Transparency Myanmar

transparency.myanmar@gmail.com

တရုတ်-အမေရိကန် နှစ်နိုင်ငံ စစ်ဘက်ရေးရာ ဆက်ဆံမှု ပိုမို ခိုင်မာ တောင့်တင်းအောင် ဦးတည်ခဲ့သော လေးရက်တာမျှ တရုတ်ပြည် အလည်အပတ် ခရီးစဉ် နောက်ဆုံးရက်တွင် အမေရိကန် ကာကွယ်ရေး ဝန်ကြီး ရောဘတ်ဂိတ်စ်က တရုတ် နျူကလီးယားနှင့် စစ်ဘက်ဆိုင်ရာ ဌာနချုပ်များသို့ သွားရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။

"နျူကလီးယား မဟာဗျူဟာ ဆိုင်ရာ ဆွေးနွေးပွဲ တစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ဆွေးနွေးပွဲမှာ တရုတ်နိုင်ငံရဲ့ မူဝါဒ ဖြစ်တဲ့ နျူကလီးယား လက်နက်တွေကို ကြိုတင် ဟန့်တား ကာကွယ်တဲ့ အနေနဲ့ အသုံးမပြုရေးနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေး ဖြစ်ပါတယ်" ဟု မစ္စတာ ရောဘတ်ဂိတ်စ်က ပြောကြားသည်။

ကာကွယ်ရေး ဝန်ကြီး ရောဘတ်ဂိတ်စ်၏ ခရီးစဉ်ကို အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံ အစိုးရ အရာရှိကြီးများက အောင်မြင်မှု တစ်ရပ်အဖြစ် ချီးမွမ်း ပြောဆိုကြသည်။ တရုတ် နိုင်ငံသည် အမေရိကန် ပြည်ထောင်စုနှင့် စစ်ဘက်ရေးရာ ပူးပေါင်းမှုကို ယမန်နှစ်က ဖြတ်တောက်ခဲ့သည်။ အကြောင်းမှာ အမေရိကန်က ထိုင်ဝမ်ကို စစ်လက်နက်များ ရောင်းချခဲ့သောကြောင့် ဖြစ်သည်။

တရုတ်နိုင်ငံ နျူကလီးယားနှင့် စစ်လက်နက် ဆိုင်ရာ ဆွေးနွေးမှုများကို တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်(PLA) ၏ အမြောက် တပ်ရင်းတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

"နျူကလီးယား မဟာဗျူဟာတွေ နဲ့ ပဋိပက္ခတွေ အပေါ် သူတို့ရဲ့ ချဉ်းကပ်မှုတွေကို ဆွေးနွေး ဖြစ်ခဲ့ပါတယ်။ ဆွေးနွေးတာမှ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပွင့်ပွင့်လင်းလင်းကို ဆွေးနွေးဖြစ်ခဲ့ကြတာပါ" ဟု မစ္စတာ ရောဘတ်ဂိတ်စ်က ပြောကြားသည်။

အမေရိကန် ပြည်ထောင်စုနှင့် တရုတ် နှစ်နိုင်ငံ စလုံးတွင် နှစ်နိုင်ငံ နယ်မြေများဆီသို့ ရောက်ရှိအောင် ပစ်ခတ်နိုင်သည့် ဒုံးကျည်များ ရှိကြသည်။ သို့ရာတွင် အဆိုပါ ဒုံးကျည်များကို အသုံးပြုရန် ဆန္ဒမရှိပါကြောင်း နှစ်နိုင်ငံစလုံးက ထုတ်ဖော် ပြောဆိုထားကြသည်။

တရုတ်နိုင်ငံသို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးတစ်ဦး အနေဖြင့် သွားရောက် လည်ပတ်သည့် ခရီးစဉ်ကို ဘေဂျင်း အစိုးရ သာမက မစ္စတာ ရောဘတ်ဂိတ်စ်ကပါ အောင်မြင်မှု တစ်ခုအဖြစ် ထုတ်ဖော် ပြောဆိုသည်။

"အမေရိကန် ပြည်ထောင်စုနဲ့ နယ်ပယ် အသီးသီးအတွက် အပြန်အလှန် ဆွေးနွေးကြတာ၊ အမြင်ချင်း ဖလှယ်ကြတာတွေဟာ အကျိုးအမြတ်တွေ အများကြီး ရစေတယ်လို့ ကျွန်တော်တို့က ယုံကြည်ပါတယ်။ အဲဒီအတွက်ကြောင့် တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ယုံကြည်မှုတွေ တိုးပွားလာပြီး နားလည်မှု လွဲမှားတာတို့ တွက်ချက်မှု လွဲမှားတာတို့တွေကို လျော့နည်းသွားစေမှာ ဖြစ်ပါတယ်" ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒုတိယအကြီးအကဲ Guan Youfei က ပြောကြားသည်။

"အမေရိကန် ကာကွယ်ရေး ဝန်ကြီး ရောဘတ်ဂိတ်စ်ရဲ့ ဒီခရီးစဉ်ဟာ နှစ်နိုင်ငံ စစ်ဘက်ရေးရာ ပူးပေါင်းမှု ထူထောင်ရာမှာ ပိုမို သန်စွမ်းပြီး တည်ငြိမ်မှု ရှိတဲ့ ဆက်ဆံရေးတွေ ဖြစ်ပေါ်လာအောင် ပြုလုပ်ပေးပါတယ်" ၎င်းက ဆိုသည်။ အမေရိကန် ပြည်ထောင်စု၊ နီဘရာစကာ ပြည်နယ်ရှိ အမေရိကန် စစ်ဘက်ရေးရာ မဟာဗျူဟာ ဌာနချုပ်သို့ လာရောက် လည်ပတ်ရန် ဖိတ်ကြားမှုကို တရုတ် နျူကလီးယား စစ်လက်နက် ဆိုင်ရာဌာနမှ ဗိုလ်ချုပ်ကြီး Jing Zhiyuan က လက်ခံခဲ့ကြောင်း မစ္စတာ ရောဘတ်ဂိတ်စ်က ဆိုသည်။

"ကျွန်တော် ထင်ပါတယ်။ ဆွေးနွေးပွဲမှာ ပြုလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေဟာ အများကြီး အပြုသဘော ဆောင်ပြီး အလုပ်ဖြစ် အဖြေထွက်မှာပါ။ နောက်ပြီး နှစ်နိုင်ငံ စစ်တပ် အချင်းချင်း ဆက်ဆံရေး နောက်တစ်ဆင့် တက်နိုင်ဖို့ အတွက်လည်း အထောက်အကူ ဖြစ်စေခဲ့ပါတယ်" ဟု ၎င်းက ဆိုသည်။

တရုတ် သမ္မတ ဟူဂျင်းတောင် လာမည့် ရက်သတ္တပတ်အတွင်း ဝါရှင်တန်သို့ သွားရောက် အလည်အပတ် မပြုမီ ကာကွယ်ရေး ဝန်ကြီး ရောဘတ်ဂိတ်စ်၏ တရုတ်ခရီးစဉ် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံသည် အမေရိကန် ပြည်ထောင်စုနှင့် တိုက်ရိုက် စစ်ရေး ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်ရန် သဘော တူညီထားပြီး ဖြစ်သည်။

သို့သော် မည်သည့် အတိုင်း အတာအထိ ပွင့်လင်းစွာ ပူးပေါင်း ဆောင်ရွက်မှု ပြုမည် ဟူသော အချက်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment