Transparency Myanmar

transparency.myanmar@gmail.com

တရုတ်-မြန်မာ ရေနံ ပိုက်လိုင်းအတွက် ဆိပ်ခံ တံတား တစ်ခု တည်ဆောက် လည်ပတ်ရန် မူဘောင် သဘော တူညီချက် တစ်ရပ်ကို တရုတ် ထိပ်တန်း ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ကုမ္ပဏီ CNPC နှင့် Qingdao Port Group တို့ လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း တရုတ် သတင်းစာ တစ်စောင်က ရေးသား ဖော်ပြသည်။

မူဘောင် သဘော တူညီချက်နှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို The China Petroleum Daily က ဖော်ပြခြင်း မရှိသော်လည်း မြန်မာနိုင်ငံသို့ သင်္ဘောဖြင့် သယ်ဆောင်လာသော ရေနံများ ကုန်ချ သိုလှောင်ရန် နိုဝင်ဘာလက တည်ဆောက် ပြီးစီးသွားသော ဆိပ်ခံတံတား လည်ပတ် လုပ်ကိုင်ရေး တစ်စိတ် တစ်ပိုင်း ဖြစ်သည်ဟု ဆိုသည်။

ယင်းရေနံ ပိုက်လိုင်းသည် တရုတ်နိုင်ငံ၏ စွမ်းအင် တင်သွင်းမှု အခန်းကဏ္ဍ အတွက် လွန်စွာ အရေးကြီးကြောင်း၊ ယင်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှု၏ ရွှေရောင် တံတားကြီး တစ်ခုဖြစ်ကြောင်း ညွှန်းဆို ရေးသားသည်။

ယင်းပိုက်လိုင်းသည် တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန် စုစုပေါင်း ၂၂ သန်း သယ်ဆောင် တင်ပို့ပေးနိုင်မည် ဖြစ်ပြီး ယှဉ်လျက် သွယ်တန်းထားသည့် ဓာတ်ငွေ့ ပိုက်လိုင်းမှာ တစ်နှစ်လျှင် သဘာဝ ဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလီယံ တင်ပို့နိုင်မည် ဖြစ်သည်ဟု The China Petroleum Daily က ရေးသား ဖော်ပြသည်။ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တင်ပို့ရေးကို CNPC က လုပ်ကိုင်မည် ဖြစ်သည်။

ပိုက်လိုင်း နှစ်ခုစလုံးသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် ကျောက်ဖြူ ဆိပ်ကမ်းမှ စတင်ကာ အရှေ့မြောက် ဘက်အတိုင်း တည့်တည့်သွားပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့သို့ ဝင်ရောက်မည် ဖြစ်သည်။ ရွှေလီမြို့မှ ယူနန်ပြည်နယ် မြို့တော် ကူမင်းသို့ ဆက်သွယ်ပြီး ထိုမှတစ်ဆင့် ချုံကင်းနှင့် နန်နင်းမြို့များသို့ အသီးသီး ဝင်ရောက် အဆုံးသတ်မည်ဟု သိရသည်။

ယင်းပိုက်လိုင်း စီမံကိန်းကြီးများသည် တရုတ်နိုင်ငံသို့ စွမ်းအင် တင်သွင်းသည့် လမ်းကြောင်းများကို လုံးလုံးလျားလျား ပြောင်းလဲ သွားစေမည် ဖြစ်သည်။ ယခင်က တရုတ်နိုင်ငံသည် အာရပ်ကမ္ဘာနှင့် အရှေ့ အလယ်ပိုင်း ဒေသမှ စွမ်းအင်များ တင်သွင်းရာ၌ ရေကြောင်း ပိတ်ဆို့မှု များပြားပြီး ပင်လယ်ဓားပြ အန္တရာယ် ပေါများသော မလက္ကာ ရေလက်ကြားကို အမှီသဟဲ ပြုခဲ့ရသည်။ ပြည်တွင်းသို့ စွမ်းအင် တင်ပို့မှု အားလုံး၏ ၈၀ ရာခိုင်နှုန်းခန့်မှာ မလက္ကာ ရေလက်ကြားမှ တစ်ဆင့် သယ်ဆောင် တင်သွင်းရခြင်း ဖြစ်ကြောင်း သိရသည်။

Reuters သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment