Transparency Myanmar

transparency.myanmar@gmail.com

(ဇန်န၀ါရီလ ၁၄ ရက် ၂၀၁၁ ရက်စွဲပါ The Independent မှ Phoebe Kennedy ရေးသားသော The Suu Kyi effect: A new age of quiet defiance ကို တိုက်ရိုက် ဘာသာ ပြန်သည်)

ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေး ခဲ့ခြင်းသည် ကာလ ရှည်ကြာ ဒုက္ခ ခံစားနေရသော မြန်မာ လူမျိုးများ အတွက် ပျော်ရွှင်ခြင်းနှင့် ရှားရှားပါးပါး မျှော်လင့်ချက် ရောင်ခြည်များ သယ်ဆောင် လာခြင်း ဖြစ်သော်လည်း ယခုကဲ့သို့ ဒီမိုကရေစီ ခေါင်းဆောင်အား လွှတ်ပေးခဲ့သည်မှာ နှစ်လခန့် ရှိပြီးသည့် နောက်တွင်မူ ပျော်ရွှင်မှုများ ပျောက်ကွယ်သွားခဲ့ပြီး မျှော်လင့်ချက်များသာ ကျန်ရှိတော့သည်။

သူမ၏ လွတ်မြောက်မှုနှင့် ပတ်သက်၍ အပေါ်ယံတွင်မူ အနည်းငယ်သာ ပြောင်းလဲခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက သပိတ် မှောက်ခဲ့သော အတိုက်အခံ နိုင်ငံရေး သမားများက မသမာမှုများ ရှိသည်ဟု ပြင်းထန်စွာ ဝေဖန်ခဲ့သည့် နိုဝင်ဘာ ရွေးကောက်ပွဲ ပြီးသည့်နောက် မြန်မာ စစ်အစိုးရသည် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ ဖန်တီးရေးအတွက် ယင်း၏ အစီအစဉ် အတိုင်း ဖိအားပေး ဆောင်ရွက်လျက် ရှိသည်။

ပါလီမန် အသစ်ကိုလည်း လက်ရှိ ဗိုလ်ချုပ်များကပင် ချုပ်ကိုင်ပြီး ဇန်န၀ါရီ လကုန်တွင် ခေါ်ယူ တော့မည် ဖြစ်သည်။ ပါလီမန် နှစ်ခု စလုံးတွင် လေးပုံ တစ်ပုံသော နေရာအား စစ်တပ်အတွက် နေရာ ပေးထားပြီး ဖြစ်သည်။ ရွေးကောက်ပွဲတွင်လည်း ၈၀ % သော အမတ် နေရာကို အစိုးရ နောက်ခံ ပြုသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကပင် အနိုင်ရခဲ့သည်။

နှစ်ပေါင်း ငါးဆယ်ကျော် အာဏာ ဆုပ်ကိုင်ထားခဲ့သော မြန်မာ စစ်တပ်သည် ထိုင်းနှင့် တရုတ် နိုင်ငံများသို့ ရောင်းချသည့် သဘာဝ ဓာတ်ငွေ့ ရောင်းရ ငွေများကြောင့် ချမ်းသာလာပြီး ယခင်ကထက် ပို အင်အား တောင့်တင်း နေပုံ ရသည်။ ထို့ကြောင့်ပင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ကိုယ့်ကိုယ်ကို ယုံကြည်မှု များခဲ့ကာ ရွေးကောက်ပွဲ အပြီး တစ်ပတ်အကြာ နိုဝင်ဘာ (၁၃) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ်မှ လွှတ်ပေးခဲ့သည်။ "လေဒီ"ဟု လူသိ များသော အသက်(၆၅)နှစ်ရှိ ဒေါ်အောင်ဆန်းစုကြည် သည် သူမအား ထောက်ခံသော ထောင်ပေါင်း များစွာ သော လူများအား မိန့်ခွန်း ပြောကြားပြီးနောက် သူမ၏ ပါတီ ရုံးချုပ်တွင် လုပ်ဖော် ကိုင်ဖက်များ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၊ သံတမန်များ၊ ပညာရှင် အကြံပေးများနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ဗိုလ်ချုပ်များ အတွက်မူ အခြေအနေသည် မူလအတိုင်း ထိန်းချုပ် ထားနိုင်သည့် သဘောတွင် ရှိသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ လွတ်မြောက်မှုသည် မြန်မာ မျိုးဆက်သစ်များ အတွက် စစ်တပ်၏ ဖိနှိပ်မှုမှ နိုးထရန် စိတ်ခွန်အားများ ဖြစ်စေကြောင်း၊ ငယ်ရွယ်သော ဒီမိုကရေစီရေး တက်ကြွ သူများက ပြောကြားသည်။ "ကျွန်တော်တို့ သူမကို မတွေ့ရခင်က ဦးတည်ရာ မဲ့ပြီး ကြောက်နေသလို ခံစားရပါတယ်။ အခုတော့ အင်အား ပိုရှိလာပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ သူမဆီက သင်ယူ ခဲ့တာပါပဲ"ဟု ရန်ကုန်မြို့မှ အသက်(၂၇)နှစ် အရွယ်ရှိ လူမှုရေး လုပ်ငန်းများ တက်ကြွစွာ လုပ်ဆောင်သူ သတင်းစာဆရာ သားငယ်က ပြောကြားခဲ့သည်။

သားငယ်သည် ပြီးခဲ့သည့် ဒီဇင်ဘာ လကုန်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သော လူငယ် (၃၀၀) တွင် တစ်ဦး အပါအ၀င် ဖြစ်သည်။ အဆိုပါ တွေ့ဆုံပွဲတွင် နိုဘယ် ငြိမ်းချမ်းရေး ဆုရှင်က မြန်မာ လူငယ်များ ပညာရေးနှင့် လူမှုရေး အခြေအနေများ တိုးတက်လာရေး အတွက် အသိုင်း အ၀ိုင်းကြားနှင့် အွန်လိုင်းတွင် ကွန်ယက်ဖွဲ့ရန် အားပေးခဲ့သည်။

သို့သော် သားငယ် အပါအ၀င် အများစုက အဆိုပါ သတင်း စကားအား သေချာစွာ အဓိပ္ပာယ် ကောက်ယူခဲ့သည်။ "ကျွန်တော်တို့ အခု လူမှုရေး လုပ်ငန်းတွေ အတွက်တင် မကဘူး။ နိုင်ငံရေး လုပ်ငန်းတွေ အတွက်ပါ ကွန်ရက်သစ်တွေ ဖွဲ့စည်းနေပါပြီ။ ကျွန်တော်တို့ အရင်က မြှုပ်နေတာ။ အခုတော့ ပြန်ပြီး တက်ကြွလာပါပြီ။ ကျွန်တော်တို့ အားလုံး ဒီမိုကရေစီ လိုချင်တယ်။ တစ်ဆင့်ပြီး တစ်ဆင့် ဖြစ်လာပြီး နောက်ဆုံး တော်လှန်ရေး ဖြစ်ရမယ်လို့ ကျွန်တော် ထင်တယ်" ဟု သားငယ်က ပြောသည်။

မြန်မာ ပုံပြောသူ ကဲ့သို့သော Facebook စာမျက်နှာများသည် ယခင်က ရိုးရိုး လူမှုရေး ကွန်ယက် သဖွယ် ရှိခဲ့ရာမှ ယခုအခါ နိုင်ငံရေး လှုပ်ရှားမှုနှင့် ဆွေးနွေးရာ ဖိုရမ် အသွင်သို့ ပြောင်းလာ သည်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ကာလ အင်တာနက်သည် ကဏ္ဍတစ်ခုမှ ပါဝင်ခဲ့သည်။

ပုံမှန် မီဒီယာများ တင်းကြပ်စွာ ဆင်ဆာဖြတ်ခံ နေရချိန်တွင် ဆန္ဒပြမှုများအား ရက်ရက် စက်စက် နှိမ်နှင်းမှုများကို အွန်လိုင်းတွင် မှတ်တမ်းသဖွယ် တင်ပြ နိုင်ခဲ့သည်။

ဆင်းရဲလှသော မြန်မာနိုင်ငံတွင် လူနည်းစုကသာ အင်တာနက်ကို ဆက်နိုင်သော်လည်း ယခု ကွန်ယက်များက မွေးဖွားလာသော ဒီမိုကရေစီကို လွယ်လွယ်နှင့် နှိမ်နှင်း မရနိုင်ကြောင်း သားငယ်က ပြောသည်။

"Network မှာ လူတိုင်းဟာ သာတူညီမျှပဲ။ ကိုယ့်နေရာနဲ့ကိုယ် ရှိကြတယ်။ ခေါင်းဆောင်လဲ မရှိပါဘူး။ အစိုးရက ကျွန်တော်တို့ကို နှိမ်နှင်းဖို့လဲ မလွယ်ပါဘူး"ဟု ယင်းက ပြောသည်။

ကွန်ယက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ကဏ္ဍ မည်သို့ ရှိမည် ဆိုသည်မှာ မသေချာ သေးပေ။ သူမ နေအိမ် အကျယ်ချုပ် ကျခံရစဉ် အတွင်း လမ်းပျောက်ခဲ့သော ဒီမိုကရေစီ လှုပ်ရှားမှုများ အတွက် လိုအပ်သော ခေါင်းဆောင် တစ်ဦး ဆိုသည်ထက် ပို မည်သည့် ကဏ္ဍ ရှိမည်ကို ယခုထိ မမှန်းဆနိုင်သေးပါ။

"သူမ လွတ်ပြီး ကတည်းက သုံးခါရှိပြီ။ တွေ့ရတာ။ အခြေအနေက သူမ တစ်ဦးတည်း ပေါ်မှာတင် မူတည်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကိုယ်တိုင် လုပ်ရမယ် ဆိုတာ သိပါတယ်။ လူငယ်တွေ အားလုံး သူမနောက်မှာ ရှိနေပါတယ်" ဟု အသက် (၂၈)နှစ်ရှိ၊ ကဗျာဆရာ ဘလော့ဂါ မိုးလှိုင်ညက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် သည်လည်း အဖွဲ့အစည်း အတွက် ပိုမို လုပ်လာသည်။ ပြီးခဲ့သည့် နှစ်က ရွေးကောက်ပွဲကို သပိတ်မှောက်မှုကြောင့် NLD ဖျက်သိမ်းခံရခြင်းအား တရားဝင် ရပ်တည်ရေး ပြန်လည် ကြိုးစားလျက် ရှိသည်။ ပါတီက ရွေးကောက်ပွဲသည် ယင်း၏ ခေါင်းဆောင်နှင့် နိုင်ငံရေး အကျဉ်းသား (၂၀၀၀) ကျော် ပါဝင်မှု မရှိခြင်းကြောင့် လွတ်လပ် တရားမျှတမှု မရှိကြောင်း ပြောကြားခဲ့ပြီး ရှေ့နေများသည်လည်း အသနားခံစာ တင်ရေး ပြင်ဆင်နေကြသည်။

ပြီးခဲ့သည့် နိုဝင်ဘာလက ထိုသို့သော အသနားခံမှုအား ပယ်ချခဲ့သည်။

လာမည့် ရက်သတ္တပတ်များ အတွင်း သူမသည် မြန်မာပြည် အထက်ပိုင်း ထိုင်းနယ်စပ်၊ လွတ်လပ်ရေး ရပြီးကတည်းကပင် အစိုးရနှင့် စစ်တိုက်နေခဲ့သော တိုင်းရင်းသားများ ဒေသသို့ သွားရောက်ရန် ရှိနေပြီး သူမအား ထောက်ခံသူ ထောင်ပေါင်းများစွာသော လူများသည်လည်း သူမကို တွေ့ရန် မျှော်လင့် နေကြသည်။ အဆိုပါ ကိစ္စမျိုးသည် အစိုးရအား မကျေမနပ် ဖြစ်စေနိုင်ကာ သူမအား ပြစ်မှုကျူးလွန်သည် ဟု ယူဆပါက ပြန်လည် ဖမ်းဆီးနိုင်သေးသည်။

သူမအား ၂၀၀၂ ခုနှစ်က လွှတ်ပေးစဉ်က သူမနှင့် သူမ၏ ပါတီသည် မြန်မာပြည် တစ်ပတ် ပတ်ခဲ့ ကြရာ ၂၀၀၃ ခုနှစ် မေလက ဒီပဲယင်းတွင် သူမ၏ ကားတန်းအား အစိုးရက လူစု လူဝေးဖြင့် တိုက်ခိုက် ခဲ့သောကြောင့် သူမ၏ နောက်တွင် ပါလာသူများထဲမှ လူပေါင်း (၇၀) ခန့် သေဆုံးခဲ့သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ အာဏာပိုင်များက သူမအား အကာအကွယ် ပေးရန်ဟု ဆိုကာ ပြန်လည် ဖမ်းဆီးခဲ့ကြသည်။

"သူမ ခရီးထွက်ရင် ကျွန်တော် လိုက်သွားချင်တယ်။ သူမကို ထောက်ခံသူ အနေနဲ့ရော မျက်မြင် သက်သေ တစ်ဦး အနေနဲ့ရောပေါ့။ သူမကို အန္တရာယ် ပြုလာမယ် ဆိုရင် ဘာတွေ ဖြစ်ခဲ့တယ် ဆိုတာ တစ်ကမ္ဘာလုံးကို ပြောလိုက်မယ်"ဟု သားငယ်က ပြောသည်။

သူပုန်များအား စည်းရုံးရေး ဆင်းခြင်း

ယခုအခါ ဒေါ်အောင်ဆန်းစုကြည်သည် ကရင်၊ ရှမ်းနှင့် မွန် တိုင်းရင်းသား အုပ်စုများထံသို့ သွားရောက် နိုင်ရန် မျှော်လင့်လျှက် ရှိသည်။

သူမ၏ အထက် မြန်မာပြည် ခရီးစဉ်သည် ပြဿနာများ မဖြစ်ပွားဘဲ မပြီးဆုံးနိုင်ချေ။ ပြဿနာ များစွာ ရှိသော ကရင်တို့သည် ယင်းတို့၏ နယ်မြေ အတော်များများ စွန့်လွှတ်ထားရပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရက်တစ် ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ထောက်ခံလျက် ရှိသည်။ ယင်းတို့သည် သူမအား သူမ၏ ဖခင်နှင့် မတူပဲ တစ်မျိုး ခံစားနိုင် ကြမည် ဖြစ်သည်။

လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်အတွက် ဗြိတိသျှတို့အား တိုက်ထုတ်စဉ်က ကရင်တပ်များ၏ အကူအညီ ရခဲ့သည်။ နောက်ပိုင်းတွင် ကရင်များအား ကိုလိုနီ အုပ်ချုပ်သူများ ကတိ ပေးထားသော ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို ဗိုလ်ချုပ်က အာမ မခံနိုင်ခဲ့ပေ။

မြန်မာနိုင်ငံ အတွင်းရှိ ကရင် နယ်မြေများနှင့် ထိုင်းနယ်စပ် ဒုက္ခသည် စခန်းရှိ ဒုက္ခသည် (၁၄၅၀၀၀) ခန့်ထံမှ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက် ကြမ်းတမ်းသော စကားများကို ကြားရမည် ဖြစ်သည်။ သို့သော် မြန်မာ စစ်တပ်က ကရင်နယ်တွင် နှိပ်စက်မှုများကြောင့် စစ်တပ်၏ ရန်သူ ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လက်တွေ့ ကျသော သဘောထားကို ကရင်များက လက်ခံ ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်အား ကူညီနေသော လူကြီး တစ်ဦးက သူမအား ဗိုလ်ချုပ်များကသာ ခွင့်ပြုမည် ဆိုပါက သူမကို နွေးထွေးစွာ ကြိုဆိုကြလိမ့်မည်ဟု ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment