Transparency Myanmar

transparency.myanmar@gmail.com

မြောက်ကိုရီးယား နိုင်ငံသည် အမေရိကန် ပြည်ထောင်စုအတွက် တိုက်ရိုက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာပြီး ငါးနှစ်အတွင်း တိုက်ချင်းပစ် ဒုံးကျည် လက်နက်များ တီထွင်လာ နိုင်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ်က ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ပြောကြားသည်။

မြောက်ကိုရီးယားသည် ဒုံးကျည် အမြောက်အမြား ထုတ်လုပ် လာနိုင်လိမ့်မည် ဟူသော အချက်ကို မယုံကြည်ခဲ့ကြောင်း၊ ထုတ်လုပ်မည့် ဒုံးကျည်များမှာလည်း စွမ်းဆောင်နိုင်မှုတွင် အကန့်အသတ် ရှိမည်သာ ဖြစ်ကြောင်း မစ္စတာ ရောဘတ်ဂိတ်စ်က တရုတ်နိုင်ငံ၊ ဘေဂျင်း မြို့တော်တွင် သတင်းထောက်များကို ပြောကြားသည်။

"ကျွန်တော့် အထင် ပြောရရင် မြောက်ကိုရီးယားဟာ ငါးနှစ်အတွင်း တိုက်ချင်းပစ် ဒုံးကျည် စမ်းသပ် ထုတ်လုပ်လာနိုင် ပါလိမ့်မယ်။ ဒါပေမဲ့ အမြောက်အမြား ထုတ်လာနိုင်မှာတော့ မဟုတ်ပါဘူး" ဟု မစ္စတာ ဂိတ်စ်က ဆိုသည်။

"သူတို့ထုတ်တော့ ထုတ်လုပ် လာနိုင်လိမ့်မယ်။ ဒါပေမဲ့ စွမ်းဆောင်ရည်မှာ အကန့်အသတ် ရှိနေလိမ့်မယ်" ဟုလည်း ဆက်လက် ပြောသည်။

မြောက်ကိုရီးယားတွင် တာဝေးပစ် ဒုံးကျည်အစင်း ၈၀၀ ခန့် ပိုင်ဆိုင်ပြီး အကွာအဝေး မျိုးစုံပစ်နိုင်သည့် ဒုံးကျည်အစင်း ၁၀၀၀ ကျော် ရှိသည်။ ထို့ပြင် မြောက်ကိုရီးယားသည် ဒုံးကျည်များနှင့် စစ်လက်နက် နည်းပညာများကို ပြည်ပသို့ တင်ပို့ ရောင်းချခဲ့ကြောင်း၊ အဓိက ဝယ်ယူသည့် နိုင်ငံမှာ အီရန်ဖြစ်သည်။ ပြုံယမ်း၏ စစ်လက်နက်များတွင် ကီလိုမီတာ ၃၀၀၀ (မိုင်ပေါင်း ၁၈၆၀) ခန့်အထိ ပစ်နိုင်သော အလယ် အလတ်စား ဒုံးကျည်များလည်း ပါဝင်သည်ဟု တောင်ကိုရီးယား အစိုးရ အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ Yonhap သတင်းဌာနက ဖော်ပြခဲ့ဖူးသည်။

အဆိုပါ ဒုံးကျည်များသည် ဂျပန်နိုင်ငံ တစ်ခုလုံးသို့ ရောက်ရှိနိုင်သလို ဂူအမ်ကျွန်းရှိ အမေရိကန် စစ်အခြေစိုက် စခန်းများကိုလည်း အန္တရာယ် ပေးနိုင်သည့် အနေအထား တွင်လည်း ရှိသည်။ လာမည့် ရက်သတ္တပတ် အတွင်း တရုတ်သမ္မတ ဟူဂျင်းတောင် အမေရိကန် ပြည်ထောင်စုသို့ လာရောက်စဉ် ၎င်းအနေဖြင့် သမ္မတ အိုဘားမား နှင့်အတူ မြောက်ကိုရီးယားကိစ္စ ဆွေးနွေးလိမ့်မည်ဟု ထင်မိကြောင်း မစ္စတာဂိတ်စ်က ဆိုသည်။

ခရီးစဉ်တွင် တရုတ်နိုင်ငံ အနေဖြင့် မြောက်ကိုရီးယားအပေါ် ဖိအားပေးမှုများ ပြုလုပ်ရန် အိုဘားမားက ဟူဂျင်းတောင်ကို တွန်းအား ပေးမည်ဟု မျှော်လင့်ရသည်။ ယမန် နှစ်ကုန်ပိုင်းက မြောက်ကိုရီးယားက တောင်ကိုရီးယား ကျွန်းတစ်ခုသို့ အမြောက်ဖြင့် ပစ်ခတ်ခဲ့ပြီး နျူကလီးယား အစီအစဉ်များကိုလည်း ထုတ်ဖော် ပြသခဲ့ရာ ကိုရီးယား ကျွန်းဆွယ်၌ တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။

တရုတ်သည် အမေရိကန် ပြည်ထောင်စုနှင့် အနောက်ကမ္ဘာ၏ ပိတ်ဆို့ အရေးယူမှုများနှင့် ရင်ဆိုင်နေရသော မြောက်ကိုရီးယား ကွန်မြူနစ် နိုင်ငံအတွက် သံတမန်ရေးနှင့် စီးပွားရေးအရ အဓိက ကျောထောက် နောက်ခံ ပေးလျက် ရှိသည့် နိုင်ငံတစ်ခု ဖြစ်သည်။ ကာကွယ်ရေး ဝန်ကြီး ရောဘတ်ဂိတ်စ် အပါအဝင် အမေရိကန် အစိုးရ အရာရှိကြီးများက တရုတ်သည် ကိုရီးယား ကျွန်းဆွယ် တင်းမာမှုများ လျှော့ချရေးတွင် အဓိက ကျသော နေရာတွင် ရှိသည်ဟု ယုံကြည်ကြသည်။

မြောက်ကိုရီးယား၏ အမြောက်များဖြင့် ပစ်ခတ်မှုနှင့် တောင်ကိုရီးယား ချိုနန် စစ်သင်္ဘော တိုက်ခိုက်ခံရမှုတို့ကို တုံ့ပြန်သည့် အနေဖြင့် အမေရိကန် ပြည်ထောင်စုနှင့် တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေး လေ့ကျင့်မှုကြီး ပြုလုပ်ခဲ့မှုအား တရုတ်နိုင်ငံက ဝေဖန် ပြောဆိုခဲ့သည်။

Reuters သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment