Transparency Myanmar

transparency.myanmar@gmail.com

(Bangkok Post မှ 12 Jan 2011 ရက်စွဲပါ Karen Rebels hold Thai man hostage သတင်းကို ဘာသာပြန်ဆိုသည်။)

ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ တပ်ဖွဲ့ DKBA သည် မြန်မာပိုင်နက် အတွင်း ထိုင်းလူမျိုး တစ်ဦးကို ဓားစာခံ အဖြစ် ဖမ်းဆီးကာ ဘတ် ၃ သိန်းဖြင့် ရွေးရန် တောင်းဆိုလျက် ရှိသည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောကြားသည်။

ကရီယင်ဆပ် ဟူသာ သိရှိရသေးသည့် ထိုင်းအမျိုးသားသည် တပ်ခ်ပြည်နယ် အန်ဖန်းခရိုင်၏ မျက်နှာချင်းဆိုင်ဖက်တွင် ဖမ်းဆီးခံရခြင်း ဖြစ်ပြီး၊ ၎င်းသည် အန်ဖန်းခရိုင် တန်ဘွန်မော့ကရိုမှ တာပါပူးရွာတွင် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။

ကရီယင်ဆပ်သည် DKBA အုပ်စုတစ်စုနှင့် ငွေကြေးကိစ္စ စေ့စပ် ညှိနှိုင်းရန် အတွက် နယ်စပ်ကို ကူးကာ မြန်မာနိုင်ငံဖက်သို့ သွားခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ယမန်နေ့က ပြောကြားသည်။

သို့သော်လည်း ၎င်းသည် သဘောတူညီချက် မရရှိခဲ့ပဲ DKBA က ၎င်းကို ဓားစာခံအဖြစ် ဖမ်းဆီးကာ ဘတ် ၃ သိန်းဖြင့် လာရောက် ရွေးယူရန် တောင်းဆိုထားသည်။

DKBA က ကရီယင်ဆပ်သည် ၎င်းတို့အား အထက်ပါ ငွေပမာဏ (ဘတ် ၃ သိန်း) ပေးစရာ ရှိသည်ဟု အခိုင်အမာ ဆိုသည်။

တပ်ခ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဆာမတ်လွိုင်ဖာက အန်ဖန်းခရိုင် အကြီးအကဲ ချာဝန်ဆပ်ဂျိုင်စန်အား ကရီယင်ဆပ်၏ အရေးအတွက် DKBA နှင့် ဆက်သွယ်ရန် တာဝန် ပေးထားသည်။ သို့သော် ယခုတိုင် တုန့်ပြန်မှု မရှိသေးပါ။

ထို့အပြင် တန်ဘွန်း မဟာဝမ်ရှိ မယ်ကောင်ကန် ကျေးရွာနှင့် မျက်နှာချင်းဆိုင် မနောကျွန်း အနီးတွင် မြန်မာ စစ်တပ်နှင့် ကရင် DKBA တပ်ဖွဲ့များ ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်နေမှုကို မဲဆောက်ခရိုင် အမှတ်(၄) ခြေလျင်တပ်မ၏ အထူးတပ်ဖွဲ့က မနေ့က စောင့်ကြည့်လျက် ရှိသည်။

K-81 အမြောက်ဆံ အတော်များများ ထိုင်းပိုင်နက် အတွင်း ကျရောက် ပေါက်ကွဲခဲ့သည်ဟု အထူး တိုက်ခိုက်ရေးတပ်ဖွဲ့ သတင်း ရပ်ကွက်က ဆိုသည်။ မဲဆောက်မှ ထိုင်း-မြန်မာ နယ်ခြား ကော်မတီ အဖွဲ့ဝင်များက မြဝတီမှ နယ်ခြား ကော်မတီအား စာတစ်စောင် ပေးပို့ကာ မြန်မာစစ်တပ်၏ အမြောက်ကျည်ဆံများ ထိုင်းနိုင်ငံဖက်သို့ မကျအောင် အာမခံရန် တောင်းဆိုထားသည်ဟုလည်း သိရှိရသည်။

အဆိုပါ ဒေသရှိ မြန်မာတပ်ဖွဲ့မှာ DKBA တပ်များ၏ ဝန်းရံမှု ခံနေရပြီး၊ မြန်မာ တပ်ဖွဲ့ဝင်များစွာ ကျဆုံး၊ ထိခိုက် ဒဏ်ရာ ရရှိလျက် ရှိသည်ဟု သတင်းများ ရရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment