Transparency Myanmar

transparency.myanmar@gmail.com

(ဇန်န၀ါရီလ ၁၄ ရက် ၂၀၁၁ ရက်စွဲပါ Reuter သတင်းဌာန မှ UN atom watchdog seeks facts from Myanmar ဆောင်းပါးကို တိုက်ရိုက် ဘာသာ ပြန်သည်)

ကုလသမဂ္ဂ၏ နျူကလီးယား လေ့လာ စောင့်ကြည့်ရေး အေဂျင်စီက မြန်မာနိုင်ငံ၏ နျူကလီးယား လှုပ်ရှားမှုများနှင့် ပတ်သက်သည့် အချက်အလက်များ ရရှိရန် ကြိုးစားလျက် ရှိပြီး ယင်းနိုင်ငံသို့ စစ်ဆေးရေး အရာရှိများ စေလွှတ်လိုကြောင်း အကြံပြု တင်ပြထားသည့် စာကို စစ်ဖက် အုပ်ချုပ်သော အဆိုပါ နိုင်ငံသို့ ပေးပို့ထားသည်ဟု သံတမန် သတင်း ရပ်ကွက်က သောကြာနေ့တွင် ပြောကြားသည်။

နျူကလီးယား လက်နက် ပြုလုပ်နိုင်ရန် ကြိုးစားနေသည် ဟူသော ပြည်ပရောက် အုပ်စုများ၏ စွပ်စွဲချက်များကို ငြင်းဆန်ခဲ့သည့် မြန်မာ အစိုးရသည် နိုင်ငံတကာ အနုမြူ စွမ်းအင် အေဂျင်စီ IAEA ၏ ယမန်နှစ်က ပေးစာကို တုန့်ပြန် ဆောင်ရွက်ခဲ့သည်ဟု မယုံကြည်ကြောင်း သတင်းရပ်ကွက် တစ်ခုက ဆိုသည်။

"IAEA ရဲ့ ပေးစာမှာ မြန်မာနိုင်ငံကို သံသယဖြစ်ဖွယ် နျူကလီးယား လှုပ်ရှားမှုတွေ ပြုလုပ် နေတယ်လို့ ညွှန်ပြထားတဲ့ အစီရင်ခံစာတွေနှင့် ပတ်သက်တဲ့ အချက်အလက်တွေကို တင်ပြဖို့ တောင်း ဆိုထားပါတယ်" ဟု အဆိုပါ သတင်းရပ်ကွက် အဆိုအရ သိရသည်။

ချို့တဲ့ နွမ်းပါးသော အဆိုပါ ကမ္ဘာ့အပယ်ခံ တိုင်းပြည်သည် နျူကလီးယား စွမ်းရည် ပိုင်ဆိုင်ရန် ရည်မှန်းချက်များ ကောင်းစွာ ရှိနေဆဲ ဖြစ်သည် ဟု အကဲခတ် လေ့လာသူ အများစုက ယုံကြည် နေသည်။

မြန်မာနိုင်ငံတွင် နျူကလီးယား လက်နက် ပြုလုပ်ရန် နည်းလမ်းများ တိုးတက်ရေးကို ငွေအား၊ လူအား ပုံအောထားသည့် လျှို့ဝှက် အစီအစဉ် ရှိကြောင်း နော်ဝေ အခြေစိုက် ပြည်ပရောက် အုပ်စုက ဇွန်လက ပြောကြားခဲ့ခြင်းမှာ အဆိုပါ တံခါးပိတ် တိုင်းပြည်မှ တပ်ပြေးများ၏ အလားတူ စွပ်စွဲချက်များ ထွက်ပေါ်လာ အပြီး နောက်ဆက်တွဲ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

သောကြာနေ့က ပေးစာ အပေါ် ထင်မြင်ချက် ပေးရန် ငြင်းဆိုခဲ့သည့် IAEA က အစီရင်ခံစာကို လေ့လာနေသည် ဟုသာ ပြောကြားသည်။

မြန်မာနိုင်ငံသည် နျူကလီးယား မပြန့်ပွားရေး စာချုပ် NPT နှင့် ဗီယင်နာ အခြေစိုက် IAEA နှစ်ခု စလုံး၏ အဖွဲ့ဝင် ဖြစ်သည်။

မြန်မာက ယင်းအပေါ် စွပ်စွဲချက်များသည် အခြေအမြစ် မရှိကြောင်းနှင့် ယင်း၏ နျူကလီးယား လှုပ်ရှားမှုများသည် ငြိမ်းချမ်းစွာ အသုံးပြုရန်သာ ရည်ရွယ်ကြောင်း IAEA သို့ စက်တင်ဘာလက ပြောကြားခဲ့သည်။

စစ်တပ်က ကြာမြင့်စွာ အုပ်စိုးခဲ့ပြီး ယခင်က Burma ဟု လူသိများသော မြန်မာ နိုင်ငံသည် အနောက် နိုင်ငံများ၏ အနှစ် ၂၀ ကြာ ပိတ်ဆို့ အရေးယူမှုကို ရင်ဆိုင်နေရကာ ယင်းနိုင်ငံ၏ နျူကလီးယား လက်နက် ပိုင်ဆိုင်လိုစိတ်သည် ဒေသတွင်း လက်နက် ပြိုင်ဆိုင်မှုကို အစပျိုး နိုင်သည်ဟု လေ့လာသူများက မှတ်ချက်ပေးသည်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က ၂၀၀၉ ခုနှစ်က ပြောကြားရာ NPT စာချုပ်ကို ချိုးဖောက်ကာ နျူကလီးယား စမ်းသပ် ဖောက်ခွဲမှု ၂ ကြိမ် ပြုလုပ်ခဲ့သော မြောက်ကိုးရီးယား ထံမှ နျူကလီးယား နည်းပညာကို မြန်မာနိုင်ငံသို့ လွှဲပြောင်း ပေးနိုင်သည့် အလားအလာနှင့် ပတ်သက် သူမ စိုးရိမ် ပူပန် နေသည်ဟု ဖော်ပြခဲ့သည်။

Wikileaks က ဖော်ထုတ် လွှင့်တင်ခဲ့သော အမေရိကန် သံတမန် ဆက်သွယ်မှု ကေဘယ်များ တွင် မြန်မာနှင့် မြောက်ကိုးရီးယား အကြား ပူးပေါင်း ဆောင်ရွက်မှုကို အနောက်နိုင်ငံ သံတမန်များအား တပ်လှန့် သတိပေး ထားကြောင်း ပြသ နေသော်လည်း ပြုံးယမ်းက နျူကလီးယား နည်းပညာ ဝေမျှပေးနေသည် ဟူသော စိုးရိမ်မှုများကို အတည် မပြုနိုင်သေးပေ။

မြန်မာနိုင်ငံတွင် မြောက်ကိုးရီးယားတို့၏ နှစ်ပေါင်းများစွာ လျို့ဝှက် လှုပ်ရှားမှုများ အထူးသဖြင့် နျူကလီးယား အဆောက်အဦးများ စီစဉ် ဆောင်ရွက် နေသည်ဟု သတင်း ထွက်နေသော မင်းဘူးမြို့ အနီးမှ စီမံကိန်း နေရာ တ၀ိုက်အား သံတမန်များက လေ့လာ စောင့်ကြည့် နေကြောင်းကို ရန်ကုန် အမေရိကန် သံရုံး သံတမန် ဆက်သွယ်မှု လမ်းကြောင်းများက ပြသနေသည်။

သို့သော်လည်း IAEA ၏ ကမ္ဘာ တစ်လွှား စစ်ဆေးမှုများကို ယခင်က ကြီးကြပ်သူ Olli Heinoen က မြန်မာနိုင်ငံ အနုမြူဗုံး ထုတ်လုပ်ရန် ကြိုးစားနေသည် ဟူသော စွပ်စွဲချက်များကို သံသယ ရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ ယင်းက IAEA မှ နုတ်ထွက် အပြီး ၃ လအကြာ နိုဝင်ဘာလတွင် ရိုက်တာ သတင်းဌာနသို့ ပြောကြားရာ ရရှိထားသော အထောက် အထားသည် စွပ်စွဲချက်ကို အထောက်အကူ မပြုဟု ဖော်ပြခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment