Transparency Myanmar

transparency.myanmar@gmail.com

ထိုင်းအနေဖြင့် အိမ်နီးချင်း နိုင်ငံများတွင် စတီးစက်မှုဇုန် နယ်မြေကြီး တစ်ခုကို တည်ထောင်ရန် ထည့်သွင်း စဉ်းစားသင့်ကြောင်း ထိုင်း Iron and Steel Institute က  အစိုးရကို အကြံပြု ပြောကြားလိုက်သည်။

ပင်လယ် ရေနက်ဆိပ်ကမ်း တစ်ခု အပါအဝင် အခြေခံ အဆောက်အအုံ ကောင်းများ ပေါ်ထွန်းရေး အတွက် ဘတ်ငွေ ဘီလီယံ ၁၀၀ အထိ ကုန်ကျနိုင်သော စတီး စက်မှုဇုန် နယ်မြေ တစ်ခု တည်ဆောက်ရန် ယင်းသို့ တိုက်တွန်း ပြောဆိုခြင်း ဖြစ်သည်။

မိမိတို့ အင်စတီကျု အနေဖြင့် အိမ်နီးချင်း ကမ္ဘောဒီးယားနှင့် မြန်မာ နိုင်ငံတို့ကို စတီး စက်မှုဇုန်ကြီး တစ်ခု တည်ဆောက်ရန် အလားအလာ ကောင်းသော နေရာအဖြစ် အကြံပြု ညွှန်းဆိုသွားမည် ဖြစ်ကြောင်း ဥက္ကဌ Wikrom Vajragupta က ပြောကြားသည်။ ကမ္ဘောဒီးယား နိုင်ငံရှိ Koh Kong ဒေသသည် စတီး ထုတ်လုပ်ရေး လုပ်ငန်းများ ပါဝင်သော စက်မှု မြေယာ ပေါ်ထွန်းရေး အတွက် သင့်လျော်သော နေရာ တစ်ခု ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၊ ထားဝယ် ဒေသ သည်လည်း စက်မှု ဆိပ်ကမ်းကြီး တစ်ခု ပေါ်ထွန်းရန် အလားအလာ အကောင်းဆုံး နေရာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုင်း Iron and Steel အင်စတီကျုသည် ဒုတိယ ဝန်ကြီးချုပ် Trairong Suwannakhiri ဦးဆောင်သော ထိုင်းအမျိုးသား စက်မှု ဖွံ့ဖြိုးရေး ကော်မတီသို့ အဆိုပြုချက် တစ်ရပ် တင်သွင်းနိုင်မည်ဟု မျှော်လင့်ထားသည်။ "အိမ်နီးချင်း နိုင်ငံမှာ စတီး စက်မှုဇုန် ဖွံ့ဖြိုး တိုးတက်လာမယ် ဆိုရင် ထိုင်းနိုင်ငံကို အာဆီယံ စီးပွားရေး ကွန်မြူနစ်တီ စင်တာ တစ်ခု ဖြစ်လာအောင် ကူညီပေးရာ ရောက်ပါတယ်" ဟု မစ္စတာ Wikrom Vajragupta က ပြောသည်။

"တစ်ချိန်တည်းမှာပဲ ထိုင်းစတီး လုပ်ငန်းတွေ အနေနဲ့လည်း လုပ်သား အင်အား အတော်များများကို ရယူနိုင်မှာ ဖြစ်သလို အိမ်နီးချင်း နိုင်ငံတွေရဲ့ စတီး ဝယ်လိုအားကို အလွယ်တကူ ဖြည့်ဆည်း ပေးနိုင်မှာ ဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

Iron and Stell အင်စတီကျုသည် လက်ရှိ စတီး ထုတ်လုပ်သူများ ကုန်ကျစရိတ် လျော့ကျစေရေး အတွက် ထိုင်းအစိုးရအား စတီး အရည်ကျို စက်ရုံကြီး တစ်ခု တည်ဆောက်ရန် တွန်းအား ပေးခဲ့သည်။ သို့သော် အဆိုပါ အစီအစဉ်မှာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝါဒီများ၏ ဆန့်ကျင် ကန့်ကွက်မှုများဖြင့် ရင်ဆိုင်နေရသည်။

ထိုင်းနိုင်ငံသည် အရှေ့တောင် အာရှ ဒေသ၏ အကြီးဆုံး စတီး ဈေးကွက် ဖြစ်သော ဗီယက်နမ် နေရာကို ယမန်နှစ်က ပြန်လည် ရယူနိုင်ခဲ့ကြောင်း မစ္စတာ Wikrom Vajragupta က ဆိုသည်။ ထိုင်းနိုင်ငံ၏ စတီး သုံးစွဲမှုမှာ တန် ၁၄ သန်းအထိ ရောက်ရှိလာသည်။ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်ကထက် ၄၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ယခုနှစ်တွင် ပုံမှန် စတီး ဝယ်လိုအား ၆ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်း အထိ တိုးတက်လာမည်ဟု ခန့်မှန်းရသည်။

မော်တော်ကားနှင့် ထရပ်ကား အစီးရေ ၂ သန်း နီးပါး ထုတ်လုပ်ရန် လျာထားသော မော်တော်ယာဉ် ထုတ်လုပ်ရေး အခန်းကဏ္ဍမှ စတီး ဝယ်လိုအား မြင့်တက်လာအောင် ဦးဆောင်သွားမည် ဟုလည်း ခန့်မှန်းရသည်။ ထို့ပြင် ဆောက်လုပ်ရေး လုပ်ငန်းများ သည်လည်း စတီး ဝယ်လိုအား မြင့်တက်လာအောင် လုပ်ဆောင် သွားလိမ့်မည်ဟု ကြိုတင် ခန့်မှန်းထားကြသည်။

အစိုးရ ဦးဆောင် လုပ်ကိုင်နေသော အခြေခံ အဆောက်အအုံ စီမံကိန်းများနှင့် ပုဂ္ဂလိက လုပ်ငန်းကြီးများ သည်လည်း စတီး ဝယ်လိုအား မြင့်တက်ရေး အတွက် အကြောင်း အရင်းများ ဖြစ်သည်ဟု မစ္စတာ Wikrom Vajragupta က ဆိုသည်။

Bangkok Post မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment