Transparency Myanmar

transparency.myanmar@gmail.com

အမေရိကန် ပြည်ထောင်စုနှင့် တရုတ်တို့၏ နှစ်နိုင်ငံ ဆက်ဆံရေးမှာ ယခုအခါ လွန်စွာ အရေးကြီးသော နေရာသို့ ရောက်ရှိနေသည့် အားလျော်စွာ နှစ်နိုင်ငံ အနေဖြင့် ပိုမို ထိရောက်သော ဆောင်ရွက်မှုများကို အတူတကွ လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြောကြားသည်။

လာမည့် ရက်သတ္တပတ်အတွင်း ကျင်းပ ပြုလုပ်မည့် ထိပ်သီး ဆွေးနွေးပွဲတွင် တရုတ်နှင့် အမေရိကန် ခေါင်းဆောင်များ စစ်မှန်သော အရေးကိစ္စ များအပေါ် စစ်မှန်သော ဆောင်ရွက်ချက်များ ဖြစ်ပေါ်အောင် လုပ်ဆောင်ရမည် ဖြစ်သည်ဟု ဆိုသည်။

"ကုန်သွယ်ရေးနှင့် အခြားသော အရေးကိစ္စတွေ ဖြေရှင်းနိုင်ဖို့ ထိပ်သီး ဆွေးနွေးပွဲနဲ့ နိုင်ငံတော် အလည်အပတ် ခရီးစဉ်တွေရဲ့ အဆင့်မြင့်တဲ့ ကတိကဝတ်တွေကို လက်တွေ့ လုပ်ဆောင်လာနိုင်အောင် ဘယ်လို လုပ်မလဲဆိုတဲ့ ကိစ္စကတော့ နှစ်နိုင်ငံစလုံး အပေါ်မှာ မူတည်ပါတယ်" ဟု ဟီလာရီ ကလင်တန်က ဆိုသည်။

တရုတ်သမ္မတ ဟူဂျင်းတောင်သည် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် အမေရိကန် သမ္မတ အိုဘားမားနှင့် အိမ်ဖြူတော်၌ တွေ့ဆုံမည် ဖြစ်သည်။

"အမေရိကန် ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံဟာ အင်မတန် အရေးကြီးတဲ့ နေရာကို ရောက်နေပါပြီ။ အဲလိုအချိန်မှာ ကျွန်မတို့ လုပ်မယ့် ရွေးချယ်မှု အကြီးအသေး မှန်သမျှဟာ နှစ်နိုင်ငံ အနာဂတ် စီးပွားရေး ဆက်ဆံမှု အလားအလာကို ပုံဖော်ပါလိမ့်မယ်" ဟု ၎င်းက ဆိုသည်။

ခြိမ်းခြောက်မှုများကို ရင်ဆိုင်ခြင်း

တရုတ်နိုင်ငံ အနေဖြင့် ယွမ်ငွေ တန်ဖိုး ပြင်ဆင် သတ်မှတ်မှုကို အမြန်ဆုံး ပြုလုပ်ရန် ဟီလာရီ ကလင်တန်က တိုက်တွန်း ပြောဆိုသည်။ တရုတ်ပြည်၏ ယွမ်ငွေတန်ဖိုး နှိမ့်ချထားမှုက ကမ္ဘာ့ ဈေးကွက်တွင် မျှတမှု မရှိသော ကုန်သွယ်ရေး အမြတ်အစွန်းများ ရရှိနေရာ အမေရိကန် ပြည်ထောင်စု အနေဖြင့် စိုးရိမ်မကင်း ဖြစ်မိကြောင်း ဟီလာရီ ကလင်တန်က ပြောသည်။

ထို့ပြင် တရုတ်နိုင်ငံ၏ တိုးတက် ဖွံ့ဖြိုးမှုက အမေရိကန် ပြည်ထောင်စုအတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်သည် ဟူသော အယူအဆကို မိမိတို့က လက်မခံပါကြောင်း ဟီလာရီ ကလင်တန်က ဆိုသည်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီး ရောဘတ်ဂိတ်စ် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်သို့ သွားရောက် လည်ပတ်သည့် သမိုင်းဝင် ခရီးစဉ်ကာလ အတွင်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ယင်းသို့ မှတ်ချက်ပေး ပြောဆိုလိုက်ခြင်း ဖြစ်သည်။ အဆိုပါ ကာလတွင် တရုတ် တပ်မတော်က ကိုယ်ပျောက် တိုက်လေယာဉ်သစ် တစ်စင်းအား စမ်းသပ် ပျံသန်းခဲ့ပြီး ဖြစ်သည်ဟု ကြေညာခဲ့သေးသည်။

တရုတ်သမ္မတ ဟူဂျင်းတောင်၏ အမေရိကန် ပြည်ထောင်စု ခရီးစဉ်သည် နှစ်ပေါင်း သုံးဆယ်တာ ကာလအတွင်း အရေး အကြီးဆုံးသော နိုင်ငံတော် ခရီးစဉ်တစ်ခု ဖြစ်သည်ဟု အချို့သော အမေရိကန် နိုင်ငံရေး လေ့လာ သုံးသပ်သူများက ချီးမွမ်း ပြောဆိုသည်။

အမေရိကန်-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးမှာ လတ်တလော ကာလများတွင် အေးခဲ တင်းမာခဲ့ရသည်။ အကြောင်းမှာ အမေရိကန်က ထိုင်ဝမ်သို့ စစ်လက်နက်များ ရောင်းချခဲ့ခြင်း၊ တိဘက် ဘုန်းတော်ကြီး ဒလိုင်းလားမား လူ့အခွင့်အရေး ကိစ္စများအတွက် ဝါရှင်တန်သို့ သွားရောက် လည်ပတ်ခြင်း အစရှိသည် တို့ကြောင့် ဖြစ်သည်။

"ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ကျဆင်းနေသည့် ကိစ္စ၊ နျူကလီးယား မပြန့်ပွားရေး ကိစ္စ၊ ပင်လယ်ဓားပြ အန္တရာယ် ကာကွယ်ရေး ကိစ္စ အစရှိသည် တို့သည် တရုတ်အပါအဝင် မိမိတို့နိုင်ငံများ အားလုံးအပေါ် ခြိမ်းခြောက်မှုများ ဖြစ်သည်။ သို့နှင့် တရုတ် အနေဖြင့် အဆိုပါ ခြိမ်းခြောက်မှုများကို ရင်ဆိုင် ဖြေရှင်းရန် မိမိတို့နှင့် ပူးပေါင်းသင့်သည်" ဟု ဟီလာရီ ကလင်တန်က ဆိုသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment