Transparency Myanmar

transparency.myanmar@gmail.com

ဂျပန်ပြည်တွင်း စီးပွားရေးသည် ပြန်လည် နာလန်ထူလာသည့် သင်္ကေတများ ပြသနေပြီ ဖြစ်သော်လည်း တိုးတက် ဖြစ်ထွန်းမှု ခြေလှမ်းများမှာ နှေးကွေးနေဆဲ ဖြစ်ကြောင်း ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးက ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ထုတ်ဖော် ပြောဆိုသည်။

"ဂျပန် စီးပွားရေးဟာ ပုံမှန် အနေအထားနဲ့ ပြန်ပြီး နာလန် ထူနေပါတယ်။ ဒါပေမဲ့ တိုးတက် ဖြစ်ထွန်းမှုကို ကြည့်ရတာ ရပ်တန့်နေသလိုပါပဲ" ဟု ဂျပန် ဗဟိုဘဏ် (BOJ) အုပ်ချုပ်ရေးမှူး Masaaki Shirakawa က ဗဟိုဘဏ်၏ ဘဏ်ခွဲ မန်နေဂျာများ တွေ့ဆုံ ဆွေးနွေးပွဲတွင် ပြောကြားသည်။ ဂျပန်နိုင်ငံ၏ စက်မှု ကုန်ထုတ်လုပ်မှုမှာ အားနည်း ကျဆင်းနေသော စီးပွားရေး အခြေအနေ နှင့်အတူ ကျဆင်းလျက် ရှိကြောင်း၊ ပုဂ္ဂလိက ဝယ်ယူ စားသုံးမှုမှာလည်း အလားတူ လျော့နည်းလျက် ရှိကြောင်း မစ္စတာ Masaaki Shirakawa က ပြောကြားသည်။

"ဂျပန် စီးပွားရေးဟာ နှေးကွေးတဲ့ ခြေလှမ်းနဲ့ပဲ ဆက်ပြီး အခြေအနေ ကောင်းမွန် လာမယ်လို့ မျှော်လင့်ရပါတယ်။ ပြီးတော့မှ ပုံမှန် တိုးတက် ဖြစ်ထွန်းမှု ရှိမယ့် လမ်းကြောင်းပေါ်ကို ပြန်လည် ရောက်ရှိ သွားပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အောင်မြင် ကျော်ကြားလာပြီး ကုန်ပစ္စည်း အဓိက တင်ပို့တဲ့ နိုင်ငံတွေရဲ့ ဦးဆောင်မှုကြောင့် ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေး တိုးတက်မှု ပြန်ဖြစ်လာဖွယ် ရှိနေလို့ပါ" ဟု ၎င်းက ဆိုသည်။

ဂျပန် ဗဟိုဘဏ် အနေဖြင့် မိမိ၏ ငွေကြေးဆိုင်ရာ မူဝါဒကို စိတ်ရှည် လက်ရှည်ဖြင့် ဆက်လက် အကောင် အထည် ဖော်သွားမည် ဖြစ်ပြီး ဂျပန် စီးပွားရေးကို စဉ်ဆက်မပြတ် တိုးတက်မှု ရှိသည့် အနေအထားသို့ ရောက်အောင် ပို့ဆောင်သွားမည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။ စီးပွားရေးနှင့် ဈေးနှုန်းများ ဖြစ်ထွန်းမှုကို အနီးကပ် စောင့်ကြည့် လေ့လာသွားရန် သန္နိဋ္ဌာန် ချမှတ်ထားသည် ဟုလည်း ၎င်းက ဆိုသည်။ ဤအတော အတွင်းမှာပင် BOJ သည် ဒေသဆိုင်ရာ စီးပွားရေး လုပ်ငန်း ၉ ခုအနက် ၇ ခု အပေါ် ငွေပေးချေရန် သတ်မှတ်ချက် များအား လျှော့ချလိုက်သည်။ အကြောင်းမှာ ပို့ကုန် တင်ပို့မှု အားနည်းနေပြီး စားသုံးသူ ကုန်ပစ္စည်းများ အပေါ် ဝယ်လိုအားမှာ ပြောင်းပြန် အနေအထားသို့ ရောက်ရှိ သွားခြင်းကြောင့် ဖြစ်သည်။

ဂျပန် ဗဟိုဘဏ်ခွဲ မန်နေဂျာများ တွေ့ဆုံ ဆွေးနွေးပွဲပြီးနောက် ထုတ်ပြန်သည့် အစီရင်ခံစာတွင် စီးပွားရေး တစ်ခုလုံး အသင့်အတင့် အနေအထားဖြင့် ပြန်လည် နာလန် ထူလာသည့် အရိပ်အယောင်များ တွေ့ရှိရသည်ဟု အကဲ ဖြတ်ထားသည်ကို တွေ့ရသည်။ သို့သော် ဒေသကြီး ၇ ခု၏ အစီရင်ခံချက်အရ ပြန်လည် နာလန်ထူမှုမှာ လုံးဝ ရပ်တန့်နေခြင်း သို့မဟုတ် လတ်တလော ရပ်တန့်မှု ဖြစ်ပေါ်နေပုံ ရကြောင်း သိရသည်။

Kuwait News Agency မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment