Transparency Myanmar

transparency.myanmar@gmail.com

UN News Centre, 21st December 2010

မြန်မာ နိုင်ငံ တွင်းရှိ ဓာတု မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ တရားမဝင် ရောင်းဝယ်မှု၊ သုံးစွဲမှုတို့မှာ ပိုမို ဆိုးဝါးလာကာ အဆိုပါ နိုင်ငံတွင်းမှ တရားမဝင် ခိုးထုတ်လာသော မီသာ အင်ဖက်တာမင်းနှင့် အခြား အင်ဖက်တာမင်း အမျိုးအစား စိတ်ကြွ မူးယစ်ဆေးများသည် အိမ်နီးချင်း နိုင်ငံများနှင့် အရှေ့အာရှ၊ အရှေ့တောင် အာရှ အခြား ဒေသများကို ဆိုးကျိုး သက်ရောက်စေသည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ် မူခင်း ဆိုင်ရာ ဌာန UNODC အစီရင်ခံစာသစ်က ဆိုသည်။

ယမန်နေ့က ဘန်ကောက်တွင် ထုတ်ပြန်သော "အင်ဖက်တာမင်း အမျိုးအစား စိတ်ကြွဆေးများ ATS နှင့် ပတ်သက်၍ မြန်မာနိုင်ငံ အနေအထား အကဲဖြတ်ချက်" အစီရင်ခံ စာအရ ရှမ်းပြည်နယ်နှင့် ထိစပ်နေသော နိုင်ငံများ အပါအဝင် မြန်မာ နိုင်ငံတွင်းမှ ၂၀၀၉ ခုနှစ်တွင် ဖမ်းဆီးရမိသော ATS ဆေးပြားများမှာ ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ၃ ဆ တိုးပွားလာသည်ဟု သိရှိရသည်။

"၂၀၀၉ ခုနှစ်အတွင်း အများဆုံး ဖမ်းမိတဲ့ အဆင့်မြင့် သန့်စင် ပုံဆောင်ခဲ အဆင့် အင်ဖက်တာမင်းတွေကို မြန်မာနိုင်ငံက ထုတ်လုပ်ခဲ့ပါတယ်" ဟု အရှေ့ အာရှနှင့် ပစိဖိတ် ဒေသမှ ကမ္ဘာလုံး ဆိုင်ရာ ဓာတု မူးယစ်ဆေး စောင့်ကြည့်၊ လေ့လာ၊ အစီရင်ခံစာ၊ ပြောင်းလဲရေး SMART ပရိုဂရမ်၏ UNODC ညှိနှိုင်းရေးမှူး Dcepika Naruka က ပြောကြားသည်။

"ပုံဆောင်ခဲ အဆင့် မီသာ အင်ဖက်တာမင်း ထုတ်လုပ်မှုဟာ အာရှရဲ့ ဘိန်းထုတ်လုပ်တဲ့ ဒေသ ရွှေတြိဂံ နယ်မြေမှာ ဖြစ်ပေါ်နေတယ် ဆိုတဲ့ အချက်ကို မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံ စလုံးက အာဏာပိုင်တွေက အတည်ပြု ထားပါတယ်" ဟု သူမက ပြောဆိုခဲ့သည်။

ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ အတွင်း ထိုင်းနိုင်ငံတွင် စိတ်ကြွဆေးပြား ၄၄ သန်းကျော် သိမ်းဆည်း ရမိချိန်တွင် လာအို နိုင်ငံတွင်လည်း စိတ်ကြွဆေးပြား ၂၂ သန်းကျော် ဖမ်းဆီး ရမိခဲ့သည်။

အာရှဒေသ တစ်ခုလုံးမှ ATS သုံးစွဲသူများ၏ ၅၀ % မှ ၈၀ % အကြား နေထိုင်ကြသော အရှေ့နှင့် အရှေ့တောင် အာရှ ဒေသမှ အင်ဖက်တာမင်း စိတ်ကြွဆေးများ ကိစ္စသည် အဓိက စိုးရိမ် ပူပန်စရာ ကိစ္စ ဖြစ်သည်ဟု UNODC အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဘိန်းနှင့် မီသာ အင်ဖက်တာမင်း စသော မူးယစ်ဆေးဝါး အများစုကို မြန်မာနိုင်ငံတွင် ထုတ်လုပ်လျက် ရှိကာ နိုင်ငံတကာ ဈေးကွက် အတွက် အဓိက ဦးတည်သော်လည်း ပြည်တွင်း စိတ်ကြွဆေး သုံးစွဲမှုမှာလည်း မြင့်တက် လာသည်ဟု အစီရင်ခံစာတွင် မှတ်ချက် ပေးထားပြီး မူးယစ်ဆေးစွဲ လူနာ ကုသရေး နယ်ပယ် အတွက် ရင်းမြစ်များ ချို့တဲ့မှုကြောင့် တိုးတက်ရေး လမ်းကြောင်းမှာ အခြေအနေ ဆိုးဝါးနေသည်ဟု ဆက်လက် ဖြော်ပထားသည်။

"ဟောဒီ အနေအထား အကဲဖြတ် အစီရင်ခံစာဟာ သူ့လိုင်းမှာတော့ ပထမဆုံးပါပဲ။ မြန်မာနိုင်ငံက ATS အနေအထားကို ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက်စေဖို့ ရည်ရွယ်ထားပြီး ထိရောက် ခိုင်လုံတဲ့ တုန့်ပြန်မှုတွေကို အစီအစဉ် ရေးဆွဲနိုင်ဖို့ အတွက် ဦးတည် ထားတာ ဖြစ်ပါတယ်" ဟု အာရှ၊ ပစိဖိတ် ဆိုင်ရာ UNODC ဌာနေ ကိုယ်စားလှယ် Gary Lewis က ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Global Security Newswire, 20th December 2010

မြန်မာနိုင်ငံတွင် အများက သိထားလျက် ရှိသော နျူကလီယာနှင့် ဆက်စပ်သည့် အဆောက်အဦးများကို ကြည့်ရှု စစ်ဆေး ခွင့်ပြုရန် နိုင်ငံတကာ အနုမြူ စွမ်းအင် အေဂျင်စီ (IAEA) က မြန်မာနိုင်ငံအား ပြီးခဲ့သော ရက်သတ္တပတ်များက ဖိအားပေးခဲ့သည်ဟု သောကြာနေ့က Wall Street Journal သတင်းများတွင် ဖော်ပြခဲ့သည်။

"IAEA က အခု လာရောက် လည်ပတ်လိုကြောင်း တရားဝင် တောင်းဆိုထားပါတယ်" ဟု IAEA Safeguards Department မှ မြန်မာ အစိုးရသို့ ပေးပို့သော စာအား သိရှိသူ တာဝန်ခံ တစ်ဦးက ပြောသည်။ ဗီယင်နာ အခြေစိုက် IAEA ၏ ပြီးခဲ့သည့် လများက သေချာမှု မရှိသေးသော မြန်မာနိုင်ငံ၏ နျူကလီယာ ကြိုးပမ်းမှုများ အတွက် အသေးစိတ် သိရှိရန် ကြိုးစားခဲ့သည်။

မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံကြား စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှု များကြောင့် ဝါရှင်တန်နှင့် အာရှအစိုးရများ၏ စိုးရိမ် ပူပန်မှု မြင့်တက်လာမှုများကြောင့် ကုလသမဂ္ဂ နျူကလီယာ စောင့်ကြည့်ရေး အဖွဲ့က ယခု နောက်ဆုံး တောင်းဆိုမှု တစ်ခု ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွင် နျူကလီယာ ပရောဂျက်များ အပြင် ဥမင်လိုဏ်များနှင့် တာဝေး ဒုံးကျည်များ ပါဝင်သည်။

မြန်မာအစိုးရသည် IAEA၏ စစ်ဆေးရန် တောင်းဆိုချက်များကို ပယ်ချခဲ့ပါက နိုင်ငံတကာ၏ တင်းမာသော တုန့်ပြန်မှုများကို ကြုံတွေ့ရနိုင်သည်ဟု Wall Street Journal က ဆိုသည်။ တာဝန်ရှိသူများနှင့် ပညာရှင်များက မြန်မာနိုင်ငံ၏ နျူကလီယာ ရည်ရွယ်ချက်များမှာ သေချာမှု မရှိသေးကြောင်း ပြောနေဆဲ ဖြစ်သည်။

"တစ်ခုခုတော့ ဖြစ်နေတာ အသေအချာပါပဲ။ အဲဒီ အထဲမှာ နျူကလီယာ ကိစ္စ ပါမပါ ဆိုတာကတော့ မေးခွန်း ထုတ်ချင် စရာပါပဲ။ သံရုံး သတင်းပို့မှုမှာ ဒီကိစ္စကတော့ အရေးတကြီး ဦးစားပေး အဖြစ် ရှိနေမှာပါ" ဟု ၂၀၀၉ နိုဝင်ဘာက ရန်ကုန်ရှိ အမေရိကန် သံရုံး အကြီးတန်း သံတမန် တစ်ဦး ရေးသားသော စာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံရှိ စက်ကိရိယာ အတော်များများမှာ နျူကလီယာ အသုံးပြုမှုနှင့် မဆိုင်ကြောင်း၊ မြန်မာနိုင်ငံမှ ထွက်ပြေးလာသူက နိုင်ငံရေး အလို့ငှာ နျူကလီယာကိစ္စကို ချဲ့ကား ပြောကြားခြင်းသာ ဖြစ်ကြောင်း၊ ပညာရှင်များနှင့် IAEA ဝန်ထမ်းဟောင်းများက ပြောသည်။

"မြောက်ကိုရီးယားဟာ နှစ်အတန်ကြာကပင် မြန်မာနိုင်ငံကို ဒုံးကျည်တွေ ရောင်းချဖို့ ကြိုးစား နေခဲ့တာပါ။ နျူကလီယာ အစီအစဉ်တွက် အထောက် အထားတွေ မရှိပါဘူး" ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန နျူကလီယာ မပြန့်ပွားရေး အရာရှိဟောင်း Mark Fitzpatrick  ကပြောသည်။ Fitzpatrick  နှင့် အခြား ပညာရှင်များသည် မြန်မာနိုင်ငံ၏ စွပ်စွဲထားသော နျူကလီယာ လှုပ်ရှားမှုများကို စစ်ဆေးရန် တောင်းဆိုနေဆဲ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 21st December 2010

ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်တွင် ၈ လကျော် ချမှတ်ထားခဲ့သော အရေးပေါ် အခြေအနေကို ရုတ်သိမ်းလိုက်ပြီ ဖြစ်သည်။

အဆိုပါ အထူး တားမြစ်ချက်များကို ယခုနှစ် အစောပိုင်း ဘန်ကောက်တွင် ဖြစ်ပွားခဲ့သော အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ အတော အတွင်း စတင် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

သံသယ ရှိသူများကို တရားစွဲခြင်း မပြုဘဲ ရက်ပေါင်း ၃၀ ထိန်းသိမ်း ထားပိုင်ခွင့် အပါအဝင် ထိရောက်သော အာဏာစက်ကို လုံခြုံရေး တပ်ဖွဲ့များထံ အစိုးရက ပေးအပ်ထားခဲ့သည်။

ဧပြီနှင့် မေလ အတွင်းက ဆန္ဒပြပွဲများနှင့် ထိုင်းလုံခြုံရေး တပ်ဖွဲ့များ အကြား ဖြစ်ပွားသော ရုန်းရင်း ဆန်ခတ်မှု များတွင် လူ ၉၀ ကျော် အသက် ဆုံးရှုံးခဲ့ရသည်။

တိုင်းပြည်၏ လေးပုံတစ်ပုံ မကသော ဒေသများတွင် အရေးပေါ် ဥပဒေ အဆင့် တစ်ခုကို ထုတ်ပြန်ထားခဲ့သော်လည်း လုံခြုံရေး အနေအထား တိုးတက်မှု ရှိလာသည် နှင့်အမျှ တဖြည်းဖြည်း ရုတ်သိမ်းပေးခဲ့သည်။

ရှဥ့်လည်း လျှောက်သာ၊ ပျားလည်း စွဲသာ အခြေအနေ

ဘန်ကောက်နှင့် အနီးတဝိုက် ပြည်နယ်များတွင် အရေးပေါ် ဥပဒေကို ဖြစ်နိုင်သမျှ အမြန်ဆုံး ရုတ်သိမ်းသင့်ပြီ ဖြစ်ကြောင်း အစိုးရက အကြံပြု ထားသည်မှာ သီတင်းပတ် အတော် ကြာခဲ့ပြီ ဖြစ်သည်။

ယခုအခါ အင်အားကြီး ထိုင်းတပ်မတော်က အချိန်ကျပြီ ဖြစ်ကြောင်း သဘော တူလိုက်ပြီ ဖြစ်သည်။

သို့သော်လည်း အရာရာသည် လုံးဝ ပုံမှန် အနေအထားသို့ ပြန်ရောက်ဦးမည် မဟုတ်ဟု ထိုင်းကာကွယ်ရေး ဝန်ကြီးက ပြောကြားသည်။

သံသယ ရှိသူများကို တရားစွဲဆိုခြင်း မပြုပဲ ရက်သတ္တ တစ်ပတ်မှ ရက်ပေါင်း ၃၀ ခန့် ထိန်းသိမ်း ထားပိုင်ခွင့်ကို လုံခြုံရေး တပ်ဖွဲ့များထံ ဆက်လက် ပေးအပ်ထားသည့် ပြည်တွင်း လုံခြုံရေး အက်ဥပဒေဖြင့် အရေးပေါ် အမိန့်ကို အစားထိုး လိုက်သည့် လက္ခဏာ ရှိသည်ဟုလည်း သိရှိရသည်။

အစိုးရ ဆန့်ကျင် ဆန္ဒပြသူများက နောက်တစ်ကြိမ် အတွက် ယုံကြည် စိတ်ချမှု ရှိလာသည့် အတွက် အစိုးရ၏ လှုပ်ရှားမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

ယခုအခါ ဘန်ကောက်တွင် ပုံမှန် ဆန္ဒပြပွဲများ ရှိနေပြီး ထောင်ပေါင်း များစွာသော ပြည်သူများကို စည်းရုံး ဆွဲဆောင်လျက် ရှိသည်။

ယခု ဆန္ဒပြပွဲများသည် ယာဉ်သွား ယာဉ်လာ များကို အနှောင့်အယှက် ဖြစ်စေသော်လည်း ငြိမ်းချမ်းစွာ ဆန္ဒပြခြင်း ဖြစ်သောကြောင့် အစိုးရက အရေးပေါ် ဥပဒေကို အသာအယာ ရုတ်သိမ်းပေးခြင်း ဖြစ်နိုင်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ထိုင်းနိုင်ငံ၊ မဲဟောင်ဆန် ပြည်နယ်ရှိ သံလွင် အမျိုးသား ဥယျာဉ် (Salween National Park) တွင် တရားမဝင် သစ်ခုတ်ပြီး မြန်မာနိုင်ငံသို့ တင်ပို့ခြင်း မရှိသကဲ့သို့ အဆိုပါ သစ်များကို မြန်မာနိုင်ငံမှ မြန်မာ့ကျွန်းသစ် အဖြစ် ပြန်လည် တင်သွင်းခြင်းလည်း မရှိကြောင်း ထိုင်းဆီးနိတ် ဆပ်ကော်မတီက ပြောကြားလိုက်သည်။

အစောပိုင်း ကာလများက ထွက်ပေါ်လာသော သတင်း ပေးပို့ချက်များတွင် မြန်မာနိုင်ငံမှ သစ်များကို ထိုင်းနိုင်ငံသို့ မှောင်ခို တင်သွင်းမှုများ ရှိကြောင်း၊ အဆိုပါ သစ်များမှာ ထိုင်းနိုင်ငံတွင် ခုတ်လုပ်ခဲ့သည့် ထိုင်းမူရင်း သစ်များသာ ဖြစ်ကြောင်း ဖော်ပြ ပါရှိခဲ့သည်။ အဆိုပါ သတင်း ပေးပို့ချက်များ အားလုံးမှာ မှန်ကန်မှု မရှိကြောင်း မဲဟောင်ဆန်ပြည်နယ် ဆီနိတ်တာ Boonsong Kowawisarat က ပြောကြားသည်။

ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း ချင်းမိုင် ပြည်နယ် အတွင်း ဘတ်ငွေသန်း ၂၀၀ တန်ဖိုး ရှိမည်ဟု ခန့်မှန်းရသော ကျွန်းသစ်လုံး ၃၀၀၀ ဖမ်းဆီး ရမိမှုကိုလည်း မစ္စတာ Boonsong Kowawisarat က သုံးသပ် ဝေဖန်သည်။ ထိုင်း အထူးစုံစမ်း စစ်ဆေးရေး ဌာန၊ အကောက်ခွန် ဌာနနှင့် သစ်တောဌာနတို့ ပူးတွဲ ပြုလုပ်သော စစ်ဆင်ရေးတွင် အဆိုပါ သစ်များကို ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း၊ ပူးတွဲ အဖွဲ့က Suksawat Group ကုမ္ပဏီပိုင် သစ်ခွဲစက်ရုံအား စီးနင်း ရှာဖွေခဲ့ရာ ထိုသစ်လုံးများ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဆိုသည်။

အဆိုပါ ကုမ္ပဏီသည် မြန်မာနိုင်ငံမှ သစ်များကို မဲဟောင်ဆန် ပြည်နယ်မှ တစ်ဆင့် တရားမဝင် မှောင်ခို တင်သွင်းလျက် ရှိပြီး တရားမဝင် ကျွန်းသစ်များ ပိုင်ဆိုင်ထားကြောင်း ထိုင်းတရားရေး ဝန်ကြီး Pirapan Salirathavibhaga က အစီရင်ခံချက် တစ်ရပ် ထုတ်ဖော်ခဲ့ပြီးနောက် ယင်းပူးတွဲ စစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အစောပိုင်း ကာလများတွင် ထိုင်းအာဏာပိုင်များက အဆိုပါ သစ်များသည် သံလွင် အမျိုးသား ဥယျာဉ်တွင် ခုတ်လှဲခဲ့ခြင်း ဖြစ်သည်ဟု စွပ်စွဲ ပြောဆိုခဲ့ကြသည်။

ယင်းအမှုကို စုံစမ်း ဖော်ထုတ်သည့် ဆီးနိတ် ဆပ်ကော်မတီကို ဦးဆောင်သူ မစ္စတာ Boonsong Kowawisarat က စုံစမ်း ဖော်ထုတ် ရရှိသော ချက်လက်မှတ် များအရ အစောပိုင်းတွင် ထင်မှတ်ထားသလို သံလွင် အမျိုးသား ဥယျာဉ်မှ သစ်များ မြန်မာနိုင်ငံသို့ ရောက်ရှိ သွားခြင်းမျိုး မဟုတ်တော့ကြောင်း ပြောကြားသည်။

သံလွင် အမျိုးသား ဥယျာဉ်မှ သစ်များကို တရားမဝင် ခုတ်ယူကာ မြန်မာနိုင်ငံသို့ သယ်ဆောင်သွားပြီး ထိုသစ်များကို မြန်မာ့ ကျွန်းသစ်များ အသွင်ဖြင့် မဲဟောင်ဆန် ပြည်နယ်၊ မောင်ခရိုင်ရှိ ဘန်နမ်ဖန်းဒင် နယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ တရားမဝင် မှောင်ခို ပြန်လည် တင်သွင်းလျက် ရှိသည်ဟု အစောပိုင်း ကာလများတွင် သတင်း ထွက်ပေါ်ခဲ့သည်။ ဘန်နမ်ဖန်းဒင် နယ်စပ် ဖြတ်ကျော် စခန်းသည် မယ်စရန် ခရိုင်ရှိ အမျိုးသား ဥယျာဉ်နှင့် ၂၄၅ ကီလိုမီတာ ကွာဝေးသည်။

အဆိုပါ အစီရင်ခံချက်များနှင့် သတင်းများမှာ နားလည်မှု လွဲမှားခြင်း သက်သက်သာ ဖြစ်ကြောင်း ဆီနိတ်တာ Boonsong Kowawisarat က ပြောကြားသည်။ မဲဟောင်ဆန် ပြည်နယ်မှ အကောက်ခွန် အာဏာပိုင်များက ဘန်နမ်ဖန်းဒင် နယ်စပ်ဂိတ်မှ သစ်အချောထည်များ ထိုင်းနိုင်ငံသို့ တင်သွင်းကြောင်း ပြောဆိုသည်။

အထူး ရာဇဝတ်ကြီးများကို စုံစမ်း ထုတ်ဖော်လျက် ရှိသည့် ထိုင်းအထူး စုံစမ်း စစ်ဆေးရေး ဌာန (DSI) သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ကတည်းက မြောက်ပိုင်း ဒေသတွင် သစ်နှင့် ပတ်သက်သော တရားမဝင် ကုန်ပစ္စည်း တင်သွင်းမှုများကို နောက်ယောင်ခံ လိုက်လျက် ရှိသည်ဟု ဆိုသည်။ ပြီးခဲ့သည့် စက်တင်ဘာလတွင် Anton ကုမ္ပဏီက ခွဲပြီးသား သစ်များကို မြန်မာနိုင်ငံမှ တင်သွင်းလာသည်ဟု သံသယဖြစ်ဖွယ် စုံစမ်း တွေ့ရှိရကြောင်း စုံစမ်းရေးဌာနက ဆိုသည်။

အဆိုပါ Anton ကုမ္ပဏီပိုင်ရှင်အား ခွဲသစ်များ တရားမဝင် တင်သွင်းမှုဖြင့် အရေးယူခဲ့ကြောင်း DSI က ပြောကြားသည်။

Bangkok Post သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

World News, Australia, 20th December 2010

၂၀၁၀ ၏ စိတ်ဝင်စားဖွယ်ရာ ကောင်းသော ပုံရိပ် အချို့တွင် မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည် နှစ်ပေါင်းများစွာ ထိန်းသိမ်း ခံထားရာမှ ပြန်လည် ပေါ်ထွက်လာခြင်းနှင့် နိုဘယ်ဆု ချီးမြှင့်မည့် အခမ်းအနားတွင် Liu Xiaobo မတက်ရောက်နိုင်ပဲ ၎င်း၏ ထိုင်ခုံ နေရာတွင် ကွက်လပ် ဖြစ်နေခြင်း စသည် တို့သည် လတ်တလောတွင် ထင်ရှားသော ပုံရိပ်များ ဖြစ်သည်။

အာရှတိုက်၏ လူ့အခွင့်အရေးနှင့် ပတ်သက်၍ သနားဖွယ်ရာ ကောင်းသော အဆိုပါ နိုင်ငံ နှစ်ခုသည် စိတ်ဝင်စားဖွယ် သတိပေး ခံနေရသော နိုင်ငံများ ဖြစ်ရာ အာရှသည် စီးပွားရေးအရ စွမ်းအားများ ပြည့်နေသော ဒေသ ဖြစ်သည့် နည်းတူ ကမ္ဘာပေါ်တွင် ဆက်ဆံရ အခက်ဆုံး အစိုးရများ ရှင်သန် ကြီးထွားရာ ဒေသလည်း ဖြစ်နေသည်ဟု ဆိုနိုင်သည်။

နိုင်ငံခြား အစိုးရများက စိတ်ဆိုးခြင်း၊ အင်တာနက်နှင့် လူမှုရေး မီဒီယာများကြောင့် အချို့အာရှ နိုင်ငံများက သဘော ပေါက်လာခြင်း ရှိသော်လည်း ဒေသတွင်းရှိ အာဏာရှင်များနှင့် အကျင့်ပျက် ခြစားနေသော အစိုးရများသည် ပျော့ပြောင်းမည့် အသွင် သဏ္ဍာန် မပြသေးပေ။

 "သူတို့ဟာ လူ့အခွင့်အရေးကို လေးစားမှု မရှိပဲ အခြေအနေ တော်တော်ကို ဆိုးဝါးနေပါတယ်" ဟု Human Rights Watch အာရှ ဌာနခွဲမှ Dave Mathieson က ပြောကြားခဲ့သည်။ "သူတို့ဟာ ကမ္ဘာ့ လူ့အခွင့်အရေး စံတွေနဲ့ ဆန့်ကျင်ပြီး စနစ်တကျ ပြင်းပြင်းထန်ထန် တုံ့ပြန်နေပုံ ရပါတယ်" ဟုလည်း ၎င်းက ဆိုသည်။

အနောက် နိုင်ငံများမှ နားလည်ထားသော ဒီမိုကရေစီနှင့် အာရှ တန်ဖိုးများသည် ကိုက်ညီမှု မရှိဟု တစ်ချိန်က ငြင်းချက် ထုတ်ခဲ့သော နိုင်ငံများ ထံမှလည်း ယခုအခါ ဝေဖန်သံများ မကြားရတော့ပဲ ပုံတူ ကူးထားသော ဒီမိုကရက်တစ် လုပ်ငန်းစဉ်များကို ရှေ့တန်းတင် လုပ်ဆောင်လာကြသည်ကို တွေ့လာရသည်ဟု ၎င်းက ဆိုသည်။

"နိုင်ငံ အတော် များများဟာ ဒီမိုကရေစီ အကြောင်း ပြောလာကြပြီး၊ အနည်းဆုံးတော့ ကျွန်တော်တို့ ရွေးကောက်ပွဲ လုပ်နေပါတယ် ဆိုပြီး တိုးတက်မှု ရှိနေကြောင်း ပြောနေကြပါတယ်။ ဒါပေမယ့် အများစုကတော့ လွတ်လပ်သော အမြင်များ ဖော်ထုတ် မရပဲ၊ အဖြေ မထွက်သော အခြေ အနေမှာပဲ ရှိနေဆဲပါ" ဟု ၎င်းက ပြောသည်။

မြန်မာ ဗိုလ်ချုပ်များသည် ပြီးခဲ့သည့် နိုဝင်ဘာလက ဆင်းရဲနေသော တိုင်းပြည်တွင် နှစ်ပေါင်း နှစ်ဆယ် အတွင်း ပထမဆုံး ရွေးကောက်ပွဲကို ပြုလုပ်ပေးခဲ့သော်လည်း၊ ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံ မပါဝင်မှုနှင့် ကန့်ကွက်မှုများကို လစ်လျူရှုခဲ့ခြင်းကြောင့် ရွေးကောက်ပွဲကို တရား မဝင်အောင် ပြုလုပ်ခဲ့သလို ဖြစ်ခဲ့ရသည်။

အသက် (၆၅) နှစ်ရှိ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်မှာ ပြီးခဲ့သည့်လက ပြန်လည် လွတ်မြောက်လာခဲ့ပြီး ပြုံးရွှင်စွာဖြင့် စိတ်ဓာတ် မြင့်မားစွာ ရှိနေသည်ကို တွေ့ရသည်။ သို့သော် သူမ၏ အနာဂတ်မှာ စစ်အစိုးရ၏ သနား ညှာတာမှု ပေါ်တွင် မသေချာ မရေရာ တည်နေဆဲ ဖြစ်သည်။

သီရိလင်္ကာ နိုင်ငံတွင်လည်း ပြီးခဲ့သည့် ဇန်နဝါရီလက ရွေးကောက်ပွဲကို တိုင်းပြည်၏ တမီးလ် ကျားသူပုန်များနှင့် ကာလရှည်ကြာ ပြည်တွင်းစစ် အပြီးတွင် ကျင်းပခဲ့သည်။ အဆိုပါ စစ်အပြီးတွင် စစ်ရာဇဝတ်မှုများ ကျူးလွန်ကြောင်း စွပ်စွဲချက်များ ပြင်းထန်စွာ ထွက်ပေါ်ခဲ့သည်။

သမ္မတ Mahinda Rajapakse သည် ၎င်း၏ ပြိုင်ဖက် စစ်ဦးစီးချုပ်ဟောင်း Sarath Fonseka အပေါ် အပြတ် အသတ် အနိုင်ရပြီး ပြန်လည် ရွေးကောက် တင်မြှောက်ခံရသည်။ Sarath မှာလည်း အကြီးအကျယ် လိမ်ညာမှုကြောင့် ဖမ်းဆီး ထောင်ချခံခဲ့ရသည်။

ပြီးခဲ့သည့် လက Grisly ဓါတ်ပုံအသစ်များ ထွက်ပေါ်ခဲ့ရာ သီရိလင်္ကာတွင် လူသေများ တောင်ပုံရာပုံ ရှိနေပုံနှင့် စစ်ပွဲ နောက်ဆုံး အဆင့်တွင် ကွပ်မျက်နေပုံ ရသည့် ပုံများ ပေါ်ထွက်ခဲ့သည်။ စစ်ပွဲအတွင်း တိုင်းရင်းသား တမီးလ် အရပ်သား (၃၀၀၀၀) ခန့်အထိ သေဆုံးခဲ့ကြောင်း အချို့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့များ၏ အဆိုအရ သိရှိရသည်။

အထက်ပါ နှစ်နိုင်ငံ ဖြစ်သော မြန်မာနှင့် သီရိလင်္ကာ တို့သည် တရုတ်ကို အဓိက မဟာမိတ်အဖြစ် သတ်မှတ်ထားကြသော နိုင်ငံများ ဖြစ်သည်။

၎င်းတို့၏ မဟာမိတ် ဖြစ်သော Beijing က ကော်မတီ၏ ဆုံးဖြတ်ချက်အား ကြောက်ရွံ့စွာ တုံ့ပြန်ခဲ့ပြီး၊ ပြီးခဲ့သည့်  အပတ်က ကျင်းပသော အခမ်းအနားအား သပိတ်မှောက်ရန် နိုင်ငံ နှစ်ဆယ်ခန့်သို့ ဖိအားပေးခဲ့သည်။ အဆိုပါ အခမ်းအနားအား CNN နှင့် BBC တို့မှ တိုက်ရိုက် ထုတ်လွှင့်စဉ် တရုတ်တွင် ပိတ်ပင်ထားခဲ့သည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး အကျင့်စရိုက်များကို ထောက်ခံ အားပေးနေကြောင်း Asia Society အမှုဆောင် ဒုဥက္ကဋ္ဌ Jamie Metzl က Wall Street Journal ခေါင်းကြီးပိုင်းတွင် စွပ်စွဲ ရေးသားထားသည်။

"ယနေ့ လူ့အခွင့်အရေးကို ကြီးမားစွာ ချိုးဖောက်နေတဲ့ နိုင်ငံတွေ အတွက် အဓိက အကာအကွယ် ပေးနေတဲ့ နိုင်ငံဟာ တရုတ် ဖြစ်ပါတယ်" ဟု ၎င်းက ဆူဒန်၊ မြန်မာ၊ မြောက်ကိုးရီးယား၊ ဇင်ဘာဘွေနှင့် အီရန်တို့ကို ညွှန်းဆို၍ Metzl က ပြောကြားခဲ့သည်။

"ဘာလို့လဲ ဆိုတော့ တရုတ်က ဒီအစိုးရတွေကို အကာအကွယ် ပေးပြီး၊ သယံဇာတတွေ ကတစ်ဆင့်  အကျိုးစီးပွား ဖြစ်အောင် လုပ်နေတာ။ ဒီတော့ ဒီအစိုးရတွေရဲ့ ချိုးဖောက်မှုတွေ အပေါ်မှာ နိုင်ငံတကာရဲ့ လုပ်ဆောင်မှုတွေ  အရာမထင် ဖြစ်ရပါတယ်" ဟု ဆိုသည်။

Metzl က ပြောကြားရာတွင် တရုတ်သည် ၎င်း၏ လျင်မြန်စွာ တိုးတက်မှုကြောင့် အပေါင်း လက္ခဏာ ဆောင်သော ဖြစ်ပေါ်မှုများ ရှိနိုင်သော်လည်း ကမ္ဘာကြီးက လူ့အခွင့်အရေးနှင့် ပတ်သက်၍ စည်းမျဉ်း စည်းကမ်းများ ချမှတ်ရန် ကြိုးစားမှုများမှ ရာစုနှစ် တစ်ဝက်ခန့် ဘေးချော် ထွက်နေခဲ့သည်။

ကမ္ဘာတစ်ဝှမ်းရှိ ကံဆိုးသော လူအများစုသည် ၎င်းတို့၏ အစိုးရများ၏ ကြီးမားစွာ နှိပ်စက်မှုများ ခံနေရပြီး၊ ၎င်းတို့သည် နိုင်ငံခြား တိုင်းပြည်များ၏ အကူအညီကို မရသလောက် ဖြစ်ပြီး၊ တရုတ်ကိုပင် ကျေးဇူး တင်ကြရမည် ဖြစ်သည်။

အာရှ လူ့အခွင့်အရေး ကော်မရှင်၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဒေသတွင်း နိုင်ငံများအား ၎င်းတို့၏ ပြည်သူများအား တိုးတက် ဖွံ့ဖြိုးမှုများ ခံစားစေရန်နှင့် အရပ်သား ပိုင်ခွင့်များ၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ပိုင်ခွင့်များအား အကာအကွယ် ပေးရေး တိုးတက်စေရန် တိုက်တွန်းထားသည်။

သာမန် လူတန်းစားများ အတွက် ယခုကိစ္စသည် နိုင်ငံရေးအရ ငြင်းခုန်ရမည့် ကိစ္စသာ မဟုတ်ဘဲ နေ့စဉ် ရဲ၏ ညှဉ်းပမ်းမှု၊ အမျိုးသမီးများ အပေါ် ရက်စက်မှုများ၊ ဆင်းရဲ မွဲတေမှု၊ ဘာသာရေး အရ နှိပ်ကွပ်ခံရမှုများနှင့် တရားရေး စနစ်၏ မပြည့်စုံမှုများ အပေါ် ရုန်းကန်နေရခြင်းက လက်တွေ့ ဖြစ်နေသည်။

"အာရှ တစ်လွှားမှာ လူတွေဟာ ၎င်းတို့ရဲ့ ပိုင်ခွင့်တွေကို သိလာကြပြီး၊ သူတို့ ရပိုင်ခွင့်တွေ တိုးတက်အောင် ကြိုးစား အားထုတ်နေကြပါတယ်" ဟု ကော်မရှင်က ပြောသည်။

"ပိုမို ကောင်းမွန်တဲ့ အနာဂတ်ဟာ ပြည်သူတွေ ကိုယ်တိုင် စလုပ်နိုင်မှု ပေါ်မှာ မူတည်နေပါတယ်။ ဒါပေမယ့် လူတွေရဲ့ လုပ်ဆောင်မှုတွေ အပေါ် အစိုရရဲ့ တုံ့ပြန်မှုကတော့ လုံးဝ ပြည့်စုံမှု မရှိပါဘူး" ဟု ကော်မရှင်က ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bernama, 18th December 2010

ထိုင်းနိုင်ငံသည် ၎င်း၏ စက်မှု လုပ်ငန်းများတွင် လိုအပ်လျက် ရှိသော အလုပ်ကြမ်းသမား ပြဿနာကို ဖြေရှင်းနိုင်ရေး အတွက် ၎င်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေခြင်း မရှိသည့် နိုင်ငံများ ဖြစ်သော ဗီယက်နမ်၊ နီပေါနှင့် ဘင်္ဂလာဒေ့ရှ် နိုင်ငံများမှ အလုပ်သမားများ တင်သွင်းနိုင်ရန် စီစဉ်လျက် ရှိသည်။

ထိုင်းသတင်း အေဂျင်စီ (TNA) ၏ အဆိုအရ အလုပ်သမား ဝန်ကြီး Chalermchai Sri-on က ပြောကြားရာတွင် အလုပ်သမား တင်သွင်းရေး အစီအစဉ်ကို လေ့လာထားကြရန် သက်ဆိုင်သူ အားလုံးကို ညွှန်ကြာထားပြီး ဖြစ်ကြောင်း၊ ၎င်း၏ ဝန်ကြီှးဌာနသည် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားတို့မှ အလုပ်သမားများ မှတ်ပုံတင်ရေး ကိစ္စကို ၂၀၁၁ တွင် ပြန်လည် ပြုလုပ်မည်ဟု ဆိုသည်။ အဆိုပါ အလုပ်သမားများ၏ အလုပ်လုပ်ခွင့် ပါမစ်သည် ဖေဖော်ဝါရီလတွင် ကုန်ဆုံးမည် ဖြစ်သဖြင့် တရားဝင်အောင် ပြန်လည် ပြုလုပ်ပေးမည် ဖြစ်သည်။

Chalermchai က ပြောကြားရာတွင် အနာဂတ်တွင် နိုင်ငံခြားမှ ဝင်ရောက်လာမည့် အလုပ်သမားများကို ထိရောက်စွာ အသုံးချနိုင်ရေး အတွက် နိုင်ငံခြားသား အလုပ်သမား လိုအပ်ချက်ကို သုတေသန ပြုရန် Rajabhat Phranakorn တက္ကသိုလ်အား တာဝန် ပေးထားကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.