Transparency Myanmar

transparency.myanmar@gmail.com

( ၅ ရက် ဇန်နဝါရီလ ၂၀၁၁ ရက်စွဲပါ AFP မှ Cambodian Officials told to declare assets သတင်းကို တိုက်ရိုက် ဘာသာ ပြန်သည်။)

ကမ္ဘောဒီးယား နိုင်ငံတွင် ထိန်းမနိုင် သိမ်းမနိုင် များပြားနေသော အဂတိ လိုက်စားမှုများကို တိုက်ဖျက်ရန် အတွက် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ် တစ်သိန်းကျော်အား ယခုလ မှစ၍ ပိုင်ဆိုင်မှုများ ကြေညာရန် အမိန့် ထုတ်ခဲ့သည်ဟု အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ဟွန်ဆန် အပါအဝင် ရာထူးကြီး ဝန်ထမ်းများသည်လည်း ပိုင်ဆိုင်သည့် အိမ်ခြံမြေများ၊ ကားများ၊ စီးပွားရေး လုပ်ငန်းများနှင့် အခြား ပိုင်ဆိုင်မှုများကို လျှို့ဝှက် ကြေညာရမည် ဖြစ်သည်ဟု အစိုးရ၏ အဂတိ လိုက်စားမှု ဆန့်ကျင်ရေး အမျိုးသား ကောင်စီမှ ပြောခွင့်ရ ပုဂ္ဂိုလ် Keo Remy က ပြောကြားခဲ့သည်။

"ဒါဟာ ကျွန်တော်တို့ တိုင်းပြည် အတွက် သမိုင်းဝင် လုပ်ရပ်ပါပဲ" ဟု ၎င်းက AFP သို့ ပြောကြားခဲ့သည်။

အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များသည် အသစ် ဖွဲ့စည်းခဲ့သည့် Anti-Corruption Unit (ACU) သို့ မိမိ ပိုင်ဆိုင်မှုများကို တင်ပြရန် လိုအပ်မည် ဖြစ်ပြီး၊ ပြည်သူလူထုကိုမူ အသေးစိတ် ထုတ်ပြန်လိမ့်မည် မဟုတ်ဟု Keo Remy က ပြောကြားခဲ့သည်။

"ပိုင်ဆိုင်မှု ကြေညာလွှာ တင်ခြင်း လုပ်ငန်းကို လျှို့ဝှက်ချက် တစ်ခု အနေနဲ့ လုပ်ဆောင် သွားမှာပါ" ဟု ၎င်းက ပြောသည်။

"ကျွန်တော်တို့ဟာ တိုင်းပြည်ရဲ့ နိုင်ငံရေး တည်ငြိမ်မှုကို အလေးထားသလို၊ အစိုးရ ပုဂ္ဂိုလ် တစ်ဦးချင်းရဲ့ ကိုယ်ရော စိတ်ပါ လုံခြုံမှု အတွက် အလေးပေး ဆောင်ရွက်သွားမှာပါ" ဟု ဆိုသည်။

ပိုင်ဆိုင်မှု ကြေညာခြင်း အတွက် နောက်ဆုံး ရက်ကိုမူ သတ်မှတ်ထားခြင်း မရှိသေးကြောင်း ၎င်းက ပြောသည်။

အတိုက်အခံ ပါတီတစ်ခု ဖြစ်သော Sam Rainsy ပါတီမှ ပြောခွင့်ရ ပုဂ္ဂိုလ် Yim Sovann က အဆိုပါ လုပ်ရပ်သည် အဓိပ္ပာယ် မရှိသော လုပ်ရပ်အဖြစ် ဝေဖန်ခဲ့သည်။

"ပိုင်ဆိုင်မှုကို လျှို့ဝှက် ကြေညာတယ် ဆိုတော့ ဘာထူးသေးလဲဗျ" ဟု ၎င်းက ဆိုသည်။

"အဓိပ္ပာယ် မရှိတဲ့ လုပ်ရပ်ဖြစ်လို့ ကျွန်တော်တို့ မထောက်ခံပါဘူး" ဟု Yim Sovann က ဖြည့်စွက် ပြောကြားခဲ့သည်။

နောက်ပိုင်းတွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပါလီမန်၏ အတည်ပြုချက် ရယူပြီး ပြဋ္ဌာန်းသွားမည် ဖြစ်သည်။ ရေးဆွဲပြီး အသင့် ဖြစ်နေသည့် ဥပဒေတွင် လာဒ်ငွေ ရယူကြောင်း ထင်ရှားပါက ထောင်ဒဏ် ၁၅ နှစ် အထိ ချနိုင်ကြောင်း သိရှိရသည်။

အာဏာ အလွဲ သုံးစား ပြုမှု ဆန့်ကျင်ရေး အသင်း ဖြစ်သည့် Transparency International ၏ မကြာခင်က ထုတ်ပြန်သော အကျင့်ပျက် ခြစားသော နိုင်ငံ စာရင်းတွင် ၁၇၈ နိုင်ငံ ရှိသည့် အနက် ကမ္ဘောဒီးယားသည် အဆိုးဆုံး ၁၅၄ နံပါတ် ချိတ်ခဲ့သည်။

ယမန်နှစ်က ထုတ်ပြန်သော Political and Economic Risk Consultancy ၏ အဆိုးဆုံး ခြစားသည့် နှစ်ပတ်လည် စာရင်းတွင် အရှေ့တောင် အာရှ၌ ကမ္ဘောဒီးယားသည် အင်ဒိုနီးရှား နောက်တွင် ဒုတိယ ရပ်တည်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment