Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ နိုင်ငံတွင်း ဒီမိုကရေစီ ဖော်ဆောင်ရေး ကိစ္စ ဆိတ်သုဉ်းနေမှုနှင့် ပတ်သက်၍ လွန်စွာ စိတ်ပျက် အားလျော့မိကြောင်း နိုဗယ်လ် ငြိမ်းချမ်းရေး ဆုရှင် တစ်ဦး ဖြစ်သော အမရာဆင်းက ဒီဇင်ဘာ လကုန်ပိုင်းတွင် ထုတ်ဖော် ပြောဆိုလိုက်သည်။ ထို့အတူ ဒေါ်အောင်ဆန်းစုကြည်ကို နယူးဒေလီ အစိုးရက ပြောဆို ဆက်ဆံမှု မပြုဘဲ နေသည့်အပေါ် အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ဝေဖန် ပြစ်တင်ခဲ့မှုကိုလည်း ၎င်းက ထောက်ခံ ပြောဆိုသည်။

"အိန္ဒိယနိုင်ငံ အနေနဲ့ စကားပြောရပါမယ်။ အိန္ဒိယက မြန်မာနိုင်ငံအတွက် တက်ကြွစွာ လှုပ်ရှားပြရပါ့မယ်။ အမေရိကန် ပြည်ထောင်စုဆိုရင် မြန်မာ့ အရေး အတွက် နိုးကြားနေပါတယ်။ အိန္ဒိယ အနေနဲ့ ဒီထက်ပိုပြီး အရေးယူ ဆောင်ရွက်တာကို ကျွန်တော် လိုလားပါတယ်။ မြန်မာ့ အရေးအတွက် အိန္ဒိယနဲ့ အမေရိကန် နှစ်နိုင်ငံစလုံး ဖိအားပေး ပြောဆိုတာတွေ၊ အလုပ်လုပ် ပေးကြတာတွေကို မြင်ချင်ပါတယ်" ဟု အမရာဆင်းက ဆိုသည်။

ထို့ပြင် အိန္ဒိယက အရှေ့မြောက်ဒေသ၊ မြန်မာ နယ်စပ်အနီးမှ ဘိုဒိုနှင့် မီဇိုသူပုန်များ နှိမ်နင်းနိုင်ရေး အတွက် မြန်မာ စစ်အစိုးရကို ကျောထောက် နောက်ခံ ပေးနေမှုကိုလည်း အမရာဆင်းက ပြစ်တင် ဝေဖန်သည်။ အဆိုပါ ကိစ္စသည် "နားလည်နိုင်၍ ရသော ကိစ္စ မဟုတ်၊ ကြောက်မက်စရာ ကောင်းသော အပေးအယူ - အလျှော့အတင်း ကိစ္စတစ်ခုသာ ဖြစ်သည်" ဟု ၎င်းက သုံးသပ်သည်။

နိုဗယ်လ် ငြိမ်းချမ်းရေး ဆုရှင် အမရာဆင်းသည် Devil's Advocate အမည်ရ အစီအစဉ်တွင် မြန်မာ့ အရေးနှင့် ပတ်သက်၍ ယင်းသို့ သုံးသပ် ပြောဆိုခြင်း ဖြစ်သည်။ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း ကျင့်သုံးသော ဒီမိုကရေစီစနစ်သည် မြန်မာနိုင်ငံမှ သားသတ် သမားများကို ကြိုဆိုခြင်း ဖြစ်နေကြောင်း တွေ့မြင်ရသောအခါ လွန်စွာမှ ရင်ထုမနာ ဖြစ်မိကြောင်း အမရာဆင်းက ဆိုသည်။

အကယ်၍ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းနှင့် တွေ့ဆုံပြီး မြန်မာ့ အရေးကိစ္စ ထုတ်ဖော် ပြောဆိုမည် ဆိုပါက မည်သို့ အကြံပြုမည်နည်းဟု မေးမြန်းရာတွင် ၎င်းက "ကျွန်တော် သူ့ကို ပြောခဲ့ပါတယ်။ သူကျွန်တော် ပြောတာကို နားထောင်ပါတယ်။ ဒါပေမဲ့ ဘာမှ ပြန်မပြောဘူး။ ကျွန်တော်က အခု ချက်ချင်းကြီး ပေါ်လစီ ပြောင်းလဲ ကျင့်သုံးဖို့ မပြောခဲ့ပါဘူး။ သူ့အနေနဲ့ တစ်စုံတစ်ခု စဉ်းစားလာနိုင်မယ်လို့ ကျွန်တော် မျှော်လင့်တာပဲ။ မြန်မာနိုင်ငံမှာ အစိုးရသစ် မပေါ်ပေါက်ခင် သူ့အနေနဲ့ တစ်စုံတစ်ခု စဉ်းစားပြီး လုပ်ကိုင်သွားမယ်လို့ ထင်တယ်" ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံမှ စစ်အာဏာရှင်ကြီးများ နောက်ဆုံးတွင် ပျောက်ကွယ် သွားလိမ့်မည်ဟု ယုံကြည်မှု ရှိကြောင်း အသက် ၇၇ နှစ်အရွယ် အမရာဆင်းက ထုတ်ဖော် ပြောဆိုသေးသည်။

သို့သော် အိန္ဒိယနှင့် အခြားသော နိုင်ငံများက ရေငုံ နှုတ်ပိတ် လုပ်နေမှုသည် မြန်မာ စစ်အာဏာရှင်များ ဆက်လက် အသက် ဆက်နိုင်အောင် ဖန်တီး ပေးနေသကဲ့သို့ ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပေး ပြောဆိုသည်။

Hindustan Times မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The straits times, 28th December, 2010

မြန်မာ နိုင်ငံတွင် လတ်တလော လွတ်မြောက်လာသော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သူမ အကျယ်ချုပ် ထိန်းသိမ်းခံရသည့် ကာလအတွင်း ချီးမြှင့်ခံရသော ဂုဏ်ပြုဆုများ အနက်မှ တစ်ဆု ဖြစ်သည့် ဂုဏ်ထူးဆောင် နိုင်ငံသား ဆုကို လက်ခံရန် အတွက် လာရောက် ပေးပါရန် ကနေဒါ နိုင်ငံက တနင်္လာနေ့တွင် ဖိတ်ကြားလိုက်သည်။

ဖိတ်ခေါ်မှုကို ပြုလုပ်သူ ဝန်ကြီးချုပ် Stephen Harper က သင့်လျော်သော အချိန်တွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ကနေဒါ နိုင်ငံသို့ လာရောက်လိမ့်မည် ဟူသော မျှော်လင့်ချက်ကို ထုတ်ဖော် ပြောကြားခဲ့သော်လည်း ယခု အချိန်တွင် နိုင်ငံတွင်းမှ အလုပ် အပေါ် သူမ အာရုံစိုက် အလေး ပေးနေရသည် ကိုလည်း အသိအမှတ် ပြုခဲ့သည်။

ဂုဏ်ထူးဆောင် နိုင်ငံသားဆုကို ကိုယ်တိုင် လက်ခံရန် ဖိတ်ကြားသော ကြေညာချက်တွင် Mr.Harper က "မြန်မာ့ ဒီမိုကရေစီ အရေး အတွက် နှစ်ပေါင်းများစွာ လုပ်ဆောင်နေကြတဲ့ သူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဘက်ကနေ ခိုင်ခိုင်မာမာ ရပ်တည် နေရတာကို ကနေဒါ နိုင်ငံက ဂုဏ်ယူပါတယ်" ဟု ပြောကြားခဲ့သည်။

မြန်မာ ပြည်သူများ အတွက် ၎င်းတို့၏ အခြေခံ အခွင့်အရေးများကို လေးစားခံရမည့် ၎င်းတို့ နှစ်ပေါင်းများစွာ တောင့်တ နေခဲ့သည့် ဒီမိုကရေစီ ပြန်လည် ထွန်းကားရေးကို ဖြစ်ပေါ်လာစေမည့် ကောင်းမွန်သော အနာဂတ် ပေါ်ပေါက် လာစေရန် အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြား ဒီမိုကရေစီ ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ အားလုံးနှင့် စစ်မှန်၍ အားလုံး ပါဝင်  သက်ဆိုင်သည့် ဒိုင်ယာလော့ တွေ့ဆုံ ဆွေးနွေးရန် Stephen Harper က မြန်မာ အစိုးရကို တိုက်တွန်း လိုက်သည်။

ကနေဒါ ပါလီမန်က ၂၀၀၇ တွင် အမည်စာရင်း တင်သွင်းခဲ့သော ဂုဏ်ထူးဆောင် နိုင်ငံသားဆုမှာ နိုင်ငံခြားသားများ အတွက် ဂုဏ်ပြု ချီးမြှင့်ခြင်း ဖြစ်ပြီး ရရှိခဲ့ဖူးသူ ၄ ဦးသာ ရှိကာ ယင်းတို့မှာ ဆွီဒင်မှ Raul Wallenberg၊ တောင်အာဖရိက သမ္မတဟောင်း နယ်လဆင် မင်ဒဲလား၊ တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမားနှင့် ကမ္ဘာ့ အစ္စမာလီ မွတ်ဆလင်များ၏ ခေါင်းဆောင် အေဂါခန်းတို့ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲများတွင် အနိုင် ရရှိခဲ့သော်လည်း အာဏာ လွှဲပြောင်းယူခွင့် မရခဲ့ဘဲ ထိုအစား စစ်ဖက် အုပ်ချုပ်သူများက သူမအား ၁၅ နှစ်ခန့် အကျယ်ချုပ် ထိန်းသိမ်း ထားခဲ့သည်။ သူမကို နိုဝင်ဘာ ၁၃ ရက်နေ့က လွှတ်ပေးခဲ့ သော်လည်း စစ်အစိုးရ အာဏာ တည်မြဲစေမည့် အတုအယောင် လှည့်စားမှု အဖြစ် အတိုက်အခံများနှင့် နိုင်ငံခြား အစိုးရ များက ဝိုင်းဝန်း ဝေဖန်ခဲ့ကြသော အငြင်းပွားဖွယ် ရွေးကောက်ပွဲများကို စစ်အစိုးရက ကျင်းပပေးပြီး တစ်ပတ်ခန့် အကြာတွင်မှ လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Seattle Times, 25th December 2010

ဒေါ်အောင်ဆန်းစုကြည်သည် ကာလ အတန်ကြာကပင် သူမ၏ အိန္ဒိယနိုင်ငံ အပေါ် ချစ်ခင်မှုအား ထုတ်ဖော် ပြောကြားခဲ့ပြီး ဖြစ်သည်။

သူမ၏ မိခင် အိန္ဒိယနိုင်ငံတွင် သံအမတ်ကြီး အဖြစ် တာဝန် ထမ်းဆောင်စဉ်က သူမသည် နယူးဒေလီတွင် ကောလိပ် တက်ရောက်ခဲ့ပြီး သူမ၏ ခင်ပွန်း၊ သားနှစ်ဦး နှင့်အတူ အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဟိမဝန္တာ တောင်ခြေတွင် အပျော်ဆုံး အချိန်များ ရှိခဲ့ဖူးသည်ဟု ဆိုသည်။

သို့သော် အိန္ဒိယ အစိုးရမှာမူ ဝမ်းနည်းစရာ ကောင်းကြောင်း သူမက ပြောကြားခဲ့သည်။

နယူးဒေလီသည် မြန်မာနိုင်ငံမှ ဗိုလ်ချုပ်များနှင့် ဆက်ဆံခဲ့ခြင်းကြောင့် သူမ အလွန် ဝမ်းနည်းရကြောင်း ပြောကြားခဲ့သည်။ "အိန္ဒိယနဲ့ မြန်မာနိုင်ငံက ပြည်သူတွေဟာ ဗြိတိသျှ အင်ပါယာ လက်အောက်က လွတ်မြောက်ဖို့ အတူတကွ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ အခုတော့ ငွေရဖို့ကိုပဲ ကြည့်တဲ့ ဆက်ဆံရေးကို ဦးစား ပေးလိုက်ရပြီ။ ကျွန်မ အသဲနှလုံးထဲမှာ ဝမ်းနည်းစေပါတယ်" ဟု သူမက ဆိုသည်။

၁၉၈၀ နှောင်းပိုင်း ဒေါ်အောင်ဆန်းစုကြည် ထင်ရှားလာစဉ်ကပင် အိန္ဒိယနိုင်ငံသည် နိုင်ငံတကာ နှင့်အတူ ပူးပေါင်း ပါဝင်၍ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ လှုပ်ရှားမှုများနှင့် စစ်တပ်က နှိမ်နင်းမှုများကို ဆန့်ကျင် ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

ယနေ့ အချိန်တွင်မူ မြန်မာနိုင်ငံနှင့် ပတ်သက်၍ နယူးဒေလီ၏ အရေးကြီးဆုံး ကိစ္စများမှာ လုံခြုံရေးနှင့် ကူးသန်း ရောင်းဝယ်ရေး သာလျှင် ဖြစ်သည်။ ထို့ကြောင့် ရန်ကုန်၏ အင်အားကြီး မဟာမိတ်များနှင့် ဆက်ဆံရေးတွင် စံများထက် စာလျှင် လက်တွေ့ ကျသော နိုင်ငံရေး စဉ်းစားမှုက ပြဋ္ဌာန်းပုံကို အိန္ဒိယက ပြောခဲ့သည်။

မြန်မာနိုင်ငံ၏ ဖိနှိပ်သော အစိုးရကို နိုင်ငံတကာ အသိုင်းအဝိုင်းက အပေါ်လွှာများ ခရီး သွားလာမှုကို ကန့်သတ်ခြင်း၊ အနောက်နိုင်ငံများက စီးပွားရေး ပိတ်ဆို့ထားခြင်းများဖြင့် အဆက် အသွယ် ဖြတ်တောက်ထားသည်။ သို့သော်လည်း မြန်မာ နိုင်ငံသည် အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံ ကြားတွင် ရှိနေခြင်း၊ ကြီးမားသော စွမ်းအင်သိုက်ကြီးများ ရှိနေခြင်း၊ ကမ်းရိုးတန်း မိုင်ထောင် ချီ၍ ရှိနေခြင်း၊ အဆိုပါ နိုင်ငံများနှင့် ရှည်လျားသော နယ်စပ်များ ထိစပ်နေခြင်းတို့ကြောင့် မဟာဗျူဟာ အရ အရေးပါသော အခြေအနေကို ဖြစ်စေသည်။

ရလဒ်အားဖြင့် အပယ်ခံ နိုင်ငံသည် အိမ်နီးချင်း နိုင်ငံများ ကြားတွင် ရေပန်းစားလာခြင်း ဖြစ်သည်။

"ထိုင်း၊ တရုတ်၊ စင်္ကာပူ၊ အိန္ဒိယ၊ မလေးရှား၊ တောင်ကိုရီးယားနဲ့ အင်ဒိုနီးရှား တို့ပေါ့" ဟု ပြည်ပရောက် အစိုးရ ဆန့်ကျင်သူ London School of Economics မှ သုတေသန မောင်ဇာနည်က ရန်ကုန်၏ ဒေသတွင်း မဟာမိတ်များကို စာရင်း ပြုစု ပြောကြားခဲ့သည်။ "အဲဒီ နိုင်ငံတွေဟာ မြန်မာနိုင်ငံကို သယံဇာတ ထုတ်ယူစရာ နေရာ။ သူတို့ အမျိုးသား အကျိုး စီးပွား အတွက် မဟာဗျူဟာ ကျတဲ့နေရာ အဖြစ် စဉ်းစား ဆက်ဆံတာထက် မပိုပါဘူး" ဟု ၎င်းက ပြောသည်။

ထိုအထဲမှ အိန္ဒိယကို ဒေါ်အောင်ဆန်းစုကြည်က ရွေးထုတ်၍ ဝေဖန်ခဲ့သည်။ "ကျွန်မက အိန္ဒိယကို ကျွန်မတို့ နောက်မှာ ရပ်ပေး စေချင်တာပါ" ဟု သူမက Indian Express သတင်းစာသို့ နိုဝင်ဘာလ နှောင်းပိုင်းက ပြောကြားခဲ့သည်။

နယူးဒေလီသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံး မဟုတ်သေးဘဲ စစ်အစိုးရနှင့်လည်း နက်နဲသော ဆက်ဆံရေးလည်း မရှိသေးပါ။ တရုတ်ကမူ အထက်ပါ နှစ်ချက်စလုံးနှင့် ကျယ်ပြန့်စွာ ဆက်ဆံရေး ရှိနေသည်။ သို့သော် အိန္ဒိယမှာမူ နိုင်ငံရေး စနစ်အရ ကမ္ဘာပေါ်တွင် အကြီးဆုံး ဒီမိုကရေစီ နိုင်ငံ ဖြစ်နေခြင်း၊ ဒီမိုကရေစီ လှုပ်ရှားမှုများကို ထောက်ခံခဲ့ဖူး ခြင်းများကြောင့် ယခု စစ်အစိုးရနှင့် ဆက်ဆံခြင်း အတွက် ပြင်းထန်သော ဆန့်ကျင် တုန့်ပြန်မှုများ ခံနေရသည်။

"အိန္ဒိယဟာ သူ့ရဲ့ ဒီမိုကရေစီ တန်ဖိုးများကိုလည်း စွန့်ပစ်ခဲ့ပါတယ်။ ဟန်ဆောင်ပြီး စောင့်ထိန်းထားတဲ့ အရာတွေကိုလည်း ခွာချခဲ့ပါတယ်" ဟု မောင်ဇာနည်က ပြောသည်။

နယူးဒေလီသည် နှစ်ပေါင်းများစွာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လှုပ်ရှားမှုများကို အကာ အကွယ်ပေး ထောက်ခံခဲ့သည်။ ဒါဇင်ပေါင်း များစွာသော အစိုးရ ဆန့်ကျင်သူများ အိန္ဒိယသို့ ထွက်ပြေးခဲ့ကြသည်။ အိန္ဒိယတွင် အစိုးရ ဆန့်ကျင်ရေး မီဒီယာ အဖွဲ့အစည်း​ရုံးများ ဖွင့်လှစ်ထားရှိသည်။

သို့သော် အိန္ဒိယ၏ ကက်ရှ်မီးယားတွင် သူပုန်များ ခြေကုတ်ယူလာသော ၁၉၉၀ အစောပိုင်း ကာလများမှစ၍ မူဝါဒ ပြောင်းလဲသွားခဲ့သည်။ စစ်ပွဲများ ဖြစ်ပွားမှုကြောင့်၊ အိန္ဒိယ အရှေ့မြောက်မှ စစ်သားများကို ကက်ရှ်မီးယားသို့ ပို့ရလေတော့သည်။ အိန္ဒိယ အရှေ့မြောက်တွင် တိုင်းရင်းသား စစ်သွေးကြွ အဖွဲ့လေးများနှင့် တိုက်ပွဲ မကြာခဏ ဖြစ်ပွားလေ့ ရှိသည်။ အဆိုပါ အုပ်စုများသည် မိုင်တစ်ထောင်ခန့် ထိစပ်နေသော မြန်မာ နိုင်ငံနှင့် နယ်စပ်တွင် ခြေကုတ်ယူထားသည်။

တစ်ချိန်တည်းမှာပင် အိန္ဒိယ၏ ကာလ ရှည်ကြာ နှေးကွေးနေသော စီးပွားရေးသည် စတင် ဖွံ့ဖြိုးလာပြီး၊ စွမ်းအင် ဖြည့်တင်းရေး အတွက် ရှာဖွေလာရသည်။

နောက်ဆုံး အချက် အနေဖြင့် တရုတ်က နိုးထလာမှု နှင့်အတူ မြန်မာ အစိုးရနှင့် နီးကပ်စွာ မဟာမိတ် ပြုခဲ့သည်။ တရုတ်ကို အိန္ဒိယက ၎င်း၏ အဓိက စီးပွားရေးနှင့် နိုင်ငံရေး ပြိုင်ဖက် အဖြစ် တိုး၍ မြင်လာသည်။

အဆိုပါ အချက်များက အိန္ဒိယအား မြန်မာနိုင်ငံနှင့် ဆက်ဆံရေး အတွက် ငြင်းဆန်၍ မရအောင် ဖြစ်လာခဲ့သည်။ ကုန်သွယ်ရေး အတွက်၊ သဘာဝ ဓာတ်ငွေ့ အတွက်၊ မြန်မာနိုင်ငံမှ အိန္ဒိယ စစ်သွေးကြွများ မောင်းထုတ်ရေးများ အတွက် သဘော တူညီမှု ရရန် ညှိနှိုင်း လာရတော့သည်။

"ဒါဟာ ကမ္ဘာကြီးရဲ့ လမ်းကြောင်းတွေပါပဲ" ဟု ဒေါ်အောင်ဆန်းစုကြည်က သူမ လွတ်ပြီး နောက်ရက်တွင် Associated Press နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

အိန္ဒိယ အတွက်မူ ဆုံးဖြတ်ချက်ကို လွယ်လွယ်လေး ပေါ့ပေါ့လေး ချခဲ့ရခြင်း မဟုတ်ပေ။

၁၉၉၉ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်း ဗြိတိသျှ ပညာရှင် Michael Aris ကင်ဆာဖြင့် အင်္ဂလန်တွင် ဆုံးပါးစဉ်က Shyam Saran သည် ရန်ကုန်တွင် အိန္ဒိယ သံအမတ်ကြီးအဖြစ် ရှိနေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်မှာ သူမ၏ ခင်ပွန်းနှင့် ကာလ အတန်ကြာ မတွေ့ခဲ့ရပေ။ သူမက သူမ မြန်မာနိုင်ငံမှ ထွက်ခွာသွားပါက၊ ပြန်လာခွင့် မရမည်ကို ကြောက်ရွံ့ခဲ့ပေသည်။

Saran သည် ထိုစဉ်က Aris သေဆုံးခြင်း အတွက် ဒေါ်အောင်ဆန်းစုကြည်ထံ ဝမ်းနည်းခြင်း အဖြစ် သွားရောက် တွေ့ဆုံခဲ့သည်။ ထိုစဉ်က သူမက ခင်ပွန်းနှင့်သား နှစ်ဦး ရန်ကုန်သို့ လာခွင့် မပြုခြင်း အတွက် ပြောပြခဲ့ပြီး ထိုအရာများကို ကျော်လွှားခဲ့ရပုံများကို ပြောခဲ့သည်။ Saran သည် နောက်ပိုင်းတွင် အိန္ဒိယ နိုင်ငံခြားရေး ဌာန အတွင်းဝန် ဖြစ်လာခဲ့သည်။

"ဒေါ်အောင်ဆန်းစုကြည်ဟာ သာမန်တဲ့ ထူးခြားတဲ့ ရဲရင့်မှု၊ စွမ်းအားများနှင့် ထူးခြားသော ပုဂ္ဂိုလ် ဖြစ်ပါတယ်" ဟု နိုဝင်ဘာလက ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီးနောက် Saran က Indian Express တွင် ရေးသားခဲ့သည်။ ထို့အပြင် သူမ ခင်ပွန်း သေဆုံးစဉ်က သွားရောက် ခဲ့ပြီးနောက် ၎င်းက မိမိကိုယ်မိမိ အပြစ်ရှိသူလို ခံစားရကြောင်း၊ အဘယ်ကြောင့် ဆိုသော် ၎င်းအစိုးရ၏ မူဝါဒ ပြောင်းသွားခြင်းကြောင့် ဖြစ်ကြောင်း Saran က ဝန်ခံထားသည်။

သို့သော် ၎င်းက အိန္ဒိယသည် မှန်ကန်သော ဆုံးဖြတ်မှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိနေဆဲ ဖြစ်သည်။ "ကျွန်တော်တို့ရဲ့ အရေးကြီးတဲ့ အမျိုးသား အကျိုးစီးပွား အရ စစ်အစိုးရနဲ့ အလုပ် အတူ လုပ်ဖို့ လိုအပ်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Times of India, 25th December 2010

အိန္ဒိယနိုင်ငံတွင် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ စတင် ကျင်းပမည့် အိန္ဒိယ-မြန်မာ ပြည်ထဲရေး အတွင်းဝန် အဆင့် အစည်းအဝေးတွင် နှစ်နိုင်ငံ တရားဝင် အကူအညီ ပေးရေး စာချုပ် (Mutual Legal Assistance Treaty MLAT) ကို လက်မှတ် ရေးထိုးလိမ့်မည် ဖြစ်သည်။

လေးရက်ကြာ အစည်းအဝေးတွင် လုံခြုံရေး ဆိုင်ရာ ကိစ္စရပ် အတော် များများကို ဆွေးနွေးမည် ဖြစ်ရာ နိုင်ငံတကာ နယ်စပ်တွင် လှုပ်ရှားနေသော သူပုန် အုပ်စုများအား တိုက်ခိုက်ရေး၊ ထောက်လှမ်းရေး ပူးပေါင်း ဆောင်ရွက်မှု အားကောင်းစေရေး၊ လက်နက် မှောင်ခို ရောင်းဝယ်ခြင်းနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှု အကြောင်းများ ပါဝင်မည် ဖြစ်သည်။

"MLAT ဟာ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံရဲ့ တူညီတဲ့ ရည်မှန်းချက်တွေ အတွက် အရည်အသွေး ပိုတက်လာနိုင်ပါတယ်။ အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ ရာဇဝတ်မှု အပါအဝင် ရာဇဝတ်မှုများ ဖိနှိပ်ရေး၊ ကာကွယ်ရေး၊ အရေးယူရေး၊ ရှာဖွေ ဖော်ထုတ်ရေး တို့မှာ နှစ်ဦးနှစ်ဖက် အပြန်အလှန် အကူအညီ ပေးနိုင်တဲ့ တရားဝင် ယန္တရား တစ်ခု ထားရှိနိုင်ရေး ဖြစ်ပါတယ်" ဟု တာဝန်ရှိသူ တစ်ဦးမှ ပြောကြားခဲ့သည်။

MLAT စာချုပ်ကို အစည်းအဝေး ပြီးဆုံးမည့် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် လက်မှတ် ရေးထိုးလိမ့်မည် ဖြစ်သည်။ အိန္ဒိယ ကိုယ်စားလှယ် အဖွဲ့ကို ပြည်ထောင်စု ပြည်ထဲရေး အတွင်းဝန် Gopal K Pillai က ဦးဆောင်မည် ဖြစ်ပြီး၊ မြန်မာ ကိုယ်စားလှယ် အဖွဲ့ကို ပြည်ထဲရေး ဌာန ဒုတိယ ဝန်ကြီး ဦးဘုန်းဆွေက ဦးဆောင်မည် ဖြစ်သည်။

Pillai က အိန္ဒိယ-မြန်မာ နယ်စပ်တွင် လှုပ်ရှားနေသော အိန္ဒိယ သူပုန်အုပ်စုများ ကိစ္စကို တင်ပြသွားမည် ဖြစ်ပြီး၊ အဆိုပါ သူပုန်များကို မြန်မာ အစိုးရက အရေးယူ ပေးရေးကိုလည်း ပြောကြားသွားမည် ဖြစ်သည်။

နှစ်နိုင်ငံ စစ်သားများကြား အင်္ဂလိပ်စာနှင့် မြန်မာစာ သင်ကြားရေး အစီအစဉ် ရေးဆွဲရန် အဆိုပြုချက်ကိုလည်း အနည်းအကျဉ်း ဆွေးနွေးရန် ရှိသည်။ အဆိုပြုချက်တွင် အိန္ဒိယ စစ်သားများအား မြန်မာစာ သင်ကြားပေးရန်နှင့် မြန်မာ စစ်သားများအား အင်္ဂလိပ်စာ သင်ကြားပေးပြီး၊ နှစ်ဦးနှစ်ဘက် ဘာသာစကား အခက်အခဲ မဖြစ်စေရန် ဖော်ပြထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အတိုက်အခံ နိုင်ငံရေး အင်အားစုများ အနေဖြင့် အသစ် ထွက်ပေါ်လာမည့် ရွေးကောက် တင်မြှောက်ခံ အစိုးရသစ်နှင့် ပူးပေါင်း ဆောင်ရွက်ကြရန် မြန်မာ စစ်အစိုးရက ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် သတိပေး ပြောကြားသည်။

နိုဝင်ဘာလ ၇  ရက် ရွေးကောက်ပွဲပြီး ရက်ပိုင်း အကြာတွင် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာသူ ဒေါ်အောင်ဆန်းစုကြည်က မြန်မာ စစ်အစိုးရ အာဏာပိုင်များနှင့် တွေ့ဆုံကာ ဒိုင်ယာလော့ခ် လုပ်လိုကြောင်း၊ စစ်အစိုးရအပေါ် ထိရောက်မှု ရှိမည့် ပိတ်ဆို့ အရေးယူမှုများကို ထောက်ပံ့သွားမည် ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုထားသည်။

သို့သော် ဒီဇင်ဘာလ ၂၆ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာ ခေါင်းကြီးပိုင်း၌ "အုပ်ချုပ်သူ အစိုးရကို ထိန်းချုပ် ကိုင်တွယ်ရန် ရည်ရွယ်ထားသည့် အကြမ်းဖက်ရေး သို့မဟုတ် အကြမ်းမဖက်ရေး၊ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ချဉ်းကပ်ရေး အစရှိသည့် နည်းလမ်းများဖြင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အကောင် အထည် ဖော်မည် ဆိုပါက မည်သည့် အကျိုး အမြတ်မျိုးကိုမှ ဆောင်ကျဉ်းနိုင်မည် မဟုတ်" ဟု စစ်အစိုးရ၏ အာဘော်ကို ရေးသား ဖော်ပြခဲ့သည်။

"ဒီမိုကရေစီ လိုလားသူ မည်သူမဆို အပြုသဘော ဆောင်သည့် သဘောထားမျိုးဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ရွေးကောက် တင်မြှောက်ခံရသော အစိုးရအား အကြံကောင်းများ ပေးရမည်သာ ဖြစ်သည်။ ယင်းသို့ လုပ်ဆောင်ရာတွင် ဒီမိုကရေစီ မဟာမိတ် အနေဖြင့် လုပ်ဆောင်ရမည် ဖြစ်သည်" ဟု မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ကျင်းပခဲ့သော နိုဝင်ဘာ ၇ ရက် ဒီမိုကရေစီ ရွေးကောက်ပွဲမှာ များစွာ ပြစ်တင် ဝေဖန်ခံခဲ့ရသည်။ အကြောင်းမှာ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင် ယှဉ်ပြိုင်ခွင့် မရရှိအောင် စစ်အစိုးရက ဥပဒေများဖြင့် ကန့်သတ် ပိတ်ပင်ခဲ့သောကြောင့် ဖြစ်သည်။

ယင်းရွေးကောက်ပွဲတွင် စစ်အစိုးရ ကျောထောက် နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) က ပါလီမန် လွှတ်တော် သုံးရပ်တွင် အမတ်နေရာ စုစုပေါင်း ၇၇ ရာခိုင်နှုန်း အနိုင် ရရှိခဲ့သည်။

ယခင်က မြန်မာ စစ်အစိုးရကို ဖြုတ်ချရန် ကြံရွယ်ခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ကြောင်း၊ ၁၉၄၈ ခုနှစ်က စတင်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင် ပုန်ကန်မှုများ၊ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ၊ NLD ပါတီ၏ နှစ်ပေါင်း ၂၀ ကြာ ကြိုးပမ်းချက်များနှင့် နိုင်ငံတကာ၏ ပိတ်ဆို့ အရေးယူမှုများသည် အောင်မြင်မှု မရှိခဲ့ကြောင်း မြန်မာ့အလင်း သတင်းစာက ဆိုသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကို စစ်တပ်က ဖြိုခွင်းခဲ့ရာ လူပေါင်း ၃၀၀၀ ခန့် သေဆုံးခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်လုံးကျွတ် အတိုင်းအတာဖြင့် အနိုင် ရရှိခဲ့သည်။ သို့သော် စစ်အစိုးရက အာဏာ လွှဲပြောင်း ပေးခဲ့ခြင်း မရှိဘဲ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နှစ်အတန်ကြာ နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

လေ့လာ သုံးသပ်သူများက အသစ် ထွက်ပေါ်လာမည့် အစိုးရ အဖွဲ့သည် စစ်ဗိုလ်ချုပ်ကြီးများ၏ ထိန်းချုပ်မှု အောက်တွင်သာ ရှိမည် ဖြစ်သည်ဟု ဆိုသည်။ အကြောင်းမှာ ရွေးကောက်ပွဲတွင် အနိုင် ရရှိသွားသော USDP ပါတီသည် စစ်ယူနီဖောင်း ချွတ်ထားသော ဗိုလ်ချုပ်ကြီးများဖြင့် ဖွဲ့စည်းထားသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

၂၀၀၈ ခုနှစ်တွင် ထွက်ပေါ်ခဲ့သော ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကလည်း ပါလီမန် လွှတ်တော် အမတ်နေရာ ၂၅ ရာခိုင်နှုန်းကို စစ်တပ်က တိုက်ရိုက် ခန့်အပ်ခွင့် ပေးထားသည်။

Monster and Critics မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နျူကလီယာ လုပ်ဆောင်ချက်များ လျှော့ချရေး ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပလိုသည့် ဆန္ဒ ထုတ်ဖော် ပြသမှု မရှိပါက မြောက်ကိုရီးယား နိုင်ငံနှင့် ခြောက်နိုင်ငံ ဆွေးနွေးပွဲကို ပြန်လည် ကျင်းပမည် မဟုတ်ကြောင်း အမေရိကန် ပြည်ထောင်စုက ပြောကြားသည်။

ပြုံယမ်း ကွန်မြူနစ် အစိုးရ အနေဖြင့် ရန်စလိုသော အပြုအမူများနှင့် လုပ်ဆောင်ချက်များကို မဖြစ်မနေ ရပ်တန့်ရမည် ဖြစ်သည်ဟု အိမ်ဖြူတော်က ဆိုသည်။

အမေရိကန် နိုင်ငံရေးသမား Bill Richardson မြောက်ကိုရီးယားသို့ သွားရောက် လည်ပတ်ပြီးနောက် အိမ်ဖြူတော် အစိုးရက ယင်းသို့ သုံးသပ်ချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ မစ္စတာ Bill Richardson ၏ မြောက်ကိုရီးယား ခရီးစဉ်သည် တရားဝင် ခရီးစဉ် တစ်ခု မဟုတ်ပေ။ မြောက်ကိုရီးယား အစိုးရသည် ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး အဖွဲ့များ ကြည့်ရှုနိုင်ရန် နျူကလီယာ လုပ်ငန်းခွင်များ အားလုံးကို ပြန်လည် ဖွင့်လှစ် ပြသလိမ့်မည် ဖြစ်သည်ဟု Bill Richardson က ပြောဆိုသည်။

သို့သော် မြောက်ကိုရီးယားက အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အတည်ပြု ပြောကြားမှု မရှိသေးပေ။ ထို့အတူ ကုလသမဂ္ဂ နျူကလီယာ စောင့်ကြည့် လေ့လာရေး အဖွဲ့ကလည်း ထင်မြင် သုံးသပ်ချက် တစ်စုံတစ်ရာ ပေးခြင်း မရှိသေးပေ။

မစ္စတာ Bill Richardson သည် အမေရိကန် ပြည်ထောင်စု၊ နယူးမက္ကဆီကို ပြည်နယ် အုပ်ချုပ်ရေးမှူး ဖြစ်ပြီး မြောက်ကိုရီးယားသို့ ဒီဇင်ဘာလ ဒုတိယ ပတ်ခန့်တွင် သွားရောက် လည်ပတ်ခဲ့သည်။

ခရီးစဉ် ပြီးဆုံးပြီးနောက် ၎င်းက မြောက်ကိုရီးယားသည် နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး အဖွဲ့များအား လာရောက် ကြည့်ရှု စစ်ဆေးစေလိုသည့် ဆန္ဒမျိုး ထုတ်ဖော် ပြသခဲ့ပြီး တောင်ကိုရီးယား စစ်ရေး လေ့ကျင့်မှုကိုလည်း လက်တုံ့မပြန် လိုသည့် သဘောမျိုး ပြသခဲ့ကြောင်း၊ ဤသို့သော သဘောထားများက ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် စတင် နိုင်မည့် လမ်းစများ ဖြစ်လာနိုင်ကြောင်း ပြောဆိုသည်။

သို့သော် အိမ်ဖြူတော် ပြောရေး ဆိုခွင့် ရှိသူ မစ္စတာ Robert Gibbs က မြောက်ကိုရီးယားသည် ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် စတင်ရန် အသင့် မဖြစ်သေးဟု ပြောကြားသည်။ "လက်တွေ့ လုပ်ဆောင်ချက်တွေ ဖြစ်လာဖို့ သူတို့ စကားတွေ ပြောနေလို့ပဲ မရဘူး။ စိတ်ပါလက်ပါ လုပ်ကိုင်ပြမှသာ ဖြစ်လာမှာပါ" ဟု ၎င်းက ပြောသည်။ မြောက်ကိုရီးယားက ၎င်း၏ အပြုအမူများ အားလုံးကို ပြောင်းလဲလိုသည့် ဆန္ဒ ထုတ်ဖော်ပြသည့် အခါတွင်မှ ခြောက်နိုင်ငံ ဆွေးနွေးပွဲ စတင်နိုင်မည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

"ခြောက်နိုင်ငံ ဆွေးနွေးပွဲ ကျင်းပရင် ကောင်းမှာပဲ ဆိုတဲ့ စိတ်ခံစားချက် တစ်ခု သက်သက် အတွက်တော့ ခြောက်နိုင်ငံ ဆွေးနွေးပွဲကို ပြန်လည် ကျင်းပမှာ မဟုတ်ပါဘူး" ဟု ဆိုသည်။ အမေရိကန် ပြည်ထောင်စု အနေဖြင့် တောင်ကိုရီးယား နိုင်ငံနှင့် လက်ချင်းတွဲကာ ဆက်လက် အလုပ် လုပ်သွားမည် ဖြစ်သည်ဟုလည်း မစ္စတာ Robert Gibbs က ပြောသည်။

ကိုရီးယား ကျွန်းဆွယ်ဒေသ၌ တင်းမာမှုများ အထွတ် အထိပ်သို့ ရောက်ရှိနေချိန်တွင် အိမ်ဖြူတော်က မြောက်ကိုရီးယားနှင့် ပတ်သက်၍ ယင်းသို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် မြောက်ကိုရီးယားက တောင်ကိုရီးယားပိုင် ကျွန်းတစ်ခုပေါ်သို့ အမြောက်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ လူလေးဦး သေဆုံးခဲ့ရသည်။ အလားတူ တိုက်ခိုက်မှုများ ပြုလုပ်ပါက မိမိတို့ကလည်း လေကြောင်းဖြင့် တိုက်ခိုက်သွားမည် ဖြစ်သည်ဟု တောင်ကိုရီးယားက ဆိုသည်။ သို့အတွက်ကြောင့် ကိုရီးယား ကျွန်းဆွယ် ဒေသတွင် တင်းမာမှုများ အဆက်မပြတ် ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

မြောက်ကိုရီးယားသို့သွားရောက်လည်ပတ်ခဲ့သည့် မစ္စတာ Bill Richardson နှင့် အမေရိကန် သမ္မတ အိုဘားမားတို့ တွေ့ဆုံ ဆွေးနွေးမှု ပြုမည် မဟုတ်ကြောင်း မစ္စတာ Gibbs က ဆိုသည်။

တည်ငြိမ်သော တုံ့ပြန်ချက်

မြောက်ကိုရီးယားနှင့် အနီးကပ် မဟာမိတ် နိုင်ငံကြီး ဖြစ်သော တရုတ်က တောင်ကိုရီးယား၊ အမေရိကန်၊ ရုရှားနှင့် ဂျပန်တို့ အနေဖြင့် ခြောက်နိုင်ငံ ဆွေးနွေးပွဲကို ပြန်လည် စတင်သင့်ကြောင်း တိုက်တွန်း ပြောဆိုသည်။

မည်သို့ပင် ဆိုစေကာမူ ပြုံယမ်း ဘက်ကသာ နျူကလီယာ လက်နက် ဖျက်သိမ်းပါမည် ဟူသော ဆုံးဖြတ်ချက် မပြုလုပ်သေးသရွေ့ ခြောက်နိုင်ငံ ဆွေးနွေးပွဲကို ပြန်လည် စတင်နိုင်မည် မဟုတ်ဟု တောင်ကိုရီးယားနှင့် မဟာမိတ် နိုင်ငံများက ဆိုသည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ ဧပြီလတွင် ခြောက်နိုင်ငံ ဆွေးနွေးပွဲမှ နုတ်ထွက်ခဲ့သလို နိုင်ငံတွင်း တာဝန် ထမ်းဆောင်လျက် ရှိသော ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး အဖွဲ့များကိုလည်း ပြည်နှင်ခဲ့သည်။ နိုင်ငံတကာ အဏုမြူ စွမ်းအင် အေဂျင်စီ (IAEA) မှ စုံစမ်း စစ်ဆေးရေး အဖွဲ့များသည် မြောက်ကိုရီးယား၊ ယုံဗြွန် နျူကလီယာ စက်ရုံကို လေ့လာ စောင့်ကြည့် ခဲ့ကြကြောင်း သတင်း ရင်းမြစ်များက ဆိုသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.