယုံကြည် စိတ်ချ ရပါတယ်" ဟု မစ္စ Okonjo-Iweala က ဆိုသည်။ သီရိလင်္ကာ အစိုးရ အနေဖြင့် ငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းရန် အလို့ငှာ ညီတူမျှတူ တိုးတက်မှု ရှိစေရန် မဖြစ်မနေ လုပ်ကိုင်ရမည် ဖြစ်ကြောင်း သူမက ဆက်လက် ပြောဆိုသည်။

သီရိလင်္ကာ စီးပွားရေး တိုးတက်မှုနှုန်းသည် ၂၀၀၉ ခုနှစ်တွင် ၃ ဒဿမ ၅ ရာခိုင်နှုန်း ရှိထားရာမှ လာမည့် ၂၀၁၁ ခုနှစ်တွင် ၉ ရာခိုင်နှုန်းခန့် အထိ ရောက်ရှိလာရန် အစိုးရက ခန့်မှန်းထားသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံအကြား ဖြစ်ပွားလျက် ရှိသော တင်းမာမှုများ ထပ်မံ မြင့်မားလာမည်ကို အလွန်အမင်း စိုးရိမ်လျက် ရှိကြောင်း ရုရှားနိုင်ငံက ထုတ်ဖော် ပြောဆိုလိုက်သည်။

အကယ်၍ တောင်ကိုရီးယား နိုင်ငံကသာ ရေပိုင်နက် ကိစ္စနှင့် ပတ်သက်၍ အငြင်းပွားနေသော နယ်စပ် ဒေသအနီး အစီအစဉ် ဆွဲထားပြီးသည့် အတိုင်း စစ်ရေး လေ့ကျင့်မှုများ ဆက်လက် ပြုလုပ်မည် ဆိုပါက စစ်ရေးဖြင့် တုံ့ပြန်သွားမည် ဖြစ်ကြောင်း ပြုံယမ်း အစိုးရက ခြိမ်းခြောက် ပြောဆိုထားသည်။

ပြီးခဲ့သည့် နိုဝင်လာလအတွင်း မြောက်ကိုရီးယား နိုင်ငံက တောင်ကိုရီးယား ကျွန်းတစ်ခုသို့ အမြောက်များဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့ရာ လူလေးဦး သေဆုံးခဲ့ရသည်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ကိုရီးယား ကျွန်းဆွယ် အခြေအနေနှင့် ပတ်သက်၍ ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ရန် စီစဉ်လျက် ရှိသည်။  ကုလသမဂ္ဂ ဆိုင်ရာ ရုရှား သံအမတ်ကြီး Vitaly Churkin က ကိုရီးယား ကျွန်းဆွယ် ဒေသ တင်းမာမှုများ ဆက်လက် မြင့်တက်လာမည်ကို ရုရှားနိုင်ငံ အနေဖြင့် လွန်စွာ စိုးရိမ်မကင်း ဖြစ်မိကြောင်း ထုတ်ဖော် ပြောဆိုသည်။

"လုံခြုံရေး ကောင်စီ အနေနဲ့ အခြေအနေ ပြန်လည် ထိန်းချုပ်နိုင်စေမယ့် အချက်ပြမှုမျိုး မဖြစ်မနေ ပြသပြီး နှစ်နိုင်ငံအကြား ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကို သံတမန် နည်းလမ်းနဲ့ အကူအညီ ပေးရပါမယ်" ဟု ၎င်းက ဆိုသည်။

ယမ်းပုံမီးကျ ဖြစ်မှု

တောင်ကိုရီးယား နိုင်ငံ အနေဖြင့် Yeonpyeong ကျွန်းပေါ်တွင် လက်နက်များဖြင့် အမှန်တကယ် ပစ်ခတ်မှု ပါဝင်သည့် စစ်ရေး လေ့ကျင့်မှု ပြုလုပ်ရန် စီစဉ်ထားမှုကို ဖျက်သိမ်းရန် ရုရှားနိုင်ငံက တိုက်တွန်းခဲ့သည်။

တောင်ကိုရီးယားက အဆိုပါ လေ့ကျင့်မှုကို ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်သည်ဟု ထုတ်ပြန် ကြေညာထားသည်။ ထိုစစ်ရေး လေ့ကျင့်မှုသည် နိုင်ငံတော် ကာကွယ်ရေး သဘောမျိုးသာ ဖြစ်ပြီး စစ်ရေးအရ ခြိမ်းခြောက်မှု အဖြစ် မရှုမြင်သင့်ကြောင်း တောင်ကိုရီးယားက ဆိုသည်။

သို့သော် အဆိုပါ လေ့ကျင့်မှုကို ပြုလုပ်မည်ဆိုပါက တောင်ကိုရီးယား နိုင်ငံအနေဖြင့် ယမ်းပုံ မီးကျမှုကြီးဖြင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုသည်။ တရုတ် နိုင်ငံကလည်း ကိုရီးယား ကျွန်းဆွယ်တွင် ဖြစ်ပေါ်နေသော တင်းမာမှုများ အပေါ် လွန်စွာ စိုးရိမ်မိကြောင်း ထုတ်ဖော် ပြောဆိုထားသည်။

မြောက်ကိုရီးယားသို့ တရားဝင် မဟုတ်သည့် ခရီးစဉ်ဖြင့် ရောက်ရှိနေသော အမေရိကန် သံတမန် Bill Richardson က ကိုရီးယားကျွန်းဆွယ် အခြေအနေသည် ပေါက်ကွဲ လုမတတ် ဖြစ်နေကြောင်း သတိပေး ပြောဆိုသည်။ မြောက်ကိုရီးယား မြို့တော် ပြုံယမ်းတွင် ကွန်မြူနစ် အစိုးရ အရာရှိကြီးများနှင့် တွေ့ဆုံပြီးနောက် ၎င်းက အထက်ပါ အတိုင်း သုံးသပ် ပြောဆိုခြင်း ဖြစ်သည်။ မြောက်ကိုရီးယား အာဏာပိုင်များ အနေဖြင့် အခြေအနေကို အလွန်အမင်း ပြန်လည် ထိန်းချုပ်ရန် လိုအပ်သည်ဟု ၎င်းက တိုက်တွန်း ပြောဆိုခဲ့သည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.