Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် တောင်ပိုင်းမှ နာမည်ကျော် အင်းလေးကန်ကြီးတွင် ပဲ့ချိတ် လှေသဗ္ဗာန် မောင်းနှင်ကာ အသက်မွေးဝမ်းကျောင်း ရသူများထဲတွင် အသက် ၃၅ နှစ်အရွယ် ကိုငယ်နီလည်း ပါဝင်သည်။ သူ၏ ပဲ့ချိတ်လှေတွင် လိုက်ပါလာသော နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်များက အင်းလေး ရေပြင်ကျယ်ကြီးနှင့် ရှမ်းရိုးမ တောင်တန်းကြီး ပါဝင်သည့် ရှုခင်းအလှကို ဓာတ်ပုံ ရိုက်လိုသောကြောင့် ကိုငယ်နီတစ်ယောက် အင်ဂျင်ကို ပိတ်ကာ လှေကို အရှိန် ဖြည်းဖြည်း လေးဖြင့် မျောအောင် လုပ်လိုက်သည်။

ကိုငယ်နီသည် ဓာတုဗေဒ အထူးပြုဖြင့် တက္ကသိုလ်ဘွဲ့ ရရှိခဲ့သူ ဖြစ်သည်။ သို့တိုင်အောင် အလုပ်အကိုင် ကောင်းကောင်း ရှာဖွေ၍ မရနိုင်ခဲ့သောကြောင့် လွန်ခဲ့သော ၁၀ နှစ်တာ ကာလက စပြီး ပဲ့ချိတ် လှေမောင်းသော အလုပ်ဖြင့်သာ အသက်မွေး ဝမ်းကျောင်း ခဲ့ရသည်။ ၎င်းသည် ကမ္ဘာလှည့် ခရီးသည်များကို အင်းလေးကန် တစ်လျှောက် လိုက်လံ ပို့ဆောင်ပေးသည့် အလုပ်ဖြင့် တစ်လလျှင် အမေရိကန် ဒေါ်လာ ၂၅၀ ခန့် ဝင်ငွေ ရရှိနေသည်။

"ကမ္ဘာလှည့် ခရီးသည်တွေ အများကြီး အင်းလေးကို လာကြဦးမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ဆင်းရဲ နွမ်းပါးမှုကို သူတို့ ကိုယ်တိုင် မျက်မြင် ကိုယ်တွေ့ လာကြည့်သင့်ပါတယ်" ဟု ကိုငယ်နီက ကွမ်းများ ပေကျံနေသော သွားများ ပေါ်သည်အထိ ပြုံးရယ်လျက် ပြောကြားသည်။

ကိုငယ်နီ၏ ဆန္ဒများ ပြည့်ကောင်း ပြည့်မည့် သဘောတွင် ရှိသည်။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ခဲ့မှုသည် ကမ္ဘာလှည့် ခရီးသည်များ မြန်မာနိုင်ငံသို့ ပိုမို ဝင်ရောက်လာအောင် တံခါးဖွင့် ပေးလိုက်သကဲ့သို့ ရှိသည်။ ထို့အတူ ယခင်က မြန်မာ နိုင်ငံကို လာရောက် လည်ပတ်မှုအား စစ်အစိုးရ အပေါ် တစ်နည်း တစ်ဖုံ ထောက်ခံမှု အဖြစ် သတ်မှတ်ခဲ့ကြသည့် ကိစ္စကိုလည်း ပြေပျောက် သွားစေခဲ့သည်။

နေအိမ် အကျယ်ချုပ်မှ လွတ်မြောက် လာပြီးနောက် ပြုလုပ်သော အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ကမ္ဘာလှည့် ခရီးသည် အမြောက်အမြား အုပ်စုလိုက် လာရောက်မှုကို အားမပေးသော်လည်း တစ်ဦးချင်းစီ လာရောက်ကာ မြန်မာနိုင်ငံ၏ အခြေအနေကို ကြည့်ရှု လေ့လာခြင်းသည် အိုင်ဒီယာကောင်း တစ်ခု ဖြစ်နိုင်ကြောင်း ပြောကြားသည်။ မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှု အပေါ် ကာလ ကြာရှည်စွာ သပိတ် မှောက်ခဲ့ကြသည့် နိုင်ငံတကာမှ နိုင်ငံရေး တက်ကြွစွာ လှုပ်ရှားသူ အုပ်စုများကမူ ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှု နောက်ကို လိုက်လျက် ရှိပြီး သူတို့၏ တင်းမာသော ရပ်တည်ချက်များကို လျှော့ချထားကြသည်ကို တွေ့ရသည်။

အာရှဒေသသို့ ခရီးစဉ်များ စီစဉ်ပေးလျက် ရှိသော အမေရိကန် ပြည်ထောာင်စု၊ ကော်လိုရာဒို အခြေစိုက် Asia Transpacific Journey အဆိုအရ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ မှစ၍ မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ရန် Booking လုပ်မှုများ မှာ ၂၀၀၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၅၀ ရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ ယခုအခါ ကမ္ဘာလှည့် ခရီးသည် အတော်များများက မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်မှု အပေါ် ပြဿနာ တစ်စုံတရာ မရှိဟု ရှုမြင် လာသောကြောင့် ဖြစ်နိုင်ကြောင်း သိရသည်။

တိုရစ်ဇင် အခန်းကဏ္ဍ အရေးကိစ္စသည် ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်မီ ကတည်းကပင် ပြည်တွင်းနှင့် ပြည်ပ နိုင်ငံရေး လှုပ်ရှားသူများ အကြား သဘောထား ကွဲလွဲမှုများကို ဖြစ်ပေါ်ခဲ့သည်။ မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှုအပေါ် သပိတ် မှောက်သူများက တိုရစ်ဇင်မှ ရသော ဒေါ်လာငွေများသည် လွဲမှားသော အချက်ပြမှုကို ဖော်ကျူးရာ ရောက်ပြီး အကျဉ်းသား ၂၀၀၀ ကျော်ကို ဖမ်းဆီး ထိန်းသိမ်း ထားသော စစ်အစိုးရ အတွက် ရန်ပုံငွေ ဖန်တီး ပေးနေသကဲ့သို့ ဖြစ်လိမ့်မည်ဟု ယုံကြည်ခဲ့ကြသည်။

သို့သော် အခြားသော နိုင်ငံရေး လှုပ်ရှားသူများက အထီးကျန် ဆန်နေသော မြန်မာနိုင်ငံ ပြင်ပကမ္ဘာနှင့် အချိတ်အဆက် ရရှိနိုင်ရေး အတွက် တိုရစ်ဇင် လုပ်ငန်းက အခွင့်အလမ်းများ ဖန်တီး ပေးလိမ့်မည်ဟု သုံးသပ်ကြသည်။ မြန်မာ နိုင်ငံသို့ လာရောက်သော ကမ္ဘာလှည့် ခရီးသည်များက လိုအပ်ချက် ရှိသော ကွန်မြူနစ်တီများ အတွက် ကျင့်ဝတ်ပိုင်း ဆိုင်ရာ အကူအညီများ၊ ငွေကြေး အထောက် အပံ့များပင် ပေးလာနိုင်သည် ဟုလည်း ဆိုသည်။

ထို့ပြင် ယခုဆိုလျှင် မြန်မာ့တိုရစ်ဇင် အခန်းကဏ္ဍ၌ အစိုးရ ဝင်ရောက် ပတ်သက်မှုမှာ ယခင် အချိန်ကာလများက ထက်ပင် လျော့နည်းလာသည်ကို တွေ့ရသည်။ စစ်အစိုးရက နိုင်ငံပိုင် ဟိုတယ်များနှင့် အခြားသော တိုရစ်ဇင် ဆိုင်ရာ အက်ဆက်များကို ပုဂ္ဂလိက အခန်းကဏ္ဍသို့ လွှဲပြောင်း ရောင်းချလျက် ရှိသည်။ မည်သို့ပင် ဆိုစေ မြန်မာ နိုင်ငံသည် ကမ္ဘာလှည့် ခရီးသည် အတော် များများ အတွက် အလှမ်း ဝေးနေသော နေရာ တစ်ခုအဖြစ် ကျန်ရှိနေဆဲ ဖြစ်သည်။ မြန်မာ နိုင်ငံတွင် တိုရစ်ဇင် လုပ်ငန်းများ နေ့ချင်းညချင်း အလွန်အမင်း ကောင်းမွန် လာလိမ့်မည်ဟုလည်း မည်သူ တစ်ဦး တစ်ယောက်ကမျှ မမျှော်လင့်ကြပေ။

AP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment