Transparency Myanmar

transparency.myanmar@gmail.com

(Spero News တွင် 2011 ဇန်နဝါရီ 18 ရက်စွဲပါ Asia News ၏ Myanmar:NLD : keep only 'targeted' sanctions against the Burmese military  regime ကို ဘာသာ ပြန်သည်)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ ခေါင်းဆောင်များသည် မြန်မာနိုင်ငံ စစ်အစိုးရကို ရည်ရွယ်၍ ချမှတ်သော အရေးယူမှု (Sanctions) များ ဆက်လက် ရှိနေရေးကို ထောက်ခံကြောင်း သို့သော် ပြည်သူ အများစုကို ထိခိုက်သော ကုန်သွယ်ရေး အပေါ် အထွေထွေ ကန့်သတ်မှု များကိုမူ ပြန်လည် ချမှတ်ရန် မသင့်ကြောင်း ဆိုသည်။ မကြာသေးမီ ရက်များ အတွင်းက အာဆီယံ အစည်းအဝေးမှ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော အရေးယူမှုများ ရုတ်သိမ်းရန် သို့မဟုတ် ဖြေလျော့ပေးရန် အဆိုပြုမှု ထွက်ပေါ်လာပြီးနောက် အထက်ပါ NLD ၏ မှတ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ရန်ကုန်ရှိ Asia News သတင်း အရင်းအမြစ်က ပြည်သူများ ဆင်းရဲမှု ပိုမို ဖြစ်စေရန် အားပေးသော အမေရိကန်နှင့် အီးယူ၏ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော မူဝါဒများကို ပြန်လည် သုံးသပ်ရန် အချိန်တန်ပြီ ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

NLD ၏ အဓိက ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဝင်းတင်က ပြောကြားရာတွင် NLD ပါတီသည် စစ်အစိုးရ ခေါင်းဆောင်ပိုင်းနှင့် ၎င်းတို့၏ မဟာမိတ်များအပေါ် ရည်ရွယ်၍ ချမှတ်ထားသော အရေးယူမှုများကို  အမြဲတစေ လုံးဝ ထောက်ခံကြောင်း၊ ဆက်လက်၍လည်း ထောက်ခံသွားမည် ဖြစ်ကြောင်း ဆိုသည်။ ကုန်သွယ်ရေးနှင့် ပတ်သက်၍ ကန့်သတ်မှုများသည် ပြည်သူများအပေါ် ထိခိုက်မှု ရှိမရှိ ပြန်လည် သုံးသပ်သွားမည် ဖြစ်ကြောင်း  ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ အမေရိကန်နှင့် အီးယူတို့မှ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော အရေးယူမှုများနှင့် ပတ်သက်၍ ငြင်းခုန်မှုများသည် မကြာသေးမီက ရွေးကောက်ပွဲတွင် အရွေးခံရသော ရှမ်းအမျိုးသား ဒီမိုကရက်တစ် ပါတီ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ရခိုင်အမျိုးသား တိုးတက်ရေး ပါတီ၊ ချင်းအမျိုးသား ပါတီနှင့် ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီတို့က အရေးယူမှုများ ဖယ်ရှားရန် တောင်းဆိုခဲ့ခြင်း အပြီးတွင် ပြန်လည် အသံ ထွက်လာခဲ့သည်။ ပါလီမန် အမတ် နေရာ ၁၀၀၀ ကျော် ရှိသည့် အနက် ၁၂၆ နေရာ အနိုင် ရရှိသော တိုင်းရင်းသား အမတ်များ၏ တောင်းဆိုမှုကို အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက လက်ခံခဲ့သည်။ ရွေးကောက်ပွဲ ကျင်းပခဲ့ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခဲ့ခြင်း စသော ဖြစ်ပေါ် တိုးတက်မှုများကြောင့် အရေးယူမှု မူဝါဒများ ဖယ်ရှားရန် သို့မဟုတ် ဖြေလျော့ပေးရန် တောင်းဆိုခဲ့သည်။

သို့သော် အမေရိကန်၏ ရပ်တည်မှုမှာ မပြောင်းမလဲ ရှိနေဆဲ ဖြစ်သည်။ အိုဘားမား အစိုးရသည် စစ်အစိုးရကို ဆက်ဆံရေး ပြုလုပ်ခဲ့သော်လည်း အရေးယူမှုများသည် အမေရိကန် မူဝါဒ၏ အဓိက အစိတ်အပိုင်းများ ဖြစ်နေဆဲ ဖြစ်သည်။ ဝါရှင်တန်ရှိ သံတမန် သတင်းများအရ အမေရိကန်သည် ၂၂၀၀ ခန့် ရှိသော နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း၊ တိုင်းရင်းသား အုပ်စုများအား တိုက်ခိုက်ခြင်းများ ရပ်ဆိုင်းခြင်းနှင့် အတိုက်အခံနှင့် မှန်ကန်သော တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်မှသာ အရေးယူမှုများ ပယ်ဖျက်ရန် စဉ်းစားမည် ဖြစ်ကြောင်း ပြောခဲ့သည်။

ရန်ကုန်ရှိ Asia News သတင်း အရင်းအမြစ်များကမူ ယခုနှစ်များ အတွင်း အရေးယူမှုများသည် ပြည်သူ လူထုကိုသာ အဓိက ထိခိုက်ကြောင်း ရှင်းပြခဲ့သည်။ မြန်မာ အစိုးရကမူ အနောက် နိုင်ငံများ၏ အရေးယူမှုများကို ထောက်ခံခြင်း မရှိသည့် တရုတ်၊ အိန္ဒိယ တို့ကဲ့သို့သော နိုင်ငံများနှင့် ဆက်လက်၍ ကူးသန်း ရောင်းဝယ်ရေးများ ပြုလုပ်လျက် ရှိသည်။ ခေါင်းဆောင်များမှာ တစ်စထက် တစ်စ ချမ်းသာ လာလျက် ရှိသော်လည်း ပြည်သူများမှာမူ ဆင်းရဲသည်ထက် ဆင်းရဲလျက် ရှိသည်။

မြန်မာ ပြည်သူများမှာ နှစ်ဖက်ကြားတွင် ညှပ်လျက် ရှိသည်။ တစ်ဖက်က တဖြည်းဖြည်း အင်အား ကြီးမားလာသော စစ်အစိုးရနှင့် အခြားတစ်ဖက်က အနောက် နိုင်ငံများက ချမှတ်ထားသော အရေးယူမှု များကြောင့် ဒုက္ခ ရောက်ရသော နေ့စဉ်ဘဝများ ကြားတွင် ဒုက္ခ ပင်လယ် ဝေလျက် ရှိသည်။ မကြာသေးမီ ရက်သတ္တပတ်များ အတွင်းက ထကြွမှု အနည်းငယ် ရှိခဲ့ရာ  မြန်မာ့ နိုင်ငံရေး၏ အဓိက ဇာတ်ကောင်များ ဖြစ်သော ကျောင်းသားများ၊ ပညာရှင်များနှင့် ဘုန်းတော်ကြီးများ မဟုတ်ပဲ သာမန် အလုပ်သမားများ ဖြစ်ကြသည်။ မြောက်ပိုင်း ကချင်ပြည်နယ်တွင် တရုတ်နှင့် နယ်စပ်တွင် လူအများစုသည် အလုပ် လုပ်ကိုင်ရသော အခြေအနေနှင့် ပတ်သက်၍ ဆန္ဒပြမှုများ ဆက်တိုက် ရှိခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment