Transparency Myanmar

transparency.myanmar@gmail.com

နီပေါနိုင်ငံ၏ နောက်ဆုံးဘုရင်အား ပါတီစုံ ဒီမိုကရေစီစနစ် ပြောင်းလဲကျင့်သုံးရန် အမေရိကန် ပြည်ထောင်စုက ဖိအားပေးသော နည်းလမ်း အချို့သည် နီပေါနိုင်ငံကို မြန်မာနိုင်ငံကဲ့သို့ ဖြစ်အောင် တွန်းပို့ရာ ရောက်သည်ဟု နိုင်ငံခြားရေး ဝန်ကြီး Ramesh Nath က ပြည်တွင်းစစ် ဇာတ်ရှိန် မြင့်နေချိန်၌ စိုးရိမ် ပူပန်ခဲ့ကြောင်း ဝီကီလိဒ်က ထုတ်ဖော်လိုက်သော သံတမန် ကြေးနန်းအရ သိရသည်။ ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ ရက်စွဲဖြင့် ပေးပို့သော အမေရိကန် သံတမန် ကြေးနန်းတွင် ထိုစဉ်က နီပေါ နိုင်ငံခြားရေး ဝန်ကြီး Ramesh Nath နှင့် တွေ့ဆုံ ဆွေးနွေးမှုကို ဖော်ပြထားသည်။ ယင်းကြေးနန်းကို လွတ်လပ်သော မီဒီယာသစ် တစ်ခု ဖြစ်သည့် ဝီကီလိခ် (WikiLeaks) က ဖော်ထုတ်လိုက်ခြင်း ဖြစ်သည်။

ယင်းသုံးသပ်ချက်ကို နီပေါနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး James Moriarty နှင့် နီပေါ နိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ဆုံရာ၌ ထုတ်ဖော် ပြောဆိုခဲ့ကြသည်။ တွေ့ဆုံ ဆွေးနွေးရာတွင် နီပေါနိုင်ငံအား မော်သူပုန်များ လက်အောက်သို့ မကျရောက်အောင် ဘုရင် ဂျန်ဒရာက အကာအကွယ် ပေးလာရေး အတွက် အထောက်အပံ့ ပေးရန် အမေရိကန် ပြည်ထောင်စုအား Ramesh Nath မည်မျှ အတိုင်း အတာအထိ တိုက်တွန်းခဲ့ပုံကို ရေးသား ဖော်ပြထားသည်။

ထိုစဉ်က အမေရိကန် ပြည်ထောင်စု၏ နည်းဗျူဟာများသည် နီပေါနိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံကဲ့သို့သော အခြေအနေ မျိုးထဲသို့ ဆိုက်ရောက်စေနိုင်ဟု ယူဆမိကြောင်း၊ သို့အတွက်ကြောင့် နီပေါနိုင်ငံ ပါတီစုံ ဒီမိုကရေစီစနစ်သို့ တိုက်ရိုက် သွားနိုင်ရေး အတွက်သာ အမေရိကန် ပြည်ထောင်စု အနေဖြင့် ဘုရင်မင်းမြတ်ကို အားပေးအားမြှောက် ပြုသင့်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးက အကြံပြုခဲ့သည်။

အမေရိကန် ပြည်ထောင်စု အနေဖြင့် နီပေါ ဘုရင်မင်းမြတ်ကို ဒီမိုကရေစီ ပြန်လည် ကျင့်သုံးရေး အတွက် ဖိအား ပေးနေခြင်းထက် လမ်းကြောင်း ပြောင်းပြီး စေ့စပ် ညှိနှိုင်းမှုများ ပြုလုပ်သင့်သည်ဟု နိုင်ငံခြားရေး ဝန်ကြီးက ထင်မှတ်ခဲ့ကြောင်း ဖော်ပြသည်။ နီပေါနိုင်ငံ၏ ရေရှည် အကျိုးစီးပွားသည် အမေရိကန် ပြည်ထောင်စုနှင့် ဆက်ဆံရေးတွင်သာ ရှိခဲ့ပြီး တရုတ်နှင့် အိန္ဒိယတို့တွင် မရှိခဲ့ကြောင်း သံတမန် ကြေးနန်းက ဖော်ပြသည်။ ပြဿနာ အားလုံးကို ဖယ်ရှားနိုင်ရေးမှာ အမေရိကန် ပြည်ထောင်စုနှင့် နီပေါဘုရင် အကြား ပြည့်ဝသော နားလည် သဘောပေါက်မှုသာ ဖြစ်သင့်သည်ဟုလည်း ဆိုခဲ့သည်။

အကယ်၍ နီပေါ ဘုရင်မင်းမြတ်က ၎င်းအနေဖြင့် အမေရိကန် ပြည်ထောင်စုအပေါ် မှီခို အားထားနိုင်သည်ဟု သိခဲ့ပါက အရာရာမှာ လုံးလုံးလျားလျား အပြောင်းအလဲ ဖြစ်သွားလိမ့်မည်ဟု နိုင်ငံခြားရေး ဝန်ကြီးက အသိပေး ပြောဆိုခဲ့သည်။ အမေရိကန် သံအမတ်ကြီး James Moriarty က "အကယ်၍ နီပေါ ဘုရင်မင်းမြတ်ကသာ နိုင်ငံတကာ စောင့်ကြည့် လေ့လာမှု နှင့်အတူ အပစ်အခတ် ရပ်စဲရေး ကြေညာကာ မှန်ကန်သော လမ်းကြောင်းကို ရွေးချယ်ခဲ့ပြီး မှန်ကန်သော နည်းလမ်းဖြင့် နိုင်ငံရေး ပါတီများ အားလုံးကို လက်ကမ်း ကြိုဆိုခဲ့မည် ဆိုပါက အမေရိကန်သည် နီပေါအတွက် ရှိနေမည် ဖြစ်သည်" ဟု တုံ့ပြန် ပြောဆိုခဲ့သည်။

နိုင်ငံရေး ပါတီများ၏ ခေါင်းဆောင်များသည် အဓိက ပြဿနာကြီး တစ်ရပ် ဖြစ်ခဲ့ရာ ဘုရင်မင်းမြတ် အနေဖြင့် ပါတီထိပ်ပိုင်း ခေါင်းဆောင် အချို့ကို ရှောင်ကွင်းကာ အလယ်အလတ် ခေါင်းဆောင်များ အစိုးရ အဖွဲ့သို့ ပူးပေါင်းရန် နိုင်ငံခြားရေး ဝန်ကြီးက အဆိုပြုခဲ့သည်။ သို့သော် အမေရိကန် သံအမတ်ကြီးက အဆိုပါ အဆိုပြုချက်သည် ပါတီများကို အသေသတ် သကဲ့သို့ ဖြစ်စေသည့် အတွက် လက်သင့်မခံနိုင်ဟု ရှုမြင်ခဲ့သည်။

Hindustan Times မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment