Transparency Myanmar

transparency.myanmar@gmail.com

အိမ်နီးချင်း ကမ္ဘောဒီးယား နိုင်ငံနှင့် နယ်နိမိတ် ပိုင်ဆိုင်မှု ဆိုင်ရာ အငြင်း ပွားနေသည့် ပြဿနာ ဖြေရှင်းပုံကို မကျေနပ်သော ရှပ်ဝါ ဆန္ဒပြ အုပ်စုဝင် ထိုင်းမျိုးချစ် အင်အား ၂၀၀၀ ခန့်က မြို့တော် ဘန်ကောက်တွင် အစိုးရအား ဆန့်ကျင် ဆန္ဒပြ ခဲ့ကြကြောင်း မီဒီယာများက ရေးသား ဖော်ပြသည်။

ရှပ်ဝါ အုပ်စုများ ဘန်ကောက်မြို့ လမ်းမများ ပေါ်တွင် ဆန္ဒပြမှုသည် ပြိုင်ဘက် ရှပ်နီများ၏ အင်အား အလုံးအရင်းဖြင့် ဆန္ဒပြမှုနှင့် ပေါက်ကွဲ ပစ္စည်းများ သယ်ဆောင်လာသူ လူငါးဦးအား ဖမ်းမိပြီး နောက်တစ်ရက်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အဆိုပါ ဖြစ်ရပ်များကြောင့် ထိုင်းအစိုးရ ရုံးတော် အနီးတစ်ဝိုက်တွင် လုံခြုံရေး တပ်ဖွဲ့ဝင် အင်အား ၃၀၀၀ ခန့် ချထားကြောင်း၊ ရှပ်ဝါ အုပ်စုများက ကမ္ဘောဒီးယားနှင့် ထိုင်းအကြား အဓိက အငြင်းပွားမှု ဖြစ်သော နယ်နိမိတ် ပိုင်ဆိုင်မှု ပြဿနာကို ဝန်ကြီးချုပ်က ကောင်းမွန်စွာ မဖြေရှင်းနိုင်ဟု စွပ်စွဲကြကြောင်း ထိုင်းသတင်း ဌာနများက ဆိုသည်။ အဆိုပါ နယ်နမိတ် ပြဿနာသည် ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံ အကြား ကာလ ကြာရှည်စွာ အငြင်း ပွားခဲ့ကြသည့် အမျိုးသားရေး ဆိုင်ရာ ပြဿနာ တစ်ရပ် ဖြစ်သည်။

"ဒီပြဿနာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က အစိုးရကို အကြံပြုချက်တွေ ပေးပြီးသားပါ။ ဒါပေမဲ့ ကျွန်တော်တို့ အကြံပြုချက်တွေ အတိုင်း သူတို့ လုပ်ဖို့ ပျက်ကွက်ခဲ့ကြတယ်။ အဲဒီတော့ ကျွန်တော်တို့မှာ တခြား ရွေးချယ်စရာ မရှိတော့ဘူး" ဟု ရှပ်ဝါဆန္ဒပြ ခေါင်းဆောင် Chamlong Srimuang က ဆန္ဒပြသည့် နေရာတွင် သတင်းထောက်များကို ပြောကြားသည်။

နယ်စပ် ပြဿနာ အငြင်းပွားမှုမှာ ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်း ကမ္ဘောဒီးယား နိုင်ငံ၌ ထိုင်းလူမျိုး ၇ တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရပြီးနောက် ပိုမို ဇာတ်ရှိန် မြင့်လာခြင်း ဖြစ်သည်။ အဆိုပါ ထိုင်းလူမျိုး ၇ ဦးသည် အငြင်း ပွားနေသည့် နေရာဖြစ်သော ပရာဗီရာ ဘုရားကျောင်း အနီး နယ်မြေထဲသို့ ခိုးဝင်မှုဖြင့် ဖမ်းဆီးခံရကြောင်း၊ ယင်းတို့ထဲတွင် ရှပ်ဝါ ဆန္ဒပြ အုပ်စုမှ တစ်ဦးပါဝင်ပြီး ၎င်းသည် ယခုအခါ သူလျှို လုပ်မှုဖြင့်ပါ တရား စွဲဆိုခံထားရကြောင်း သိရသည်။

ပြည်သူ့ မဟာမိတ် ဒီမိုကရေစီ (PAD) ဟု တရားဝင် နာမည် ရှိသော ရှပ်ဝါ အုပ်စုများသည် ဝန်ကြီးချုပ် အဘီဇစ်နှင့် အနီးကပ် အဆက်အသွယ် ရှိသူများ အဖြစ် သတ်မှတ် ခံခဲ့ရသူများ ဖြစ်သည်။ ရှပ်ဝါ ဆန္ဒပြ အုပ်စုများ၏ ၂၀၀၈ ခုနှစ် ဆန္ဒပြမှုကြောင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင် သြဇာခံ အစိုးရ အဖွဲ့ ပြုတ်ကျ သွားပြီးနောက် ဝန်ကြီးချုပ် အဘီဇစ် အာဏာရလာခြင်း ဖြစ်သည်။ သို့သော် ရှပ်ဝါများနှင့် မစ္စတာ အဘီဇစ် ဆက်ဆံရေးမှာ ထိုအချိန် မှစ၍ မပြေမလည် ဖြစ်ခဲ့ရသည်။ ရှပ်ဝါများ ၂၀၀၈ ခုနှစ်က ဆန္ဒပြရာတွင် ဘန်ကောက်မြို့၏ အဓိက လေဆိပ်ကြီးများ ပိတ်ဆို့ခဲ့သောကြောင့် ခရီးသွား သုံးသိန်းကျော်ခန့် ဒုက္ခများဖြင့် ကြုံတွေ့ခဲ့ရပြီး ထိုင်းစီးပွားရေးလည်း များစွာ ထိခိုက်ခဲ့ရသည်။

ရှပ်ဝါ ခေါ် PAD အင်အားစုများသည် ထိုင်းနိုင်ငံ၏ ရောင်စုံ နိုင်ငံရေးတွင် သြဇာ အာဏာ ကြီးသူများ ဖြစ်ပြီး ဘန်ကောက်မှ ပညာတတ် အီလစ်များ နှင့် ရှပ်နီ ပြိုင်ဘက်များ၏ ထောက်ပံ့မှုလည်း ရရှိထားကြသည်။ ပြီးခဲ့သည့် ရက်သတ္တပတ် ရှပ်နီ အုပ်စုများ ဆန္ဒပြရာတွင် ထောက်ခံ အားပေးသူ ၂၇၀၀၀ ခန့်အား ဆွဲဆောင် နိုင်ခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် ဧပြီလ နှင့် မေလတွင်း ဖြစ်ပေါ်ခဲ့သော ရှပ်နီ အုပ်စုများ၏ ဆန္ဒပြမှုများတွင် လူပေါင်း ၉၀ ကျော်ခန့် သေဆုံးခဲ့ရသည်။ ထိုစဉ်က ထိုင်းအစိုးရ အနေဖြင့် ကြားဖြတ် ရွေးကောက်ပွဲ တစ်ရပ် ကျင်းပပေးရန် ရှပ်နီများက တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။ ထိုင်းရဲများ၏ အဆိုအရ ယခု လတ်တလော ပေါက်ကွဲ ပစ္စည်းများဖြင့် ဖမ်ဆီး ရမိလိုက်သော လူငါးဦးသည် ထိုင်းနိုင်ငံရေးတွင် ဘေးဒုက္ခများ ဖြစ်ပေါ်အောင် ဖန်တီးလိုကြကြောင်း၊ အဆိုပါ ငါးဦးသည် ရှပ်နီ သို့မဟုတ် ရှပ်ဝါ မည်သည့် အုပ်စုနှင့် အဆက် အသွယ် ရှိသည် ဟူသော အချက်ကို ရှင်းရှင်း လင်းလင်း မသိရှိရသေးကြောင်း သိရသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment